❝ သေဆုံးခြင်း၏ အခြားတစ်ဖက်၌ ❞
◾မောင်ရန်နိုင် ( တမာမြေ )
မီးကျွမ်းထားတဲ့ တောအုပ်ကလေး ။ ပတ်ပတ်လည် မှာ တော့ မီးကူး မခံလိုက်ရတဲ့ သစ်ပင်ကြီးတွေ ။ မီးလောင်ပြင် မှာတော့ ပြာမှုန်တွေ ထပြီး မဲနက်လို့ ။ တစ်ခု ထူးခြားတာ က ခပ်လှမ်းလှမ်း မှာ ရှိနေတဲ့ တစ်ခြမ်းသာ မီးလောင် ခံလိုက်ရတဲ့ သစ်ငုတ်ကြီး တစ်ခု ။ သစ်ငုတ်ကြီး ဟာ မီးလောင် ခံလိုက်ရလို့ တစ်ခြမ်းသေ နေပေမဲ့ ရှင်သန် နေဆဲ ။ မီးရှိန် ဟပ် ခံလိုက်ရတဲ့ သစ်ပင်ကြီးတွေ ရဲ့ အကိုင်းအခက်တွေ က အနည်းငယ် နွမ်းရိနေတယ် ။ ဒါပေမဲ့ မီးကူး မခံလိုက်ရတဲ့ တောအုပ်ကလေး ဟာ စိမ်းစိုနေဆဲ ။ သစ်ပင်ကြီးတွေ ဟာ တစ်ပင် နဲ့ တစ်ပင် အမှီသဟဲ ပြုလို့ ။ အကာအကွယ် ယူလို့ ။ ဒါပေမဲ့ တစ်ခြမ်း အလောင် ခံလိုက်ရတဲ့ သစ်ငုတ်ကြီး က တော့ လုံးဝ ထီးတည်း ကြီး ။ သူ့ မှာ အကာအကွယ် မရှိ ။ အမှီးသဟဲ မရှိ ။ ပြောရရင် သူ ဟာ မီးလောင်ဒဏ် ကြောင့် အချိန်မရွေး သေဆုံး သွားနိုင်တဲ့ အနေအထား ။
ပန်းချီမိုးဝေ ဟာ ဘာ စိတ်ကူး နဲ့ ဒီ ပန်းချီကား ကို ဆွဲမိခဲ့ပါသလဲ ။ ဘယ်လိုမှ ကြည်နူး ချမ်းမြေ့စရာ မကောင်းတဲ့ ပန်းချီကား တစ်ချပ် ပဲ ။ သူ့ ဟာ က တောအုပ်က လေးရဲ့ အလှ လည်း မဟုတ်ဘူး ။ မီးလောင်ပြင် သက်သက် ကို ခြယ်မှုန်း ထားတာ လည်း မဟုတ် ။ ဒီ ပန်းချီကား ထဲ မှာ ထင်း နေတာ က တော့ စောစောက သစ်ငုတ်ကြီး ပဲ ။ ဆေးရောင်တွေ ကို သူ့ စိတ်ကြိုက် ခြယ်မှုန်း ပစ်တယ် ။ ဆေးစက်တွေ ဟာ နေရောင် အောက် မှာ သူ့ နေရာ နဲ့ သူ အရောင် တလက်လက် ထလို့ ။ တစ်ခြမ်း က မီးကျွမ်း ပြီး တစ်ခြမ်း က ရှင်သန်နေဆဲ သစ်ငုတ်ကြီး ကို ဆေးခြယ် ထားတာ ကလည်း သိပ် အသက်ဝင် လွန်းတယ် ။ ဒါပေမဲ့ ဒီ ပန်းချီကား ကို သူ အဆုံးသ,တ်လို့ မရသေးဘူး ။ တစ်ခုခု လိုနေတယ်လို့ သူ့ စိတ်ထဲ မှာ ခံစား နေရတယ် ။ ထိုင်နေရာ က နေ သူ့ ခြေထောက် တစ်ဖက် ကို ဆန့်ပြီး အညောင်းဖြေ လိုက်တယ် ။
“ ဟူး ... ”
စုတ်တံ ကို အသာ ချပြီး ပန်းချီကား ကနေ မျက်ဝန်း ကို ခွာလိုက်တယ် ။ ခါး ကို တစ်ချက် ဆန့်ပြီး အောင့် ထားတဲ့ လေကို ခပ်ပြင်းပြင်း မှုတ်ထုတ် လိုက်တဲ့ ခဏ ... ။ ခပ်ပြင်းပြင်း အနံ့ဆိုး တစ်ခု ဟာ သူ့ နှာခေါင်း ကို ပွတ်တိုက် သွားတယ် ။
“ ဟော .. ဟို အဘိုးကြီး ရောက်လာပြန်ပြီပဲ ”
နှုတ်ခမ်းမွှေး ၊ မှုတ်ဆိတ်မွှေး က ထူလဗျစ် ။ နေလောင် ထားတဲ့ ဆံပင်တွေ နဲ့ အသား နီကျင်ကျင် အဘိုးကြီး က ဖက်ဆေးလိပ်ကြီး ကို အားပါးတရ ရှိုက်ဖွာလျှက် သူ့ ပန်းချီကား ကို စူးစိုက် ကြည့် နေတယ် ။ ဒီ အဘိုးကြီး က သိပ် ထူးဆန်းတဲ့ အဘိုးကြီးပဲ ။ သူ ဒီ ပန်းချီကား ကို စ ဆွဲတဲ့ နေ့ က ဒီ တောအုပ်လေး ဘေး ကို ဒီ အဘိုးကြီး ရောက် လာတယ် ။ ပန်းချီ ဆွဲတာ ကို ခဏကလေး ရပ် ကြည့်ပြီး ဘာ စကား မှ မဆိုဘဲ ပြန်ထွက် သွားတယ် ။ ဒါပေမဲ့ နောက်နေ့ ကျတော့ ဖက်ဆေးလိပ်တွေ ရယ် ၊ ရေသန့် တစ်ဘူး ရယ် ၊ သရက်သီးမှည့်တွေ ရယ် ယူ လာပြီး ထပ် ရောက်လာ ပြန်တယ် ။ တစ်မနက်လုံး သူ ပန်းချီ ဆွဲတာကို ဆေးလိပ်တွေ တစ်လိပ်ပြီး တစ်လိပ် ဖွာပြီး ထိုင် ကြည့်တယ် ။ ဒါပေမဲ့ မိုးဝေ ကို ဘာ စကားမျှ မပြောဘူး ၊ ပန်းချီကား အပေါ် မှတ်ချက် ပြုတာမျိုး လည်း မရှိဘူး ။ မိုးဝေ ရဲ့ ခပ်လှမ်းလှမ်း မှာ ဒီတိုင်း ထိုင်နေတာပဲ ။ မိုးဝေ က လည်း ပန်းချီ ထဲ မှာ ဈာန်ဝင် နေတာရော ၊ သူ နဲ့ ကိုယ် ဟာ မရင်းနှီးတာရော ကြောင့်ပါ မနှုတ်ဆက် ဖြစ်ခဲ့ဘူး ။ နေ့ဝက် လောက် ကျတော့ သရက်သီးတွေ မိုးဝေ ကို ပေးပြီး ပြန် သွားတယ် ။
နောက် .. တတိယမြောက် နေ့ မှာ အဘိုးကြီး ထပ် ရောက် လာပြန်တယ် ။ ပုံမှန်အတိုင်း ဖက်ဆေးလိပ်ကြီး ကို ဖွာပြီး ယခင် နေ့ က အတိုင်း ထိုင် နေပြန်တယ် ။ ဒီနေ့တော့ သရက်သီးတွေ အစား ဝင်းမှည့်နေတဲ့ ငှက်ပျော တစ်ဖီးပါလာတယ် ။ မပြောင်းလဲ တာ က အဘိုးကြီး ရဲ့ ဝတ်စားဆင်ယင်မှုပဲ ။ စိမ်းပုတ်ရောင် ဂျာကင်နွမ်းနွမ်းကြီး ရယ် ၊ အတော်လေး အရောင်လွင့် နေတဲ့ ကာကီဘောင်းဘီရှည် တစ်ထည် ၊ ပြီးတော့ စစ်ဖိနပ်ဟောင်း တစ်ရံ ။ အနားသားတွေ ဖွာနေတဲ့ ဘောင်းဘီကြီး က စစ်ဖိနပ်ဟောင်း ပေါ်မှာ ဖုံးနေတယ် ။ မိုးဝေ က တစ်ချက် လှည့်ပြီး ပြုံးပြတော့ အဘိုးကြီး က ပြန် ပြုံးပြတယ် ။ ပြီးတော့ ....
“ မောင်ရင့် ပန်းချီကား တောင် တော်တော် ရုပ်လုံး ပေါ်လာပြီပဲ ”
အဘိုးကြီး ဆီ က ပထဆုံး ကြားရတဲ့ စကားသံပဲ ။ မိုးဝေ က ခေါင်းညိတ်ပြီး ပြုံးပြ လိုက်တယ် ။ နောက်ထပ် အဘိုးကြီး ဆီ က ဘာ စကားသံ မှ မကြားရတော့ဘူး ။ အချိန်တန် တော့ ပါလာတဲ့ ငှက်ပျောဖီး ကို မိုးဝေ ကို ပေးပြီး ပြန် သွားပြန်တယ် ။ အဘိုးကြီး ဟာ ဒီ အနီးအနား က ပဲ ဖြစ်လိမ့်မယ် ။ မိုးဝေ က တစ်ခုခု မေးချင်ပေမဲ့ အဘိုးကြီး ပုံစံ က စကား ပြောလိုဟန် မရှိတာမို့ မမေးဖြစ်လိုက်ဘူး ။ အဘိုးကြီး ဟာ ပန်းချီ ဝါသနာ ပါတဲ့ လယ်သမား ကိုင်းသမားကြီး ဖြစ်မယ် ထင်တယ် ။ ဒါပေမဲ့ အဘိုးကြီး ရဲ့ မျက်နှာ ပေါ် က အမွေးအမျှင်တွေ ကို ရှင်းပစ်လိုက်မယ် ဆိုရင် တော့ သိပ် ကြည့်ကောင်းတဲ့ ဥပဓိရုပ် ကို တွေ့ရမှာ အသေအချာပဲ ။ အထူးသဖြင့် အဘိုးကြီး ရဲ့ မျက်ဝန်းတွေ ဟာ သိပ် ကို တည်ငြိမ်လွန်းတယ် ။
“ ဘယ်လိုလဲ မောင်ရင် ၊ မင်း ပန်းချီကား က ပြီးသွားပလား ”
ဒီနေ့ စတုတ္ထမြောက်နေ့ ။ ဒီနေ့ ပါ နဲ့ ဆို အဘိုးကြီး သူ့ ဆီ ကို ရောက်လာခဲ့တာ လေးရက်မြောက် ပြီ ။ ဒီနေ့တော့ အဘိုးကြီး ဟာ အင်္ကျီ ခပ်လတ်လတ် တစ်ထည် နဲ့ လုံချည် ကို ဝတ်လာခဲ့တယ် ။ လုံချည် ကို ခါးပတ် ပတ်ထားတော့ ရှေးတုန်းက ကောလိပ်ကျောင်းသားကြီးတွေ ကို သတိရမိသေးရဲ့ ။ သူ အဘိုးကြီး ဘက် ကို လှည့်ပြီး လေးလေးနက်နက် ပြုံး ပြလိုက်တယ် ။
“ ဦးလေး ကျွန်တော့် ပန်းချီကား ကို ဘယ်လို မြင်မိပါသလဲ ”
“ ဟား ... ဟား ... ဟားဟား ။ ကျုပ် က ပန်းချီဆရာ မှ မဟုတ်ဘဲ ဘယ်လို မြင်တတ်ပါ့မလဲ ”
အဘိုးကြီး ရယ်မော လိုက်တာ ဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ။ မဖြေနိုင်တဲ့ မေးခွန်း အတွက် အရှက်ပြေ ရယ်မောတာ မျိုးတော့ မဟုတ်ဘူး ။
“ ဒီလိုပါ ဦးလေး ။ စာရေးဆရာ ပဲ ဖြစ်ဖြစ် ပန်းချီဆရာ ပဲ ဖြစ်ဖြစ် ကျွန်တော် တို့ အနုပညာသမားတွေ ဟာ ပရိတ်သတ်တွေ ဆီ ကို တစ်ခုခု ပေးချင်ကြတာ ကြည့်ပါပဲ ။ ဒီတော့ ကိုယ် တတ်တဲ့ ပညာ နဲ့ ပြောချင်တာတွေ ကို ခြယ်မှုန်း ကြပါတယ် ။ အခုလည်း ကျွန်တော့် ပန်းချီကား ပေါ် မှာ ဦးလေး တစ်ခုခု ခံစားမိမလားလို့ပါ ”
“ အင်း ... ဟုတ်တာပေါ့ ”
ခေါင်း တဆတ်ဆတ် ညိတ် ရင်း အဘိုးကြီး က ထောက်ခံ လာတယ် ။ ပြီးတော့ တစ်စုံတစ်ခု ကို လေးလေးနက်နက် စဉ်းစားနေ တဲ့ ဟန် နဲ့ ပန်းချီကား ကို စိုက်ကြည့် နေပြန်တယ် ။
“ အင်း ... မောင်ရင့် ပန်းချီကား မှာ အခြားသူ တွေ အတွက် တော့ မသိဘူး ။ ကျုပ် အတွက် တော့ ဟောဟို သစ်ငုတ်ကြီး က စိတ်ဝင်စားစရာပဲ ။ အဲဒီ သစ်ငုတ်ကြီး ဟာ အမှီသဟဲ မရှိ ။ ထီးတည်းကြီး ။ ပြီးတော့ သူ ဟာ တစ်ခြမ်း မီးလောင်ထားပေမဲ့ မသေသေဘူး ။ ကျုပ် အဲဒါကို စဉ်းစားနေတာ ”
အဘိုးကြီး ပြောလာ မှ မိုးဝေ ဟာ တစ်စုံတရာ ကို သိလိုက် သလိုမျိုး ခေါင်း ထဲ မှာ လင်းသွားတယ် ။ ဒါပေမဲ့ အဘိုးကြီး ရဲ့ အယူအဆတွေ ကို သူ နားထောင်ချင် သေးတယ် ။
“ ဘယ်လို စဉ်းစားနေမိလို့လဲ ခင်ဗျာ ”
အဘိုးကြီး က နေရောင် ကို တစ်ချက် မော့ကြည့်တယ် ။ ပြီးမှ ...
“ အင်း နေ မွန်းတည့် တော့မယ် ။ ကျုပ် ပြန်မှ ဖြစ်မယ် ။ ဒီလိုလုပ် ဟောဟို မှာ မြင်နေရတဲ့ ခြံ တွေ့လား ။ အဲဒါ ကျုပ် ခြံပဲ ။ မနက်ဖြန် အဲဒီကို မောင်ရင် လာခဲ့နိုင်မလား ။ ကျုပ်တို့ အေးအေးဆေးဆေး စကား ပြောကြတာပေါ့ ”
အဘိုးကြီး က သူ့ကို ပြုံး ပြပြီး ထ ရပ်လိုက်တယ် ။ သူ့ အောက်ပိုင်း ဆီ ကို ကြည့်ပြီး ပြုံးလိုက်တဲ့ အဘိုးကြီး ရဲ့ အပြုံး ဟာ တစ်မျိုးပဲ ။ အဘိုးကြီး ကို ကြည့်ပြီး မိုးဝေ စိတ်ထဲ မှာ ထူးဆန်း နေတာတော့ အမှန်ပဲ ။ ပန်းချီကား နဲ့ ပတ်သက်ပြီး အဘိုးကြီး ဟာ တစ်ခုခု ပြောချင်နေပုံမျိုး ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန် မနက် အဘိုးကြီး ရဲ့ ခြံ ကို လိုက်သွားမယ်လို့ ဆုံးဖြတ် လိုက်တယ် ။
••••• ••••• •••••
ပေနှစ်ရာ ပတ်လည်လောက် ရှိမဲ့ ခြံဝန်း တစ်ခု ။ ခြံ ထဲ မှာ သရက်ပင် ၊ ပိန္နဲပင် ၊ ငှက်ပျောပင် နဲ့ နှင်းဆီရောင်စုံ ကို သူ့ နေရာ နဲ့ သူ စနစ်တကျ ပျိုးထားတယ် ။ တစ်ချို့က ပန်းအိုး နဲ့ ။ တစ်ချို့က ဝါးခြမ်းလေးတွေ နဲ့ ကန့်ပြီး ခြံလေးတွေ လုပ်ပေး ထားတယ် ။ ခြံ ရဲ့ အလယ်လောက် မှာ က မြေစိုက် အုတ်တက် အိမ်သေးသေးကလေး တစ်လုံး ။ ခြံ အဝင်ဝ က နေ အိမ်ကလေး ထိအောင် အုတ်ခဲလေးတွေ စီရပြီး စင်္ကြံလမ်းကလေး ဖောက် ထားတယ် ။ သစ်ပင်ကြီးတွေ ပေါ်မှာ ငှက်ကလေးတွေ က ကူးလူး တေးဆိုလို့ ။ သိပ်ကို ကြည်နူးစရာကောင်းတဲ့ ခြံကလေးပဲ ။
ဟို အဘိုးကြီး ဟာ သည် ခြံကလေး ရဲ့ ခြံစောင့် လျှင် သော် လည်းကောင်း ၊ အလုပ်သမား လျှင် သော် လည်းကောင်း ဖြစ်ရမယ် ။
“ ဟော ... ရောက်လာပါလား ကွ ”
အဘိုးကြီး ဟာ ဒီနေ့ သိပ် ကြည့်ကောင်း နေပါရောလား ။ ရှပ်လက်ရှည် နဲ့ နီညိုရောင် လုံချည် ကို တွဲဖက် ဝတ်ဆင် ထားတယ် ။ အမွေးအမျှင်တွေ ရိတ်သင် ထားတဲ့ မျက်နှာ ဟာ ရှင်းသန့် နေတယ် ။ စောစောက ခြံစောင့် တစ်ယောက် လို့ ထင်မှတ်မိတာ တောင် နောင်တ ရချင်ချင် ။
“ လာကွာ အိမ် ထဲ သွားရအောင် ”
“ ဟုတ်ကဲ့ ဦးလေး ”
အဘိုးကြီး ဟာ စာအုပ် ဝါသနာအိုး ပဲ ဖြစ်ရမယ် ။ သုတ ၊ ရသ ၊ ဓမ္မ စသဖြင့် စာတန်းလေးတွေ ကပ်ထားတဲ့ စာအုပ်စင်ကလေး ဟာ ဧည့်ခန်း ရဲ့ နောက်ကျော နံရံမှာ ကပ်လျက် ။ နောက်ထပ် ကြည်မွေ့စရာ ကောင်းတာက ပြတင်းပေါက် ကနေ လှမ်း မြင်နေရတဲ့ ရောင်စုံ နှင်းဆီပန်းအိုးတွေပဲ ။ ဧည့်ခန်းနေရာ တစ်နေရာ မှာ တော့ မှန်ဘောင်နဲ့ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံ တစ်ပုံ ။ မိုးဝေ က အဘိုးကြီး နဲ့ မျက်နှာချင်းဆိုင် မှာ ဝင် ထိုင်လိုက်ရင်း ပါလာတဲ့ ပန်းချီကား ကို စားပွဲထိပ် ဘက်မှာ တင်လိုက်တယ် ။ ပန်းချီကား ဟာ အဘိုးကြီး ရော မိုးဝေ ပါ ကောင်းကောင်း မြင်နိုင်တဲ့ အနေအထား ပါပဲ ။ အဘိုးကြီး က ပန်းချီကား ကို စူးစိုက် ကြည့်နေရင်း က -
“ ကျုပ် မှာ အယူအဆ တစ်ခု ရှိတယ် ။ အဲဒါ ဘာလဲ ဆိုတော့ သဘာဝတရား ကြီး ဟာ လောကကြီး ကို သူ့ နေရာနဲ့ သူ မျှမျှတတ ပေးထားတယ် ဆိုတာပဲ ”
အသင့် ဖျော်ထားတဲ့ လက်ဖက်ရည် ကို တစ်ငုံငုံ လိုက်ပြီး မှ မသောက်ရ သေးတဲ့ ပန်းကန် ကို သောက်ဦး ဆိုသည့် သဘော နဲ့ မိုးဝေ ဘက် တိုးပေးတယ် ။
“ တစ်ခု ထူးခြားတာ က အဲဒီလို ဖန်တီး ပေးထားတဲ့ အရာတွေ ထဲ က တစ်ခုခု ဟာ အကြောင်း တစ်ခုခု ကြောင့် အားနည်း ဆုတ်ယုတ်သွားပြီ ဆိုရင် အခြား အရာ တစ်ခု ဟာ ပိုပြီ အားကောင်း လာတတ်တာပဲ ”
အဘိုးကြီး က စကား ကို လေးလေးနက်နက်ကြီး ဆိုနေတယ် ။ ဒါပေမဲ့ မိုးဝေ အတွက်တော့ သိပ် နားမလည်လှဘူး ။
“ ဟုတ်ကဲ့ ”
မိုးဝေ က လက်ဖက်ရည် ကို တစ်ငုံ ငုံ လိုက်ရင်း အဘိုးကြီး ပြောလာမဲ့ စကား တွေ ကို စူးစိုက် နေ လိုက်တယ် ။
“ မောင်ရင် သိပ် နားမရှင်းဘူး ထင်တယ် ။ ဒီလိုကွာ ဟောဒီ ကမ္ဘာကြီး မှာ သဘာဝ အလျှောက် တည်ရှိ နေတာတွေ ရှိတယ် ။ ရေ ၊ မြေ ၊ လေ ၊ မီး နဲ့ သစ်ပင်တွေ စသဖြင့်ပေါ့ ”
အဘိုးကြီး မျက်ဝန်း ဟာ ပန်းချီကား ထဲ က သစ်ငုတ်ကြီး ဆီ မှာ ။
အေး အဲဒီ အရာတွေ ထဲ က တစ်ခုခု အားနည်း သွားတိုင်း အခြား တစ်ခု ဟာ အားကောင်း လာတတ်တယ် ။ ဥပမာ ... သစ်တော တွေ ပြုန်းတီး အားနည်းလာတာနဲ့ အမျှ အပူချိန်တွေ မြင့်တက် အားကောင်း လာတာမျိုး ”
အဘိုးကြီး စကားတွေ ကို နားလည် သလို ရှိပေမဲ့ ဘာကို ပြောချင်နေမှန်း
တော့ မိုးဝေ သဘော မပေါက်သေး ။
“ ဟုတ်ကဲ့ ဆက်ပါဦး ”
“ နောက် တစ်ချက် က သစ်ပင် တစ်ပင် မှာ အကိုင်း ၊ အခက် ၊ အရွက် ၊ အဖူး ညီညွတ်မျှတအောင် ဖန်တီး ပေးထားတယ် ။ လူတွေ မှာ ဆိုရင်တော့ ခြေ ၊ လက် ၊ ခေါင်း ၊ ခါး ပေါ့ကွာ ”
“ ဟုတ် ”
“ အဲဒီမှာ တူညီတဲ့ အချက် တစ်ချက် ရှိတယ် ။ မောင်ရင် သတိထား မိရဲ့လား ”
မိုးဝေ က ဘာမျှ မဖြေနိုင်ဘဲ အဘိုးကြီး ကို ငေးကြည့် နေမိတယ် ။ အဘိုးကြီး ကလည်း စကား မဆက် သေးဘဲ ဖက်ဆေးလိပ်ကြီး ကို မီးညှိ နေပြန်တယ် ။ ပြီးမှ တစ်ရှိုက် နှစ်ရှိုက် ဖွာပြီး မိုးဝေ ဆီ အကြည့် ရွေ့ လာတယ် ။
“ အေး ... အဲဒါက တော့ တစ်နေရာ မှာ အားနည်း သွားတိုင်း အခြား တစ်နေရာ မှာ အားကောင်း လာတတ်တယ် ဆိုတဲ့ အချက်ပဲ ။ ဥပမာ - မျက်စိ မမြင်သူ ဟာ အကြားအာရုံ မှာ ပိုပြီး အားကောင်း လာတာမျိုးပေါ့ ”
မိုးဝေ ခေါင်း ထဲ မှာ လက်ခနဲ ဖြစ်သွားတယ် ။ ပြီးတော့ ထူးခြားတဲ့ အဘိုးကြီး ရဲ့ အယူအဆတွေ ကို နားထောင်ဖို့ ပိုပြီး စိတ်အား ထက်သန် လာတယ် ။
အဘိုးကြီး က ပန်းချီကား ဆီ ကို အကြည့် ရွေ့လျက် -
“ ဟောဒီ သစ်ငုတ်ကြီး က ပြန် ရှင်သန်နိုင်ဦးမယ် လို့ မောင်ရင် ထင်သလား ”
“ ဗျာ ”
မထင်မှတ်ထားတဲ့ အမေး စကား မို့ ရုတ်တရက် မိုးဝေ မဖြေတတ် ။ ဒါပေမဲ့ အဘိုးကြီး က အမေးစကား ကို သူ့ ဘာသာ ပြန်ဖြေတယ် ။
“ ဟုတ်တယ် ... သူ့ နဂို အတိုင်း တော့ ပြန် မရှင်သန် နိုင်တော့ဘူး ။ ဒါပေမဲ့
သူ ဟာ ဘဝသစ် တစ်ခု မှာ ပြန် ရှင်သန်နိုင်သေးတယ် ”
“ ဘယ်လို ... ဦးလေး ”
“ နားရှုပ် သွား သလား ”
အဘိုးကြီး က မီးသေ သွားတဲ့ ဆေးလိပ်ကြီး ကို မီး ပြန် ညှိ နေပြန်တယ် ။
“ ဒီလိုလေ သူ့ မှာ သဘာဝ က ပေးထားတဲ့ အတိုင်း မရှိတော့ဘူး ။ သူ့ မှာ အားနည်း သွားတဲ့ အရာတွေ အများကြီး ။ ဒီတော့ အထက် မှာ ကျုပ် ပြောခဲ့တဲ့ အတိုင်းဆို ရှင်သန်နေတဲ့ အပိုင်း ဟာ ပိုပြီး အားကောင်း မလာနိုင်ဘူးလား ”
မိုးဝေ က ခေါင်းညိတ် ထောက်ခံ လိုက်တယ် ။
“ အေး ... အဲဒီ အားကောင်း လာတဲ့ အပိုင်း ကို ကောင်းကောင်း အသုံးချ တတ်ရင် ငါ ပြောတဲ့ ဘဝသစ် တစ်ခု မှာ သူ ရှင်သန်နိုင်လိမ့်မယ် ”
စကား ကို ခဏ နားပြီး အကြမ်းရည် တစ်ခွက် ငှဲ့ သောက် ပြန်တယ် ။ လက် ထဲ က ဆေးလိပ်ကြီး ကို ပြာခံ ထဲ မှာ ထည့် ထားလိုက်တယ် ။ အဘိုးကြီး မျက်ဝန်းတွေ ဟာ အရောင်တဖျပ်ဖျပ် လက်လို့ ။ အဘိုးကြီး ဟာ ထိုင်ခုံကျောမှီ ကို မှီချ လိုက်ရင်း သူ့ ရဲ့ အကြည့် ဟာ နံရံ ဆီ က ဓာတ်ပုံ ဆီ ကို ရောက်သွားပြန်တယ် ။ ဓာတ်ပုံ ထဲ မှာ ယူနီဖောင်း နဲ့ သိပ်ကို ခန့်ငြားနေတဲ့ လူငယ် တစ်ယောက် ။ ပုခုံး ထက် မှာ ကြယ်တစ်ပွင့် ။ အဘိုးကြီး နဲ့ မိုးဝေ ကြား မှာ ခဏတာ တိတ်ဆိတ် သွားတယ် ။ ပန်းရနံ့ အချို့က ပြတင်း တံခါးက တစ်ဆင့် လေပြေ နဲ့ အတူ မိုးဝေ တို့ ဆီ ပြေးဝင် လာတယ် ။ အဘိုးကြီး ဟာ အကြည့် ကို မိုးဝေ ဆီ ပြန် ရွေ့လာလျက် ....
“ အဲဒါ ကျုပ် ငယ်ငယ် ကလေ ”
မိုးဝေ ဟာ အံ့ဩစွာ နဲ့ အဘိုးကြီး ကို ကြည့်မိတယ် ။ အဘိုးကြီး က လည်း မိုးဝေ ကို နားလည်စွာ ပြုံးပြတယ် ။
“ ဟုတ်တယ် .. ကျုပ် ဟာ ခြေထောက် တစ်ဖက် ဖြတ်လိုက်ရတဲ့ စစ်ဗိုလ်တစ် ယောက်ပဲ ။ ကြာတော့ ကြာခဲ့ပါပြီ ။ အခုဆို ကျုပ် တောင် ဘဝသစ် တစ်ခု မှာ အခြေကျ နေပြီ မဟုတ်လား ”
မိုးဝေ နား ထဲ မှာ အဘိုးကြီး အမူအယာ နဲ့ ပြောခဲ့သမျှ စကားသံတွေ ဟာ ပြန်ပြီး စီးဝင်လာတယ် ။ ပြီးတော့ အဘိုးကြီး ကို သိပ် ကို လေးစားလာမိတယ် ။
“ ကဲ .... အချိန် မနည်းတော့ဘူး မောင်ရင် ။ နေ့လယ်စာ စားကြရအောင် ”
ခဏတာ တွေဝေ နေမိရာ မှ အဘိုကြီး စကားသံ ကြောင့် အသက် ပြန်ဝင်လာ တယ် ။ အဘိုးကြီး ဟာ ပြောပြောဆိုဆို မတ်တပ် ထ ရပ်လိုက်တယ် ။ ပုံမှန် လူ တစ်ယောက် လို အဘိုးကြီး ခြေထောက်တွေ ဟာ ကျင့်သား ရ နေပြီပဲ ။ ဒါပေမဲ့ သိပ်ကို သေသပ်လွန်းတဲ့ ခြေတု တစ်ဖက် ကို တော့ မိုးဝေ ကောင်းကောင်း သတိထား မိလိုက် ပါပြီ ။ သေ,နတ်ကိုင် တဲ့ လက် ဟာ အခုလို သစ်ပင် စိုက်တဲ့ ဘဝ မှာ ရှင်သန်နိုင်တာပဲလား ။ အချို့ ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေ လမ်းဘေး မှာ တောင်းစား နေကြတာ ကို မြင် ယောင်မိတယ် ။
“ ကျွန်တော် မစားတော့ပါဘူး ဦးလေး ။ ကျွန်တော့် မှာ အခြား ကိစ္စလေး ရှိသေးလို့ ခွင့်ပြုပါဦး ”
ပန်းချီကား ကို အသာ လှမ်း ယူ လိုက်ပြီး ချိုင်းထောက် ကို အားပြုကာ မတ်တပ် ထ ရပ်လိုက်တယ် ။ ပြီးတော့ အဘိုးကြီး ကို နှုတ်ဆက် လိုက်ပြီး အိမ်တံခါးမကြီး ဆီ ကို လှည့် ထွက် လာလိုက်တယ် ။
“ ဪ .. ခဏ ၊ ကျုပ် မောင့်ရင် ကို တစ်ခု ပြောဖို့ ကျန်သွားတယ် ”
ခေါင်း ကို ငဲ့စောင်းပြီး အဘိုးကြီး ဘက် လှည့် လိုက်တယ် ။ အဘိုးကြီး က လည်း မိုးဝေ မျက်ဝန်းတွေ ကို တည်တည်စူးစူး ကြည့်လို့ ။
“ လောက မှာ ဘယ်အရာပဲ ဖြစ်ဖြစ် ကိုယ် က အရှုံးပေး မှ တကယ် ရှုံးတယ် ဆိုတာ မြဲ မြဲမှတ်ထားပါ မောင်ရင် ”
မိုးဝေ ဟာ အဘိုးကြီး စကား ကို နားစိုက်ထောင် ပြီးမှ ကျေနပ်စွာ လှည့်ထွက် လိုက်တယ် ။ သူ့ ခြေလှမ်းတွေ ဟာ ဟိုး ယခင် က ထက် ပိုပြီး ဖျတ်လတ် နေသလိုပါပဲ ။ ခြေ တစ်လှမ်း လှမ်းတိုင်း ဒေါက်ခနဲ မြည်သွားတတ်တဲ့ အသံ ဟာ ဒီနေ့တော့ ချိုမြ နေ သလိုပဲ ။ သူ့ စိတ်ထဲ မှာတော့ ပန်းချီကား ထဲ က တစ်ခြမ်း မီးကျွမ်းထားတဲ့ သစ်ငုတ်ကြီး ရဲ့ ရှင်သန် နေတဲ့ အခြမ်း မှာ အညွန့် တလူလူ တက် နေတဲ့ အတက်ပေါက်လေး ကို အသေသပ်ဆုံး ဆေးခြယ် နေမိတော့တယ် ။
⎕ မောင်ရန်နိုင် ( တမာမြေ )
📖 တစ်ယောက် တစ်ဘဝ ( ၁ )
.
No comments:
Post a Comment