Sunday, October 20, 2024

နှစ်ဖက်မျှပြီး ဝါးပါ



 

❝ နှစ်ဖက်မျှပြီး ဝါးပါ ❞

“ ဟေ့ကောင် စားလေကွာ ၊ ဘာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာတုံး ”

“ သွားတွေ က  သိပ် မဟုတ်ချင်တော့ဘူးဗျာ ”

“ ဘာလဲ ကျိုးကုန်ပြီလား ”

“ ဟုတ်ပါ့ ”

ကျွန်တော် မောင်ချမ်းသာ နှင့် တရုတ်သူဌေး ဟုတ်ကြီး တို့သည် တစ်ခုသော မင်္ဂလာညစာစားပွဲ ၌ ဆုံမိကြလေ၏ ။

ညစာစားပွဲ တို့ ထုံးစံ အတိုင်း ၊ ဂျော်နီဝေါ့ကားတွေ က တစ်လုံး ပြီး တစ်လုံး ၊ ဆော်ဒါအချိုရည်ပုလင်း တွေ ၊ ဖန်ခွက်တွေ ၊ စားသောက်စရာတွေ က တစ်မျိုး ပြီး တစ်မျိုး ရောက် လာ ။ သောက်နိုင် သမျှ သောက်စမ်း ၊ စားနိုင် သမျှ စားစမ်း ။

တကယ့် ပွဲတော်ကြီး ခင်ဗျာ့ ။

ကျွန်တော် မောင်ချမ်းသာ ကား အသောက်ဘက် က အားကိုး ရလောက်ပါ သော်လည်း အစားဘက် ကျတော့ အာ က ခပ်လေးလေး ခင်ဗျာ ။

သွားတွေ က ဒုက္ခ ပေးနေပြီ လေ ၊ အသား ဆို သိပ် မဝါးချင်တော့ ဘူးဗျာ ၊ သွားကြား ညပ်မှာ ၊ သွားနာ မှာ က ကြောက်ရသေး ။

အရေး ထဲ ညာဘက် အံ တစ်ချောင်း က ကျိုး နေတော့ ။

“ မင်း က တစ်ဖက်သတ် ဝါး တယ်နဲ့ တူပါတယ် ကွာ ”

“ ဟုတ်မလား မသိဘူး ”

“ မသိဘူး မလုပ်နဲ့ မင်း ဘယ် ဘက် က အဝါး များသလဲ ” 

“ ညာဘက် က အဝါး များတယ် ”

“ အေး ဒါဆို ကျိုးတဲ့ သွား ဟာ ညာဘက် က ပဲ ဖြစ်ရမယ် ”

“ အဟုတ်ပါ့ဗျာ ၊ ညာဘက် အံ တစ်ချောင်း ကျိုးသွားတာ ”

”ငါ ထင်တဲ့ အတိုင်းပါပဲ ၊ မင်း မွေး ကတည်း က ညာဘက် က ချည်း ဝါးလာသလား မှ မသိတာ ”

“ ကျွန်တော် သိသလောက် တော့ ၊ ညာဘက် က ချည်းပဲ ”

“ ညံ့ပါ့ကွာ ၊ နှစ်ဖက် မျှပြီး ဝါးရတယ်ကွ ”

ထိုအခါမှ ကျွန်တော် ပြန် စဉ်းစား ကြည့်မိ၏ ။ ညာဘက် က ချည်း ဖိ ဝါးခဲ့မိ၏ ။ နာတော့ လည်း ညာဘက် က ၊ ကျိုးတော့ လည်း ညာဘက် က ။

“ ဘယ်ဘက် က တစ်လှည့် တစ်ဖန် ပြောင်း ဝါးပေါ့ကွာ ၊ ငါ ဆို တစ်ချောင်း မှ မကျိုးသေးဘူး ၊ နှစ်ဖက် မျှ ဝါးတော့ နှစ်ဖက် ညှိ ခံရတော့ နည်းနည်း သက်သာတာပေါ့ကွာ ”

“ မင်း က တစ်ဖက်သ,တ် ဝါး တော့ တစ်ဖက်သတ်ကြီး ခံရပြီး ကျိုးတော့တာပေါ့ ကွာ ”

အခုမှ သိရပါတော့၏ ။ အချိန် က နောက်ကျ သွားလေပြီ ။

အခု အသက် ခြောက်ဆယ် ကျော် ရောက်ခါ မှ နည်းကောင်း ရပါ၏ ။ ကျိုးပြီး မှ ပဲ ရတော့တယ်ဟယ် ။

“ စီးပွားရေး မှာ လဲ ဒီ အတိုင်းပဲကွ ၊ ဆင်ခြင်ရတယ် ”

“ အမယ်လေး ဟုတ်ကြီး ရယ် ၊ ခုမှပဲ ဒီ စကား ပြောရသလား ”

“ ဒီအတိုင်း ပဲပေါ့ ဟကောင်ရ ၊ သူ့ဘက် ကိုယ့်ဘက် နှစ်ဖက် မမျှဘဲ တစ်ဖက်သတ် ကြိတ်ကြတော့ ဒုက္ခ တွေ ရောက်ကုန်ကြတာပေါ့ကွာ ”

ထိုအခါ ကျွန်တော် အဖန်ဖန် အထပ်ထပ် စဉ်းစားမိလေ၏ ။

ကိုယ့် အကြောင်း ၊ သူ့ အကြောင်း ၊ စီးပွားရေးသမားများ အကြောင်း ၊ ပျက်သွားသူများ အကြောင်း ၊ ဖြစ်လာသူများ အကြောင်း ။

ပျက်သွားသူများ ၊ ပျက်သွားသူများ ။

စီးပွားပျက်သွားသူများ ၊ ဘဝပျက် သွားသူများ ။

အင်း အင်း .. ဟုတ်တာပေါ့  ၊ ဟုတ်တာပေါ့ ၊ တစ်ဖက်သ,တ် ဝါး ၊ အရမ်းဝါး ၊ ကိုယ့်ဘက် ကိုယ်ယက် ၊ နင်းကန် ဝါး ကြတော့ ကျွန်တော့် အံသွားကလေး လိုပဲ ဖြစ်သွားပါလေရော ။

ဖြစ်လာသူများ ၊ ဖြစ်လာသူများ ၊ ချမ်းသာလာသူများ ၊ သူဌေး ဖြစ်လာသူများ ၊ တစ်နေ့ တစ်ခြား စီးပွားတက်လာသူများ ။

အင်း ဟုတ်တာပေါ့ ဟုတ်တာပေါ့ ၊ သူတို့ က သူ့ဘက် ကိုယ့်ဘက် နှစ်ဘက် မျှ ပြီး ပါးပါးကလေး ဝါး ၊ ညင်ညင်သာသာကလေး ဝါး ကြတာကိုး ။

စီးပွားရေး နိယာမများ ။

စီးပွားရေး နိယာမများ ။

လိုက် မှတ်လို့ ကို မဆုံးနိုင် တော့ပါလားဗျာ ။ ဒိုင်ယာရီတွေ ၊ ဗလာစာအုပ်တွေ တစ်အုပ် ပြီး တစ်အုပ် ကုန်ပေါ့ ။

လာပြန်ပြီဗျာ နိယာမ တစ်ခု

နှစ်ဖက်မျှ ပြီး ဝါးပါတဲ့ ဗျာ ။

ဟုတ်တော့ လည်း အဟုတ်သားဗျာ့ ။ ကျွန်တော့် မိတ်ဆွေ တရုတ်ကြီး ဟာ ချမ်းသာ ပါ့ ။ ခုနစ်ဆယ်ကျော် သည် အထိ သွား တစ်ချောင်း မှ လည်းမကျိုးသေး ။

သူ က နှစ်ဖက် မျှ ဝါးပါ သတဲ့ ။

▢ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
      ၉ ဒီဇင်ဘာ ၊ ၂၀၀၅

.

No comments:

Post a Comment