❝ ရွှေဟင်္သာ ၏ မာနရှင် ❞
( ရေးသူ - ? )
ခင်ရယ် ... ခင် က တော့ မောင့် ကို မချစ်သော်လည်း ၊ မောင် က တော့ ခင့် ကို မြင်သည့် နေ့ မှ စ၍ မစားနိုင် ၊ မသောက်နိုင် ပဲ ခင့် မျက်နှာကလေး ကို သာ မောင့် မျက်စိ ထဲ မှာ စွဲနေတော့တာပဲ ခင် ရဲ့ ။ ခင်တို့ လို ဥစ္စာ ပေါ ရုပ် ချော အလိမ္မာ အိမ်ပါ ဆိုတော့ ချစ်ခင်တဲ့ လူတွေ ပေါများလွန်း လို့ ခင်တို့ က တော့ မျက်နှာ ကြီး ပြီး မာန တက် နေမှာပေါ့ ၊ ခင် တို့ လို မိန်းမသား က စိမ်းကား သော် လည်း မောင် တို့ လို ယောက်ျားများ က မစိမ်းကားနိုင်သေးဘူး ခင် ရဲ့ ။ ဘာကြောင့် “ မချစ် သော် လည်း အောင့် ကာ နမ်း ၊ မနမ်း သော် လည်း ပင့်သက်ရှူ ” ဆိုတဲ့ စကားပုံ ကို ထောက်ထား လို့ သနား သင့်ပါတယ် ခင် ရယ် ၊ ခင့် ကို မောင် ဘယ်လောက် ချစ်သလဲ ဆို .. ။
အို ... ကိုသိန်းရွှေ ရဲ့ ခင့် ကို ချစ် လျှင် ‘ ချစ်တယ် ’ လို့ တိုက်ရိုက် ပြော ပါကလား ။ အခုတော့ ချစ်တဲ့ အကြောင်း ကို မရှည်, ရှည်အောင် ဗာရာဏသီ ချဲ့ နေရသေးတယ် ။ အခု ခေတ်ကြီး က ရှေး က နဲ့ နည်းနည်း မှ မတူဘူး ရှင့် ။ အခု ခေတ် က မြန်မြန် ကြိုက်တတ်တဲ့ လူတွေ ပေါများလွန်း လို့ မော်တော်ကား နဲ့ သွားတဲ့ လူတွေ လေယာဉ်ပျံ ကို စီးတဲ့ လူတွေ အို .... မရေမတွက် နိုင် အောင် အမြန် ကို အသုံးပြုတဲ့ လူတွေ က ပေါများ လွန်းတော့ ဘာကို အရှည် ချဲ့ ၍ ရေးနေ ၊ ပြောနေ ၊ လုပ်နေ ၊ ကိုင်နေ ဖို့ မလိုပါဘူး ။ လိုရင်း အချက် ကို သာ တိုတိုတုတ်တုတ် ပြော ရင် ပြီးတာပါပဲ ။
ဒီ တစ်ဖက်သား က မချစ် ချစ် အောင် ပြောတာ ကို တောင် မှ မချစ်တာ ချစ်ပါ ခင်ရယ် လို့ ၊ တိုတိုများ ပြော လိုက်လျှင် ခင် အခု စီး ထားတဲ့ ခုံဖိနပ် နဲ့ တောင် အရိုက်ခံရဦး မှာ လား မသိဘူး ။
ကိုသိန်းရွှေ ခင့် ကို ဒါလောက် ရိုင်းတဲ့ မိန်းမ လို့ မှတ်နေ သလား ။ အခု လိုရင်း အချက် ကို သာ ပြောလိုက်မယ် ဆိုရင် ပါးစပ် မညောင်းဘူး မဟုတ်လား ။ မဟုတ်တဲ့ အပိုတွေ ကို ထည့် ပြောနေမယ် ဆိုလျှင် မုသာဝါဒ ကံ ထိုက်ပါလိမ့်မယ် ။ အဲဒီတော့ ဘုရား လည်း ကြိုက်အောင် ၊ ခေတ်ကာလ အမျိုးသမီးများ လည်း ကြိုက် အောင် ‘ ချစ် လျှင် ချစ်တယ် ၊ ကြိုက် လျှင် ကြိုက်တယ် ’ ပေါ့ ၊ ခင် ပြောတဲ့ စကားများ ကို စိတ် မဆိုးပါနှင့် ၊ ခင် ပြောတာ နည်းလမ်း မကျဘူး ကျတယ် ဆိုတာ ကိုသိန်းရွှေ ပညာရှိများ စဉ်းစားကြည့် တတ်ပါလိမ့်မယ် ။
ဘယ်တော့မှ စိတ် မဆိုးပါဘူး ၊ ခင် ပြောတဲ့ စကားတွေ ဟာ လည်း မှန် ပါတယ် ၊ မောင် က အပြစ် မဆိုလိုပါဘူး ။ ကဲ တခြား စကားတွေ ပြော မနေပါနှင့် တော့ ။ ငယ်စဉ် ကတည်း က ချစ်ခဲ့တာပါ ။
ခင် က လည်း ချစ် ၊ မောင် က လည်း ချစ်ခဲ့ကြတာ က ငယ်စဉ် က ရိုးရိုး ၊ ငါးရာနှစ်ဆယ့်ရှစ်သွယ်သော ချစ်ခြင်းမျိုး ဖြင့် ချစ်ခဲ့ကြ တာ မှာ ၊ ယခု ချစ်ခြင်း ကိုးရာ့နှစ်ဆယ်နှစ်သွယ် သော ချစ်ခြင်းမေတ္တာ ကို ပါ ပေါင်း တစ်ထောင့် ငါးရာ ကိလေသာ တည်း ဟူသော ချစ်ခြင်းမေတ္တာ နဲ့ ချစ်စေချင် ပါတယ် ။ ခင် နဲ့ မောင် တို့ မှာ ငယ်စဉ်က စ၍ အတူတူ ကစား ၊ အတူ ကျောင်းသွား လာခဲ့ ကြတဲ့ လူ တွေ ပါ ။ တစ်ယောက် အကြောင်း ကို တစ်ယောက် ကောင်းကောင်း ကြီး သိကြတဲ့ လူတွေ ပါ ။ ဒီတော့ ဘာကို မျှ စဉ်းစားရာ မရှိ ၊ ချစ်နိုင် လျှင် ချစ်နိုင်တယ် ၊ မချစ်နိုင် လျှင် မချစ်နိုင်ဘူး လို့ ခင် ပြော သလို တိုတို ပြောစမ်း ပါ ခင် ရယ် ။
ကိုသိန်းရွှေ ငယ်ငယ် က နဲ့ နည်းနည်း မှ မတူဘူး ၊ စကားတွေ သိပ် တတ် လာတာပဲ ၊ ခင် ကို လှည့်စားပြီး ပြော လိုက်တာ ဘာ ကို ပြန်ပြောရမည် ကို ပင် မစဉ်းစားတတ်တော့ဘူး ။ ခင် က တော့ ကိုသိန်းရွှေ ကို အမှန်တကယ် ငယ်စဉ် ကတည်း က ချစ်ပါတယ် ။ ဒါပေမဲ့ ကိုသိန်းရွှေ ပြော တဲ့ တစ်ထောင့် ငါးရာ ကိလေသာ တည်း ဟူ သော ချစ်ခြင်းမျိုး ဖြင့် ချစ်ရမည်ဆိုတော့ ခင် က အဖြေ ပေးရန် ခက်ခဲလှ ပါတယ် ။ ဒါကြောင့် ခင့် ကို စဉ်းစားရန် ခွင့်ပေးပါ ကိုသိန်းရွှေ ရယ် ခင် တောင်းပန်ပါတယ် ။
အို ... ခင် ရယ် ၊ ခင် က တိုတို ကြိုက်တယ် ဆိုလို့ တိုတို ပြောတော့ ခင် က ငြင်းနေတယ် ၊ မောင့် ကို မယုံလို့ လား ခင် ရဲ့ ၊ မောင် ဟာ ဂျပိုး လည်း မဟုတ် ၊ တေလေ လည်း မဟုတ်တဲ့ အကြောင်း ကို ခင် သိပါလိမ့်မယ် ။ ခင် တို့ ဖေဖေ နဲ့ မောင် တို့ ဖေဖေ ဟာ ငယ်စဉ် က ကျောင်း အတူတူ နေ ၊ အတူတူ သွား ၊ အတူတူ လာ ရာ က ကြီးပြင်းလာ လို့ အလုပ် ကို လုပ်ကြတော့ တောင် အိမ်ချင်း ကပ် နေအောင် နေခဲ့ကြတာတွေ ကို ခင် လည်း သိမှာပေါ့ ။ ခင့် ကို မောင် နဲ့ ဆိုလျှင် စိတ်ချတယ် ဆိုတာ လည်း ခင် သိပါလိမ့်မယ် ။ အဲဒီတော့ မောင်တို့ နှစ်ယောက် မေတ္တာ ရှိကြမယ် ဆိုလျှင် လူကြီးများ က လည်း ငြင်း နေကြမယ် မဟုတ်လေ တော့ ၊ ခင် က သာ ချစ်ပါတယ် ဆိုလိုက် မောင် က တစ်ခါတည်း မင်း တို့ ဖေဖေ ကို ဝင် ပြီး တစ်ခါ တည်း တောင်း မှာပေါ့ ခင် ရဲ့ ၊ ငြင်း နေစရာ မဟုတ်တဲ့ လူ ကို ရှောင်ဖယ်ဖယ် လုပ်နေရသေးသလား ခင် ရဲ့ ။
ကိုသိန်းရွှေ ဒါတွေကို ကျွန်မ အစ ကတည်း က သိပါတယ် ၊ သို့သော် မပြောမပြီး မတီးမမြည် ဆိုတာ လို ခင် က ပြောရတော့ မှာ ဖြင့် ကိုသိန်းရွှေ ရယ် ၊ ခင်တို့ ဟာ လည်း အသက်အရွယ် ကြီးလာကြ ပြီ မို့ ချစ်ခြင်းမေတ္တာ ကို အရိပ်အငွေ့ မျှ နားမလည်ကြသူတွေ ချည်းပေါ့ ၊ သို့သော်လည်း ‘ အချစ် နှင့် မေတ္တာ ’ ဆိုတဲ့ စကား ဟာ နှစ်လုံး စီ ပင် ရှိကြသော် လည်း အဓိပ္ပာယ်ကား ရှည်လျား လွန်း ပါတယ် ။ ထို့ပြင် ချစ်ခြင်း နှင့် မေတ္တာ ရှိခြင်း အရာ ၌ မူ ကား အလွန်တရာ မှ စဉ်းစား ဆင်ခြင် ၍ ပြုလုပ်သင့် ပါပေတယ် ။ ဒီလို စကားလေး နှစ်လုံး နှင့် အဓိပ္ပာယ် ရှည် လှသော စကား မှာ ဆင်ပစ်မြွေ ကဲ့သို့ အလွန်တရာ မှ သေး ပင် သေးငယ် သော် လည်း အဆိပ်ပြင်း သဖြင့် ကြောက်စရာ ကောင်း လှ သကဲ့သို့ ‘ ချစ်ခြင်းမေတ္တာ ’ မှာ လည်း စကားကလေး လေးလုံး ပင် ဖြစ် သော်လည်း အလွန်တရာ မှ ကြောက်စရာ ကောင်းလှပေ၏ ။
ထို့ကြောင့် ခင်က စဉ်းစဉ်းစားစား စကား ပြန်ပါရစေ လို့ ခွင့်တောင်း လိုပါတယ် ကိုသိန်းရွှေရယ် ... ။ ခင်တို့ အမျိုးသမီးများ ဟာ မေတ္တာ ရှိကြရာ တွင် မစဉ်းစား ၊ မဆင်ခြင်ဘဲ ပြုလုပ်ကြ သဖြင့် အမှားမှား အယွင်းယွင်း ဖြစ် နေကြပါတယ် ။ ဒီလို အကြောင်း ကြောင်း ကြောင့် ကိုသိန်းရွှေ ၏ အကြောင်း ကို ငယ်စဉ် က ပင် သိရပါ သော်လည်း ယခုအခါ မှာ မူကား စဉ်းစား ပြီး မှ ပြောနိုင် မှာ မို့ ခင့် ကို စဉ်းစားခွင့် ပြုပါ ဟု တစ်လုံးစီ အဓိပ္ပာယ် ပေါ်ပေါ် တရားဟော ဆရာမ လို ပြတ်ပြတ်သားသား ပြော လိုက်ရာ ၊ နီမြန်းသော မျက်နှာ တွင် ဒေါသ ထွက်သော အသံ ဖြင့် အတန်ကြာ ငေးစိုက် နေပြီးမှ “ ဟေ့ ခင်ခင်လှ မင်း ကို ငါ က မေတ္တာစစ် နှင့် ရိုးရိုး မေတ္တာစစ် နှင့် ပြောတာ ကို မင်း က ငါ့ ကို တမျိုးတမည် လွှဲ၍ ပြော နေစရာ အကြောင်း မရှိ ၊ မင်း ချစ်နိုင် မှ ချစ် ၊ မင်း ကြိုက်နိုင် မှ ကြိုက် ၊ ခုလို ရှောင်ဖယ်ဖယ် စကားတွေ ကို မင်း ပြော နေစရာ မလို ၊ လောက မှာ မိန်းမ ရှား တာ မဟုတ် ။ ခေါင်း ခေါက်ပြီး ကြိုက်ရာ ကို ရွေး ယူ နိုင်တယ် ၊ သို့သော် မင်းလို ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ယောက် ၏ သမီး ဖြစ်ပြီး မင့် အကြောင်း ကို ငါ သိ ငါ့ အကြောင်း ကို မင်း သိတဲ့ လူ တွေ မို့ ၊ မင်း ကို မှ ရွေးချယ်ပြီး ဤကဲ့သို့ ပြောရတာပါ ။ မင်း က ဒါမှ ငြင်း နေမယ် ဆိုရင် ကျုပ် စကား ရှည် နေရာ အကြောင်း မရှိ ၊ မင်း မချစ် ကြိုက်နိုင် ရင် မင်း မချစ်ကြိုက်နိုင်ဘူး ပေါ့ ...” ဟု ဒေါသ ထွက် လှ သဖြင့် အံ ကို ကြိတ် ကာ ၊ ခင်ခင်လှ သည် မောင်သိန်းရွှေ ဒေါသ ထွက် နေကြောင်းကို ကောင်းမွန်စွာ သိရ ကား မည်သို့မျှ ပြန် မပြောဘဲ ငေးစိုက် စဉ်းစားရင်း ကျန်ရစ်ခဲ့လေသတည်း ။
ခင်ခင်လှ မှာ နာမည် နှင့် လိုက်အောင် လှ သဖြင့် ချစ်ခင်သူ များ လည်း ပေါများ ပါပေ၏ ။ ဤသို့ လှ သဖြင့် ချစ်ကြိုက်သူ ပေါများ သဖြင့် အလှဂုဏ် ကို ယူ ကာ မာန တက်လျက် ရှိလေ၏ ။ အလှ ၏ မာန ကြောင့် မည်သူ့ကို မျှ ဂရုမစိုက် အရေးမစိုက် ဘဲ ရှိလေရာ ၊ ငယ်စဉ်မှ စ၍ အတူတကွ နေထိုင်ခဲ့ဖူး သည့် မောင်သိန်းရွှေ က ဤကဲ့သို့ စကားမျိုး ကို ပြောလိုက်သဖြင့် ငြင်းရ မှာ လည်း အခက် ၊ ချစ်ရမှာ လည်း မဖြစ်နိုင် သဖြင့် ရီးတီးရားတား လုပ်လိုက်ရ လေ၏ ။
ဤနေ့ မှာ မူကား ဥပုသ်နေ့ ဖြစ် သဖြင့် လူကြီးများ ဘုရား သို့ တရား နာ ရန် သွား သဖြင့် မောင်သိန်းရွှေ မှာ သူငယ်ချင်းများ ၏ အကြံပေးချက် အရ ခင်ခင်လှ အား ဤကဲ့သို့ ပြောသည်တွင် မအောင်မြင်ဘဲ ရှိလေ၏ ။ ခင်ခင်လှ ၏ မိဘများ က မောင်သိန်းရွှေ အား ယုံကြည်သဖြင့် မိမိ သမီး ကို ဘုရား မှ မပြန်မီ ကြည့် ထားရန် မှာကြား သဖြင့် မောင်သိန်းရွှေ လည်း မိမိ အိမ် ကို အစေခံများ ဖြင့် လွှဲ ကာ ၊ ခင်ခင်လှ ကား ဤကဲ့သို့ စကားမျိုး တစ်ခါ မှ မပြောဖူးဘဲ အရဲ စွန့် ကာ ပြောရခြင်း ဖြစ်လေ၏ ။ ခင်ခင်လှ လည်း မောင်သိန်းရွှေ အိမ် ပေါ် သို့ တက်လာသည့် အချိန် မှ စ၍ မျက်နှာ ကို အကဲခတ် မိရာ မောင်သိန်းရွှေ ၏ စိတ် ထဲ တွင် အကြံအစည် တစ်ခု ခု ရှိကြောင်း ကို ကောင်းမွန်စွာ ရိပ်မိ သဖြင့် စိတ် တထိတ်ထိတ် နှင့် သာ ရှိလေ၏ ။
မောင်သိန်းရွှေ သည် များမကြာ ခင်ခင်လှ ၏ အိမ် သို့ တစ်ဖန် တက် လာ ပြန်ရာ ခင်ခင်လှ က အမူ လုပ်လျက် တစ်ဖက်သို့ လှည့်လျက် ထိုင်ကာ “ ရှင် ဘာပြုလို့ ပြန် လာတာတုန်း ၊ ရှင့် အိမ် မှာ ပြန် နေနိုင်ပါတယ် ” ဟု ဣန္ဒြေ နှင့် ပြော လိုက်ရာ မောင်သိန်းရွှေ က လည်း ဒေါသ ထွက်သည့် အသံ နှင့် ခတ်ဆက်ဆက်
“ ဟေ့ ... မင့် အိမ် ကို ငါ အလကား နေတာ မဟုတ်ဘဲ ။ မင့် ဖေဖေ က ငါ့ကို အစောင့် ခိုင်းလို့ လာ စောင့်ရတာ ။ မင့် အိမ် ကို နောက် ဘယ်တော့မှ မတက်ပါဘူး .. ” ဟု ပြန် ပြောသည် တွင် “ ရှင် က ခင့် အိမ် ကို လာ စောင့်နေ သော်လည်း ၊ ခင် က တော့ လခ မပေးနိုင်ဘူး ကိုဒရဝမ်ကြီး ရဲ့ ” ဟု တင်းတင်း မာမာ နဲ့ ဒီ မာနရှင် ကို ချိုးမည် ဟု ပြောပြပြီး လေ လျှင် မော်တော်ကား ဆိုက်သံ ကြားသည် နှင့် မည်သူမျှ စကား မပြောပဲ နေစဉ် လူကြီးများ တက်လာကာ အမျှ ပေးဝေ နေသည် နှင့် မောင်သိန်းရွှေ မှာ သာဓု အာနုမောဒနာ ခေါ် ကာ ဆင်း သွားလေ သတည်း ။
မောင်သိန်းရွှေ နှင့် ခင်ခင်လှ တို့ ၏ အိမ် မှာ ဘေးချင်း ကပ်လျက် ရှိသဖြင့် နှစ်အိမ် စလုံး မှာ ကူးသန်းသွားလာရန် လမ်း လွယ်လျက် အထူး ခင်မင်ကာ နေကြသည် မှာ မောင်သိန်းရွှေ ၏ ဖခင် ဦးညိမ်းမောင် တို့ ငယ်စဉ် က ပင် စ ၍ ခင်မင် လျက် ရှိလေသည် ။ ဤကဲ့သို့ ချစ်ခင်စွာ နေခဲ့ရာ မှာ ကြီးပြင်း ကာ သားသမီး တို့ ပင် လျှင် ကြီးပြင်း ၍ ၊ အပျိုအရွယ် ရောက် လာသည့် တိုင်အောင် ပင် ချစ်ခင် ခဲ့ ရာ မောင်သိန်းရွှေ နှင့် ခင်ခင်လှ တို့ နှစ်ယောက် လည်း ငယ်စဉ် မှစ၍ ခင်မင် လာခဲ့ရာ မှ ယခု အခါ ၁၅၀၀ တည်း ဟူသော ချစ်ခြင်းမျိုး ဖြင့် မောင်သိန်းရွှေ က စ၍ ပျက်ခဲ့ လေပြီ ။ မောင်သိန်းရွှေ သည် အခြား သူဌေး များ ကဲ့ သို့ ငွေ ကို ရေ လို မသုံးဘဲ မိဘပစ္စည်းများ ကို သာ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက် လျက် ၊ လူကြီးလူကောင်း ပီသစွာ ဘီအေ တည်း ဟူသော ပညာ ကို အောင်ပြီး နား နေ လိုသဖြင့် အိမ်တွင် သာ ကုပ်လျက် အခြားသို့ မလည် ဘဲ ၊ ပျင်း၍ လည်ချင် က ခင်ခင်လှ တို့ ၏ အိမ် နှင့် မိမိ သူငယ်ချင်းကောင်း အချို့တို့ ၏ အိမ် ကို သာ လည်ပတ်လေ့ ရှိ၏ ။ မောင်သိန်းရွှေ သည် ငယ်စဉ် မှ စ၍ ကျောင်း သို့ သွားလျှင် ခင်ခင်လှ နှင့် အတူ သွား ကာ ချစ်ခင်စွာ နေခဲ့ရာ မှ ခင်ခင်လှ သည် ၇ တန်း ပညာ ကို အောင်မြင် ပြီး နောက် ကျောင်း မှ ထွက်ကာ အိမ် ၌ သာ လျှင် မိဘများ ကို ကူညီ လျက် မိန်းမသား ပီပီ နေခဲ့လေ၏ ။ ခင်ခင်လှ မှာ နာမည် နှင့် လိုက်အောင် ချောလှ ၍ အမရာ , ကိန္နရီ , မဒ္ဒီ , သမ္ဘူလ တို့ ကဲ့သို့ တော်ဝင်သူ တစ်ယောက် ပင် ဖြစ်သည် ဟု ယူဆနိုင် လောက်အောင်ပင် ချော ၍ မိန်းမ ပီသပေ၏ ။ ဤကဲ့သို့ လှလွန်း သဖြင့် လူပျို ၊ လူအို ၊ မုဆိုးဖို မှ စ၍ အာသဝေါ ကင်းသော ရဟန္တာ မဟုတ်သမျှ တစ်ခါ ကြည့်မိ က နောက် တစ်ခါ မကြည့်ဘဲ မနေနိုင် ။ ထိုကဲ့သို့ ချောလှ သဖြင့် ကိလေသာညွှတ်ကွင်း မှ မလွတ်သေးသော မောင်သိန်းရွှေ သည် မချစ် မကြိုက်ဘဲ နေမည်လော ။
မောင်သိန်းရွှေ သည် လူပျို ဖြစ်စ အချိန် မှ စ၍ အတွင်း ချစ် ၊ အတွင်း ကြိုက် ကြိုက်ခဲ့ မိလေ၏ ။ အလွန်တရာ မှ ခင်မင် နေ ၍ ပြောင်ပြောင် ဖွင့်ဟ ၍ ပြောရမည် ကား ခဲယဉ်းလှပေ၏ ။ အများသူငါ တို့ မှာ ရည်းစား ကိုယ်စီ ရှိကြ သော်လည်း ၊ မောင်သိန်းရွှေ သည် ကျောက်စာတိုင် ကဲ့သို့ မယိမ်း မယိုင် ပဲ ခင်ခင်လှ တစ်ယောက် အပေါ် ၌ သာလျှင် စွဲစွဲမြဲမြဲ မေတ္တာ ရှိ ခဲ့ပေ၏ ။ ချစ်ခြင်းမေတ္တာ သည် မောင်သိန်းရွှေ အား “ ဟေ့ မင်း မုတ်ဆိတ် ပျားစွဲ တာ ကို မင်း က ယားတယ် ဆိုပြီး ပုတ်ချ လိုက်ရင် ငတ် မှာပေါ့ ၊ ဒီတော့ သူများ မဦးခင် မင်း မျိုသိပ် ခဲ့ရသော အချစ်များ ကို ဖွင့်ဟ ၍ ပြောပါတော့လား ” ဟု တိုက်တွန်း သကဲ့သို့ ရှိ သဖြင့် အရဲ စွန့် ၍ ပြောသည် တွင် ဘူ လုပ်လိုက် သဖြင့် ၊ ပထ မသော် စိတ်ဆိုး ကာ နောက် မှ မရရင် ဖြင့် မနေ သူ ဘာမို့ မရဘဲ နေရမှာလဲ ၊ ငါ့ အကြောင်း ကို တစ်နေ့ ပြလိုက်မည် ဟု စိတ် ပိုင်းဖြတ် ကာ မည်ကဲ့သို့ ရအောင် ကြံရမည် ကို တွေးတောလျက် ရှိစဉ် အကြံတစ်ခု ခု ရဘိ သကဲ့သို့ ပြုံး ကာ နေလေသတည်း ။
ထိုကဲ့သို့ ဖြစ်ပြီး နောက် တစ်ယောက် စကား တစ်ယောက် မပြောဘဲ နေခဲ့လေရာ တစ်လတည်း ဟူသော အချိန် သည် မသိမသာ ကုန်လွန် ခဲ့လေ ၏ ။ တစ်ယောက် နှင့် တစ်ယောက် မခေါ်သော် လည်း မောင်သိန်းရွှေ က ချစ် တုန်းပဲလား ။ ခင်ခင်လှ ကော မောင်သိန်းရွှေ ဘက်သို့ မေတ္တာ သက်ဝင်ပြီ လား ။ သူတို့ နှစ်ယောက် ရဲ့ ဖူးစာ မှန်ရဲ့လား ။ ယခု ဘဝ တွင် မည်သူ က ဖူးစာရေး နတ် လုပ်ဦးမှာ လဲ ။ ဤ နေ့ သည် မောင်သိန်းရွှေ ၏ မိဘများ နှင့် ခင်ခင်လှ ၏ မိဘများ မှာ စားပွဲဝိုင်းကလေး တစ်ခု တွင် ဝိုင်း ၍ “ စားပွဲဝိုင်း အစည်းအဝေး ” ရောင်းဘေးဘယ် ( လ ) ကွန်ဖရင့် တစ်ခု ကို ပြုလုပ်လျက် ရှိလေ၏ ။ ဘာ စကား ကို ပြော၍ ဘာ ကို ဆုံးဖြတ်ကြသည် မသိ ၊ များ မကြာမီ အစည်းအဝေး ပြီး၍ အိမ် သို့ ပြန် သွားသော ဦးမောင်ကြီး သည် မိမိ သား အား စကား တစ်ခွန်း နှစ်ခွန်း လောက် ပြောကာ အိပ်ရာခန်း ထဲ သို့ ဝင် သွား လေ လျှင် ၊ မောင်သိန်းရွှေ ၏ မျက်နှာ မှာ အထူး ရွှင်လန်းလျက် “ ငါ့ အကြံတော့ အောင်ပြီ ။ ဒီ မာနရှင် ခင်ခင်လှ ကို ငါ့ အကြောင်း ပြ လိုက်မယ် ။ ငါ က သူ့ ကို ချစ်ကြိုက်ဖို့ ပြောတော့ သူ က ရှောင်ဖယ်ဖယ် လုပ် နေတယ် ။ အခု သူ နဲ့ ညား မှ ငါ့ အကြောင်း ကို ပြလိုက်ဦးမယ် ၊ ဪ ... ဖေဖေ ဖူးစာနတ်ကြီး ကို ကျွန်တော် ကျေးဇူး တင်လှပါတယ် ။ ဟေ့ ... မာနရှင်ကလေး မင်း ငါ့ ကို မျှော် တော့ မင့် ကို ငါ အခု မှ ချေရမယ် ကွဲ့ ” ဟု ပါးစပ် မှ တတွတ်တွတ် ပြောကာ ပြုံးရယ် လျက် မိမိ အိပ်ယာ တွင်း သို့ ပစ်လှဲ ကာ အိပ်ပျော်နေတော့သည့် အချိန်မှ စ၍ ဝမ်းသာသည် မှာ ဤနေ့ သို့ အထိ ပင် ဖြစ်တော့၏ ။ ထို့ အတွင်း နေ့စဉ် နေ့တိုင်း ပင် အကြံများ ထုတ်လျက် ရှိသည် ဟု ထင်ရပေသည် ။
ဤနေ့ သည် ကား အဘယ်ကဲ့ သို့သော နေ့ ပင် တည်း ။ ခင်ခင်လှ တို့ ၏ အိမ် မှာ ဆူညံလျက် တီးမှုတ်သံများ ဖြင့် လူ စည်ကား လျက် ရှိလေ၏ ။ လူများ လည်း အတန်ငယ် ထိုင်ကာ ၊ အထုပ်ကလေးတွေ ကိုယ်စီ ယူကာ မော်တော်ကား နဲ့ တစ်မျိုး ၊ ရထား နှင့် တစ်ဖုံ ၊ လန်ချား နှင့် တစ်တန် ၊ ခြေကျင် တစ်ဝ လာ၍ ပြန်ကြသူများ မှာ အထူး စည်ကားလျက် ရှိနေလေ၏ ။ မောင်သိန်းရွှေ ၏ ပျော်ရွှင်ပုံ ကို ထောက် တော့ အမှန် ဗေဒင် ဟောရ မှာ ဖြင့် သူ မင်္ဂလာဆောင် နဲ့ ပဲ တူတယ် ဟု မထင် မတွေးကြ နှင့် အမှန် ပင် ဖြစ်ပေ၏ ။ လူများ လည်း တစ်ဖြည်းဖြည်း နည်း သွားကာ သတို့သား နှင့် သတို့သမီး ကို လည်း မတွေ့ မမြင်ရတော့ချေ ။
မောင်သိန်းရွှေ နှင့် ခင်မင်လှ တို့ ညားသည့် အချိန် မှ စ၍ မာန ထား ကာ တစ်ယောက် ကို တစ်ယောက် အဖက် မလုပ်ပဲ ရှိနေကြ လေ၏ ။ ၎င်းတို့ သည် ဤမျှ ဖီလာ ဖြစ်အောင် ပြုလုပ် နေကြသည် မှာ အဘယ်ကြောင့်နည်း ။ ခင်ခင်လှ သည် ယခင် က မောင်သိန်းရွှေ အား မညှာမတာ ပြောခဲ့၏ ။ မောင်သိန်းရွှေ က လည်း ဤကဲ့သို့ မာန ရှိသော သူ ကို အောက်ကျ နောက်ကျ ခံ၍ မပြောဘဲ တေမိ လုပ် နေလေ၏ ။ အကြောင်းသော် ကား မောင်သိန်းရွှေ သည် ဤ မာနရှင်ကလေး ကို တစ်နေ့ နေ့ ချိုးမည် ဟု စိတ် ကို ပိုင်းဖြတ် ထား သည့် အတိုင်း မိတ်ဆွေများ လာ၍ စကား ပြောလျှင် မောင်သိန်းရွှေ နှင့် ခင်ခင်လှ တို့ စကား မပြောသည် ကို မြင်၍ မေးသော အခါ မောင်သိန်းရွှေ က “ သူ့ ကို ကျွန်တော် က ကြိုက်လို့ ယူရတာ မဟုတ်ဘူး ၊ မိဘ က ပေးစားလို့ ယူရတာပါ ” ဟု သာ ပြန်၍ ဖြေ ပြီး မာနရှင် ကို ချိုး ရန်သာ ကြံစည် မိလေ၏ ။
မိုး တို့ သည် တပေါက်ပေါက် နှင့် ခမ်းနားသပ်ရပ် သော သွပ်မိုးအိမ် ပေါ် သို့ တဖျောက်ဖျောက် မြည်လျက် ရှိကြလေ၏ ။ အချိန် မှာ ညဉ့်အခါ မှောင်စ ပြုလာပြီ ဖြစ်သော ကြောင့် ည အချိန် ဖြစ်၍ မှောင်ရာ မှာ မိုးတို့ သည် ကောင်းကင် တစ်ခုလုံး ကို ဖုံးအုပ်လျက် ထား သဖြင့် လည်း ပိုမို မှောင် ကာ သတ္တဝါ တို့ အား ညှာတာခြင်း ကင်းမဲ့ သကဲ့သို့ မြေအပြင် မှာ လည်း မည်းမှောင် လျက် ရှိလေ၏ ။ မောင်သိန်းရွှေ သည် ခင်ခင်လှအစား သိုးမွေးစောင်ကြီး ကို ခြုံကာ အဖော် လုပ်လျက် ။ စာအုပ် တစ်အုပ် ကို ဖတ်လျက် ရှိလေ၏ ။ ခင်ခင်လှ သည် ပီယာနို ကို ဂျိုး ဂျိုး ... ဂျုန်း ဂျုန်း နှင့် နေအောင် မောင်သိန်းရွှေ စာဖတ် နေသည် ကို နှောင့်ယှက်သည့် အနေနှင့် တီး နေ သော်လည်း မောင်သိန်းရွှေ က မူ ဂရုမမူ မိ သကဲ့သို့ ရှိလေတော့သည် ။ မိုး တို့ သည် တဖြည်းဖြည်း သည်း လာ ကာ တစ်ဖျောက်ဖျောက် မဟုတ်တော့ဘဲ သဲသဲမဲမဲကြီး ရွာ သဖြင့် အိမ်မိုး သွပ်သံ နှင့် ရော နှော ကာ ဆူညံ လျက် ရှိလေ၏ ။ မိုးသံ တို့ အတွင်း မှ တစ်ခါ တစ်ခါ ဖောက်ထွင်း ကာ ဂျိမ်း ... ဂျိမ်း .. ဂျိမ်း .. ဟု မိုးခြိမ်းသံ သည် ပေါ်ထွက် လာရာ ခင်ခင်လှ မှာ ကြောက်လန့် ကာ တစ်ခါတစ်ရံ တွင် ပီယာနို ကို ပင် မေ့ ကာ အသံ ရပ် သွားပြီး ၊ တစ်ဖန် အနည်းငယ် အကြောက် ပြေလျှင် ပီယာနို ကို ဘီးမြဲ တီးပြန် လေ၏ ။ သို့သော်လည်း မိုး တို့ မှာ တစ်ခြိမ်း တည်း ခြိမ်း သဖြင့် တိုးတက်၍ ကြောက် လာ သော မာနရှင်ကလေး သည် တဖြည်း ဖြည်း မောင်သိန်းရွှေ ၏ အနား သို့ ရောက်ကာ တစ်ဖန် စိတ် ကို တင်း လျက် အနီး ရှိ ကု,လားထိုင် ပေါ်တွင် ဝင်၍ ထိုင်နေသည် ကို မောင်သိန်းရွှေ သည် သိ၏ ၊ မြင်၏ ။ သို့သော်လည်း မသိ မမြင် ဟန် ဆောင်ကာ စာအုပ် ကို သာလျှင် ဖတ်မြဲ ဖတ်လျက် ရှိလေသည် ။
မိုး သည် တဖြည်းဖြည်း သည်း သည်ထ က် သည်း ကာ ဖြုံးဖြုံး ဗြင်းဗြင်း နှင့် တစ်အိမ်လုံး ဆူညံ လျက် ရှိလေ၏ ။ တစ်ခါတစ်ခါ ကြောက်မက်ဖွယ်ရာ ခြိမ်း လိုက်သည့် အသံ သည် ခင်ခင်လှ အား ကြောက်ဆေး ကျွေး၍ ခေါင်း ကြီးအောင် ပင် ဖြစ်တော့၏ ။ ထိုသို့ ဖြစ်သောအခါ မောင်သိန်းရွှေ အား အတင်း ပြေး၍ ဖက်ထား ချင်၏ ။ သို့သော်လည်း မိမိ တို့ နှစ်ယောက် မှာ
မညား ခင် တစ်လ ကျော် လောက် မှ စ၍ ညား ပြီး၍ ဤ နေ့ အထိ မာန ထား ခဲ့ကြ၏ ။ ခင်ခင်လှ က သာ မာန ထားခဲ့၏ ။ မောင်သိန်းရွှေ က မူ မာန ထား သည် မဟုတ် ။ မာနရှင်ကလေး ကို အကြောင်း ပြ လို၍ ဤကဲ့သို့ ကြံခြင်း ဖြစ် လေသည် ။ ယခု မှ ခင်ခင်လှ က စ၍ ခေါ်ရန်မှာ ရှက်စရာ ကောင်းလှပေ ၏ တကား ။ သို့ဖြစ်၍ “ ဟန် ကိုယ့်ဖို့ မာန် သူ့ဖို့ ” ဆိုသည့် အတိုင်း ကြောက်ပင် ကြောက် သော်လည်း ကိုယ့် ဣန္ဒြေ နှင့် ကိုယ်ပင် စိတ်တည်တည် ထားကာ ကြောက်စိတ် ကို ဖျောက်ရလေသော သူ မှာ မာနရှင်ကလေး ခင်ခင်လှ ပင် တည်း ။
မိုး တို့ သည် ထစ်ချုန်း ၍ ကျကုန်လျက် လေအေး က လည်း တိုက် သဖြင့် စိမ့် ကာ ချမ်း လေရာ ခင်ခင်လှ မှာ ကျော က ချမ်းလျက် ကြက်သီး တဖြန်းဖြန်း ထ လေ၏ ။ အချိန် မှာ ၁ဝ နာရီ ထိုး ၍ အိပ်ချိန်ကြပြီး ဖြစ်သော် လည်း ခင်ခင်လှ မှာ တစ်ယောက်တည်း မအိပ်ရဲ သဖြင့် ထိုင် နေရလေ၏ ။ မောင်သိန်းရွှေ သည် ခင်ခင်လှ ၏ အကြောင်းစုံ ကို သိရှိ ရိပ်မိကား အိပ်ခန်း ထဲ သို့ မဝင်ဘဲ စာ ကို သာ သဲသဲမဲမဲ ဂရုစိုက် နေ သလိုလို တော့ ရှိတော့၏ ။ မိုး သည် မကြာခဏ ထစ်ချုန်း ၍ လျှပ် ကလည်း ပျက် လေ၏ ။ နောက်ဆုံး၌ ဂျိမ်း .. ဂျိမ်း .. ဂျိမ်း ဟူသော အသံကြီး မြည်ဟည်း ကာ မျက်စိ ထဲ ၌ ဝင်းခနဲ မြင် လိုက်ကြပြီး လျှင် ဂျိမ်း .. ဟု အလွန်တရာ မှ ကျယ်လောင်သော အသံ ကို ကြား ၍ ဘာ ဖြစ်သွား သည် မသိ အတန်ငယ် ကြာလျှင် အတော်အတန် တိတ်ဆိတ် သွား မှ ခင်ခင်လှ က မောင်သိန်းရွှေ အား တင်းကျပ်စွာ ပွေ့ဖက် ထားသည် တွေ့ရလေ၏ ။
“ သွားပါ .. ငါ့ ကို မင်း မခေါ်ပါနဲ့ ၊ လွှတ် ပါ ဖက်ထားတာ ကြိုက်ပါ ဘူး ” ဟု ခပ်တည်တည် ပြောလိုက်သော အခါ ၊ ဆတ်ဆတ်တုန် နေသော ခင်ခင်လှ သည် မည်သို့မှ ပြန် မပြောဘဲနေ သဖြင့် မောင်သိန်းရွှေ က တစ်ဖန် “ မင်း က ငါ့ ကို မချစ်နိုင်ဘူး ဆို ၊ ဘယ်နှယ့် အခုတော့ ငါ့ ကို လာ ဖက်ထား သလား ၊ မာန နဲ့ နေခဲ့တဲ့ မာနရှင် ဆိုရင် လွှတ်လေ ” ဟု ပြော၍ အဆုံး၌ တစ်ဖန် ‘ ဂျိမ်း ’ ဟူသော အသံ ကို ကြားရ သဖြင့် ပြေး၍ ဖက်ပြန် လေ လျှင် “ ဘယ်နှယ့် မာနရှင်ကလေး မာန မထားတော့ဘူးလား ၊ ချစ်တော့မလား ” ဟု မောင်သိန်းရွှေ က မေးသဖြင့် အားမတန် မာန် လျှော့ရလေတော့၏ ။ “ ခင့် ကို မချစ်လို့ မခေါ်ဘဲ နေတာလား ” ဟု ငိုသံပါပါ နှင့် ပြော လိုက်သော ခင်ခင်လှ ၏ အသံ ကို ကြားရသော မောင်သိန်းရွှေ မှာ အချက် ပေါ်ပြီ ဟု အောက်မေ့ လျက်
“ ခင့် ကို မချစ်လို့ မဟုတ်ပါဘူး ၊ ခင် က မာနကလေး နဲ့ အချောဂုဏ် ကို အားကိုး ပြီး မာနရှင် လုပ် နေလို့ မာန ကို ချိုး မလို့ပါ ”
ဟု ပြော၍ ခင်ခင်လှ ကို ပွေ့ဖက်လိုက်ရာ ၊ ခင်ခင် က “ မချစ်ဘဲနဲ့ ” ဟု ပြော၍ မဆုံးမီ ‘ ဂျိမ်း ’ ဟူသော အသံ ကို ကြားရာ နှစ်ယောက် စလုံး တစ်ယောက် တစ်ယောက် ဖက်လျက် နေစဉ် ဓာတ်မီးများ ငြိမ်း သွား သဖြင့် ကျွန်တော် ဝတ္ထုရေးဆရာ မမြင်ရတော့ချေ ။
◾ရေးသူ - ?
📖 ခေတ်ဟောင်း ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment