Sunday, October 6, 2024

စစ်သည်တော်


 ❝ စစ်သည်တော် ❞


“ လူကလေးရဲ့ငို ၊ ခိုဖမ်းလို့ပေး ။ ခိုဖြူ ခိုဝါနက်ကယ် ဖမ်းခက်လှသေး ။ အေ အေ့ အေး ”  


ဟူသော ကလေးချော့ တေးချင်း ကို လေးတွဲ့စွာ ဆွဲငင် သီဆိုပြီး ကလေး ကို ပိုက်ကာ လမ်းလျှောက် နေသူ ကား မောင်အောင်ကျော် ဖြစ်လေသည် ။ ၎င်း ၏ လက် တွင်း ၌ ခါးကော့ ထိုး၍ ထိုး၍ ငိုနေသော ကလေး သည် အသား ဖြူ၍ စိုနေအောင် ဝ လေသည် ။ မောင်အောင်ကျော် သည် သီချင်း ဆုံး လျှင် “ အေ အေ့ အေး ၊ ကျွတ် ကျွတ် ၊ အေး အေး အေး ၊ အင် အင် အင် ” ဟူသော လူသတ္တဝါ ၏ ရာဇဝင် ပထမဆုံး စာမျက်နှာ တွင် ပါဝင်သော ကလေးချော့ တေးချင်း ကို ညည်းကာ လက် ကို လှုပ်၍ ကလေး အငို တိတ်စေသည် ။ အတန် ကြာ လျှင် ကလေး သည် အငို တိတ်လေ၏ ။


“ ကြောင်ဖားကြီးရယ်တဲ့ မြီးတံတို ၊ အဆီ ကို စားပါလို့ အသား ကို မျို ၊ ကြောင်အိုပေမှေး ကိုက်လှည့်ပါလေး ။ အေ အေ့ အေး ၊ အေ အေး ” 


ကလေး သည် ပြုံးရွှင်၍ ကြည်လင်သော မျက်စိဖြင့် မောင်အောင်ကျော် အား ကြည့်၍ မောင်အောင်ကျော်  သည် ပတ္တမြားရတနာ ကို လက်ဝယ် တင်ကာ ကြည့်နေရ သကဲ့သို့ ရွှင်ပျော် ချမ်းမြေ့နေလေ၏ ။ “ ဘာလဲ ၊ ငါ့ သားကြီး မအိပ်ချင် သေးဘူးလား ဟေ့ .. အဖေ့ သားကြီး ။ ပေးစမ်း ပေးစမ်း ၊ မင်း ရွှေပန်းကလေး ကို ” ဟု ပြောကာ သား ကို မ,လျက် မိမိ ငုံ့ ထားသော မျက်နှာ သို့ ကပ်လေ၏ ။ နောက် သား သက်ဝေ ၏ ရွှေပန်း ကို နမ်းလေ၏ ။


အိမ် နောက်ဘက် ၌ စပါးဖျာ ရုပ် နေသော ဇနီး မသက်မှုံ သည် မောင်အောင်ကျော်   ကလေးချော့ နေသည် ကို မြင်လျှင် ပြုံးရယ်လေ၏ ။


အိမ် ခလောက်ဆွဲ အောက်ထပ် ၌ လောက်စာလုံး လုံးနေသော ဦးဓူဝံ သည် မောင်အောင်ကျော် ကလေးချော့ နေသည် ကို မြင်လျှင် ငေးမောတွေဝေ နေမိ၏ ။ မကြာမီ ပြောင်းဖူးစေ့ ခန့်မျှ ရှိသော မျက်ရည်ပေါက်ကြီးများ သည် တွန့်ချိုင့် နေသော ပါးပေါ်သို့ တလိမ့်ခေါက်ကွေး ကျလာလေ၏ ။ 


“ ခက်တာပဲနော် ။ မောင်ကျော် ၊ မောင်ကျော် ၊ လူရိုးကလေး ။ မင်း ဘာမှ မသိဘူး ။ အဲဒါ မင်း သား အစစ် မဟုတ်ဘူး ။ မောင်းထောင် ဦးဩ စပ်ဆိုတဲ့ -


သုံးပါးတသီး ၊ ရယ်ခြင်းကြီးကား ၊ ဇနီးအိမ်ရှင် ၊ မိမိ လင်သည် ၊ ချစ်ခင်သော အား ၊ သမီးသား ကို ၊ ပိုက်ဖျားအားရမ်း ၊ ချီရှုပ်နမ်းသော် ၊ မယ့်ဝမ်းကမွေး ၊ သူ များ သွေး ကို ၊ အလေးအမြတ် ၊ သင့် သားမှတ်၍ ၊ လှည့်ပတ်ဖက်ချီ ၊ နမ်းလေပြီ ဟု ၊ မထီ မလေး ၊ အသွမ်း သွေး၍ ၊ အဝေးမျက်ကွယ် ၊ မယား ရယ်၏ ။ 


ဆိုတာ နှင့် တော့ မင်း နှင့် ကိုက် နေပြီ ။ ခက်တယ် မောင်ကျော် ၊ ဘကြီး မင်း ဒီလို အရယ် ခံ နေရတာ ကို မကြည့်ရက်ဘူး ” ဟု တွေးပြီး ဖြည်းညင်းစွာ ခေါင်း ကို ခါလေ၏ ။


“ သားကြီးလေး ၊ ဗျ လို့ ထူး လိုက်စမ်းပါ သားကြီး ရဲ့ ။ အဖေ့ ကို ချစ်ကဲ့လား ” ဟုမေးလျှင် သား သည် ပါး,ချိုင့်အောင် ပြုံး သောကြောင့် “ ဪ …. ချစ်တယ် ဆို ကိုး ”  ဟု ကိုယ့် မေးခွန်း ကို ဖြေ နေပြန်လေ၏ ။ ဤသို့ ချီရုံ ဖြင့် အားမရ သေး သောကြောင့် ပခုံး ပေါ် တင် ၍ ချီပြန်လေ၏ ။ 


“ ပြည်ရွှေဘို မြို့တော်မြောက် မှာလ ၊ ချောင်းပေါက်ပါလို့ မကူးနိုင် ။ ပလွေတို သျှောင် မှာ ထိုး ဟာ ၊ ဟာ ၊ မင်း တယ် ညစ်ပတ်ပါကလား သားရဲ့ ။ သေးတွေ ပေါက် ချ ကုန်ပြီ ။ မယ်မှုံ ရေ ၊ လာပါဦးဟေ့ ။ ကလေး သေးတွေ ပေါက်ကုန်ပြီ ” ဟု ဇနီး အား ခေါ်ပြန်လေ၏ ။


•••••   •••••   •••••



လမင်း သည် မိမိ ၏ ဝါဝင်းသော ရောင်ခြည်များ ဖြင့် မြတ်စောညီနောင် ဘုရား ကို ဖူးမြော် နေလေ၏ ။ ဖြူဖွေးသော စေတီ သည် လရောင် တွင် ဖွားဖွားကြီး ပေါ်နေလေ၏ ။ စိန်ဖူး တွင် လရောင် ဟပ် သဖြင့် တဖျတ်ဖျတ် တလက်လက် အရောင် ထွက် နေလေ၏ ။ ညောင်ရွက် ကို လေ ကစား သဖြင့် ဆည်းလည်းများ သည် တင် တင် တင် နှင့် မြည်နေလေ၏ ။


“ ကဲ ... မောင်ရင် ဘုရား ရှိခိုးပြီးပြီလား ” 


“ ပြီးပါပြီ ဘကြီး ရဲ့ ”  


ဟု လက် ၌ ကပ်လျက် ရှိသော သဲများ ကို ခါရင်း မောင်အောင်ကျော် က ပြန် ပြောလေ၏ ။


“ မောင်ရင် ဟာ ဘကြီး လက်ပေါ် မှာ ကြီးပြင်း လာခဲ့တယ် ။ ဘကြီး ပဲ ကျွေးမွေးသုတ်သင် လာခဲ့တယ် ။ ဘကြီး က မောင်ရင် ကို ဘယ်လောက် ချစ်ခင်တယ် ဆိုတာ သိပြီးပေါ့နော် ”  


ဟု မြေဆေးတံအိုးကြီး ကို သောက်ရင်း ဦးဓူဝံ က ပြောလေလျှင် မောင်အောင်ကျော်  သည် လွန်စွာ အံ့သြသွားလေ၏ ။ ဦးဓူဝံ  ကို စိုက်၍ ကြည့် နေပြီး


“ ဘကြီး ရယ် ဘာများ ပြောချင်လို့ ဒါလောက် နိဒါန်း ဆင်နေရတာတုံး ” ဟု မေးလေ၏ ။ 


ဦးဓူဝံ သည် ဆေးတံ ကို ဆွဲနုတ်ပြီး


“ မောင်ရင် ရယ် ၊ ဒီကနေ့ ထူးဆန်းတာ တစ်ခု ပြောချင်တယ် ။ အဲဒီ ဟာ ပြောရင် မောင်ရင့် မိန်းမ ကို အချစ် လျော့သွား မှာ လည်း စိုးရတယ် ။ ကွာပစ် မှာ လည်း စိုးရတယ် ။ ဒီတော့ ဘုရား မှာ မိန်းမ ကို အချစ် မလျော့ပါဘူး ၊ မကွာပါဘူး လို့ သစ္စာ ပြုရင်ဖြင့် ဒီ အကြောင်း  ကို ဘကြီး ဖွင့်ဟ လို့ ပြောချင်တယ် ။ ဘကြီး မှာ ဒီ အကြောင်း ကို မပြောရတော့ စိတ် ခဏခဏ ပူပင်ရတယ် ။ ပြီးတော့ မပြောရလျှင် အပြစ်ကြီး တစ်ခု တစ်သက်လုံး ဘကြီး စိတ် ထဲ မှာ စွဲ နေတော့မယ် ။ မောင် သစ္စာ ပြုရင် တော့ ပြောပြမယ်လေ ” 


မောင်အောင်ကျော်  သည် ထိတ်လန့် သွား၏ ။ ဘယ်လို ကိစ္စမျိုးမို့ လဲ ဟု စဉ်းစား၏ ။ 


“ မယ်မှုံ မှာ ကြီးလေးတဲ့ အပြစ် ရှိလေရော့လား ။ ငါ့ မယ်မှုံ ဟာ ဘယ်တော့မှ အပြစ် ရှိ မှာ မဟုတ်ဘူး ။ သူ  ငါ့ ကို ချစ်တယ် ။ ငါ့ ပြင် ဘယ်ယောက်ျား ကို မှ တပ်မက်တဲ့ မျက်စိ နဲ့ မကြည့် ဖူးဘူး ။  ငါ့ အတွက် ပုဆိုး ရက်တယ် ။ ငါ့  ကို အချိန်မှန်မှန် ထမင်း ချက်ကျွေးတယ် ။ ငါ တော က ပြန် လာရင် ပြုံးပြီး ကြိုလာတယ် ။ နေ့လယ် ငါ စားဖို့ ပဲလှော် ပေးတယ် ။ ဒီထက် ကောင်းတဲ့ မယား ဘယ်မှာ ရှိမလဲ ”  


ဦးဓူဝံ အား ပြုံး၍ ကြည့် လေ၏ ။


“ ဘကြီး ပြောသလို သစ္စာ ဆိုပါ့မယ် ”  


ဟု ပြောကာ သစ္စာ ပြုလေ၏ ။ 


“ ကဲ … ဘကြီး ပြောစရာ ရှိတာသာ ပြောပါတော့ ”  


ဦးဓူဝံ သည် ပုဆိုးမြိတ် ဖြင့် မျက်နှာ ကို ငုံ့ သုတ်ပြီး နောက် ဘုရားထီး ကို စိုက် ကြည့်လေ၏ ။ အတန်ကြာ မှ


“ တို့ ဘုတလင် မှာ မဟာဗန္ဓုလ တို့ နေသွားတာ ကို မောင်ရင် ကြားဖူးရဲ့ မဟုတ်လား ” 


“ ကြားဖူးတာပေါ့ ဘကြီး ရဲ့ ။ ကျွန်တော် က လေ စစ်သူကြီးဗန္ဓုလ နေ သွားတဲ့ ရွာ မှာ လာပြီး မွေးဖို့ ဖန်တီးပေးတဲ့ ကံ ကိုပဲ အမြဲ ချီးကျူးနေတယ် ” 


“ အိမ်း … မဟာဗန္ဓုလ တော့ နေတာ မကြာပါဘူး ။ စစ်သူ ကြီး ကွယ်လွန်တော့ သူ့ သား တွေ ဒီ မှာပဲ နေကြတယ် ။ ဟို ... ကျောက်ကန်ကြီး နား က ဆီးပင်ကြီး ဟာ ဗန္ဓုလ ကိုယ်တိုင် စိုက်ခဲ့တာပေါ့ ။ ဗန္ဓုလ ရဲ့သား မောင်ကျန်ကြီး နှင့် မောင်ခြုံ တော့ ဟို မင်းဝင်းရပ် ထဲ မှာ နေကြ တာပဲ ” 


“ ဟုတ်တယ် ၊ ကျွန်တော် နဲ့ ရွယ်တူ လောက် ရှိကြသေးတာပေါ့ ။ ခု သူတို့ ဘယ် မှာလဲ ”  


“ မဆိုနိုင်ဘူး ၊ နေပြည်တော် လိုက်သွားတယ် လို့ ကြားတာပဲ ” 


“ သူတို့ မမြင်တာ မကြာသေးပါဘူး ။ အဲဒါနဲ့ ကျွန်တော် နဲ့ ဘာဆိုင်လို့လဲ ဘကြီး ရဲ့ ”  


ဦးဓူဝံ သည် ရှေ့ဆက်ရမည် ကို ရင်ဖို နေ၏ ။


“ ဆိုင်တာက ဒီလို ကိုး မောင်ရင် ရဲ့ ။ မင့် ဇနီး သက်မှုံ မောင်ရင် နဲ့ မညားခင် က ဗန္ဓုလ ရဲ့သား မောင်ကျန်ကြီး နဲ့ ချစ်ခင် ရည်ငံ ကြသေးတယ် မောင်ရင် ရဲ့ ” ဟု ပြောပြီး မဆက်သေးဘဲ လ ကို ငေးကြည့် နေပြန်လေ၏ ။


“ အို … ဘကြီးရယ် ၊ ဒီလောက်နဲ့ များ မယ်မှုံ အပေါ် ဘယ်လိုလုပ် အချစ် ပျက်မလဲ ”  


“ ဒီလောက် မကသေးဘူး မောင်ရင် ရဲ့ ” 


“ မောင်ကျန်ကြီး နဲ့ မယ်မှုံ ဟာ စုံမက်ကြပြီး မှားယွင်းကြသေးသတဲ့ ။ ဘကြီး မှာ မောင်ရင့် အဖေ နဲ့ သက်မှုံ ရဲ့အမေ ကို ကတိ ထားပြီး ဖြစ်တော့ ဒီထက် မကဲခင် က ...  ”  


မောင်အောင်ကျော် ၏ ထောင်လျက် ထားသော ဒူး နှစ်ဖက် ကို သိုင်း ထားသော လက် သည် အလိုလို ပြေ၍ သွားလေ၏ ။ ရင် ၌ ဆို့၍ ဆို့၍ လာလေ၏ ။


“ မောင်ကျန်ကြီး တို့ ချစ်ခြင်း ကို ဖျက်ပြီး မောင်ရင် နဲ့ ပေးစား လိုက်ရတော့တာပဲ ။ ခု မွေး ထားတဲ့ သား ဟာ လည်း မင့် သား အစစ် မဟုတ်ဘူး ” 


မောင်အောင်ကျော် သည် ခေါင်း ကို တုတ် နှင့် အရိုက် ခံရသော သူ ကဲ့သို့ မိုက် သွားလေ ၏ ။ တည်ကြည်သော လမင်း သည် ဝိုးဝိုးဝါးဝါး လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး မြေကြီး ပေါ်သို့ ကျလာသည် ထင်ရလေ၏ ။ ဘုရား တည် နေသော မြေနေရာ သည် ခွက် သွားသည် ထင်မိလေ၏ ။ မငိုမိ ရန် သတိ ကြီးစွာဖြင့် ထိန်းထားရလေ၍ မျက်လုံးများ သည် မျက်ရည်ဖြင့် အိုင်ထွန်း ကုန်၏ ။


“ ကဲ .. ဘကြီး ပြောတာ ကို ကြား ပြီးတော့ မောင့်ရင့် ကတိ ကို တည်ပါ့မလား ”  


“ တည် တည်နိုင်ပါတယ် ၊ ဘ ဘကြီးရယ် ” ဟု မောင်အောင်ကျော် သည် တုန်ယင် သောနှုတ်ခမ်း ဖြင့် ပြောလေ၏ ။


“ ကဲ ... ပြန်ကြစို့လား ” 


“ ဘကြီး သွားနှင့်ပါ ၊ ကျွန်တော် ပုတီးစိပ် နေရစ်ပါရစေ ”  


ဦးဓူဝံ သည် လှည့်ကြည့် လှည့်ကြည့် နှင့် ထွက်သွားလေ၏ ။


•••••   •••••   •••••



မောင်အောင်ကျော် မှာ နတ်ဝင်သော သူ ကဲ့သို့ တဆတ်ဆတ် တုန် နေလေ၏ ။ ခါတိုင်း ထက် များစွာ ပိုမို၍ မြန်သော ရင်တုန်သံ ကို ကြားရသလို ရှိလေ၏ ။ မျက်တောင် မခတ်ဘဲ မိမိ ရှေ့၌ ရှိသော မြေကြီး သည် ထိုမျှ ရှုပ်ထွေးသော ပြဿနာ ၏ အဖြေ ကို ပေးနိုင်လေမည် ကဲ့သို့ အောက်သို့ စိုက်ကာ အတော် ကြာအောင်ပင် ကြည့် နေလေ၏ ။ မြေကြီး သည် ချိုင့်ဝင် သွားသည် ဟု ၎င်း ၏ စိတ် ၌ ထင်မြင် လာလေ၏ ။


ညောင်ရွက် ကို လေဝှေ့ သဖြင့် ဆည်းလည်း သည် မြည်လေ၏ ။ ဘုရား အရှေ့ဘက် မန်ကျည်းပင် ပေါ် မှ ဗျိုင်းများ သည် အောက် အောက် အော့ နှင့် အော်ကြကုန်၏ ။


မောင်အောင်ကျော် သည် ကျန်သမျှ အားများ ကို စုရုံး၍ ထလေ၏ ။ ဖြည်းညင်းစွာ ဘုရား တောင်ဘက် အုတ်တံတိုင်း ဆီသို့ သွားလေ၏ ။ ကောင်းကင် ကြည်လင် သလောက် သူ ၏ စိတ်ကား ရှုပ်ထွေး လေ၏ ။ ဉာဏ်မျက်စိ တွင် မသက်မှုံ ၊ ၎င်း ၏ အချစ်ဦး ဦးကျန်ကြီး နှင့် သားကလေး တို့သည် ထွေးလားလုံးလား ပေါ်နေလေ၏ ။ ၎င်းတို့ မျက်နှာ သုံးခု သည် ဒလက် လည် နေတော့၏ ။ နောက် ဦးဓူဝံ သည် ကျွမ်းထိုး ၍ ပေါ်လာလေ၏ ။ ၎င်းတို့ နေအိမ် ရောက် သွား ပြန်၏ ။ မုခ်ကျောင်းကြီး လှေကားဝ သို့ ပြေးလိုက် ပြန်၏ ။ သို့ဖြင့် စိတ်သည် ဆောက်တည်ရာ မရ ။ သူ့ စိတ် သည် အစီအစဉ် ရှိသော ၊ အဆင်ပြေသော အစဉ်းစားဉာဏ်မျိုး ကို လက်သင့်မခံ နိုင်တော့ပေ ။ ဘုရား အုတ်တံတိုင်း ပေါ် မှာ တံတောင်ဆစ် ဖြင့် ထောက်လျက် လမ်းဘက် သို့ မျှော် ကြည့်လေ၏ ။ ဘာ လုပ်ရမှန်း မသိရှာ သဖြင့် အုတ်ခဲ တစ်လုံး ယူ၍ လမ်းဘက် သို့ ပစ်လိုက်လေ၏ ။ ကြက်တွန်သံ သည် ကြောက်ဖွယ်ပျင်းဖွယ် ဖန်တီးစေသော ငြိမ်သက်ခြင်း ကို ဖျက် လိုက်လေ၏ ။ ကြက်သံ သည် စက်နှုန်း ပြင်းပြင်းဖြင့် ခုတ် နေသော အောင်ကျော် ၏ နှလုံး ကို နေသားတကျနှုန်း ဖြင့် သွားစေတော့၏ ။


“ ဪ … ငါ့ နှယ်နော် ကံဆိုးလှပါကလား ။ ဘယ် ဘဝ ဝဋ်ကြွေးကများ ဒီလို အဖြစ် မျိုး ရောက်အောင် ပို့ရတာလဲဟင် ။ ဘာကြောင့် ဒီ မိန်းမ နဲ့ ငါ နဲ့ ညားရတာလဲ ။  ငါ့ အဖေ  ငါ့ အမေ ကို က မိုက်ပါတယ် ။ ဘာလို့ မစစ်ဆေး မစုံစမ်း အမြော်အမြင် မရှိဘဲ ဒင်း နဲ့ ငါ နဲ ပေးစား ထားခဲ့ရတာတုံးဗျာ ။ ခင်ဗျား တို့ အပြစ် ပဲ ၊ ဦးဓူဝံ က လည်း အပြစ် မကင်းဘူး ။ ခင်ဗျား ဟာလေ အင်မတန်  ကိုယ်ကောင်း ကြံတယ် ။ ခင်ဗျား ကတိ ထားတာ ဘာဆိုင် သလဲဗျာ့ ။ ခင်ဗျာ့ ကတိ မဖျက်ချင်တာ နဲ့ ကျုပ် ကို ဒီလို ဖြစ်အောင် လုပ်တယ်ဗျာ ။ ခင်ဗျား ကျုပ် ကို ချစ်တယ် ဆို ၊ ဘယ် မှာလဲ ချစ်တာ ။ ချစ်ရင် ခင်ဗျား ကတိ မက လို့ ဘာပဲ ထားထား ၊ ကျုပ် မှောက်မှားအောင် လုပ် မှာမဟုတ်ပါဘူး ။ သက်မှုံ ၊ မင်း နှယ်နော် ငါ့ ကို ခြုံပြီး နေ့စဉ် ဒုက္ခ ပေးနေတာ ပါလား ။ ဟင်း ... ခွေးမ ခွေးမ ၊ မိန်းမယုတ် ၊ နင် ရုပ်ချော သလောက် မာယာဉာဏ် များပြီး လှည့်စားတတ်တယ်နော် ”  ဟု စဉ်းစားရင်း မျက်ရည်ပေါက်များ သည် လရောင် တွင် တောက်ပ နေကြလေ၏ ။ အောင်ကျော် သည် ခဲ ဖြင့် လမ်းမ ဆီ သို့ ပေါက် ပြန်လေ၏ ။


အောင်ကျော် သည် အုတ်တံတိုင်း ပေါ် တွင် လက်များ ကို ကွေးတင်ပြီး လက်များ ပေါ် တွင် မျက်နှာ ကို မှောက်လိုက်လေ၏ ။ မောင်ကျန်ကြီး  သည် နှုတ်ခမ်းမွေး သနေသည် ကို မြင်ရလေ၏ ။ 


“ ကျန်ကြီး ရေ ၊ မင်း ကတော့ ကုသိုလ် ကြီးပါပေတယ်ကွာ ၊ ဟုတ်လား ။ ပန်းဝတ်ရည် ကို အမွန်အမြတ် လက်ဦး စုပ်ရတဲ့ လူပေပေါ့နော် ။ အောင်မာ ... မင်း စုပ်ပြီးတဲ့ ပန်း ကို ငါ လက်ခံရပါကလား ။ ဟေ့ ... မင်း က ဘာလို့ ဒီလို စုပ်ရတာလဲကွ ။ ဘာလို့  ငါ့ မယား အချစ် ကို လက်ဦး ယူရတာလဲကွ ” ဟု စိတ်တွင်း ၌ ကြိမ်းဝါး လေ၏ ။ 


သူ သည် ကမ္ဘာလောက ကြီး ကို မုန်းလာလေ၏ ။ ဒေါသဖြင့် တစ် ကိုယ်လုံး ဆတ်ဆတ်တုန် နေလေ၏ ။ 


“ မင်း ယုတ်မာ လို့ ဒီလို ငါ အရှက် ကွဲရတာ ။  ငါ့ မှာ မင့်သား ကို ငါ့ သား ထင်ပြီး ချစ်နေရတာ ”  


သူ သည် ညနေ က ရွှေပန်းကလေး ကို ပါးစပ် ဖြင့် ငုံမိသဖြင့် ပါးစပ် တွင် မသိုးမသန့် ဖြစ်လာလေ၏ ။ ထွီခနဲ တံတွေး ထွေး လေ၏ ။ 


“ ကျန်ကြီး ရာ မင်း ယုတ်မာလို့ ။ မင့် အပြစ် ၊ ဘယ်သူ့ အပြစ်မှ မဟုတ်ဘူး ။ မင်း ငါ့ အရှက် ခွဲတယ် ၊ ငါ ရှက်တယ် ”  


မျက်ရည်များ သည် ပါးပေါ် ကို ကျော် ဖြတ်၍ ဆင်းလာပြီး မေး မှ အောက်သို့ စီးကျလေ၏ ။ ခြေ ပေါ် တွင် စက်စက် နှင့် ကျလေ၏ ။ မိမိ  ကိုယ် ကို မိမိ  ရွံလာလေ၏ ။ တစ်ဖန် ‘ ငါ  သူများ ပန်တော်ဦး ပန်ပြီး မိန်းမ နှင့် ညားမိလေခြင်း ’ ဟု မိမိ ကိုယ် ကို မိမိ ယူကျုံး မရ နှမြောမိလေ၏ ။ 


“ ငါ ရှက်တယ်ဟေ့ ၊ ငါ  ဘယ့်နှယ် လုပ်ပြီး မင့် သား ကို ချစ်ရမတုံး ။ မင်း မိန်းမ ကို ငါ  ဘယ့်နှယ် လုပ်ပြီး ကြည့်ရမတုံးကွ ၊ ခွေးမသားရ ။ မင်းကတော့ ခုနေ ပြုံးလို့ပေါ့လေ ။ ခုနေများ မင်း ဒီ ရွာ မှာ ရှိစေချင်တယ်ကွာ ၊ ငါ့ ဓား နှင့် တောက်တောက်စဉ်း လိုက် မှာပဲ ” 


အနီး ရှိ စောင်ချမ်းပင် မှ စောင်ချမ်းသီး တစ်လုံး သည် ဖုတ်ခနဲ ကျလာ လေ၏ ။ အောင်ကျော် သည် စောင်ချမ်းသီး ကျရာ ကို ကြည့်လေ၏ ။ သူ သည် ဘာလုပ်ရမှန်း မသိပေ ။ မိမိ ကိုယ် ကို မိမိ သ,တ်သေချင် သလိုလို ရှိ၏ ။ ဤနေရာ ၌ ကား မနေလိုပေ ။ မိမိ အား လူအများ က ဝိုင်း၍ ပြောင်လှောင်နေကြသည် ဟု တွေး၍ ရှက်နေလေ၏ ။ လှပဝင်းထိန်သော လမင်း ကို မျှ မကြည့်ဝံ့ရှာပေ ။ ထို့ကြောင့် သူ့ ကိုယ် သူ  ဘယ်သို့သော ရည်ရွယ်ချက်မျိုး ဟု မသိဘဲ လမ်းမ သို့ ဆင်း၍ လျှောက် လာ ခဲ့လေ၏ ။ လမ်းမကြီး မှ မြောက် ရှေးရှု သွားလေ၏ ။ လမ်း တွင် ဘုရား တစ်ဆူ တွေ့ လေ၏ ။ မော်၍ မျှ မကြည့် ။ ထို ဘုရား ပေါ် တွင် ပေါက်လျက် ရှိသော ညောင်ရွက် သည် လေခ သဖြင့် လှုပ်နေလေရာ လရောင် တွင် တဝင်းဝင်း တဖျပ်ဖျပ် အရောင် တောက် နေလေ၏ ။ အောင်ကျော် သည် ရှေ့သို့ သာ မဲရိုင်းပင်များ ကို တိုးဖြတ်၍ သွားလေ၏ ။ သို့ဖြင့် နတ် လော ၊ ကုသိုလ်ကံ ပင် လေလော မသိရ ။ တစ်စုံတစ်ရာ ၏ တန်ခိုးသည် ဗန္ဓုလ စိုက်ပျိုး ထားခဲ့သော ဆီးပင် အနီး သို့ အောင်ကျော် အား ခေါ်ဆောင် လာခဲ့လေ၏ ။


ဆီးပင် အရှေ့ဘက် တွင် မုခ်ကျောင်း နှင့် ဘုရားများ ၊ မြောက်ဘက် သွား က လယ်ကွင်းပြင်များ ၊ အနောက်ဘက် တွင်လည်း ကန် တစ်ကန်ရှိ၏ ။ သို့ကြောင့် အောင်ကျော် သည် ဆီးပင် အောက်၌ ရပ် နေလေ၏ ။ ဘယ် သွားရမည်နည်း ဟု အကြံ ယူ၏ ။ ထိုအခိုက် ဆီးသီး တစ်လုံး သည် ဖုတ်ခနဲ ကြွေကျ ပြန်လေ၏ ။ သူ သည် ထိတ်လန့်သွားလေ၏ ။ နောက် ဆီးပင်  ကို မော့ ကြည့်လေ၏ ။ စစ်သူ ကြီး မဟာဗန္ဓုလ ကို ပြေး၍ သတိရ မိလေ၏ ။


အနိစ္စ ဟူသော ပုတီးလုံးကလေး သည် ချောက်ခနဲ ဆင်း သွားသည့် နောက် ဒုက္ခဟူသော ပုတီးလုံးကလေး မှာ လက်ချောင်းကလေးများကြား တွင် ဝင်၍ လာနေ သကဲ့သို ဗန္ဓုလ ကို မှန်ရိပ် ပြလိုက်ပြီးသော သူ့ ဟဒယအိမ် တွင် မောင်ကျန်ကြီး သည် ဘွားခနဲ ပေါ်လာပြန်လေ၏ ။ မောင်ကျန်ကြီး ကို အရိပ်ပြ ထားသော သူ့ စိတ် မှ မုန်းစိတ် ၊ မနာလိုစိတ် ၊ ငြိုငြင်စိတ် များသည် ပေါက်ပွား လာလေ၏ ။ သို့ ပေါက်ပွားလာသော စိတ်များ သည် ကျဉ်းလွန်းလှသော ဟဒယ အိမ်တွင်း ၌ ငြိမ်ဝပ်စွာ မနေနိုင်သဖြင့် သူ့ တစ်ကိုယ်လုံး တွင် လျှပ်စစ်ဓာတ် ကဲ့သို့ ပျံ့နှံ့ ၍ထွက်ကုန်၏ ။ အရင့်အရင်များ က လမင်း လို ကြည်လင်ဖူးသော မျက်လုံးများ သည် ယခု အခါ နေမင်း လို စူးရှ၍ လာလေ၏ ။ အရင့်အရင်များ က ချိုပြုံးခဲ့သော ပါးစပ်ကလေး မှာ ယခုအခါ အံကြိတ်ခြင်း ဖြင့် ရွဲ့စောင်း၍ လာလေ၏ ။ ဖြန့်လျက်မြဲသော လက်ချောင်းကလေး များသည် ကျော့ကွင်း ကို စု၍ ဆွဲသကဲ့သို့ ခိုင်မြဲစွာ ဆက်လျက်သား ဖြစ်လာလေ၏ ။


အောင်ကျော် သည် ဆီးပင် ကို ပင် ရန်ငြိုးဖွဲ့သော မျက်မှောင် ဖြင့် ကြည့် လေ၏ ။ ‘ တောက် ’ တက် ခေါက်၍ “ ဘာကြောင့် ငါ ဒီ ရောက်လာပြန်ပါလိမ့် ။ ဘယ် မသမာတဲ့ နတ် က  ငါ့  ခေါ်လာ ပြန်တာလဲ ။ ဒီ ကျန်ကြီး နဲ့ ဝေးရာ ရောက်အောင် လာခဲ့တယ် ၊ ခုတော့ သူ့သစ်ပင် အောက် ရောက်လာပြန်ပြီ ... ဟီး ” ဟု သက်ပြင်း ချလျှင်ပင် သူ့ လက်သီးဆုပ်သည် ပြေသွား လေ၏ ။


“ သူတို့ တစ်တွေ ကို ငါ မစဉ်းစားချင်ပါဘူး ဆိုမှပဲ မစဉ်းစားဘဲ မနေရပြန်ဘူး ။ ဟောဒီ ငါ-ရိုးမ ဆီးပင်အောက် ရောက်ခဲ့ရတယ် ။ အမယ် ငါ မနေဘူးသွားမယ် ” ဟု ကြိမ်းဝါးကာ မြောက်ဘက် ဆီသို့ မျှော်ကြည့်လိုက်၏ ။


မျက်စိ တည့် သော မြောက်တစ်ခို တွင်ကား မြစိမ်းရောင်စို နေသော လယ်ကွင်းပြင်များ သည် လှိုင်းကြွ၍ နေလေ၏ ။ ခါတိုင်းထက် ပို၍ ပို၍ သိပ် ပို၍ မြင့်သည် ထင်ရသော ကောင်းကင် အလုံးသည် သော်က အရောင် ဖုံး၍ နေလေ၏ ။ အပေါ် တည့်တည့် က လမင်း သည် အစွမ်းကုန် လင်းလျက် နေလေ၏ ။ လယ်ပြင် တွင် ရှားပင်ကလေးများ သည် ခပ်လှမ်းလှမ်း ခပ်လှမ်းလှမ်း၌ ရပ်၍ နေကြလေ၏ ။


အော့ အော့ နှင့် အော်မည်ကာ ဗျိုင်း တစ်အုပ်သည် မြောက်မှရွာ ဆီ သို့ ပျံသွားကြလေသည် ။ 


အောင်ကျော် ၏ မျက်လုံး သည် ဗျိုင်းအုပ် နှင့် အတူ ပျံသွားလေ၏ ။ သူ့ စိတ်သည် လည်း ဗျိုင်းအုပ် နှင့် အတူ ပျံသန်း သွားပြန်၏ ။


အောင်ကျော် သည် ဆီးပင် ၏ မြောက်စူးစူးသို့ သွားတော့ မယောင် ဖြင့် ခြေလှမ်း၏ ။ ခုမှ ခြံစည်းရိုး ကို မြင်တော့၏ ။ ခုမှ ရွာဆုံး နေ၍ ရှေ့ ဆက်လျှင် လယ်ကွက်များ သာ ရှိတော့သည် ကို မြင်၏ ။ ခုမှ “ ငါ  ဒီက ဘယ်မှ မခွာနိုင်တော့ဘူးလား ” ဟု သူ့ ကိုယ် သူ  စိတ် အပျက်ကြီး ပျက်၍ မေး၏ ။ 


“ ခွာမယ် ၊ မနေဘူး ။ ဒီ ဆီးပင် ဟာ အဆိပ်ပင် ၊ ဒီ ဆီးပင် ဟာ  ငါ့ နှလုံး ကို မီးရှို့ နေတဲ့ အပင် ။ ငါ ဘယ်သွားရ မှာလဲ ။ ဟင်း ၊ ငါ ဘယ်သွားရ မှာလဲ ။ ပြန်မယ် ၊ ဟီး ။ ဒင့် မယား နဲ့ တွေ့နေရဦးမယ် ”  


အောင်ကျော် ကား အကြံ အိုက်နေပြန်၏ ။ တိတ်ဆိတ်မှု မှ ပေါ်လာသော ကမ္ဘာ့ သဘာဝကြီး ၏ ဆီး ဆီး ဟူသောအသံ ကို သူ  စိုက်၍ နားထောင်မိလေ၏ ။ သူ သည် မည်မျှ ဝမ်းနည်းနေသည် ၊ ဆွေးနေသည် ကို သိလာ၏ ။ “ မကောင်းဘူး ၊ မကောင်းဘူး ။ ငါ ဒီ စိတ်တွေ ဖျောက်မှ ကောင်းမယ် ။ ငါ စိတ်ချမ်းသာ အောင် နေမှ ဖြစ်မယ် ။ ငါ ဘာ စိတ်ညစ်ဖို့ ရှိသလဲ ။ အသက် တစ်ရာ ၊ အမှု တစ်ရာတဲ့ ” စသည်ဖြင့် တခြစ်ခြစ် အတွင်း ပူကြွနေသော လူမမာသည် ရေခဲရေ ကို တောင့်တ သကဲ့သို့ သာယာမှု ၊ စိတ်အေးမှု ကို ရှာလေ၏ ။ ထိုအခိုက် ဖုတ်ခနဲ ဆီးသီး တစ်လုံး ကြွေကျ လာ ပြန်လေ၏ ။ ဆီးသီး တစ်လုံး မှာ လရောင် တွင် အရောင်ဝင်း နေလေ၏ ။ အောင်ကျော် သည် ဆီးသီး ကို စောင်းငဲ့ကာ ကြည့် နေလေ၏ ။ သူ သည် ထို ဆီးသီးပင် မှ ဆီးသီး ၏ အရသာ ရှိပုံ ကို သိ၏ ။ ချိုပုံ ကို ခံစားဖူး၏ ။ ထန်းရည် သောက်လျှင် သတ္တိရှိ လိမ့်မည် ထင်မိ မှားသူ ကဲ့သို့ အောင်ကျော် သည် ဆီးသီးကလေး စားလိုက်ရလျှင် စိတ်ချမ်းသာ တော့မည် ဟု အောက်မေ့ မိလေ၏ ။ ဆီးသီး ကို ကောက်၍ စားလေ၏ ။ “ ချိုပေ့ဗျား ၊ ချိုပေ့ ။ ဟီ ဟိ ၊ တယ်ချို ကိုး ။ ဟား ဟား ”  ဟု အသံဝါကြီး နှင့် ရယ်လေ၏ ။ 


“ ဗန္ဓုလ ဆီးသီး လို့ ဒါကြောင့် နာမည် ကျော် တာပဲ ။ ဗန္ဓုလ တို့ မြန်မာပြည်မတော့ သူ့ ထက် ထင်ရှားတဲ့ စစ်သူ ကြီး ရှိပါဘူး ” 


သတ္တိ ကို ပြလို၍ ဘုရင်အမျက်တော် ရှပါက မိမိ အသက် ကို အဆုံး စီရင်မည် ကို သိသော်လည်း မကြောက်မရွံ့ဘဲ မင်းပရိသတ် ရှေ့တွင် လူ တစ်ယောက် အား ထ၍ ထောင်းပုံ ။ မဏိပူရ ၊ အာသံ စသော နိုင်ငံခြားများ ကို လက်နက်နိုင်ငံ ဖြစ်အောင် သိမ်းယူခဲ့ပုံ ။ ၎င်းနောက် “ မှန်လှပါ ၊ ဝေသာလီစားငယ် သည် သနား မ,စတော်မူသည့် ကျေးဇူးတော် ကို မထောက် ၊ ဖောက်ပြန်လှုပ်ရှား မငြိမ်ဝပ် ရှိသည် မှာ ဝေသာလီ အမျိုးသား တို့သည် စစ်ရေးစစ်မှု၌ ကျွမ်းကျင် လိမ္မာ၍ မဟုတ်ပါ ။ အင်္ဂလိပ်အမျိုးသား တို့ သဟဲပြုရသည် နှင့် မငြိမ်မဝပ်သည့် အရေးသာ ဖြစ်ပါသည် ” ဟု ဘကြီးတော် ကို ရဲဝံ့စွာ လျှောက်နေပုံ တို့သည် အောင်ကျော် ၏ မျက်စိ ရှေ့တွင် လှည်းဇာတ် လှည့် က သကဲ့သို့ တစ်ခုပြီး တစ်ခု ထင်ရှားစွာ ပေါ်ပေါက်လာကုန်၏ ။


ထို့နောက် ဗန္ဓုလ စစ်သူကြီး ရှိစဉ်က မိမိ သည် လူလား မမြောက်သေးသောကြောင့် စစ်ဘုရင်ကြီး အနီး က နေ၍ ရွပ်ရွပ်ချွံချွံ မတိုက်ခဲ့ရသည် ကို တွေး၍ ဝမ်းနည်း နေလေ၏ ။ ဗန္ဓုလ လို စစ်ဗိုလ်ကြီး မျိုးသာ ခေါင်းဆောင်၍ တိုက် ရလျှင် ဤ ဇမ္ဗူ မှာ ကြောက်ရမည့် သူ ပင် ရှိမည် မဟုတ် ဟူ၍လည်း ခန့်မှန်း နေလေ၏ ။


၎င်း စဉ်းစားချက်တို့ ပျောက်ကွယ် သွားပြီး နောက် ဂေါ်တော့ပလ္လင် အရပ် ၌ စစ်နိုင်ပုံ ၊ ဓနုဖြူခံတပ် ၌ မဟာဗန္ဓုလ သည် ကု,လားတို့ ဗုံးအမြောက် ကို လက်နက် ဟူ၍ မပြု ဂရုမထားဘဲ မိမိ ဝတ္တရား အတိုင်း တပ်တော် ထိပ်သို့ တက်လျက် စစ်သည်တော်များ ကို အားပေးပုံ ၊ အမိန့် ထုတ်ပုံ ၊ မြင်းတော် ကို စီးလျက် ဓားရေးလှံရေး ပြကာ စစ်သည်များ အား ရှေ့သို့ ချီတက်စေပုံ တို့ ကို မှန်းဆတွေးတော ကြည့် နေလေ၏ ။ ခေတ္တမျှ စွန့် ခွာ နေကြသော အား တို့သည် အောင်ကျော် ၏ သန္တာန်တွင်း သို့ ပြန်လည် ဝင်ရောက် လာလေ၏ ။ ယခုကား လူကောင်း ဖြစ်လာ လေပြီ ။ ယောက်ျား ပီသသော အောင်ကျော်  ပြန် ဖြစ်လာလေပြီ ။


ဗန္ဓုလ မှ တစ်ဆင့် ၎င်း ၏ သား မောင်ကျန်ကြီး ထံသို့ သူ ၏ စိတ် သည် သွားရောက် နေပြန်၏ ။ မောင်ကျန်ကြီး ကို မကြာသေးမီက စက်ဆုပ်ခြင်း ၊ မနာလိုခြင်း ၊ မုန်းထားခြင်း ဖြင့် ကြည့်၏ ။ ယခုမူ မောင်ကျန်ကြီး  ကား မဟာဗန္ဓုလ ၏ သား ၊ အံ့သြစရာကောင်းသော လူ ဖြစ်လာလေ၏ ။ သဇင်ပန်း သည် တော ၌ ကား အဖိုးမတန် ၊ မြို့တော် ၌ နန်းတော်သူ တို့ ၏ ဦးထိပ်ဝယ် ပန်ဆင် ထားလေလျှင် အဖိုး ထိုက်တန်လှ၏ ။ ထို့အတူ မဟာဗန္ဓုလ ၏ သား ဖြစ်ခြင်း သည် ပင် မောင်ကျန်ကြီး ဂုဏ် ကို မြှင့်ဘိ၏ ။ အောင်ကျော် သည် မဟာဗန္ဓုလ ကို ကြည်ညိုမြတ်နိုးသလောက် ၎င်း ၏ သွေးပါလာသော မောင်ကျန်ကြီး ကို ကြည်ညိုမြတ်နိုးစ ပြု လာလေ၏ ။ မောင်ကျန်ကြီး ကိုပင် ဗန္ဓုလ ဟူသော အမှတ်ဖြင့် သိမှတ်စ ပြုလာလေ၏ ။ 


“ မောင်ကျန်ကြီး ၊ မင်းတော့ အလွန် အလွန် ကုသိုလ် ကောင်းတဲ့ လူပေပဲ ။ မင်း ဟာ လေ ဒီလို ကိုယ့် ပြည် အတွက် ၊ ကိုယ့် လူမျိုး အတွက် အသက် စွန့်ပြီး ဆောင်ရွက်ခဲ့တဲ့ မဟာဗန္ဓုလ စစ်သူကြီး ရဲ့ သား ဖြစ်ရတာ မာန တက်စရာမဟုတ်လား ။ ဇာတိမာန် ပေါ့လေ ။ မင်း မှာ မဟာ ဗန္ဓုလ ရဲ့ သွေးပါတဲ့ မဟာဗန္ဓုလ ရဲ့ သား ဆိုတော့ ချစ်သူ ပေါမယ် ၊ ကြိုက်သူ ပေါမယ် ။ မြန်မာတို့ ရာဇဝင် ပြောင်စေတဲ့ ရဲသွေးရဲစိတ် ဗီဇ ကို စိုက်ပျိုးနိုင်တဲ့သူ ကို ကွဲ့  ။ ဩော် ငါ့ သား ဟာ မင့် သား ပဲဟေ့ ၊ ဟန်ရလိုက်တာ ။ မင်း သိပ်ပြီးပညာ ရှိတဲ့ လူပဲ ။ သူတော်ကောင်း သက်သက်ပဲ ။ ကြည့်ပါလား ၊ မင်း ပဲ မဟုတ်လား ။ ဗန္ဓုလ ဆီ က သွေး ကို  ငါ့ သား ဆီရောက်အောင် ဆက်ပေး တာ ။ ဟော ၊  ငါ့ သား ဟာ ဗန္ဓုလ ရဲ့ သွေးကွ ။ ကောင်းတယ် ၊ ကောင်းတယ် ။ ငါ့ သားကလေး ဇာတိမာန် တက်စရာပေါ့နော် ။ မောင်ကျန်ကြီး ရာ မင့် ကျေးဇူး မမေ့ပါဘူး ” ဟု စိတ်တွင်း ၌ စကား ပြောပြီး အထူး ရွှင်ပျလာလေ၏ ။ သူ ၏ ရွှင်ပျသော မျက်နှာ နှင့် လမင်း သည် ပနံစားလှ လေ၏ ။ တစ်နေ့လုံး လည် လျက်ရှိသော သူငယ် တစ်ဦး သည် မိမိ ၏ အိမ် သို့ ပြန်ရောက်သော အခါ အရိုက် မခံရအောင် မည်သို့ ပြုရပါမည်နည်း ဟု အကြံအိုက် လျက် ရှိစဉ် လူကြီးများ ကို လှည့်ဖြားရန် ယုတ္တိ တစ်ခု ကို ရုတ်တရက် တွေးမိသဖြင့် အလွန်အမင်း ဝမ်းသာခြင်း ဖြစ်သကဲ့သို့ မိမိ ၏ ဗလောင်ဆူလျက် ရှိသောစိတ် ကို ငြိမ်သက်အောင် လှည့်စားနိုင်သည့် ယုတ္တိ တစ်ခု ကို ရသည့် အတွက် အောင်ကျော် လည်း အလွန် ဝမ်းသာလျက် ရှိလေ၏ ။


“ အောင်မယ်လေး ၊ ငါ့ အချစ်  ငါ့ ကြင်ရာတော် မသက်မှုံ ကလည်း လိမ္မာလှပါပေကွယ် ။ မင်း ဟာလေ ရုပ် လည်း ချောတယ် ၊ ပစ္စည်း လည်း ပေါတယ် ၊ လိမ္မာ လည်း လိမ္မာတယ် ။ ဘယ် မိန်းမ နဲ့ မှ မတူဘူး ။ မောင်ကျန်ကြီး ကို မဟာဗန္ဓုလ ရဲ့သွေးမို့ မင်းချစ်တာ ကိုး ၊ ချစ်ထိုက် တယ် ။ မင်း ဟာ ပညာရှိ မို့  ၊ အမြော်အမြင် ကြီးလို့ မောင်ကျန်ကြီး ကို ကြိုက်တာ တော်တယ် ။ မင်း သိပ်တော်တာပဲ ။ မင့် စိတ်ဟာ အထက်တန်း ကျပါတယ်ကွယ် ၊ ချီးမွမ်းထိုက်ပါပေတယ် ။ ငါ တို့များ တော့ တယ် နုံတာ ကိုးကွ ။  ငါ့ အဖေက လက်ဖက်ရည်တော်စာရေး ၊ ငါ့ အမေ က တောင်သူကြီး သမီး ၊ ငါ့ အဘိုး က ကျောက်ကုန်သည် ၊ ငါ့ ဦးလေး က ဖဲသမား ၊ ငါ့ ဦးကြီး က ကြက်သမား ၊ ငါ့ ရွှေခုနစ်ဆက် မျိုးခုနစ်ဆက် မှာ ဘယ်သူ မှ  ကိုယ့် အမျိုးအတွက် ၊ ကိုယ့် ဘုရင် အတွက် အသက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့တာ မရှိဘူး ။ ဟော .. ခုတော့ မင်း ဟာ  ငါ့ မိန်းမ မယ်မှုံ ဟာ  ငါ့ သား ကို မဟာဗန္ဓုလ နဲ့ သွေးဆက်ပေးတယ် ။  ငါ့ မိန်းမ အလိမ္မာလို့ သာ ဒီလို ဖြစ်ရတာ ။ မင့်ကျေးဇူး ငါ ဘယ်တော့မှ မမေ့ဘူး ။ မင်း ကို ငါ ခါတိုင်းထက် ပိုချစ်တော့ မယ်နော် ”  စသည်ဖြင့် စိတ်ကူး ကွန့် ၍ နေပြန်လေ၏ ။


သို့သော် ပြဿနာ အခက်အခဲတစ်ခု ကား ကျန်နေလေ၏ ။ ဗန္ဓုလ နှင့် မိမိ သား ကို သွေးဆက် ပေးသဖြင့် နှစ်သက် ဝမ်းမြောက်ရ သော်လည်း ၎င်း ၏ စိတ်တွင် စနောင့်စနင်းနှင့် အခဲမကြေသော အရာ တစ်ခု ရှိသေး၏ ။ မောင်ကျန်ကြီး သည် မိမိ မယား ၏ အချစ် ကို ယူပြီး မိမိ ထက် ရှေးဦးစွာ ပေါင်းဖက်ခဲ့ဖူးသောကိစ္စအတွက် ဇဝေဇဝက် နှင့် အနေ ခက်၍ နေလေ၏ ။ 


“ ငါ ဟာ ရှေးကတော့  ငါ့ မိန်းမ ကို အပျိုစစ် ကညာမှန် ဆိုပြီး နေခဲ့တယ် ။ ငါ က အပျိုစစ် ထင်တော့ အပျိုစစ်ပဲ ဖြစ်နေတာပဲ ။ ဘာများ လိုသေးသလဲ ၊ ဘာများ ပိုသေးသလဲ ။ မစစ်တာ နှင့် စစ်တာ ဘာ ခြားသလဲ ။ အောင်မာ ၊ ဘာမှ မခြားပါလား ။ ခုမှဗျာ သူများ က ပြောလို့ အပျို မစစ်မှန်း သိရပြီ ။ ကဲ ... သိရတော့ ဘာဖြစ်သွားဦး မှာလဲ ။ ပြောင်းသွားဦးမလား ။ မပြောင်းပါဘူး ။ ကဲ ... ဥပမာဆိုပါတော့ ၊ ရေ ကို လက်ပြန် ခပ် ၊ လက်ပြန် လောင်း တာ ကို မသောက်တဲ့ လူ တစ်ယောက် ၊ လက်ပြန်ခပ် ပေးရာ ခပ်တာ မမြင်ရင် သောက်လိုက်တာပဲ ။ တစ်ယောက် ယောက် က ဟဲ့ .. လက်ပြန်ခပ်တဲ့ ရေ ဆိုရင်ပဲ အော့တော့ မလို အန်တော့ မလို ဖြစ်ရတာ ဘယ်လောက် ထူးဆန်းသလဲ ။ သောက်လိုက် တဲ့ ရေ ကပဲ လက်ပြန် ခပ်တဲ့ ရေလို့ သိတာနဲ့ တစ်ပြိုင် နက် ခါးသွားသလား ၊ ငန်သွား သလား ။ မခါးဘူး ၊ မငန်ဘူး ။ ရေ က လုံးလုံး မပြောင်းပါဘူး ။ စိတ်က ပြောင်းနေတာပါ ။ ခုလည်းပဲ မိန်းမအပျို စစ်တယ် မစစ်ဘူး ဆိုတာ စိတ် က ပြောင်း နေတာပေါ့ ။ အပျို မစစ်ဘူးလို့ သိရတော့  ငါ့ မိန်းမ ဘာများ ပြောင်းဦး မှာလဲ ။ ဘာမှပြောင်းမှာ မဟုတ်ဘူး ။ ဒါနဲ့များ ရွံသလိုလို မသတီသလိုလို နဲ့ ။ ကဲ … တော်ပြီ ၊  ငါ့ မိန်းမ ဟာ  ငါ့ မိန်းမ ပဲ ။ ငါ ချစ်ပြီ ၊ ကြင်နာပြီ ။  ငါ့ မိန်းမ ကျေးဇူးတွေ အများကြီး ရှိတယ် ” ဟု ကြေညာချက် ထုတ်ပြီး အိမ် ဆီသို့ ပြန်ခဲ့လေ၏ ။ သန်းခေါင်ကြက် လည်း တွန်လေ သတည်း ။


•••••   •••••   •••••



အိမ် သို့ ရောက်သောအခါ အောင်ကျော် အား နီပါး ဆိုသော ခွေးသည် ဝင်းဝ က ဆီးကြို လေ၏ ။ နီပါး သည် အမြီး နှန့်လိုက် ၊ ခါး တွန့်လိုက် ဖြင့် သခင် ၏ မျက်နှာသာ ရအောင် ကြိုးစားလေ၏ ။ ဦးဓူဝံ လည်း မအိပ်သေးဘဲ အိမ် အောက် က စောင့် နေလေ၏ ။ ဦးဓူဝံ သည် ဝမ်းနည်း သောအသံ ဖြင့် -


“ မောင်ရင် တယ် ကြာပါလားကွဲ့ ” ဟု မေးလေ၏ ။


“ ကြာဆိုဗျာ ဂုဏ်တော် တစ်ထောင် စိပ်နေရတာ ကိုး ။ ပြီးတော့ မေတ္တာ လည်း ပို့နေ သေးတယ် ။ ဘကြီး ဘာလို့ မအိပ်သေးသလဲ ” 


“ မောင်ရင့် ကို စောင့်နေတာ ၊ အိပ်ပါတော့မယ်ကွယ် ” 


“ အိပ် အိပ် ၊ အလကား ဒုက္ခခံ ပြီး စောင့်နေတယ် ဘကြီးရယ် ” ဟု ပြောပြီး လှေကား ပေါ် သို့ တက်လေ၏ ။


“ သက်မှုံ လည်း မကြာခင် ကမှပဲ အိပ်တော့တယ် ။ တစောင့်စောင့် တမျှော်မျှော် နဲ့ ဘကြီး ကို တောင် လိုက်ပြီး အခေါ်ခိုင်း ရှာသေးတယ် ။ ဘကြီး က ဘုရား မှာ ပုတီးစိပ် နေတယ် ပြောလိုက် မှ မခိုင်းတော့တယ် မောင်ရင် ရယ် ” ဟု ဦးဓူဝံ သည် ပြောရ သော်လည်း မောင်အောင်ကျော် အတွက်ကား ဝမ်းနည်းလှပေ၏ ။


“ အို ဟုတ်လား ဘကြီး ရဲ့ ” ဟု ပြောကာ တက်ရင်း ‘ အင်း … မယ်မှုံ  ၊ မှုံမှုံ ။ မင်း ဟာ ငါ့ ကို လည်း အတော်ပဲ ချစ်ရှာသားကပဲ ။ သဘောထား မွန်မြတ်တဲ့ သူ ကလေးမို့ ဘုရား သွားတယ် ၊ ဘုရား မှာ ပုတီးစိပ် နေတယ် ဆိုရင်ပဲ စိတ်ချ ယုံကြည်ပြီး ငါ့ ကို အနှောင့်အယှက် မပြုတော့ဘူး ။ အင်မတန် မွန်မြတ်တဲ့ ပါရမီရှင်ကလေးပဲ

’ ဟု တွေးတောမိ၏ ။ ဦးဓူဝံ သည် အံ့သြမိ၏ ။ မိမိ ပြောလိုက် သဖြင့် အောင်ကျော် မှာ ဝမ်းနည်းကြေကွဲ ပြီးလျှင် အပြောင်းလဲကြီး ပြောင်းလဲ လိမ့်မည် ဟု ထင်ခဲ့လေ၏ ။ သို့သော် ထို လျှို့ဝှက်အပ်သော အရာများ ကို မပြော ခင်က မောင်အောင်ကျော်  နှင့် ယခု မောင်အောင်ကျော်   မှာ ကွာခြားခြင်း မရှိသည် ကို တွေ့ရ၏ ။ 


ဦးဓူဝံ သည် ဝမ်းသာလှ၏ ။


အောင်ကျော် သည် မိမိ ဝတ်ဆင်ထားသော ပန်းလက်ချိတ်ပုဆိုး နှင့် ခေါင်း မှ ဆင်ကပေါင်း ပေါင်းထားသော ခေါင်းပေါင်း ကို ချွတ်၍ နံငယ်လုံချည် ကို ဝတ်လေ၏ ။ 


ပြင်ဘက် ၌ ထိန်ဝင်းစွာ ထွန်းလင်းလျက် နေသော လရောင်ကြောင့် အိမ်တွင်း ၌ မှောင်ထု သည် မထူထပ်လှချေ ။ ထို့ကြောင့် အောင်ကျော် သည် ခုတင် ပေါ်၌ ကွေးကွေးကလေး စောင်းလျက် အိပ်ပျော် နေသော သက်မှုံ နှင့် ၎င်း ရင်ခွင် အနီးတွင် ပေါင် ကားယား လက် ကားယား နှင့် အိပ်ပျော် နေသော သားကလေး တို့ ကို ကောင်းစွာ မြင်ရပေ၏ ။


သူ သည် ဝါဝင်းသော သက်မှုံ ၏ ပါးကလေး ကို စူးစိုက်ကြည့်နေလေ၏ ။ 


“ ဟင်း ၊ ဒီ ပါးကလေး ပေါ် မှာ မောင်ကျန်ကြီး  နှာခေါင်း စားကျက် ချခဲ့လေပြီ ” ဟု ရုတ်တရက် သတိရ မိ လေ၏ ။


တောင့်တင်းလှသော သက်မှုံ ၏ ငါးကြင်းကိုယ် ကို ကြည့်ပြန်လေ၏ ။ 


“ ဟီး ၊ ဒီ ကိုယ်ကလေး ကို မောင်ကျန်ကြီး  ဦးစွာ ပွေ့ပိုက်ခဲ့သည် ” ဟု အောက်မေ့ ပြီးနောက် “ ငါ ဒါတွေ မစဉ်းစားနဲ ” ဟု ချိုးနှိမ် သော်လည်း ဗိုလ်တစ်ထောင် တင် လေးကြီး ကို ချိုး ရသည် ထက် ခက်ခဲ နေလေ၏ ။ 


“ ငါ ဒါတွေ မစဉ်းစားတော့ဘူး ၊ ဒါတွေ နောက်ဆုံး အမှတ်ရခြင်းပဲ ။ ကြည့် ... ပါ့ ၊ လှလိုက်တဲ့ သက်မှုံ ၊ ဒင်း ရဲ့ ရုပ်ရည်ရူပကာယ ဟာလေ အထက်တန်း ကျ လှချေကလား ။ မင့် ရုပ်ရည် အထက်တန်း ကျပြီး မွန်မြတ်သလို စိတ်သဘော လည်း မွန်မြတ်ပါပေတယ် ၊ ကြီးမြင့်ပါပေတယ် ၊ အထက်တန်း အာဇာနည်မျိုး ကို မှ ကြိုက်တတ်ပေတယ် ။ မင့် ကျေးဇူးကြောင့် ဗန္ဓုလသွေး ပါတဲ့ သားကလေး ကို တို့ ရကြပြီ ” သားမျက်နှာ ကို စူးစိုက် ပြန် ကြည့်လေ၏ ။


အရင်က ဆိုလျှင် မောင်အောင်ကျော်  က သားငယ် သည် သူ နှင့် တထေရာတည်း တူ သည် ဆို၍ ၊ မသက်မှုံ က သူ နှင့် တစ်ထပ်တည်း တူသည် ဆိုကာ အဖေတူ အမေတူ အငြင်းဖြစ်ပွား စကား များခဲ့ကြဖူး၏ ။ ယခုမူ အောင်ကျော် သည် သေသေချာချာ ကြည့်သောအခါ သားငယ် သည် မိမိ နှင့် လည်း မတူ ၊ သူ့ မိခင် နှင့် လည်း မတူ ၊ မဟာဗန္ဓုလ နှင့်သာ တူနေသည် ကို တွေ့ ရှိရ လေ၏ ။ လက်သီး ဆုပ်လျက် လက် ကားယား ထားကာ အိပ် နေသည် ကို ပင် ဗန္ဓုလသွေး ပါ သောကြောင့် သတ္တိ ပြနေသည် ဟု အောက်မေ့ မိလေ၏ ။ ထို သား ကား ထူးဆန်းသော သား ၊ နတ် ချီးမြှင့်သော သား ၊ ရာဇဝင် တွင်မည့် သား ၊ မိမိ နှင့် မိမိ ဇနီး အား ဂုဏ်ဆောင်မည့် သား ၊ မိမိ နှင့် မိမိ ဇနီးသည် ထိုသို့သော သား ကို မွေးထုတ် သဖြင့် ရာဇဝင် တွင် ထင်ရှား ခဲ့လေဦးမည် ဟု ကြုံးဝါးလေ၏ ။


မောင်အောင်ကျော်  သည် မသက်မှုံ နှင့် သားငယ် မနိုးစေရန် ဂရုကြီးစွာ ထား၍ အသံ တစ်စုံတစ်ရာ မဖြစ်စေဘဲ ခုတင် တစ်ဖက်စွန်း ၌ အိပ်လေ၏ ။


•••••   •••••   •••••



ယွန်းထိုး ထမင်းစား ဒေါင်းလန်းကြီး တွင် ဝိုင်း၍ စား နေကြသူ  ဇနီးမောင်နှံ တို့ ကား ပြုံးပြုံးရွှင်ရွှင် ကြည်လင် နေကြလေ၏ ။ မောင်အောင်ကျော် သည် ငါးများ ကို အရိုး ထွင်၍ အသား ကို ဇနီး အား ပေးလေ၏ ။


“ အို ... ကိုအောင်ကျော်  နေပါစေ  ... ” ဟု ပြောပြီး အသား ကို ယူ၍ မောင်အောင်ကျော် ရှေ့သို့ ပြန်ပို့လေ၏ ။


“ မဟုတ်ဘူး ၊ စားသာ စားပါကွာ ” ဟု အသား ကို ဇနီးအား ပေး၏ ။ မသက်မှုံ လည်း ချစ်မြတ်နိုးသဖြင့် ပေးသောငါးသား ကို စားရလေ၏ ။


ဦးဓူဝံ ကား ကလေး ချီနေလေ၏ ။ ကလေး မှာ ဦးဓူဝံ လုပ်ပေးထားသော အဝတ်စုတ်ရုပ် နှင့် ပျော်နေလေ၏ ။


“ မယ်မှုံ ရေ ” ဟု အောင်ကျော် က ကြင်နာသံ နှင့် ခေါ်၏ ။


“ ကိုအောင်ကျော် ” 


“ ဒါထက် တို့ကလေး နာမည်မပေးရသေးဘူးနော် ” ဟု ဆိုပြီး မန်ကျည်းရွက်ချဉ်ရည် ကို သောက်လေ၏ ။


“ ကိုအောင်ကျော် ကြိုက် သလို ပေးလေ ” 


“ ကျုပ် ကတော့ မောင်ဇေယျ လို့ ပေး ချင်တယ် ” 


“ နာမည် က ကြီးလှချီကလား ။ အလောင်းဘုရားကြီးရဲ့ နာမည်ပါကလား ” ဟု လက် ထဲ မှ ထမင်း ကို ပါးစပ် သို့ မသွင်းသေးဘဲ မေးလေ၏ ။


“ ဒါမှ ကျုပ် ကြိုက်တယ် ၊ မြန်မာတွေ ကို မွန်တွေ လက်အောက် က လွတ်မြောက်အောင် ကြံရွယ်တဲ့ ဒီလို အာဇာနည် နာမည်မျိုး ကို မှ မှည့်ချင်တယ် ” 


“ ကောင်းပါပြီလေ ၊  ကိုအောင်ကျော် ကြိုက် သလိုပေါ့ ” 


ထမင်း စားပြီးလေပြီ ...  ။ မသက်မှုံ သည် ကွမ်းအစ် ကို ယူလာပြီး မောင်အောင်ကျော် ကို ပေးလေ၏ ။ မောင်အောင်ကျော် သည် ကွမ်းစားလေ၏ ။ မသက်မှုံ သည် ဆေးတောင်း ယူ၍ ဆေးလိပ် လိပ်လေ၏ ။


“ မယ်မှုံ ၊ သံသော့အင်္ကျီ ဝတ်မလား ” 


“ နေပါစေ ကိုအောင်ကျော် ရယ် ၊ ကျွန်မတို့ ဆင်းရဲသား နဲ့ မတော်ပါဘူး ” 


“ ဆင်းရဲသား ဆိုတဲ့ စိတ် မထားစမ်းပါနဲ့ ။ ကျုပ် ဝယ်ပြီး ဆင်ပါမယ် ။ ငွေစတွေ ရှိပါ သေးတယ် ။ ဒီ ရွှေလက်စွပ်ကြီး လည်း မကြိုက်ဘူး ။ နီလာလက်စွပ် ကို ဆင်ရမယ် ” 


“ အို … ကလေး ပဲ ရပေါ့ဟာ ၊ အပျိုလေး လို ဆင်ဖို့ ပြင်ဖို့ မလိုပါဘူး ” 


“ အို ... မဟုတ်ဘူး ၊ စိတ်ရှိ သလို အထက်တန်း ကျကျ နေစမ်းပါ ။ ကျုပ် လို ဆင်းရဲသား သားသမီး နဲ့ ညား ရပေမယ့် နုပ်နုပ်ချာချာ တော့ မနေစေချင်ဘူး ။ မယ်မှုံ ထိုက်တဲ့ အဆောင် အယောင်တွေ ကို ရအောင် ၊ ဖြစ်အောင် စီမံရမယ် ”  


မသက်မှုံ သည် မောင်အောင်ကျော် ကနေ့ နေ့တိုင်း ထက် ထူးခြား၍ မိမိ အား ချစ်ပုံ ကို ပြသဖြင့် ဝမ်းသာ၍ မောင်အောင်ကျော် အား သနားကရုဏာ သက်၏ ။ ချစ်ကြည်ညို လာလေ၏ ။


“ မယ်မှုံ ရေ ၊ ကလေး ကို ကောင်းကောင်း ဂရုစိုက်ပါနော် ။ ကလေး ဟာ ရဲရင့်ပစေ ၊ ဇာတိမာန် တက်ပစေ ၊ ရိုးသား ဖြောင့်မှန်ပစေ ၊ မြန်မာ ဗုဒ္ဓဘာသာ ပီသပစေနော် ။ အစစအရာရာ မှာ သွန်သင်ဆုံးမ နော် ။ ကျုပ် က ရော ၊ မယ်မှုံ က ပါ ကြည့်ကြပ်ပြီး ဆုံးမ ပဲ့ပြင်ရင် သားကောင်း ရတနာ အာဇာနည် ယောက်ျား ဖြစ်နိုင်တယ် ” 


•••••   •••••   •••••



( ဆယ်နှစ်ခန့် ကြာပြီး နောက် )


ဒေါ်သက်မှုံ သည် အိမ်ရှေ့ ကပြင် တွင် ချည်ချ နေလေ၏ ။ ချားသံသည် ဂျက် ဂျက်နှင့် မြည်လျက် ရှိ၏ ။ ဦးအောင်ကျော် သည် ငှက်ကြီးတောင် ဓားကြီး ကို ဆ၍ ခုတ်စမ်း ပြီးနောက် ကြေးလင်ပန်း နှုတ်ခမ်းပြတ်တစ်စ ကို ဓား ဖြင့် လှီးလေ၏ ။ ခရမ်းသား ကို သားလှီးဓား နှင့် ဖြတ်သလို တိခနဲ ကြေး စသည် ပြတ်သွားလေ၏ ။ ဦးအောင်ကျော် သည် ပြုံးပြီး ဓား ကို ဆ ပြန်သည် ။


“ မယ်မှုံ ရေ ၊ လုပ်လိုက်ရတဲ့ ဓား အခုမှ ပြီးတော့တယ် ။ ဒီဓား ဟာလေ  ငါ့ သား ရဲ့ ဘုန်းကံ ကို မြှင့်မယ့် ဓားကွဲ့ ။  ငါ့ သား ဟာ ဒီ ဓား ကိုင် ထားပြီး စစ်သည်တော်ကြီး ဖြစ်ရမယ် ”  


ဒေါ်သက်မှုံ သည် အစ ပျောက် နေသော ချည်ခင် ကို ရှင်းလျက်


“ ဒါထားပါဦး  ကိုအောင်ကျော် ရယ် ။ မောင်ဇေယျ ခုထက်ထိ ပြန် မလာသေးပါကလား ”  


“ အို ကိစ္စ မရှိဘူး ၊ ယောက်ျားကလေး ပဲ ။ မြင်းစီး သင်တယ် ဆိုတော့ တော်တော် ခရီး ပေါက်အောင် စီးနေ မှာပေါ့ ” ဟုပြောပြီး ဓား ကို ဓားအိမ် တွင် စွပ်လေ၏ ။ 


“ နေ က လည်း ဝင်လုပြီ ကိုအောင်ကျော် ရဲ့ ” 


“ အို မင်းနှယ် ၊ နေဝင်တာ နဲ့  ငါ့ သား က ကြောက်ရဦး မှာလားကွဲ့ ။ တမင် ရဲအောင် လို့လွှတ်ထားတာပဲ ”


ဒေါ်သက်မှုံ သည် ချည်ခင် ကို လွှတ်လိုက်ပြီး


“ ထမင်း လည်း မစားရသေးဘူး ၊ ဆာများ နေမှဖြင့် ” 


“ တောက် ၊ စိုးရိမ်ရန်ကော ကွာ ။ စစ်သား လုပ်မယ့် ယောက်ျား ထမင်းစားချိန် နှောင်းတာ နဲ့ စိတ် မပျက်ပါဘူးကွ ။ ထမင်း အငတ် တောင် ခံရဦးမယ် ”  


ထိုအခိုက် မောင်းသံ တစ်ခု ကို ကြားရလေ၏ ။ မောင်းသံ မှာ အေးအေး သက်သာ ပေါ်ထွက် လာသည် မဟုတ် ။ ဒူ ၊ ဒူ ၊ ဒူ နှင့် ဆင့်ကာ ဆင့်ကာ မြည် နေလေ၏ ။ ဒေါ်သက်မှုံ ၏ မျက်နှာ တွင် ကြောက်သွေး ၊ အံ့သြသွေးများ တက်လာ၏ ။ 


“ ဟော ... မောင်းသံ ပါလား  ကိုအောင်ကျော် ” 


“ အေး … ဒူ ဒူ နဲ့ ဘာမောင်းပါလိမ့် ” 


ဒေါ်သက်မှုံ သည် ယောက်လုံး ကို ကိုင်ကာ နားစွင့် ပြီးနောက် 


“ ဟစ်သံရောပါလား ” 


ဦးအောင်ကျော် က မတ်တတ် ရပ်ပြီး အသံ လာရာ သို့ မျက်နှာ မူလျက် 


“ ရွှေနန်းတော်ကြီး က အမိန့်များ ဆင့်သံလေလား ”  


“ ဟုတ် မှာပဲ ထင်ပါရဲ့ ” 


သူတို့ နှစ်ယောက် သည် စကားပြော ရပ်ပြီး အသံ လာရာ ဘက်သို့ သာ ငေးကြည့်နေ လေ၏ ။ ခွေးအူသံ သည် ဒေါ်သက်မှုံ ကို တုန်လှုပ် သွားစေ၏ ။


“ ဟော ... မောင်းသမားတွေ ဟိုဘက်လမ်း ရောက်လာပြီ ။ ဟော … ရှေ့က ခေါင်းပေါင်းဖြူ ဖော့လုံး နဲ့ စာချွန် ကို အော်ပြီး ဖတ် နေပါကလား ။ ဟုတ်ပါတယ် ၊ ရွှေနန်းတော်ကြီး က အမိန့် ပါပဲ ” 


“ တိတ်တိတ် နားထောင်ပါ ”  ဟု ဆိုကာ ဒေါ်သက်မှုံ က လက်ကာ၍ ပြလေ၏ ။


“ တိုင်းသူ ပြည်သား လူအများတို့လေး ။ ရွှေတွင်းငွေတွင်း ကျောက်တွင်း ပရင်းဒုတ္ထာ တွင်းများ ကို ပိုင်သတော် မူသော သုနာ ပရန္တ သမ္ပဒီပ မြန်မာနိုင်ငံတော်ကြီး ကို ထီးဖြူ အုပ် ၍ မင်းလုပ်တော် မူသော ဘဝရှင်မင်းတရားကြီး အမိန့် တော်မြတ် သတ်မှတ် လိုက်သည် ။ ယခုအခါ မျက်နှာဖြူကု,လားတို့သည် တော်ကြီးဘုရား ပိုင်သတော် မူသော ဒဂုန် ဒလ မုတ္တမ မြို့များ ကို တိုက်ခိုက်ဖျက်ဆီး လုယူကြပြီ ။ ပုသိမ် ၊ ပဲခူး ၊ ပြည် များ ကို လည်း ဆက်လက် ချီတက်လိမ့်မည် ။ ဒီကဲ့သို့ ကျူးကျော်စော်ကားခြင်း ကို အပြစ်ဒဏ် ပေးရန်  ...  ” 


ဒေါ်သက်မှုံ “ အို … စစ်ဖြစ်ကြပြန်ပါပကော ”  


ဦးအောင်ကျော် “ နေစမ်းပါဦးကွာ ၊ နားထောင်ပါ ” 


“ တပ်တော်များ လွှတ် လိမ့်မည် ။ သန်စွမ်း ကျန်းမာသော ယောက်ျားတိုင်း တပ်တော် များ သို့ ဝင်ရန် အမိန့်တော် ရှိလိုက်သည် ” 


ဒူ ၊ ဒူ ၊ ဒူ ။


ဦးအောင်ကျော် သည် ဓားအိမ် ကိုချွတ်ပြီး ဝင့်ရင်း


“ ဟာ ... အရေးဆိုက်ပြီ ။ ငါ  တောင့်တ နေတဲ့ အာသီသ ပြည့်တော့မယ် ။ ဒီ စစ်ပွဲ တော့ ဝင် နွှဲလိုက်ရမယ် ” 


“ အို … စစ်ပွဲဝင်ဖို့များ တောင့်တ နေသလား ကိုအောင်ကျော် ရယ် ။ စစ်ဖြစ်တာ မကောင်းပါဘူး ။ လူတွေ သောက်သောက်လဲ သေကုန်တော့ မှာပဲ ” 


“ အို … မင်းနှယ် ၊ မသေရင် ဖြစ်မှ မဖြစ်ဘဲ ။ အရင် တစ်ခါတုန်း ကလည်း တစ်ချက် လွဲသွားတယ် ။ ဒီတစ်ခါတော့ မလွတ်ရဘူးကွ ” 


“ သူ များ တိုက်ချင် တိုက်ပါစေ ၊  ကိုအောင်ကျော် တော့ စစ်ထဲ မလိုက်ပါနဲ့ ။ မတော်တဆ ဖွဟဲ့ လွဲစေ ဖယ်စေ ” 


“ ဟား ဟား ဟား တော်ပေ့ကွာ ။ ကျုပ် စစ်ထဲ မလိုက်ဘဲ မနေနိုင်ဘူးဗျ ။ ဒီ ကု,လားဖြူတွေ ဟာလေ တို့ ငယ်ငယ်တုန်း က တစ်ခါ ၊ တို့ မြန်မာပြည် ပိုင် ၊ တို့ ဘုရင် အာဏာတော် ဖြန့်ဖြူးရာ ဖြစ်တဲ့ ရခိုင် ၊ ရေး ၊ မြိတ် ၊ ထားဝယ် ၊ တနင်္သာရီ နယ်များ ကို တိုက်ခိုက်သိမ်းယူ ပြီးပြီ ။ မဏိပူရ ၊ အာသံနယ်များ မှာ တို့ ဘုရင် ရဲ့ သြဇာအာဏာတော်များ ကို လည်း ဖျက်ပစ်ပြီးပြီ ။ ဒါတင် မကသေးဘူး ၊ ငွေ တစ်ကုဋေ ကိုလည်း စစ်လျော်ကြေး အဖြစ် နဲ့ ဆက်လိုက် ရတယ် ။ ကဲ ...  တို့ပြည် ကို လည်း တိုက်ယူသေးရဲ့ ၊ တို့ က လည်း ငွေ ပေးရသေးရဲ့ ။ တရား သလား ဟင် ၊ တရားသလား ။ ကျုပ် သူတို့ ရန် ကို မခုခံဘဲ မနေနိုင်ဘူးဗျ ။ ခုလည်း ကြည့်ပါ လား ။ သူ တို့က ကျုပ်တို့ တော်ကြီးဘုရား ရှေ့ မှာ မရိုမသေ နေချင်တိုင်း နေလိုကြတယ် ။ ဖိနပ် ကို ရှေ့တော် မှာ တောင် မချွတ်ချင်ဘူးတဲ့ ။ တယ် စော်ကားတယ်ကွယ် ၊ စော်ကားတယ် ။ ဒါတင် မကသေးဘူး ၊ အကောက်တော် အခွန်တော်များ လည်း မပေးချင်ကြဘူး ။ အမျိုးမျိုး ချေးများ ကြတယ် ။ ဒဂုံ ၊ ဒလ ၊ မုတ္တမများ ကို သိမ်းယူပြီ ဆိုတာ မကြားဘူးလား ။ အစရှိ နောင်နောင် ၊ နောက်လည်း ထပ်ပြီး စော်ကားကြဦး မှာ ။ ကျုပ်တို့ မြန်မာတွေ က ကြည့် နေကြ ရင် တစ်ပြည်လုံး သိမ်းသွား မှာ ခင်ဗျာ့ ။ တစ်ပြည်လုံး သိမ်းလိုက်ရင်လေ တို့ ဘဝ စုံးစုံးမြုပ်ရော ။ တို့ထက် နိမ့်တာ တိရစ္ဆာန်ပဲ ရှိတော့မယ် ။ တို့ တစ်မျိုးလုံး ပျက်မယ် ။ တို့ သာသနာ ညှိုးနွမ်း မယ် ။ တို့ဘာသာ ပျောက်လိမ့်မယ် ။ ကျုပ် စစ်တပ် ထဲ ဝင်မယ် ။ ဒါမှ မြန်မာ ပီမယ် ။ ဒါမှ ယောက်ျား ပီမယ် ။ ယောက်ျား ဆိုတာ သတ္တိ ရှိတယ် ။ တို့အမျိုး ကာကွယ်ဖို့ အတွက် တိုက်ခိုက် တဲ့စစ်မြေပြင် မှာ သေရခြင်း ကို အမြတ်ဆုံးလို့ အောက်မေ့တယ် ။ အမျိုး အတွက် အသက်စွန့် ရခြင်းဟာ ယောက်ျား အပီဆုံးလို့ ယူတယ် ။ ကဲ ... မယ်မှုံ  ၊ တား မနေနဲ့ ။ ဒီနေရာ မှာ ကျုပ် ကို တားလို့ မရဘူး ” 


ဦးအောင်ကျော် သည် ကပြင် ပေါ်၌ လူးလာရင်း ပြောလေသည် ။


“ မတားပါဘူးတော် ၊ မတားပါဘူး ” 


“ ကျုပ်တင် မကသေးဘူး ၊ ကျုပ် သား ပါ စစ်ထဲ သွင်းရမယ် ” 


“ အောင်မယ်လေး ၊ လုပ်တော်မူပါနဲ့ တော် ။ ကျုပ် သား စစ်ထဲ မထည့်တော်မူပါနဲ့ ”  


ဦးအောင်ကျော် က ခါးထောက်လျက်


“ ဘာ့ကြောင့် ” 


“ အမယ်လေး ၊ သားကလေး အမေ့နို့ရည် မှ မစင်သေးဘူး ။ အသက် လည်း ခုမှ ဆယ့်လေးနှစ် ကျော် လို့ ဆယ့်ငါးနှစ် လဲ ဝင်ခါ ရှိတော့ ” 


“ အို … မင်းရဲကျော်စွာ တို့ ၊ တပင်ရွှေထီး တို့ များ ငယ်ငယ်ကလေး ထဲ က ၊ မင့် သားထက် ငယ် သေးတယ် ။ စစ်ထဲ ဝင်ပြီး တိုက်ကြလို့ အောင်ပွဲတွေ ရသေးတယ် ။  ငါ့ သား လည်း ရာဇဝင် တွင် ရစ်အောင် နွှဲရမယ် ” 


“ ကိုအောင်ကျော် ရယ် ရှိခိုးပါရဲ့ ၊ သား တော့ဖြင့် ချမ်းသာပေးပါ ။ ငယ်ပါသေးတယ် ”  


ဦးအောင်ကျော် သည် သျှောင်ထုံး ကို လက်ဝါး နှင့်ဖိပြီး အတန်ကြာ စဉ်းစား နေလေ၏ ။ 


“ ဒါပေမဲ့ သူ လည်း ဘုန်းကံ နဲ့ လူ ပဲ ။ သူ့ မေးကြည့် ဦးမယ် ။ သူ က လိုက်မယ် ဆိုရင် မင်း ဘယ်လောက် တားတား ခေါ်သွားရလိမ့်မယ်ဗျ ” 


အတန်ကြာ စကား မပြောဘဲ တွေနေကြ၏ ။ ဒေါ်သက်မှုံ ကား မှိုင်လျက် ။ ဦးအောင်ကျော် ကား အောက်နှုတ်ခမ်း ကို ကိုက်လျက် ။ ကျီးပြိုသံတွေ ဆူညံ လာလေ၏ ။


“ ကဲ … မယ်မှုံ  ၊ မှောင်ပြီ ။ ချားခုံ သွင်းတော့ ။ မီးခွက် ထွန်းပါဦး ။ ရော့ ... မီးခတ် ကျောက် ရော ၊ မှို့ ရော အစုံပဲ ။ ထမင်း လည်း ပြင်ထားပါတော့ ။ သား လာခါနီးပြီ ”  


ဒေါ်သက်မှုံ သည် ချားခုံ ကို တစ်ဖက် က ကိုင် ၊ ဝါးကြိတ် ကို အခြား ဘက် က  ဆွဲ လျက် အိမ်တွင်း သို့ ဝင်သွားလေသည် ။


မကြာမီ နှေးကန်သော မြင်းခွာသံ အိမ်တွင်း သို့ ဝင်လာသည် ကို ကြားရလေ၏ ။ ဦးအောင်ကျော် သည် လှေကားပေါက် ဆီ သို့ သွားလေ၏ ။ 


“ ဟေ့ ... မောင်ဇေယျ ၊ ဘယ်များ ရောက်ခဲ့သလဲကွ ”  


မောင်ဇေယျ သည် မြင်း ပေါ်မှ ဆင်းရင်း


“ မောင်းထောင် ကို တောင် ရောက်ခဲ့တယ် အဖေ ရဲ့ ” 


“ အေး .. ဒီလို စီးပစ်လိုက် မှာပဲကွဲ့ ” 


ဇေယျ အိမ် ပေါ် သို့ တက်လာခိုက် ဒေါ်သက်မှုံ သည် ဦးအောင်ကျော် ၏ နောက် ခပ်လှမ်းလှမ်း မှ ရပ် နေလေသည် ။ ဦးအောင်ကျော် က တံခါးမှ မခွာသေးဘဲ


“ မင်း မောင်းသံများ မကြားခဲ့ဘူးလား ” 


“ သဲ့သဲ့ လောက် ကြားခဲ့ပါရဲ့ ၊ ဘယ်က မောင်းလဲတော့ မသိဘူး ။ ဘာ မောင်းလဲ အဖေ ။ အို ... မောလိုက်တာ ” 


“ စစ်မောင်း ပေါ့ကွ ။ ဒဂုံ ၊ ဒလ ၊ မုတ္တမမြို့ တွေ ကို မျက်နှာဖြူကု,လားတွေ သိမ်းကုန်ပြီတဲ့ ။ ပြီးတော့ အထက် မြို့များ ကို လည်း တိုက်ခိုက်ဖို့ တက်လာသတဲ့ ” 


“ ဒါ ဘာဖြစ်သလဲ အဖေ ” 


ဦးအောင်ကျော် သည် မသက်မသာ ဖြစ်သွားပြီး သား ကို စိုက်ကြည့် နေလေသည် ။


“ တိုက်ခိုက် နေကြတော့ တို့ ဘုရင် ကလည်း ခုခံဖို့ စစ်တပ်တွေ လွှတ်မယ်တဲ့ ။ စစ်တပ်များ မှာ အားလုံးသော သန်စွမ်းတဲ့ ယောက်ျား မှန်သမျှ ဝင်ရောက် အမှုထမ်းရမယ် တဲ့ ”  


“ ဟုတ်လား ၊ ထမင်း ဆာ လိုက်တာ ” 


“ ထမင်း ဆာတာ ထား လိုက်ပါဦးကွာ ။ စစ်တပ် ထဲ ကို အဖေ လိုက်မယ် ။  ငါ့ သား လည်း လိုက်မလား ” 


သူ့ နောက် က ဒေါ်သက်မှုံ က သား ကို လက်ကာ ပြလျက် ပါးစပ် ဖြင့် မလိုက်ဘူး ပြောဟန် လုပ်ပြလေ၏ ။ ထိုအမှတ် သင်္ကေတ ကို ဇေယျ သည် အဓိပ္ပာယ် သိ၏ ။ 


“ အမေ လိုက်ရမလား ”   


“ ငါ့ သားရယ် လိုက်လို့ ဖြစ်ပါ့မလား ” 


ဦးအောင်ကျော် သည် နောက် လှည့်ပြီး မျက်လုံး ပြူး နေလေ၏ ။ 


“ သား မှာ အရွယ် က သိပ် ငယ်သေးတယ် ။ စာ လည်း သင်တုန်း ရှိသေးတယ် ”  


“ အမေ့ သဘောပေါ့လေ ၊ ပြီးတော့ ကျွန်တော့် မှာ စစ်အတတ် ကို လည်း သိပ် မကျွမ်းသေးပါဘူး ” 


“ မင်း မလိုက်ချင်နေ ၊ ငါ လိုက်မယ် ” 


ဦးအောင်ကျော် ၏ အသံကား ပြတ်သားလှ၏ ။


သူ ၏ အသံ ထက် သူ လုပ်ပုံ က ပို၍ပင် ပြတ်သား သေးသည် ။ ဘယ်တွက် တာမျှ နောက်ဆံ မငင် နေတော့ဘဲ တပ်မတော် သို့ ဝင်ရောက် ထမ်းရွက်လေသည် ။ ဒဂုံ ၊ ဒလ ၊ မုတ္တမ မြို့များ ကို တိုက်ခိုက် ဖျက်ဆီး လုယူပြီး ပုသိမ် ၊ ပဲခူး ၊ ပြည် တို့ ဆီ သို့ စစ်ဦးလှည့်ကာ ကျူးကျော် စော်ကား နေကြသော အင်္ဂလိပ်စစ်တပ်များ ကို ခုခံ တိုက်ခိုက်ရန် စစ်ကူစစ်ဖြည့်များ ပို့တော်မူ သည် တွင် ဦးအောင်ကျော် လည်း အောက်မြန်မာပြည် သို့ လိုက်ပါ သွားရလေသည် ။ သူ သည် များစွာ ကျေနပ်အားရခြင်း ဖြစ်လေ၏ ။ စစ်မြေပြင် တွင် သက်စွန့်ဆံဖျား အမှုတော် ကို ထမ်းရွက် လေ၏ ။ စစ်မြေပြင် ၌ မောပန်းခြင်း ဖြစ်သော အခါများတွင် အားငယ်စိတ် ဝင်တတ်၍ မယားမယ်မှုံ ၏ အယုအယ ကို တမ်းတ လာတတ်လေသည် ။ သား မောင်ဇေယျ စစ်ထဲ မလိုက်ခဲ့သည့် အတွက် အခါများစွာ၌ စိတ်စက် မကောင်းဖြစ်သေးသည် ။ သို့ရာတွင် မိမိ  ကိုယ် တိုင် က မောပန်း၍ အားငယ် နေသောအခါ အရွယ် ငယ်သေးသည် ကို အကြောင်း ပြု၍ သား မောင်ဇေယျ စစ်ထဲ မပါခဲ့ခြင်း ကို ကျေနပ်မိ ပြန်လေသည် ။ 


ဦးအောင်ကျော်  သည် ကြံ့ကြံ့ခံ၍ ဇွဲနပဲ ဖြင့် တိုက်သူ များ တွင် တစ်ဦး အပါအဝင် ဖြစ်လေသည် ။ တိုင်းတစ်ပါး က လာရောက် ကျူးကျော်စော်ကားသည် ကို မခံမရပ် နိုင်သော စိတ်ထား နှင့် ခုခံတိုက်ခိုက် နေခြင်း ဖြစ်လေသည် ။ ကျွန်လူမျိုး ဖြစ်ရလျှင် ကောင်းမည် မဟုတ် ဟု လည်း အသိဉာဏ် ဝင်နေသူ တစ်ဦး ဖြစ်ပြန်သည် ။ သို့ဖြင့် ဗိုလ်မှူးရာထူး သို့ပင် တက်ခဲ့ လေ၏ ။


သို့ရာတွင် မြန်မာ့ခေတ် ကား ဟောင်းနွမ်းနေသော ခေတ် ဖြစ်၏ ။ ရှေးဟောင်းလက်နက်များ သာ စစ်သည်တော် တို့ ၏ လက် မှာ ရှိ၏ ။ 


အင်္ဂလိပ်တို့ကား စက်မှုလက်မှု လောကဓာတ်ပညာ နှင့် တိုးတက်လျက် ရှိ၏ ။ အထူး အထူး သစ်လွင် ထက်မြက်သော လက်နက်များ ရှိ၏ ။ 


ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲတွင် အင်္ဂလိပ် တို့သည် ရွက်တိုက် သင်္ဘောများ အစား ရေနွေးငွေ့ ဖြင့် ခုတ်မောင်း သော စစ်သင်္ဘောများ ကို သုံးလျက် ရှိလေပြီ ။ 


အင်္ဂလိပ် တို့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် တွင် မြေထဲမြို့ အထိ လည်း ကောင်း ၊ စစ်တောင်း တွင် မြို့လှမြို့ အထိ လည်းကောင်း သိမ်းပိုက် နိုင်ကြလေသည် ။


•••••   •••••   •••••



ယင်းသို့ လျှင် ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ အပြီးသတ် ခဲ့ရလေသည် ။


အင်္ဂလိပ်တို့ က ဧရာဝတီမြစ်ရိုး ဘက် တွင် မြေထဲမြို့ ထိ ၊ စစ်တောင်း ဘက် တွင် မြို့လှမြို့ ထိ ကျယ်ဝန်းသော အောက်မြန်မာနိုင်ငံ ကို သိမ်းပိုက်လိုက်ကြသည် ။ 


အင်္ဂလိပ်တို့က ယင်းသို့ သိမ်းပိုက်ခြင်း ကို မြန်မာတို့ က အသိအမှတ် မပြုကြပေ ။ စာချုပ်မူကြမ်း ကို မည်သူ ကမျှ လက်မှတ် မထိုး ။


မင်းတုန်းမင်းသား နှင့် ကနောင်မင်းသား တို့ က နောင်တော်ပုဂံမင်း ကို အောင်မြင်စွာ ပုန်ကန်ပြီးသော် အမရပူရ ၌ မင်းတုန်းမင်းနန်းတက်လေသည် ။ ထိုအခါ ကနောင်မင်းသားသည် အိမ်ရှေ့မင်းသား ဖြစ် လာလေသည် ။ မင်းတုန်းမင်း သည် အင်္ဂလိပ် တို့ နှင့် စစ်ပြေငြိမ်းရေး လုပ်ရသော်လည်း အင်္ဂလိပ်တို့ က အောက်မြန်မာနိုင်ငံ အား သိမ်းပိုက်ခြင်း ကို အသိအမှတ် ပြုတော် မမူပေ ။


အမှန်အားဖြင့် မြန်မာတို့ သည် အောက်မြန်မာပြည် ကို ပြန်လည် သိမ်းပိုက်ရန်သာ အကြံ ထုတ်၍ လုံ့လ စိုက်ကြကုန်လေ၏ ။


ကနောင်မင်းသားကြီး သည် တိုးတက် နေသော အခြားနိုင်ငံကြီးများ ၏ နည်းလမ်း များ ကို လိုက်၍ နိုင်ငံ ကို ပြုပြင် မှသာလျှင် မြန်မာ့အင်အား ပြန်လည် ပြည့်ဖြိုးလာမည့် အရေး ကို သိတော်မူသည့် အားလျော်စွာ နည်းလမ်း အမျိုးမျိုးဖြင့် ခေတ်မီအောင်ပြုတော်မူလေ၏ ။ လက်ရွေးစင် မြန်မာများ ကို နိုင်ငံခြား သို့ ပညာတော်သင်ပို့၏ ။ အားပေးမီးစက် ၊ ပွတ်ခံစက် ၊ သံပြားကြိတ်စက် ၊ ဒင်္ဂါးသွန်းစက် ၊ ပန်းကန်စက် ၊ ရက်ကန်းစက် ၊ ဆန်စက် ၊ အမြောက် ၊ ဗုံး ၊ သေနတ် စသော လက်နက်သွန်းစက် ၊ လွှစက် ၊ သကြားစက် ၊ မဲနယ်ချက်စက် စက်မျိုး ပေါင်း ၅ဝ ကျော်တို့ ကို ကနောင်မင်းသားကြီး ဦးစီးဆောင်ရွက်မှုဖြင့် ပထမဆုံး အကြိမ် မြန်မာနိုင်ငံတော် တွင် တည်ထောင်ခဲ့လေသည် ။


ကနောင်မင်းသားကြီး သည် စစ်ဘက်ဆိုင်ရာ ပြုပြင်မှုအမြောက်အမြား ကို လည်း ဆောင်ရွက်ခဲ့လေ၏ ။ ထာဝစဉ် စစ်မှုထမ်းများ ထားရှိရသော အခြေသို့ ရောက်စေရန် မြန်မာစစ်တပ်များ ကို ပြုပြင်ပေးလေသည် ။


ဗိုလ်မှူးအောင်ကျော် သည် စစ်အပြီး တွင် စစ်တပ် မှ ထွက်ခဲ့သော်လည်း အောက်မြန်မာ ပြည် ပြန်လည် သိမ်းပိုက်ရေးအတွက် အများနည်းတူ အားခဲနေသူ တစ်ယောက် ဖြစ်လေ၏ ။ 


ဦးအောင်ကျော် သည် အောက်မြန်မာနိုင်ငံတော် ကို ပြန်လည် သိမ်းပိုက်ရေး ၌ ပါဝင်ရန် လည်းကောင်း ၊ မိမိ တို့ အမျိုး ကို နောက်ထပ် စော်ကားလျှင် ခုခံကာကွယ် ရာ၌ ပါဝင်ရန်လည်းကောင်း အခွင့်အရေး ကို နှစ်ပေါင်း သုံးဆယ်ကျော်ကျော် စောင့်ခဲ့ရာ တစ်စုံတစ်ရာ မပေါ်လာ သဖြင့် ဝမ်းနည်းမိ၏ ။ မိမိ ၏ ကံ ကို သာ အပြစ် တင်မိလေ၏ ။ ယခုမူ ၎င်း သည် အသက် ခုနစ်ဆယ် ကျော်ပြီဖြစ်၍ စစ်ဘက် ၌ အကျိုး မရှိတော့ချေ ။ ဆန်ကုန်မြေလေး မျှသာ ဖြစ်ချေပြီ ။ ဝမ်းနည်းပူပင်ရှာ သော်လည်း သားအတွက် မာန်တက်ကာ စိတ် ဖြေရတော့၏ ။ ငါ့ သား သည်  ငါ့ အလုပ် ကို ဆက်လက် လုပ်လိမ့်မည် ၊ ငါ့ သား သည် အမျိုး ဂုဏ်ဆောင်လိမ့်မည် ၊ ငါ့ သား သည် ရာဇဝင် ထင်ပေါ်အောင် အာဇာနည် ဖြစ်လိမ့်မည် စသည် ဖြင့်သာ ဖျော်ဖြေရလေ၏ ။


သား မောင်ဇေယျ သည် စစ်တပ် တွင် အမှုထမ်းလျက်နေခဲ့ရာ မြင်ကွန်း မြင်းခုံတိုင် ပုန်ကန်မှု တွင် သာ အနည်းငယ်မျှ စွက်ဖက် တိုက်ခိုက်ရလေ၏ ။ ယခု ၎င်း မှာ သားမယား နှင့် ဖြစ်နေလေပြီ ။ သမီး တစ်ယောက် ပင် ရလေပြီ ။ မောင်ဇေယျ ၏ မိခင် ဒေါ်သက်မှုသည် စုတေ မနေ ၊ သေသည် မှာ သုံးနှစ် ခန့်မျှ ကြာလေပြီ ။


ယခုအခါ ဦးအောင်ကျော် သည် အသက် ၇ဝ ကျော် ၇၅ နှစ် မျှ ရှိလေ၏ ။ ရှေးက ကဲ့သို့ ဓားရေးလှံရေး မပြ နိုင်တော့ပြီ ။ အားအင် မထုတ်နိုင်တော့ပြီ ။ စစ်ဘက်၌ ဘာမျှကူညီဆောင်ရွက် နိုင်သည် မရှိတော့ချေ ။ အသားအရေ မှာလည်း တဖြည်းဖြည်း ခန်းခြောက်လျက်ရှိလေ၏ ။ တစ်ခါတစ်ရံ အိုနာအိုဖျား မိသေး၏ ။


မောင်ဇေယျ ကား စစ်တပ် တွင် စစ်သည်တော်ကလေး အဖြစ် ဖြင့် အမှုတော် ထမ်းနေရာ ဖခင် မျက်နှာ ကြောင့် ဗိုလ်မှူးကလေး ရာထူး ကို ရလေ၏ ။ ၎င်း ၏ စွမ်းရည်ကြောင့် ရာထူး တက် သည် မဟုတ်ပေ ။ ၎င်း ၏ စွမ်းရည်သတ္တိ ကို လည်း ဘယ်သော အခါကမျှ ကျကျနန မှတ်ကျောက် မတင်ဖူးသေးပေ ။


သို့ဖြင့် ၁၂၄၇ ခုနှစ် တိုင်ခဲ့လေတော့သတည်း ။


•••••   •••••   •••••



နေရာ မှာ အမြင် မချမ်းမြေ့ဖွယ် ကောင်းသော အခန်းဖြစ်သည် ။ အခန်း တွင်း ရှိသမျှ သော သူတို့ သည် ပူနွေးသော မျက်နှာ ဖြင့် ငြိမ်သက်စွာ ထိုင်နေကြလေသည် ။ တစ်ယောက် မှာ အိပ်ရာ ပေါ် ၌ ပက်လက်လှန်ကာ လဲလျောင်းလျက် ရှိလေသည် ။ ၎င်း သည် အသက် ၇ဝ ကျော်ပြီ ဖြစ်သော ဦးအောင်ကျော် ဖြစ်လေသည် ။


သူ့ ဘေး တွင် ခေါင်းပေါင်းဖြူ ဖော့လုံး ၊ ထိုင်မသိမ်း အင်္ကျီရှည်ကြီး ကို ဝတ်ထားသော သမားတော် အမည်ခံ ဆေးဆရာကြီး သည် ထိုင်ရင်း ကတ္တီပါဖုံး ကို ချွတ်၍ ကွမ်းအစ်နီကြီး ကို ဖွင့်လေသည် ။ ကွမ်းရွက် တစ်ရွက် ကိုယူကာ အဖျား နှင့် အညှာ ကို ဆိတ်ဖြတ် ပြီးလျှင် ထုံးတို့ ရန်ထုံး ကို လက်ညှိုး နှင့် ကလော် ယူလေ၏ ။ ကွမ်းရွက် တွင် ထုံးမတို့ နိုင်သေးဘဲ လူမမာ မျက်နှာ ကို စိုက်ကြည့် နေမိပြန်၏ ။ လူမမာ ၏ မျက်နှာ ကား သွေး မရှိတော့ သဖြင့် ဖြူဖပ်ဖြူရော် လိုက်လျက် ရှိပြီ ။ မျက်တွင်းများ ချိုင့်နေသည် မှာ မျက်လုံး ကို ပင် မမြင်နိုင်တော့ပြီ ။ လူမမာ မှာ အမောကြီး ခံ၍ အသက်ရှူ နေရလေပြီ ။ ဆေးဆရာကြီး သည် “ ဒီတောင် ကို တက်နိုင်ရှာမယ် မဟုတ်ဘူး ” ဟု စိတ် ထဲ ကညည်း ရင်း ကွမ်းရွက် ကို ထုံးတို့လေတော့သည် ။


အခြား တစ်ယောက် မှာ အပျိုဖော် ဝင်ခါစ မိန်းမကလေး ဖြစ်သည် ။ သူ သည် ဆံပင် ကို ရွှေကတော့ စွပ်ထားလေသည် ။ ဝတ်ထားသော တရုတ်အင်္ကျီကလေး မှာလည်း ညစ်နွမ်းလျက် ရှိလေပြီ ။ မျက်နှာပုံပန်းသဏ္ဌာန် တို့ မှာလည်း အလွန်ပြေပြစ် လှပသည် ။ မျက်ခမ်းကလေး များလည်း မျက်ရည်ကြောင့် ညို နေလေ၏ ။ အဘိုးကြီး ၏ မျက်နှာ ကိုသာ စိုးရိမ်သောမျက်နှာ ဖြင့် ကြည့်နေလေ၏ ။ မကြာမကြာ အသက် ရှူ မရှူ ကို သိရန် ရင်ဝဆီ သို့လည်း ကြည့်၏ ။ 


ထိုအခိုက် အဘိုးကြီး သည် လှုပ်လာပြီး “ သမီး ရဲ့ ၊ ဘဘကြီး ကို ရေ တိုက်ပါဦး ” ဟု ပြောလေ၏ ။


ခင်ဦး သည် မိမိ ၏ ဘိုးအေ အား ရေ တိုက်လေ၏ ။


“ သမီး ရဲ့ ၊ စစ်အကြောင်း ဘာသံ မှ မကြားသေးဘူးလား ” ဟု မေးလေရာ မြေးကလေး သည် အတန်ငယ်တွေ ဝေပြီးနောက်


“ ဘုရင့်တပ်မတော် ဟာ မင်းဘူး ကို ရောက်နေပြီ ။ လှေသင်းအတွင်းဝန် တို့ ၊ ဗိုလ်မင်း ဗိုလ်လက်ဝါး တို့ က ကြပ်ကြသတဲ့ ဘဘကြီးရဲ့ ။ ဂွေးချောင်းခံတပ်ကြီး က လည်း အင်မတန် ခိုင်လုံပါတယ်တဲ့ ။ အလယ် မှာ ကန်တူး ထားတော့ ရန်သူ က ဗုံးပစ်လိုက်ရင် နောက် အုတ်တံတိုင်း မှန်ပြီး ကန် ထဲ ကျအောင် စီမံထားသတဲ့ ။ ပြီးတော့ ရန်သူ သင်္ဘောများ ဆန် လာရင် ပစ်ဖို့ ချိန်ထားတဲ့ အမြောက်ကြီးတွေ ကလည်း အဆင်သင့်ပဲ ။ သင်္ဘော ဦး ချိန်ထားတာက တချို့ ၊ သင်္ဘော ဘေး ချိန်တာက တချို့ပေါ့လေ ။ မင်းလှဘက် ကလည်း သေသေချာချာ ပြုပြင်ထားတယ် ဘဘကြီး ရဲ့ ။ ဘာမှ ပူစရာ မရှိပါဘူး ။ ဒီ အင်္ဂလိပ်ကု,လားဖြူတွေ နေပြည်တော် တော့ မကပ်နိုင်ပါဘူး ။ ဟို မနေ့ တစ်နေ့ ကပဲ အင်္ဂလိပ်သင်္ဘော နှစ်စင်း ပျက်ရောတဲ့ ” ဟု ဟုတ်သည် မဟုတ်သည် ကို သဘော မထားဘဲ ဘိုးအေကြီး သက်သာလျှင် ပြီးရောအနေဖြင့် အားပေး စကား ပြောလေ၏ ။


“ ကောင်းတယ် ၊ ဒါမှကောင်းတယ် ။ နောက် မကြာခင် အောင်တော်မူပြီ လို့ ကြားရ တော့ မှာပဲ ။ ဇေယျ လည်း မင်းလှခံတပ် မှာ ထင်ပါ့ ” 


“ ဟုတ်တယ် ဘဘကြီး ။ နို့ထမင်းလေး စားပါဦးလား ၊ အားရှိ သွားအောင်လေ ”  


“ ယူခဲ့ ယူခဲ့ ” 


ခင်ဦး သည် ဒေါင်းလန်းကလေး တွင် နို့ထမင်း ကိုထည့်၍ ကြေးဇွန်း ဖြင့် ခပ်ကာ အဘိုးကြီး အား ကျွေးလေ၏ ။


အဘိုးကြီး သည် ခါတိုင်း ထက် အားရပါးရ စားလေ၏ ။ ထို သတင်း ကို ကြားရပြီး နောက် အဘိုးကြီး သည် ထူးထူးခြားခြား သက်သာ လာလေ၏ ။ သမားတော်ကြီး ပင် ဦးအောင်ကျော် ၏ ထိုမျှ လျင်မြန်စွာ သက်သာလာခြင်း အတွက် အံ့သြဝမ်းမြောက်လေ၏ ။ မြေးကလေး လည်း သူ့ နည်းဖြင့် အမှန် ၊ အဘိုးကြီး ကို အဖျား ပျောက်စေမည် ဟု ယုံကြည်သော ကြောင့် နောက်ထပ် အဘိုးကြီး ကို လိမ်ရပြန်၏ ။ ထိုနေ့ ညနေစောင်း တွင် - 


“ ဘဘကြီး ချောရောက်တယ် ” 


“ ဟာ … ဘယ်သူ့ ဆီ က ချောပို့သလဲ ၊ ငါ့ သားကြီး ဆီ ကလားကွယ် ” 


“ ဟောကြည့် ” ဟု ဦးဇေယျထံ မှ စာ ကို ထောင်ပြလေ၏ ။ 


“ ဖေဖေ့ ဆီ က ဘဘကြီး ရဲ့ ”  


“  ငါ့ သားကြီး တော့ စစ်မြေပြင် မှာ အင်မတန်အသုံးဝင် နေရော့မယ် ။ ကဲ ကဲ ... ဖတ်ပြစမ်းပါဦး ”  


“ ကျေးဇူးရှင် ဖခင်ကြီး အား ရှိခိုး မှာကြားပါသည် ” တဲ့ ။ “ ကျွန်တော်တို့ သည် အခု မင်းလှခံတပ် ၌ ရှိပါသည် ” တဲ့ ။ “ မင်းလှခံတပ် မှာ လက်နက်အား လည်း ကောင်းပါသည် ။ လူဗိုလ်ပါ အားလည်း ကောင်းပါသည် ။ ခံတပ် က လည်း ခိုင်လုံလှပါသည် ။ မကြာသေးမီက ရန်သူ များ သင်္ဘော နှစ်စင်း ကို အမြောက် ဖြင့် ပစ်၍ ရေတွင် မြုပ်စေခဲ့ပါသည် ။ ပထမဆုံး အမြောက် မှာ ကျွန်တော် စ၍ ဖောက်လွှင့်ပါသည် ” 


“ အဲဒါမှ ငါ့ သားကွ ” 


“ ကဲ ကဲ ... ဘဘကြီး အိပ်ပါဦး ” 


“ အေး .. အိပ်ရမယ်ဗျား ၊ အိပ်ဦးမယ်ဗျား ” ဟု အဘိုးကြီး သည် ကြည်ရွှင်စွာ ပြောပြီး အိပ်လေ၏ ။


ခင်ဦး သည် မျက်ရည် တွေတွေ စီးကျရင်း အဘိုးကြီး ကို ကြည့် နေလေ၏ ။ အဘိုးကြီး ကို လိမ်လည်လှည့်ဖြား ရသဖြင့် ကြေကွဲဝမ်းနည်း၏ ။ စာ ကို မိမိ ဘာသာ လုပ်ကြံ၍ ရေးပြီး အဘိုးကြီး အား ဖတ်ပြခဲ့၏ ။ စာပါ စကားများ မှာ အ မှား သက်သက် ဖြစ်တော့၏ ။ မိမိ ဖခင် ဦးဇေယျ မှာ ခုနေအခါ သေသည် ရှင်သည် မသိရဘဲလျက် ရန်သူ ကို ပထမဆုံး အမြောက် ဖြင့် ပစ်လေဟန်ဆောင် ပေးရ၏ ။ ထို့အတွက် အသည်းနှလုံး ထိခိုက်အောင် နာရှာလေ၏ ။


နောက်မနက် တွင် အဘိုးကြီး သည် စောစော အိပ်ရာက နိုး၏ ။ မြေးငယ် သည် ၎င်း အတွက် ရမန်းရေ ကြို တိုက်လေ၏ ။ နေရောင်ခြည် သည် အခန်းတွင်း သို့ ဝင်လာသောအခါ 


“ သမီး ရေ သင်ပုန်း ယူခဲ့ပါ ၊ ကံ့ကူဆံ ရော ” 


“ ဘာလုပ်ဖို့လဲ ဘဘကြီး ရယ် ” 


“ ဘဘကြီး တွက်ကိန်းချချင်လို့ပါ ၊ ယူခဲ့ပါ ” 


ခင်ဦး သည် အဘိုးကြီး စိတ်ချမ်းသာစေရန် သင်ပုန်း ယူပေးရလေ၏ ။ အဘိုးကြီးသည် သင်ပုန်း ပေါ် တွင် ဧရာဝတီမြစ်ကြောင်း ပုံ ဆွဲပြီး 


“ ဟော ... အဝ က နေပြီး ကျောက်တဂေါင်း ချီ ၊ ကျောက်တဂေါင်း က နေပြီး ရန္တပို ၊ ဒီက နေပြီး တလုပ်မြို့ ချီ ၊ တလုပ်မြို့က နေပြီး ပုဂံ ကို ချီ ၊ နောက် ပုခန်းငယ် ၊ နောက် မင်းလှ ၊ မင်းလှ က နေပြီး သရက်မြို့ ၊ မင်းလှခံတပ် က နေပြီး အင်္ဂလိပ်ရေတပ် ကို တိုက် လိုက်ရော ၊ သူ တို့ ရှေ့မတက်နိုင်ဘူး ။ ကနေ့ ပဲ တို့တပ်မတော် က အင်္ဂလိပ်တွေ ကို နိုင်လို့ အောင်ပွဲခံ ၊ နောက် တစ်နေ့ တို့ ရှေ့ဆက်ပြီး ချီရမယ် ။ သူ တို့ မတရား သဖြင့် တို့ အောက်ပြည် ကို သိမ်းထားတာ ပြန်ယူရ မှာပဲ ။ ဒီ ဓားပြတွေတော့လား ၊ သိကြ ရောပေါ့ ။ မှုန့်မှုန့်ကြေ သွားအောင် တိုက် ယူလိုက်မယ် ” 


“ အခုလည်း တို့ အထက်ပြည် ကို တက်လာတာ ဘာမှ မဟုတ်ဘူး ။ သက်သက် နိုင်လို မင်းထက် ကပဲ ။ တို့ က ပြင်သစ် နဲ့ ပေါင်းတာ ကို သူတို့ က ခွင့်မပြုနိုင်ဘူး ။ သူတို့ ဆွဲရာ ကမယ့် အရုပ် လုပ် ထားချင်တာ ။ တို့ က လည်း  ကိုယ့်မင်း  ကိုယ့်ချင်းနဲ့ လူ က ပဲ ။ တို့ပေါင်း ချင်တဲ့ လူ နဲ့ ပေါင်း မှာပေါ့ ။ တို့မိတ်ဆွေ ဖွဲ့ ရာ မှာ သူ တို့က ဘာကြောင့် ချုပ်ချယ်ရမလဲ ။ ပြီးတော့ လည်း တို့ ပိုင်တဲ့ သစ်တောတွေ ကို ဒင်းတို့က လက်ဝါးကြီး အုပ်ချင်တာ ။ ဒင်းတို့က တို့ ဘုရင် ထံ ကို အခွန်တော် နည်းနည်းကလေးပေးပြီး ရသမျှ သစ်တွေ သိမ်းပိုက် ချင်တာ ။ ဒါကြောင့် သူတို့ ကုမ္ပဏီ က သစ်တောအကောက်တော် မပေးဘူး ၊ ပေးလျက်နဲ့ အာဏာ ဖီဆန် နေတာ ။ ဒီလို အာဏာ ကို တော်လှန်တော့ တို့ ဘုရင် က အပြစ် ဒဏ် ပေးတာ ကို သူ တို့က မတရားဘူး လို့ ပြောပြန်သေးတယ် ။ စဉ်းစားကြည့်စမ်း  ငါ့ မြေး ၊ ဘယ်လောက်များ သူ တို့က နိုင်ထက်စီးနင်းကျင့်သလဲ ဟင် ။ တို့မြန်မာတွေ ကို သူတို့ က လူ မထင် လို့ ဒီလို လုပ်တာ ။ တို့ က လူ ဖြစ်ကြောင်းပြရမယ် ၊ သိလား ။ တို့ တပ်မတော် ဟာ ပြည်မြို့ က နေပြီး ပဲခူး ချီရမယ် ။ ပဲခူးမြို့  သိမ်းရမယ် ။ ပဲခူး သိမ်းပြီး ရန်ကုန် သိမ်းရမယ် ။ ရန်ကုန် ကနေပြီး မှ တနင်္သာရီ ၊ မုတ္တမ ၊ ရခိုင်များ ကို သိမ်းမြန်းရလိမ့်မယ် ။ ရန်ကုန်မြို့ ကို ဆိုရင် မကြာမီ သိမ်းပြီး မှာပဲ ။ ရန်ကုန်မြို့ သိမ်း ပြီးရင် စစ်နားရအောင် ခေတ္တ နေပြည်တော် ကို ပြန်ချီခဲ့ကြလိမ့်မယ် ။ မကြာခင် အောင်တော်မူပြီ ဆိုတဲ့ သတင်း ကြားရလိမ့်မယ် ” 


“ ဘဘကြီး ရယ် မောနေပါ့မယ် ၊ ရေ သုံးဆောင်ပါဦး ” ဟု ခင်ဦး သည် ရေခပ်ပေးလေ၏ ။ 


အဘိုးကြီး အမောဖြေ နေခိုက် အိမ်ဝင်း ထဲ သို့ မြင်းစီး လာသံ ကို ကြားရလေ၏ ။ အဘိုးကြီး သည် အသံ လာရာသို့ နားစွင့် ၍ နေ၏ ။ မြေးငယ်သည် ပြတင်းပေါက် မှ ထွက်ပြီး ကြည့်၏ ။ 


မြင်းစီး ၍ လာသူ  မှာ အခြားမဟုတ် ။ ဦးအောင်ကျော် ၏ သား ဆိုသူ  ခင်ဦး ၏ ဖခင် ဗိုလ်မှူးကလေး ဇေယျ ပင် ဖြစ်နေလေ၏ ။


ဇေယျ မှာ ဗိုလ်မှူးကလေး ဟုဆိုရ သော်လည်း စစ်ဝတ်စစ်စား နှင့် မဟုတ် တော့ချေ ။ စစ်ဗိုလ်အဆောင်အယောင် တို့ ကို စွန့်ပစ်၍ ဆင်းရဲသား အသွင် ကို ဆောင် ခဲ့ရလေသည် ။ မြင်းကုန်းနှီး က ပန်းပွားများ ကိုပင် ဖြတ်တောက် ထားခဲ့ရ၏ ။ သျှောင်ထုံး မှာ မပျက်သော်လည်း ဆံတိုဆံစများ မှာ ပြောင်းဖူးမွေးလို တိုးလိုးတောင်းလောင်း ကြောင်တောင် ကြိုးကြား နှင့် ဖြစ်နေ၏ ။ ဆံပင် နှင့် မျက်ခုံးများတွင် ဖုန် အလိမ်းလိမ်း ကပ် နေသည် ကို မြင်နိုင်ပေ၏ ။ မျက်တွင်းများ မှာလည်း ဟောက်လျက် ၊ ပါးရိုးကြီးများ မှာလည်း ငေါငေါပေါ်ထွက်လျက် ၊ ပါးစပ် မှာလည်း ဟောဟဲ လိုက်လျက် ။


နံနက်ခင်း ဖြစ်သော်လည်း မြင်း မှာ ချွေးကျ လျက် နေလေသည် ။ ဇက် ကို လည်း မကျော့နိုင် ၊ ခေါင်း ကို လည်း မမော့နိုင် ၊ အမြီး ကို လည်း မဝင့်နိုင် ။ မြင်းစီးသူ ထက် ပင် ဟောဟဲ လိုက်နေလေ၏ ။ ခွာသံ ပင် လျှင် မပါတော့ချေ ။


ခင်ဦး သည် ဖခင် ကို မြင်လျှင်မြင်ချင်း အံ့အားသင့်သွားလေ၏ ။ နောက် တစ်ခဏ တွင်ကား ဝမ်းနည်းရ မလိုလို ၊ ဝမ်းသာရ မလိုလို ဖြစ်နေရှာလေ၏ ။


ဇေယျ သည် ကုန်းနှီးကြိုးကွင်း ကို ဖြည်းဖြည်းသက်သာ နင်းပြီး မြင်း ပေါ် မှ ဆင်းခဲ့လေ သည် ။ သမီး ကို မော့ကြည့်ပြီး ရုတ်ခြည်း ဆိုသလို ခေါင်းငိုက်စိုက်ချကာ အိမ်လှေကား ဆီ သို့ လာခဲ့လေသည် ။


“ ဟဲ့ … ငါ့ မြေး ၊ ဘယ်သူ လာသလဲ ” 


အဘိုးကြီး က သိချင်ဇော နဲ့ အလောတကြီး မေးသည် ။


ခင်ဦး မှာ အဖြေ ခက်နေသည် ။ ဖခင် စစ်ဗိုလ်မှူး ပြန်လာခဲ့လျှင် အဆောင်အယောင် တွေနှင့် ပြန်လာလိမ့်မည် ထင်ခဲ့သည် ။ မြင်းကြော့ကြော့ ပေါ်တွင် ခပ်ပေါ့ပေါ့ စီးလာခဲ့လိမ့် မည် မြင်ယောင်ထားသည် ။


“ ဟဲ့ .. မြေးကလေး ခင်ဦး ရေ ၊ ဘယ်သူ လာနေသလဲ ။ စစ်မြေပြင် သားကြီး ဆီ က ချောပို့များ လာပြန်ပြီလား ” 


ခင်ဦး သည် ဖခင် ကို မြင်လျှင်မြင်ချင်း အဘိုး စိတ်ကူး နှင့် ဖခင် ၏ အဖြစ် မိုး နှင့် မြေ ကွာသလို ကွာနေသည် ကို ရိပ်မိလိုက်လေသည် ။ ထို့ကြောင့် ဘယ်လို ဖြေရမှန်း မသိရှာ ။


“ မဟုတ်ဘူး ဘဘကြီး ရဲ့ ” ဟုသာ ဆိုနိုင်ရှာလေသည် ။


ဇေယျ သည် ခေါင်းငိုက်စိုက်ချ၍ပင် တက်လာသည် ။ မှီအုံးတွင် မှီကာ အမော ဖြေနေသော ဦးအောင်ကျော် သည် ခါး ကို မတ်မတ်ထားကာ သား ဖြစ်သူ အား ကြည့်လိုက် လေသည် ။


“ ဟေ … သားကြီး ၊ တို့တပ်မတော် က အောင်ပွဲခံခဲ့ပြီလား ။ ကု,လားဖြူတွေ နောက်ဆုတ် ကုန်ပြီလား ” 


ဇေယျ သည် အဖြေ မပေးဘဲ သူ ၏ အရုပ်ကြိုးပြတ် ဟန်ပန် ကို ပြင် လိုက်ပြီး လျှင် ဖခင်ကြီး မမာမကျန်း ဖြစ်သည့် အတွက် စိုးရိမ်တကြီးဖြစ်နေဟန် ပြုလိုက်လေ၏ ။ ခြေဆုပ် လက်နယ် ပြုတော့မယောင်ဖြင့်


“ အို .. အဖေ ၊ ဘာဖြစ်နေသလဲ ။ မမာ နေတာ ဘယ်လောက်ကြာပြီလဲ ” 


ဦးအောင်ကျော် ကား သား ၏ အမေး ကို မကြားသယောင် ၊ သူ က သာ ဆက်၍ ဆက်၍ မေးနေလေ၏ ။


“ ပြောစမ်းပါဦး ၊ အင်္ဂလိပ်တွေ တပ်လန် ပြေးကုန်ပြီလား ။ အောက်ပြည် ကို အတင်း လိုက် မတိုက်ဘူးလား ။ မင်း က ဘာပြုလို့ ပြန်လာတာလဲ ။ ရန်ကုန် ကို သိမ်းပြီးလို့ စစ်နားရအောင် နေပြည်တော် ကို ခေတ္တ ပြန်ခဲ့သလား ”  


ဇေယျ မှာ မရှောင်သာပြီ ။ လှီးလွဲ၍ မရနိုင်ပြီ ။ 


“ မဟုတ်ဘူး အဖေ ရဲ့ ၊ မင်းလှခံတပ် ပေါက်သွားတယ် ”  


“ ဟင် … မင်းလှခံတပ် ပေါက် သွားသလား ၊ ဒါဖြင့် ပခန်းငယ် က နေပြီး မခုခံဘူးလား ”  


“ မခံဘူး အဖေ ”  


“ ပုဂံ က နေပြီးတော့ ကော မခံဘူးလား ” 


“ မခံဘူး အဖေ ” 


“ ဒါဖြင့် တလုပ်မြို့ က ကော ၊ ရန္တပို က ကော ၊ ကျောက်တဂေါင်း က ကော ”  


“ ဘယ်ကမှ မခံနိုင်ဘူး အဖေ ၊ ကျွန်တော်တို့ တပ်တွေ ပြိုပြီး  ကိုယ်လွတ် လက်လွတ် ထွက်ပြေး လာရတယ် ” 


အဘိုးကြီး သည် အိပ်ရာမှ ထခုန်တော့ မလောက် မရိုးမရွဖြစ်နေလေ၏ ။


“ ဟင် …. ထွက်ပြေးလာရတယ် ဟုတ်လား ၊ မင်း ခံမတိုက်ခဲ့ဘူးပေါ့ ဟုတ်လား ”  


ဇေယျ သည် အရုပ်ကြိုးပြတ် ပြန် ဖြစ်သွားလေသည် ။ ဖခင်အား ခြေဆုပ်လက်နယ် ပြု တော့မည့် ဟန် ကို မဆောင်နိုင်တော့ပြီ ။


“ ခံမတိုက်ခဲ့နိုင်ဘူး အဖေ ၊ အသက် မသေအောင် မနည်းကြီး ပြေးခဲ့ရတယ် ”  


အဘိုးကြီး သည် “ သွား ၊ သွား ၊ ခွေးမသား ” ဟု အော်ရင်း ထိုင်ရာ မှ ခြေ နဲ့ ကန်ကျောက် လိုက်သည် ။ စောင်များ လွင့်သွားသည် ။ ခင်ဦးကလေးကား ဒူး ထောက် ကာ မျက်နှာငယ် ကလေးဖြင့် ဖခင်နှင့် အဘိုးအို ကို တစ်လှည့်စီ ကြည့်နေမိလေသည် ။


“ သွား သွား ၊ အနား မှာ မနေနဲ့ ။ သတ္တိ ကြောင် တဲ့ အကောင် ။ မင်း  ငါ့ သား မဟုတ်ဘူး ။ သွား ၊  ငါ့ နား မှာ မနေနဲ့ ။ မင်း  ငါ့ သား မဟုတ်ဘူး ” 


ဦးအောင်ကျော် ကား ‘  ငါ့ သားမဟုတ်ဘူး

’ ဟု တကယ်ပင်အသိနှင့် ပြောလိုက်ခြင်း ဖြစ်သည် ။ ခင်ဦး ကား ဘိုးအေ က တင်စား၍သာ ပြောလိုက်သည် ဟု ထင်လျက် အမှတ်မထင် နေလိုက်သည် ။ ဇေယျ ကား အနီးတွင် မနေဝံ့တော့ပြီ ။ ခေါင်းငိုက်စိုက်ချ၍ ရှောင်ထွက်သွား လေ၏ ။


အဘိုးကြီး ၏ စိတ် တွင် သားအစစ် မဟုတ်သည် ၏ အဖြစ် မှာ အသစ်အသစ် ပေါ်လာပြီး နာကြည်း လာပြန်လေသည် ။ ငယ်စဉ်တောင်ကျေး ကလေးဘဝ တုန်း က သား ဟူသော အမှတ်ဖြင့် ချော့မော့ရင်း ပန်းကလေး ကို မိမိ ပါးစပ်ဖြင့် ငုံမိသည် ကို တွေးမိလေလျှင် ပါးစပ် ကို ရွံ့၍ လာလေ၏ ။ ထွီခနဲ တံတွေး ထွေးမိလေ၏ ။  ကိုယ့် သား မဟုတ်သော်လည်း ဗန္ဓုလသွေး ဖြစ်သည် ဟူသောအသိဖြင့် မိမိ စိတ် ကိုထိန်းသိမ်းလျက် အားရတင်းတိမ်မိသမျှ အတွက် နှမြောဝမ်းနည်း မိလေ၏ ။ “ ဘယ်မှာလဲ ဗန္ဓုလသွေး ” ဟု အကြိမ်ကြိမ် မေးခွန်းထုတ်လေ၏ ။ ကွယ်လွန်သူ  မယ်မှုံ  ကို ပင် မုန်းတီး ရွံရှာလေ၏ ။ ငယ်ငယ် က ဓားလုပ် ပေးခဲ့ရပုံ ကို အမှတ်ရ သောအခါ လက်ညောင်း လာယောင်ဖြစ်၏ ။ ဇေယျ ဒုတိယစစ်ပွဲ၌ မလိုက်ခဲ့ခြင်း မှာ ငယ်ရွယ်၍ မဟုတ် ။ ပင်ကို ကပင် သတ္တိ မရှိသောကြောင့် ဟု တွေးမိလေ၏ ။


ဆွမ်းခံ ဝင်သော  ကိုရင်တွေ ၊ ပဉ္စင်းတွေ ဆွမ်းခံ ပြီး၍ ကျောင်းပြန် လေပြီ ။ ဦးအောင်ကျော်  ၏ စိတ်ကား မူရင်းသို့ မပြန်သေးချေ ။ သူ့စိတ် သည် အိမ်ခေါင်မိုး ၌ ပျံနေသော စာကလေးများ နှင့်အတူတူ ပျံသန်း နေလေ၏ ။ သူ သည် ဆက်ရက်များ အော်သလို အော်ချင် လာတော့၏ ။ ကမ္ဘာလောကကြီး ၏ ပစ္စုပ္ပန် ကို မေ့၍ အတိတ် ကိုသာ သတိရတော့၏ ။ သူ ၏ အိမ် သည် ပတ်ချာလည်နေသည် ဟု ထင်မိ၏ ။


ခင်ဦး က “ ဘဘကြီး ဆာသလား ” ဟု မေးသည် ကိုလည်း ပြန်မပြော ။ “ ရေသောက် မလား ” ဟု မေးသည် ကို လည်း မယူ ။ “ ဘဘကြီး ဆေးသောက်ချိန်တန်ပါပြီ ” ဆို၍လည်း ဂရုမစိုက် ။ ထိုင်၍သာ တွေးမောနေလေတော့၏ ။


ညနေစောင်း လျှင် သူ သည် ထိုင်ရာမှ ထပြီး ရှေးက ဗိုလ်မှူးအဆောင်အယောင်များ ကို ဝတ်လေ၏ ။ ဓား ကို အိမ်မှချွတ်ပြီး ကိုင်၍ အိမ်ရှေ့ကပြင်သို့ ထွက်လေ၏ ။ ခင်ဦးသည် မျက်ရည်စီးကျလျက် နောက်မှလိုက်ကာ “ အို ဘဘကြီး ၊ ဘာလုပ် မလို့လဲ ” ဟု မေးသော်လည်း ပြန်မဖြေဘဲ လမ်းဘက် သို့ ငေးကြည့်နေလေ၏ ။


ထိုအခိုက် အင်္ဂလိပ်စစ်သားသုံးယောက် သေနတ်ထမ်း၍ လမ်းလျှောက်လာသည် ကို မြင်လေ၏ ။


ဦးအောင်ကျော် သည် “ ရန်သူ တော် ၊ ရန်သူတော် ၊ ရန်သူ တော် ” ဟု သုံးကြိမ် ကျယ်လောင် စွာအော်ပြီး ခုန်ပေါက်၏ ။ အောက်ဆင်းမည် ဟု လှေကား ဆီ သို့ ပြေးလေ၏ ။ အပြေးတွင် ဗုန်းခနဲလဲလေ၏ ။ ခင်ဦး သည် လဲနေသော အဘိုး ၏ လက် ကိုင်၍ မျက်နှာ ကို စူးစိုက်ကြည့်နေ လေ၏ ။


သို့ရာတွင် ခင်ဦးကလေး  မှာ သူ့ ဘဘကြီး ၏  ကိုယ်တွင်း မှ ဘယ်အချိန် အသက်ထွက် သွားသည် ကို မသိလိုက်ရှာပေ ။


သည်တွင်မျှ မက ခင်ဦး ခမျာ မှာ ဗန္ဓုလသွေး ဟူသော ဇာတ်ရှုပ် ၏ ဇာစ်မြစ် ကိုလည်း မသိလိုက်ရှာပေ ။


⎕ သိန်းနေနွယ်


📖 စာဆိုတော် မဂ္ဂဇင်း

      အတွဲ - ၁ ၊ အမှတ် - ၁

      အတွဲ - ၁ ၊ အမှတ် - ၂ 

      ဒီဇင်ဘာ ၊ ၁၉၃၅ ။

      ဇန်နဝါရီ ၊ ၁၉၃၅ ။


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment