❝ သန်နင်းကောင် နှင့် မန်ရီဟဲ ❞
ရှေးအခါ က မြောက်ပိုင်း ချင်းတောင် ဟားခါး နယ် တွင် သန်နင်းကောင် ၊ မန်ရီဟဲ ဟု တွင်သော လင်မယား နှစ်ယောက် ရှိကြလေသည် ။ သူတို့ သည် ရွာငယ်ကလေး တစ်ရွာ ၏ အနီး တွင် အိမ်ကြီး တစ်လုံး ကို ဆောက်လုပ်ကာ ပျော်ရွှင်စွာ နေထိုင်ကြ လေသည် ။ သူတို့ ၏ အိမ် နှင့် မလှမ်းမကမ်း နေရာတွင် မြစ်ငယ် တစ်ခု စီးဆင်းလျက် ရှိ၏ ။ တစ်နေ့သ၌ သန်နင်းကောင် သည် ခရီး ထွက်လို သောကြောင့် မန်ရီဟဲ ကို ခေါ်ပြီးလျှင် အကျိုးအကြောင်း ပြောပြ၏ ။ မန်ရီဟဲ သည် မိမိ ယောက်ျား ခရီး သွားမည် ကို စိတ်မကောင်း လှသော်လည်း တားမြစ်ခြင်း မပြုဘဲ လွယ်လွယ် နှင့် ပင် ခွင့်ပြုလိုက်၏ ။ သို့နှင့် သန်နင်းကောင် သည် ခရီး ထွက်မည့်ဆဲဆဲ တွင် မန်ရီဟဲ အား အိမ် အပြင်ဘက် သို့ မထွက်ရန် မိမိ ထားပေးခဲ့သော အစားအစာများ ကို ချက်ပြုတ် စားသောက်ပြီး အိမ် ထဲ ၌ အေးအေး နေထိုင်ရန် သတိပေး စကား မှာထားခဲ့လေသည် ။
ထို့နောက် ရက် အတော် ကြာသော အခါ မန်ရီဟဲ သည် လင်ယောက်ျား ၏ စကား ကို အမှတ် မထားတော့ဘဲ မြစ် သို့ သွား၍ ရေချိုး လေ၏ ။ ထိုသို့ ရေချိုး နေစဉ် ခေါင်း ပေါ်မှ ဆံပင် တစ်ပင် သည် ကျွတ်ကျ၍ ရေအလျဉ် တွင် မျောပါသွားလေ၏ ။ ထို ဆံပင် ကို ငါးကြီး တစ်ကောင် က အစာ ထင်မှတ်၍ မျိုချ လိုက်လေသည် ။ မန်ရီဟဲ ရေချိုးသော မြစ်ငယ် ၏ အောက် အရပ် တွင် နယ်စား တစ်ဦး အုပ်ချုပ်သော ရွာကြီး တစ်ရွာ ရှိလေသည် ။ ထို ရွာ မှာ တံငါတို့ သည် အဆိုပါ ငါးကြီး ကို ဖမ်းဆီး ရမိကြလေသည် ။ ငါး ၏ ဝမ်း ကို ခွဲ ကြည့်သော အခါ ဂွေးသီး ပမာဏ ခန့် ရှိ၍ ရစ်ခွေ နေသော ဆံခွေ တစ်ခွေ ကို အူ ထဲ တွင် တွေ့မြင်ကြလေသည် ။ ၎င်း ဆံခွေ ကို ဖြေ ကြည့်ကြရာ အလွန် ရှည်လျားမည်းနက်သော ဆံတစ်ပင် ဖြစ်ကြောင်း ကို သိရှိကြလေသည် ။ သို့နှင့် မိမိ တို့ သခင် နယ်စားကြီး ထံသို့ ယူဆောင် သွားကြပြီး လျှင် အကြောင်းစုံ ကို ပြောပြကြလေသည် ။
ထိုအခါ နယ်စားကြီး သည် မိမိ ၏ တပည့်များ ကို ခေါ်၍ ဆံတစ်ပင်ရှင် မိန်းမ အား ရှာ ဖွေပေးရန် ချက်ချင်း အမိန့် ထုတ်လေ၏ ။ ထို့ကြောင့် နယ်စားကြီး ၏ တပည့်တို့ သည် ဆံပင်ရှင် မိန်းမ ကို ရှာဖွေရန် မြစ်ညာ သို့ ထွက်ခွာ သွားကြ လေသည် ။ ငါးရက်မြောက်သော နေ့တွင် မြစ်ကမ်း နှင့် မဝေးလှသည့် မန်ရီဟဲ ၏ နေအိမ် ကို တွေ့မြင်ကြ၏ ။ ထိုအိမ် သို့ သွားရောက် စုံစမ်းရန် အားလုံး သဘော တူညီကြလေသည် ။ သို့နှင့် အိမ် သို့ သွားရောက် ကြည့်ရှု ကြသောအခါ အိမ် တံခါး အားလုံး ပိတ်ထားသည် ကို တွေ့မြင် ကြလေသည် ။
သို့ရာတွင် တံခါး မှာ အတွင်း က နေ၍ ပိတ် ထားသည် ကို နယ်စားကြီး ၏ တပည့်များ သိကြ၏ ။ သို့ဖြင့် တံခါး ကို အတင်း ဆောင့်တွန်းကာ ခေါ်ကြ၏ ။ မကြာမီ တံခါး ပွင့်သွား ပြီးလျှင် အိမ် ထဲ ဝင်ရောက် ရှာဖွေကြရာ မန်ရီဟဲ ကို တွေ့ကြ လေတော့သည် ။ မန်ရီဟဲ ၏ ဆံပင်ထုံးကြီး ကို မြင်ကြသောအခါ မိမိတို့ ရှာဖွေသော ဆံတစ်ပင်ရှင် သည် သူ ပင်ဖြစ်ရမည် ဟု ယုံကြည်ကြ လေသည် ။ ထို့နောက် မန်ရီဟဲ ကို နယ်စားကြီး ၏ အမိန့် နှင့် နယ်စား နေထိုင်သော ရွာ သို့ လိုက်ပါ ရမည့် အကြောင်း ကို ပြောပြကြ ပြီးလျှင် အိမ် အပြင်ဘက် သို့ ခေါ်ထုတ် ယူသွားကြလေသည် ။ မန်ရီဟဲ သည် မိမိ ၌ လင် ရှိကြောင်း အမျိုးမျိုး တောင်းပန် သော်လည်း မရချေ ။ နောက်ဆုံးတွင် သူတို့ ၏ နောက်သို့ လိုက်ပါ သွားရရှာလေသည် ။
သို့သော်လည်း မန်ရီဟဲ သည် အိမ် မှ ထွက်ခါစ တွင် မိမိတို့ မွေးထားသော ကြောင်ကလေး တစ်ကောင် အား စကား တစ်ခု မှာထားခဲ့လေ၏ ။ မန်ရီဟဲ မှာထားသော စကားများ မှာ သန်နင်းကောင် ရောက်လာသော အခါ ကြောင်ကလေး အား သ,တ်၍ ၎င်း၏ သေးအိမ် ကို တယောကြိုး ပြုလုပ်ကာ ထို တယော ကို ထိုးပြီး သူ့ အား ရှာဖွေရန် ဖြစ်လေသည် ။ ကြောင်ကလေး က လည်း မိမိ အား အသ,တ်ခံရန် ရဲဝံ့စွာကတိ ပေးလေသည် ။ နယ်စားကြီး ၏ တပည့်များ သည် မန်ရီဟဲ ကို ခေါ်ဆောင် ပြီး လျှင် နယ်စားကြီး ထံသို့ သွားရောက် ဆက်သကြ၏ ။ နယ်စားကြီး လည်း မိမိ မယား အဖြစ် သိမ်းသွင်း လေတော့သည် ။ သို့နှင့် မန်ရီဟဲသည် အလို မတူပါဘဲ လျက် နှင့် နယ်စားကြီး ၏ မယား အဖြစ် သို့ ရောက်ရှိ သွားလေသည် ။
သန်နင်းကောင် သည် ခရီး ထွက်ရာ မှ ပြန်လာ၍ မိမိ အိမ်သို့ ရောက်သော အခါ ကြောင်ကလေး က ဆီးကြို၍ အကြောင်းစုံ ကို ပြောပြလေ၏ ။ မိမိ ကို သ,တ်ရန်လည်း အတန်တန် တောင်းပန်လေသည် ။ သန်နင်းကောင်သည် ကြောင်ကလေး ကို မည်မျှ သနားစေကာမူ မန်ရီဟဲ အား တွေ့လိုစိတ် ပြင်းထန်လှသောကြောင့် ကြောင်ကလေးကို သ,တ်ပစ် လိုက်လေသည် ။ ထို့ နောက် ၎င်း ၏ သေးအိမ် ကို တယောကြိုး ပြုလုပ် ပြီးလျှင် မန်ရီဟဲ ကို ရှာရန် အိမ် က ထွက်သွား လေသည် ။
တစ်နေ့သ၌ သန်နင်းကောင် သည် နယ်စားကြီး နေထိုင်သော ရွာ သို့ ရောက် ၍ တယော ကို ထိုးပြီးလျှင် ရွာ ထဲ သို့ ဝင်သွား လေသည် ။ တယောထိုးသံ ကို မန်ရီဟဲ ကြား သဖြင့် တယောသံ နားထောင် လိုကြောင်း နယ်စားကြီး အား ပြောပြကာ တယောရှင် ကို အခေါ် ခိုင်းလေ သည် ။ တယောရှင် မိမိ ရှေ့သို့ ရောက်သောအခါ သန်နင်းကောင် ဖြစ်ကြောင်း ကောင်းစွာ သိရှိ လေသည် ။ သို့နှင့် မန်ရီဟဲ သည် တယောသံ ကို နေ့စဉ်နေ့တိုင်း နားထောင် လိုကြောင်း နှင့် တယောရှင် အား မိမိတို့ အိမ် ၌ နေခွင့်ပြုရန် နယ်စားကြီး အား တောင်းပန်လေသည် ။ နယ်စားကြီး ခွင့်ပြုသည် နှင့် မန်ရီဟဲ သည် ပရိယာယ် ဖြင့် ကြံဖန်ကာ နယ်စားကြီး ကို ခရီး ထွက်စေလေ သည် ။ နယ်စားကြီး vသည် မန်ရီဟဲ ကို စိတ်မချ သဖြင့် မိမိ တပည့်များ အား ကောင်းစွာ စောင့်ရှောက်ကြရန် မှာထားခဲ့ပြီး လျှင် ခရီး ထွက်သွားလေ၏ ။
နယ်စားကြီး ခရီးထွက်သည် နှင့် တစ်ပြိုင်နက် မန်ရီဟဲ သည် သန်နင်းကောင် ထံ သွား ပြီးလျှင် အကြောင်းအရာ အားလုံး ပြောပြလေ၏ ။ ထို့နောက် ည အချိန် တွင် အချင်းချင်း တိုင်ပင် ကြပြီးလျှင် နယ်စားကြီး ၏ အိမ် မှ တိတ်တဆိတ် ထွက်ပြေး ကြလေသည် ။ နံနက် မိုးလင်းသော အခါ နယ်စားကြီး ၏ တပည့်များ သိကြ သဖြင့် ချက်ချင်းပင် လိုက်သွားကြလေသည် ။ မန်ရီဟဲ သည် လမ်းခရီး တွင် ပြင်းထန်သော ဒဏ်ရာ တစ်ခု ရသောကြောင့် လျင်မြန်စွာ မပြေးနိုင် သဖြင့် သန်နင်းကောင် က သယ်ယူ သွားရလေသည် ။ ရန်သူများ နီးကပ်လာပြီ ဖြစ်ကြောင်း ကို သိရ သဖြင့် မန်ရီဟဲ သည် သန်နင်းကောင် အား တစ်ယောက် တည်း ထွက်ပြေးရန် တောင်းပန် လေသည် ။ ပထမ တွင် သန်နင်းကောင် က ငြင်းဆို သော်လည်း နောက်ဆုံး၌ ရန်သူများ အဖမ်း မခံရန် မိမိ နေသော ရွာ သို့ ဦးတည်၍ ထွက်ပြေး လေသည် ။
မန်ရီဟဲ ခမျာ တစ်ယောက် တည်း ကျန်ရစ်ရှာ၍ ရန်သူ တို့ဘေး မှ ကင်းဝေးရန် တစ်ခု သော သစ်တော ထဲ သို့ ဝင်ပြေး ကာ ပုန်းအောင်း လေသည် ။ သန်နင်းကောင် သည် လမ်းခရီး တွင် တစ်ခါမျှ အနားမယူဘဲ ကြောက်လန့်ခြင်း ကြီးစွာ ဖြင့် ရွာ ရောက်အောင် ထွက်ပြေး ရသော ကြောင့် အမော လွန်ကာ ရင်ဆို့ပြီး သေဆုံးသွားလေ၏ ။ ရွာသူရွာသားများ က သူ ၏ အလောင်း ကို သင်္ချိုင်း တွင် မြှုပ်နှံ ထားကြ လေသည် ။ အလောင်း မြှုပ်ထားရာ အနီးတွင် ချင်းထုံးစံ အတိုင်း နွား ဦးခေါင်း တစ်ခု ကို လည်း တိုင် တစ်တိုင် စိုက်ထူ ၍ ၎င်း တိုင်ထိပ်ဖျား တွင် ချိတ်ဆွဲ ထားကြလေသည် ။
မန်ရီဟဲ သည် တော ထဲ တွင် တစ်ယောက်တည်း ကျန်ရစ် ရာ မှ လမ်းခရီး အတိုင်း မသွားဝံ့ သဖြင့် တောတောင်များ ကို ဖြတ်ကျော်ကာ ဆင်းရဲပင်ပန်းစွာ မိမိ နေသော ရွာ ကို မှန်း ဆ၍ ထွက်ပြေးရလေသည် ။
သို့နှင့် မန်ရီဟဲ သည် တစ်နေ့သော အခါ မိမိတို့ နေသော ရွာ သို့ ရောက် သွား၍ သန်နင်းကောင် အကြောင်း ကို ရွာသူရွာသားများ အား မေးမြန်း စုံစမ်းလေ၏ ။ ရွာသူရွာသားများ က သန်နင်းကောင် မှာ သေဆုံးပြီ ဖြစ်ကြောင်း ၊ သူ ၏ အလောင်း ကို ရွာသင်္ချိုင်း တွင် မြှုပ်နှံ ထားကြောင်းများ ကို ပြောပြကြလေသည် ။ မန်ရီဟဲ သည် ထိုစကား ကို ကြားသောအခါ ချက်ချင်း အိမ် သို့ပြန် ပြေး၍ ဓား တစ်ချောင်း ကို ယူပြီးလျှင် သင်္ချိုင်း သို့ ထွက်သွား လေ၏ ။ သင်္ချိုင်း သို့ ရောက် သောအခါ သန်နင်းကောင် ၏ အလောင်း ကို ရှာဖွေလေ၏ ။
ထိုအခါ နွားဦးခေါင်း ဆွဲချိတ်ထားသော တိုင် တစ်တိုင် ၏ အနီးတွင် သန်နင်းကောင် ၏ အလောင်း ကို ဖို့ထားသော မြေ ကို တွေ့မြင်လေ၏ ။ မန်ရီဟဲ သည် ထို ဖို့ထားသော မြေများ ကို ဖယ်ရှား ပြီးလျှင် ချစ်လင် ၏ အလောင်း နှင့် နီးကပ်စွာ ယှဉ်တွဲ၍ အိပ်ပြီး မိမိ ကိုယ် ကို မိမိ ဓား ဖြင့် သ,တ်သေလေ၏ ။
⎕ ယော - မင်းနောင်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၂ ၊ မတ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment