Thursday, October 24, 2024

ငှက်ကလေး မောင်ရွှေကျေး


 ❝ ငှက်ကလေး မောင်ရွှေကျေး ❞


တစ်ခါတုန်းက တောအုပ် တစ်ခု မှာ မောင်ရွှေကျေး လို့ခေါ်တဲ့ ကြက်တူရွေးလေး တစ်ကောင် ဟာ သူ့ မိဘ ၊ မိတ်ဆွေ အပေါင်းအသင်းများ နဲ့ အတူ ပျော်ရွှင်စွာ နေသတဲ့ကွယ် ။ မောင်ရွှေကျေးလေး ဟာ အပျံသင်စ အရွယ်ပဲ ရှိသေးလေတော့ သိပ် ကောင်းကောင်း မပျံတတ် သေးဘူးပေါ့ကွယ် ။ ဒါကြောင့် သူ့ မိဘ ငှက်ကြီးတွေ က သူ့ ကို အခုလို အရွယ် မှာ သိပ် ဝေးဝေး မပျံ ဖို့ ၊ အထူးသဖြင့် လူ နဲ့ နီးစပ်တဲ့ တောစပ် နေရာတွေ ကို ဘေးအန္တရာယ် များတာမို့ မသွားဖို့ အမြဲ မပြတ် သတိပေး မှာကြား သတဲ့ကွယ် ။


ဒီတော့ မောင်ရွှေကျေး ဟာ သူ နဲ့ ရွယ်တူတန်းတူ ဖြစ်တဲ့ ငှက်ကလေးတွေ နဲ့ အနီး အနား က သစ်ပင်တွေ မှာပဲ ပျံသန်းပြီး ကစားရတာပေါ့ ၊ အဲလို ကစား နေရတာကို မောင်ရွှေကျေးလေး ဟာနည်းနည်းမှ သဘော မကျဘူးတဲ့ကွယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သူ နဲ့ ကစားဖော် ငှက်ကလေး တွေ ထဲမှာ အပျံနိုင်ဆုံး ဖြစ်လေတော့ သူ့ ကိုယ် သူ သိပ်ပြီး အထင် ကြီး နေတာ ကိုး ။ သူ ဟာ သူ့ မိဘ ဖြစ်တဲ့ ငှက်တွေလောက် ကို ကောင်းကောင်း ပျံနိုင်ပြီ လို့ ယုံကြည်နေ သတဲ့ ။ ဒါကြောင့်လည်း သူဟာ သူ့ အဖော်တွေ ကို သူ့ လောက် မှ မတော်တဲ့ အရှော်အဖျင်း တွေ ပဲ ဆိုပြီး အထင် သေးတာနဲ့ အဖက် လုပ်ပြီး အတူ မကစား ချင်ဘူးတဲ့ ။ နောက်ပြီး ကစားလို့ ရှိရင်လည်း အဖော်တွေ အပေါ် မှာ အမြဲပဲ သူ က အနိုင်ယူပြီး ဆရာ လုပ်တတ်တယ်တဲ့ ။ ဒီတော့လည်း သူ့ အဖော်တွေ က သူ့ ကို သိပ်ပြီး မုန်းနေကြ တာပေါ့ကွယ် ။ ဒါပေမယ့် သူ့ ကို လည်း ကြောက်ကြရ လေတော့ သူ့ သဘောအတိုင်းပဲ လိုက်လျော နေကြရ ရှာတာပေါ့ ။ အဲဒီလို မောင်ရွှေကျေး ဟာ သူ့ အဖော်တွေ အပေါ်မှာ ဗိုလ်ကျရုံနဲ့ မကျေနပ်သေးဘဲ သူ့ ပညာ ကို စမ်းသပ်တဲ့ အနေနဲ့ စွန့်စား ပြီး အဝေးကြီး ပျံကြည့်ချင်နေတယ်တဲ့ ။


ဒါနဲ့ တစ်နေ့ တော့ မောင်ရွှေကျေးလေး ဟာ သူ့ မိဘငှက်ကြီးတွေ အစာရှာ ထွက်သွားတုန်း သူ့ အဖော်တွေ ကို “ ငါ တော့ ဒီနေ့ လူတွေ နဲ့ နီးတဲ့ တောစပ် အထိ ပျံကြည့်လိုက်ဦးမယ် ၊ မင်း တို့ကတော့ လူရှော်တွေ မို့ ငါနဲ့ လိုက်နိုင်ကြမှာ မဟုတ်ဘူး ၊ ငါ တစ်ကောင်တည်း ပဲ ပျံသွားကြည့် ပါဦးမယ် ၊ ဟိုအရပ် မှာ ဘာတွေ ရှိတယ်ဆိုတာ ငါ ပြန်ရောက်တော့ မင်းတို့ ကို တစ်ဆင့် ပြောပြ မယ် ၊ ငါ မကြာမီ အတွင်း ဒီကို ပြန်ရောက်လာနိုင်အောင် ကြိုးစားမယ် ၊ တကယ်လို့ နေဝင်ချိန် ငှက်တွေ အိပ်တန်းတက် လို့မှ ငါ ပြန် မရောက်လာရင် ငါ တစ်စုံတစ်ခု ဒုက္ခ ဖြစ်နေလို့ အချိန်မီ ပြန် မလာနိုင်တာဘဲလို့ မှတ်လိုက်ကြပေတော့ ။ အဲဒီ အခါမှာ မင်းတို့ က ငါ့ မိဘတွေ ကို အမြန် အကြောင်းကြားပြီး ငါ့ ကို ကယ်ဖို့သာ လမ်းညွှန် လိုက်ပေတော့ ” လို့ပြောပြီး တစ်ခါတည်း တောစပ် ကို ပျံသွားသတဲ့ ။


တောကြီး က သိပ် ကျယ်ပြန့်လေတော့ တောစပ် ကို ရောက်ဖို့ ခရီး ဟာ သိပ်ပြီး ဝေး တာပေါ့ကွယ် ။ ဒီတော့ ဇွဲကောင်းကောင်း နဲ့ ပျံလာတဲ့ မောင်ရွှေကျေးလေး ဟာ တောစပ် လည်း ရောက်ရော မောနေရှာတာပေါ့ ၊ မောမော နဲ့ မောင်ရွှေကျေး လည်း ခဏလောက် အပန်းဖြေ ဖို့ တောစပ် က သစ်ငုတ်တိုကြီး ပေါ်မှာ နားရင်း မလှမ်းမကမ်း မှာ ရှိတဲ့ လူတို့ရဲ့ နေထိုင်ရာ ဒေသ ကို အကဲခတ် ကြည့်နေ လိုက်သတဲ့ ။ အဲဒီတုန်း ဗြုန်း ဆို ကျီးကန်း တစ်သိုက် ဟာ မောင်ရွှေကျေးလေး အနားကို ပျံဝဲ လာပြီး ဝိုင်း ထိုးကြဖို့ ဟန်ပြင် ကြပါလေရောကွယ် ။ မောင်ရွှေကျေး ကလည်း ကြောက်လန့်အား ကြီးပြီး ပျံမိ ပျံရာ လူတို့ နေရာဒေသ ကို ဇွတ်ပျံ ပြေးမိသတဲ့ ။ ကျီး တစ်သိုက် က လည်း ဇွတ် လိုက်နေလေတော့ မောင်ရွှေကျေးလေး ဟာ မောလို့ မှ မနားနိုင်ဘဲ ပြေးမြဲ ပြေးနေရ ရှာတာပေါ့ ။ အဲဒီလို အသက် သေဘေး မို့ အားခဲပြီး ပြေး လာ လိုက်တာ မောင်ရွှေကျေးလေး ဟာ ဘယ်လောက်များ ခရီး တွင်ခဲ့သလဲ ဆိုရင် ဘုရင့်ဥယျာဉ်တော် ထဲ ရောက်သွား သတဲ့ ။ ဒါပေမယ့် ကျီးတစ်သိုက် က လည်း လိုက်မြဲ လိုက်နေတာပဲတဲ့ ။ နောက်ဆုံးတော့ကွယ် ၊ မောင်ရွှေကျေးလေး ဟာလည်း မောလွန်းလို့ ဆက် မပြေးနိုင်ရှာတော့ဘဲ မြေပေါ် ကို ထိုးကျ သွားတော့ သတဲ့ ။ ဒါပေမယ့် ကံကောင်း ထောက်မလို့ မသေဘူးတဲ့ကွယ် ။


အဲဒီလို မောင်ရွှေကျေးလေး ကျ လာတာကို ဥယျာဉ်မှူး က တွေ့သွားတာ မို့ ကောင်းမွန်စွာ ရေတိုက် ပြုစုပြီး သူ့ သခင်မလေး ဖြစ်တဲ့ ဘုရင့်သမီးတော် ကို သွားဆက်သတဲ့ ။ မင်းသမီး ကလည်း ဝမ်းသာလွန်းလို့ ဥယျာဉ်မှူး ကို ဆုတော်ငွေတွေ အများကြီး ပေးလိုက်သတဲ့ ။ မောင်ရွှေကျေးလေး ကို လည်း ရွှေလှောင်ချိုင့်လေး နဲ့ ကောင်းမွန်စွာ မွေးထားသတဲ့ ။ အစာ ဆိုလည်း ကောင်းကောင်း ကျွေးတာပေါ့ကွယ် ။ ဒီတော့ မောင်ရွှေကျေးလေး ဟာ သူ့ ဘဝ မှာ သိပ်ပျော် နေ ပြီး တော ထဲ က သူ့ မိဘတွေ နဲ့ မိတ်ဆွေ ငှက်ကလေးတွေ ကို တောင် မေ့နေမိသတဲ့ ။


အမှန်တော့ကွယ် ။ မောင်ရွှေကျေးလေး ရဲ့ မိဘ ဖြစ်တဲ့ ငှက်ကြီးတွေ ဟာ အစာ ရှာ က ပြန်လာလို့ မောင်ရွှေကျေး ကို မတွေ့ရဘူး ဆိုရင်ပဲ သိပ် စိတ်ပူ သွားကြ သတဲ့ ။ ကစားဖော်တွေ က လည်း မောင်ရွှေကျေး ကို မုန်းနေကြလေတော့ နေဝင်ချိန်ရောက် ပေမယ့် သူ့ မိဘတွေကို သွား အကြောင်း မကြားတဲ့ အပြင် မိဘ ငှက်ကြီးတွေက မေးရင်တောင် မှ “ မသိဘူး ” လို့ တညီတညာ တည်း ဖြေကြသတဲ့ ။ ဒီတော့ မောင်ရွှေကျေး ရဲ့ မိဘ ဖြစ်တဲ့ ငှက်ကြီးတွေ ဟာ သူတို့ သားလေး အတွက် သိပ်စိတ်ပူပြီး အရပ် လေးမျက်နှာ မှာ လိုက်ရှာဖို့ ထွက်သွားကြရရှာ သတဲ့ ။


ရွှေလှောင်ချိုင့် ထဲ က မောင်ရွှေကျေးကလေး ဟာလည်း ရက်အတော် ကြာညောင်း လာတော့ ပျင်းရိငြီးငွေ့လာ သတဲ့ ။ တော ထဲ က သူ့ မိဘ နဲ့ မိတ်ဆွေတွေ ကို လည်း သတိရ လာ သတဲ့ ။ နောက်တော့ တဖြည်းဖြည်း ရက် ကြာလာလေ မိဘတွေ ကို လွမ်းလေ ဖြစ်လာ သတဲ့ ။ ဒီတော့ မင်းသမီးကလေး ကျွေးတဲ့ အစားကောင်းတွေ ကို လည်း မစားချင်တော့ဘူးတဲ့ ။ ရွှေလှောင်အိမ်ကလေး ထဲ မှာ လည်း မနေချင်တော့ဘူး တဲ့ ။ မောင်ရွှေကျေးလေး ဟာ အမြဲ လှောင် ချိုင့်ထဲ က နေပြီး ကောင်းကင် ကို မျှော်ကြည့်ပြီး နေတတ် သတဲ့ ။ ငှက်တွေ ထဲမှာ သူ့ မိဘ မိတ်ဆွေ တွေများ ပါလေမလားလို့ ပေါ့ကွယ် ။ ဒီလို ကြည့်ရင်းကပဲ အခြား ငှက်တွေ လွတ်လွတ်လပ်လပ်ကြီး ပျံသန်း နေကြရတာ ကို တွေးမိပြီး သူ့ အဖြစ် ကို သူ ဝမ်းနည်း လာမိ သတဲ့ ။ တစ်ခါတစ်ခါ ကျ ပြန် တော့လည်း ငှက်တို့ ဘာသာ နဲ့ အော်မြည်ပြီး သူ့ မိဘတွေ ကို တမ်းတ ငိုယိုတတ် သတဲ့ ။ သူ မိုက်ခဲ့မိသမျှ အပြစ်တွေ ကို လည်း နောင်တ ရမိသတဲ့ကွယ် ။ ဒါပေမယ့် သူ့ရဲ့ မိုက်ပြစ်ဒဏ် ကို တော့ ခံနေရရှာ သေးတာပေါ့ ။


ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့ တော့ မင်းသမီးလေး ဟာ “ အပြစ် မဲ့တဲ့ သတ္တဝါတွေ ကို အကြောင်းမဲ့ သက်သက် လှောင် ထားရင် ဝဋ်လိုက်တတ်တယ် ” ဆိုတဲ့ စကား ကို အပျိုတော် တွေချင်း ပြောနေကြရာက ခပ်သဲ့သဲ့ ကြားလိုက်မိသတဲ့ ။ အဲသလို ကြားတယ် ဆိုရင်ပဲ မင်းသမီးလေး ဟာ ဒီ စကား မှန် မမှန် ကို သူ့ ခမည်းတော် ၊ မယ်တော် နဲ့ အထိန်းတော်ကြီး တွေ ကို မေးမြန်း ကြည့်သတဲ့ ။ အဲဒီ အခါမှာ အားလုံးကပဲ ဟုတ်မှန်ကြောင်း အဖြေ ပေးကြတဲ့ အတွက် မင်းသမီးကလေး ဟာ ဝဋ် လိုက်မှာ ကြောက်လန့်ပြီး မောင်ရွှေကျေးကလေး ကို လှောင်ချိုင့်လေး ဖွင့်ပြီး လွှတ်လိုက် သတဲ့ ကွယ် ။


မောင်ရွှေကျေးလေး လည်း ဝမ်းသာအားရ နဲ့ ချက်ချင်းပဲ သူ့ တောအရပ် ကို ပြန်ပြေး တော့သတဲ့ ။ ဒါပေမယ့်ကွယ် ၊ မောင်ရွှေကျေးလေး ဟာ သူ့ မိဘတွေ ကို ပြန် မတွေ့ရတော့ဘူး တဲ့ ။ သူ့ မိဘ ငှက်ကြီးတွေ ဟာ သူ ပျောက်သွားတဲ့ နေ့ က စပြီး အရပ် လေးမျက်နှာ မှာ သူ့ ကို ရှာဖို့ ထွက်သွား လိုက်ကြတာ အခု ထက်ထိ ပြန် မရောက်ကြ သေးဘူးတဲ့ကွယ် ။ သူ့ မိတ်ဆွေ ကစားဖော်တွေ ကလည်း သူ့ ကို လူတော ထဲမှာ အကြာကြီး နေခဲ့ရတာမို့ လူစော် နံတယ် ဆိုပြီး ပြန် လက်မခံကြတော့ဘူးတဲ့ ။


ဒီတော့ မောင်ရွှေကျေးလေး ဟာ တော ထဲ မှာ လည်း ဆက် နေဖို့ မဖြစ်တော့တာ နဲ့ ဝမ်းနည်းစွာပဲ သူ့ သခင်မလေး ဆီ ပြန်လာခဲ့ သတဲ့ ။ ဒါပေမယ့် မောင်ရွှေကျေးလေး ဟာ ဘုရင့် ဥယျာဉ်တော် နဲ့ နီး လာရင်ပဲ ရန်သူတော် ကျီးကန်း တွေ ရဲ့ ဝိုင်းအုံ လိုက် ထိုးခြင်း ကို ခံရရှာ သတဲ့ ။ ဒီလိုနဲ့ မောင်ရွှေကျေးလေး ခမျာ တော ထဲ လည်း ပြန်ဖို့ မဖြစ် ၊ ဥယျာဉ်တော် တွင်း လည်း ချဉ်းကပ် လို့ မရနဲ့ နောက်ဆုံးတော့ ရန်သူ ကျီးတွေ ရဲ့လက်ချက်နဲ့ပဲ အသက် ဆုံးပါး ခဲ့ရရှာသတဲ့ ကွယ် ။ 


ကလေးတို့ ၊ သင်ခန်းစာ ယူဖို့ ကတော့ လူကြီး မိဘတွေ ရဲ့ စကား ကို နား မထောင် ရင် ဒုက္ခ ဖြစ်တတ်တာ ရယ် ၊ အပေါင်းအသင်း တွေ ကို သင့်မြတ်အောင် မပေါင်းလို့ ရန်သူ ဖြစ်လာကြ တဲ့ တစ်နေ့ကျရင် အပေါင်းအဖော် တွေ ကလည်း ဒုက္ခ ပေးနိုင်တာမို့ ကိုယ့် ကစားဖော်ကလေး တွေ နဲ့ သင့်မြတ်အောင် ပေါင်းဖို့ ရယ် ၊ ကိုယ့် ပညာမာန် တက်ပြီး မာန်မာန မထောင်လွှား ဖို့ရယ် ပေါ့ကွယ် ၊ နောက်တစ်ချက် ကတော့ မိမိတို့ ကောင်းကျိုး ထက် တစ်ဖက်သား ကို ဆိုးကျိုး ပိုစေ တတ်တဲ့ ငှက်ကလေး ၊ ငါးကလေး အစရှိတဲ့ အပြစ်မဲ့တဲ့ သတ္တဝါလေး တွေ ကို ဝါသနာ အလျောက် ပဲ ဖြစ်စေ ၊ အလှ ထားဖို့ပဲ ဖြစ်စေ မလှောင်ထား သင့်တဲ့အကြောင်း ပဲ ပေါ့ကွယ် ။


☐ ( ဒဂုန် ) ခိုင်မြတ်မွန် 


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၂ ၊ ဩဂုတ်


.

No comments:

Post a Comment