Thursday, October 3, 2024

လန်ဒန် မိုးခါးရေ


 

❝ လန်ဒန် မိုးခါးရေ ❞
━━━━━━━━━━━━━
           မင်းသစ်
━━━━━━━━━━━━━
ကမ္ဘာကျော် စာရေး ဆရာ ၊ ဝေဖန်စာရေး ဆရာကြီး ဂျော့ဟင်နရီလီဝစ် သည် နံနက်စာ နှင့် အတူ ‘ ကန့် ’ ၏ ယထာဘူတဗေဒ ကျမ်းစာ ကို သုံးဆောင်ပြီး ညစာ နှင့် အတူ ‘ ဂီးထား ’ ၏ ကဗျာ တစ်ပုဒ် ကို ပွဲတော်ခေါ်လေ့ ရှိသည် ဆို၏ ။ တကယ်ပဲလား ၊ အတ္ထုပ္ပတ္တိ ရေးသူ က ပဲ စေတနာ ဖြင့် အတိသယဝုတ္ထိ အလင်္ကာ မြောက်စွာ ချီးပ ထား သည် လား မပြောတတ်နိုင်ခဲ့ကြ ။

သို့သော် ကိုမြတ်သူ ဆိုသော လူ တစ်ယောက် ကို သာ တွေ့ မိပါမူ ဟို လူ ရေး တာ မလွန်တန်ရာ ဟု တွေးမိကြ ပေလိမ့်မည် ။ ဟုတ်သားပဲ ။ သည် လူ က လည်း နံနက်မိုး လင်း သည် နှင့် တစ်ပြိုင်နက် နေ့စဉ်ထုတ် သတင်းစာများ ကို ပေါင်မုန့် ထောပတ်သုတ် ၊ ကော်ဖီ တစ်ခွက် နှင့် အတူရော မြည်း လိုက်ရမှ ထိုနေ့ အတွက် နေထွက် သည် ဟု ထင်မှတ် နိုင်ကာ ဘဝင် ကျသည့် ပုဂ္ဂိုလ် မျိုး ။

ယနေ့ နံနက် တွင် မူ “ ကြေးမုံ ” သည် နံနက်စာ အားလုံး ထဲ တွင် ကိုမြတ်သူ အဖို့ စိတ် ခံတွင်း အတွေ့စေ ဆုံးသော အာဟာရ တစ်ခု ဖြစ်နေ လေပြီ ။

“ ဟဲ့ ၊ ကော်ဖီတွေ အေး ကုန်ပြီလေ သား ရဲ့ ။ တကတဲ မှ တော် ။ သတင်းစာ တို့ ၊ ဝတ္ထုစာအုပ် တို့ များ တွေ့ ရင် ဆွေမျိုး မေ့ ၊ ထမင်း မေ့ ဟင်း မေ့ ပဲ ။ ကြည့်စမ်း ၊ မုန့်တွေ လည်း ယင်အုံ ကုန်ပြီ ”

မိခင် ဖြစ်သူ က သူ ကို လာရောက် ဆူပူ ကြိမ်းမောင်း ၏ ။ သို့သော် ဤအ ဖြစ်မျိုး မှာ သူတို့ သားအမိ နှစ်ယောက် စလုံး အတွက် ရိုးနေ လေပြီ ။ နံနက်တိုင်း ဤ အိမ်တွင် ဖြစ်ခဲ့ ၊ ဖြစ်ဆဲ ၊ ဖြစ်နေလိမ့်မည် ဖြစ်သော မိသားစု ပဋိပက္ခ ခေါ်လေမလား ။ ဝိရောဓိ ဆိုရလေ မလား မသိသော ဤ ပူညံပူညံ အရေးအခင်း သည် အစာ စားရင်း စာဖတ် တတ်သော ကိုမြတ်သူ ကြောင့် နေ့စဉ် သံသရာ လည် နေရမြဲ ပင် ။

ကိုမြတ်သူ က တော့ သူ စိတ်ဝင်စား မိသည့် သတင်း တစ်ပုဒ် ကို ထပ်ကာ ဖတ်မိ ပြန်သည် ။ စာပေဗိမာန် တွင် ကျင်းပသော ဘာသာပြန် ဆွေးနွေးပွဲ ၌ ဝေါဟာရ တို့ ကို တတ်နိုင်သရွေ့ ဘာသာပြန် တင်ပြကြသည် ဆိုသည့် သတင်း ကို သူ က စိတ်တွင်း မှ ထောက်ခံ ဆွေးနွေး နေ မိ၏ ။

သို့သော် အချို့ ဝေါဟာရ တို့ မှာ ဘာသာ ပြန် ၍ မဖြစ်နိုင် ဘဲ မူရင်း အနက် အဓိပ္ပယ် ကို ပျက်ပြယ် သွားနိုင်သည် ဟုလည်း သူ က စဉ်းစား ရင်း သတိထား မိ ပြန်၏ ။ အချို့ သော ဝေါဟာရ တို့ မှာ မူ ဘာသာ ပြန် စရာပင် မလိုတော့ဘဲ အသက်ကြီးကြီး လူကြီးကြီး တွေ ပြော သလို “ မွေးစား စကားလုံး ” များ ဖြစ် နေကြပြီ ။ ပြည်သူပိုင် သိမ်းထားပြီး ကြပြီ ။ ထို့ကြောင့် ကော်မတီ ၊ ကောင်စီ ၊ ကော်ပိုရေး ရှင်း ၊ ဘုတ်အဖွဲ့ ၊ မဂ္ဂဇင်းဂျာနယ် ၊ ဖောင်တိန် ၊ မော်တော်ကား ၊ လီဗာ ၊ စတီယာ ၊ မီတာ ၊ ဘက်ထရီ ၊ ရေဒီယို အစ ရှိ သဖြင့် အင်္ဂလိပ် စာ တတ် မြန်မာပညာရှိ တို့ ဘေးမဲ့ ပေး ထား ရသော ဝေါဟာရ တို့ ကို သူ က ခွင့်လွှတ် လိုက် ရ ပြန်၏ ။

မှန်ပါသည် ။ အချို့ ဝေါဟာရ တို့ မှာ မူ ဘာသာ ပြန် ကာ မှ ဒုက္ခ လှလှကြီး တွေ့ နိုင်၏  ။ စာရေး ဆရာကြီး တစ်ဦး ပြော သလိုပင် မော်တော်ကား “ ဂီယာ ” ဟူသော ဝေါဟာရ အား ဘာသာ ပြန်ပြီး “ ရှေ့တိုး နောက်ငင် ပြု ရသော အမြန်နှုန်း ပြောင်း ကိရိယာ ကို ဒုတိယဆင့် သို့ သွင်း လိုက်ပါ ” ဟု ပြော၍ မဆုံးမီ ကား သည် လမ်းဘေး သစ်ပင် ကို ဝင် ဆောင့် ပေ လိမ့်မည် ။ တစ်ဖန် “ ဘရိတ် အုပ်လိုက်ပါ ” ဟူသော စကား ကို ဆက်လက်၍ မြန်မာမူ ပြုလို လျှင် လည်း တမလွန် ဘဝ ကျခါ မှ ယမမင်း ဦးစီး ကျင်းပသော ရောရုဝ ဘာသာပြန် ဆွေနွေး တင်ပြခွင့် ရလိမ့်မည် ။ တကယ်တမ်း ဆို လျှင် လည်း ထို ဝေါဟာရ တို့ မှာ ကမ္ဘာသုံး ဖြစ်နေ လေပြီ ။ ခြွင်းချက်တစ်ရပ် အနေဖြင့် ဥပက္ခော ပြုသင့် ပါသည် ။

စင်စစ် အားဖြင့် လည်း ကိုမြတ်သူ နားကြားကတ် နေမိသည် မှာ မြန်မာ လို ပြောလည်း ခွဲတမ်း အဖြတ် မခံရပါဘဲ နှင့် သိုးဆောင်း ဘာသာ ဖြင့် သုံးစွဲ နေကြသော စကား အသုံးနှုန်းများ သာ ဖြစ်၏  ။

ထို့ပြင် ကျွန်ဘဝ တုန်း က ဗြိတိသျှ ဗျူရိုကရက် အရာရှိများ ၏ ဘွဲ့ နာမည် တို့ ကို အစွဲ ပြုပြီး မှည့်ခေါ် ထားသော အဆောက်အဦး ၊ လမ်း ၊ ရပ်ကွက် တို့ ၏ အမည် များ ကိုသာလျှင် ဖြစ်၏ ။ အစိုးရ က လည်း ထို ပြဿနာ နှင့် ပတ်သက် ၍ လမ်း အမည် များ ကို မြန်မာ အမည် သို့ ပြောင်းခဲ့ လေ ကြလေပြီ ။ သို့သော် အချို့ လမ်း တို့ ကား ချောင် ကျ၍ ၊ မင်းပေါက် စိုးပေါက် မဟုတ်၍ လား မပြော တတ် ။ မပြောင်းကြ ရ သေးပေ ။ မကျေနပ်သူတွေ က သတင်းစာ ထဲ တွင် လူထု အော်သံ အခန်း မှ နေ၍ ရေးကြ ၊ ဆူကြ ပေါင်းလည်း များ လှ ပါပြီ ။ တစ်ဖန် နာမည် ပြောင်း ပြီးသော လမ်း ၊ အဆောက်အဦး တို့ ကို ပင် မူလ အင်္ဂလိပ် အမည် ဖြင့် ဆက် ခေါ်မြဲ ခေါ်ကာ နှုတ်သီး အရသာ တွေ့ နေသော မစ္စတာဦး နှင့် မစ္စက်ဒေါ် တို့ က လည်း ရှိ သေး၏  ။

ကိုမြတ်သူ သည် သက်ပြင်း တစ်ချက် ကို ခပ်လေးလေး ချ လိုက် မိ၏ ။ သို့သော် သတင်းစာ တစ်နေရာ မှ ကြော်ငြာလေး တစ်ပုဒ် က သူ့ ရင် ကို ချမ်းမြေ့ စေ၏  ။ ယခင် စိန်ဂျွန်းကွန်ဗင့် ခေါ် အထက ( ၂ ) လသာ မှ ကျောင်းသူလေး တစ်သိုက် က အင်္ဂလိပ် အမည် ရိုစီ ၊ မိုရင်း စသည် ကို ဖျောက် ၍ နီလာ ၊ ဥမ္မာ ဟူသော အမည် တို့ကို ပြောင်းကြပါသည် ဟူသော ယင်း ကြော်ငြာလေး က မူ ကိုမြတ်သူ အား ရွှင်လန်း အားရစေသည် ။ မြန်မာမှု မြန်မာ့ဟန် ခေတ် မှာ သင်းကလေးတွေ လည်း ရှက်လာဟန် တူပါလေရဲ့ ဟု တွေးမိရင်း သူ့ ကိုယ် သူ လည်း ရှက်လာမိသည် မှန်သည် ။ သူ လည်း “ ဆောရီး ” တွင် တွင် သုံးတက်သော အမျိုးသားကောင်း တစ်ဦး ပေ ကိုး ။

“ ဒင် ဒင် ဒင် ”

နာရီ ထိုးသံ ကြား မှ သတိ ရ သည် ။ ကိုမြတ်သူ သည် လက်ဖက်ရည် စားပွဲ မှ ထ ရင်း မိခင် ဖြစ်သူ အား စကား တစ်ခွန်း လှမ်း ပြောလိုက်သည် ။ သို့သော် လျှာ က အကျင့် ပါ နေ၍ နည်းနည်း တော့ ထင်းရှူးနံ့ နံ သွား၏  ။

“ မာမီရေ ကျွန်တော် ချာ့ခ်ျလမ်း ခဏ သွားဦးမယ် နော် ။ ဂီတ ကောင်စီ မှာ ရဲဝင်း တို့ ၊ တင်ဦးလေး တို့ နဲ့ ချိန်းထားလို့ ”

“ အေး အေး ၊ ညနေ သာ စောစော ပြန်ခဲ့ ။ ဪ ဒါနဲ့ မင်း အချိန် ရရင် စပတ်လမ်း က မာဂျရင်း ဝင် ဝယ်ခဲ့စမ်း ကွယ် ။ ဆန်းဒေး အတွက် ပေါင်မုန့် သုပ်စရာ ကုန် နေပြီ သိလား ”

ရှေး ကွန်ဗင့် ကျောင်း ထွက် ပေ  မို့လား ၊ ကျွန် သက် ပို ရှည်ခဲ့၍ လား မသိ ။ အဘွားကြီး ပြော လိုက်သော ဝါကျ တွင် ဘိုဝေါ ဟာရတွေ တစ်ပြုံကြီး ပါလာခဲ့၏ ။ ထို့ပြင် လမ်း ပေါ် သို့ ရောက် နေသော သား ဖြစ်သူ အား ထပ် ကာ အော် ပြောလိုက် သေး၏  ။

“ ဟဲ့ သား သိမ်ဖြူဆရာတော် ကျောင်း ကို ပါ ဝင်ခဲ့ သိလား ။ ပြီးတော့ ငါ့ အတွက် စားနေကျ တေဆေး ယူ ခဲ့ နော် ။ အိမ် မှာ ကုန်ခါ နီး နေပြီ ”

ကိုမြတ်သူ မှာ ပြုံး ချင်ချင် ဖြစ်ရ၏ ။

ဗိုလ်အောင်ကျော်လမ်းကို စပတ်လမ်း ဟု ခေါ်ရမှ ကျေနပ်ပြီး သိမ်ဖြူလမ်း ဟု အမည် ရှိသော် လည်း ကျွန်ခေတ် တုန်း က အမည် ဖြစ်သည့် ဂျူဒါအီစကယ်လမ်း ဟု ခေါ်လိုက်ရ မှ နှုတ်ချို ၍ လျှာ အရသာ တွေ့ သော သူ့ အမေ သည် သိမ်ဖြူဆရာတော် ကို ကား ဂျူဒါအီစကယ်ဆရာတော် ဟု မခေါ် ပါ ချေ ။

အင်း ... ဒီနေရာမှာ တော့ တေဆေး က နိုင်သွား ပြီ ထင်ပါ ရဲ့  ။

•••••   •••••   •••••   •••••

ဘက်စ်ကား မှာ လာခဲ လှသည် ။ ယနေ့ စနေနေ့ ဖြစ်သော ကြောင့် အတိုးအဝှေ့ များ ပြီး မှတ်တိုင် များ တွင် ကြန့်ကြာ နေဟန် တူ၏ ။ တွေးနေ မိစဉ် မှာ ပင် လမ်း အကွေ့ က ဘက်စ်ကား အရှည်ကြီး တစ်စီး တွား ထွက်လာ၏ ။ နံပတ် ၈ မှ ဟုတ်ရဲ့ လား ။ ဟုတ်တယ် ။ ရေး တောင် ထားသေး ။

“ လင်းစ်ဒေါင်း ၊ အင်းစိန် ” တဲ့ ။

ကိုမြတ်သူ သည် နှာခေါင်း ရှုံ့လျက် ဘိုကပြား စာတန်း ရေး ထားသော ထို ကားကြီး ပေါ် သို့ အပြေး အလွှား တက် လိုက်ရ၏ ။ ကား သည် သမိုင်းလမ်းဆုံ မှ ခွာခဲ့ပြီး နောက် ဘုရားလမ်း မှတ်တိုင် ၊ နောက် သမိုင်းချည်စက် ၊ ပန်းပဲဖို ၊ အုတ်ကျင်း ၊ သုခလမ်း ၊ သံလမ်း ၊ စံရိပ်ငြိမ် ၊ လှည်းတန်း စသည် ဖြင့် ကျော်လွန် လာ ခဲ့ ရာ မှ မြေနီကုန်း သို့ ရောက်ခဲ့လေပြီ ။ ထို့နောက် မြေနီကုန်း မှ အထွက် ဗိုလ်ရှုခံ အနီး သို့ အရောက် အသံ ပြာလဲ့လဲ့ စူးစူးနှင့် စပယ်ယာ ခေါ် လက်မှတ် ရောင်း သူ က ရုတ်တရက် အော်သည် ။

“ အလုံလမ်း ပါလား ”

တစ်ကား လုံး တုတ်တုတ်မျှ မလှုပ် ။ ဘက်စ်ကား စီး ရသော ရန်ကုန် လူတန်းစား တို့ ၏ ထုံစံအတိုင်း မျက်နှာသေလေး တွေ နှင့် ထိုင်နေ ကြ၏ ။ စပယ်ယာ သည် ကျီးကန်းမျက်လုံး ဖြင့် ကား အတွင်း သို့ တစ်ချက် မျှ ဝှေ့ယမ်း ကစားလိုက်ပြီး နောက်

“  ဆွဲ ဆရာ ၊ ဟယ် ( လ် ) ပင်လမ်း ထိ ဆွဲ ”

မကြာမီ ဟယ် ( လ် ) ပင်လမ်း မှတ်တိုင် ၌ ကား ရပ်သည် တွင် ကား ပေါ် မှ ဆင်း ကာ ထို လမ်း အတိုင်း အရှေ့ စူးစူး သို့ လျှောက်ခဲ့သည် ။ ကိုမြတ်သူ သည် ဟယ် ( လ် ) ပင်လမ်း ကို မကျေမနပ် ဖြစ်ရင်း ခြေဆောင့် နင်း ချေ၏  ။

စဉ်းစား ကြည့် လေ ။

သမိုင်းမှတ်တိုင် မှ မြေနီကုန်း အလွန်ထိ ကား ရပ် ခဲ့သမျှ မှတ်တိုင်ကလေးများ မှာ  ဟံသာဝတီ ၊ စံရိပ်ငြိမ် ၊ မဟာမြိုင် စသည့် ဖြင့် ဖြစ်၏  ။

ကဲ ၊ ဘယ့်ကလောက် ချစ်စရာ ကောင်းသလဲ လို့ ။

တက္ကသိုလ် နား က “ လိုင်းပေါက် ” နှင့် “ ကမာရွတ် ” တို့ သာ နည်းနည်း ထောပတ်စော် နံ ၏ ။ ဒါလည်း မွေးစားသမီး ပေကိုး ဟု နားလည် ခွင့်လွှတ် လိုက်၏ ။

သို့ သော် သတိထား မိ သည်ကား မြေနီကုန်း မှ လွန် လျှင်ပင် အလုံလမ်း ၊ ထို့နောက် ဟယ် ( လ် ) ပင် လမ်း ဟူ၍ ဘိုလို ပျစ်ပျစ်နှစ်နှစ် ပြည့်ပြည့်ဝဝ ကြီး ခေါ် ထားသော လမ်း ကို စတွေ့ ရ၏ ။ စပယ်ယာ အော်ဒါ ထုတ် ၍ ဒရိုင်ဘာ မောင်းသော ယင်း နံပါတ် ၈ ကားကြီး သည် လင်းစ်ဒေါင်း ထိ သွားပါ လိမ့်မည် ။ ဩော် ၊ ရန်ကုန်မြို့ ထဲ ရောက် လေလေ မြန်မာမှု လေး တွေ နှင့် ကင်းဝေး လေလေ ။

ဘာပဲ ဖြစ် ဖြစ် ထို အတွေး ထို သတိ ကြောင့် ကိုမြတ်သူ သည် ကိုယ့် ကိုယ် ကိုယ် ဤ ခေတ်ကြီးနှင့် အမိ တော် လှန်ရေး လုပ်၍ မြန်မာမှု ပြုရန် ဂရုပြု မိသည် ။ ရှက်မိသည် ။

ပထမဆုံး ကိုယ့် ကိုယ် ကိုယ် ဝေဖန်ရေး သည် လွန်စွာ မှ အရေး ကြီးကြောင်း ၊ ဟိုတလော က စာအုပ် ကို အဟောင်းဈေး တွင် ပုတ်ပြတ် ရောင်း၍ ပွလာဟန် ရှိသော စာရေးဆရာ တစ်စု နန်းသီတာ ထဲ တွင် ပြော နေ သံ ကြား လိုက် ရ၏ ။

နောက်ပြီး ရန်ကုန် မှ မန္တလေး သို့ ဆဲသံ နှင့် မန္တလေး မှ ရန်ကုန် သို့ ကလော်တုတ်သံ ဟု အမည် မတပ်ဘဲ စာပေဝေဖန်ရေး စာအုပ် ဟု အမည် ပေး ထားကြသော မန္တလေးသား ရေး သည့် စာအုပ် နှင့် ရန်ကုန်သား ရေးသော စာအုပ် တို့ တွင် လည်း ကိုမြတ်သူ တို့ “ ဂဏှာဟိ ” လိုက်ရ ဖူးချေ၏ ။ နောက်ပြီး နောက်ပြီး ဟို နိုင်ငံ က ဟို ခေါင်းဆောင်ကြီး က လည်း တော် ပြီ ၊ ရပ်တန်း က ရပ် ။ ပြောရင်း ဆိုရင်း ဖော်ရင်းမိတ် ( ဒ် ) အတွေးအခေါ် သည် ပင်လည် ကို ဖြတ် ၊ တောင် ကိုပတ်၍ သူ့ ခေါင်း တွင်း သို့ အဘယ်ကြောင့် ချက်ချင်း ပြေးဝင် လာရ ပါ သနည်း ။

ကိုမြတ်သူ သည် တောက် တစ်ချက် ကျယ်ကျယ်ကြီး ခေါက် လိုက်မိ၏ ။

မည်သို့ပင် ဖြစ်စေ ကိုယ့် ကိုယ်ကိုယ် ဝေဖန်ရေး လုပ်သင့်၏ ။ တစ်ဆက်တည်း မှာ ပင် စည်းရုံးရေး လုပ်သင့်သည် ဟု တွေး မိ၏ ။ စည်းရုံးရေး မပါသော တော်လှန်ရေး မှာ ကလေး ပျက်ကျတက်သည် ဆိုလား ၊ သူ ကြားဖူး၏ ။ ကိုမြတ်သူ ပထမဆုံး ချဉ်းကပ် စည်းရုံးရေး ရမည့် သူ မှာ ပက်ထရစ်ရှာအောင် ဖြစ်၏ ။

ဟုတ်ပါပေသည် ။ သူ့ ကို မှ မစည်းရုံး လျှင် ကိုမြတ်သူ အဖို့ ဘယ်သူ့ သွား စည်းရုံးရ မည် နည်း ။ ပက်ထရှာအောင် ကို ကား သူ ကောင်းကောင်း ချဉ်းကပ် နိုင်၏ ။ ဒူးတိုက် ဆွေးနွေး ရုံ မက  ၊ ရင် ချင်း အပ်၍ နှီးနှော နိုင်သည် ။

ဟုတ်ပါပေသည် ။ အကြောင်းဟူမူ ထို မိန်းကလေး သည် သူ့ ချစ်သူ ။ ဆက်လက် စည်းရုံးရမည့် သူ မှာ အိမ် က မာမီ ခေါ် အဘွားကြီး ။ နောက်ပြီးတော့ သူငယ်ချင်းများ  ။

သို့သော် ရှေ့က ပိတ်ဆီးကာ ၊ ဖြတ်သန်း နေသော လမ်း တစ်လမ်း ကြောင့် ရင် ထဲ တွင် မချိဘဲ အတွေးစ ပြတ်သွား ကာ သက်ပြင်း လည်း ချ လိုက်ရ၏  ။

“ ဟင်း ဂေါ်ဒွင်လမ်းထောင့် ရောက် မှ ကိုး ”

စိတ်သစ်လူသစ် ကိုမြတ်သူ သည် ယဉ်ကျေးမှု ရိပ်မြုံ တည်ရာ ဖြစ်သော ထို လမ်း ကို မြန်မာ လို ခေါ်ဝေါ် ချင်ပါသော်လည်း မြန်မာ အမည် လည်း မသိ ၊ ရှိလည်း ရှိဟန် မတူသော ကြောင့် ဂေါ်ဒွင်လမ်း ဟု ပင် ရင်နာစွာ ခေါ်လိုက်ရ ချေ၏ ။

တမလွန် ဘဝ မှ ဗြိတိန်ကျွန်းသား ဗိုလ်ချုပ်ဂေါ်ဒွင် ကျေနပ်ပါစေတော့ ။

ထို ဂေါ်ဒွင်လမ်း အတိုင်း ညာ သို့ ချိုး၍ တောင် ဘက် သို့ လျှောက် ခဲ့ရာ ယဉ်ကျေးမှု ရိပ်မြုံ ကို လွန်သော် လက်ဝဲ ဘက် သို့ ကွေ့သော လမ်း တစ်လမ်း ကို တွေ့ လိုက် ရသည် ။ ထို လမ်း ကား ချာချ်လမ်း ဟု သူတို့ တစ်တွေ မြိန်ရေရှက်ရေ ခေါ်ခဲ့ကြ ဖူးသော ဂီတကောင်စီတည်ရာ နဝရတ်ရိပ်သာ လမ်း ။ မင်္ဂလာရှိပါဘိ တောင်း ။

ဂီတကောင်စီ ရုံးခန်း ထဲ တွင် ကား လူစုံ လှ ချေ၏  ။

“ ဟိုင်း ၊ သေခြင်းဆိုး ၊ ဘယ် ပျောက်နေလဲ ”

စန္ဒရား ကိုထွန်းနိုင် ၏ နှုတ်ဆက်သံ ကြောင့် သူ တော်တော် အောင့် သွားပါသည် ။ သီချင်း ဆိုရာ၌ သာယာနာပျော်ဖွယ် ကောင်း သလောက် စကား ပြော ရာ၌ အော်ကြီးဟစ်ကျယ် ဖြင့် အတုံးလိုက် အတစ်လိုက် သုံး တက်သော အနှီ စန္ဒရားဆရာ အဆိုတော် သူငယ်ချင်း အား မျက်စောင်း ထိုး ကြည့်မိ၏ ။ ကြည့်ဦးလေ ။ သေခြင်းဆိုး ဟု မြန်မာ လို ဆဲသည် ကို ကိုမြတ်သူ က ခွင့်လွှတ်နိုင် သော်လည်း “ ဟိုင်း ” ဟု အမေရိကန် လို နှုတ်ဆက်မှု ကိုကား သူ က ခွင့် မလွှတ်နိုင် ။

သိုသော် ငါ စိတ်သစ် ၊ လူသစ် ဖြစ်တာ ကို သင်း တို့ မသိသေး၍ သာ ဖြစ်ရှာပေမည် ဟု ကရုဏာ ရှေ့ထား ကာ ခွင့်လွှတ် လိုက် ရ၏ ။

“ ရဲဝင်း နှင့် တင်ဦး တို့ ရောက်လာပြီလား ကွ ”

“ အေး ၊ ရှိတယ်ကွ ။ တီးသွားပိတ် နေတယ် ”

ဖြေသူ ကား တယောဆရာ ကိုဗဟိန်း ။

သူ လည်း ကပြားလောက ထဲ မှ ရုန်း မထွက်နိုင် ရှာသေး ပါ လား ။ လက်ဖက်ရည် သောက် သွားသည် ကို ပင် တီး (Tea) သွား ပိတ်သည် ဟု ခွ စကား ပြော၏ ။ ကောင်း၏ ။ အင်း ။ တဖြည်းဖြည်း တော့ စိတ်ရှည်လက်ရှည် ပြုပြင် ယူ ရ မှာ ပေါ့လေ ။

“ ဟေ့ မြတ်သူ ။ မင်း ဒီအပတ် လွှင့်ဖို့ ငါ့ အတွက် သီချင်း ရေး ပြီးပြီလား ”

အဆိုတော် ကိုမျိုးနိုင် က တံခါးဝ မှ ဝင် လာရင်း လှမ်း မေးသည် ။ သည်တော့မှ ပင် အလုပ် ကို သတိ ရ သည် ။ ကိုမြတ်သူ ကား သီချင်းရေး ဆရာ တစ်ဦး ဖြစ်၏ ။ သည့်ထက် ပို၍ ခန့်ညားအောင် တန်ဆာ ဆင်ရသည် ရှိသော် ဂီတစာဆို တစ်ဦး ဖြစ်၏  ။

“ အေးဗျာ ၊ သိင်း ( မ် ) ( Theme ) မရသေးတာ နဲ့ ”

ပြောရင်း ဆိုရင်း ၊ ကိုမြတ်သူ တစ်ယောက် ဘိုလို အူမိ ပြန် ချေပြီ ။

“ ဟေ့ကောင် ၊ သိပ် အပင်ပန်း ခံမနေနဲ့ ။ ဗမာသံ ငါ သိပ် မဆိုချင်ဘူးကွာ ။ ကျွန်း ( Tune ) ပဲ ဆိုချင်တယ် ။ ဟိုလေကွာ အယ် ( လ် ) မာတီနို တွေ ဆိုတဲ့ လာ့ဖ်အစ်ဘလူး ( Love is blue ) ဆိုတဲ့ သီချင်းကို ငါ သိပ် ကြိုက်တယ်ကွာ ။ သူ ရစ်သင် ( မ် ) ( Rhgthm ) က သိပ် ညက်တာ ။ အဲဒါ မင်း က ဗမာ လို စာလုံး ပြောင်း ထည့် လိုက်ပေါ့ ၊ ဟုတ်လား ”

ကောင်းကြပါလေရော ။ ကိုမြတ်သူ ခမျာ တော်တော် စိတ်ညစ် သွား၏  ။ ခေတ် ပြောင်း သည် ကို လည်း မသိ ၊ သူ ပြောင်းသည် ကို လည်း မသိကြ သေး သော ထို သူ တို့ အကြား တွင် ကိုမြတ်သူ သည် ကျီး တို့ အလယ် မှ ဒေါင်း တစ်ကောင် နှယ် ။

တကယ်တော့ လည်း သူတို့ ကို လည်း အပြစ် မဆိုသာပါ ချေ ။ မြန်မာ့ ဂီတလောက ထဲ ဝင်ခါ မှ သိုးဆောင်း သီချင်းများ နှင့် သာ ရင်းနှီးခွင့် ရခဲ့သည် မဟုတ်ပါလား ။ အခြား သူတွေ ကို ထား လိုက်ဦး ။ ကိုမြတ်သူ ကိုယ်တိုင် ရေး ခဲ့သော “ စကြဝဠာ မှာ အလှဆုံး ” သီချင်း သည် “ ကွမ်တို ကွမ်တို ” ( Quen - to Quen - to ) ကို ဘောင်ဘီ ဆွဲဆွဲ ချွတ် ထားထားခြင်း ဖြစ်ပြီး “ အသည်းတစ်စစီ ကြွေကုန်ပြီ ” ဟူသော တေး မှာ လည်း “ အန်ဒါနိသ် မင်းဂိုးထရီး ” ( Underneth the Mango Tree ) ကို ပုံတူ ကူးထားခြင်း သာ မဟုတ်ပါလော ။

မကြာသေးမီ က မူ ကမ္ဘာ့ အလယ် တွင် မြန်မာ ဂီတသမား တို့ အစား ရှက်လာ ဟန် ရှိသော မြန်မာ့အသံ က မိတ်ကပ် ပေါ် သနပ်ခါး ထပ် လူးသော သီချင်းများ လွှင့် ခွင့် မပြု ဟု စည်းကမ်း ထုတ်၏ ။ ကိုမြတ်သူ တို့ လူစု က ဘာ လုပ်ကြသည် ထင်သနည်း ။ မြန်မာ့အသံ က ကြားဖူး ဟန် မတူသော နိုင်ငံခြား သီချင်းများ ကို ကတ်သီးကတ်သတ် ရှာဖွေ လာ ၍ ခိုးချ ကြ ကုန်၏  ။

သူငယ်ချင်း ဂီတစာဆို တစ်ဦး က သူ့ သီချင်း သည် “ ဂွာတီမာလာ ” ဆိုလား ၊ “ ဟွန်းဒူးရပ်စ် ” ဆိုလား ၊ အဲဒီ နိုင်ငံ က ကျေးလက်သီချင်း ကို ခိုးချထားခြင်း ဖြစ်သည် ဟု ပြော၏ ။ သူ က ပင် ကိုမြတ်သူ အား တီးတိုး သတင်း ပေးသွား သေးသည် ။ ယနေ့ နာမည် ကြီး နေသော သီချင်း တစ်ပုဒ် သည် မကြာမီ က လွတ်လပ်ရေး ရသွားသော “ မော်ရေးရှပ် ( စ် ) ကျွန်းစု ” ၏ နိုင်ငံတော် သီချင်း ကို မြန်မာ မှု ပြုထားခြင်း သာ ဟု ဆိုသည် ။ ဟုတ် မဟုတ်ကား မသိ ။ ကိုမြတ်သူ ကား တော် တော် ကြက်သီးမွေးညင်း ထ သွားကာ ဘုရား တ လိုက်မိ၏  ။

“ ကလင် ကလင် ကလင် ”

ထိုစဉ် တယ်လီဖုန်း က မြည် သည် ။ ကိုလေးအောင် က ပြန်ထူး၏ ။

“ ဟယ်လို ၊ ကျွန်တော် လေး အောင် ပါ ။ ဪ ၊ ကိုမြတ်သူ လား ။ ရှိပါတယ် ခင်ဗျာ ။ ခဏ ကိုင်ထားပါ ”

ကိုလေးအောင် က မျက်စိ တစ်ဖက် မှိတ် ပြရင်း စကားပြောခွက် လှမ်း ၍ ပေး လာ၏ ။

“ အမိန့်ရှိပါ ခင်ဗျား ။ ကျွန်တော် မြတ်သူ ပါ ”

“ ဟင်း ၊ ထင်းသားပဲ ။ ပက်ထရစ်ရှာ ပါ ကို ရဲ့ ။ ဒီ အချိန် ဆို ဂီတကောင်စီ မှာ ရောက်နေမယ် ဆိုတာ သိပါတယ် ”

“ နေပါဦး ၊ ခု ဘယ်က ပြောနေတာလဲ ။ ကျောင်း မတက်ဘူးလား ဟင် ”

“ အခု အော့ ( ဖ် ) ပီးရီးရော့ ( ဒ် ) လေ ကိုရဲ့ ။ အလင်း ( န် ) မှာ ကျုတို ရီယယ် ( လ် ) ကလာ့စ် ရှိတယ် ။ အဲဒါ စတူးဒင့်တာ က နေ လှမ်းပြီး ဖုန်းအပ် ( ပ် ) လုပ်တာလေ ကို ရဲ့ ”

သည်သို့ သော အားလပ်ချိန် ကို အော့ ( ဖ် ) ပီးရီးရော့ ( ဒ် ) ( Off period ) ဟု ခေါ်၍ နည်းပြသင်တန်း ကို ကျူတိုရီယယ် ( လ် ) ကလာ့ ( စ် ) ( Turtorial Class ) ဟု သုံးနှုန်းကာ ကျောင်းသားရိပ်သာ ကို စတူးဒင့်စင်တာ ( Studient Center ) ဟု အသံ ထွက် သော မီးနင်း ဝေါဟာရ များ ကြားဝယ် ကိုမြတ်သူ သည် တစ်သက်လုံး ကျင်လည် ခဲ့ရပြီး ဖြစ်၏ ။ သို့ သော် သည်နေ့ အဖို့ မှ ပက်ထရစ်ရှာအောင် ၏ စကားရပ် တို့ ကို ရင်တွင်း မှ အမှီ လိုက်၍ ဘာသာ ပြန်ရင်း မောနေ ရ သလို ရှိ၏  ။

ထားတော့ ။ စနစ်ဟောင်း တက္ကသိုလ် ခေတ် တုန်းက ကိုမြတ်သူ တို့ သုံးနှုန်း ခဲ့ကြသည် မှာ ထူး၍ မဆန်းလှ သော် လည်း သိပ္ပံပညာ ကို ပင် မြန်မာဘာသာ ဖြင့် သင်ကြား နေသော စနစ်တက္ကသိုလ် ၏ သမီးပျို ကျောင်းသူကြီး ပက်ထရစ်အောင် သည် စတုတ္ထနှစ် မြောက် မြန်မာစာ အဓိက ကျောင်းသူ တစ်ဦး ဖြစ်ပါလျှက် အဘယ်ကြောင့် ဖို့ယီးယား ဘားမီး ( စ် ) မေဂျာ ဆန်ချင် ရ ပါ သနည်း ။ ရှိစေတော့ သူ့ နာမည် ကို က ပကိထရစ်ရှာ ။

“ ဟေး ကို ဘာ ငိုင်နေတာလဲ ။ တစ်နေ့က ပြောတော့ မေ့ သွားပြီလား ။ တွဲလ် မှာ ကလာ့ ( စ် ) ပြီးမယ်လေ ။ အဲဒါ မြို့ ထဲ ကို လာခဲ့မယ် နော် ။ စကော့မားကက် ကို လိုက်ပို့မယ် ဆို ”

“ ဟေ ၊ ဘာ စကော့မားကက် လဲ ”

ကိုမြတ်သူ သည် စိတ်တို စိတ်ရှုပ် ဖြင့် အော် လိုက်မိ၏ ။ အခန်း ထဲ က လူတွေ ကတော့ ပြုံး ဖြီးဖြီး ဖြစ်နေကြ၏  ။

“ ကို ဘာ ဖြစ်နေတာလဲ ဟင် ။ ဒီနေ့ ကို အူကြောင်ကြောင် နဲ့ ။ စကော့ဈေး လိုက်ပို့မယ် လို့ သူ ပဲ ပြောထားပြီး ၊ ဟော ခုမှ သတိရတယ် ။ ပစ်ချ လည်း ပြမယ် ဆို ။ ကဲ အချိန် မရှိတော့ဘူး ။ ကွန်တီနင်တယ် ( လ် ) အောက် က စောင့် နေ ။ ကျူတိုရီယယ် ( လ် ) ဖြေ ပြီးရင် လာခဲ့မယ် ”

“ ဘယ် ကွန်တီနင်တယ် ( လ် ) လဲ ဟင် ”

“ ကြောင်လိုက်တာ မောင်ရယ် ၊ ချိန်းနေကျ နေရာတွေ တောင် မေ့ကုန်ပြီလား ။ ကဲ ၊ ပြည်သူ့မုန့်တိုက် ဘေး မှာ မုန့်နံ့တွေ ရှူပြီး သွားရည် ကျရင်း စောင့်နေပါဘုရား ။ ကဲ ၊ ဒါပဲ ဘိုင့်ဘိုင် ”

တစ်ဖက် က ဖုန်းချ သွား၏ ။ ကိုမြတ်သူ မှာ ဒီနေ့ မှ ပြုပြင်ပြောင်းလဲရေး စ လုပ်ခါစ မို့ ထင့် ။ အသား က လည်း မကျ သေး ။ စပ်ကူးမပ်ကူး တွင် လှိမ့်ခံ နေ ရ၏  ။ တကယ်တော့ အများ ညီ ၍ “  ဝလုံး ” ကို “ အို ” ဖတ် နေကြသော ဘို အသိုင်းဝိုင်း တွင်  ၊ သူ တစ်ယောက် တည်း “ ဝလုံး ” နေချင်သည် မှာ ကိုယ့် ဒုက္ခ ကိုယ် ရှာ ခြင်းသာ ။

သို့သော် တွေးငေး နေချိန် မရ ။ နှလုံးသား ပေး တာဝန် က ရှိသေး၏ ။ ဦးထွန်းငြိမ်း ၏ အင်္ဂလိပ်မြန်မာ အဘိဓာန် ကိုတိကျစွာ ကိုးကား၍ “ မေဂျာ ( Major ) ” ဟူသော အင်္ဂလိပ်ဟောဟာရ ကို တိကျစွာ ဘာသာ ပြန်ပြီး သုံးနှုန်း ရလျှင် စတုတ္ထနှစ် မြောက် မြန်မာစာ “ တပ်အုပ်ဗိုလ် ” ကျောင်းသူကြီး ၏ အမိန့်အရ ၊ ဟို ကွန်တီနင်တယ် ( လ် ) ဆိုသော နေရာ သို့ သွားရပေဦးမည်  ။

•••••   •••••   •••••   •••••

သည်တစ်ခါ တွင် မူ ပက်ထရစ်ရှာ သည် မှန်သော စကား ကို ဆို၏ ။ ပြည်သူ့မုန့်တိုက် ကား မွှေးလှပါချေ၏ ။ သို့သော် သူ့ ကိုယ် သူ တော် လှန်ရေး သတိ ချပ် ရ၏  ။

“ အဆော့တက်ကိတ် ” ဟူသည် “ မုန့်ပျားသလက် ” မဟုတ်ပါ ချေ တကား ။

ကိုမြတ်သူ သည် မိမိ ကိုယ် ကို ကျေနပ် အားရစွာ ပြုံး ရင်း ပပဝင်းရုံ ဘက် သို့ သွားပြီး သုံးနာရီခွဲ ပွဲ လက်မှတ် နှစ် စောင် ဝယ်ခဲ့၏ ။ ပြည်သူ့မုန့်တိုက် ဘက်သို့ ပြန်ကွေ့ လာစဉ် မှာ ပင် ၊ ယုဇနရုပ်ရှင်ရုံ အောက် မှ ခေါက်ထီး တယမ်းယမ်း နှင့် မျဉ်းဖြောင့် ဆွဲ ၍ ခြေ ချကာ တန်းတန်းမတ်မတ် ဆတ်ဆတ်ကလေး လျှောက် လာ သော ပက်ထရစ်ရှာအောင် ကို တွေ့ လိုက်ရ၏ ။ သည်တော့မှ ပင် ငြီးငွေ့မှု တို့ သည် ကိုမြတ်သူ ၏ ကိုယ် မှ ၊ စိတ် မှ ရုတ်ခြည်း ထွက်ပြေး ကုန်၏ ။

“ စောင့် နေရတာ ကြာပြီလား ဟင် ၊ ထရိုင်ဝှီးလ် တွေ ခေါ်ရတာ ကို မရဘူး ။ လှည်းတန်း အဝိုင်း မှာ အကြာကြီး ရပ်စောင့် နေရတယ် ၊ သိလား ။ သုံးဘီးသမားတွေ က သူတို့ အိမ် မှာ ငွေတွေ စုမိ နေ ကြလို့ အလှပြ မောင်းရုံပဲ ထွက် မောင်း နေကြသလား မသိပါဘူး ”

နှုတ်ခမ်းလေး နှစ်ဖက် ကို စုချွန်လျက် အမောတကော ချစ်စဖွယ်လေး ပြောပြနေ ရှာသော မိန်းကလေး ကို ငေးစိုက် ကြည့်မိရင်း သုံးဘီးကားသမား တို့ ကို ပါး သွား ရိုက်ချင် စိတ် ပေါက် နေမိ၏ ။ ဒီလောက် လှတဲ့ ကောင်မလေး လည်း သူတို့ က ဒုက္ခ ပေးတာပဲ ဟု ကိုမြတ်သူ က စိတ်တွင်း မှ ရေရွတ်မိ၏ ။ သူ သည် သူ့ ချစ်သူ ၏ အလှအပ ကို သတိပြု သုံးသပ်ရင်း ထူးကဲလှသော သူ့ ကုသိုလ်ကံ ကို သူ ကိုယ်တိုင် ချီးကျူး နေ၏ ။

အင်း ၊ သည် မိန်းကလေး ကို လက်လွတ် ခံ ၍ မ ဖြစ် ။ ပက်ထရစ်ရှာအောင် က မူ စကား စ မပြတ်သေး ။

“ ပလေဒီယံ က ကား အတွက် လက်မှတ် ဝယ်ပြီးပြီလား ဟင် ၊ ဘွတ် ( ခ် ) ကင် လုပ်ထားတယ် မို့လား ။ ဒါတွေ ချစ်ရတာ ပေါ့ ”

ကိုမြတ်သူ က တော့ ငိုင်ငူနေဆဲပင် ။

“ ကဲ ကိုယ်တော် ချော ။ ငိုင် မနေနဲ့ ။ နေဦး နေဦး ကာ ( လ် ) တန် မှာ ပိုစတာ ဝင် ကြည့်ကြအုံးစို့ နော် ၊ အမြည်း သဘောပေါ့ ၊ ဟော့ လား ။ နောက်အပတ် မှ ပြ နော် ”

ပက်ထရစ်ရှာ က ရယ်ကျဲကျဲ နှင့် ရှေ့က ထွက်သွား၏  ။ ကိုမြတ်သူ က လည်း အလှူ့ရှင် မှန်း သိသာ စေရန် ဘေးချင်း ယှဉ်၍ ရင်ကော့ လျှောက် နိုင်အောင် အမောတကော ကြိုးစားရင်း ဗိုလ်ချုပ်အောင်ဆန်းဈေး ခေါ် စကော့ဈေး သို့ ရောက်ခဲ့ ကြသည် ။

“ ကဲ ကို ၊ ပါရာစရမ် ကို အရင် သွားရအောင် ”

နောက်က လိုက်ခဲ့ရ ပါသည် ။ ထိုနောက် ပြည်သူ့ဆိုင် ဟူ သော ဆိုင်းဘုတ်အစိမ်း တပ်ထားသည့် ဆိုင် တစ်ဆိုင် အတွင်း သို့ ဝင်ခဲ့ကြ၏  ။ သည်တော့မှ သဘောပေါက် ရသည် ။ ပြည်သူပိုင် ဆိုင် ဖြစ်နေပြီး ဖြစ်သော် လည်း ရန်ကုန်သူ တို့ သည် မူလ အမည် အတိုင်း ပါရာစရမ် ဟု ခေါ်ရမှ ကျေနပ်ကြ၏ ။ ပါရာစရမ် မှ ဝယ် လာသော မိတ်ကပ် ဟု ပြောရ မှ ဂုဏ် ရှိသည် ဟု ထင်ကြ၏ ။ ထို့ကြောင့် ပြည်သူ့ဆိုင် ဟု အမည် ပြောင်းမှု သည် ထို မိန်းမလှ လောက တွင် ကား မအောင်မြင်ပါချေ ။

“ ဒီ ရှေနယ် ( လ် ) ဖိုက်ပါဖျူးမ် က ဘယ်လောက်လဲ ”

အရောင်းစာရေး က ပြန်ဖြေ၏  ။

“ ရှစ်ဆယ်ကျပ် သုံးဆယ့်ငါးပြား ပါ ”

ကိုမြတ်သူ ကတော့ အထင် မကြီး ။ စိတ် မဝင်စား ။ သူ စိတ်ဝင်စား နေမိ သည် မှာ ကား ငွေစပယ် ဟူသော ပေါင်ဒါဘူးကလေး နှင့် မဉ္ဇူ ရေမွှေးပုလင်း များ ကို သာ လျှင် ဖြစ်ပါ၏ ။

ယင်းသို့ ငွေကျပ် ရှစ်ဆယ် ကျော် တန် ပြင်သစ်နိုင်ငံ လုပ် ရေမွှေးပုလင်း က စပြီး ဈေး မေးသော သူ ၏ ကောင်မလေး သည် ငါးကျပ်တန် မျက်ခုံးမွေးဆွဲတံကလေး တစ်ချောင်း ကို သာ ကပျာကယာ ဝယ်လျက် ဆိုင်တွင်း မှ ထွက်၏ ။ ရှု ကတော့ တင်းဆဲ ။ ပါရာစရမ် က နိုင်ငံခြား ဖြစ် အလှကုန် ကို ဝယ်ခဲ့သူ မဟုတ်လား ။

“ ဆာတယ် ကိုရယ် ”

သည်တော့လည်း ခေါင်း တစ်ချက် ညိတ် ပြပြီး စားသောက်ဆိုင်တန်း ရှိရာ သို့ ခေါ်လာခဲ့ရသည် ။ အခြား နေရာများ ၌ ဘို ဆန် နိုင်သော လည်း တို့ဗမာ လျှာ ကို ပိုင်ဆိုင်သော အဖေ မြန်မာ အမေ မြန်မာ ၊ ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ ဖြစ်ပြီး ပြည်ထောင်စု မြန်နိုင်ငံသား မှတ်ပုံတင်ကတ်ပြား ကို ကိုင်ဆောင်သည့် အနှီ သူငယ်မ သည် အစားဘက် တွင် ကား မြန်မာ ပီသစွာ မြန် လည်း မြန်၏ ။ မာ လည်း မာ၏ ။ ဝါးခယ်မ မသန်းတင် ဆိုင် မှ ငရုတ်သီးရဲရဲ နှင့် ထမင်းသုပ် ၊ ငါးဖယ်သုပ် တို့ ကို ပလုပ်ပလောင်း စား၏  ။

မြန်မာမိန်းမ တို့ လှ မလှ ကို လက်သုပ် စား နေ စဉ် အကဲဖြတ် သင့်သည် ဟု ကိုမြတ်သူ က ထင်၏ ။ မည်သည့် အတန်းအစား မှ မဆို မြန်မာမ မှန် လျှင် လက်သုပ် စားပြီ ဆို ကတည်း က သူတို့ မျက်နှာလေး ကို လှလှလေး ထားဖို့ ပင် သတိ မရကြတော့ ။ ကုန်း လွေး ကြသည် ချည်း ။

သို့သော် သူ့ ချစ်သူ ကား သည် အခြေအနေ တိုင်အောင် လှမြဲ လှလျက် ဟု ကိုမြတ်သူ က ထင် မိ၏  ။ လက်သုပ်စုံ ကို ပလုတ်ပလောင်း စား နေတာလေး ကို က ချစ်စရာ ကောင်းလှချေသည် ဆိုပါပဲလား ။ ဒါ ကတော့ ကိုမြတ်သူ အမြင် ပေ ပဲ ။ သည်တော့ လည်း ယုံကြည် က နှစ် ဆ တိုး လာသည် ။

ဟုတ်တယ် ။ သည် မိန်းကလေး ကို လက်လွှတ် ခံ၍ မဖြစ် ။

ထို့နောက် အစာအိမ် ထဲ တွင် ဗမာလက်သုပ် ဖြင့် ပြည့် နေသော ထို မိန်းကလေး သည် ဘိုဆန်ဆန် စကား တစ်ခွန်း ကို စတင် ၍ ဆိုသည် ။ ကြက်သွန်ဖြူနံ့ နှင့် အတူ လေတွင် ပျံ့လွင့် လာသော သူ့ စကား တို့ မုန့်လက်ဆောင်း တစ်ခွက် စီ သောက် ကြသည် ။ ယနေ့ ကိုမြတ်သူ အတွက် တော့ ရင် မအေးနိုင်ပါချေ ။

ပျော်တော့ အပျော်သား ။

•••••   •••••   •••••   •••••

ဈေး အတွင်း တွင် လှည့်ရင်း ပတ်ရင်း နှင့် ကုန်မျိုးစုံဆိုင် ရှေ့ သို့ ရောက် အလာ တစ်နေ့ က မိခင် ဖြစ်သူ ၏ ပြော စကား ကို သတိရ မိသည် ။ အိမ် က အမေ ဖြစ်သူ လိုချင်သော ဆေးမျိုး မှာ ဤလို ကုန်မျိုးစုံဆိုင်များ တွင် လည်း ရောင်းသည် ဟု သိရ၏  ။

သို့သော် ထို ဆေး ၏ အမည် ကား ဘဝင် တယ် မကျလှ ၊

“ ဘားပလက်စီ ” လား ။ မဟုတ်ပါ ။

“ တက်ထရာဆိုက်ကလင်း ” ၊ “ ဗီတာဇုံ ” အစ ရှိ သဖြင့် ဆေးပညာ ဝေါဟာရများ ဖြင့် ဝိသေသ ပြု ၍ ခေါ်သော ဆေးအမည် များ ကို လည်း မကန့်ကွက် သင့်ဟု ကိုမြတ်သူ က ယူဆပြီး ဖြစ်ပါ၏ ။ “ ထရစ်ပယ် ဆာလ်ဖာ ” ကို “ ကန့် သုံးပါး ” ဟု လည်း ဇွတ် ဘာသာ မပြန်ချင်ပါ ။ သို့ သော် ဟိုမရာက် ဒီမရောက် တစ်ပိုင်းတစ်စ မြန်မာမှု ပြုခြင်းများ ကို မူ ကျွန်တော် တို့ ၏ ဇာတ်လိုက်ကြီး ကိုမြတ်သူ က လက် မခံနိုင် ။ တော်လှန်ရပေမည် ဟု သဘော ပိုက် ၏ ။

ကြည့်ဦးလေ ။ ရှေ့ က ကြီးကြီးကျယ်ကျယ် ဖြင့် ပါဠိစကားလုံးကြီးများ ပင် တပ်ပြီး ကာ မှ နောက် က အင်္ဂလိပ်သံ တွယ်ကပ် နေသော “ တေဇာဘမ်း ” ဆိုသည့် ဆေး ကို သူ က သိပ် မကျေနပ်လှပါချေ ။ သည်တော့ လည်း ဤ ဆိုင် က စပြီး ပြုပြင်ပြောင်းလဲရေး ပြုရသော် ဟုတ်လိမ့်နိုး အထင် ဖြင့်

“ အဟမ်း ၊ ဒီမှာ ခင်ဗျာ ၊ တေဇာ ပရုတ်ဆီများ မရှိဘူးလား ”

“  ရှင် ဘာရယ် ”

မသေးလှသော စာရေး မက မျက်ခုံးဖက် ကို အထက် ကို ပျံပင့် တက်စေလျက် ငေါက်ဆတ်ဆတ် ပြန် ဖြေ၏  ။

“ ဪ တွေ့ ပြီ ၊ တွေ့ပြီ ။ ဟိုဆေး ကို ပြောတာပါ ”

ကိုမြတ်သူ က ပြောပြောဆိုဆို မှန်ဘီရို အတွင်း ရှိ ဆေးဘူးဝါဝါ ကလေးများ ကို လက်ညှိုး ညွှန် ပြ၏  ။

“ ဒါ တေဇာဘမ်း ပါ ရှင့် ”

“ အင်း ၊ ဟုတ်ပါတယ် ။ ဒါပေမယ့် ”

တော်လှန်ရေးသမား သည် နှုတ်ဆွံ့ နေမိ၏ ။

“ ဘာလဲ ရှင် ၊ ရှင့် ဟာ က အူကြောင်ကြောင်နဲ့ ။ တစ်ပြည်လုံး တေဇောဘမ်း လို့ ခေါ်တာ ကို ရှင် တစ်ယောက် တည်း ထူးချွန်ပြီး တစ်မျိုး ခေါ်လို့ ကျွန်မတို့ ဘယ်လို လုပ် နားလည်ပြီး ဘာ ရောင်းရမှာလဲ ”

“ ဟုတ်သားပဲ ကို က လည်း တုံးလိုက်တာ ”

ပက်ထရစ်ရှာ က နှာခေါင်း ရှုံ့ပြီး ဝင် ဟောက်သည် ။ စာရေးမ ၏ အမာန်အမဲ ကို ခံရ၍ ရှက် လည်း ရှက် ဒေါသ လည်း ထွက် နေဟန် ရှိ၏ ။

“ မဟုတ်ပါဘူးကွာ ။ ကို က ဟိုဟို မြန်မာ မှု ”

ကိုမြတ်သူ တစ်ယောက် မျက်စိမျက်နှာ ပျက်လှ ချေပြီ ။

“ ဟင်းနော် ၊ ကို လေ ဒီနေ ကို သိပ် ကြောင်နေတယ် ။ ကဲ အဲဒီ တေဇာဘမ်း တစ်ဘူး ပေးပါ ရှင် ”

ပက်ထရစ်ရှာအောင် က အကင်းပါးစွာ စကား ဖြတ် ချ လိုက်၏ ။ ထို့နောက် စာရေး မ ၏ စူပုပ်ပုပ် မျက်နှာ ကို မျက်ကွယ် ပြု ကာ နှစ် ဦးသား ဆိုင် တွင်း မှ ထွက်ခဲ့ကြ၏ ။ ကိုမြတ်သူ မှာ ရှက် လည်း ရှက် ၊ ဒေါသ လည်း ထွက် နေကာ ဘယ်သူ့ ကို မကျေနပ် ရ မှန်း မသိ ။ ပက်ထရစ်ရှာ က တော့ လမ်း တစ်လျှောက်လုံး ပူညံ ပူညံ လုပ်လာ၏  ။

“ ကို က ဘာ ကြောင်နေတာလဲ ။ စကား လည်း လူ နားလည် အောင် မပြောတတ်ဘူး ။ စာရေးမ က ရစရာ မရှိအောင် ပြောလိုက်တာ ကို ခေါင်းငုံ ခံ ခဲ့ ရတယ် ။ သိပ် ရှက်စရာ ကောင်းတာပဲ ”

ဤတွင် ကိုမြတ်သူ ၏ ဒေါသ မှာ ပေါက်ကွဲ ထွက် လာ၏  ။

“  ဟေ့ ၊ ငါ က စကား ပြောတဲ့ နေရာ က အစ တိုင်းပြည် နဲ့ လူမျိုး အတွက် စေတနာ ထားပြီး ပြောတတ်တဲ့ ကောင်ကွ ။ ငါတို့ မှာ ကိုယ်ပိုင် စာ ၊ ဘာသာ ၊ စကား ရှိရက် နဲ့ နေရာတကာ ဘောင်းဘီ ငှား ဝတ် နေရတာ ကို ဗမာလူမျိုး တစ်ယောက် အနေ နဲ့ ရှက်လွန်း လို့ သိလား ”

ကလေး တွေ စွန် လိုက်သည် ကို ပင် ဝိုင်းအုံ ကြည့် တတ်လေ့ ရှိသော မဟာရန်ကုန် လူထု သည် ဆူဆူညံညံ ဖြစ်သွားသော ကိုမြတ်သူ တို့ နှစ်ဦး ကို ပြူးတူးပြဲတဲ နှင့် အားမနာ ပါးမနာ ဝိုင်း ကြည့် ကြ ကုန်၏ ။ ကိုမြတ်သူ ကား မိုးမမြင် လေမမြင် လက်သီး လက်မောင်း တန်းနေ ဆဲ ။ ပက်ထရစ်ရှာအောင် က တော့ ရှက်လှ ချေပြီ ။

“ အို ဒါ ကတော့ အများ မိုးခါးရေ သောက် ရင် ကိုယ် လည်း သောက်ရ မှာ ပေါ့ ”

“ ဟာ ဟ ၊ မိုးခါးရေ တဲ့ ။ ဒီမယ် ၊ မင်းတို့ သိထားဖို့ က အခု မင်းတို့ အမြတ်တနိုး လုပ်ပြီး ယောင်ယောင် ပေါင်ပေါင် သောက် နေကြတဲ့ မိုးခါးရေ က အတုကြီးကွ သိလား ။ လန်ဒန် က ထုတ်လုပ် လိုက် တဲ့ မိမစစ် ဖမစစ် မိုးခါးရေကြီး ၊ မင်း နားလည်လား ”

“ အို ၊ တော် စမ်းပါ ”

“ မတော် နိုင်ဘူး ပက်ထရစ်ရှာ ။ အဲ ၊ ကြည့်စမ်း ၊ ကြည့်စမ်း ။ မင်း နာမည် ကို က ဗြိတိသျှ နဲ့ ဖက်စပ် လုပ်ထား ”

“ တော်စမ်းပါ မောင် ။ မဆိုင်တာတွေ ကို ဘာလို့ ဆွဲ ထည့် ချင်ရတာ လဲ ”

“ အိုး ၊ ဆိုင်သမှ သိပ် ဆိုင်သပေါ့ကွာ ။ ကိုယ့် လို မြန်မာမှု ကို မြတ်နိုးတဲ့ မျိုးချစ် တစ်ယောက် ရဲ့ အိမ်ထောင်ဖက် ဟာ နာမည် ကို က ကျွန်စော် နံ နေရင် ဘယ် ဖြစ်ပါ့မလဲ ”

“ ဪ ဒီလိုလား ။ ဒီမယ် မျိုး ချစ်ကြီး ရဲ့ ၊ ရှင် နဲ့ မတန်ရ လောက် အောင် ကျွန်မ က ကျွန်စော် နံ နေတယ် ဆိုရင် လည်း ခု ကတည်း က လမ်းခွဲ ကြတာပေါ့ ”

ပက်ထရစ်ရှာအောင် ၏ နှုတ်ခမ်း အစုံ သည် တဆတ်ဆတ် တုန်လှုပ် လာပြီး မျက်ဝန်းကြီး ပေါ် တွင် မျက်ရည်များ ဖြင့် ပြည့်ဝိုင်း လာ ခဲ့သည် ။ ကိုမြတ်သူ မှာ လည်း မျက်လုံးပြုး မျက်ဆံပြူး ဖြစ် သွားပြီး ကပျာကယာ ဖြင့်

“ မဟုတ်ပါဘူး ကွာ ။ အဲဒီ လိုလည်း မဟုတ်ရပါဘူး ။ ကိုယ် က နာမည် ပြောင်း ဖို့သာ အကြံ ပေးချင်တာပါ ”

“ မလိုပါဘူး တော်လှန်ရေး သမားကြီးရယ် ။ စိန့်ဖလော်မီးနား မှာ ကျောင်း စ နေ ကတည်း က မာသာကြီး တွေ ကိုယ်တိုင် ပေးခဲ့တဲ့ နာမည်  ။ ဒက်ဒီ နဲ့ မာမီ ကိုယ်တိုင် ကင်ပွန်းတပ်ပွဲ လုပ်ပြီး အမြတ်တနိုး မှည့် ထားတဲ့ နာမည် ရှင့် ၊ သိရဲ့ လား ။ ဒီ ပက်ထရစ်ရှာ ဆိုတဲ့ နာမည် ကို ရှင် နဲ့ ကျ မှ ပြောင်း မပစ်နိုင်ပါဘူး ။ ရှင် ကျွန်မ ကို တကယ် မချစ် လို့ သာ ကျွန်မ နာမည် ကို လည်း မကြိုက်တာပေါ့ ။ အို ရှင် ၊ တော်ပြီ ၊ ဖယ် ကျွန်မ သွားမယ် ”

မျက်နှာ ကို လက်ဝါး နှစ်ဖက် ဖြင့် အုပ် ရင်း ပက်ထရစ်ရှာ က လမ်းဘေး တစ်ဖက် သို့ အပြေး ကူး သွားသည် ။ ကိုမြတ်သူ သည် ရုတ်တရက် ကြောင် ၍ ကျန်ရစ် ခဲ့ ပြီးမှ ထိတ်လန့်မှု က ရုတ်ခြည်း ပေါ် လာသည် ။ ယုံကြည်ချက် ဆိုသည် မှာ ဖျောက်ဖျက် ၍ မရ ။

သည် မိန်းကလေး ကို လက်လွှတ် ခံ၍ မ ဖြစ် ။ ကျဆုံးလေပြီ ဖြစ်သော တော် လှန်ရေးသမား သည် နောက် မှ အပြေးကလေး လိုက်သွား ပြီး ပက်ထရစ်ရှာ ၏ ရှေ့ မှာ ဆီးကာ လိုက်မိ၏ ။

“ ဖယ်ပါ ။ ကျွန်မ လမ်း ကျွန်မ သွားမယ် ”

“ ကိုယ် ရှင်းပါရစေဦး ပက်ထရစ်ရှာ ရယ် ။ အားလုံး ကိုယ့် အပြစ် ပဲ ထားပါ ”

တော်လှန်ရေး ကား သားလျှော ချေပြီ ။

လက်နက်ချသမား သည် ဟောဟဲ လိုက် သမျှ မောနေ သော ကြောင့် စကား ကို ခေတ္တရပ်ထား ရရင်း သူ့ ချစ်သူ ကို အကဲခတ် ကြည့်မိ၏ ။ မျက်လုံး မပြာ သော မစ္စပက်ထရစ်ရှာ က တော့ နှုတ်ခမ်း စူ နေမြဲ ။ သည်တော့ စကား ကို ဆက်ရ ပြန်သည် ။

“ အခြေအနေ ကို အချိန်ကာလ ကို ထည့် မတွက်မိတဲ့ ကိုယ့် အမှားပါ ပက်ထရစ်ရှာ ၊ ကိုယ် တစ်ယောက် တည်း စေတနာ နဲ့ ဆန္ဒ စောပြီး မှားရတဲ့ အမှားပါ ။ ဒါဟာလည်း စထရောင်းမာ့က်ဆစ် တွေ မှားတက် တဲ့ အမှား လိုပါပဲ ။ ကိုယ် သိပ် ကြောက်သွားလို့ ပါ ကွာ နော် ”

မိန်းကလေး မှာ စိတ် ထဲ က ပြုံး ချင်ချင် ဖြစ်လာ သော်လည်း နောင် ကြဉ်စေရန် မျက်နှာ ထား ကို တင်း လိုက်၏ ။ ပြီးတော့ လေသံ က လည်း ဌာန် နှင့် မာန် နှင့် .. ။

“ ဒါပဲ ၊ နောက်သာ ဒီလို အူကြောင်ကြောင် မလုပ်နဲ့ ”

“ အေးပါကွာ ။ ဖြစ်သမျှ အားလုံး အတွက် ဆောရီး ပါ ပဲ ပက်ထရစ်ရှာ ရယ် ။ အို ၊ ကြည့်စမ်း ကြည့်စမ်း ။ ဘာမဟုတ်တဲ့ ပြဿနာတွေ ဖြစ်နေရတာ နဲ့ မေ့တောင် နေတယ် ”

“ ဘာများ လဲ ကို ရဲ့ ”

“ အခု ကွာတားပ ( စ် ) သရီးတောင် ရှိ နေပြီ ပက်ထရစ်ရှာ ။ အချိန် နီးနေပြီ လေ ။ ပလေဒီယံ မှာ သရီးသာတီးရှိုး ကြည့်ကြမယ် ဆို ”

ခပ်ဟက်ဟက် ရယ်သံကလေးများ လွင့်မြူးပျံ့လွင့် လာ ပြီး နောက် သမီးရည်စား နှစ် ယောက် သည် ပလက်ဖောင်း တစ်လျှောက် သွက်သွက်ကလေး လှမ်း ထွက် သွားကြစဉ် ကျယ်လောင် စူးရှလှစွာ သော အင်္ဂလန် မှ ဘင်သံများ ကို ကြား လိုက်ရ၏ ။

ဟော ၊ မိုးတွေ ခြိမ်း ကုန်ပြီ ။ လျှပ်စီးတွေ လည်း တဝင်းဝင်း လက် လို့ ။ မိုးတွေ ရွာတော့မယ် ထင်ပါရဲ့ ။

ကြည့်လော့ ။ မြန်မာ့ ကမ်းလွန် ပင်လယ်ပြင် မှ မဟုတ်မူ ဘဲ အင်္ဂလန် ရေလက်ကြား မှ အင်အား စုဆောင်း လာခဲ့ ဟန် ရှိသော “ မိုးခါး တိမ်လိပ် ” တို့ သည် ရန်ကုန် တစ်မြို့ လုံး ပေါ်တွင် ယှက်သိုင်း အုံ့ဆိုင်း နေလေပြီ ၊ ဒေါင်းတံဆိပ် ခတ်နှိပ် ထားသည် ဆိုသော ဘာဏုရာဇာနေမင်း ကို လည်း မမြင်ရ တော့ ပါလား ။ 

◾မင်းသစ်

📖 မိုးဝေ မဂ္ဂဇင်း
      ၁၉၇ဝ ၊ သြဂုတ်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment