❝ နယူတန် မသိလိုက်တဲ့ ဖိနပ် ❞
━━━━━━━━━━━━━━━
တာရာမင်းဝေ
━━━━━━━━━━━━━━━
တစ်ခါတုန်းက လူ တစ်ယောက် ရှိခဲ့ဖူးတယ် ။ သူ့ အကြောင်း ကို ထွေထွေထူးထူး ညွှန်းဖွဲ့ ပြောစရာ အကြောင်း မရှိပါဘူး ။ သာမာန်ပါပဲ ၊ မချမ်းသာပေမယ့် မဆင်းရဲဘူး ၊ လက်မှုလုပ်ငန်း တစ်ခု ကို လုပ်ပြီး ရပ်တည်တယ် ။ လူပျိုကြီး မို့လို့ မိသားစုဝန် ကင်းတယ် ။
တစ်နေ့ ... မိုးအေးအေး နဲ့ အိမ် ထဲ မှာပဲ သူ တီဗီ ထိုင်ကြည့် နေတုန်း ...
ဒေါက်ဒေါက် ... ဒေါက် ...
တံခါး ခေါက်သံ ကြားရပါတယ် ။ ဘယ်သူလဲ ရယ်တော့ ဘယ် သိမလဲ ။
“ တံခါး ဖွင့်ထားတယ် ၊ တွန်း ဝင်လိုက်ပါ ”
အထဲ ကို ဝင်လာသူက ဆင်းရဲနွမ်းပါးပုံ ရတဲ့ မျက်နှာစိမ်း မိန်းမ တစ်ယောက် ။ သူ အံ့ဩ သွားတယ် ။ အဲဒီ မိန်းမ ကို မသိဘူးလေ ။
“ ခင်ဗျား က ဘယ်သူလဲ ”
“ ကျွန်မ က မလှ ပါ ”
“ ဘာကိစ္စများ ရှိလို့လဲ ”
“ ဖိနပ် တစ်ရံ ရောင်းချင်လို့ပါ ”
“ အာ ... ကျွန်တော့် မှာ ဖိနပ် ရှိသေးတယ် ။ ဟောင်းပေမယ့် စီးလို့ ရသေးတယ် ”
“ ဝယ်ကြည့်ပါဦး ရှင့် ... ထူးခြားမှာပါ ”
အဲဒီ မိန်းမ က သူ ယူလာတဲ့ ဖိနပ် ကို ထုတ် ပြတယ် ။ ဖိနပ် က အသစ်စက်စက်ပဲ ၊ လှ လည်း လှတယ် ။ သူ့ ခြေထောက် နဲ့ လည်း အနေတော် ဖြစ်နိုင်တယ် ။ ဒါပေမဲ့ သူ က အဲဒီ မိန်းမ ကို မသင်္ကာဘူး ။
“ မဝယ်တော့ဘူးဗျာ ၊ ခင်ဗျား ဘာသာ တခြား သွား ရောင်းပါ ”
“ ကျွန်မ ဈေးလျော့ ပေးပါ့မယ်ရှင့် ”
“ ဟင့်အင်း .. မလိုချင်ပါဘူးဗျာ ”
“ စီး ကြည့်ပါဦးရှင့် ”
“ ဟင့်အင်း မစီးတော့ပါဘူး ၊ ခင်ဗျား ရောင်းတာ မို့လို့ လည်း မဝယ်ချင်ဘူး မလှ ရဲ့ ။ မြန်မာစကားပုံ လည်း ရှိသားပဲ ။ ခင်ဗျား ရဲ့ နာမည် နဲ့ ကို တိုက်ရိုက် ဆိုထားတာ ။ ‘ မရှိ ခိုးနိုး မလှ စုန်းမျိုး ’ တဲ့ ”
“ အို .. စကားပုံ က အဲဒီလို မဟုတ်ပါဘူးရှင် ။ ‘ မရှိခိုးနိုး မလှစုန်းယိုး ’ ပါ ။ မရှိတဲ့ သူ ကို ခိုးမယ် ထင်ကြ တယ် ။ မလှတဲ့ သူ ကို စုန်း လို့ ယိုးစွပ်ကြတယ် ။ အဲ့ဒီလိုပါ ”
“ ဘယ်လိုပဲ ဖြစ်ဖြစ် မဝယ်ချင်ပါဘူးဗျာ ”
“ ဝယ်ပါရှင် ”
ပြောရဆိုရတာ အတော်လ က်ပေါက်ကပ်တဲ့ မိန်းမပါပဲ ။ နားညည်း မခံနိုင်တဲ့အဆုံးမှာ သည် မိန်းမ ပြန်ရင် ပြီးရော ဆိုတဲ့ စိတ်နဲ့ အဲဒီ ဖိနပ် ကို ဝယ်လိုက်ပါတယ် ။ ဈေး က လည်း အတော် ချိုပါတယ် ။
ဒါပေမဲ့ သူ ဟာ အဲဒီ ဖိနပ် ကို အတော် နဲ့ မစီးဖြစ်ပါဘူး ။ စင်ပေါ် တင် ထားပြီး ဖိနပ် အဟောင်း ကို ပဲ စီးမြဲ ဆက် စီး နေတယ် ။ အဲ့ဒီလိုနဲ့ တစ်နေ့ မှာ ဧည့်ခံပွဲ တစ်ခု သွားရမယ့် အခြေအနေ ကြုံ လာရော ။
“ အင်း ... ဖိနပ် အဟောင်း နဲ့ က တော့ မကောင်း ဘူး ၊ ဖိနပ် အသစ် ကို စီးသွားမှ ”
ဝတ်ကောင်းစားလှတွေ ကို ဝတ် လို့ မလှ လာ ရောင်း ထားတဲ့ ဖိနပ် အသစ်ကို စီးပြီး ဧည့်ခံပွဲ ကို သွားပါလေ ရော ၊ ပြဿနာ က အဲဒီမှာ စပါတယ် ။
“ အား ... ကျွတ် ... ကျွတ် ”
အကြီးအကျယ် ဖိနပ် ပေါက်ပါတယ် ။ ဖိနပ် နှစ်ဖက် ရဲ့ သဲကြိုး လေးချောင်းလုံး က အရေပြားတွေ အသားနီ လန်တဲ့ အထိ ကို ပေါက်တာပါ ။ သူ မခံနိုင်ပါဘူး ။ မခံနိုင် လောက်အောင် ကို လည်း နာပါတယ် ။
“ ဖိနပ် က နည်းနည်းလေး ကြီး ရင် တော်ဦးမယ် .. ကျွတ် ... ကျွတ် ”
အဲဒီလို သူ ညည်းမိတာ မှာ တင် ဖိနပ် က တဖြည်းဖြည်း ကြီးလာပါတယ် ။ အကြီးကြီး ဖြစ်တဲ့ အထိ ကို ကြီး လာ ပါတယ် ။ သူ စီးလို့ အဆင် မပြေတော့ပါဘူး ။
“ ဟ .. ဖိနပ် က ပြန် သေးသွားမှ ဖြစ်မှာပဲ ”
အဲဒီလို ရေရွတ်မိတော့ လည်း ဖိနပ် က ပြန် သေး သွားပါတယ် ။ နဂိုမူလ ထက် ကို ပြန် သေးသွားပြီး သူ့ ခြေထောက် ကို မညှာမတာ ကိုက်ခဲ ထား သလိုပါပဲ ။
“ ပြဿနာ ပဲ ၊ ဖိနပ် က နဂို အတိုင်း ပြန် ဖြစ်ပါ့မလား ”
ပြန် ဖြစ် သွားပါတယ် ။ သူ ပြောသလို နဂို အတိုင်း ပြန် ဖြစ်သွားပါတယ် ။ ဒါပေမဲ့ ဖိနပ် ကတော့ ပေါက်မြဲ ပေါက်ဆဲ ပါပဲ ။ သူ အတော် စိတ်တို သွားတယ် ။
“ အလကား ဖိနပ် ၊ ဒုက္ခ ပေးတဲ့ ဖိနပ် ၊ သွားဟာ ”
ဖိနပ် ကို ဆွဲ ချွတ်ပြီး လွှင့်ပစ်ဖို့ သူ ကြိုစားပါတယ် ။ ဒါပေမဲ့ မရပါဘူး ။ ဖိနပ် ဟာ ဘယ်လိုမှ ပြန် ချွတ်လို့ မရတော့ပါဘူး ။
အမှန်တော့ သူ့ ဆီ ကို ဖိနပ် လာ ရောင်းတဲ့ မိန်းမ ဟာ သူ ထင်တဲ့ အတိုင်း စုန်းမ တစ်ယောက် ပါ ။ အန္တရာယ် ပေးချင်လို့ မဟုတ်ဘဲ ချစ်လို့ သက်သက် သူ့ ကို ကျီစား တာ ပါ ။ သူ့ မှာ တော့ အကြီးအကျယ် အခက် ကြုံရပါတယ် ။ ချွတ်လို့ မရတဲ့ ဖိနပ် တန်းလန်းတန်းလန်း နဲ့ ပဲ လိမ့်နေအောင် ခံရပါတယ် ။
“ အင်း... ဒီလိုကျရင် အဆင်ပြေ သွားသားပဲ ”
ခုန်ခုန်ပြီး လျှောက် ကြည့်ရင် အဆင်ပြေပါတယ် ။
ဖိနပ် ပေါက်တဲ့ ဒဏ် ကို လည်း မခံရတော့ပါဘူး ။ နောက်ပိုင်းမှာ အပြင် ထွက်တိုင်း ခုန်ခုန် ပြီး တော့ပဲ သူ လျှောက် သွားပါတော့တယ် ။
မိတ်ဆွေ ... ခင်ဗျား ပျော်နေတဲ့ အချိန် မှာ လူ တစ်ယောက် က ကိုယ် ရှေ့ လာပြီး ခုန်ဆွခုန်ဆွ လုပ်ပြ နေရင် ခင်ဗျား နဲ့ အတူ လိုက် ပျော်နေတယ် မထင်ပါနဲ့ ၊ သူ့ ကိစ္စ နဲ့ သူ ပါ ။ သူ့ ဖာသာ လမ်းလျှောက်ရင်း ခုန်ဆွခုန်ဆွ ဖြစ်နေ ရင် လည်း ဘဝင် မြင့်ပြီး မြောက်ကြွ မြောက်ကြွ ဖြစ်နေတယ် မထင်ပါနဲ့ ၊ သူ့ ကိစ္စ နဲ့ သူ ပါ ။
အရေးကြီးတာ က သည် ပုံပြင် ကို ဖတ်ပြီး ကိုယ် ကိုယ်တိုင် က ခုန်ဆွ ခုန်ဆွ ဖြစ် မနေဖို့ပါပဲ ။
▢ တာရာမင်းဝေ
📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment