Friday, October 25, 2024

ပျက်သော် အစဉ် ပြင်သော် မလှ


 

❝ ပျက်သော် အစဉ် ပြင်သော် မလှ ❞

“ ဟ ဟေ့ကောင် ပြင် မနေနဲ့ တော့ ကောင်း လဲ ခဏပဲ ၊ ပြင်လို့ ပေးရတဲ့ လက်ခ နဲ့ တောင် မကာမိ ဘူး ၊ တော်ကြာ ပြန် ပျက်မှာပဲ ”

“ ငါ တော့ ပြင်သုံး ကြည့်ချင်သေးတယ်ကွာ ”

“ ဒါဖြင့် လဲ မင်း သဘောပဲဗျာ ၊ ငါ တော့ အပျက်တွေ ထိုးထည့် ထားတာ ဗီရို တစ်လုံး ပြည့်တော့မယ် ”

မောင်ချမ်းသာ ဗီစီဒီ ( အောက်စက် ) ပျက်လို့ ဆိုင် ကို တယုတယ ယူသွားတော့ သူငယ်ချင်း ချစ်ပိန် က ပြောတဲ့ စကား ခင်ဗျာ့ ။

သူ က ပြင် မနေနဲ့တဲ့ ၊ အသစ် သာ ဝယ် သုံးလိုက်တော့တဲ့ ။

အင်း သူ က ပြောပေမဲ့ သုံး လေး သောင်း ပေးဝယ် ထားရတာ ဆိုတော့ နှမြောတောတော ၊ ပြင် သုံး ကြည့်ချင်သေးတယ် ။ လူ့ အတ္တ လူ့ သဘော ၊ ဩော် ခက်ပါလားနော် ။

လူ့ သဘော ကား နာရီ ၊ ရေဒီယို ၊ ကက်စက် ၊ အောက်စက် ပျက် သွားပြီ ဆို လွှင့် မပစ်ရက်ဘူး ။ ပြင်သုံးကြည့်လို့ ရဦးမလား ။

“ လူ တွေလဲ အဲသလိုပဲ ဟကောင်ရ ”

“ အမယ် မင်း က စက် က နေ လူတွေဘက်လှည့်လာပြီ ”

“ ဟုတ်တယ်ကွ ငချမ်း ရ ၊ ငါတို့ စီးပွားရေးလောက မှာ နာမည် တစ်လုံး နဲ့ လူ လုပ်နေကြရတာ ”

“ အမယ် အလာကြီးပါလား ”

“ ငါ တကယ် ပြောနေတာ ၊ မင်း ကြည့် ပါလား ၊ မျက်တွေ့ လက်တွေ့ တွေပဲဟာ ”

“ ကြည့်ကွာ ဝက်ပု ကို ”

“ တို့ လောက ထဲ မှာ ဝက်ပု ၊ ဝက်ပု နဲ့ နာမည်လေး ရလာတယ် ၊ အကဲဖြတ်တတ် ၊ လုပ်တတ် ကိုင်တတ် ဆိုတော့ လုပ်သက်နုနုကလေး နဲ့ ထောင်တက်လာတယ်ကွာ ”

“ အဲဒီ လို ထောင် တက်လာ တော့ သူ့ ကို လူတွေ က ယုံ ၊ ယုံတော့ ဝိုင်းမ ၊ ဝိုင်းမ တော့ ဟုတ်လာ ၊ အကြွေးတွေ ချပေး ”

“ ဟောကြည့် အဲသည် ဝက်ပု ပဲ ၊ သူဌေး ဖြစ် မြန်သည် ထက် မြန်အောင် ဆိုပြီး လောဘတွေ တက် လာ ၊ တစ်လုံး နှစ်လုံး သုံးလုံးတွေ ပါ ပါလာ ၊ အဲဒီမှာ ကုန်ကြွေးတွေ မဆပ်နိုင် ”

“ အကွက် ထိုးပေး ၊ တိုက် ထိုးပေး ၊ တယ်လီဖုန်း ထိုးပေး ၊ နောက်ဆုံး မော်တော်ဆိုင်ကယ် ထိုးပေး ”

“ ဒါတောင် မကျေသေးဘူးပဲ ဗျာ ၊ သုံးရာလောက် ဆပ်ဖို့ ကျန် နေသေး ”

“ အခုတော့ နာမည်ပျက် စာရင်း ( black list ) ထဲမှာ ပါနေပြီ ”

“ သူ့ ရှေ့မှာ ဟေးလားဝါးလား ဟန်ဆောင် ပြုံး ပြ နေကြပေမဲ့ နောက်ကွယ်မှာ လက်ခါ ပြကုန်ပြီ ၊ မယုံကြတော့ဘူး ”

“ မယုံတော့ အကြွေး ဆွဲလို့ မရ တော့ဘူး ၊ လုပ်ငန်း လည်ပတ်လို့ မရတော့ဘူး ၊ စက် မပါတဲ့ ကားလို ပဲ ၊ ရွေ့လို့ မရ ”

“ အဲဒါသာ ကြည့်ကွာ ”

“ အင်း ဟုတ် ”

ကျွန်တော် ချစ်ပိန် စကား ကို ထောက်ခံလိုက်၏ ။

လူ့ လောက ၊ အထူးသဖြင့် ကျွန်တော်တို့ စီးပွားရေး လောက ၊ နာမည်ပျက်သွားပြီ ဆို ပြန် ပြင်လို့ မရတော့ဘူးဗျာ ။

ဘာမှ လုပ်စားလို့ မရတော့ဘူးဗျာ ။ အရမ်း ကြောက်ဖို့ကောင်းတာ ။

ဘာ နာမည် မှ မရှိတော့တဲ့ လူ တစ်ယောက် ဖြစ်သွားတေ့တယ် ။

ဘယ်သူ က မှ ဟက်ဟက်ပက်ပက် ဆေးဖော်ကြောဖက် မလုပ်ကြတော့ဘူး ဆိုတော့ စဉ်းစားကြည့် ဘယ်လောက် သိမ်ဖျင်းသွားလိုက်ပါသလဲ ။

အလှူမင်္ဂလာ သာရေးနာရေး ဖိတ်ကြား ခံရတဲ့ လူစာရင်း မှာ သူ မပါတော့ဘူး ။ ပါသည့် တိုင်အောင် လူတော ထဲ ရွံ့တွံ့တွံ့ ၊ ချောင်ကြို ချောင်ကြား မှာ အရုပ်ကလေး တစ်ခု ချထား သလို ကုပ်ကုပ်ကလေး နေရတဲ့ ဘဝ ဗျာ ။

ဝက်ပု ချည်း မှ မဟုတ်ဘူး ။ ဝက်ပု လို လူစားတွေ အများကြီး ။

သူတို့တွေ ဟာ တဖြည်းဖြည်း အရောင် မှိန် သွားပြီး အိမ်တွင်းအောင်း ဘဝ ကို ရောက် ၊ လူကောင် ငုတ်တုတ်ကြီး ရှိနေပါသော်လည်း နာမည် က ပျောက်နေ ။

ချစ်ပိန် ဗီရို ထဲ ထိုးထည့် ထား တဲ့ စက်အပျက်တွေ လိုပဲ ။

ပျက်ပြီ ဆို ချောင်ထိုး ခံလိုက်ရပြီ ။

သတိတရား ရ၍ မိမိ ကိုယ် ကို ပြန် ပြင်သည့် တိုင်အောင် နာမည် ပျက်ဖူးထားပြီ ဆိုတော့ ... ။

မယုံ ။ မပေး ။ မရ ။

ဘာမျှ ဖြစ်မလာ ။

ကောင်းအောင် လုပ်ပြပါသော်လည်း အထင် မကြီး ။

လှအောင် ပြင်ပါသော်လည်း ပြန်လှ မလာ ။

နာမည် နှင့် လုပ်စားကြရသော စီးပွားရေးလောကကြီး ၌ ရပြီးသား နာမည် က လေး မြဲ နေ အောင် ၊ တောက်တောက်ပြောင်ပြောင် ဖြစ် နေအောင် ၊ လူတော တိုး နိုင်အောင် အစဉ် ကြိုးစား ထိန်းထားနိုင်မှသာ ။ နို့မို့လို့ က တော့ ၊ ပျက်ပြီဟေ့ ဆိုလို့ ကတော့ ... ။

( လက်တွေ့ မျက်မြင်ဘဝများ ထဲ မှ )

⎕ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
     ၁ အောက်တိုဘာ ၂၀၀၄

.

No comments:

Post a Comment