Saturday, October 19, 2024

ရွံ့နွံ ထဲ က ရုန်းထခဲ့ရသူ

 

❝ ရွံ့နွံ ထဲ က ရုန်းထခဲ့ရသူ ❞

[ ငွေငန်းဖြူ ဟိုတယ် က မန္တလေးမြို့လယ် ၊ သွားလာမှု လွယ်ကူသော နေရာ မှာ ရှိသည် ။ မန္တလေး ကို လာသည့် ကျွန်တော့် မိတ်ဆွေများ တည်းလေ့ ရှိသော ဟိုတယ် တစ်ခု ဖြစ်ပါသည် ။

တည်းခို နေသည့် မိတ်ဆွေများ ကို ဆုံတွေ့ ဖို့ သွားသည့် အခါတိုင်း မန်နေဂျာ ဦးကျော်ငွေ ကို သတိ ပြုမိသည် ။ သူ့ မျက်နှာ ပေါ်  မှာ ချိုမြသော အပြုံး အမြဲ ရှိသည် ။ သေသပ် သန့်ရှင်းစွာ ဝတ်ဆင်လေ့ ရှိသည် ။ နိုင်ငံခြားသား ဧည့်သည်များ ကို ချောမော ပြေပြစ်အောင် အင်္ဂလိပ်စကား ပြော နိုင်သည် ။ စုံစမ်း ကြည့်သော အခါ အင်္ဂလိပ်စာ မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူ ဟု သိလာ ရသည် ။

ငွေငန်းဖြူဟိုတယ် အဋ္ဌမ ထပ် ရှိ စားသောက်ခန်း မှာ ထိုင်ကြပြီး သူ့ ဘဝ ဇာတ်ကြောင်း ကို သိခွင့် ရခဲ့သည် ။ ]

   •••••   •••••   •••••

ရွာ မူလတန်းကျောင်း က လေးတန်း အောင် တော့ ကံထူးမရွာ မှာ ရှိ တဲ့ တွဲဘက် အထက်တန်းကျောင်း ကို ဆက် တက်တယ် ။

ကျွန်တော်တို့ ရွာ က တန့်ဆည်မြို့နယ် ထဲ မှာ ။ ရွာ နာမည် က ဇီးပေါက် တဲ့ ။ ဇီးပေါက် နဲ့ ကံထူးမ က သုံးမိုင်ခွဲ လောက် ဝေးတယ် ။ မနက် သုံးမိုင်ခွဲ ၊ ည သုံးမိုင်ခွဲ နေ့တိုင်း ခြေလျင် လျှောက် ပြီး ကျောင်း တက် ရတာပေါ့ ။

ကျွန်တော့် မိဘတွေ က တောင်သူ ။ မြေပဲ ၊ နှမ်း ၊ ပဲမျိုးစုံ စိုက်တယ် ။ မိုးကောင်း စိုက် တွေ ဆို တော့ မိုး မရွာ ရင် ဘာမျှ ဖြစ်ဖြစ်မြောက်မြောက် မရကြဘူး ။ အဖေ က တစ်ဘက် မှာ ထန်း လည်း တက် သေးတယ် ။ စကား ဖြတ် ပြောရင် ကလေး တုန်း က ကျွန်တော် လည်း ထန်း တက် ရသေးတယ် ၊ မနက် မနက် ထန်းပင် လေးဆယ် ကျော် တက် ရတယ် ။ ( ထန်းရည် ခံတဲ့ ) ခံအိုးတွေ နေ့စဉ် ဆေးရတာ အိုး နဲ့ တိုက်စား ပြီး လက်ထိပ် လက်သည်းတွေ ဆိုရင် ဗထက်ချိုက် ပုံ ဖြစ် ကုန်တာပဲ ။

ပြော နေတာ ဘယ် ရောက် သွားပါလိမ့် ။ ဩော် ကျွန်တော့် မှာ မွေးချင်း ကိုးယောက် ရှိတယ် ။ ဘာဖြစ်လို့များ ကလေးတွေ ဒါလောက်မွေး ခဲ့ကြပါလိမ့် ။ ကလေးတွေ များ တော့ စားအိုး က ကြီး ပြီး အဖေ တို့ ဆင်းရဲတယ် ။ ကျွန်တော် က မူလတန်း မှာ အတန်း တိုင်း ပထမ ရ တာမို့ လေးတန်း အောင် တော့ အစ်ကို အကြီးဆုံး က ကျောင်း ဆက် ထားဖို့ အားပေးတယ် ။

ခုနစ်တန်း ရောက် တော့ ရွာ က နေ နေ့စဉ် ကျောင်းသွား တက် ကြတဲ့ ကျောင်းသား ခြောက်ယောက် ရှိတယ် ။ ငါးယောက် က စက်ဘီး နဲ့  ၊ ကျွန်တော် က ခြေလျင် ။ အိမ် က စက်ဘီး ဝယ် ပေး ဖို့ ထားလို့ စီး တဲ့ ရာဘာ ဖိနပ် တောင် အလျဉ် မီအောင် ဝယ် မပေးနိုင်ဘူး ။ ဖိနပ်သဲကြိုး ထိပ်သီးတပ် တဲ့ အပေါက် ဘေး က ကွဲပြီး သဲကြိုး ထိပ်သီး က ပြုတ်ပြုတ် ထွက်တယ် ။ တစ်ခါတလေ ထိပ်သီး က မရှိတော့ဘူး ၊ သဲကြိုးသစ် က လည်း မဝယ်နိုင် သေးဘူး ။ သည်တော့ တွယ်ချိတ် နဲ့ ကန့်လန့် ထိုးပြီး စီး ရတာ ။ ဖိနပ် က လည်း အကျင့် မကောင်းဘူး ၊ ကျောင်းသူလေးတွေ ရှေ့ ရောက် ရင် တွယ်ချိတ် က ပြုတ် ထွက်ပြီ ။

ကျောင်း သွား တာ က လှည်း လမ်းကြောင်း အတိုင်း သွား ရတာ ။ ကွေ့ကွေ့ ကောက်ကောက် ပေါ့ ။ ကျွန်တော် ငါးတန်း ရောက်တဲ့ နှစ် မှာ ပဲ အောင်ရွှေဝါ စစ်ဆင်ရေး ဆိုပြီး လမ်း ကို အဖြောင့် ဖောက်ချ လိုက်တယ် ။ လယ်ကွင်းတွေ ရှိရင် မြေ ဖို့ပေါ့ ။ လမ်း က မြေ အသား မသေသေးခင် မှာ မိုး ရွာ ရင် ရွံ့ပင်လယ်ကြီး ပဲ ။ ဖိနပ် ချွတ်ပြီး တစွပ်စွပ် နဲ့ ရွံ့ဗွက်တွေ နင်း သွား ရတာ ။

ကျွန်တော် ဆယ်တန်း သာ အောင် ရော အဖေ က မုန့်ဖိုး ငါးပြား မပေးဖူးဘူး ။ ထမင်းထုပ် တော့ ထုပ်ပေး ပါတယ် ။ ထမင်း ကို အင်ဖက် နဲ့ ထုပ် ပေးတာ ။ ဟင်း က တော့ တော ထဲ က ခူးလို့ ရ သမျှ အရွက် တွေ ၊ မှို တို့  ၊ မျှစ် တို့ ပေါ့ ။ ကိုယ့် ဟင်း က မကောင်း တော့ သူများ နဲ့ ထမင်း လက်ဆုံ စား ရ မှာ အားနာတယ် ။ ဒါကြောင့် လမ်း က တော ထဲ မှာ တင် ကုန်အောင် စား ခဲ့တော့တယ် ။ မနက် ခုနစ် နာရီ လောက် က ထမင်း စား လိုက် ပြီး တစ်နေ ကုန် ဗိုက် ဟောင်းလောင်း နေရတာ ၊ ညနေ အိမ်ပြန် ရောက် မှ ပဲ ညစာ စား တော့ အစာ နဲ့ ပြန် တွေ့တယ် ။

ကျောင်း က တွဲဖက်ကျောင်း ဆိုတော့ ကျောင်းလခ ပေး ရတယ် ။ ကိုးတန်း မှာ တစ်လ အစိတ် ။ အိမ် က မတတ်နိုင်ဘူး ။ ကျောင်း ပိတ်ရက် မှာ မဟာမြိုင်တော ဘက် ရွှေကျင် လိုက် သွားတယ် ။ ကျောင်းစရိတ် စု မယ်ပေါ့ ။ ဖျား ပြန် လာတာ နဲ့ စု ထားတာ ကုန် တာပါပဲ ။

နောက်ပိုင်း ကျောင်းပိတ်ချိန် မှာ မိုးကောင်း တက်ပြီး လက်သမား လုပ်တယ် ။ ဖားကန့် သွားပြီး ကျောက်တွင်း ထဲ မှာ ခေါက်စား ထမ်းတယ် ။ ကျောက်တုံးကြီးတွေ ထမ်း သယ်ပို့ ရတာပေါ့ ။ အချို့ က ခေါက်စား မှတ်တဲ့ စာရေး ကို ငွေ ထိုးပြီး ခေါက်ရေ ခိုးတယ် ။ အချို့က အဲသည်လို လုပ်ဖို့ ကျွန်တော့် ကို အကြံ ပေးတာ ကျွန်တော် ငြင်းခဲ့တယ် ။ အဲသည်လို မျိုး လုပ် မစားဘူးပေါ့ ။

ကျွန်တော် က အင်္ဂလိပ်စာ ဝါသနာ ပါတော့ ဆယ်တန်း မှာ အင်္ဂလိပ်စာ ဂုဏ်ထူး နဲ့ ကံထူးမ တွဲဘက် အထက်တန်း ကျောင်း က အောင်တယ် ။ မန္တလေး တက္ကသိုလ် မှာ အင်္ဂလိပ်စာ အဓိက နဲ့ ဆက် တက်တယ် ။

ပထမနှစ် ပြီး လို့ ကျောင်း သုံးလ ပိတ်တော့ မိဘ ညီအစ်ကို မောင်နှမ တွေ ရှိရာ ရွာ ကို မပြန်နိုင်ဘူး ။ ဖားကန့် တန်း တက် တာပဲ ။ ဖားကန့် မှာ ဆန် ပိုး တယ် ။ နှစ်တင်း လောက် ရှိတဲ့ ဆန်အိတ် နဲ့ ပုဆိုး နဲ့ သိုင်း ၊ ကျော ပေါ် ပိုး ပြီး သယ် ရတာပေါ့ ။ ကျော ပေါ် မှာ အညိုအမည်း စွဲ နေတယ် ။

နေ့တိုင်း ကြုံရတာ ပြောရ ဦးမယ် ။ ဆန်အိတ်ကြီး ပိုး ပြီး ဂိတ်တွေ ရှေ့ က ဖြတ် သွားရင် နှစ်ဆယ် ပေး ရတယ် ။ ကျွန်တော် ကျောင်းစရိတ် လာ ရှာ တာပါ ပြော လည်း နား မလည်ဘူး ။ ပေး နှစ်ဆယ် ပဲ ။ ကျွန်တော့် မှာ ငွေ ရှာ ခက် သလောက် လွယ်တဲ့ သူတွေ မှာ တော့ အလွယ်သား ။

ဆန် ပိုးရင်း အားတဲ့ အချိန် မှာ ရေ ထမ်းပြီး ပို့တယ် ။ မှာ ထားတဲ့ ဖောက်သည်တွေ ကို ရေ ထမ်း ရောင်း ရတာပါ ။ ရေထမ်း နား ရင် လောပန်းတွေ နောက် က လိုက်ပြီး ကျောက်ထုပ် ထမ်း ပို့တယ် ။ ဒီလိုနဲ့ ငွေ စု လိုက် ၊ ကျောင်း ပြန် တက် လိုက် ၊ ကျောင်း ပိတ် ရင် အလုပ် ပြန် လုပ်လိုက် နဲ့ ချာလပတ် လည် နေတာပဲ ။ အလုပ် ပမ်း တော့ ငှက်ဖျား က လည်း ဖျား သလား မမေးနဲ့ ၊ ကျောင်း ပြီးတဲ့ အထိ ငှက်ဖျား ပါ လာတယ် ။ နောက်ဆုံး ဘာ နဲ့ ပျောက် သွားတယ် ထင်လဲ ။ ငါးဘတ် သည်းခြေ မြို ရတယ် လို့ သူများ ပြောတာ နဲ့ ဟုတ်လို ဟုတ်ငြား မြို လိုက်တာ ။ ဟုတ်သလား တော့ မသိဘူး ။

ဘွဲ့ ရပြီးတဲ့ နောက်တော့ ခွန်စိုက် အားစိုက် အလုပ်တွေ ကို လုပ်ဖို့ သိပ် မလို တော့ဘူး ။ Guide ( ဧည့်လမ်းညွှန် ) သင်တန်း လည်း တက်ပြီး Guide လုပ် လို့ ရတဲ့ ငွေကလေး နဲ့ မာစတာ ဆက် တက် တယ် ။ ဒီလို ဟိုတယ် ရောက် မှ M.A ပြီး သွားတာ ။ ၂၀၀၀ ခု က ပေါ့ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

.

No comments:

Post a Comment