Sunday, October 20, 2024

သံမဏိ ဝတ်မှုန်


 ❝ သံမဏိ ဝတ်မှုန် ❞

━━━━━━━━━━━━

        နေနော်

━━━━━━━━━━━━

၁ ။


ပြတင်းတံခါး ကို တွန်း ဖွင့်လိုက်ပါ က နေရောင်ခြည် နှင့် လေကောင်းလေသန့် တို့ တိုးဝင် ရောက်ရှိ လာကြပေလိမ့်မည် ။ ထို ကိစ္စ မှာ အလွန် သေချာသော်လည်း ပြတင်းပေါက် ကို ကျွန်တော် မဖွင့် ဖြစ် ။ ပြတင်းတံခါး ကို ဖွင့်ရန် ကျွန်တော် မကြာခဏ တွေဝေတတ်မြဲ ဖြစ်၏ ။


အထူးသဖြင့် ကျွန်တော် ပခုံး ထက် ၌ မာရီယာ  မှေးမှီအိပ်စက်နေသော အခါများတွင် ကျွန်တော် ပို၍ တွေဝေတတ်ပါသည် ။ 


မာရီယာ သည် အံ့သြရခြင်း ကို သဘောမကျ သလို အိပ်ရာ မှ လန့်နိုးရခြင်း ကိုလည်း ရွံမုန်းသူ ဖြစ်၏ ။ နေရောင်ခြည် သည် ရောဂါ ပိုးမွှားများ ကို သေစေနိုင်သည့် အပြင် လူ ၏ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အိပ်ပျော်နေသူ တစ်ယောက်  အတွက်တော့ အနှောင့်အယှက် တစ်ခုသာ ဖြစ်နိုင်ပါသည် ။


အကယ်၍ စူးရှစွာ တိုးဝင်လာမည့် နေရောင်ခြည် အလင်းတန်း တို့ကြောင့် မာရီယာ အိပ်ရာ မှ လန့်မနိုး လျှင် တောင် မှ ခပ်ညံ့ညံ့ လက်သမား တစ်ယောက် ၏ လက်ရာ ဖြစ်သော ပြတင်းပေါက်တံခါး ၏ အော်မြည်သံကြောင့် မာရီယာ လန့်နိုး သွားနိုင်ပါသည် ။


ထို တံခါး သည် ဖွင့်လိုက်သည့် အခါတိုင်း စိတ်ပျက်ဖွယ် အသံ မျိုးစုံတို့ ထွက်ပေါ်တတ်မြဲ ဖြစ်၏ ။ တစ်ခါတစ်ရံ လူမမာ တစ်ယောက်  ၏ အော်ညည်းသံမျိုး ထွက်ပေါ်လာပြီး တစ်ခါတစ်ရံ တော့ ဒေါသကြီး သူ တစ်ယောက် ၏ သွားကြိတ်သံမျိုး ဖြစ်နေ တတ်သည် ။ အဆိုးဆုံးမှာ ခက်ခဲကြပ်တည်းစွာ တွန်းဖွင့် ရသော ထို တံခါးသည် လေကြမ်းကြမ်း တိုက်သည့် အခါများ၌ ဝုန်းခနဲ ပြန် ပိတ်တတ်ခြင်း ဖြစ်သည် ။


ထို ကိစ္စ ကတော့ အိပ်ပျော် နေသော မာရီယာ အတွက် ဘယ်လိုမှ မကောင်းနိုင်ပါ ။


နောက်ဆုံးတော့ ပြတင်းပေါက် ဖွင့်ရန် ကျွန်တော် စိတ်လျော့ လိုက်ပြီး ဒုတိယမြောက် တွေဝေခြင်း အသစ်ဖြင့် ချီတုံချတုံ ဖြစ်ရပြန်သည် ။ အိပ်ပျော် နေသော မာရီယာ ၏ နဖူး အား ငုံ့ နမ်း လိုက်လျှင် ကောင်းမလား ဟူ၍ ဖြစ်သည် ။


လက်မဝက် ခန့် ရှည်မြောမြော အမာရွတ်ကလေး ရှိပြီး ဆံနွယ်စ တို့ဖြင့် ကပိုကရို ဖုံးလွှမ်း နေသော သူမ ၏ နဖူးပြင် အား ကျွန်တော် ငုံ့နမ်း လိုက်ပါ က ၊ သူမ အိပ်ရာမှ လန့်နိုး သွားလေမလား ။ ထိုကိစ္စမှာ ဘယ်လိုမှ မသေချာပါ ။ မာရီယာ ၏ နဖူး အား ငုံ့နမ်း ရန် ကျွန်တော်  မကြာခဏ ဇဝေဇဝါ ဖြစ်ရတတ် သော်လည်း ၊ သူမ ကတော့ ဘယ်တုန်း ကမှ တွေဝေ မနေတတ် ။ သူမ  နမ်းချင်လာပြီ ဆိုပါက မည်သည့်နေရာမျိုး မဆို ....


“ နဖူး နမ်းချင်တယ် ငုံ့ပေး ”


ဟု တောင်းဆို တတ်မြဲ ဖြစ်သည် ။


ထိုအခါ ရှည်ကိုင်းသော ကျွန်တော့် ခန္ဓာကိုယ် ကို သူမ နမ်းသာရုံ ငုံ့ ပေးရ၏ ။ သို့သော် ကျွန်တော့် အခန်းကျဉ်းလေး သို့ တက်သော လှေကားလယ် လို နေရာမျိုးဆိုလျှင်တော့ ၊ ကျွန်တော် ငုံ့ ပေးစရာ မလိုပါ ။ သူမ က ကျွန်တော့် ရှေ့ နှစ်ထစ်လောက် ကြိုတက်ပြီး ၊ နောက်ပြန် လှည့်ကာ ခေါင်းငုံ့ နမ်းတတ်သည် ။


မာရီယာ သည် အရပ် ပုသူ ဖြစ်၏ ။


သို့သော် သူမ ၏ ဆံပင်တွေ ကတော့ သူမ ၏ အရပ် နှင့် မလိုက်ဖက်စွာ ရှည်လျား လွန်း လှပါသည် ။ နူးညံ့ ဖြောင့်စင်းသော ထို ဆံပင် ရှည်ရှည်များ ကြောင့်သာ မဟုတ်ခဲ့ပါက ၊ ကျွန်တော် သူမ အား စိတ်ဝင်စား ခဲ့လိမ့်မည် မဟုတ်ပါ ။ ကျွန်တော် က ဆံပင်ရှည်ရှည်များနှင့် ပတ်သက်၍ ရင်ခုန်လွယ်သူ ဖြစ်၏ ။ ထိုအချက်က ကျွန်တော့်  ရူးသွပ်မှု တစ်ခု ဖြစ် သလို ရိုးသားဝန်ခံမှု တစ်ခု လည်း ဖြစ်သည် ။


“ ဆရာ က ကျွန်မ ရဲ့ ဆံပင်တွေ ကို ချစ်လို့ပေါ့နော် ”


“ ဒါပေါ့ ”


ကျွန်တော် ခပ်တည်တည် ဝန်ခံ လျှင် တော့ သူမ က ခြေဆောင့်ကာ စိတ် ကောက်ချင် ယောင် ဆောင် တတ်သည် ။ သို့သော် တကယ်စိတ် ကောက်ခြင်း မဟုတ်ကြောင်း ကို တော့ ကျွန်တော် သိနေလေသည် ။ 


သူမ ကတော့ ကျွန်တော့် ရဲ့ မျက်ခုံးထူထူတွေ ကို ချစ်သတဲ့ ။


“ စ တွေတဲ့ နေ့ ကတည်း က အဲဒီ မျက်ခုံးတွေ ကို ချစ်သွားတာ သိလား ။ နောက်နေ့ ဆရာ့ မျက်နှာ ကို ပြန် မြင်ယောင် ကြည့်တော့ မျက်ခုံးထူထူတွေ က လွဲပြီး ဘာမှ မမှတ်မိဘူး ။ ဘယ်လောက် ရယ်စရာ ကောင်းလဲနော် ”


ထိုစကား ကို သူမ  ပြောစဉ် ကျွန်တော့် အား မျက်ခုံးထူထူတွေ ဖြစ်အောင် မွေးဖွား ပေးခဲ့သော အမေ့ ကို ပထမဆုံးအကြိမ် အဖြစ် ကျေးဇူး တင်လိုက်မိသည် ။


ကျွန်တော့် မျက်ခုံးတွေ ကို အလွန် သဘောကျသည် ဆိုသော မာရီယာ သည် သူမ  စိတ်လိုလက်ရ ရှိသည့် အခါများ၌ ထို မျက်ခုံးတန်း အစုံ ကို ငြင်သာဖွဖွ နမ်းရှိုက် ကာ -


“ သိပ်ချစ်ဖို့ ကောင်းတာပဲ ”


ဟု တစ်ယောက် တည်း ရေရွတ် တတ်ပြီး ၊ တစ်ခါတစ်ရံ တော့ 


“ အဲဒီ မျက်ခုံးတွေ ကို ရိတ်ပစ်လိုက်ပါလား ဟင် ။ ဒါမှ ဆရာ့ ကို နောက်ထပ် ကောင်မလေး တစ်ယောက် ယောက် က စိတ်မဝင်စား မှာ ” 


ဟု အလိုလောဘ ကြီးစွာ ကလေးဆန်တတ် ပါသေးသည် ။


ရိုးသားပွင့်လင်းစွာ ကလေးဆန်မှု ကို ကျွန်တော် မြတ်နိုး သော်လည်း ဟန်ဆောင်ခြင်း ကိုတော့ ကျွန်တော် သဘောမကျ ။ သို့သော် ဝမ်းနည်းဖွယ် ကောင်းစွာ ကျွန်တော် တို့ နှစ်ယောက်စလုံး ဟန်ဆောင် ကောင်းကြ၏ ။ ကျွန်တော် တို့ ၏ အကောင်းဆုံး ဟန်ဆောင်နိုင်မှု မှာ တစ်ယောက် ကို တစ်ယောက်  ( စွဲလမ်းစူးနစ်စွာ ချစ်နေမှန်း သိနေကြ သော်လည်း ) ချစ်သူ များ အဖြစ် တရားဝင် မသတ်မှတ်ကြခြင်း ဖြစ်သည် ။


ကျွန်တော့် ပခုံး ထက်၌ ရံဖန်ရံခါ နွဲ့မှီ မှေးစက် တတ်ပြီး ၊ ကျွန်တော့် အား ဆရာ ဟု ခေါ်ကာ ၊ ကျွန်တော့် မျက်ခုံးထူထူ နှင့် နဖူးပြင် ကို နမ်းရှိုက်တတ်သော သူမ နှင့် ကျွန်တော် သည် တရားဝင် ချစ်သူ များ မဟုတ်ကြပါ ဟု ဆိုလျှင် မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပါ ။


သို့သော် တစ်လောကလုံး မယုံသော ထို ကိစ္စကို ကျွန်တော် တို့ နှစ်ယောက်စလုံး ယုံကြည်၏ ။ တစ်နည်းအားဖြင့် ပိရိစွာ ဟန်ဆောင် ယုံကြည်ခြင်း ဖြစ်သည် ။


အဖြစ်အပျက် မှာ အလွန် ရယ်စရာကောင်းကြောင်း နှစ်ယောက် စလုံး ဝမ်းနည်းစွာ သတိ ပြုမိကြပါသည် ။ သို့သော် တစ်ခု ခက်သည်မှာ သူမ ရော ကျွန်တော် ပါ ဟန်ဆောင်နိုင်ကြခြင်းဖြစ်သည် ။


••••• ••••• •••••


၂ ။


ကမ္ဘာလောကကြီး အတွင်း ကံဆိုးသော အဖြစ်အပျက် များစွာ ရှိနိုင်ပါသည် ။ ဥပမာ - ကုသရန် ခက်ခဲသော ရောဂါဝေဒနာ တစ်ခု ကပ်ငြိ ခံရခြင်းမျိုး ၊ သို့မဟုတ် မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းမျိုး


သို့သော် မာရီယာ နှင့် ကျွန်တော် ၏ ဆုံတွေ့ ခဲ့မှုလောက် မည်သည့် အဖြစ်အပျက် က မျှ ကံဆိုးခဲ့လိမ့်မည် မဟုတ်ပါ ။ ကျွန်တော် တို့ နှစ်ယောက် ကံဆိုးစွာ ဧည့်ခံပွဲ တစ်ခု ၌ မတော်တဆ ဆုံစည်းဖြစ် ခဲ့ကြသည် ။ နောင်အခါ ကျွန်တော့် အတွက် ကံဆိုးမိုးမှောင်ကျသော နေ့ ဟု သတ်မှတ်ရမည့် ထို နေ့ သည် မိုးအလွန် ရွာသော နေ့ တစ်နေ့ မဟုတ်သည့် အထူးတလည် သာယာလှပသော နေ့ လည်း မဟုတ်ပါ ။


သာမန် လ တစ်လ ၏ သာမန် နေ့ တစ်နေ့ သာ ဖြစ်သော်လည်း ကျွန်တော့် သူငယ်ချင်း က တော့ ထိုနေ့ သည် ၎င်းတို့ ဇနီးမောင်နှံအတွက် အိမ်ထောင်သက် တစ်နှစ် တိတိ ပြည့်သော နေ့ ဖြစ် သဖြင့် ဧည့်ခံပွဲ တစ်ခု ကျင်းပမည် ဟု အကြောင်းကြား လာခဲ့သည် ။ လူစည်ကားရာ အရပ်များ သို့ သွားရန် ဝန်လေး လေ့ ရှိသော ကျွန်တော် သည် ထိုသူငယ်ချင်း ၏ ဖိတ်ကြားမှု ကို တော့ ဘယ်လိုမှ မလွန်ဆန်နိုင်ပါ ။


ဤသို့ဖြင့် သူငယ်ချင်း ကို အကြောင်းပြုလျက် ထို ဧည့်ခံပွဲ သို့ ကျွန်တော် ရောက်ရှိ သွားရပြီး ၊ မာရီယာ ကတော့ ကျွန်တော့် သူငယ်ချင်း ၏ ဇနီးသည် ကို အကြောင်းပြုလျက် ရောက်ရှိ လာခဲ့သည် ။ ကျွန်တော် တို့ နှစ်ယောက် ၏ ဆုံစည်းခြင်းသည် ကံဆိုးမှုဖြစ်သည် ဆိုပါက သူမ နှင့် ကျွန်တော့် အား တစ်စားပွဲတည်း နေရာချပေး ခံရခြင်းမှာ ကံခေမှု သာ ဖြစ်ပါလိမ့်မည် ။ ထို ကံခေမှုကြောင့် ပင် နက်မှောင် ဖြောင့်စင်းသော ဆံပင်ရှည်ရှည်များ အား အနီးကပ် မြင်တွေ့ခွင့် ရခဲ့ခြင်း ဖြစ်သည် ။


စားပွဲ ပေါ် မှ အစားအစာ အနည်းငယ် နှင့် ဝိုင်ချိုနှစ်ငုံလောက် သောက်သုံးပြီးချိန်၌ ထို ဆံပင်ရှည်ရှည်များအား ကျွန်တော် ရင်ခုန်သွားခဲ့ ပြီး သူမ ကတော့ ကျွန်တော့် မျက်ခုံးထူထူ တို့ ကို စိတ်ဝင်စားသွားခဲ့သည် တဲ့ … ။


သူမ ၏ စိတ်ဝင်စားမှုအား ပိုမို တွန်းအားပေးခဲ့သည့် အခြား အကြောင်း တစ်ခု မှာ ကျွန်တော် သည် ဝတ္ထုရေးသူ တစ်ယောက် ဖြစ် ကြောင်း သူမ  သိရှိ သွားခြင်း ဖြစ်သည် ။


“ ဘုရားရေ ကျွန်မ ဆရာ့ ဝတ္ထုတွေ ကို သိပ် ကြိုက်တာ သိလား ။ ပြီးတော့ ဆရာ့ ကို လည်း သိပ်ပြီး တွေ့ချင်နေတာ ။ အိုး တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပဲနော် ၊ ခုလို တွေ့ ရလိမ့်မယ်လို့ ကျွန်မ ထင် ကို မထားမိတာ ... ”


တအံ့တသြ ရေရွတ်ရင်း ဟမ်းချိန်းထူထူ ဝတ်ဆင် ထားသော သူမ ၏ လက် ကို ဆန့်တန်းလျက် ‘ မာရီယာ ’ ဟု စတင် မိတ်ဆက်လေ သည် ။ ဤနည်းဖြင့် ကျွန်တော် တို့ နှစ်ယောက် ၏ ကံဆိုးမှု က အစပျိုးခဲ့ခြင်း ဖြစ်သည် ။ ( သို့သော် မာရီယာ ကတော့ ကံဆိုးခြင်း ဟူသည့် အသုံးအနှုန်းကို ယနေ့ တိုင်အောင် လက်ခံခြင်း မရှိ ။ ) 


“ ကျွန်မ က တော့ ဒါကို ကံဆိုးတယ် လို့ မထင်ဘူး ဆရာ ။ တကယ်လို့ ကံဆိုးတာ ဆိုရင်လည်း နောင်ဘဝ ရှိရင်တောင် ခုလို ကံဆိုးမှုမျိုး နဲ့ ထပ် ကြုံချင်သေးတယ် ”


မာရီယာ သည် အလွန် ပြတ်သားသော မိန်းကလေး တစ်ယောက် မဟုတ်ပါက အလွန် စိတ်ကူးယဉ် ဆန်သော မိန်းကလေး သာ ဖြစ်ပါ လိမ့်မည် ။ သို့သော် ကျွန်တော် ကတော့ ဘယ်တုန်းက မှ ပြတ်သားသူ မဟုတ် ။ အထူးသဖြင့် မာရီယာ ၌ လူကြီးချင်း သဘောတူ ထားသူ ရှိနေပြီး ထို သူသည် နောက်ထပ် လ အနည်းငယ် အကြာ၌ နိုင်ငံခြား မှ မြန်မာပြည် သို့ ပြန်လည် ရောက်ရှိတော့မည်မှန်း သိနေပါ က ပိုလို့ပင် မပြတ်သားနိုင်ပါ ။ ဒါပေမယ့် မာရီယာ က တော့ ထို လူ နှင့် ပတ်သက် လျှင် အနည်းငယ် မှ ဇဝေဇဝါ မဖြစ် ။


“ ကျွန်မ သူ့ ကို မချစ်ဘူး ဆရာ ”


“ ကိုယ် သိတယ် ”


“ ဒါပေမယ့် … အိမ် ကတော့ ကျွန်မ ကို သူ နဲ့ ပဲ လက်ထပ်စေချင်တယ် ” 


“ ဒါလည်း ..... ကိုယ် သိ ပါတယ် ”


“ ခု … ဆရာ မသိသေးတာ တစ်ခု ပြောပြမယ်နော် ” 


“ ဘာလဲ .. မာရီယာ  ”


“ ကျွန်မ …… ဆရာ့ မျက်ခုံးတွေ့ ကို နမ်းချင်တယ် ”


ဘယ်လောက်များ ညင်သာ နူးညံ့လိုက်ပါသလဲ ။


ကျွန်တော့် ဝတ္ထုများ ထဲမှ ဇာတ်လိုက်မင်းသမီးများ ပင် ထိုမျှ ကဗျာ ဆန်သော စိတ်ကူးမျိုး ကို စဉ်းစားမိကြလိမ့်မည် မဟုတ်ပါ ။ ကိုယ် ကို ငုံ့ ကိုင်း ပေး လိုက်တော့ သူမ က ကျွန်တော့် မျက်ခုံး တို့ ကို နူးညံ့စွာ နမ်းရှိုက်လေသည် ။


ထိုနေ့ သည် ကျွန်တော် နှင့် သူမ စတင် တွေ့ဆုံပြီး ၊ လေးဆယ့် နှစ်ရက် ပြည့်သော နေ့ ဖြစ်သလို ၊ ကျွန်တော့် အခန်းကျဉ်းလေး သို့ ပထမဆုံး အကြိမ် အဖြစ် သူမ အလည် လိုက်သော နေ့လည်း ဖြစ်သည် ။ 


ကျွန်တော့် အခန်း သည် တိုက် တစ်တိုက် ၏ အပေါ်ဆုံးထပ် ညာဖက်ခန်း ဖြစ်၏ ။ ကျွန်တော့် အခန်းကျဉ်းလေး သို့ ရောက်ရန် လှေကား ထစ်ပေါင်း လေးဆယ်ကျော် ကို နင်းတက်ရပြီး ၊ ခပ်ညံ့ညံ့ သော့ တစ်လုံး ခတ် ထားသော တံခါးပေါက် တစ်ခု ကို ဖြတ်သန်းရ၏ ။ သို့သော် ထို အချက်များကြောင့် တော့ သူမ ကျွန်တော့် အား နမ်းရှိုက်ချင် စိတ်မျိုး ပေါ်ပေါက် မလာသင့်ပါ ။


“ ကျွန်မ ဆရာ့ မျက်ခုံးတွေ ကို နမ်းတာနဲ့ ပတ်သက်ပြီး ၊ ဆရာ ဘယ်လို ထင်သလဲ ”


ကျွန်တော့် ရင် ထဲ မှ အတွေးတို့ ကို သိနေသည့် အလား ၊ သူမ မေး လာသော အခါ၌ ကျွန်တော် အနည်းငယ် ရှက်အမ်းစွာ ပခုံး တွန့် ပြလိုက် သည် ။


“ ကိုယ် မထင်တတ်ဘူး မာရီယာ ”


“ ဒါဖြင့် ထင်တတ် သွားအောင် ကျွန်မ မျက်ခုံးတွေ ကို ဆရာ ပြန် နမ်းကြည့်လိုက်ပါလား ။ ဒါမှမဟုတ်လည်း ဆံပင်တွေ ကို ဖြစ်ဖြစ်လေ ... ”


သူမ ၏ ဆံပင်များ သည် နူးညံ့ရုံ မျှ မက အလွန် မွှေးပျံ့ကြောင်း ၊ ထိုနေ့က ကျွန်တော်  သိခွင့် ရခဲ့လေသည် ။


••••• ••••• •••••


၃ ။


ခန္ဓာကိုယ် အား အနည်းငယ် လှုပ်ယမ်းလိုက်လျှင် ဖြစ်စေ ၊ သို့မဟုတ် ဘေးနား မှ စီးကရက်ဘူး ကို လှမ်း ယူ၍ စီးရကရက် တစ်လိပ် မီးညှိဖွာရှိုက် လိုက်လျှင် ဖြစ်စေ ၊ ကျွန်တော် ပခုံး ထက် ၌ အိပ်စက် နေသော မာရီယာ  လန့်နိုး သွားနိုင်ပါသည် ။


အလွန် အအိပ်ဆတ်သော မာရီယာ သည် ဇစ်ပိုမီးခြစ်ဖုံး ဖွင့်သံ ကြောင့် လန့်နိုးသွားနိုင် သလို ၊ သက်ပြင်းချသံ တစ်ခု ကြောင့် လည်း လန့်နိုး သွားနိုင်ပါသေးသည် ။ ယုတ်စွအဆုံး သူမ ၏ နဖူး ထက် မှ ဆံနွယ်စလေးများ ကို လေ ဖြင့် မှုတ်လိုက်မည် ဆိုလျှင် ပင် သူမ ၏ မျက်လုံးတို့ ဖြတ်ခနဲ ပွင့်လာကြပေလိမ့်မည် ။ ယခုအချိန် ၌ မာရီယာ အား အိပ်ရာ မှ မနိုးစေချင်သေးပါ ။ ကျွန်တော် တို့ နှစ်ယောက် အတွက် အချိန်တွေ က နည်းပါးလွန်းလှ သလို ထပ်မံ တွေ့ဆုံနိုင်မည့် အခွင့်အလမ်း တို့ က လည်း ပါးရှားလွန်းလှပါသည် ။


မနက်ဖြန် ဖြစ်စေ ...

 

သန်ဘက်ခါ ဖြစ်စေ ....


နောက်ဆုံး … ယနေ့ ညနေ ပင် ဖြစ်စေ


တစ်ကမ္ဘာလုံး ၌ ကံ အကောင်းဆုံး လူ တစ်ယောက် အချိန်မရွေး ရောက်ရှိလာနိုင်ပါသည် ။ ( မာရီယာ အား လက်ထပ်ခွင့် ရမည့် သူ သည် ကံကောင်းသူ ဖြစ်သည် ဟု ကျွန်တော် ယုံကြည်၏ ။ ) သို့သော် ကျွန်တော် မဟုတ်သည် ကတော့ ဝမ်းနည်းစရာ ကောင်းပါသည် ။ ပို၍ ဝမ်းနည်းဖွယ် ကောင်းသည် မှာ မာရီယာ ၏ ချစ်သူအဖြစ်လောက် ပင် ကျွန်တော် ကံကောင်းခွင့် မရခဲ့ခြင်း ဖြစ်သည် ။


“ အချစ်ဆုံး သူငယ်ချင်းတွေ အဖြစ် နဲ့ပဲ ရှိနေကြရင် မကောင်းဘူးလား ဆရာ ။ တကယ်လို့ ကံကြမ္မာ ကြောင့် ကိုယ့် လမ်း ကိုယ်လျှောက်ဖြစ် ကြရင် တောင် ကျွန်မ တို့ ဟာ သူငယ်ချင်းတွေ ပဲလေ ။ သူငယ်ချင်း ဆိုတဲ့ ကြိုး က ပိုပြီး ရှည်လျား ခိုင်မြဲပါတယ် ဆရာ ရယ် ”


ထို စကား မှာ ကျွန်တော့် အား ချွေးသိပ်လေ့ ရှိသော သူမ ၏ လက်သုံးစကား တစ်ခု ဖြစ်သည် ။ သို့သော် တစ်ခု ဆိုးသည် က ကံကြမ္မာ ကြောင့် ဟု သူမ ရည်ရွယ်သော ကိစ္စ သည် ဘယ်လို ကိစ္စမျိုး ဖြစ်ကြောင်း ကျွန်တော် သိနေခြင်း ဖြစ်သည် ။


“ ဆရာ တစ်ခု စဉ်းစား ကြည့်နော် ။ ဆရာ ခူးပြီးသား ပန်းတစ်ပွင့် ကို အခြား တစ်ယောက် က ပန်သွားတာ နဲ့ ဆရာ ရှေ့မှာ ဒီတိုင်း ကြွေကျနေတဲ့ ပန်း ကို အခြား တစ်ယောက် ပန်သွားတာ ဘယ်ဟာ က ဆရာအတွက် ပိုပြီး စိတ် ဖြေလို့ လွယ်ကူ မလဲ ဟင် ”


ဓါတုဗေဒ အဓိက နှင့် ကျောင်းပြီး ခဲ့သော မာရီယာ သည် တစ်ခါတစ်ရံ တော့လည်း စကားလုံး တို့ ကို ထိုသို့ပင် လှပစွာ ပေါင်းစပ်ဓါတ်ပြု တတ်သူ ဖြစ်၏ ။ အနည်းငယ် မခံချင်စရာ ကောင်းတာ တစ်ခု မှာ သူမ ၏ ချွေးသိပ်မှုတိုင်း ၌ ကျွန်တော် အလွယ်တကူ မျောပါသွားရခြင်း ဖြစ်သည် ။


သူမ က ခေါ်ပါ က ကျွန်တော် လိုက်ပါရန် အဆင်သင့် ဖြစ်နေတတ်ပြီး သူမ က ထားခဲ့မည် ဆိုလျှင်လည်း ကျွန်တော် ကျေနပ်စွာ ကျန်နေရစ်ခဲ့မည် သာ ဖြစ်သည် ။ သို့သော် ခပ်သွက်သွက် ဇာတ်ကောင် စရိုက်တို့ ကို ရေးဖွဲ့ ရန် စိတ်အား ထက်သန်လေ့ ရှိသော စာရေးဆရာ တစ်ယောက် အနေ နှင့် ထိုမျှ အထိ တွေဝေ ပျော့ညံ့ဖို့ မကောင်းပါ ။ 


ရိုးသားစွာ ဝန်ခံရ လျှင် တော့ တစ်ခါတစ်ရံ ကျွန်တော် မိုက်ရူးရဲ ဆန်ကြည့်ချင်ပါသေးသည် ။ မာရီယာ က တော့ ...


“ မိုက်တယ် ဆိုတာ မကောင်းဘူး ဆရာ ရဲ့ ။ မိုက်မဲမှု တိုင်း ရဲ့ အဆုံးသတ်ဟာ မှားယွင်းမှုချည်းပဲ ...... ”


“ ဘဝ မှာ အနှစ် သုံးဆယ် နီးပါး တောက်လျှောက် မှန်လာတဲ့ လူ တစ်ယောက် အနေ နဲ့ တစ်ခါတလေ မှားကြည့်သင့်တယ် လို့ မာရီယာ  မထင်ဘူးလား ”


သူမ ၏ မျက်လုံး တို့ ကို တည့်တည့် စိုက် ကြည့်ရင်း ကျွန်တော် မေးလျှင် တော့ သူမ နှုတ်ဆိတ်တွေဝေစွာ ငြိမ်သက် သွား တတ်ပါသည် ။


“ ဆရာ က စွန့်စားရတာ ကို ဝါသနာ ပါလို့လား ဟင် ”


“ ဟင့်အင်း ….. စွန့်လွှတ်ရ မှာကို မုန်းတာ ”


“ အဲဒီ အဆင့် အထိ မရောက်သေးပါဘူးနော် ” 


“ ဒါပေမယ့် ... သိပ်မှ မလိုတော့ဘဲ မာရီယာ ”


အမှန်တော့ စစ်ကြေညာသူ မှာ ကျွန်တော် ဖြစ်ပါက ၊ လက်နက်ချ သူ မှာ မာရီယာ သာ ဖြစ်သင့်ပါသည် ။ သို့သော် မာရီယာ သည်လက်နက် ချရန် တုံ့ဆိုင်း၍ နေတတ်သလို ကျွန်တော် သည် လည်း စစ်ပွဲတစ်ခု ကို စတင်ရန် တွေဝေ၍ နေတတ်လေသည် ။


ဤသို့အားဖြင့် ကျွန်တော် တို့ နှစ်ယောက် အကြား မှ နံရံပါးပါး သည် ယိုင်နဲ့စွာ ဆက်လက်၍ ခိုင်မြဲ နေခြင်းဖြစ်သည် ။


 ••••• ••••• •••••


၄ ။


အင်ဂျင်ပါဝါ ကောင်းကောင်း နှင့် ကားတစ်စီး အား အရှိန် ပြင်းပြင်း မောင်းနှင် လိုက်ရသည့် အခါ၌ ဖြစ်စေ ... ။ 


အေဘီစီ ဘီယာဘူး ကို ဆွဲဖေါက်၍ ဖန်ခွက် ထဲသို့ အမြှုပ်များ ဆူဝေလျှံကျ လာသည် အထိ လောင်းထည့် လိုက်ရသည့် အခါ၌ ဖြစ်စေ ...... ။


ဂစ်တာ တစ်လက် ဖြင့် သီချင်း တစ်ပုဒ် ကို အားရအောင် အော်ဆို လိုက်ရသည့် အခါ၌ ဖြစ်စေ …. ။


စိတ်ကြိုက် ဝတ္ထုတို တစ်ပုဒ်ကို ဖတ်ရှု ခံစားလိုက်ရသည့် အခါ၌ ဖြစ်စေ ….. ။


သို့မဟုတ် ဗွီဒီယိုကား ကောင်းကောင်း တစ်ခွေလောက် ကြည့်လိုက်ရသည့် အခါ၌ ဖြစ်စေ …. ။


ကျွန်တော် ၏ စိတ်ဓါတ်တို့ ပေါ့ပါးလွတ်လပ်စွာ သွားတတ်မြဲ ဖြစ်သော်လည်း မာရီယာ နှင့် ပတ်သက်သည့် စိတ်ခံစားမှု တို့ ကတော့ ခြွင်းချက် ဖြစ်သည် ။


ကျွန်တော့် အား ဆယ့်လေးကြိမ်မြောက် မာရီယာ လက်သည်း ညှပ် ပေးသော နေ့ က အထက်ပါ စိတ်ကုထုံး တို့ ကို အသုံးပြု၍ မရနိုင် လောက် အောင် ပင် ကျွန်တော် ၏ စိတ်တို့ လေးလံမွန်းကြပ် နေခဲ့သည် ။ ( မာရီယာ သည် ကျွန်တော့် အား တစ်ပတ်တစ်ခါ လက်သည်း ညှပ် ပေး တတ်ပြီး ၊ ထိုသို့ ညှပ်ပေး နိုင်ရန် သူမ ၏ ပိုက်ဆံအိတ် အတွင်း လက်သည်းညှပ် တစ်ခု ကို အစဉ် ဆောင်ထား တတ်သည် ။ )


ထိုနေ့ က သူမ ၏ ကား ပေါ် မှာပင် ကျွန်တော့် အား လက်သည်း ညှပ် ပေးခဲ့ခြင်း ဖြစ်သည် ။ သို့သော် ယခင် က လိုတော့ “ ငြိမ်ငြိမ် နေကွယ် ” ဆိုတာမျိုး ။ “ အသားကို ညှပ်မိသွားမယ် ကလေးရဲ့ ” ဆိုတာမျိုး တို့ဖြင့် ချိုနွဲ့စွာ နောက်ပြောင်အမိန့်ပေးခြင်းမျိုး မရှိခဲ့ ။ ထို့ပြင် ပန်းနုရောင် သန်း နေသော ကျွန်တော် ၏ လက်သည်းစများ အား ကားအပြင် သို့ လွင့်ပစ်ချခြင်း လည်း မပြုခဲ့ ။


သူမ ၏ လက်ကိုင်ပဝါ ဖြင့် အသာအယာ ထုပ်ကာ ပိုက်ဆံအိတ် အတွင်း သို့ သိမ်းလိုက် ကတည်း က ကျွန်တော် အနည်းငယ် စိတ်ထင့် သွားခဲ့သည် ။ ပို၍ စိတ်ထင့်ဖွယ် ကောင်းသည် မှာ သူမ ၏ လက်သည်းညှပ်လေး အား ကျွန်တော် ထံ သို့ ကမ်းပေးလာခြင်း ဖြစ်သည် ။ ကျွန်တော် ဇဝေဇဝါ ဖြစ်စွာ လှမ်းယူလျက်....


“ နောက် တစ်ခါ ကိုယ့် ဘာသာ ကိုယ် ညှပ်ရတော့မယ် ဆိုတဲ့ သဘောလား ”


“ မာရီယာ ဆရာ့ ဆီ မလာဖြစ်တဲ့ နေ့တွေ ဆိုရင်ပေါ့ ”


“ ဒါဖြင့် .... ”


“ သူ ပြန်လာတော့မယ် ဆရာ ”


မီးတောင် တစ်လုံး ပေါက်ကွဲ သွားတာမျိုး ကို မျက်ဝါးထင်ထင် ကျွန်တော် မမြင်ဖူးခဲ့ သလို ၊ ကမ္ဘာမြေကြီး တစ်ခုလုံး ပျက်သုဉ်းကြေမွ သွားတာမျိုး ကို လည်း ကျွန်တော် မကြုံဖူးခဲ့ ။ သို့သော် ထိုခဏ မှာတော့ ထို ကိစ္စ အားလုံး ကျွန်တော့် ရင် ထဲ ၌ တစ်ပြိုင်နက်တည်း ဖြစ်ပျက် သွား ကြသည် ။


“ ဘယ်တော့လဲ မာရီယာ ။ သူ ဘယ်တော့ ပြန်လာမှာလဲ ”


“ ကျွန်မ မသိဘူး ။ ဒါပေမယ့် ဒီလ မကုန်ခင် တော့ သူ ပြန်ရောက် လာလိမ့်မယ် ”


ထို့နောက် နှစ်ယောက်စလုံး ပြောစရာ ပါးရှားစွာ နှုတ်ဆိတ် သွားကြသည် ။


တစ်ယောက် ၏ အသက်ရှူသံ ကို တစ်ယောက် ကြားရ လောက်အောင် ၊ တစ်ယောက် ၏ ရင်ခုန်သံ ကို တစ်ယောက် နားထောင်လို့ ရ လောက်အောင် တိတ်ဆိတ် သွားကြခြင်း ဖြစ်သည် ။ အတော်ကြီး ကြာမှ သူမ ကျွန်တော့် အား စကား တစ်ခွန်း ပြောသည် ။ အလွန် မှိန်ဖြော့၍ အလွန်တုန်ခါပြီး ၊ ကျွန်တော့် ရင် ကို စူးရှနာကျင် သွားစေသော စကား ဖြစ်သည် ။


“ ကျွန်မ ၊ အရက် သောက်ချင်တယ် ဆရာ ” ... တဲ့ ။


သို့သော် ထိုနေ့ ည က အမှန်တကယ် အရက် သောက်ဖြစ်ခဲ့သူ မှာ ကျွန်တော် သာ ဖြစ်ပါသည် ။


လေအေးစက်တပ် အိပ်ခန်း တွင်းရှိ နိုင်ငံခြား ဖြစ် ခုတင် ပေါ်တွင် သူမ  သက်သောင့်သက်သာ လှဲလှောင်း နေမည့် အချိန် လောက် ၌ ကျန်တော် သည် တွန့်လိမ် ကောက်ကွေးသော လမ်းတွေ ပေါ်မှာ ဒယိမ်း ဒယိုင် လျှောက်လှမ်းလို့ နေခဲ့သည် ။ ဆီးနှင်းတွေ ပါးပါးကျကာ ၊ ခါတိုင်းထက် ပိုမှောင်သည် ဟု ထင်ရသောထို ည၌ ကျွန်တော် သည် ကဗျာ အပိုင်းအစ တစ်ခု ကိုလည်း ရွတ်ဆိုဖြစ်ခဲ့ပါသေးသည် ။ 


ဟောဒီညကတော့

မိန်းမတစ်ယောက် ဆီက 

မီးတောက် တစ်စနဲ့ ပူပြင်းရှတခဲ့ရတဲ့ ညပါပဲ.... ။   ။


“ မဖြစ်နိုင်ဘူး ”... တဲ့ 

ဒီကောင့်ကို ရူးသွပ်စေခဲ့ 

အဲဒီမိန်းမရဲ့ အစိမ်းယိမ်းက

ငြင်းပယ်မှု သင်္ကေတလေ…. ။   ။


ဒီလူမှာ 

ရင်နာစိတ်တွေ

အဆိပ်တက် ဆူဝေသွားပုံများ

ဟော့ဒီ

ရေခဲရိုက်ဆောင်းညကိုတောင်

ဖျောင်းဖျလို့ မရနိုင်လောက်အောင်..... ။    ။


ရက်ပေါင်းများစွာ

လပေါင်းများစွာ

ပေါက်ကွဲနေခဲ့ရ

လုံးပါးပါးနေခဲ့ရ

သက်ပြင်းတွေကို ပြန်ပြန်မျိုချနေခဲ့ရ 

မျှော်လင့်တမ်းမက်နေခဲ့ရ ……. ။   ။


ခုမှ ......

အေးမြမယ် ဆိုရုံရှိသေး

ဘယ်လိုအမှားအယွင်းတစ်ခုနဲ့

နားလည်မှုတွေ ချို့တဲ့ 

ခါးသက်လိုက်ပုံက

ငါ့မှာ အသက်သုံးဆယ်နီးမှပဲ

အသည်းကွဲသီချင်းတစ်ပုဒ်နဲ့ ကိုယ့်ကိုယ်ကိုပြန်ပြီး ဆုတ်ဖြဲပစ်ရတော့မလို…… ။   ။


ဟေ့ ....

( မာရီယာ  ) 

ငါဟာ.... 

ဟိုးတစ်ခါကတည်းက 

မင်းကို...

အလဲထိုးခံပြီး

အစွဲအလန်းကြီးခဲ့တဲ့ ကောင်ပါကွယ်…. ။  ။


 ••••• ••••• •••••


၅ ။


အကယ်၍ ကျွန်တော့် အား ဆုတောင်း တစ်ခု ကို တောင်းခွင့် ပြုမည် ဆိုပါက ၊ ထို ဆုတောင်း ပြည့်ဝအောင် လည်း ဆောင်ကြဉ်းပေးကြမည် ဆိုပါက ၊ ယခုအချိန်၌ ကျွန်တော့် ပခုံးထက် တွင် မှေးစက် နေသော မာရီယာ အား ကျွန်တော့် ထံ မှ ဆွဲခေါ်သွားမည့် အနှောင့်အယှက် တို့ကို ဖယ်ရှားပေးကြစေလိုပါသည် ။ သို့သော် ကျွန်တော့် ဆုတောင်း မပြည့် နိုင်ကြောင်း ကို ကျွန်တော် ကိုယ်တိုင် သာ အသိဆုံး ဖြစ်၏ ။ 


အချိန်တန် လျှင် သူမ အိပ်ရာ မှ နိုးထ လာပေလိမ့်မည် ။ ထို့နောက် သူမ ၏ ကားသော့ နှင့် ပိုက်ဆံအိတ် ကို ကောက်ကိုင်ပြီး ကျွန်တော့် မျက်ခုံး တို့ ကို ညင်သာဖွဖွ နမ်းရှိုက်လျက် “ မာရီယာ ပြန်ဦးမယ် ဆရာ ” ဟု နှုတ်ဆက်ပါလိမ့်မည် ။ သည့် နောက်တော့ သူမ ရော ကျွန်တော် ပါ ရင်မော မှုများစွာဖြင့် ခွဲခွာကြရပါလိမ့်မည် ။ ထိုအချိန် သည် သိပ်မကြာခင် ရောက်ရှိ လာတော့မည် မှန်း ကျွန်တော် သိ၏ ။ သို့သော် ယခု တော့ ရောက်ရှိမလာ စေချင်သေးပါ ။


တကယ်တော့ မာရီယာ နှင့်ကျွန်တော် ၏ အိပ်မက် သည် လွန်ခဲ့သည့် ရက် အနည်းငယ်ကပင် ပြီးဆုံးသွားသင့်ပါသည် ။ သို့သော် ကျွန်တော့် အား လက်သည်းညှပ်လေး ပေးခဲ့ပြီး နောက်နေ့ မှာပင် မာရီယာ  ကျွန်တော့် ထံ သို့ ရောက်ရှိ လာခဲ့သည် ။ ကျွန်တော့် အခန်းကျဉ်းလေး သို့ ရောက်ရှိလာရန် သူမ ကား အတွက် ဓါတ်ဆီ ဂါလံဝက်ခန့် အကုန်ခံရ၏ ။ လှေကား အထစ် လေးဆယ်ကျော် ကို နင်းတက်ရ၏ ။ ခေါင်းလောင်း တစ်စုံတစ်ရာ တပ် မထားသော အခန်း တံခါး အား သူမ ၏ လက်ဆစ်လေးများ နာသည် အထိ ခေါက်ရ၏ ။ ထို ကိစ္စ အားလုံး အား အပင်ပန်း ခံ၍ တကူးတက ဆောင်ရွက်လာခဲ့သော သူမ ၏ အကြောင်းပြချက် က တစ်ခုတည်း ဖြစ်သည် ။


“ ကျွန်မ ဆရာ နဲ့ မတွေ့ဘဲ မနေနိုင်ဘူးကွယ် ”….. တဲ့ ။ 


ထို့ အတွက် ကြည်နူးရ သော်လည်း ၊ အချိန်တန် လျှင် သူမ အိမ်ပြန် သွားလိမ့်မည် ဖြစ်ကြောင်း သိနေသည့် အတွက်တော့ ကြေကွဲရပါသည် ။ 


“ သူ မလာခင် ထိတော့ ခုလို လာ တွေ့ ခွင့် ရှိပါတယ်နော် ဆရာ ။ ကျွန်မတို့ က သူငယ်ချင်းတွေ ပဲလေ ။ နောက်ပြီး တစ်ယောက် ပါးကို တောင် တစ်ယောက် နမ်းကြတာ မှ မဟုတ်ဘဲ ။ သိပ်ကို ဖြူစင်တဲ့ ဆက်ဆံရေးမျိုး နဲ့ ကျွန်မတို့ တွေ့ ကြတာပါနော် ”


သူမ ၏ စကား က ကျွန်တော့် အား ဖျောင်းဖျသည် လား သူမ ကိုယ် သူမ  စိတ်ဖြေသည် လား ကျွန်တော် ဝေခွဲ၍ မရ ။


တစ်ခါတော့ စိတ်ကူးယဉ် ဆန်စွာ ပြတ်သားခဲ့သော သူမ က−


“ ကျွန်မ ကို မပြန်နဲ့တော့ လို့ ပြောကြည့်ပါလား ဆရာ ” 


ဟု ကျွန်တော့ အား တောင်းဆိုခဲ့ဖူးပါသည် ။


ထို စကား ကို ပြောရန် ကျွန်တော့် အတွက် မခက်ခဲလှသော်လည်း ထို စကား ကို လိုက်နာရန် က တော့ သူမ အတွက် အလွန် ခက်ခဲ ပါလိမ့်မည် ။ တစ်ဦးတည်း သော သမီး အား အချစ်ပို လွန်းသော ပိုက်ဆံ ချမ်းသာသော်လည်း ရောဂါဘယ ထူ ပေါလွန်းသော သူမ ၏ မိဘများ အား သူမ  လျစ်လျူရှုနိုင်မှာတဲ့လား ။


ထိုနေ့ က သူမ အား မပြန်နဲ့တော့ ဟု ပြောရန် ဝေခွဲ မရစွာ ကျွန်တော် ဇဝေဇဝါ ဖြစ်နေခဲ့မိသည် ။ သို့သော် သူမ က ကျွန်တော် ၏ ဝေခွဲ မရမှုတို့ ပြီးဆုံးချိန် အထိ စောင့်ဆိုင်း မနေခဲ့ပါ ။ ကျွန်မတို့ တရုတ်ကြီး ဆိုင် သွားပြီး တစ်ခု ခု စားကြရအောင် ဆရာ ။ ဆရာ က ဘီယာ သောက် လေ ။ ကျွန်မ က ကော်ရည်ခေါက်ဆွဲ စားမယ် ။ ပြီးရင် ကား ဆီထုတ်ဖို့ ကျွန်မ ပြန်မယ် ”


တစ်စုံတစ်ယောက် ၏ ရင်ထဲ သို့ တစ်စုံတစ်ရာ ထည့်ပေးရန် ကျွမ်းကျင် လိမ္မာလှသော သူမ သည် ထို တစ်စုံတရာ အား ပြန်လည် နုတ်ယူရာ ၌ လည် ပါးနပ်ကျင်လည် လှသူ ဖြစ်သည် ။


တစ်ခါတစ်ခါ တော့ ကျွန်တော့် ကိုယ် ကျွန်တော်  အားမရ ။ သူမ ၏ အဆုံးအဖြတ် မပါဘဲ သူမ ၏ လက်ရှိအခြေအနေ တို့ ကို မငဲ့ကွက်ဘဲ ။ သူမ အား လက်ထပ်မည့် တစ်စုံတစ်ယောက်  ပြန်လာချိန် အထိ စောင့်ဆိုင်း၍ မနေဘဲ ၊ ရူးမိုက်စွာ ရဲဝန့်စွန့်စား ကြည့်ချင်၏ ။ သို့သော် ကံကြမ္မာ သည် ကျွန်တော် ၏ အင်္ကျီအိတ်ကပ် အတွင်း ငွေစက္ကူ များ လို ကျွန်တော် ၏ စာအုပ်စင် ပေါ် မှ စာအုပ်များ လို ကျွန်တော် ထိကိုင် စီရင်၍ ရသော အရာ မဟုတ် ။


ထို ကိစ္စ မှာ ကျွန်တော့် အတွက် ရော သူမ အတွက်ပါ ဝမ်းနည်းဖွယ် ဖြစ် သလို နာကျင် ကြေကွဲဖွယ် လည်း ဖြစ်ပေသည် ။


 ••••• ••••• •••••


၆ ။


ခပ်တိုးတိုး ညည်းတွားသံ နှင့် အတူ မာရီယာ ၏ ကိုယ်လုံးလေး လူးလွန့် သွား၏ ။ သို့သော် အိပ်ရာ မှ နိုးလာခြင်းတော့ မရှိ ။ မျက်တောင် ကော့ရှည် တို့ ကို မှေးယှက်လျက် အိပ်စက် နေရှာသော သူမ ၏ မျက်နှာ ကို ကျွန်တော်  ငေးကြည့် နေ မိသည် ။


အသက် ကို ဖွဖွ ရှူလျက် အိပ်မက် တစ်ခု ၌ ပျော်ဝင်နေဟန် တူ သော သူမ သည် သူမ ဘေးနား မှ လူ တစ်ယောက် ၏ ရင် အပူ ကို သတိပြုမိလိမ့်မည် မဟုတ်ပါ ။ ထို့အတူ ကျွန်တော် ကိုယ်တိုင် ကလည်း သူ့ အား မသိစေချင် ။ အထူးသဖြင့် ယခုလို အိပ်စက်နေချိန်မျိုး နှင့် တအောင့် ကြာလျှင် ခွဲခွာရတော့မည့် အချိန်မျိုး ၌ ပို၍ မသိစေချင်ပါ ။ 


အိပ်ပါ မာရီယာ  ။


ခဏလေး ဖြစ်ဖြစ် ဆက်ပြီး အိပ်နေပါ ။


အသံမဲ့စွာ ကျွန်တော် တစ်ယောက် တည်း တီးတိုး ရေရွတ် နေမိသည် ။


••••• ••••• •••••


၇ ။


ပြတင်းတံခါး ကို တွန်းဖွင့် လိုက်ပါက နေရောင်ခြည် နှင့် လေကောင်းလေသန့် တို့ တိုးဝင် ရောက်ရှိ လာကြပေလိမ့်မည် ။ ထို ကိစ္စ မှာ အလွန် သေချာ သော်လည်း ပြတင်းပေါက် ကို ကျွန်တော် မဖွင့်ဖြစ် ။


ပြတင်းတံခါး ဖွင့်ရန် လို ကိစ္စမျိုး ၌ပင် ကျွန်တော် သည် မကြာခဏ တွေဝေတတ်သူ ဖြစ်ပါသည် ။   ။


▢ နေနော်


📖 နှောင်ကြိုးတစ်မျှင်


.

No comments:

Post a Comment