Saturday, October 5, 2024

ရိုးရိုးလေးပဲ ချစ်မယ်


 

❝ ရိုးရိုးလေးပဲ ချစ်မယ် ❞
━━━━━━━━━━━━━━━
        မင်းဆက်ပိုင်
━━━━━━━━━━━━━━━
ကျွန်မ အခန်း ထဲ မှ အမေ မထွက်ခွာမီ သက်ပြင်းရှည် ချသွားသည် ကို သတိပြုမိ လိုက်သည် ။ အမေ့ ကိုယ်စား မောပါရဲ့ ... အမေ လက်လျော့မည်တော့ မဟုတ် ။ နောက် တစ်လ တန်သည် နှစ်လ တန်သည် လောက်တွင် “ သမီး ကို ဘယ်သူ က စေ့စပ်တာ ၊ ကောင်လေး က မဆိုးဘူး ။ ရုပ်ချော ပညာတတ်ပဲ ၊ သူ့ အဖေ အမေ တွေ ကလည်း ဆွေကြီးမျိုးကြီး ထဲကပဲ ။ သူကို သမီး နှစ်သက်မှာပါ ” စကားမျိုး ပြောချေ ဦးမည် ။ ကျွန်မ ကလည်း ကျွန်မ ပင် ။ ဘာကြောင့်များ လာရောက် စေ့စပ်သူများ ကို ငြင်းရတာလည်း မသိနိုင် ဖြစ်နေရသည် ။

အတွေးများနှင့်အတူ ပြတင်းပေါက်တံခါး ကို အသာ ဖွင့်လိုက်သည် ။ မည်း နက်နေသော ကောင်းကင် တွင် လမင်း နှင့် ကြယ်လေးများကို တွေ့ ရသည် ။ အဖော်စုံ သလို ရှိချေသည် ။ ကျွန်မ ကတော့ အဖော် မရှိသေးပါ ။ ကိုယ့် ကိုယ် ကို မေးလိုက်ချင် သည် ။ အဖော် မရှိတာ အချစ် မရှိလို့လား ... ခံစားမှု မဲ့နေလို့လား ... မည်သို့ပင် ဖြစ်ဖြစ် အမေ ကတော့ နောက် တစ်ယောက်နှင့် စေ့စပ်ဦးမှာ တော့သေချာ သည် ။ ဒီတစ်ခါတော့ ကျွန်မ ခေါင်းညိတ်မိမည် ထင်သည် ။

ခေါင်းမညိတ် လို့လည်း မရတော့ ။ “ အပျိုကြီး တကယ် လုပ်မှာလား ” သီချင်း လေးဖြင့် ကျွန်မ ကို တွေ့ ရင် နောက်သလို ပြောင်သလို ဆိုကြသဖြင့် စိတ်တိုရသည် က အခါခါ ။ ကျွန်မ အသက် ခု မှ ( ၂၈ ) နှစ် ရှိသေးသည် ။ သူတို့ ပြောသလိုမျိုး ဖြစ်နေပြီ ဟု ကျွန်မ မယူဆချင် ။ သို့သော် ကျွန်မ ၏ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်ပြီး အခြားသော မိန်းကလေးများ ထက် အနည်းငယ်ဖွံ့ထွားမှုရှိသဖြင့် နောက်ချင် , ပြောင်ချင် တာလည်း ဖြစ်နိုင်သည် ။

“ ကျောက်ဆစ်ရုပ် အသည်း ကျနေတာပဲ ”

သူတို့ စွပ်စွဲပြောဆိုချက် ကို ကျွန်မ, လက်မခံနိုင်ပါ ။ သူတို့ က သာ ဆရာမ တစ်ယောက် ဖြစ်သည့် ကျွန်မ ၏ ဂုဏ်သိက္ခာ ကို ထိပါးဖို့ကြိုးစားနေကြခြင်းသာဖြစ် သည် ။ ကျောင်းသွား ကျောင်းပြန် ကျွန်မ ကို ရည်းစားစကား ပြော ။ ကလေးတွေ ရှိမှန်း မသိ မရှိမှန်း,မသိ ။ ကျောင်းသား မိဘတွေ ရှိမှန်းမသိ ၊ မရှိမှန်းမသိ ။ သူတို့ ပြော ချင်ရာ ပြော ကြသည် ။ တစ်ခါတစ်လေ နှစ်ယောက် , သုံးယောက် ဖြစ်နေတတ်သည် ။ သူတို့ အချင်းချင်းတော့ နားလည်မှု ရှိဟန်တူသည် ။ တစ်ယောက် က ဓာတ်တိုင် နှစ်တိုင် သုံးတိုင် ပြောပြီး နောက်တစ်ယောက် ဆက်ပြောသည် ။ အခြား တစ်ယောက် ကျတော့ ကားဂိတ် မှာ ပြောသည် ။ မခက်ဘူးလား ... ကျွန်မ , မည်မျှ အရှက် ရသည်ကို သူတို့ နားမလည်ကြ ... ထို့ကြောင့်လည်း သူတို့ ကို မုန်း၍ မချစ်မိ , မကြိုက်မိခြင်း ဖြစ်သည် ။

သူငယ်ချင်းများ က ပြောသည် ။

“ မင်း .. သူတို့ ထဲ က တစ်ယောက် ယောက် ကို ချစ်ကြည့်ပါလား .. ”

ကျွန်မ , မချစ်ကြည့်ချင်ပါ ။ ရည်းစား တစ်ထောင် လင်ကောင် တစ်ယောက် ဟူသော အယူအဆ ကို လည်း လက်မခံချင်ပါ ။ ထို အယူအဆ လက်မခံ သင့်ကြောင်း ကျွန်မ အပျိုဖော် ဝင်စ ကတည်းက အမေ, သွန်သင် ဆုံးမ ထားပါသည် ။

“ ယံ မင်္ဂလံ ဒွါ ဒသဟိ ၊ စိန္တ ယိံ သု သဒေဝကာ ” 

“ ယ ဿာ နု ဘာဝတော ယက္ခာ ၊ နေဝဒန္တိ ဘီသနံ ”

အစချီ ပရိတ်တော်များဖြင့် ကျွန်မ မွေ့လျော်ခဲ့ရသည် ။ နွေကျောင်းပိတ် ရက် ရောက်တိုင်း အမေ နှင့် တရားစခန်းဝင်ရသည် ။

အပျိုဖော် ဝင်စက ၊ စိတ် ကယောက် ကယက် ဖြစ်မိသော်လည်း တရားဓမ္မ ၏ ဆုံးမမှု ၊ အမေ ၏ ဆုံးမ, မှုဖြင့် ငြိမ်းအေး စေရသည် ။

နောက်ပြီး အမေ ကလည်း အားလပ်သည့် အချိန်တိုင်း အားကစား လေ့ကျင့်ခန်း လုပ်ခိုင်းသည် ။

“ မြန်မာ မိန်းကလေးတွေ လေ့ကျင့်ခန်း မလုပ်ကြလို့ ကျမ်းမာသန်စွမ်းမှု နည်း နေကြပြီ ”

ထိုသို့ အမေ ပြောဖူးသည် ။ ကျွန်မ ကို လည်း ကျန်းမာသန်စွမ်းသော မိန်းကလေး တစ်ဦး ဖြစ်လိုပုံ ရသည် ။

အဖေ နှင့် အမေ ၏ အုပ်ထိန်းမှု အောက်မှာ ကျွန်မ စိတ်လှုပ်ရှားဖို့ ( သို့ ) ရည်းစားထားဖို့ အချိန် မရခဲ့ပါ ။ အဖေ နှင့် အမေ ၏ ပါးနပ်လိမ္မာသော သွန်သင်ဆုံးမမှုကြောင့် ဟု ကျွန်မ , ဆိုချင်ပါသည် ။

သို့ကြောင့်လည်း ကျောင်း ပြီး၍ ဆရာမ ဖြစ်သည့် အထိ ကျွန်မ ရည်းစား မထားခဲ့ဖူးပါ ။ ရည်းစား မထားခဲ့ဖူးတာ နှင့် အချစ် မရှိလို့လား ဟု ဆို၍မရပါ ။ အချစ် ကို ကျွန်မ, နားလည်သင့် သလောက် နားလည် ထားပါသည် ။

တက္ကသိုလ် တက်စဉ်က ကျွန်မ သူငယ်ချင်း အချို့ ရည်းစား ထားကြပါသည် ။ အချို့က ‘ ပျော် ’ လို့ ၊ အချို့က ‘ ခံစားချင် ’ လို့ ၊ အချို့က ‘ ရည်းစား ထားကြည့်ချင် ’ လို့ ၊ အချို့က ‘ နှစ်နှစ်ကာကာ ချစ်လို့ ’ ဟု ဆိုကြပါသည် ။ မည်သို့ပင် ဖြစ်ဖြစ် ရည်းစားဘဝ ချိန်းတွေ့ ကြသည် ။ ရုပ်ရှင် ကြည့်သည် ။ ထိုအချိန်တွင် သူတို့ ၏ ရင်ခုန်နှုန်း ဒီကရီ အမြင့်ဆုံး ရောက်ရသည်ဟု ကျွန်မ ကို ပြောပါသည် ။ “ ဟုတ်လား ” ဟူ၍သာ ကျွန်မ ပြန်ပြောခဲ့ပါသည် ။

ကျောင်း ပြီး၍ သူတို့ ကို တစေ့တစောင်း ကြည့်မိပါသည် ။ သူတို့ ရည်းစားများ နှင့် ကွဲခဲ့သည် ကို တွေ့ ရပါသည် ။ သေသေချာချာစဉ်းစားကြည့်လျှင် ကျွန်မ သူငယ်ချင်းများ ရည်းစား ထားခြင်းကြောင့် အတိုင်းအတာ တစ်ခု အထိ ပွန်းပဲ့ ခဲ့ရပါသည် ။

အချစ် ဆိုတာ ဒါပဲလား ... ကျွန်မ မေးလိုက်ချင် ပါသည် ။ ကျွန်မ အနေ ဖြင့် အချစ် ကို ခံစားမှု တစ်ခု အနေဖြင့် လက်မခံနိုင်ပါ ။ ကျွန်မ ချစ်သူသည် ကျွန်မ လက်ထပ်ရမည့် သူ ဖြစ်စေရပါမည် ။ လက်ထပ် ပြီး မှသာ ကျွန်မ ၏ ပါး , နှုတ်ခမ်း ... အို ဘဝ တစ်ခုလုံး ကို ပိုင်ဆိုင် စေရမည် ဟု ဆုံးဖြတ် ထားပါသည် ။

ကျွန်မ အနေဖြင့် အချစ် ကို သန့်စင်စွာ ကိုးကွယ် လိုပါသည် ။ အချစ် ဆိုတာ ရယူပိုင်ဆိုင်ခြင်းလား ... စွန့်လွှတ် အနစ်နာခံခြင်းလား ... ဟု မေးမည် ဆိုလျှင် ဆရာ တက္ကသိုလ်ဘုန်းနိုင် ၏ စကား တစ်ခွန်း နှင့် ဖြေဆိုပါမည် ။

“ ချစ်ခြင်း ဆိုတာ စွန့်လွှတ် အနစ်နာခံခြင်းပါ ။ အသည်းပလ္လင် မှာ နန်းတင် ခံရတဲ့ ထားသခင် ပဲ ဖြစ်ဖြစ် ၊ ပြည်သူ နှင့်ဘုရင် ပဲ ဖြစ်ဖြစ် ၊ ထားရှိအပ်တဲ့ ချစ်ခြင်း မေတ္တာ ရဲ့ အစစ်အမှန် အတိမ်အနက် ကို တိတိကျကျ တိုင်းတာနိုင်တဲ့ ပေတံ ဟာ စွန့်လွှတ်အနစ်နာခံခြင်း ပဲ ရှိတယ် ၊ တခြား ဘာမှ မရှိဘူး ”

အကယ်၍များ ကျွန်မ ချစ်ရမည့်သူ ရှိလာပြီ ဆိုလျှင် စွန့်လွှတ် အနစ်နာခံမှုဖြင့် ချစ်မိမှာ သေချာသည် ။

အချစ် ကို ဤကဲ့သို့ ကျွန်မ , နားလည်သော်လည်း အချစ် မရှာချင်သေးပါ ။ သို့ကြောင့် အိမ်ထောင် ပြုရမှာလည်း အလှမ်းဝေး နေပါသည် ။

တစ်ခါတစ်လေ တွေးမိပါသည် ။ ကျွန်မ ချစ်သူ ( သို့ ) အိမ်ထောင်ဘက် သည် နယ်ကလား ... မြို့ကလား. . အရာရှိလား .. ကုန်သည်လား .. ပေါ့ ။ ကျွန်မ တွေး  သာ တွေးရသည် ။ အိမ်ထောင် ပြုရမှာ ဝန်လေး သလို ဖြစ်နေပါသည် ။ ထို အခြင်းအရာ ကို သိသော ကျွန်မ အမေ က အိမ်ထောင် ပြုရန် အတင်း တိုက်တွန်း နေခြင်းဖြစ်ပါ သည် ။

“ အပျို ဖြစ်စက ယောက်ျား ယူသွားမှာ ကြောက်လို့ ၊ အခုတော့လည်း ယောက်ျား မယူမှာ ကြောက်လို့ ”

အမေ့ ခံစားချက် ကို ကျွန်မနားလည်ပါသည် ။ သူတို့ မျက်လုံး မမှိတ်ခင် ကျွန်မ ကို စိတ်ချ သွားစေချင်သည် ။ ဆင်စီးပြီး မြင်းရံတာ ကို တွေ့ချင်သည် ။

ဘဝ ဆိုတာ ကိုယ် ဖြစ်ချင်သလို ဖြစ်တာမှ မဟုတ်တာ ... ဒါပေမယ့် အမေ က သူ ဖြစ်စေချင်သော ဆန္ဒ ကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေသည် ။

တက္ကသိုလ်ပရဝုဏ် ထဲမှာ ချစ်သူ မရှာခဲ့သော ကျွန်မ ၊ အမေ ကြောင့် ချစ်သူ ရှာရမလို ဖြစ်နေသည် ။ အမေ ကလည်း စနေ , တနင်္ဂနွေ အားလပ်ရက် မှာ ဧည့်ခံပွဲ , မွေးနေ့ပွဲ , မင်္ဂလာပွဲ သို့ ကျွန်မ ကို ခေါ် , ခေါ်သွားတတ်သည် ။

ဖူးစာ ဆိုတာ က လည်း အခက်သား မဟုတ်လား ။ ကျွန်မ ၏ ရုပ်ရည် ချောမောလှပမှုကြောင့် ချစ်ခွင့်ပန်သူ များလှပေမယ့် ၊ ယနေ့ ထိ ကျွန်မ ကြိုက်မည့်သူ မရှိ ဖြစ်နေသည် ။ ဖူးစာ ဆိုတာ အတိတ်ကံ ပေါ်မှာ တည် နေသလား ... တစ်ခါတစ်လေ ကျွန်မ ဤသို့ စဉ်းစားမိပါသည် ။

“ သမီးကညာ အချိန်အခါ လင့်တာ မကောင်းဘူး ”

ဒီတစ်ခါတော့ အမေ ကြားဝင် လာပါသည် ။ ကျွန်မ အနေဖြင့် အဖေ , အမေ တို့၏ ဆန္ဒ ကို မငြင်းပယ်ချင်တော့ပါ ။ သို့ကြောင့် အမေတို့ သင့်တော်မယ် ထင်ရင် လက်ထပ်ပါ့မယ် ဟု ကျွန်မ,ကတိပေးလိုက်မိပါသည် ။

အဖေ့ မိတ်ဆွေ မိသားစု တစ်စု အိမ် လာ လည် ပါသည် ။ ထို အထဲ တွင် အမေ သဘော ကျသော “ ကိုအောင်ချစ် ” တစ်ယောက် ပါလာပါသည် ။ သူ က စီးပွားရေးဘွဲ့ ရပြီး စားသောက်ဆိုင်လုပ်ငန်း ဖွင့်ထားသည် ဟု သိရပါသည် ။ ရုပ်ရည် အနေအထား နှင့် အရည်အချင်း က ပြောစရာ မလိုပါ ။

“ တစ်ဦး သဘောထား တစ်ဦး သိချင်သည် ” ဟု ကျွန်မ ဆိုသောအခါ ကိုအောင်ချစ် လက်ခံခဲ့ပါသည် ။

နောက်ထပ် တစ်ခါ ကိုအောင်ချစ် နှင့် အိမ်မှာ တွေ့ ဆုံစကား ပြောဖြစ်ပြီး နောက် မတွေ့ဆုံရတာ ကြာလေပြီ ။ သူ အလွန်အလုပ် များလွန်းသည် ဟု ဆိုသည် ။ စားသောက်ဆိုင် နောက်ထပ် နှစ်ဆိုင် ထပ် ဖွင့်ထားပြီး သူ့ အတွက် အချိန် ဆိုတာ လု နေရသည် ။ နားချိန် ပင် မရှိ ။ အလုပ် လုပ်နေသည့် အတွက် ပျော်နေသည် ။ တစ်ခါတစ်ရံ အလုပ်သမားများ ကို စိတ်တိုင်း မကျသည့် အခါ ဒေါသထွက် ဆူငေါက်ရသည် ဟု သူ့ အနေအထား ကို ပြောပြ၍ သိထားသည် ။ ကျွန်မ ထံ အရောက် ကြဲနေခြင်းသည် သူ အလုပ်များ၍ ဖြစ်မည် ။

“ မောင်အောင်ချစ် ကို ဘယ်လို သဘောရလဲ ”

အမေ က ကျွန်မ ကို မေး ပါသည် ။

“ အနေအထား ကတော့ လက်ထပ်သင့်တဲ့ သူတစ်ယောက်ပါ ။ သမီး ထပ်ပြီး လေ့လာ ချင်သေးတယ် ၊ အဲဒါ သူ နဲ့ သူ့ မိသားစု ကို နောက်ထပ် တစ်ခါလောက် အိမ် လာ လည်ဖို့ သမီး ဖိတ်ချင်တယ် ”

ကျွန်မ စကား ကို ကြားတော့ အမေ ကြည်နူးရိပ် သန်းသွားသည်  ။

“ ဖြစ်စေရမယ် စိတ်ချ ... သမီး စိတ်တိုင်းကျ ဖြစ်စေရမယ် ”

ပြောပြောဆိုဆို အမေ ဖုန်းဆက် လေသည် ။

နောက် တစ်နေ့ တွင် ကိုအောင်ချစ်တို့ မိသားစု အိမ် လာလည်သည် ။ ကိုအောင်ချစ် ပါမလာပါ ။ သူ့ အမေ နှင့် ညီမလေးသာ လာကြသည် ။ အရေးကြီး သည့် သူ ပါမလာ၍ ဘယ်လို ဖြစ်တာပါလိမ့် ... မေးစမ်းလိုက်သည် ။

“ သား က အလုပ် ကို အရမ်း လုပ်တာ သမီး ရဲ့ ... စီးပွားရေး စာအုပ်တွေ ဖတ် ၊ နိုင်ငံခြား က လုပ်ငန်းရှင်ကြီးတွေ ရဲ့ အတ္ထုပ္ပတ္တိ ကို လေ့လာနဲ့ ၊ သူ့ စားသောက်ဆိုင် လုပ်ငန်းတိုးပွားအောင် ကြိုးစား နေတယ်လေ ... သူ က ဒေဝူးဥက္ကဋ္ဌ ကို အရမ်း သဘောကျတာ ၊ သူ့ လို ပဲ လုပ်ငန်းတွေအများကြီး ပိုင်ရမယ်လို့ ရည်ညွှန်း ထားတယ် လေ ၊ အလုပ် များလွန်းလို့ ညတိုင်း ( ၁၁ ) နာရီ ( ၁၂ ) နာရီ မှ အိမ်ပြန် ရောက်တာ သမီး ရဲ့ ၊ အရမ်း ကို အလုပ် ကြိုးစားတာပဲ ၊ ခုလည်း သမီး ထမင်းစား ဖိတ်တာ ကို သူ သိပါတယ် ၊ သူ , အရမ်း ဝမ်းသာတာပဲတဲ့ ... ဒါပေမယ့် ဒီနေ့ မှာ စားသောက်ဆိုင် တစ်ဆိုင် ထပ် ဖွင့်လို့ ... အဲဒါ, ဖွင့်ပွဲ လုပ်နေတာနဲ့ မလာဖြစ်တာ ။ နောက်နေ့ မှ အေးအေး ဆေးဆေး လာမယ်လို့ မှာလိုက်တယ် သမီး ရဲ့ ”

ကိုအောင်ချစ် ၏ အမေ က ရှည်လျားစွာ ရှင်းပြ နေလေသည် ။ ခဏအကြာ ကျွန်မ လည်း သူတို့ ကို ခွင့်ပန်ပြီး အခန်း ထဲ ဝင် နားနေ လိုက်သည် ။ တစ်အောင့် အကြာ တွင် အမေ လိုက်လာသည် ။

“ ဘယ်လိုလဲ သမီး ၊ အမေတို့ နေ့ကောင်း ရက်ရာဇာ ရွှေးလိုက်ရတော့ မလား ”

အမေ အားတက်သရော ပြောသည် ။

“ သမီး , ကိုအောင်ချစ် ကို လက်မထပ်ချင်တော့ဘူး အမေ ၊ သူ က အလုပ် အရမ်း များလွန်းတော့ သမီး ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး ၊ ခုတောင် သမီး ဖိတ်တာ သူ မလာနိုင်ဘူး ... လက်ထပ် ပြီးရင် ပို ဆိုးမယ် ထင်တယ် ။ နောက်ပြီး အလုပ် များ လွန်းတော့ အမြဲ ဒေါသ ကြီး နေတတ်တယ် ၊ သမီး ကို လည်း အဲဒီလို ဒေါသ ကြီး နေရင် ဘယ်လို လုပ်မလဲ... အိမ်ထောင်ရေး အဆင်ပြေလိမ့်မယ် လို့ မထင်ဘူး .. ဒါကြောင့် သမီး သူ့ ကို လက်မထပ်ချင်ဘူး အမေ ၊ ဒီတစ်ခါတော့ သမီး ကို ခွင့်လွှတ်ပါဦးနော် ..  ”

ကျွန်မ ဤသို့ ပြောတော့ အမေ , အံ့ဩသွားသည် ။ အမေ့ အနေဖြင့် ဒီတစ်ခါတော့ သေချာပြီ ဟု တွက်ထားပုံ ရသည် ။ ကျွန်မ အနေဖြင့်လည်း ဆုံးဖြတ်ပြီးသား ကိစ္စ ကို မပြင်တတ်မှန်း အမေ သိသည် ။

ထို့ကြောင့် ကျွန်မ အခန်း ထဲ မှ အမေ မထွက်ခွာမီ သက်ပြင်းရှည်ကြီး ချ သွား သည် ကို သတိထား မိ လိုက်သည် ။ အမေ့ ကိုယ်စား မောပါရဲ့ .. လက်လျော့မည် တော့ မဟုတ် ။

နောက် , တစ်လ တန်သည် နှစ်လ တန်သည် လောက် တွင် “ သမီး ကို ဘယ်သူ က လာစပ်တာ ... ”

⎕ မင်းဆက်ပိုင်

📖 အလင်္ကာရပ်ဝန်း ( ၇ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment