Tuesday, October 1, 2024

သပြေနုရောင်အင်္ကျီ နှင့် လူ


 

❝ သပြေနုရောင်အင်္ကျီ နှင့် လူ ❞
━━━━━━━━━━━━━━
         မြတ်သင်း
━━━━━━━━━━━━━━
( ၁ )

ဖယောင်းသား လို ဖြူလွသော ကျောက်သား လှေကားထစ်များ ကို နင်း၍ တက်လာခဲ့၏ ။ ကနုတ်နွယ် ဝန်းယှက်ရာ တံခါးဝ တွင် ခေတ္တ တန့်ရပ်သည် ။ အတွင်း ဘက် သို့ လှမ်းမျှော် ကြည့်လိုက်၏ ။ ပန်းပုရုပ်လုံးတွေ စိုက်ထား သလို မလှုပ်မယှက် ရပ်နေကြသော လူစု ကို မြင်ရ၏ ။ ဖိတ်လက် ပြိုးပြက်သော ပိုးဖဲရောင်စုံတွေ ဝတ်ဆင်ထားကြသည့် ထို လူစု ကို သူ ငေးစိုက် ကြည့်နေမိသည် ။

အတွင်းဘက် မှ လူစု ကလည်း သူ့ ကို ပြန်လည် ငေးစိုက် ကြည့် နေကြ၏ ။ မြေနီမှုန့်များ ပျစ်ခဲနေသော သူ့ ဆံပင် သည် သံချေး ရောင်လွှမ်းလျက် ရှိ၏ ။ ချွေးစေး နှင့် မြေနီမှုန့်များ ပေကျံ နေသော သူ့ မျက်နှာ သည် နွမ်းနယ်လျက်ရှိ၏ ။ သူ သည် ပင်နီရှပ်လက်ရှည် ဖားဖားကြီး ကို ဝတ်ထားပြီး နှစ်နံစပ်ချည်ကြမ်းပုဆိုး ကို ဒူးဆစ်ဖုံးရုံ ဆီးထား၏ ။ ခြေထောက် တွင် မူ တာယာ ဖိနပ် တစ်ရန်ကို စီးထား လေသည် ။ လက် တစ်ဖက်တွင် အက်ကြောင်း များ ပေါ်နေသည့် တယော သေတ္တာ ကို ဆွဲထားပြီး ၊ ကျန် တစ်ဘက်တွင် အကြေးလန် နေ သော သားရေသေတ္တာ ကို ဆွဲထားသည့် သူ့ အသွင် မှာ ထိုလူစု အဖို့ ငေးစိုက် ကြည့် နေမိလောက်အောင် အမြင် ဆန်းလျက်ရှိလေသည် ။
အတန်ကြာ ငြိမ်သက် နေကြပြီးနောက် လူစု ထဲ မှ အရပ်မြင့်မြင့် လူ သည် ဦးစွာ လှုပ်ရှားလာခဲ့၏ ။ အရပ်မြင့်မြင့် လူ သည် ခေတ်ဟောင်း ရုပ်ရှင်မင်းသားကြီး တစ်ဦး ကဲ့သို့ ဆံပင် ကို နောက်လှန် ဖြီးထား၏ ။ အသား မှာ ဖြူလွန်းရကား မျက်နှာ ၏ အချို့ နေရာများ တွင် ပန်းနုရောင်သန်း လျက် ရှိ၏ ။ ထူထဲသော မျက်ခုံး နှစ်ခု အကြားမှ နီညိုရောင် မှဲ့ကြီးတစ်လုံး သည် သူ ၏ ခန့်ညားသော ဥပဓိရုပ်ကို ပိုမိုထည်ဝါသွားအောင် ဖြည့်စွက်ပေးလျက်ရှိ၏ ။ သူသည် နံ့သာရောင် တိုက်ပုံအင်္ကျီနှင့် ပုစွန်ဆီရောင် အကွက် များပါသော ပိုးပုဆိုးတို့ကို သေသပ်စွာ ဝတ်ဆင်ထားလေသည် ။

“ လေဆိပ် ကိုရော... ဘူတာ ကိုပါ ကျွန်တော်တို့ ကားကြို တွေ လွှတ်ထားပါတယ် ခင်ဗျာ .. လူကြီးမင်း နဲ့ ဘယ်လိုများ လွဲသွားပါလိမ့် ”

အရပ်မြင့်မြင့် လူ က ပြောသည် ။

“ ကျုပ် က ကုန်ကားကြီး တစ်စင်း နဲ့ လိုက်လာတာဗျ ”

လှေကားထိပ် တွင် ရပ်နေသူက ပြန်ပြောသည် ။

“ ကျွန်တော်တို့ ချွတ်ယွင်းမှုပါပဲ ခင်ဗျာ ”

အရပ်မြင့်မြင့် လူ က တောင်းပန်လိုက်၏ ။ ထို့နောက် တစ်ဆက်တည်း  ...

“ မောင်စု ရေ ... လူကြီးမင်း လက် ထဲ က ပစ္စည်းတွေ ကို ယူပါဦးကွာ ” ဟု ပြော၏ ။ လူစု ထဲမှ အရပ်ပုပု လူတစ်ယောက် သည် ခြေတစ်ဖက် ထော့နင်းထော့နင်း နှင့် လျှောက်လာပြီး လှေကားထိပ် တွင် ရပ်နေသူ ၏ လက်ထဲမှ ပစ္စည်းများ ကို ယူသည် ။

“ လူကြီးမင်း အဆာပြေသုံးဆောင်ဖို့ အတွက် အဆင်သင့် ပြင်ဆင်ထားပါတယ် ခင်ဗျာ ”

အရပ်မြင့်မြင့် လူ က ပြော၏ ။

“ လောလောဆယ်တော့ ကျုပ် ရေပဲ ချိုးချင်တယ်ဗျာ ”

လှေကားထိပ် တွင် ရပ်နေသူ က ပြန်ပြော၏ ။

“ ကောင်းပါပြီ ခင်ဗျာ .. ရေချိုးခန်း ကို ကြွပါ ”

ရေချိုးခန်း ထဲ သို့ သူ ရောက်သွားသည် ။ နံရံ မှ ခလုတ်ကို လက်ဝဲဘက် သို့ လှည့်လိုက်၏ ။ ပူနွေးသော ရေများ စီးဆင်း လာ သည် ။ ခလုတ် ကို လက်ယာဘက်သို့ လှည့်လိုက်၏ ။ အေးမြသော ရေများ စီးဆင်းလာခဲ့၏ ။ သူ သည်ရေပန်းအောက်သို့ ဝင်၍ ရေ ကို တစ်ဝကြီး ချိုးပစ်လိုက်၏ အေးမြသော ရေစက်ရေပေါက်များသည် သူ ၏ နွမ်းနယ်သော ကိုယ်ခန္ဓာ ကို ပြန်လည် လန်းဆန်းလာအောင် နှိပ်နယ် ပေးနေသကဲ့သို့ရှိ၏ ။

ကြိုးတန်းပေါ်မှ မျက်နှာသုတ်ပ ဝါကို သူ ဆွဲယူလိုက်၏ ။ မျက်နှာသုတ်ပဝါ သည် ရေမွှေးနံ့ သင်းပျံ့လျက် ရှိသည် ။ မျက်နှာသုတ်ပုဝါ တွင် သူ ၏ အမည် စာလုံးများ ရက်ဖော်ထားသည်ကို တွေ့ရ၏ ။

“ တော်တော် စေ့စပ်တဲ့လူတွေပဲ ” ဟု တွေးရင်း သူ ပြုံးလိုက်သည် ။

မှန်တင်ခုံ ရှေ့တွင် သူ ရပ်လိုက်၏ ။

ဆီမွှေး အနည်းငယ် ထည့်၍ ဆံပင်ကို  ကြော့နေအောင် ဖြီးသည် ။

“ ဗီရို ထဲ မှာ လူကြီးမင်း အတွက် ဝတ်စုံတွေ အဆင်သင့် ရှိပါ တယ် ခင်ဗျာ ”

ခြေထော့နင်း နှင့်လူကပြော၏ ။ ဗီရိုတံခါး ကို သူ ဖွင့်လိုက် သည် ။ ဗီရိုအကန့် တိုင်း တွင် တောက်ပသော ရောင်စုံအဝတ်အ ထည်များနှင့် ပြည့်လျက်ရှိ၏ ။ ကော်လာပြတ် ၊ ရှန်သား ရှပ်ဖြူတစ် ထည်ကို သူ ရွေးချယ် ဝတ်ဆင်သည် ။ မီးခိုးရောင် တက်ထရက် တိုက်ပုံအင်္ကျီ ကို အပေါ်မှ ထပ်လိုက်၏ ။ အဝါရောင် လွင်သော ရခိုင်လုံချည် တစ်ထည် ကို ဆီးသည် ။ ဖိနပ်စင်ပေါ်ရှိ ကတ္တီပါခင်း ဖိနပ်များ ထဲမှ ရွှေအိုရောင် ဖိနပ် တစ်ရန် ကို စီးလိုက်၏ ။ ထို့နောက် ဧည့်ခန်း ထဲသို့ သူ လှမ်းဝင်သည် ။ သူ ဝင်လာသည် နှင့် ဧည့်ခန်း ထဲတွင် ထိုင်နေသူ အားလုံးသည် တစ်ပြိုင်နက်တည်း မတ်တတ်ရပ် လိုက်ကြ၏ ။

“ ထိုင်ကြပါ ... ထိုင်ကြပါ ”

ခံ့ထည်စွာ ပေါ်ထွက်လာသော သူ့ အသံကို သူ ကိုယ်တိုင် အံ့ဩသွားမိ၏ ။ ဤသို့ စရွေးကိုက် ပြောဆိုလိုက်နိုင်ခြင်း အတွက် လည်း သူ့ ကိုယ် သူ ကျေနပ်သွားသည် ။

အားလုံး ရပ်မြဲ ရပ် နေကြ၏ ။ ရောက်လာစ တုန်းက အသွင် နှင့် နှိုင်းယှဉ်ကြည့်ပါက လုံးဝ ပြောင်းလဲသွားပြီး မယုံကြည်နိုင် လောက်အောင် ခံ့ညားသားနားလျက် ရှိသော သူ့ တစ်ကိုယ်လုံး ကို အံ့ဩ ငေးမောနေကြသည် ။

သူ သည် စားပွဲထိပ် ရှိ ဆိုဖာလွတ် ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်း သွားပြီး ညင်သာစွာ ထိုင်လိုက်၏ ။ သည်တော့ မှ အားလုံး ကိုယ့် နေရာတွင် ကိုယ် ပြန်ထိုင်ကြသည် ။ သူ သည် စားပွဲပေါ်ရှိ ယွန်းလင်ပန်း ထဲမှ ဖန်ခွက်ရှည်ကြီး လှမ်းယူ လိုက်ပြီး နှုတ်ခမ်းဖြင့် တေ့လျက် နို့တစ်ကျိုက် ကို စုပ်ယူသည် ။ ထို့နောက် ဖန်ခွက် ကို အသာအယာ ပြန်ထား၏ ။ ရွှေနားရေး ပန်းကန် ထဲ မှ လက်သုတ် ပဝါ ကို အခေါက်မပျက် ယူလိုက်ပြီး နှုတ်ခမ်း ပေါ်တွင် ခပ်ရွရွ ဖိလိုက် ၏ ။ ပြီးမှ ...

“ မနက်တုန်း က တော့ ခရီးပန်းလွန်း လို့ ခေါင်း ထဲ မှာ ဒီလိုဒီလို ဖြစ်နေတယ် ”

သူ က လက်ညှိုး ကို ဟန်ပါပါ ထောင်လျက် ဝှေ့ယမ်း ပြလိုက် ရင်း ပြော၏ ။ ရယ်သံများ သဲသဲလှုပ်မျှ ပေါ်ထွက်လာသည် ။ စကား စ ပြတ်သွားပြန်၏ ။ စကားဆက် ပြောရန် အတွက် သူ အကြောင်းအရာ ရွေးချယ်နေ၏ ။ ဧည့်ခန်းထောင့် မှ ပန်းအိုး တစ်လုံး ကို သူမြင် သည် ။ ဖြာထွက်နေသော ပန်းခက်ပန်းနွယ်များက ဧည့်ခန်းထောင့်မှ ကျယ်ပြန့်သော ဟင်းလင်းပြင် ကို လစ်ဟာ မနေအောင် ပန်းချီ ဆန်ဆန် ဖြေပေးထားပုံ ကို သူ သဘောကျမိ၏ ။ ဒီ ပန်းအိုးလေးသာ မရှိရင် အတော် အကျည်းတန်မှာ ပဲ ဟု သူတွေးမိသည် ။

“ ဟိုပန်းအိုးလေး သာ မရှိရင် ”

အသက် ပြင်းပြင်း တစ်ချက် ရှု လိုက်ရင်း စကား ကို ခေတ္တ ရပ်ထား လိုက်၏ ။

“ ဟုတ်ကဲ့ ... ကျွန်တော်တို့ ဖယ်ရှားပေးပါ့မယ် ခင်ဗျာ ”

အရပ်မြင့်မြင့် လူ က ပြောသည် ။ နောင်တွင်တော့ သူ သည် စကား ပြောရာ၌ ဝါကျ ဆုံးသည့်တိုင် တစ်ဆက်တည်း ပြောရမည့် အပြင် လျင်မြန်စွာ ပြောရန်လည်း လိုအပ်လိမ့်မည် ဟု တွေးမိ၏ ။

“ ကျွန်တော့် နာမည် မောင်ခန့် ပါ ၊ လူကြီးမင်း ကို အနီးကပ်ဆုံး ကူညီ ဆောင်ရွက်ပေးမယ့် သူ ဖြစ်ပါတယ် ” 

အရပ်မြင့်မြင့် လူ က ပြော၏ ။

“ ဒီနေ့တော့ လူကြီးမင်း လည်း ခရီးပန်းလာတဲ့ အတွက် အနားယူချင်ပါလိမ့်မယ် ။ လုပ်ငန်း ကိုတော့ အေးအေးဆေးဆေး မနက်ဖြန် မှပဲ ကျွန်တော် လာပြီး တင်ပြပါ့မယ် ”

သူ က ခေါင်းညိတ် ပြလိုက်သည် ။ ထို့နောက် မျက်လုံး တစ်ချက် ဝေ့လိုက်၏ ။ ဧည့်ခန်း အဝင်ပေါက် အနီးတွင်ချထားသော သူ့ ပစ္စည်းလေးများ ကို လှမ်းမြင်ရသည် ။

အက်ကြောင်း ပေါ်နေသော တယောသေတ္တာလေး နှင့် အကြေး လန် နေသော သားရေသေတ္တာလေး တို့သည် ကြက်သွေးရောင် ကြမ်းခင်း ကော်ဇောကြီး ပေါ်၌ မှေးမှိန်ညှိုးငယ်လျက် ရှိလေသည် ။

(  ၂)

မဟော်ဂနီရောင် စားပွဲ နောက်မှ ဆုံလည်ကု,လားထိုင် တွင် သူ ထိုင်လျက် ရှိသည် ။ အက်စ်တာဘရွတ် မင်ခုံ မှ မင်တံ တစ်ချောင်း ကို သူ ယူ လိုက်၏ ။ တေးချင်း တစ်ပုဒ်ကို သူ ရေးဖွဲ့နေသည် ။ နိဂုံးပိုဒ် မှ စာသားအချို့ ကို သူ စိတ်တိုင်းမကျ ဖြစ်နေသည် ။ ဂန္ထဝင် ဆန်လွန်း နေသလားပဲ ။ ခေတ်ပြိုင် ရည်စူးချက်များ ကို အစားထိုး ကြည့်ပြန်တော့လည်း အသံ က မာနေသည် ။ ခေတ္တ ရပ်နားလိုက်၏ ။ အရပ်မြင့်မြင့် လူဝင်လာပြီး စားပွဲ ရှေ့တွင် ရပ်၏ ။ အဝါရောင် ဖဲကြိုး ပတ်ထားသော စာအုပ်တစ်အု ပ်ကို သူ့အားပေးသည် ။

“ ဒီနေ့ လူကြီးမင်းနဲ့  တွေ့ဖို့ စောင့်နေကြတဲ့ လူစာရင်းပါ ခင်ဗျာ ” 

သူ စာအုပ် ကို ဖွင့်လိုက်၏ ။

“ များလှချည်လား ” 

သူ က ရေရွတ်လိုက်သည် ။

“ ဒါက အခြေခံစာရင်းပါ ခင်ဗျာ ၊ ဒီထဲက တချို့ကို ရက်ချိန်း ပေးပြီး တချို့ကို မတွေ့နိုင်ကြောင်း ငြင်းပယ်လို့ ရပါတယ် ”   

လူအမည် နှင့် ယှဉ်တွဲဖော်ပြထားသော မြို့အမည် တစ်ခု ကို ကြည့်ရင်း သူ အံ့အားသင့်သွားမိသည် ။

“ အို ... အဝေးကြီး က တောင် လာရရှာတာပါလား ၊ ဒီကို ရောက်တဲ့အထိ အနည်းဆုံး တစ်ပတ် လောက် ကြာအောင် လာရမယ်နော် ”

“ အို ... ကျုပ်အားလုံးကို တွေ့မှာပါ ။ သူတို့ မှာ ခိုင်လုံတဲ့ အကြောင်း ကိုယ်စီ ရှိကြမှာပေါ့ ” 

သူ က အရပ်မြင့်မြင့် လူ ကို ပြန်ပြောလိုက်သည် ။ ခြေသံ တဒေါက်ဒေါက် ကြားရ၏ ။ ခြေထော့နင်း နှင့် လူ အခန်း ထဲ သို့ ဝင်လာသည် ။ စားပွဲရှေ့ တွင် ခြေစုံရပ်လျက် ရိုသေစွာ ပြော၏ ။

“ သူ မလာနိုင်ဘူးလို့ ပြောပါတယ်ခင်ဗျာ ”  

သူ အံ့အားသင့် သွား၏ ။

“ သေချာ တွေ့ခဲ့ရဲ့လား ၊ ကျုပ် အခေါ်ခိုင်းတဲ့သူကော ဟုတ်ရဲ့လား ” 

“ ဟုတ်ပါတယ် ခင်ဗျာ ၊ လူကြီးမင်း ပြောတဲ့ ... သူ အမြဲ ဝတ်ဆင် တတ်တယ် ဆိုတဲ့ အင်္ကျီ ကိုပဲ ဝတ်ထားပါတယ် ... ”  

သပြေနုရောင်အင်္ကျီ ကို ဆိုလိုကြောင်း သူသိလိုက်၏ ။ သူ အနည်းငယ် တွေငိုင် သွား၏ ။

“ ကောင်းပြီလေ ... နောက်ရက်မှ ထပ် ကြိုးစား ကြည့်သေးတာပေါ့ ” 

အရပ်မြင့်မြင့် လူသည် သူတို့ နှစ်ဦးလုံး ကို နားမလည်နိုင်စွာ ငေးစိုက် ကြည့်လျက်ရှိလေသည် ။

( ၃ )

လေးအေးစက် မှ မြည်သံသဲ့သဲ့သည် သူ ၏ နားစည်များ သို့ ညင်သာစွာ ရိုက်ခတ်လျက်ရှိ၏ ။ အဝါရောင်ဖဲကြိုးပတ် စာအုပ် ကို သူ ဖွင့်ကြည့်သည် ။ ယနေ့ တွေ့လိုသူများ ၏ အမည်စာရင်း သည် စာမျက်နှာများစွာ တို့ ကို ဖြတ်သန်းစီးဆင်းလျက် ရှိလေသည် ။

အရပ်မြင့်မြင့် လူ က စာရွက်တစ်ထပ် ကို စားပွဲပေါ်သို့ တင်ပေး ၏ ။ စာရွက်များ ကို သူ တစ်ရွက်ချင်း ဖတ်ရှုကြည့်နေသည် ။ ခြေသံ တဒေါက်ဒေါက် ကြားရ၏ ။ ခြေထော့နင်း နှင့် လူ အခန်း ထဲ သို့ ဝင်လာသည် ။ လက်ထဲ တွင် အထုပ်အချို့ ကို ပိုက်ထား၏ ။ စားပွဲရှေ့ တွင် ခြေစုံ ရပ်လျက် ရိုသေစွာ ပြောသည် ။

“ သူမလားနိုင်ဘူးလို့ ပြောပါတယ် ခင်ဗျာ ”

သူ့ မျက်နှာ ညှိုးနွမ်း သွား၏ ။

“ ဟုတ်ရဲ့လား ဗျာ ... သူ ကိုယ်တိုင် ပြောလိုက်တာမှ ဟုတ်ရဲ့လား ”

သူ က မယုံကြည်နိုင်စွာ မေးသည် ။

“ ဟုတ်ပါတယ် ခင်ဗျာ ၊ လူကြီးမင်း ပြောတဲ့ ... သူ အမြဲ ဝတ်ဆင်တတ်တယ် ဆိုတဲ့ အင်္ကျီ ကို ပဲ သူဝတ်ထားပါတယ် ”

သပြေနုရောင်အင်္ကျီ ကို ဆိုလိုကြောင်း သူသိလိုက်၏ ။

“ ဒီ လက်ဆောင်ပစ္စည်း တွေ ကိုလည်း သူ လက်မခံနိုင်ဘူးတဲ့ ခင်ဗျ ” 

“ အို ... ” 

သူ့ ပါးစပ် မှ ညည်းသံ တစ်ချက် ထွက်ပေါ်လာ၏ ။ အရပ်မြင့်မြင့် လူသည် သူတို့ နှစ်ဦးလုံး ကို နားမလည်နိုင်စွာ ငေးစိုက် ကြည့်နေသည် ။

“ သူ မလာနိုင်ရင် ကျုပ် လာတွေ့ လှည့်မယ် ဆိုတာကော ပြောမပြဘူးလား ”

“ ဟုတ်ကဲ့ ... ပြောပြပါတယ် ၊ လူကြီးမင်း လာတွေ့တာ ကို လည်း သူ လက်မခံနိုင်ဘူးလို့ ပြောပါတယ် ခင်ဗျာ ”  

သူ သက်ပြင်း ရှိုက်လိုက်မိသည် ။ အရပ်မြင့်မြင့် လူ ၏ မျက်နှာ တစ်ချက် တင်းမာသွားသည် ။ ရုတ်ခြည်း မျက်နှာ ကို ပြန် ပြင်လိုက်၏ ။ ပြန်လည် ပျော့ပြောင်း ချိုသာ သွားသည် ။ သို့သော် မျက်လုံးများ ကား အေးစက်တင်းမာဆဲပင် ၊ အရပ်မြင့်မြင့် လူ က မေး၏ ။

“ ကျွန်တော် ခေါ်ပေးဖို့များ လိုပါသလားခင်ဗျာ ”  

အတင်းအကျပ် ပြု၍ ခေါ်မည်မှန်း သူ ရိပ်မိလိုက်သည် ။

“ မလုပ်နဲ့ ... မလုပ်နဲ့ ... ဒီ လူ က တစ်မျိုး ”

သူ က လျင်မြန်စွာ ဟန့်တား လိုက်သည် ။ အရပ်မြင့်မြင့် လူ က ဆက်လက် မေး၏ ။

“ သူ ဘယ်သူလဲ ဆိုတာတော့ သိပါရစေ ခင်ဗျာ ”  

ကွယ်ဝှက်ခြင်း အားဖြင့် အကျိုးထူးဖွယ် မရှိကြောင်း သူ စဉ်းစားမိသည် ။ သူ က လေးတွဲ့စွာ ဖြေဆို လိုက်၏ ။

“ အညတရ စောင်းသမား တစ်ယောက် ပါ ”

( ၄ )

စားပွဲ ပေါ်တွင် ဖွင့်ဖောက် ထားသော စာအိတ်များ ပြန့်ကျဲလျက် ရှိ၏ ။

ချိုလွင်သော သံစဉ် ပင် ဖြစ်လင့်ကစား သံစဉ် တစ်ခုတည်း ကို သာ တစ်သမတ်တည်း ကြားနေရသော အခါ၌ ငြီးစီစီ ဖြစ်လာ သည် ။ ကျန် စာအိတ်များကို မဖွင့်သေးဘဲထားလိုက်၏ ။ ကု,လားထိုင် နောက်မှီတွင် ခေါင်းတင်၍ ခေတ္တ နားနေသည် ။ ထို့နောက် အဝါရောင်ဖဲကြိုးပတ် စာအုပ်ကို သူ ဖွင့်ကြည့်သည် ။

“ ဒီနေ့ ညနေ မှာတော့ ဥယျာဉ်ပွဲ တစ်ခု ကို လူကြီးမင်း သွားဖို့ ရှိပါတယ် ခင်ဗျာ ”

အရပ်မြင့်မြင့် လူ က ပြော၏ ။ သူ ခေါင်းညိတ် ပြလိုက်သည် ။

“ ဥယျာဉ်ပွဲ မှာ ဝတ်ဖို့အတွက် နဝရတ်လက်စွပ်ပါ ခင်ဗျာ ” 

အရပ်မြင့်မြင့် လူ ကမ်းလင့်သော လက်စွပ် ကို သူ ယူ ပြီးဝတ် လိုက်၏ ။ ညာလက်သူကြွယ် ၌ တင်းကျပ် နာကျင်သော ဝေဒနာ ကို ပြင်းပြစွာ ခံစားရသည် ။ သို့သော် ဝေဒနာ ကို ပြိုးပြက်တောက်ပခြင်း က ဖုံးလွှမ်းသွား၏ ။

“ ဒါက ဥယျာဉ် ပွဲမှာ ထည့်ဖို့အတွက် အလှူငွေပါ အရပ်မြင့်မြင့် လူ က ကတ္တီပါအိတ်ငယ် တစ်ခု ကို ပေး၏ ။ သူ ယူပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည် ။

“ ဥယျာဉ်ပွဲ မှာ ဖတ်ဖို့ အတွက် ဩဘာရတုပိုဒ်စုံ ပါ ခင်ဗျာ ”  

အရပ်မြင့်မြင့် လူ က ရွှေရောင်ဖိတ်လက် နေသော စက္ကူ ကတ်ပြား တစ်ချပ် ကို ရိုသေစွာ ပေး၏ ။ ရွှေစာလုံးများ ကို သူဖတ် ကြည့်လိုက်၏ ။

ခုနစ်ခွေလျှင် ၊ ရေနှင့်တောင်ထပ်
ချပ်၍ပတ်သား ၊ ရန်ဖြတ်ငါးတန့်
မြင်းမိုရ်ညွန့်ဝယ် ၊ ပတ်ဖြန့် ရောင်ရွှန်း
ဝေယံထွန်းသို့ ၊ ရွှေနန်း ရွှေဘုံ ...  ။

( ၅ )

သန်းခေါင်ယံ ကျော်စ အချိန် တွင် သူ လန့် နိုးလာခဲ့၏ ။

ရင်တွေ တလှပ်လှပ် ခုန်နေသည် ။

လေ သည် ပြင်းထန်စွာ တိုက်ခတ်လျက်ရှိ၏ ။

လေတိုက်ခတ်သံ သည် ညဉ့် ၏ ညည်းညူသံ သဖွယ် တုန်ယင် လှိုက်လှဲလျက် ရှိ၏ ။ ကျီးပြိုသံ ၊ သစ်ကိုင်းကျိုးကျသံများကို ချောက်ချားဖွယ် ကြားနေရသည် ။ သူ အိပ်ရာ မှ ထ ထိုင်လိုက်၏ ။

တံခါးရိုက်သံ တစ်ခု ကို အဆက်မပြတ် ကြားနေရသည် ။ တံခါး တစ်ချပ် ကို ဘယ်သူ ပိတ်ရန် မေ့လျော့ သွားပါလိမ့် ။ ပွင့်နေသော တံခါးရွက် ကို ရှာဖွေ ပိတ်ရန် အတွက် သူ ခုတင် ပေါ်မှ ဆင်း လာသည် ။သစ်ရွက်ကြွေများ အခန်း ထဲ သို့ လွင့်မျော ဝင်ရောက်လာကြ၏ ။

ကြမ်းခင်း ကော်ဇော သည် သဲ နှင့် ရှပ်ရှပ်ဖြစ်နေသည် ။

အလုပ်ခန်း ထဲ သို့ သူ ရောက်သွား၏ ။ အို ... ဒီအခန်း ထဲ က ပြတင်းတံခါး ကို မှ ပိတ်ဖို့ မေ့ထားခဲ့ကြပါလား ။ ပြတင်းတံခါး ကို သူ သွားပိတ်သည် ။ စားပွဲ အနီး၌ တစ်စုံတစ်ခု ကို ခလုတ်တိုက် မိသည် ။ သူ ငုံ့ကြည့်လိုက်၏ ။ ကြမ်းခင်းကော်ဇော ပေါ်သို့ လွင့်စဉ်ကျရောက် နေသော အဝါရောင် ဖဲကြိုးပတ်စာအုပ် ကို တွေ့ရသည် ။ စာအုပ်သည် ဖုန်မှုန်များ ဖြင့် ပေကျံညစ်ထေးလျက် ရှိ ၏ ။ အဝါရောင် ဖဲကြိုးပတ် စာအုပ် ကို သူ ယုယစွာ ကောက်ယူပြီး စားပွဲ ပေါ် တွင် ပြန် တင်ထားလိုက်၏ ။

ချောက်ချားဖွယ် ညဉ့်ကန္တာရ ကို ကျော်လွှားလွန်မြောက်ရန် အတွက် သူ ပြင်းထန်စွာ အားထုတ် နေရ၏ ။

လွင့်ပါး ပြိုကွဲနေသော စိတ်အစဉ် ကို ခက်ခဲစွာ စုစည်း ဆောက်တည် နေရသည် ။ လေအေးစက် ၏ ဩဇာ ကို ဆန့်ကျင် လျက် သူ့ နဖူး ပြင်ဝယ် ချွေးဥတွေ သီးနေသည် ။

နေ့သစ် ၏ ရှေ့တော်ပြေး နေခြည်နုများ အိပ်ခန်း ထဲသို့ ချင်းနင်းဝင်ရောက် လာသည် ကို မျက်ဝါးထင်ထင် မြင်ရမှ သူ စိတ်ချစွာ ပြန်လည် အိပ်ပျော် သွားသည် ။

ခြေသံတဒေါက်ဒေါက် ကြားရ သဖြင့် သူ မျက်လုံးများ ကို ဖွင့်ကြည့်လိုက်၏ ။ ခြေထော့နင်း နှင့် လူ အခန်း ထဲ သို့ ဝင်လာသည် ။ ညနေငါးနာရီ ကို နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ ပြောပါတယ် ခင်ဗျာ ”

“ ဪ ... ညနေ ငါးနာရီ တဲ့လား ။ ဦးခန့် ကော မလာနိုင် တော့ဘူးလား ”

သူ က မေးလိုက်သည် ။

“ ကြိုဆိုရေး ကိစ္စတွေ နဲ့ အလုပ်များ နေတဲ့ အတွက် မလာနိုင်တော့ဘူးလို့ ပြောပါတယ်ခင်ဗျာ ”

ခြေထော့နင်း နှင့် လူ ပြန်ထွက် သွား၏ ။ တစ်ခဲနက် ဆိတ်ငြိမ် ခြင်းသည် သာ သူ ၏ အဖေါ် အဖြစ် ကျန်ရစ်သည် ။ နှေးကွေးစွာ စီးဆင်းနေသော အချိန်မြစ် ကို သူ သည် ခက်ခဲပင်ပန်းစွာ ကူးခပ် နေ ရ၏ ။ လက်ပန်းကျ လု ဆဲဆဲ ၊ တင်းထားသော စိတ်အစဉ် ကျိုးပေါက် လု ဆဲဆဲ တွင် နာရီမောင်းခေါက်သံ ငါးချက် ကို သူ ကြားလိုက်ရ၏ ။ အဆင်သင့်ပါပဲ ။ အားလုံး အဆင်သင့်ပါပဲလေ ။ သူ သည် ပင်နီ ရှပ်လက်ရှည်ဖားဖားကြီး ကို ဝတ်ဆင်လိုက်၏ ။ နှစ်နံစပ်ချည် ကြမ်းပုဆိုး ကို ဒူးဆစ်ဖုံး ရုံ ဆီး လိုက်၏ ။ တာယာဖိနပ် ကို စီးလိုက် သော အခါ၌ကား ဆောင်ရွက်ဖွယ် လုပ်ငန်း အားလုံး ပြီးပြည့်စုံ သွား လေသည် ။

လက် တစ်ဘက် တွင် အက်ကြောင်းများ ပေါ်နေသော တယော သေတ္တာ ကို ဆွဲပြီး ကျန် တစ်ဖက် တွင် အကြေးလန် နေသော သားရေ သေတ္တာ ကိုဆွဲလျက် အခန်း မှ ထွက်လာခဲ့၏ ။ ဝဲယာ ကို စောင်းငဲ့ ကြည့်သည် ။ ဘယ်သူမှ မရှိကြပါလား ။ နောက်ဆုံးတော့ သူ တစ်ယောက်တည်း ပါပဲလား ။

တစ်လှမ်းချင်း လှမ်း ထွက်လာခဲ့၏ ။ ကျောက်သား လှေကား ထိပ် တွင် သူ ခေတ္တ တန့် ရပ်သည် ။ ခဏလေး နေပါဦး ။ နှစ်လများ စွာ နေထိုင်ခဲ့ရာ အဆောက်အအုံ ကို တဒင်္ဂလေး လောက်တော့ ကြည့်ပါရစေဦးကွယ် ။ သည် တဒင်္ဂလေး ကိုတော့ ခွင့်လွှတ်ကြမှာပါ ။ သူ နောက် သို့ ပြန်လှည့်လိုက်၏ ။

ကနုတ်နွယ် ဝန်းယှက်ရာ တံခါးဝကို ဝင်လုဆဲ နေခြည်တွေ က လှပစွာ ရိုက်ခတ်လျက်ရှိကြ၏ ။ ကနုတ်နွယ်ခက်များ သည် ပန်းနုရောင် နေခြည် ထဲ တွင် လူးလွန် ပျံတက်နေကြသယောင် ထင်ရ၏ ။ လှလိုက်တာကွယ် ။ သူ သည် လက် ထဲ မှ ပစ္စည်းများကို ကျောက်သားရင်ပြင်ပေါ်တွင် ခေတ္တ ချထားလိုက်ပြီး ရှေ့မြင်ကွင်း ကို လွမ်း မောတသစွာ ငေးစိုက်ကြည့်နေ မိ၏ ။ ကနုတ်နွယ်များ ၊ ဗိန္ဒုပြောက် များ ၊ မှန်ကူကွက်များ ၊ ဆင်စွယ် ဝန်းယှက်များ ၊ ပုလဲတန်းများ ၊ မန်ကျည်းရွက်တန်းများ ၊  ... အပြောက်အမွမ်း အားလုံးတို့သည် ဆည်းဆာနေခြည် ဆွတ်ဖျန်း ထားသဖြင့် ရိုးရဲ တောက်ပနေကြ၏ ။

သူ့ တစ်ကိုယ်လုံး သည် ကျောက်ရုပ် တစ်ခု သဖွယ် တောင့်တောင့်ကြီး ဖြစ်နေရာ မှ ဆတ်ခနဲ တွန့်လှုပ် သွား၏ ။ သွားတော့ မယ်ကွယ် ။

သူ သည် ကိုယ် ကို ကိုင်းညွတ်လျက် ဘယ်လက် ဖြင့် တယောသေတ္တာ ကို ဆုပ်ကိုင် လိုက်၏ ။ သားရေသေတ္တာ ဆီသို့ သူ လက်လှမ်း လိုက်သည် ။ သူ့ လက်ချောင်းများ ထက် ဦးစွာ ဆုပ်ကိုင် လိုက်သော လက်တစ်ဖက် ကို သားရေသေတ္တာကိုင်း ပေါ် တွင် မြင်တွေ့ ရ၏ ။ သွယ်ပျောင်း ရှည်လျားသော ဤ လက်ချောင်းများ ကို သူ့ ရင် ထဲ က မှတ်မိ နေသည် ။

“ မင်း ရောက်လာပြီ ပေါ့နော် ”

သူ က တိုးညင်းစွာ ရေရွတ်လိုက်၏ ။

“ အေးလေ ... ငါ လာဖို့ အတွက် အချိန် ကျရောက်ခဲ့ ပြီကိုး ” 

အသံ သည် သူ့ ကျောဘက် မှ ပေါ်ထွက်လာခဲ့၏ ။ သူ နောက် သို့ လှည့်ကြည့် လိုက်၏ ။

သပြေနုရောင် ကို မြင်ရသည် ။

⎕ ‌မြတ်သင်း

📖 မိုးဝေ မဂ္ဂဇင်း
      မေလ ၊ ၁၉၉၈

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment