❝ စာတည်းကလေး ❞
( မာန်မြင့် )
ဗျာ ။ ကျွန်တော်လား ။ စာတည်းပါ ။ အယ်ဒီတာ လို့ လည်း ခေါ်ကြပါတယ် ။ နာမည် လား ။ ခင်မောင်မြင့် တဲ့ ။ မကြားဖူးပါဘူး ၊ ဟုတ်လား ။ သိပ် မတွေးပါနဲ့ဗျာ ။ အထင် လည်း ကြီးမနေနဲ့ဦး ။ ကျွန်တော် က နံရံကပ် စာစောင်ကလေး တစ်ခု ရဲ့ စာတည်း ပေါ့ ။ ခင်ဗျားတို့ ဘယ် ဖတ်ဖူးကြမလဲ ။ ဟဲ ဟဲ မဖတ်ဖူး လို့ အပြစ် မတင်ပါဘူးဗျာ ။ ကျွန်တော် ထုတ်ဝေတာ က ကျောင်း တစ်ကျောင်း တည်း မှာ ဆိုတော့ ဘယ် သိကြပါ့မလဲ ။
ကျွန်တော့် ကိုယ် ကျွန်တော် လည်း စာတည်း တစ်ယောက် ဖြစ်ရလိမ့်မယ် လို့ အိပ်မက် တောင် မမက်ပါဘူးဗျာ ။ ကျွန်တော် က စာရေးဆရာ ဖြစ်ချင်တဲ့ ကောင်ဗျ ။ ငယ်ငယ်တုန်းကတည်း က ဝတ္ထုတွေ နင်းကန် ဖတ် လာပြီး တစ်နေ့ ကျ ရင် ငါ လည်း ဒီလိုပဲ ရေးနိုင်ရမယ်လို့ အားကျ လာခဲ့တာ ။
စာတည်း ဖြစ်ပုံလား ။ အဲဒါက ဒီလိုဗျ ။ ကျွန်တော် ဆယ်တန်း အောင် တော့ ဂျီတီအိုင် ဝင်ခွင့် ရတယ် ။ အောင်မယ် လွယ်လွယ် ရတာတော့ မထင် နဲ့ ။ ကျောင်းဝင် စာမေးပွဲ ကို လူတော်တော်များများ နဲ့ ကို တိုး ဖြေ လာရတာ ။ အဲ ... ကျောင်း ရောက်တော့ စာပေသင်းလေး ဘာလေးတောင် မရှိဘူးဗျာ ။ ဪ .. ဟုတ်သားပဲ ၊ ဘယ် ဂျီတီအိုင် ဆိုတာ တောင် မပြော ရသေးဘူး ။ မန္တလေး ဂျီတီအိုင် ပေါ့ ဗျ ။ စက်မှုလက်မှု သိပ္ပံ လို့ လည်း ခေါ်တယ်လေ ။ ရောက်ခါစ ဆိုတော့ တော်တော် စိတ်ပျက် သွားတယ် ။ ဘယ်ဗျာ ဒီလောက် အင်စတီကျု လို့ အမည်ခံ နေတဲ့ ကျောင်းကြီး မှာ စာကြည့်သင်းလေး ၊ စာပေအဖွဲ့လေး တောင် မရှိတော့ ဘယ် ဟုတ်ပါ့မလဲ ဗျ ။ ကျွန်တော်တို့ က တော့ အထက်တန်းကျောင်း တုန်း က တောင် နှစ်ပတ် လည်မဂ္ဂဇင်း တို့ လုပ်လာတဲ့ လူ ဆိုတော့ တော်တော် အထင်သေး သွား သဗျ ။ ဒါပေမဲ့ အထင်သေးရုံ နဲ့ ဘယ် ပြီးမလဲ ။ ကိုယ့် လက်ထက် မှာ ကိုယ့် တာဝန် ပဲ မဟုတ်လား ။ အရင်က မရှိရင်လ ည်း ရှိအောင် လုပ်ဖို့ တာဝန် ရှိတာ က ကျွန်တော်တို့ လို စာပေစိတ် ကလေးတွေ နဲ့ အငြိမ် မနေ နိုင်သူတွေ ဘဲ မဟုတ်လား ။
ဒါနဲ့ပဲ ဝါသနာ တူတဲ့ ကျောင်းသားချင်း လိုက် ရှာ အဖော်ညှိ ပြီးတော့ နံရံကပ်စာစောင်ကလေး တစ်ခု ထုတ်ဝေဖို့ စိုင်းပြင်း ရ တော့တာပေါ့ ။
အောင်မယ် အခု ပြောပြနေတော့ သာ လွယ်တာဗျ ။ နံရံကပ် စာစောင်လေး တစ်ခု ဖြစ်ဖို့က လွယ်တာ မဟုတ်ဘူး ။ အခု တကယ် ထုတ်ဝေ နေတဲ့ မဂ္ဂဇင်း တစ်စောင် ထုတ်ဝေခွင့် ရဖို့ က လွယ်ဦးမယ် ။ ဟိုမှာ က ကျောင်းတွင်း ဆိုတော့ သိပ်ပြီး လွတ်လပ်တာ မဟုတ်ဘူး ။ အဲ အဲ စည်းကမ်း ဘောင်တွေ နဲ့ ပေါ့ဗျာ ။ နံရံကပ် စာစောင် ထုတ်ချင်ပါတယ် လို့ တက် ပြောတော့ ဆရာတွေ ဘာတွေ နဲ့ အစည်းအဝေး လုပ်ပြီးမှ အဖွဲ့ ဖွဲ့ခွင့် ပြုတာ ။ ဥက္ကဋ္ဌ တွေ ၊ အတွင်းရေးမှူး တွေ နဲ့ပေါ့ ။ ကျွန်တော် က တွဲဖက် စာတည်း လေ ။ စာပေဝါသနာ ပါတဲ့ နှစ်ကြီး ကျောင်းသား က ပထမ စာတည်း ပေါ့ ။
ဒီလိုနဲ့ ပဲ စာမူတွေ ခေါ် ၊ ရွေးကူး နဲ့ နံရံကပ်စာစောင်ကလေး ဖြစ် လာတာပါပဲ ။ သိပ် မကြာပါဘူး ၊ ကျောင်းသားတွေ အော်ကြတဲ့ အရေးအခင်း မှာ ပထမ စာတည်း ကျောင်းသား အထုတ် ခံရပါရော ။ ဒီတော့ ကျွန်တော် တစ်ယောက် တည်း ပဲ ဒိုင်ခံပြီး တာဝန် ယူရတော့တာပေါ့ ။
••••• ••••• •••••
စာစောင် တစ်ခု ဆိုတာက ဖတ်ရတော့ သာ မခက်ခဲဘူး ထင် နေကြတာ ။ တကယ် လုပ်ကြည့်တော့ အလုပ် တော်တော် များ သဗျ ။ ထောင် သောင်း ချီပြီး တိုင်းပြည် အနှံ့ ပို့ နေတဲ့ မဂ္ဂဇင်းက အယ်ဒီတာတွေ တောင် ကျွန်တော့် လောက် အလုပ် ရှုပ်ချင် မှ ရှုပ်မှာ ။
ဒီလို ပြောလိုက်တော့ ရယ်တော့ မရယ်ချင် နဲ့ ဗျာ ။ တကယ် ပြောတာပါ ။ မဂ္ဂဇင်းကြီးတွေမှာ က သူ့ တာဝန် နဲ့ သူ လှုပ်ရှား လုပ်ကိုင် ကြမယ် မဟုတ်လား ။ ကျွန်တော် က တော့ စာမူ ရွေးတာ က စပြီး စာစောင် ကို နံရံ မှာ ကပ်ရတဲ့ အထိ ဒိုင်ခံ လုပ်နေရတာဗျ ။ ကျောင်းစာ က လည်း ရှိသေးတယ် ။ တော်ကြာ ပေးထား တဲ့ ပုစ္ဆာတွေ တွက် မထား ရင် လည်း ဆရာ အလွယ်တကူ မတွေ့ နိုင်တဲ့ ချောင် က ခုံ ကို ရွေးပြီး ထိုင်ရတာပေါ့ ဗျာ ။
စာမူတွေ ရွေးပြီး ပြန် ရင်လည်း လက်ရေးလှလှ နဲ့ ကူး ယူရတယ် ။ ကူး တဲ့ စာရွက် ဖိုး က လည်း ဝါသနာ ပါတဲ့ သူတွေ ဆီ က လျှောက် ကောက် ထားရတဲ့ ငွေလေး ပါပဲ ။ လက်ရေးလှတဲ့ သူငယ်ချင်းတွေ ကို အတင်း ခေါ် ပြီး ကူးခိုင်းရ သဗျ ။ တစ်ခါ တစ်ခါ တော့ လည်း အိတ် ထဲ က ငွေ ထုတ်ပြီး လက်ဖက်ရည်လေး ဝယ်တိုက်ရသေးတယ် ။ ဒါမှလည်း နောင်ကို ကူးပေးချင်မှာကိုး ။
ကူး ပြီးရင်တော့ ပန်းချီ ဆွဲ တတ်တဲ့ ကျောင်းသား ဆီ ကို သွားပြီး အပူ ကပ်ရ ပြန်ရော ။ ပုံလေးတွေ ဆေးရောင်လေးတွေ နဲ့ မှ ပဲ စာစောင် က ဆွဲဆောင်မှု ရှိမှာ ကိုး ။ သူတို့ ကို လည်း ကပ် ပေါင်းထားရသေး သဗျ ။ အဲ ချန်ပြီး ကူးထားတဲ့ နေရာလပ်တွေ မှာ စာသား နဲ့လိုက်မယ့်ပုံတွေ ရေးပြီး ရင်တော့ နံရံကပ်စာစောင်ဟာ ထုတ်ကပ်ဖို့ အသင့် ဖြစ်နေပြီ လို့ ထင်ကြ မှာပေါ့ ။
မဟုတ်သေးဘူး ခင်ဗျ ။ ကပ်လို့ ဘယ်ရဦးမလဲ ။ ရေးပြီးတဲ့ စာရွက်တွေ ကို ဆရာတွေအဖွဲ့ ကို တင်ပြရတယ် ဗျ ။ သူတို့ က ငြိစွန်း နေတဲ့ စာသားတွေ ပါရင် ခွင့် မပြုဘူး ။ အဲဒီအခါ ကျတော့ သူတို့ ဖျက်စေချင်တဲ့ အပုဒ်တွေ ကို စာရွက်ဖြူ နဲ့ အုပ်တန် အုပ် ။ အသစ် ပြန် ကူးတန် ကူး လုပ် ပေးရပြန်ရော ဗျို့ ။ ပြီးတော့မှ ကျောင်းအုပ်ကြီး ဆီ တစ်ခါ ပြရ ပြန်ရော ။ သူ က အတည်ပြု ပြီးမှ နံရံ ကို ကပ်ရတာ ဗျ ။ ကဲ ကျွန်တော် မပြောလား ။ မလွယ်ပါဘူး လို့ ဆိုနေ ။
တစ်ခါတစ်ခါ ကျတော့လည်း ရယ်စရာ တောင် ကောင်းပါသေးတယ် ဗျာ ။ နိုင်ငံရေးစကားလုံးလေး တစ်လုံး ပါ လာရင် မျက်လုံးပြူး ၊ မျက်ဆန်ပြူး နဲ့ အဖျက် ခိုင်းတတ်သေးတယ် ။ တစ်ခါက ဆိုရင် ကာတွန်းပုံ တစ်ပုံ ထဲ က မိန်းမဝဝကြီး ပုံ က ကျောင်းသူဝဝ တစ်ယောက် နဲ့ တူ နေတယ် ၊ မကောင်းဘူး ဆိုပြီး ဖျက်ခိုင်း လို့ အပေါ် က ကာတွန်းပုံ တစ်ပုံ ထပ် အုပ် ပေးရသဗျ ။
မိန်းမ ဝတာပဲ ဗျာ ။ ကျောင်း ထဲ က ကျောင်းသူ တစ်ယောက်တည်း ပဲ တစ်လောက လုံး မှာ ဝနေကြတာ ကျနေတာပဲ ။ ဒါပေမဲ့ဗျာ သူတို့ က ခွင့် ပေးမှ ကပ်ရတာ ဆိုတော့ ဘယ် တတ်နိုင်ပါ့မလဲ ။
တစ်ခါတစ်ခါ တော့ သူတို့ ဖျက်ခိုင်းတာ ဖျက်ပေး ရ ရင်တော့ အပေါ် က စက္ကူဖြူ ကပ်ပြီး ကွက်လပ် ချန် ထားခဲ့ သဗျ ။ ဒါမှလည်း ကျောင်းသားတွေ က အဖြတ် ခံရတယ် ဆိုတာ သိမှာပေါ့ ။ ဒီလိုမှ မလုပ် ရင် လည်း ကျောင်းသား တချို့ က ကျွန်တော့် ကို သတ္တိ နည်းတယ် ထင်ဦးမှာ ။
အင်ဂျင်နီယာ တွေ လည်း လူတွေ ပဲ ဗျာ ။ စာပေစိတ်ကလေး တွေ ရှိတော့ ရှိကြပါတယ် ။ သူတို့ က သင်္ချာတွေ နဲ့ နေ့တိုင်း နပန်းလုံး နေရတော့ စာပေစိတ်ကလေးတွေ က မြုပ် နေဟန် တူပါတယ် ။ နံရံကပ်စာစောင် လေး ပေါ် လာတော့ တော်တော်လေး ကြိုးစားပမ်းစား ဝင်ရေး ကြပါ တယ် ။
ကျောင်းသား တစ်ယောက် က တော့ တော်တော် နောက်တယ် ဗျာ ။ သူ့ ကလောင်နာမည် က မိန်းမ နာမည်ကြီး ဗျ ။ ကျောင်းသား အတော်များများ က ဘယ် ကျောင်းသူ ရေးတာလဲ လို့ ကပ် မေး ကြတာပေါ့ ။ ကျွန်တော် က လည်း ဘယ် ပြောလိမ့်မတုံး ဗျာ ။
ဘယ်သူ မဆို ကိုယ့် စာလေးကို တော့ အရွေးခံ ဖော်ပြစေချင်တာပေါ့ ။ ဒါကို ကျွန်တော် လည်း သိပါတယ် ။ တချို့ ဆိုရင် တတ်နိုင် သမျှ ပြုပြင် ရေး ပေးပြီး ဖော်ပြ လိုက်တာပါပဲ ။ တစ်ခါတလေများ ဆိုရင် မူရင်း စာသား ထက် စာတည်း ပြင် ပေးရတဲ့ မင်နီစာလုံးတွေ က ပိုများနေသေးရဲ့ ။ ဘယ် တတ်နိုင်မလဲ လေ ။ ခဏခဏ ပယ် နေရရင် သူတို့ စိတ်ပျက် သွား မှာပေါ့ ။
တချို့က တော့ သူတို့ စာ မရွေး ရင် လာပြီး အပြစ် တင် ရန်တွေ့ တော့တာပဲ ။ ဘာလို့ ပယ်ရတာလဲ ။ စာစောင် ထဲ မှာ ပါလာတဲ့ ဟာ ကတော့ ဘယ်လောက် ကောင်းလို့လဲ ။ ခင်တဲ့သူတွေ မို့ ထည့်ပေးတာလား ။ နောက် ကို ခင်ဗျားတို့ ဆီ ကို ရေး ကို မရေးတော့ဘူး ။ ခင်ဗျား က ဘယ်လောက် တတ်လို့လဲ နဲ့ ။ ဟာ ... အမျိုးမျိုး အပြော ခံရတာပါပဲ ။
ဒီတော့ မဂ္ဂဇင်း က စာတည်းတွေ ကို ကိုယ်ချင်းစာ မိတယ်ဗျ ။ ကျွန်တော် က လည်း စာလေး ၊ ကဗျာလေး ရေး ရေး ပို့နေကျကိုး ။ လဆန်း လို့ ကိုယ့် ကဗျာ မပါရင် သိပ် မကျေနပ်ဘူးပေါ့ဗျာ ။ ရှေ့တန်း က ပါတဲ့ ကဗျာ က ကောင်းလည်း မကောင်းဘဲ နဲ့ ။ သူတို့ လူ မို့ပါကွာ ၊ နာမည် ရ တဲ့ လူ ရွေးလို့ ၊ ပါလို့ အရင် က တော့ ခံပြင်း မိ ၊ ပြောမိ တာပါပဲ ။ ခုတော့ ကိုယ်တွေ့ ကြုံမှ သိရတော့တာပေါ့ ။
တစ်ယောက်တလေ က တော့ လက်ဖက်ရည် ခေါ် တိုက် ပြီးတော့မှ သူတို့ ရေးတဲ့ ကဗျာလေးတွေ ဖော်ပြပေးပါ လို့ တောင်းပန်ကြသဗျ ။ များသောအားဖြင့် တော့ အချစ်ကဗျာလေးတွေပေါ့ ဗျာ ။ တစ်နည်း ပြောရ မှာ ဖြင့် ရည်းစားစာ တွေပေါ့ ။ ကျွန်တော် က လည်း သိပ်ပြီး ပုံပျက်ပန်း ပျက် မဟုတ်ရင် တော့ သူတို့ လိုအင် ကို ဖြည့်ပေးလိုက်တာပဲ ။ အဲ ... သိပ်ပြီးတော့ သူတို့ အလို ကို လည်း မလိုက်ရဲဘူး ဗျ ။ တော်ကြာ ကျွန်တော့် အနေ နဲ့ တတ်နိုင်တဲ့ ဘက်က ကူ တာ ကို လက်ဖက်ရည် သောက်ချင်လို့ ကူတာ လို့ ထင်ရင် စာတည်း သိက္ခာ ကျ သွားမှာပေါ့ ။ မဟုတ်ဘူးလား ဗျာ ။
ဒီလို ယက်ကန်ယက်ကန် နဲ့ နံရံကပ်စာစောင်လေး ဟာ အသက် တော်တော် ရှည် လာခဲ့တယ် ပဲ ဆိုပါတော့ဗျာ ။ နိုင်ငံကျော် မဂ္ဂဇင်းကြီးတွေ နဲ့ နှိုင်း ရင်တော့ ကျွန်တော့် စာစောင်လေး ဟာ လပြည့်နေ့ ည မှာ တောက်ပ တဲ့ ပိုးစုန်းကြူးလေး ပါ ဗျာ ။
ဗျာ ၊ ကျွန်တော် ပြောပြနေတာတွေ ကို ပျင်း နေပြီလား ။ သည်းခံပြီး ဆုံးအောင် နားထောင်ပါဦးဗျ ။ လူ ဆိုတာ ကိုယ့် အကြောင်း ပြောပြရရင် သိပ်ပြီး မြိန်ရေရှက်ရေ ရှိတာ ။
••••• ••••• •••••
တစ်နေ့တော့ စာစောင် ထဲ မှာ ပါတဲ့ ဝတ္ထုတို တစ်ပုဒ် ကြောင့် ပြဿနာ ဖြစ်ပါလေရော ။ အဲဒီ ဝတ္ထုဇာတ်လမ်း က ရိုးရိုးလေးပါ ဗျာ ။ ဟာသလေး တစ်ပုဒ် ပါ ။ တောရွာ တစ်ရွာ မှာ နာမည် သိပ် ကြီးတဲ့ လူ တစ်ယောက် ရှိ သတဲ့ ။ သူ့ ကို လူတွေ က သိအောင် လို့ အလုပ် မရှိ အလုပ် ရှာ ပြီး နွား ကို မြက် ကျွေးရေးအသင်း တို့ ၊ ကြောင်ကလေး ရေချိုးပေးရေး အသင်း တို့ ကို ဦးဆောင် ဖွဲ့တယ် ။ သူ ပိုး သမျှ မိန်းမတွေ က လည်း သူများ နဲ့ ပဲ စွံ ကုန်တယ် ။ သိုင်းအသင်း ထောင်ပြီး ရွာရိုးလျှောက် စွာနေတာ ဘတ်ခွ ( လေးခွ ) နှင့် ပစ်တော့ ထိပ် ကွဲသွားတယ် ။ သိပ်ပြီး ထင်ပေါ် လို တဲ့ လူ တစ်ယောက် အကြောင်း ကို ရေး ထား တာပါပဲ ။ အရေးအသားလေး က လည်း ကောင်းတာ နဲ့ စာစောင် မှာ ဖော်ပြ လိုက်တာပေါ့ ။
ဒီတော့မှ ကျောင်းသား တစ်ယောက် က သူ့ ကို စောင်း ရေးပါတယ် ဆိုပြီး ပူညံပူညံ လာလုပ်တယ် ။ ဝတ္ထု ထဲ က ဇာတ်ကောင် နဲ့ သူ နဲ့ က တော်တော် တူ နေတယ်ဗျ ။ အသားမည်းမည်း ဗိုက်ရွှဲရွှဲ ၊ နှုတ်ခမ်းတွဲတွဲ နဖူးပြောင်ပြောင် ပေါ့ ဗျာ ။ သူ က ကျွန်တော့် ဆီ လာပြီး ပထမ တော့ ယဉ်ယဉ်လေး နဲ့ စော်ကားတာ ပေါ့ဗျာ ။ စာပေ အကြောင်း ဘာ သိလို့ လုပ် နေရတာလဲ ၊ ဒီ ဝတ္ထု ဟာ သူ့ ကို စောင်း ရေးတာမှန်း မသိဘူးလား နဲ့ ပေါ့ ။ ကျွန်တော် က လည်း ပြန် ဖြေလိုက်ပါတယ် ။ သိပ် တတ်လို့ လုပ်တာ မဟုတ်ဘူး ၊ လုပ်မယ့်သူ မရှိလို့ လုပ် နေရတာ ။ ဝတ္ထု ဆိုတာ လူတွေ အကြောင်း ရေးထားတာ မို့ ဘယ်သူနဲ့ တော့ တူတာပဲ လို့ ပယ် နေရရင် ဘယ် ကျန်တော့ မလဲ လို့ ။ မဟုတ်ဘူးလား ဗျာ ။
အဲဒီ ဝတ္ထု ဟာ ခင်ဗျား ကို စောင်း ရေးထားတယ် ဆိုရင် ခင်ဗျား ကော ဝတ္ထု ထဲ က အတိုင်း ဖြစ်နေလို့လား လို့ မေး တော့ သူ မဖြေတော့ဘူး ။ ဝတ္ထု ထဲ က လူ နဲ့ သာ တူတယ် ဆိုရင်တော့ တကယ် ပေါကြောင်ကြောင် ဖြစ်သွားမှာ ကိုး ။
အမှန် က တော့ သူ့ ကို စောင်းပြီး ရေးထားပါတယ် လို့ လာ ပြောတဲ့ ကျောင်းသား ကို က ခပ်ပေါပေါ ရယ် ။ ဂျူဒို တွေ ၊ ကရာတေး တွေ လည်း မတောက်တခေါက် တတ်တယ် ထင်ပါရဲ့ ။ ဒီတော့ လည်း ဝတ္ထု ကို ဖတ် လိုက်ရင် ကျောင်းသားတွေ က သူ့ ကို ပဲ မြင်သွားကြမှာပေါ့ ။ ဒါပေမဲ့ စာရေးဆရာ ဆိုတာ လောက ထဲ မှာ အမြင် မတော်တာတွေ ကို တော့ သရော် ရှုတ်ချ မှာ ပဲ မဟုတ်လား ။
ဒီ ဝတ္ထု ကို ရေးတဲ့ သူ ကို ပြောပြရမယ် တဲ့ ။ မပြောရင် ဖြစ်လာမယ့် ကိစ္စတွေ ဟာ ကျွန်တော့် တာဝန် ပဲ လို့ ခြိမ်းခြောက် ကြတယ် ။ ကျွန်တော် က လည်း ဘယ် ပြောပြမလဲဗျ ။ စာတည်းတွေ ရဲ့ ကျင့်ဝတ် ကို ဖောက်ဖျက် လို့ ဘယ် ဖြစ်ပါ့မလဲ ။ ကျွန်တော် က တင်းခံနေတော့ ကျောင်း ကို တိုင်မယ် တဲ့ ။ ဒီတော့ ကျွန်တော် လည်း ဘယ် ရောက်ရောက် ပေါ့ဗျာ လို့ ပဲ ပြော လိုက်ရတယ် ။ ဟုတ်တယ် လေ ကိုယ် က မှန် နေရင် ကြောက်ရမလား ဗျ ။ လူတိုင်း က သူ့ စောင်း ရေးပါတယ် ပြောရင် ဘယ့်နှယ် လုပ်မလဲ ။ ဇာတ်ကောင် ဆိုတာကတော့ တစ်ယောက် နဲ့ မတူ တစ်ယောက် နဲ့ တူ မှာ ပေါ့ ။
အဲဒီ လူ ကို ဘေး က နေ ဝိုင်းပြီး မီးထိုး ပေးနေတဲ့ လူ က စာစောင် ကို ဆောင်းပါးတွေ ပို့ဖူးတယ် ။ သူ့ ဆောင်းပါးတွေ က ကျောင်း ကို ရော ဆရာတွေ ကို ရော တော်တော် ထိပါးတယ်ဗျ ။ တချို့ကတော့ နိုင်ငံရေး ဆောင်းပါးတွေ ပေါ့ ။ အဲဒါတွေများ ဖော်ပြ လိုက်ရ ရင်တော့ ကျောင်း ပဲ ထွက်ရ မလား ။ အသံ မကြားဘဲ ပျောက် သွား မလားဘဲ ။ သူ့ ဆောင်းပါး တွေပယ်တော့ လာပြီး ဟောက်သေး သဗျ ။ ဒီလောက် သတ္တိနည်း ရင် လည်း စာတည်း လုပ်မနေပါနဲ့ တဲ့ ။ သတ္တိ က ရှိသင့်တဲ့ နေရာတော့ ရှိတာ ပေါ့ဗျာ ။ သူ့ ဆောင်းပါးတွေ က တကယ် ကောင်း လို့ ထည့် ရတာက အကြောင်း မဟုတ်ဘူး ။ မကြိုက်လို့ ကို ပယ် လိုက်တာပဲ ။ ကြိုက် ၊ မကြိုက် ကတော့ စာတည်း ရဲ့ သဘောပေါ့ ဗျာ နော ။
ကျွန်တော် လည်း စာတည်း စိတ် ရှိ နေတော့ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် မကြောက်ပါဘူး ဗျာ ။ ဗိုလ်ချုပ်အောင်ဆန်း တောင် မှ စာတည်း ဘဝ မှာ ပါ လာတဲ့ ဆောင်းပါး တစ်ပုဒ် ကြောင့် ကျောင်း အထုတ် ပဲ ခံတယ် ၊ ရေးတဲ့ သူ ကို မပြောဘူး မဟုတ်လား ။ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်ကြီး ကို နမူနာ ထား ရမှာပေါ့ ။
နောက်နေ့ ကျ တော့ ဆရာကြီး တို့ ဘာ တို့ သွား တိုင်တယ် လို့ ကြား ရတာပဲ ။ ဒါပေမဲ့ သူတို့ ဟာ က ဟုတ်မှ မဟုတ်ဘဲ ဗျ ။ အရေးယူ လို့ ဘယ် ရပါ့မလဲ ။ အပြင်က နေပြီး ဟိန်းဟောက်တော့ နေသေးရဲ့ ။ သူ့ လက်သီး က လူ မရွေးဘူး ဘာညာ နဲ့ ပေါ့ ။ ကျွန်တော် ကလည်း ဘယ်မှုမလဲဗျာ ။ ဒီ တိုင်းပြည် က မင်းမဲ့တိုင်းပြည် မှ မဟုတ်ဘဲ ။ ပြီးတော့ အဲဒီ လူ က ကရာတေး အရှိန် နဲ့ သွေးကြွ ပြီးတော့ အဖွဲ့လေး နဲ့ မှ ဆူရဲတဲ့ လူမျိုးပါ ။
နံရံကပ် စာစောင် လို ဟာလေး မှာ တောင် ခြိမ်းခြောက် ခံရသေးရင် မဂ္ဂဇင်း က စာတည်းတွေ ဘယ်လိုများ နေမလဲ မသိဘူး ။ သူတို့ က တိုင်းသိပြည်သိ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ ကို ထိုးနှက် သရော်တဲ့ စာတွေ ကို တာဝန်ယူ ထည့်ပေး နေရတော့ ပိုပြီး တွေ့ ရမှာပေါ့လေ ။ သူတို့ နဲ့ စာ တော့ ကျွန်တော် က ဘာ ဟုတ်သေးလို့လဲ ။
အဲ ဘာမှမ ဟုတ်ပေမဲ့ အဲဒီ ဝတ္ထု ဂယက် က တော်တော် ရိုက်ခတ် ပြီး တော့ ကျောင်းသူ ကျောင်းသားတွေ ကြား မှာ တော်တော် လှုပ်ရှား သွားတယ်ဗျ ။ ကျွန်တော့် စာတည်း ဘဝ ရဲ့ မှတ်တိုင်လေး တစ်ခု ပေါ့ လေ ။
••••• ••••• •••••
ဘယ်လိုလဲ ဗျ ။ နည်းနည်း တော့ စိတ်ဝင်စား လာပြီလား ။ အချစ် အကြောင်းလေး တွေ လည်း ပြောဦးမှ ပေါ့ ၊ ဟုတ်လား ။ ဘယ် ချန်ထားပါ့ မလဲဗျာ ။ အဲဒါ ပြောချင်လို့ ကို လှည့်ပတ် ရေး လာ ရတာ ။ ဘာလဲ ကြား ချင်တယ် မဟုတ်လား ။
ကျွန်တော် ပြောမယ့် ဇာတ်လမ်း က စာတည်းဘဝ နဲ့ ကို သက်ဆိုင် နေတယ် ဗျ ။ စာတည်းဘဝ ပြော ရရင် အဲဒီ အဖြစ်ကလေး ကို လည်း မပြော လို့ ကို မရဘူး ။ ထုံးစံ အတိုင်းပေါ့ဗျာ ။ စာတည်းဘဝ နဲ့ ပတ်သက်တဲ့ မိန်းကလေး ဆိုတော့ စာပေလေး ဘာလေး ဝါသနာ ပါတာပေါ့ ။ သူ နာမည်လား ။ မသိချင်ပါနဲ့ ဗျာ ။ သိ လည်း ဘာမှ ထူးမှာမှ မဟုတ်ဘဲ ။ ဘယ်လို ဆိုတာ သိရင် တော်ရောပေါ့ ။ လူပုဂ္ဂိုလ် ထက် သဘောတရား က ပိုပြီး အရေးပါတယ် မဟုတ်လားလို့ ။
ကျောင်း နံရံကပ် စာစောင် ဆိုတာ ပို့တဲ့ သူ က လည်း ကျောင်းသူ ပေါ့ ဗျာ ။ လှ လည်း တော်တော် လှပါတယ် ။ ကိုယ့် ငါးချဉ် ကိုယ် ချဉ် ရတာ မဟုတ်ပါဘူး ။ တကယ် ပြောတာပါ ။ ကျွန်တော် မျက်စိကျ တာ ကို သာ ကြည့်လေ ။ စာတည်း ဆိုတာ တော်ရုံတန်ရုံ ဆို သဘော ကျတာ မဟုတ် ဘူးဗျ ။ ရွေးချင်တဲ့ အကျင့် က ပါလာတယ် မဟုတ်လား ။ သူ ပို့တဲ့ စာတွေ ကို အကြောင်းပြု ပြီး တော့ စာပေ ဆွေးနွေးရင်း နဲ့ တော်တော် ခင် သွား ကြတာပေါ့ ။ ပြောရင်း ဆိုရင်း နဲ့ ကြာ လာတော့ သူ့ အရည်အသွေးလေးတွေ ကို သဘောကျ လာတယ်ဗျ ။ သူ ကလည်း ကျွန်တော့် ကို အထင် ကြီး ပုံ ရတယ် ။
အသွင် မတူ အိမ်သူ မဖြစ်လို့ ဆိုထားတယ် မဟုတ်လား ။ စာပေ ဝါသနာ ပါတဲ့ သူချင်း မို့ မျက်စိ ကျမိ တာ မဆန်းလှပါဘူး ။ စိတ်ကူး ထဲ မှာ များ စာအုပ် ကို အတူ ထိုင်ဖတ် ၊ ကဗျာ တစ်ပုဒ် ကို အတူ ကာရန် ရှာပြီး စပ် နဲ့ ပျော်စရာကြီး ပေါ့ ။
တိုတို နဲ့ ပြောရ ရင် တော့ သူ့ ကို ကျွန်တော် က ကဗျာလေး တစ်ပုဒ် နဲ့ စတင် အသိပေး လိုက်တယ်ဗျ ။ တော်တော့် ကို ကြိုးစား ပြီး စပ် လိုက်ရတဲ့ ကဗျာလေး တစ်ပုဒ် ပေါ့ ဗျ ။ ကျွန်တော် က မေတ္တာ ရှိနေတဲ့ အကြောင်းပါပဲ ။
သူ က ဘာမျှ မဖြေပေးဘူး ဗျ ။ ဒါပေမဲ့ အရင် က လို သွားလာ ခင်မင် နေတာပါပဲ ။ မူလည်း မပျက်လှဘူး ။ မိန်းကလေး ဆိုတာ တစ်စောင် နဲ့ တော့ ဘယ်မှာ တုံ့ပြန်ရိုး ထုံးစံ ရှိပါ့မလဲ ။ ဟန် လုပ်ရဦးမှာ ပေါ့ ။ ဒီတော့ နောက်ထပ် နှစ်စောင် ပေး ဖြစ်တာပါပဲ ။ ဘာမျှ ထူးမလာဘူးဗျာ ။ နောက်ဆုံးတော့ သူ့ ကို ကိုယ်တိုင် ပဲ ရှေ့ မျက်နှာ နောက် ထားပြီး မေး ရတော့တာပေါ့ ။ သူ က တော့ အေးအေးဆေးဆေး ပဲ ပြန် ပြီး အဖြေ ပေးပါတယ် ။ သူ့ အနေ နဲ့ ကျွန်တော့် ကို မေတ္တာ ပြန်ပြီး မတုံ့ပြန် နိုင်တဲ့ အတွက် ဘဝ ခရီးဖော် အဖြစ် လက်တွဲ ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး တဲ့ ။
ဒီတော့ အပယ်ခံ လူ တစ်ယောက် ရဲ့ အခွင့်အရေး အနေနဲ့ ကျွန်တော် က လည်း ပြန်ပြီး စောဒက တက်ခွင့် တော့ ရှိတာပေါ့ဗျာ ။ မချစ်နိုင်ဘူး ဆိုတာ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းပြချက်ကလေး ကို သိချင်သေးတာပဲ မဟုတ်လား ။ ကျွန်တော့် ရုပ်ရည် က သိပ် ကို ဆိုးလို့လား ဆိုတော့ လည်း ရှင် ဟာ ယောက်ျား ပီပီသသ နဲ့ ခံ့ချော ပါ ။ ဘယ်မှာ ရုပ်ဆိုးရ မလဲ တဲ့ ။ အကျင့် စာရိတ္တ ကို မကြိုက်လို့လား ဆိုတော့လည်း အရက် မသောက် ၊ ဖဲမရိုက် နဲ့ ရှင့် လို လူ မှ အကျင့်စာရိတ္တ ကောင်းတယ် မခေါ်နိုင် ရင် ဘယ်သူ့ သွားခေါ်ရမလဲ တဲ့ ။ ဒါဖြင့် ကျွန်တော့် ထက် ပညာ သာ တဲ့ သူ ကို မျှော်ကိုးပြီး အထင် သေးလို့လား ဆိုတော့ လည်း ခေတ်ပညာတတ် တစ်ယောက် ကို ဘာမျှ အထင် သေးစရာ မရှိပါဘူး တဲ့ ။ အနေအထိုင် ၊ အပြောအဆို လည်း ဘာမျှ မလိုပါဘူးတဲ့ ။ ကဲ .. စဉ်းစားရ မကျပ်ဘူး လား ။
ဒါတွေ အားလုံး ပြည့်စုံလျက် သား နဲ့ ၊ အပြစ် ပြောစရာ ဘာမျှ မရှိဘဲ နဲ့ ဘာပြုလို့ မချစ်နိုင်ရတာလဲ လို့ ကျွန်တော် က မေးတော့ သူ က အဖြေ မပေးဘဲနဲ့ အမေး တစ်ခု ကို ပဲ ပြန် မေးလိုက်တယ် ။
“ ရှင် ဟာ စာတည်း တစ်ယောက် ဘဝ ကြုံခဲ့ဖူးသား ပဲ ။ စာမူ တစ်ခု ဟာ အရေးအသား လည်း ကောင်းတယ် ။ ဇာတ်လမ်း လည်း မဆိုးဘူး ။ ဦးတည်ချက် လည်း ပီသတယ် ။ အပြစ် ပြောစရာ ဘာမျှ မရှိဘူး ။ ဒါပေမဲ့ ရှင် မရွေးနိုင်ဘူး ဆိုရင် ဘာကြောင့် ဖြစ်မလဲ ” တဲ့ ။
ကျွန်တော် လည်း စဉ်းစားပြီး တော့ မှ အဖြေ ပေးလိုက်ရတာပါပဲ ။ အဖြေ သာ ပေး လိုက်ရတယ် ။ ဒီ အမျိုးသမီး ဘာ သဘော နဲ့ မေးတာလဲ လို့ နား မလည်ဘူး ဗျ ။ ဒါပေမဲ့ စာတည်း ဘဝ မှာ ရခဲ့တဲ့ အတွေ့အကြုံ အရ ပေါ့ လေ ။ ဖြစ်နိုင်တဲ့ အဖြေ ကို တိတိကျကျ ပဲ ပေးလိုက်ရပါတယ် ။
ဒီ စာမူ တစ်ပုဒ် ဟာ အပြစ် ပြောစရာ မရှိပေမဲ့ သူ့ ထက် ကောင်းတဲ့ နာမည်ရ စာရေးဆရာတွေ ရဲ့ စာမူတွေ က ပြည့် နေရင် ခဏ ပဲ ဖြစ်ဖြစ် ပယ် ထား လိုက်ရတာပဲ ။ ဒါမှ မဟုတ်ရင် လည်း စာမူ တစ်ပုဒ် ဟာ ချွတ်ယွင်းချက် ကို သာ ရှာ မတွေ့တယ် ။ ဖတ် ပြီးတော့ ရင် ထဲ မှာ လှုပ်ရှားပြီး ညို့ဆွဲ မဖမ်းစားနိုင် လည်း ပယ်လိုက်ရတာပါပဲ လို့ ။
ကျွန်တော့် အဖြေ လည်း ပြီးရော အမျိုးသမီး က အောင်ပွဲရ အပြုံး နဲ့ ခံ့ခံ့ကြီး ပြုံးလိုက်ပြီးတော့ မှ သူ မချစ်နိုင်ရခြင်း အကြောင်း က လည်း အဲဒီ အတိုင်းပါ ပဲ တဲ့ ။
အစ က တော့ ကျွန်တော် လည်း အူကြောင်ကြောင် ဖြစ်နေခဲ့သေး တယ် ။ နောက်တော့ မှ သဘော ပေါက် ပြီးတော့ ဪ ... ဪ ဆိုပြီး အောင်မြင်စွာ နောက် ဆုတ်ခဲ့ရတာပေါ့ ဗျ ။
ဒီလိုနဲ့ပဲ နောက်ဆုံးနှစ် စာမေးပွဲ အောင် လို့ ဘွဲ့ လည်း ရ ၊ ကျောင်း က ထွက် ခဲ့ရတော့ စာတည်းကလေး ဘဝ က နေ အလိုလို နုတ်ထွက်ပြီး သား ဖြစ် သွားလို့ တစ်ခန်းရပ် ခဲ့ရတော့တာပါပဲ ။ ပြန် တွေး မိရင်တော့ ရယ်ချင် တာ လိုလို ၊ လွမ်းတာ လိုလို နဲ့ တစ်မျိုးကြီး ပါ ပဲ ဗျာ ။
ဇန်နဝါရီ ၊ ၁၉၇၁
◾မာန်မြင့်
📖 မြန်မာပြည် မှာ လုပ်သည် နှင့် အခြား ဝတ္ထုတိုများ
ဇန်နဝါရီ ၊ ၁၉၇၇
.
No comments:
Post a Comment