Wednesday, October 16, 2024

ကျွန်တော့် ရဲ့ သခင်


 

❝ ကျွန်တော့် ရဲ့ သခင် ❞
━━━━━━━━━━━━━━━━
ရောင်နီသက်လွင် ( ဘိုကလေး )
━━━━━━━━━━━━━━━━
အစ  ...

နေ့တိုင်း ပုံစံခွက်ထဲ က လို ရှင်သန်နေရတဲ့ ဘဝ ကို မုန်းတယ် ။ နေ့တိုင်း အဖော်မဲ့တယ် လို့ ခံစားနေရတဲ့ ပတ်ဝန်းကျင် ကို မုန်းတယ် ။ နေ့တိုင်း တစ်ထပ်တည်း လို ဖြတ်သန်းနေရတဲ့ ပုံရိပ်တွေ ရှိတဲ့ အရပ် ကို မုန်းတယ် ။ အချိန်မှန် ဝင် ထွက် သွားလာ နေရတဲ့ အချိန်ဇယားတွေ ကြား က အရသာမဲ့ နေ့ရက်တွေ ကို မုန်းတယ် ။ မုန်းတယ်ဗျာ ။

ဘဝ မှာ ကိုယ် ချစ်တယ်လို့ ထင်ရတဲ့ အရာတွေ အတွက် ပေးဆပ်ဖို့ အသင့် ပြင်နေရတဲ့ အခိုက်အတန့် များလာတော့ အသက်ရှူ ကြပ်လာ သလို ၊ ချစ်ရတဲ့သူ တွေရဲ့ ဂရုစိုက်မှု  ကို ပြန် မရတာ လည်း စိတ်ကုန်တယ် ။ ဒီလို တဖြည်းဖြည်း နဲ့ သိသိသာသာ ရော မသိမသာ ရော ကုန်ဆုံး နေတဲ့ အချိန်တွေ ကြား က ထွက်ပေါက်လေး တစ်ခု ကို လိုချင်လာ မိတယ် ။ ပထမ အဲဒီ ထွက်ပေါက်ကလေး ကနေ အလင်းရောင် ဆိုတာ ကို ကြည့်ချင်ရုံလေး ။ ဒုတိယ ထွက်ပေါက်ကလေး ရဲ့ အရိပ် ကို ခိုလုံရုံလေး ။ နောက် အဲဒီ ထွက်ပေါက်လေး ကို ပိုင်ဆိုင်ချင်ရုံလေး ။ အို ... တသက်လုံး ထွက်ပေါက်ကလေး ရဲ့ လက် ကို တွဲထား ဆုပ်ကိုင်ထား လိုက်တော့မယ် ။ အို ... ငါ့ ရဲ့ ထွက်ပေါက်ကလေးရေ ။

အခန်း ( ၁ )

အိမ် က နေ အလုပ် ကို လာတဲ့ လမ်း အတိုင်း တိတိပပ ကို ပြန်လာခဲ့တယ် ။ တစ်နေ့တည်း မဟုတ် နေ့တိုင်း ။ စက်ရုပ် တစ်ရုပ် လိုပဲ ။ ကျွန်တော့် ခန္ဓာ က လာလမ်း တုန်းက ဘယ်ကွေ့ လာတဲ့ နေရာ ရောက်ရင် ပြန်လမ်း မှာ ညာကွေ့ လိုက်တယ် ။ အလုပ် က နေ အိမ် ၊ အိမ် က နေ အလုပ် ကို အသွား ဘယ် ငါးခါ ကွေ့ပြီး ညာ နှစ်ခါကွေ့ လိုက်ရင် စက်ရုံဂိတ်ဝ ကို ရောက်တယ် ။ သည်လိုပဲ အပြန် ဘယ်နှစ်ခါ ကွေ့ပြီး ညာ ငါးခါ ပြန်ကွေ့ လိုက်ရင် အိမ် ကို ပြန်ရောက်တယ် ။ ဒါ တစ်ပတ်မှာ ခြောက်ရက် တိတိ နေ့တိုင်း လုပ်ရတဲ့ အလုပ်ပါ ။ အခု အိမ်ရှေ့ ကို ရောက်လာပြီ ၊ စက်ဘီးခြင်း ထဲက ထမင်းချိုင့် ကို ယူ လိုက်ပြီး အိမ် ထဲ ကို လှမ်း ဝင်လိုက်တယ် ။

“ မောင် ပြန်လာပြီလား ”

သူ မမေးခင် ကတည်းက ကျွန်တော် ရေရွတ် လိုက်တယ် ။

“ အင်း ပြန်ရောက်ပါပြီ ခင်ဗျာ ”

တခါတလေ “ ဟုတ် ပြန်ရောက်ပါပြီ ခိုင် ” ဒီ နှစ်မျိုးသာ ကျွန်တော့် ရဲ့ အိမ်ထဲ ဝင်လာချိန် ပြောတဲ့ စကားတွေပေါ့ ။ ပို ပြော လည်း အကြောင်း မှ မထူးတာ ။ ဖိနပ် ကို ချွတ် ခြေသုတ် ပြီး လွယ်ထားတဲ့ အိတ် ကို အခန်း ထဲ က စာရေးစာပွဲ ပေါ် တင်လိုက်တယ် ။

“ ဖေဖေ ပြန်လာပြီပေါ့ ”

အဖေ ဖြစ်သူ ကို လှည့် မကြည့်ပဲ နှုတ်ဆက်တယ် ။ ပြီးတော့ တီဗီ က လာနေတဲ့ ကာတွန်းကား တစ်ကား ကို သေချာ စိတ်နှစ်ပြီး ပြန် ကြည့်နေတယ် ။ အငယ်ကောင် က သူ့ အမေ ရင်ခွင် ထဲ ကနေ အဖေ ဖြစ်တဲ့ ကျွန်တော့် ကို လှည့် မကြည့်သေး ။ ကလေးအမေ ကျွန်တော့် ဇနီး က ရင်ခွင် ထဲမှာ လှုပ်ရွ နေတဲ့ ကလေး ကို ဂရုမပြုအား လက် ထဲ က တက်ပလက် နဲ့ မျက်နှာ ကပ်ထားဆဲ ။ ထမင်းစားခန်း ဘက် ကို ကျွန်တော် ဝင်လာ လိုက်ပြီး ဘာဟင်း ချက်လည်း သိချင်တာကြောင့် အိုးခွက်များ ကို လှန်လှော ကြည့် လိုက်တယ် ။

“ ဂလုံ ဂလုံ ဂလွမ် ”

ဒန်အိုး က ထွက်သွားတဲ့ အသံကြောင့် ဖြစ်မယ် ။

“ မောင် ရေ အောက် က အိုးလေး ထဲ မှာ ဘဲဥ ကြော်ထားတယ် စားလိုက်
နော် ”

ကျွန်တော် ဇနီး ရဲ့ အဝေး က ကျွမ်းကျင်ပိုင်နိုင်စွာ သိတတ်တဲ့ မိန်းမတို့ ဝတ္တရား တစ်ခုပေါ့ ။ အလုပ် ထဲ က ပြန်အလာ ဗိုက်ဆာ နေတဲ့ ကျွန်တော် ထမင်း ခူး လိုက်ပြီး ဘဲဥကြော်ဟင်း တစ်ခွက်နဲ့ တပင်တိုင် စား ပစ်လိုက်တယ် ။ တခြား အချဉ် လေး ၊ အစပ်ကလေး မရှိဘူး ဆိုတာ သိတယ် ။ ကျွန်တော့် ဇနီး က ဟင်း တစ်မျိုးတည်း အတွက် တောင် အတော်လေး အချိန် ပေးရ တတ်ပါတယ် ။ အလုပ်ပိတ်ရက် ဆိုရင် တော့ ဖွယ်ဖွယ်ရာရာလေး လုပ်စားတတ်ပါတယ် ။ ဒါကလည်း သူ ချက်တာ မဟုတ် ၊ ကျွန်တော် ကိုယ်တိုင် စားချင်တာကို ကိုယ်တိုင် ဈေး သွားပြီး ချက်ပြုတ် စားရတာပါ ။ အဲဒီလို အခါမျိုး ဆိုရင် ကျွန်တော် ရဲ့ ချစ်ဇနီးလေး ခိုင် နှုတ်ခမ်းချွန် နေအောင် ကျကျနန စားပြတတ်တယ် ။ သူ့ ကို ကြည့်ပြီး ကျွန်တော် အသည်းယား မိတယ် ။ ချစ်လို့ မဟုတ် ၊ ထ ထု လိုက်ချင်တာပါ ။

•••••   •••••   •••••

ည အိပ်ရာဝင် တော့ သား နှစ်ယောက် က စောစော အိပ်တတ်ကြတယ် ။ ညီအကို နှစ်ယောက်စလုံး က အအေး ကြိုက်တဲ့ ပုံ ။ ခြင်ထောင် ရဲ့ ဘေး နှစ်ဘက် ကို ဖက်လုံး ကိုယ်စီနဲ့ နယ်ချဲ့ နေကြတယ် ။ ကျွန်တော့် ချစ်ဇနီးလေး ကလည်း ည အိပ်ချိန် ကျ ဖုန်း မသုံးတော့ ။ ပင်ပန်းပုံ ရတယ် ။ သားတွေ နဲ့အပြိုင် အိပ်ရာဝင်ပါတယ် ။ ကျွန်တော် အိပ်စရာ နေရာ က သေချာ မရှိ ၊ ကလေး နှစ်ယောက် နဲ့ လွတ်ကင်းတဲ့ နေရာမှာ ခေါင်းအုံး ကို ချ ခေါင်းချအိပ်တဲ့ အရပ်ကို ဦးသုံးကြိမ် ချပြီး ကြုံသလို အိပ်ရတယ် ။ အဲဒီ အချိန်မှာ ကျွန်တော့် နှာခေါင်း ထဲ ကို ဝင်လာတဲ့ အနံ့ က သေးအနံ့ တစ်ညလုံး ရှူပြီး အိပ်ရတယ် ။ တခါတလေ ညဘက် အသက်ရှူ မဝ သလို ဖြစ်လို့ လန့် နိုးရင် သေချာတာက ခလေး နှစ်ယောက် ရဲ့ ခြေထောက် ဒါမှမဟုတ် ချစ်ရတဲ့ ဇနီးလေး ရဲ့ ခြေထောက် တစ်ချောင်း မဟုတ် တစ်ချောင်း က တော့ ကျွန်တော့် ခန္ဓာကိုယ် ပေါ် မှာ ရောက် နေတတ်ပါတယ် ။

အခန်း ( ၂ )

တစ်နေ့ ဒီလို ဒုက္ခတွေ ထဲမှာ ကျွန်တော့် အတွက် ကယ်တင်ရှင် တစ်ယောက် ပေါ်လာပါတော့တယ် ။ သူ့ နာမည် က သခင် တဲ့  ...  ကျွန်တော့် ရဲ့ ထွက်ပေါက်ကလေး ပေါ့ ။

သခင် က ကျွန်တော့် ကို လာ အပ်တာပါ ။ ကျွန်တော် က လက်ခံလိုက်တယ် ။ အဲဒီအထိ သူလို ကိုယ်လို ပဲ မရင်နှီးသေးဘူး ။ ရင်နှီးသွားပုံ က ဒီလို ။ ဖေ့ဘုတ် မှာ သတင်း တစ်ခု တက်လာတယ် ။ အသဲကွဲ နေတယ် ။ စိတ်ဓာတ်တွေ ကျပြီး လောကကြီး မှာ ဆက် မနေချင် လောက်အောင် ယိုင်နဲ့ နေတယ် ဆိုတဲ့ အဓိပ္ပာယ်တွေ သက်ရောက်တဲ့ ကဗျာ တစ်ပုဒ် နဲ့ ကောင်မလေး တစ်ယောက် ရဲ့ ပို့စ် အောက် မှာ အားပေးသံတွေ ဆူညံ နေတယ် ။ ကောင်မလေး တကယ် ခံစားနေရတယ် ဆိုတာ သူ့ ကဗျာ ကြောင့် ကျွန်တော် ခံစားလို့ ရလိုက်တယ် ။ အဲဒါနဲ့ ကောင်မလေး ရဲ့ ချက် ဘောက်ကနေ အားပေးစကား သွား ပြောမိတယ် ။ တစ်ယောက်တည်း မဟုတ်ဘူး ၊ အဖော်တွေ ရှိတယ် ဆိုတဲ့ အကြောင်း ၊ ဘယ်အရာ မှ တစ်ယောက်တည်း ပဲ ခံစားရတယ် လို့ မထင်ဖို့ပေါ့ ။ ကိုယ့် အဖြစ် နဲ့နှိုင်းယှဉ်ပြီး အားပေးမိပါတယ် ။ အဲဒီက နေ စပြီး ခင်မင် စကားပြော ဖြစ်ကြတာပေါ့ ။ ပုံမှန်အတိုင်း ဖြတ်သန်း နေရတဲ့ နေ့ရက်တွေ ထဲ က သိသာတဲ့ ပြောင်းလဲမှုလေး တွေနဲ့  ကျွန်တော့် အချိန်တွေ တန်းဖိုး ပြန် တက် လာခဲ့တယ် ။

“ ကလင် ”

ချက်ဘောက် က စာ ဝင်လာတဲ့ အသံ ။ ကြည့် လိုက်တော့ သခင် ။

“ စားပြီးပြီလား ”

“ ဟုတ် ”

သူ က မေးလိုက် ကိုယ် က ဖြေလိုက် ကိုယ် က မေးလိုက် သူ ကလည်း စိတ်လိုလက်ရ ပြန် ဖြေတယ်လို့ ခံစားရတဲ့ အထိ ရင်းနှီးလာခဲ့တယ် ။

“ ဘာချက် ”

သခင် က မေး ။ ကျွန်တော် ပြန်ဖြေ

“ ဝက် ... စားအုံးမလား ”

“ ခစ်ခစ်ခစ် ဝိတ်လျှော့ နေတာ ဒါပေမဲ့ သူ လာပို့ရင် စားမယ်လေ ”

“ အလကား စတာပါ သခင်ရယ် ကန်စွန်းရွက်ကြော် နဲ့ စားနေတာ ဟီးဟီး ”

သခင့် ကို အမှန်အတိုင်း ဝန်ခံလိုက်တယ် ။

“ ဟာ ပိုကြိုက်တာပေါ့ သခင် က အသီးအရွက် ခရေဇီလေ ”

ကျွန်တော့် စိတ်ထဲ ကြည်နူး သွားမိတယ် ။ ကျွန်တော် အား မငယ်အောင်
သခင့် အပြောတွေ မှာ အားဆေးတွေ ခိုအောင်း နေသလား မှတ်တယ် ။

“ ဒီနေ့တော့ ဟင်း တစ်မျိုးပဲ သခင် ကြက်ဥကြော် နဲ့ ပေါ့ ” 
“ ဟယ် သနားလိုက်တာ အကိုရယ် မိန်းမ က ဂရုမစိုက်သလိုပဲနော် ”

“ အင်း ... ”

ဟူး .. ကျွန်တော် သက်ပြင်း ချလိုက်မိတယ် ။

“ တကယ် အနား နီး ရင် လာ ချက်ကျွေးပါတယ် ”

သခင့် ဆီ က အဲဒီလို စာလေးတွေ ပြန်ရရင် ကျွန်တော့် နှလုံးသားက ပြန်လည် နုပျို သွားသလိုပဲ ။ တကယ်လည်း သခင် က သူ ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ထားတဲ့ ဟင်းလျာပုံတွေ ကို ကျွန်တော် ချက်ဘောက် က နေ ခဏခဏ ပို့တယ် ။
တခါတလေ ဟင်းခွက် ပေါ်မှာ အငွေ့ တက် နေတဲ့ပုံလေးတွေ ကို ကြည့်မိရင် ကျွန်တော့် နှာခေါင်း ထဲ ဟင်းနံ့လေး ပါ ရလို့  ... ဂလု ... ဂလု ... တံတွေး မြိုချခဲ့ပေါင်း လည်း မနည်းခဲ့ ။ သခင် နဲ့ စကား ပြောရတာ ပျော်တယ် ။ ညနေအလုပ် ပြန်ပြီး အိမ် အလုပ်တွေ ကူ ကလေးထိန်း အားလုံး ပြီးလို့ အိပ်ရာ ထဲ ဝင်ကြရင် ကျွန်တော် က အိမ်ရှေ့ အခန်း မှာ ဖုန်းဖွင့်ပြီး သခင် နဲ့ စကားထိုင် ပြောနေမိတာ နေ့တိုင်း ပုံမှန်ပေါ့ ။ နောက်ပိုင်း အဆင့် တက်ပြီး အလုပ်ချိန် ထဲ မှာတောင် အမြဲ လိုင်းဖွင့်ပြီး အားသလို စာရိုက် လို့ စကား ပြောဖြစ်ကြတယ် ။

“ ပေပေ ဟိုးသွားမယ် ”

အငယ်ကောင် က စက်ဘီး ကို လက်ညိုး ထိုးပြီး အပြင် သွားချင်ကြောင်း ပြောတယ် ။ ကျွန်တော် ခလေး စိတ်ကျေနပ်အောင် စက်ဘီး လျှောက်စီး ပေးလိုက်တယ် ။ မကြာဘူး အိမ်ရှေ့ ပြန် ရောက်တော့ ကျွန်တော့် သားငယ်လေး က စက်ဘီး ပေါ်က ဆင်းပြီး သူ့ အမေ ထံ ပြန်ပြေးသွားတယ် ။ ကျွန်တော့် ကို တစ်ချက် မှ လှည့်မကြည့်တော့ ။ အဲဒီလို ကျွန်တော် က သူတို့လေး တွေ ရဲ့ လိုသုံးပါ ။ ခိုင့် ရဲ့ အမည်ခံ ယောက်ျား တစ်ယောက် အလားပဲ ။ လကုန်ရင် လစာ သိမ်းမယ် ။ အခု နောက်ပိုင်း စကား တောင် ဟက်ဟက်ပက်ပက် မပြောဖြစ်တော့ ။ ချစ်လို့ ယူထားခဲ့ပေမယ့် ခလေး နှစ်ယောက် ရ အသက် သုံးဆယ်သာသာလေး နဲ့ လင်စိတ် သားစိတ် ကုန်ရလောက်အောင် ဖြစ် နေတဲ့ အနေအထားတွေ ကြောင့် ကျွန်တော့် ဘ ဝက ပို အထီးကျန် နေသလိုပေါ့ ။ အခု တော့ ကျွန်တော် ရဲ့ နေ့ရက်တွေ ကို စိမ်းလန်းမှုတွေ နဲ့ ပြန်လည် လင်းဖြာစေခဲ့ပါပြီ ။ ပန်းအိုး ထဲ မှာ ယိုင်နဲ့ခြောက်သွေ့ နေတဲ့ ကျွန်တော့် ကို အချိန်မှန် ရေလောင်း သလိုနဲ့ သခင် က ပြန်လည်စိုက်ပျိုးလို့ ...

“ ကလင် ”

ဒါ သခင် လေ ...  တနည်းအားဖြင့် ကျွန်တော့် ထွက်ပေါက်ကလေး ။

“ ကို ဘာလုပ် နေလဲ ”

ကျွန်တော် အမှန်အတိုင်း ပဲ ပြောလိုက်တယ် ။

“ သခင့် ကို လွမ်းနေတာလေ ”

“ ခစ်ခစ်ခစ် ”

သူ ကျေနပ်သွားတဲ့ ပုံ

“ ကလောင် ”

“ တူတူပဲ သခင် လည်း အခုမှ အားလို့လေ ၊ အဲဒါ အလုပ်တွေ ပြီးပြီးချင်း ကိုရှိတဲ့ လိုင်းပေါ် အပြေး တက်လာတာပေါ့ ”

ကြည့်စမ်း ဘယ်လောက် ချစ်ဖို့ ကောင်းလိုက်တဲ့ သခင်လေး လဲ ။ အခုဆို ကျွန်တော် လည်း သခင့် ကို မညာဘူး ၊ သခင် လည်း ကျွန်တော့် ကို မညာကြေး ဂတိပြုစရာ မလိုအောင် တစ်ယောက် နဲ့ တစ်ယောက် ရင်ဘတ်ချင်း နီးနေကြပြီဆို ။

“ ကို ”

သခင် ခေါ် လို့ ကျွန်တော် အမြန် စာပြန် ရိုက် လိုက်တယ် ၊ ရင်ထဲ အသည်းထဲ က နေ -

“ ဗျာ ”

သခင် လည်း ကျွန်တော့် လိုပဲ ဖြစ်နိုင်တယ်  ...

“ ကို အဲဒီလိုလေး ထူးရင် သခင် အရမ်း ချိတာပဲ ”

ရင် ထဲ အရသာ ရှိလိုက်တာ သခင် က ကလေး လို ပဲ ချစ်တာကို မက်ဆေ့ရိုက်
တာတောင် ပီအောင် မရိုက်တတ်ဘူး ဆို

“ ဝုန်း ”

ကျွန်တော့် ရင်ဘတ် ပေါ် အရှိန် ပြင်းစွာပဲ အရာဝတ္ထု တစ်ခု က ကျ အလာ ...

“ အား ”

လက် ထဲ က ဖုန်းပါ လွတ်ကျသွားတယ် ။ နာလိုက်တာ ဆိုတာ ၊ နာတာ ထက် ရင်ဘတ် အောင့် သွားခဲ့တာ .. ။ သတိထား ကြည့် လိုက်တော့ ကျွန်တော့် မဟေသီ ရဲ့ ခြေထောက် ဖြစ်နေတယ် ။ သူတို့ ခြေရင်း မှာ ခေါင်းအုံး ချပြီး ကျူနေမိတာ ကို က ကျွန်တော် အမှား ။ အပြင် မှာ ခြင် ကိုက်တာ ကြောင့်လည်း ခြင်ထော င်ထဲ လွတ်ရာ နေရာမှာ ဝင်ခွေမိလိုက်တာ ။ အောင့် သွားတဲ့ ရင်ဘတ် ကို ပွတ်ပြီး ဒေါသ ဖြစ်သွားတဲ့ ကျွန်တော် ခိုင့် ရဲ့ တင်ပါး ကို မထ ပဲ လှမ်း ကန်လိုက်တယ် ။

“ ဖြန်း ”

“ အင့် ”

အော်သံ နဲ့ အတူ ခိုင် နိုး လာပြီး

“ ကျွတ် ကျွတ် ဘာဖြစ်တာလဲ မောင် ”

နားမလည်တဲ့ မျက်ဝန်းတွေ နဲ့ ကျွန်တော့် ကို ကြည့်နေတဲ့ ခိုင် ။

“ ဘာမှ မဟုတ်ဘူး ခြင် ကိုက် နေလို့ ရိုက်ပေးတာ ”

ကျွန်တော် လည်း ရုပ်တည်နဲ့ ပြောပစ်လိုက်တယ် ။

“ အော် လန့်တာ မောင်ရယ် တကတည်း ”

ခိုင် ပြောပြီး ပြန် အိပ် သွားတယ် ။ အိပ်ရာထဲ လွတ်ကျ သွားတဲ့ ဖုန်း ကို ပြန် ကောက်လိုက်တော့ သခင့် ဆီ က စာ ပို့ထားတာက ...

“ ကို ... ကို ဘာဖြစ်တာလဲ ဟင် ”

ကျွန်တော် လည်း သခင် နဲ့ နီးပါတယ် ဆိုတဲ့ ရင်ဘတ်လေး ကို ပွတ်ပြီး တော်တော် နဲ့ စာ ပြန် မရိုက်ဖြစ်တော့ .. ။ ခွေခွေလေး အိပ် နေတဲ့ ခိုင့် ကို လှမ်းကြည့် နေပေမဲ့ စိုးရိမ်တကြီး နဲ့ မေးလိုက်တဲ့ သခင် ကို မျက်လုံး ထဲ မြင်ယောင်နေခဲ့တယ် ။ အို ... သခင်ရယ် ။

အခန်း ( ၃ )

“ မောင့် ကို မပြောချင်ဘူး နော် ”

ခိုင် ရဲ့ အသံကြောင့် ဖုန်းဖွ င့်ပြီး လိုင်းတက် မလို့ လုပ်နေတဲ့ ကျွန်တော်
ဖုန်း ကို အသာ ပြန် ပိတ်လိုက်တယ် ။

“ အခုတလော အလုပ် က ပြန်လာ အိမ် မှာ ဝိုင်းကူတာ သိပ် မတွေ့ဘူး ...  ဒီဖုန်း တစ်လုံးနဲ့ပဲ ဟိုချောင် မှာ ခွေလိုက် ဒီချောင် မှာ ခွေလိုက် နဲ့ တစ်ယောက်တည်း အလုပ် ရှုပ်နေတယ် ”

“ အော် ခိုင်ရယ် မောင် ဒီလောက် ကူပေးနေတာ မင်း ကို က မောင့် ကို အကောင်း မမြင်တာပါ ”

ကျွန်တော် ခိုင့် ကို ပြန်ပြော နေပေမဲ့ စိတ် ထဲ တော့ မလုံ ။

“ ကဲ မထူးပါဘူး သခင် ဆိုတာ ဘယ်ကလဲ ”

အမှတ်မထင် မေးလိုက်တဲ့ ခိုင့် စကား က ကျွန်တော့် ကို စစ်မကြေညာပဲ တိုက်လိုက် သလို ။ အလဲလဲ အကွဲကွဲ ကျွန်တော့် အဖြစ်က ရုပ်ပျက်ဆင်းပျက် နဲ့ ...

“ ပြောလေ မောင် သခင် ဆိုတာ ဘယ်သူလဲ မော င်နဲ့ ဘယ်လို ပတ်သတ်လဲ ”

ခိုင် ရဲ့ မေးခွန်းတွေ အောက် မှာ ကြပ်ကြပ်တည်းတည်း နဲ့ကို နစ်မြုပ်နေတာ ၊ ဒါပေမဲ ကျွန်တော် ငြိမ်နေလို့ မဖြစ်တော့ ၊ ဖြေရှင်းရတော့မယ် ။ မသိသလိုပဲ ခိုင့် ကို အရင် ပြန် မေးလိုက်တယ် ။

“ နေပါအုံး ခိုင် ဘယ်က သခင် လဲ ၊ မင်း ပြောတာ မောင် နားမလည်ဘူး ”

“ အော် မောင် က ဘူးခံ ငြင်းချင်တာကို ဟိုည က ကျွန်မ နိုးလာတော့ မောင်ဖုန်း ကိုင်ပြီး အိပ်ပျော်နေတယ် ၊ အဲဒါ ကျွန်မ က ဖုန်း ကို သိမ်းပေး မလို့ ယူလိုက် တော့ မောင့်ရဲသခင် ဆိုတဲ့ ကောင်မ ဆီ က ပို့လက်စ စာတွေ တွေ့တာပဲ ၊ အဲဒါ မသင်္ကာ လို့ စစ် လိုက်တော့ မောင် ကိုယ်တိုင် အလိုတူ အလိုပါ နဲ့ ကျူ ထားတဲ့ စာတွေ တွေ့တာ ၊ အမလေး သဲသဲလှုပ် ထားလိုက်ကြတယ် ဆိုတာ အတော်လေး ကို ကြာနေပြီ ၊ ကဲ ... မောင် ငြင်းလေ ဘယ်လို အကြောင်း ပြမလဲ ကျွန်မ နားထောင်မယ် ”

သေချာတယ် ကျွန်တော် နဲ့ သခင် ရဲ့ အကြောင်း ခိုင် အကုန် သိသွားပြီ ဆိုတာ ၊ ငြင်း နေလဲ အပို ဖြစ်မယ့် အတူတူ ကျွန်တော် ခံစားရသမျှ ချပေါက်ကွဲ လိုက် တော့တယ် ။

“ အေးကွာ အဲဒီတော့ ခိုင် ...  မင်း ဘာဖြစ်ချင်လဲ ပြော ၊ ငါ ငါ့ ဘဝ ကို စိတ်ကုန် နေတာ ကြာပြီ ၊ ဘာလဲကွာ ကိုယ့် ယောက်ျား ကို အလေးထားရမယ် ၊ ပြုစုရမယ် ဆိုတာ နားမလည်ဘူး ၊ အိမ်မှာ နေပြီး ကလေး ထိုင် မွေးမယ် ၊ ပြီးရင် နေချင် သလို နေတယ် ၊ မင်း ညဘက် တောင် ငါ့ အတွက် အချိန် ပေး နိုင်ခဲ့လား ပြော ၊ ငါ ဒါတွေကို သည်းခံ နေခဲ့တာကွ နားလည်လား .. တောက် ”

ပြောပြီး တစ်ဘက် လှည့် လိုက်တော့ ကျွန်တော်တို့ စကား များနေတာကို အံဩတဲ့ မျက်နှာလေးတွေ နဲ့ ကြည့်နေတဲ့ သားနှစ်ယောက် ကို တွေ့တယ် ။ ကလေး တွေ ကို ကြည့်ပြီး ကျွန်တော် သက်ပြင်း တိုးတိုးလေး ချလိုက်မိတယ် ။

“ ရပြီလေ မောင့် သဘော အမှန်ကို လည်း သိရပြီ ၊ နောက် စိတ် မပါတော့ဘူး ထင်ရတဲ့ အိမ်ထောင်ရေး အတွက် ဆက်ပေါင်း နေလည်း ဘာ အကျိုး မှ ထူးလာမှာ မှ မဟုတ်တာ ၊ ကျွန်မတို့ လမ်းခွဲကြတာပေါ့ ”

ခိုင့် စကားကြောင့် ကျွန်တော် နားလည် လိုက်ပါတယ် ။ သူ လည်း ကျွန်တော့် ကို စိတ်ကုန် နေပြီ ဆိုတာ ။ နဲနဲ မှ ပြန်လည် စေ့စပ်ဖို့ စကား ကမ်းလှမ်း မလာတော့ဘူး ဆိုတော့ ထားလိုက်ပေါ့ ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပဲ သုံးသပ် နေလိုက်တော့တယ် ။ ခိုင် ကလည်း စကား မပြောတော့ ။ တိတ်ဆိတ်လို့ ။ သူ က ပြတ်သား သွားပြီလေ ။ ထပ်တူ ပြတ်သားရတော့မယ် ဆိုတာ ကျွန်တော် နားလည်သွားခဲ့ပြီ ။

“ ပေပေ ”

အငယ်ကောင်လေး ရဲ့ အသံကြောင့် ကျွန်တော် ကလေး ကို ကောက်ပွေ့ လိုက်ပြီး စက်ဘီး နဲ့ အပြင် ထွက် လာလိုက်တော့တယ် ။ ရင်ထဲ မှာ ပူလောင်ပြီး ဗလာင်ဆူ နေလို့ပေါ့ ။ စက်ဘီးလေး ခဏ ရပ်ပြီး လိုင်းပေါ် တက်လိုက်တယ် ဆိုရင်ပဲ

“ ကလောင် ”

ကျွန်တော့် ရင် ထဲ ကို ရေခဲရေ နဲ့ လောင်းချ လိုက်သလို အသံလေးနဲ့ အတူ ...  သခင် ပို့ထားတဲ့ စာလေး ...

“ လွမ်းလိုက်တာ ကိုရယ် ” တဲ့ အေးချမ်းလိုက်ပါဘိ ။

ဒီလိုနဲ့ ကျွန်တော်  အိမ်ကျဉ်းကျဉ်းလေး နဲ့ ကို ခြောက်သွေ့ တိတ်ဆိတ် သွားခဲတယ် ။ အိမ်ရှေ့ခန်း အိပ်ခန်း ထမင်းစားခန်း သုံးခန်း သာ ရှိတဲ့ အိမ်ကလေးမှာ ခိုင် နဲ့ ကျွန်တော် ဝေးသွားကြတာ မသိရင် တစ်ယောက် တစ်နယ်စီ လိုပဲ ။ ကျွန်တော် က ထမင်းစားခန်း မှာ ရှိရင် ခိုင် က အိပ်ခန်း သိုမဟုတ် အိမ်ရှေ့ခန်း မှာပေါ့ ။ ကျွန်တော်တို့ နှစ်ယောက် ကြားမှာ ပြေးလွှားဆော့ ကစား နေတာ က ကျွန်တော့် သား နှစ်ယောက်ပဲ ၊ ညဘက် ထမင်းစားချိန် ကျွန်တော် က ထမင်းပန်းကန် ထဲ ဟင်း ထည့်ပြီး အိမ်ရှေ့ မှာ တစ်ယောက်တည်း ထွက်စား နေလိုက်တာ ၊ ခိုင် က ထမင်းစားခန်း ထဲ မှာ ပေါ့ ။ ကျွန်တော်တို့ ကြား မှာ ပြေးလွှားပြီး မေမေ ဟား ပေပေ ဟား နဲ့ အငယ်ကောင်လေး က ကူးလူး ထမင်းတောင်း စားလို့ ၊ စိတ်မကောင်း တော့ ဖြစ်မိပါရဲ့ဗျာ ။ ဒါပေမဲ့ မဖြစ်နိုင် တော့ဘူးလေ ။ သာယာမှု မရှိတာ ကြာခဲ့ပြီ ဖြစ်တဲ့ အိမ်ထောင်ရေး မှာ ကျွန်တော် ကိုယ်တိုင် လည်း စိတ်ကုန် နေခဲ့ပြီ ။

“ ဖေဖေ မေမေ က ပြောခိုင်းလိုက်တယ် ”

“ ဟေ ပြောလေ သား ”

သားကြီး ရဲ့ စကား ကို ကျွန်တော် စိတ်ဝင်စား သွားတယ် ။

“ သားတို့ မနက်ဖြန် ညနေ ဖွားဖွား ရှိတဲ့ မြို့ ကို အပြီး သွားတော့မယ်တဲ့ ဖေဖေ အဲဒါ မေမေ က ပြောခိုင်းလို့ သား လာ ပြောတာ ”

ကျွန်တော် စိတ် ထဲ ရုတ်တရက် တော့ အံဩမိပါတယ် ။ သားကြီး ကို ရင်ခွင် ထဲ ဆွဲခေါ် လိုက်ပြီး ကျွန်တော် နှုတ်ဆိတ် နေလိုက်တော့တယ် ။ ရင်ထဲ တော့မကောင်း ၊ ဒါပေမဲ့ ... ။

“ ကလောင် ”

ဒီ အသံလေး လာရင် ကျွန်တော် ပျော်တယ် ။ ချိုလွင်ပြင်းရှ အေးမြလိုက်ပါဘိနဲ့ - သခင် ။

“  ကို ”

“ ပြောလေ သခင် ”

“ သခင့် ကို အိမ် က ယောက်ျား ပေးစားတော့မယ် တဲ့ ”

တစ်ဖက် က သခင် ရေးလိုက်တဲ့ စာ ကို ကြည့်ပြီး ကျွန်တော့် ရင်ထဲ သိသိ သာသာ လှုပ်ရှား သွားတာ ကိုင်ထားတဲ့ ဖုန်း တောင် လွတ်ကျမတတ်ပါပဲ ။

“ ဟင် တကယ်လား သခင် ရယ် ”

မျှော်လင့်ချက် အားနည်းပေမဲ့ နောက်တစ်ခါ တော့ ထပ် မေးချင်မိတယ် ။

“ ကို့ ကို သခင် က လိမ်စရာလား ရှေ့တစ်ပတ် ထဲ မှာ စီစဉ်တော့မယ်တဲ့ အဲဒါ သခင် ဘာလုပ်ရမှန်း မသိ ဖြစ်နေတာ ကို ရယ် ”

ကျွန်တော် ဘာပြောရမလဲ ...

“ ကို ဘာမှ မပြောတော့ဘူးလား ဟင် ”

ကျွန်တော် ဘာပြောရမလဲ ...

“ ကို တစ်ခုခု တော့ ပြောကွာ သခင် မချစ်တဲ့ သူ နဲ့ လက်မထက်ချင်ဘူး ”

သခင် ရေးလိုက်တဲ့ စာတွေ ကို သာ အဓိပ္ပာယ်မဲ့ ထိုင်ကြည့် နေမိတယ် ။

“ ကို သခင် လေ သခင် ချစ်တဲ့သူ နဲ့ သာနေရ ဘယ်ဘဝ ဘယ်လို ပုံစံပဲ နေရနေရ နေနိုင်တယ် ကို အဲဒါ ကို့ ကို သိစေချင်တာပါ ”

သခင် စကား က ဘာကို ပြောတာလဲ .. ဘာကို ပြောတာလဲ ကျွန်တော် စဉ်းစားရင်း ဟုတ်ပြီ ..

“ သခင် ကို့ ဆီ လာခဲ့လိုက်တော့ကွာ ” ဆိုတဲ့ စာ ကို ရိုက်ပြီး ပို့လိုက်တယ် ။ တဖက်က သခင် ဘာပြန် ရေးမလဲ ဆိုတာကို သိချင်ဇော က ဖုန်းစကရင် ကို ဒီတစ်ခါ ကြည့်ရတာ အကြာဆုံး ရင်ခုန်ရဆုံး အခိုက်အတန့်ပါ ။ သခင် စဉ်းစားနေတာလား ။ သခင် ဘာလုပ်နေလဲ ။ သခင် ဘယ်လိုပဲ စဉ်းစားစဉ်းစား ရလာမယ့် အဖြေကို ကျွန်တော် လိုက်နာရန် အသင့်ပါပဲ ။ ဖုန်းစကရင် မှာ သခင် စာပြန်ရိုက်နေပြီ ဆိုတာ သိလိုက်ရတယ် ။ ကျွန်တော့် မျက်စေ့ ရှေ့ထွက်ပေါ်လာမယ့် စာ ကို ရင်ခုန်စွာ နဲ့ ပဲ စောင့် မျှော်နေမိတယ် ။

“ ကလောင် ”

ပူခနဲ ခံစားလိုက်ရလိုက်ရတဲ့ ပေါင် ကို လက် နဲ့ အသာ စမ်းမိတော့ ကျွန်တော် သဘော ပေါက်လိုက်တယ် ။ သား အငယ်ကောင်လေး သေးပေါက်လိုက်တယ် ဆိုတာ ...  သေးအနံ့ က ပါ ကျွန်တော့် အနား လှိုင်လှိုင် ထ လို့ .. ။

အခန်း ( ၄ )

မနက် ကတည်းက ခိုင်တို့ သားအမိတွေ အလုပ်ရှုပ် နေကြတယ် ။သူတို့ တကယ် သွားဖို့ ပြင်ဆင် နေကြပြီလေ ။ သားကြီး က သူ့ စာအုပ်တွေ ကို အိတ်တစ် ခုနဲ့ ထည့်နေတာ တွေ့တယ် ။ အငယ်ကောင်လေး က အလုပ်များ နေတဲ့ သူ့ အမေ အနား ပြေးလိုက် ၊ ကျွန်တော့် အနား ပြေးလာလိုက် နဲ့ ။ အလုပ် သွားခါနီး တောင် အငယ်ကောင်လေး အော်လို့ စိတ်ပြေလက်ပျောက် ဖြစ်အောင် စက်ဘီးခြင်း ထဲ ထည့်ပြီး အနီးအနား လျှောက် နင်းပေးခဲ့ ရတယ် ။ ဒါတောင် ကျွန်တော် အလုပ် ထွက်လာတော့ သားငယ် က မငိုစဖူး ငိုလို့ ။ စိတ် ထဲ မှာ မကောင်း ၊ တာဝန်ယူမှု သိတတ်မှုတွေ ကြား ကျွန်တော် မွန်းကြပ် နေခဲ့ရတာ ကြာပြီ ။ စက်ရုပ်ဆန်ဆန် နေ့ရက်တွေ ကို မုန်း နေပါပြီ ။ သံယောဇဉ် အမျှင်တန်းတွေ ကြား ဗျာများ နေရ သလို လူ က မလှုပ်သာ ။  ဟူး .. စက်ဘီး နင်းနေရင်း ဘယ်နှစ်ခါ မှန်း မသိ မှုတ်ထုတ်လိုက်တဲ့ လေပူတွေ နဲ့ ရင်မော နေပါပြီ ။

“ ကလောင် ”

အိုအေစစ်အသံလေး ကြောင့် လမ်းဘေး အသာကပ် စက်ဘီးလေး ရပ်လိုက်တယ် ။ ဖုန်းတွေ ဖွင့် ကြည့်တော့

“ ကို သခင် လာပြီနော် ကြိုနေတော့ ”

“ ဟူး ... ”

ပျော်သလိုလို နဲ့ သက်ပြင်း ချလိုက်မိတယ် ။

“ ကြိုနေမှာပေါ့ သခင်ရယ် ”

“ ကလောင် ”

“ ညနေ လောက် ရောက်မယ် ကို ပြောသလို ကားဂိတ် အရှေ့ က စတိုးဆိုင် အဝ မှာ စောင့်နေနော် ကို ”

“ စိတ်ချပါ သခင်ရယ် ကိုယ် အလုပ် က ထွက်လာမှာ ဆိုတော့ ကိုယ်မ ရောက် သေးရင် သခင် အဲဒီ နေရာမှာ ခဏတော့ စောင့်ပေးနော် ”

“ ဟုတ် ရင်ခုန်လိုက်တာ ကိုရယ် သခင် ပန်းရောင်ဝမ်းဆက် နဲ့ အပေါ် က အနွေးထည် အနက်ကလေး ဝတ်ထားတယ် ၊ ဦးထုပ်အဖြူ အဝိုင်းလေး ကို ဆောင်းထားမယ် ကို မြင်သာအောင် လို့ ၊ ဒါပဲနော် ညနေ ကျမှ တွေ့ မယ်လေ မွမွ ခ်ခ်ခ် ”

“ စိတ်ချပါ သခင် ကိုယ် မျှော်နေပါမယ် ကောင်းသော ခရီးလေး ဖြစ်မှာပါ ”

ဖုန်းလေး အိတ် ထဲ ပြန်ထည့် လိုက်ပြီး အလုပ် ကို ထွက်လာလိုက်တော့တယ် ။ တစ်နေကုန် လည်း လူ က နေမထိ ထိုင်မထိ ဘာကို ရင်ခုန်နေမှန်း မသိ ။ တစ်ချက် တချက် သတိလက်လွတ် ဖြစ်ရတယ် ။ ထမင်းစားချိန် ပါလာတဲ့ ထမင်းချိုင့် ထဲ က ထမင်း တစ်ဝက်တောင် မလျော့တော့ ဘေး က သူငယ်ချင်းကတောင် သတိထား မိပြီး မေးတဲ့ အထိပါပဲ ။ ညနေ ဆို ခိုင် တို့ သားအမိတွေ က ရှိမှာ မဟုတ်တော့ ။ သခင် က ကျွန်တော့် ဆီ ကို လာ ၊ ထူးခြားတဲ့ တိုက်ဆိုင်မှု လို ဖြစ်နေတယ် ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ် လို့ ပဲ တွေးလိုက်တော့တယ် ။ အခုချိန် မှာ ကျန်တာတွေ မစဉ်းစားချင်တော့ ။ ပြောင်းလဲချိန် တန်ခဲ့ပြီ ထင်ပါရဲ့ ... ။

နိဂုံး ...

မူမမှန်တဲ့ ရင်ခုံသံစည်းချက် က ဘယ်ဘက် ရင်ဘတ်အောက် အပြင်းဆုံး ရိုက်ခတ်လို့ ခတ်ဝေးဝေး က မြင်နေရတဲ့ ပန်းရောင် ပုံရိပ်ကလေး ။ ဦးထုပ်အဖြူ လေး ကို ဆောင်း ထားတဲ့ သခင် ပုံရိပ် က လိုတာထက် ပိုလှနေပါတယ် ။ ကျွန်တော့် ရင် ထဲ က မပြတ်မသား နဲ့ တွေဝေနေတဲ့ အရာ မှန်သမျှ သခင် ရဲ့ အလှ အောက်မှာ နစ်မြုပ်လို့ ချက်ချင်းကို သခင့် လက် ကို အပြေးပဲ ဆွဲယူ ထွေးပွေ့လိုက်ချင်တာ ။ ထူးခြားတာ ကျွန်တော့် ခြေလှမ်းတွေ က သခင့် အနား နီးလေ ပို မြန်လာလေပဲ ။ ကားဂိတ် အဝင် အထွက်လမ်း ထောင့် မှာ အိတ်တစ်လုံး ဘေးချ ပြီး ဟိုဟိုသည်သည် ကြည့်နေတဲ့ သခင် ၊ ထူးထူးခြားခြား လှနေပါတယ် ။ အခုဆို သခင် နဲ့ ကျွန်တော် ကြား ကားတွေ တဝီဝီသွားနေတဲ့ လမ်း တစ်ခု သာ ခြားတော့တယ် ။ ကားလမ်း အခြေအနေ ကို ကြည့်ပြီး သခင့် ဆီ အပြေး သွားဖို့ အတွက် ကြိုးစားနေပေမဲ့ ရှုပ်ထွေးလှတဲ့ ကားတွေ အကြား ခရီး က မတွင် ။ လမ်း တစ်ဖြတ် ကူး လိုက် မျဉ်းဖြူ ပေါ်ရပ်လိုက် နဲ့ ရှစ်လမ်းသွား လမ်းမ ပေါ်က တမင် ရှုပ်ရှက်ခတ် နေအောင် မောင်းတဲ့ ကားတွေ က မာရ်နတ် ရဲ့ နတ်ဆိုးတွေ လိုပဲ ။ စိတ်ရှုပ်စရာ ပေါ့ ။ ဒီလို နတ်ဆိုးတွေ ကို ကျော်ဖြတ် လို့ နောက်ဆုံး လမ်းဖြတ် က မျဉ်းပေါ်မှာ ကျွန်တော် အခုဆို သခင် နဲ့ အနီးဆုံး မှာ ရောက်နေပြီ ။ ကား ရှင်းတာ နဲ့ သခင့် ဆီ ပြေးပြီး အတင်း ပွေ့ဖက်လိုက်တော့မယ် လို့ တွေးလိုက်တယ် ။ အခုတော့ သခင် လည်း ကျွန်တော့် ကို သတိထားမိ သွားပုံရတယ် ။ သူ ပြုံးပြ နေပြီ ။ နောက်ဆုံး ကားအရှင်း သခင့် ဆီ စ ပြေးလို့ သခင့် နား အရောက် အားရပါးရ ခေါ်မယ် အပြင် ..

“ ပေပေ .. ပေပေ ... ပေပေ ”

ရင်ထဲ ရင်းနှီးနေတဲ့ အသံလေး နဲ့ သခင့် အနောက် ကနေ ကျွန်တော့် ဆီ ပြေးလာနေတဲ့ ပုံရိပ်ကလေး တစ်ခု ။ ကျွန်တော့် ရင်ထဲ ဘယ်လို ဖြစ်သွားသလဲ မသိ ၊ ပြေးနေတဲ့ ခြေထောက်တွေ က ချက်ချင်းပဲ အလိုလို ဦးတည်ရာ ပြောင်းသွားခဲ့ပြီ ။

ကျွန်တော့် သားငယ် ဆီ ကို ပေါ့ ။သခင့် ဘေးကနေ ကျွန်တော် သားငယ် ကို
ကောက်ချီ လိုက်တယ် ။ သားကြီး နဲ့ ခိုင် က မလှမ်းမကမ်း က နေ လျှောက်လာ နေတယ် ။

“ မေမေ ဟိုမှာ ဖေဖေ လာ ကြိုတယ် ”

သားကြီး ရဲ့ အသံပါ ။ အနား ရောက်လာတော့ သားကြီး က ပဲ

“ သားတို့ ကား နောက်ကျလို့ ပြန်လာတာ ဖေဖေ ရ ”

ကျွန်တော် လည်း ဘာမှကို မပြောချင်တော့ ။ သားငယ် ကို ချီလျက် သားကြီး ကို လက်ဆွဲပြီး သခင့် ဘေး ကနေ မသိမသာလေး ကျောခိုင်း လိုက်တော့တယ် ။ သခင် ကျွန်တော် ကို မမှတ်မိတာ က လည်း ကျွန်တော် ရဲ့ နေကာ မျက်မှန် နဲ့ ဦးထုပ် ကြောင့် ဖြစ်မယ် ။ အခုတော့ အားလုံး ပြီးသွားပါပြီ ။ ကျွန်တော့် ဘဝ ရဲ့ သခင် အစစ် ကို လည်း စိတ် ထဲ သိလိုက် သလိုပါ ။

ခွင့်လွှတ်ပါ သခင်ရယ် ... ။

“ ဒီက သခင် လား ဟင် ”

“ ဟုတ် အကို က ”

ကျောခိုင်း နေတဲ့ အနေအထား က နေ ကြားလိုက်ရတဲ့ အသံ ကြောင့် ကျွန်တော် အသာအယာ ပဲ လှည့် ကြည့်လိုက်တော့ ...  ။

သခင် က လူ တစ်ယောက် လက် ကို ဆွဲကာ ကျွန်တော် နဲ့ ဆန့်ကျင်ဘက် အရပ် သို့ ထွက်သွားတာ ကို အံ့အားသင့်စွာ ပဲ တွေ့လိုက်ရတော့တယ် ...  ။

▢ ရောင်နီသက်လွင် ( ဘိုကလေး )

📖 တစ်ယောက် တစ်ဘဝ ( ၁ )

.

No comments:

Post a Comment