❝ မောင်ထွေးလေး နှင့် ငွေငန်းဖြူ ❞
ဟိုးရှေးရှေးတုန်းက လူတွေ ဟာ တောငန်းဖြူတွေ ရဲ့အသား ကို မစားကြဘူးတဲ့ ။ သူတို့ ရဲ့ ငွေရောင် လို ဖြူဖွေး နေတဲ့ အမွေး ကို လိုချင်ရင် တောင် ငန်းဖြူတွေ ကို မသ,တ်ဘူးတဲ့ကွယ် ။ ဘာပြုလို့လဲ ဆိုတော့ လူတွေ ဟာ မောင်ထွေးလေး ဆိုတဲ့ အင်မတန် လိမ္မာတဲ့ ကလေး တစ်ယောက်ဟာ တောငန်းဖြူ ဖြစ်နေတယ် ဆိုတဲ့ အယူအဆ ကြောင့်ပဲတဲ့ ။
မောင်ထွေးလေး ရဲ့ အဖြစ် ကတော့ ဒီလိုတဲ့ကွယ်...
ရွာ တစ်ရွာ မှာ မောင်ထွေးလေး ဆိုတဲ့ အင်မတန် လိမ္မာတဲ့ ကလေး တစ်ယောက် ရှိ သတဲ့ ။ သူ ဟာ မိဘစကား ကိုလည်း အစစအရာရာ နားထောင် သတဲ့ ။ သူစိမ်းလူတွေ က ဆုံးမ ရင် လည်း နာခံ သတဲ့ကွယ် ။ ဘယ်တော့မှ ထော်လော်ကန့်လန့် မလုပ်ဘူးတဲ့ ။ ဒါကြောင့်မို့ မောင်ထွေးလေး ကို သူ့ မိဘ တင်မကဘဲ တစ်ရွာလုံး က ချစ်ကြသတဲ့ ။
တစ်နေ့တော့ မောင်ထွေးလေး ရဲ့ အမေ ဟာ ဖျားပြီး သေသွားပါရောတဲ့ ။ဒီတော့ မောင် ထွေးလေး ရယ် ၊ သူ့ အဖေ ရယ် ပဲ ကျန်ရစ်ခဲ့ကြ သတဲ့ ။ အင်မတန် လိမ္မာတဲ့ မောင်ထွေးလေး ကို ရွာ က လူတွေ က မိတဆိုးလေးရယ် ဆိုပြီး ပိုပြီး ချစ်သနား နေကြသတဲ့ ။ ဒီလိုနဲ့ မောင်ထွေးလေး အမေ သေပြီး တဲ့ နောက် တစ်နှစ် လောက် ကြာလာတဲ့ အခါ မောင်ထွေးလေး ရဲ့ အဖေ ဟာ နောက် မိန်းမ တစ်ယောက် ယူလိုက် သတဲ့ကွယ် ။
မောင်ထွေးလေး ဟာ လိမ္မာတော့ သူ့ မိထွေး ကို အမေ စားရတယ် ဆိုပြီး ချစ်ရှာသတဲ့ ။ မောင်ထွေးလေး ရဲ့ မိထွေး က တော့ တခြား လူတွေ လို မောင်ထွေးလေး အပေါ် မချစ်ဘူးတဲ့ကွယ် ။ မောင်ထွေးလေး အဖေ အလုပ် သွားပြီလား ဆိုရင် မောင်ထွေးလေး ကို သိပ် နှိပ်စက်တာပဲတဲ့ ။ ထမင်း လည်း မကျွေးဘဲ ထားသတဲ့ ။ ဒီလို နှိပ်စက် တိုင်း မောင်ထွေးလေး ဟာ သူ့ အမေ ရဲ့ ဂူ ကို သွား သွားပြီး တစ်ယောက်တည်း ငိုငို နေသတဲ့ကွယ် ။ ဒါပေမယ့် သူ့ အဖေ ပြန်လာတဲ့ အခါ မောင် ထွေးလေး ဟာ သူ့ မိထွေး က သူ့ ကို နှိပ်စက်တဲ့ အကြောင်း ပြန် မပြောပါဘူးတဲ့ ။ သူ့ အဖေ စိတ် မကောင်း ဖြစ်မှာ စိုးလို့တဲ့ကွယ် ။ ဘယ်လောက် သိတတ်သလဲလို့နော် ။
ဒီလိုပဲ သူ့ အဖေ အလုပ် သွားတိုင်း မောင်ထွေးလေး ကို နှိပ်စက် ၊ ရိုက် ၊ ထမင်းမကျွေး ၊ အဝတ်အစား ဆိုတာလည်း အစုတ်အပြတ် တွေပဲ ဆင်ထားတာ ကို ရွာ က လူတွေ က မြင်တော့ စိတ်မကောင်း ကြဘူးတဲ့ ။ ဒါပေမယ့် သူတို့ လည်း ဘာမှ မတတ်နိုင်ကြဘူးတဲ့ ။
တစ်နေ့မှာ မောင်ထွေးလေး ကို သူ့ မိထွေး ဟာ ရိုက်ရုံတင် အားမရဘဲ “ နင့် ကို ထမင်း လည်း မကျွေးနိုင်ဘူး ၊ အိမ် မှာ လည်း မထားနိုင်ဘူး ၊ နင် အခုချက်ချင်း အိမ် က ထွက်သွား ” ဆိုပြီး နှင်ချ သတဲ့ ။ မောင်ထွေးလေး ဟာ သူ့ အဖေ နဲ့ မခွဲနိုင်တော့ အိမ် က ထွက်မသွားပါရစေနဲ့ လို့ သူ့ မိထွေး ကို တောင်းပန် သတဲ့ ။ ဒါပေမယ့် မိထွေး ဟာ မောင်ထွေးလေး ကို သိပ် မုန်းနေတော့ မောင်ထွေးလေး ရဲ့ အတောင်းပန်ကို မခံဘဲ “ နင် မသွားဘူးလား ၊ သွားမလား ” ဆိုပြီး အရမ်း ရိုက် တော့တာပဲတဲ့ကွယ် ။
သနားစရာ ကောင်းတဲ့ မောင်ထွေးလေး ဟာ နောက်ဆုံးတော့ သူ့ မိထွေး ရဲ့ အရိုက် မခံနိုင်တော့ဘဲ ခြေဦးတည့်ရာ ထွက်ပြေးသွားရတော့တာတဲ့ကွယ် ။
မောင်ထွေးလေး ဟာ ပြေးရင်းပြေးရင်း နဲ့ တောနက် ထဲ ကို ရောက်သွား သတဲ့ ။ ဒါပေမယ့် သူ့ မိထွေး ကို ကြောက်တော့ အပြေး မရပ်ဘဲ ဆက်လို့သာ ပြေးနေ သေးသတဲ့ ။ ပြေးနေရင်း သူ့ ခေါင်း ပေါ် က အတောင်ပံခတ်သံတွေ ကြားလို့ မော့ကြည့်တဲ့အခါ ဧရာမတောငန်းဖြူကြီး တစ်အုပ် ဟာ ပျံနေတာကို တွေ့ရသတဲ့ ။ ဒီတော့ မောင်ထွေးလေး က “ ငွေငန်းဖြူကြီးတို့ရယ် ၊ အိမ် မှာ အညှဉ်းဆဲ ခံနေရမယ့် အစား သင်တို့ နဲ့ပဲ ပျံလိုက်နေချင်ပါတယ် ”လို့ သူ့ လက် ကို မြှောက် ပြီး အော်ပြောမိ သတဲ့ ။ ဒါပေမယ့် တောငန်းဖြူတွေ ကတော့ သူ့ ကို ဂရုမစိုက်ဘဲ ပျံနေကြတာ ပေါ့ ။ မောင်ထွေးလေး ရဲ့ စကား ကို မကြားကြဘူး ထင်ပါရဲ့ကွယ် ။
မောင်ထွေးကလေး ကတော့ တောငန်းဖြူတွေ ပျံသွားတဲ့ နောက်ကိုပဲ ပြေးလိုက် နေ သတဲ့ ။ သူ့ လက်တွေ ကို လည်း တောငန်းဖြူတွေ ပျံသလို လိုက် လှုပ်ရှား နေသတဲ့ ။ အတန်ကြာ တော့ မောင်ထွေးလေး က “ ငွေငန်းဖြူ တို့ရယ် ၊ ကျွန်တော့် ကို ခေါ်ပါ ၊ မောင်ထွေးလေး ကို ခေါ်ပါ ” လို့ တောငန်းဖြူကြီး နောက် ကို တစာစာ အော်ပြော သတဲ့ ။
ဒီအခါမှာ တောငန်းဖြူအုပ် ရဲ့ခေါင်းဆောင် တောငန်းကြီး တစ်ကောင် ဟာ မောင်ထွေး လေး ဆီ ဆင်းလာပြီး သူ့ ရဲ့ အတောင် နဲ့ မောင်ထွေးလေး ရဲ့ လက်တွေ ကို သုံးကြိမ် တို့ လိုက်သတဲ့ ။ ဒီလိုလည်း တို့ လိုက်ပါရော မောင်ထွေးလေး ရဲ့ လည်ပင်း ဟာ ငန်းတွေ လိုရှည် လာပြီး သူ့ ရဲ့ စုတ် ပြဲနေတဲ့ အဝတ်တွေ ဟာ လည်း ငန်းမွေးဖြူတွေ ဖြစ်လာသတဲ့ ။ ဒီလို ဖြစ်လာတော့ မောင်ထွေး လေး ဟာ ငန်းတွေလို ပျံလို့ ရလာတာပေါ့ကွယ် ။ ပျံ လို့လည်း ရပါရော မောင်ထွေးလေး ဟာ ငန်းတွေ နဲ့ အတူ ပျံလိုက် သွားသတဲ့ ။ သနားစရာ ကောင်းတဲ့ မောင်ထွေးလေး ကို ငန်းတွေ ကလည်း သူတို့ နဲ့ အတူ ခေါ်သွား သတဲ့ ။
တောကြီး ထဲ က ရေအိုင်ကြီး တစ်အိုင် ကျတော့ ငန်းတွေ အားလုံး ဆင်းကြသတဲ့ ။ မောင်ထွေးလေး လည်း ငန်းတွေ နဲ့ အတူ ဆင်း သတဲ့ ။ ရေကန် ဟာ ငန်းတွေ နေတဲ့ နေရာတဲ့ ။ ဒီတော့ မောင်ထွေးလေး ဟာ ငန်းတွေ နဲ့ အတူ ဒီ ရေအိုင်ကြီး ထဲ မှာ ပဲ နေလိုက် သတဲ့ ။ ငန်းတွေ ဟာ မောင်ထွေးလေး ကို လိမ္မာတော့ လက်ခံ ထား သတဲ့ ။ ပြီးတော့ မောင်ထွေးလေး ကို ပျော်အောင် ထားကြ သတဲ့ကွယ် ။ မောင်ထွေးလေး ဟာ လည်း ငန်းတွေ နဲ့ အတူတူ နေရတာ သိပ် ပျော်လေ တော့ သူ့ အိမ် နဲ့ သူ့ ဘဝ ကို တောင် မေ့နေ သတဲ့ ။ သူ ဒုက္ခ ရောက်ခဲ့ရသမျှတွေ ကို လည်း သတိ မရ တော့ဘူးတဲ့ကွယ် ။
ဒီလိုနဲ့ နေလာလိုက်တာ မိုးဦးကျ လာတော့ ငန်းတွေ ဟာ ရေအိုင်ကြီး မှာ ဆက် မနေ တော့ဘဲ တခြား တစ်နေရာ ကို ပြောင်းကြ သတဲ့ ။ မောင်ထွေးလေး လည်း ငန်းတွေ နဲ့ အတူ လိုက် ပြောင်းရတာပေါ့ ။ သူတို့ နေရာသစ် ကို ပြောင်းကြတဲ့ အခါ မောင်ထွေးလေး ရဲ့ ရွာ ကို ဖြတ် ပြန်ရ သတဲ့ ။ ရွာ အပေါ် လည်း ဖြတ် ပြန်မိရော မောင်ထွေးလေး ငွေငန်းဖြူ ဟာ သူ့ အမေ ကို လည်း သတိ ရ လာတော့ ငိုပါရောတဲ့ ။ တခြား ငန်းတွေ ကလည်း မောင်ထွေးလေး အဖြစ်ကို သနားပြီး ဝိုင်း ငို လိုက်ကြတာ ကောင်းကင် တစ်ခုလုံး ငန်းဖြူတွေ ရဲ့ ငိုသံတွေ ဟာ ဆူနေတော့ တယ်တဲ့ ။ ဒီလို ငန်းဖြူ ငိုသံတွေ ကြောင့် ရွာ က လူတွေ ဟာ ထွက် ကြည့် တော့ မောင်ထွေးလေး ငွေငန်းဖြူ ကို မြင် ကြရသတဲ့ ။ ရွာသားတွေ ဟာ မောင်ထွေးလေး အတွက် စိတ်မကောင်း ဖြစ်ကြပြီး ပျံသွားတဲ့ ငန်းဖြူအုပ်ကြီး ကို လိုက် ကြည့်ရင်း ကျန်ခဲ့ကြသတဲ့ ။
အဲဒီအချိန် ကစပြီး ရှေးက လူတွေ ဟာ တောငန်းဖြူတွေ ရဲ့အသား လည်း မစားဘူး ။ သ,တ် လည်း မသ,တ်ကြတာဘဲ တဲ့ကွယ် ။ကလေးတို့ ရေ ၊ ရွာတွေ ၊ မြို့တွေ ပေါ် က တောငန်းဖြူတွေ ဖြတ်သွားတဲ့ အခါ သူတို့ ရဲ့ အော်သံ ဟာ တကယ်တော့ မောင်ထွေး အတွက် ငိုကြွေးသံတွေ ပါပဲ ကွယ် ။
⎕ ဉာဏ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၂ ၊ဧပြီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment