Tuesday, October 15, 2024

ပန်တျာရှင်

 

❝ ပန်တျာရှင် ❞

( ၁ )

“ အခု ငါ ပြောတဲ့ အိမ် ရဲ့တစ်ခြမ်း ကို ငှားမယ်တဲ့ကွ ”

စိန်မင်း ပြောခဲ့သော အထက်ပါ စကားကလေးများသည် ကျော်ခေါင် ၏ အဖို့ တစ်သိန်းဆု ပေါက်သည့် တိုင်အောင် ဤမျှ ဝမ်းမြောက်မည် မဟုတ် ။ အဘယ်ကြောင့် ဆိုသော် သူ ထီ မထိုးထားပါ ။ ယခုအခါ ကျော်ခေါင် သည် တက္ကသိုလ်ကျောင်း ဝယ် ညာတာပါတေး နှင့် ကပ်ရပ် နေထိုင်ရ ၏ ။ အမိ တက္ကသိုလ်ကြီး ကား သူ့ အတွက် နို့ မထွက်တော့ပါ ။ အခြား စကားလုံးများနှင့် ဆိုရသော် သူ ကျောင်း ဆက်လက် မနေတော့ပါ ။ အလုပ်အကိုင် နှင့် ဖြစ်နေပါပြီ ။ သူ့ နောက် ကလေးများ ကို ဆက်လက် နို့တိုက် နိုင် ရန် သူ သည် အမိတက္ကသိုလ် ၏ ပေါင်ပေါ် မှ ဖယ်ပေးရမည် ဖြစ်လေသည် ။ ( ဤနေရာ၌ အမိတက္ကသိုလ် နှင့် တက္ကသိုလ်အမိ ကို မရောစေလိုပါ )

သို့နှင့် အိမ် ပေါသလောက် ရှားလှသော ရန်ကုန်မြို့ဝယ် အိမ်ငှားရန် ရှာဖွေရတော့၏ ။ ရတာမလို ၊ လိုတာမရနှင့် နောက်ဆုံးတွင် စိတ်ပျက်နေ စဉ်ဝယ် အထက် ဖော်ပြပါအတိုင်း စိန်မင်း ထံ မှ ရေကျော် ထဲ တွင် အိမ်တစ်လုံး ၏ ထက်ဝက်သော အစိတ်အပိုင်း ကို ငှားမည် ဟူသော သတင်းကောင်း ကို ကြားရလေတော့သည် ။

အချိန်ကား နံနက် ခုနစ်နာရီခွဲ ဖြစ်၏ ။ ကျော်ခေါင် သည် စိန်မင်း ပြော ပြလိုက်သည့် လိပ်စာ အတိုင်း လာခဲ့ရာ တစ်ခြမ်းတံခါး ပိတ်ထားသော အိမ် တွင် ကပ်ထားသော ဆိုင်းဘုတ် ကို မြင် မှ “ ဒန့် ” ခနဲ ခြေလှမ်း တန့်သွား လေ၏ ။

     အိမ် ငှားရန် ရှိသည်
ငှားသူ သည် အစစ်ဆေး အမေးအမြန်း ခံရလိမ့်မည် ။

“ အလဲ့ကွဲ့ ”

ကျော်ခေါင် မှာ အာမေဋိတ်သံ ပြုရင်း ခဏမျှ ငေးကြောင် ကြည့်လိုက် သေးသည် ။ အဘယ်ကဲ့သို့ အစစ်ဆေး ခံမည်ကို သူ စဉ်းစားနေမိသည် ၊ ဆေးလက်မှတ် ကိုပင် ယူရချေဦးမည်လား မသိ ၊ ဤသို့ဖြင့် ကျော်ခေါင် မှာ အဆုတ်နာ ဆေးရုံ သွားရမလို ၊ လက်နှိပ်ဝိဇ္ဇာ ဆရာပုထံ ပြေးရမလိုနှင့် စိတ်ထွေသွားပြီး .... “ ဂေါ်လီ မှာ ဝမ်ရင်း နေရမည် ။ လူမှာ ကြံရင်း သေရ မည် ” ဟူသော ထုံး ကို နှလုံးပိုက်ကာ တစ်ချီ တော့ ကြံလိုက်ဦးမည် ဟု အံခဲရင်း လှေကားထစ် သုံးထစ် ခန့် တက်မိစဉ် ၊ အိမ်ထဲ မှ “ လူကြီးတွေ မရှိလို့ ကန်တော့ ပါသေးရဲ့ ” ဟူသော အသံ ကို ကြားရသောအခါ လန့်ဖျပ်ပြီး ပြန် လှည့်ဆင်း သွားမိတော့မလို ဖြစ်ပြီးမှ “ အို .... ငါ နဲ့ ဘာဆိုင်လဲ ” ဟု တွေးကာ ဆက်တက် လာခဲ့သေး၏ ။

“ ကျွန်တော် မယ်သီလရင် လည်း မဟုတ်ဘူး ။ ဘုရား လည်း မတည်ဘူး ၊ ဒုက္ခိတရဲဘော် လည်း မဟုတ်ဘူး ။ ကျောင်းသားသမဂ္ဂဝင် လည်း မဟုတ်ဘူး ။ ခရီးစရိတ် လည်း အလှူ မခံဘူး ။ ခွက် လည်း မပါဘူး ၊ အိမ်ငှား မလို့ပါ ခင်ဗျာ ”

ကျော်ခေါင်သည် အသံကျယ်ကျယ် နှင့် “ မ ” တစ်လုံး ကို အတင်း သုံး လိုက်မှ အတွင်းမှ အသံ မှာ “ အဟိ ” ဟု မြည်လာပြီး အိမ်ပေါက်ဝ ဝယ် လမင်းကြီး ထွက်လာလေ၏ ။ မှားလို့ပါ ခင်ဗျာ ၊ ဆယ်ရှစ်နှစ် ခန့် ဖြူဖြူ ခပ်ချောချော မိန်းကလေး တစ်ယောက် ထွက် လာပါသည် ။

“ ဪ .... အိမ် ငှားဖို့ လာတာကိုး ..  ”

“ ဟုတ်ကဲ့ ”

“ တက်ပါ .. တက်ပါ ... ”

“ ဘယ် တက်ရမှာလဲဗျ လှေကားထိပ် ရောက်နေပြီ ဥစ္စာ ”

မိန်းမပျို သည် ဤတွင်မှ ကျော်ခေါင် ရပ်နေရာ သို့ ကြည့်မိပြီး ပြုံး ရယ် လိုက်လေသည် ။

“ အိမ်ပေါ် တက်ဖို့ ပြောတာ ”

“ ဘုရားရေ ... ကျွန်တော် တက်နေတာ က ဇရပ်လား .. ”

ကျော်ခေါင် သည် နောက် ပြောနေခြင်း မဟုတ်ပေ ။ ရယ်စရာ ပြောခြင်း လည်း မဟုတ် ။ မိန်းမပျိုကလေးများ နှင့် တွေ့တိုင်း ဤသို့ ပြောတတ်သည် ။ ခပ်နွဲ့နွဲ့ ပြောက ရည်းစားစကား မှတ်မည် ကို သူ ကြောက်သည် နှင့် အညီ ခပ်ကြမ်းကြမ်း ပြောလိုက်ပြန် လည်း တစ်ဖက်သား စိတ်ဆိုးမည် ကို စိုးရိမ် တတ်သည် မှာ သူ့ ညာဉ် ဖြစ် သတည်း ။

မိန်းမပျို မှာ ပြုံး ခြင်းလည်း မက ရယ်ခြင်းလည်း မကျသော သွား ဖော် ပြီး အသံမထွက်သော မျက်နှာပေး ဖြင့် ..

“ ထိုင်ပါဦးလေ အိမ်ငှား မလို့ လာတာ ဆိုတော့ အမေးအမြန်း ခံနိုင်တာပေါ့ ဟုတ်လား ... ”

ကု,လားထိုင် ပေါ် ထိုင်ချလိုက်ရင်း ကျော်ခေါင် က -

“ ဟုတ်ကဲ့ - ကျေနပ်အောင် မေးပြီးရင် အိမ်ခန်းရမယ် ဆိုရင် မေးသမျှ ဖြေပါ့မယ် ။ မကျေနပ်လို့ အိမ်ခန်း မရရင် ခရီးစရိတ် မပေးဘူး ဆိုတာလည်း ကျွန်တော် နားလည်ပါတယ် ”

မိန်းမပျို သည် မက်ကလိန်း သွားတိုက်ဆေးကြော်ငြာ ပြီး ကတည်းက အကျင့် ရလာသလား မသိ ။ သွား ကို တဖြဲတည်း ဖြဲ ရင်း ...

“ ရှင် , ကျွန်မ နာမည် ကို သိသလား ”

ကျော်ခေါင် သည် အူလယ်လယ် ဖြစ်သွားလေ၏ ။

“ ခင်ဗျာ ”

“ ရှင် ... ကျွန်မ နာမည် ကို သိသလား ”

“ ဒါဟာ အိမ်ငှား ကို မေးရမှာ မဟုတ်ဘူးဗျာ ။ ဗေဒင်ဆရာ ကို မေးရမယ့် မေးခွန်းပဲ ”

“ ဘာပဲဖြစ်ဖြစ် ရှင် မဖြေနိုင်ဘူးလား ”

အမိတက္ကသိုလ် ၏ ပေါင်ပေါ်တွင် မနေလို တော့သော ကျော်ခေါင် အဖို့ အိမ် ရဖို့က အရေးကြီး ပေသည် ။

“ ဖြေပါ့မယ်ဗျာ ။ မသိဘူး ... ”

“ ကျွန်မ ရဲ့ မျက်နှာ ကို မြင်တာတောင် မသိဘူးလား .. ”

“ မသိဘူး ”

“ တော်တော် ရှော်သေးတာပဲ ”

ကျော်ခေါင်မှာ အောင့်သီးအောင့်သက် နိုင်သွားပြန်လေ၏ ။

“ ဘာဆိုင်လို့ သိရမှာလဲဗျ ။ ခင်ဗျား နဖူးမှာ နာမည် ကပ်ထားဘာမှ မဟုတ်ဘဲ ”

မိန်းမပျို သည် ပြုံးရာ မှ ရယ်လိုက်သည် ။

“ ကျွန်မ က အဆိုတော် .. ”

“ ကျွန်တော်က သီချင်း နားမထောင်ဘူးလေ ”

စ ချီကတည်း က တလွဲတွေ တော့ ဖြစ်ကုန်ကြပါပြီ ။ သို့သော် ... အိပ်ခန်း ရရန် လိုသော ကျော်ဒေါင် မှာ မိန်းမပျို ၏ ထူးခြားသော အမူအကျင့်ကို ဝမ်း ထဲမှ မုန်းလှသော်လည်း အရှုံးပေး ရတော့သည် ။

“ ကျွန်တော် သီချင်း နားမထောင်ဘူး ဆိုတာက စာတွေ ဖတ်ရတုန်း ကပါ ။ နောက်ကို နားထောင်မှာပဲ ”

“ ရှင် နားထောင်တာ မထောင်တာ အရေး မဟုတ်ပါဘူး ”

“ ဟယ် ၊ နို့ ... ဘယ်သူ နားထောင်တာ အရေးလဲဗျ ”

“ ပြည်သူလူထု နားထောင်တာ အရေးပေါ့ .. ကျွန်မတို့က ပြည်သူ လူထု အတွက် သီဆိုနေတာ ”

“ ဘယ်က ဟုတ်ရမှာလဲ ... ခင်ဗျားတို့ သီဆို နေတာက .. ကုက္ကိုင်း က မြင့် မြတ် ကျော် ထွတ် တင် တို့ က ဆင်နင်းကွက်သစ် က တီ ကျွတ် တောက်တဲ့ တို့ အတွက် ကျုပ် မသိတဲ့ ခင်ဗျား က မိုးစိမ်း အောက်က ကြက်မောက်ပန်း အတွက် သူတို့ အကွက်တွေ ဆိုတာပါ ... ”

မိန်းမပျို မှာ မျက်နှာညို့ သွားတော့သည် ။ ကျော်ခေါင် မှားသွားပြန်ပေ ပြီ ၊ အိမ်ခန်းရ မှ ဖြစ်မည် ။ ကျောင်း က လက်မခံတော့ ။

“ အဲ .. သူတို့တွေ ကလည်း ပြည်သူလူထုကြီး ရဲ့ အစိတ်အပိုင်းတွေပဲ ဆိုတော့ ခင်ဗျားတို့ ဆိုရတာ ပြည်သူလူထု အတွက် ဆိုတော့ မမှားပါ ဘူးလေ .... ”
 
ကျော်ခေါင် အဖာ ကောင်း၍ ပဲလော ... မျက်နှာ ညောင်း၍လော မသိ မိန်းမပျို မှာ ပြန်ပြုံး လာလေသည် ။ ထို ပြုံးမျက်နှာကလေး ကိုပင် ထိန်းသိမ်း ထားနိုင်စေခြင်းငှာ ကျော်ခေါင် ကပင် စကား ဆက် ရပြန်လေ၏ ။

“ ဒါထက် ခင်ဗျားနာမည် ကို မြင်မြင်ချင်း သိရမှာ ဘာကြောင့်လဲဗျာ ”

“ ကျွန်မ ဓာတ်ပုံ က သီချင်းစာအုပ်မျက်နှာဖုံး မှာ ပါဖူးတယ်လေ ”

“ အရှေ့ မျက်နှာဖုံးလား အနောက် မျက်နှာဖုံးလား ”

“ ဪ .... မျက်နှာဖုံး ပါ ဆိုမှ အရှေ့ပေါ့ ရှင့် ”

“ မသိပါဘူးဗျာ .. ခုကာလ မဂ္ဂဇင်းတွေ က မျက်နှာ များလွန်းပြီး နောက် စေ့တောင် မရှိတော့လို့ မေးရတာပါ ။ ကျွန်တော်က  .... ဘိုင်ကျတယ်ဗျ ။ ဝယ် မဖတ်နိုင်လို့ မသိလိုက်ဘူးဗျ ... ခင်ဗျားနာမည်က ဘယ်သူ ”

“ ခင်နှင်းဝေ ... ရှင့် နာမည် ကော ”

“ ကျွန်တော့် နာမည် က မဂ္ဂဇင်းတို့ ဂျာနယ်တို့ ဝေးလို့ သမ္မန်စာ မှာ တောင် မပါဘူးပါဘူး ခင်ဗျာ ၊ ကျော်ခေါင် တဲ့ ”

“ ရှင့် ကို ရာဇဝင် မေးတာ မဟုတ်ဘူး နာမည် မေးတာ ”

“ ဟုတ်ပါတယ် ... နာမည် ပါပဲ ကျော်ခေါင် ... ကျော်ခေါင် ... ကြောင်ခေါ် ”

“ စိတ် ခပ်ထွက်ထွက် နှင့် ဆင့် ပြောလိုက်ခါ မှ လျှာလည် သွားတော့သည် ။ ခင်နှင်းဝေ က ရယ်လိုက်ပြန် ရင်း ..

“ ကောင်းကျော်ခို ... အဲလေ ... ကိုကျော်ခေါင် သီချင်း ရေးဖူးသလား ” 

“ တောက်တီးတောက်တဲ့ ဗျာ ”

“ အဲဒါ ရှင် ရေးဖူးတဲ့ သီချင်း နာမည်လား ”

“ ဟာ ... ခွကျပါပြီ ။ မရေးဖူးဘူး လို့ ပြောတာ ”

“ မသိနိုင်ဘူးလေ ခုခေတ် သီချင်းနာမည်တွေ က အဆန်းချည်း မို့ ဘာပဲဖြစ်ဖြစ် ရှင် သီချင်း ရေးရမယ် ဒါမှ အိမ် ငှားမယ် ”

ကျော်ခေါင် ၏ မျက်လုံးလေးများ မှာ ပြည်တော်သာ ပြားစေ့ ကဲ့သို့ သေးသေးနှင့် ဝိုင်းသွားလေတော့သည် ။

“ ကျွန်တော် မရေးဖူးဘူးဗျ .. ”

“ ဒါမှ အတွေးအခေါ် သစ်တွေ ရမှာ ရှင့် .. ”

ကျော်ခေါင် အဖို့ ရှောင်မလွတ်သာတော့ ။

“ ကျွန်တော် က နာမည်ကျော် မှ မဟုတ်ဘဲ ....”

“ နာမည်ကျော် ဆိုရင် တခြား တီးဝိုင်းတွေ ရောက်နေရောပေါ့ ရှင့် ... ကျွန်မတို့ တီးဝိုင်း က အပျော်တမ်း ဆိုတော့ တီးမှုတ်သီဆို တဲ့ လူတွေချည်း ပဲ ရှိတယ် ။ သီချင်း ရေးတတ်တဲ့ လူ မရှိလို့ပါ ”

“ သီချင်း ရေးတယ် ဆိုတာ မလွယ်ဘူးထင်တယ် ။ ဂီတသံ နားမလည် ရင် ... ဖြစ်ပါ့မလားဗျာ ... ”

“ စကားလုံး လိုချင်တာပါ ။ အသံ သွင်းမယ့် လူတွေ ရှိပါတယ် ။ သူတို့ ခေါင်းထဲ မှာ တီးလုံးတွေ ကျပ် နေတယ် ။ စာသား ရှာမရကြလို့ ”

“ ဒါဖြင့်လည်း ရေးပေးပါ့မယ် ဗျာ ။ ခုတလော ခေတ်စားနေတဲ့ စကားလုံး အတိုင်း တက္ကသိုလ်ကျော်ခေါင် ဆိုတဲ့ နာမည် နဲ့ ရေးပါ့မယ် ။ အိမ်ခန်းကလေး သာ တစ်ဆိတ် ငှားပါဗျာ ... ”

ကျော်ခေါင် သည် အလျှော့ ပေး လိုက်ရပြီး လေချိုနှင့် သ,တ်လိုက်ရလေသည် ။ တောမှ သူ့ ညီ တစ်ယောက် ရန်ကုန် မှာ ကျောင်းလာ နေမည် ဖြစ်၍ လည်း သူ အိမ်ခန်း ရဖို့ကိစ္စမှာ ဝန်လေး လှသည် ။

“ အိမ်ခန်း က စိတ်ချပါ ရှင် ... ကျွန်မ အမေ က ကျွန်မ ကို ဖူးဖူးမှုတ် ထားတာ ... ”

“ ဒါ ... ကျွန်တော် နဲ့ ဘာဆိုင်သလဲဗျ ”

“ ဪ .... ကျွန်မ ပြီးရင် ပြီးရော လို့ ပြောတာပါ ၊ မေမေ ဈေး က ပြန်လာ တော့မှပဲ အိမ်လခ စကားပြောပေါ့ .. ရှင် က သီချင်းရေးမယ် ဆိုတော့ ... အိမ်ခန်း ကို လခပေါပေါ နဲ့ ရရပါစေ့မယ် ... ”

မဆစ်ခင်က လျှော့နှင့်နေပြီး ကျော်ခေါင် သည် ခင်နှင်းဝေ ကား ... ပန်တျာရှင်ပေါက်စကလေး တစ်ယောက် ဖြစ်ကြောင်း ကောင်းကောင်း နားလည်ပါပြီ ။

“ ကျွန်မ က ကောက်ပဲသီးနှံရုံး မှာ လုပ်တယ်ရှင့် ”

“ ဟာ - နီးသားပဲ ၊ ကျွန်တော် က နိုင်ငံတော် သစ်လုပ်ငန်းအဖွဲ့ မှာ လုပ်တယ်လေ .. ”

“ ဒါ နီးရမလား - စပတ်လမ်း နဲ့ ပန်းဆိုးတန်းပဲ ”

“ မဟုတ်ပါဘူး .. ဘုတ်အဖွဲ့ချည်း ပဲ မို့ နီးစပ်တာ ပြောတာပါ ”

ဤအချိန် ၏ နောက်တွင် ကား ၊ အရေးပါ အရာရောက်သော အကြောင်း အရာများ မရှိတော့ပေ ၊ အတိုချုံး ၍ ဖော်ပြရမည် ဆိုသော် .. ကျော်ခေါင် အိမ်ခန်း ရသွားခြင်း နှင့် စိတ် ထဲ မှ ခင်နှင်းဝေ ကို စွဲသွားခြင်း သာ ပေါ်လွင်သော အကျိုး ဖြစ်ပေတော့သည် ။

( ၂ )

ကျော်ခေါင် မှာ သီချင်း ကောင်းသည် ထက် ကောင်းအောင် ဂီတ သင်တန်း ကို သူငယ်ချင်း တစ်ယောက် ဆီ၌ ကြိတ် တက်ရတော့သည် ။ ခင်နှင်းဝေ ၏ အမေ ဒေါ်သင်းမြ မှာ သမီး ကို ချစ်လွန်းသဖြင့် သမီး ပြီးလျှင် ပြီးရစေကာမူ ၊ တစ်ဖက်ခန်း မှ ကျော်ခေါင် ၏ တစ်ချက် တစ်ချက် သီချင်း စပ်ရန် တည်လိုက်သော ညှောင်နာနာ အသံကလေး ကို ကြားရတိုင်း ခပ်ချဉ်ချဉ် ဖြစ်မိပေသည် ။

“ ကြာရင် တော့ ဆီးအောင့် တော့မှာပဲ ... သမီး က လည်း ဒီကောင် ကို မှ အိမ်ငှားတတ်ပလေ ... ”

“ မေမေ က လည်း...တက်သစ်စ ပန်တျာရှင်ကလေး ကို မချိုးပါနဲ့ ”

“ ဟဲ့ ... ငါ နဲ့ စကား ပြောတာ အင်္ဂလိပ်စကားတွေ ညှပ်ညှပ်ပြီး မပြောပါ နဲ့အေ့ ... ငါ နားမလည်ဘူး ”

ခင်နှင်းဝေ မှာ သူ့ အမေ ကို ဘာမျှ ပြန်လှန် ရှင်းလင်းနေခြင်း မရှိတော့ ဘဲ လက်လျှော့လိုက်ကာ တစ်ဖက်ခန်း သို့ ကူးသွားလေသည် ။

“ ကိုကျော်ခေါင် ... ”

“ အဲဒါ ... ဒီရှပ် ပဲ ဗျာ .. ”

“ ဘယ်ရှပ်လဲ ရှင့် .... ရှင် က အင်္ကျီ ချုပ် နေသလား ”

“ ဂီတသံတွေ နဲ့ ခွဲခြား ပြောပြနေတာ ... ဖလက် တို့ - ဒီရှပ်တို့ ဆိုတာတွေ နားမလည်ဘူးလားဗျ ... ”

“ ဗျ .... ဗျ .. နဲ့ ... ပြော မနေပါနဲ့ ... သူစိမ်း ကျနေတာပဲ ... ”

“ သူစိမ်း မဟုတ်လို့ ခင်ဗျား နဲ့ ကျွန်တော် ဟာ ဆွေမျိုးလား ဗျ ... ”

ခင်နှင်းဝေ သည် ချစ်စရာ မျက်စောင်းလေး ကို ထိုးလိုက်ရာ ၊ မျက်စောင်းသာ မဟုတ်ဘဲ မီး သာ ဆိုလျှင် ကျော်ခေါင် တော်တော် ပူသွားမည် ဖြစ်၏ ။

“ ကိုကျော်ခေါင် ဟာ ပြောရင်း ဆိုရင်း ပိုပြီး ကဲလာတာပဲ ၊ ကျွန်မ မှာ နာမည် ရှိပါတယ် ... နာမည် ကို ခေါ်ပါ ”

ဤအချိန်ဝယ် ခင်နှင်းဝေတို့ ၏ “ အကျော်စုံ အပျော်တမ်းတူရိယာ အဖွဲ့ ” ကလေး ၌ ကျော်ခေါင် နာမည် ရစ ပြုလာလေသည် ။ သူ ၏ ပွဲဦးထွက် သီချင်းကလေး ဖြစ်သော “ ချာတူးမေ ” သီချင်း သည် လူကြိုက်များသည် နှင့် အမျှ “ ဝါဦးက တွယ်တဲ့ ကျွတ် ” “ ဝါးခမောက် နဲ့ “ ဖားကောက်သူ ” “ ဘုတ်ဆုံ ” “ သူထီး ” “ ရဲရင့်ခြင်း၏ တန်ဖိုး ” “ ဥတုသုံးမျိုး ” အစရှိသော သီချင်းများ ကို တကုပ်ကုပ် ကျက်ကာ ၊ လိုက်လံ သီဆိုကြသူများ ပေါများနေပြီဖြစ် သတည်း ။

“ ကဲ - ဒါတွေ ဘေးချိတ် ထားပါဦး ၊ အခု ဘာ သီချင်း ရေးပြီးပြီလဲ ... အသံ လွှင့်ရမှာ ငါးရက်တည်း ကျန်တော့တယ် ။ သီချင်း တိုက်ရဦးမှာ ”

ကျော်ခေါင် သည် စကား နှင့် ပြန် မဖြေတော့ဘဲ လက် ထဲ မှာ စာရွက် ကလေး ကိုသာ ထိုးပေး လိုက်တော့သည် ။

“ အောင်မယ် .... ဘကြီးသာဇံ .. ဆိုပါကလား ... သီချင်း နာမည် က ကောင်းတယ် ... ဒီ သီချင်း လည်း .. လူကြိုက်များဦးမှာပဲ ... ”

ခင်နှင်းဝေ က ချီးကျူး လျှင် တစ်ပတ်ခန့် ကြာမှ ကျော်ခေါင် မိုးပေါ်မှ ပြန်ကျလာလေ့ရှိသည် ။ ထို့ကြောင့်လည်း ရင်ကို ကော့လိုက်ကာ ကျော ကို သေနတ် မှန်သော တရုတ်ဖြူ စစ်ပြေး ဂိုက်မျိုး ပြုလိုက်ရင်း ...

“ ဒီတစ်ခါတော့ တေးသွားပါ သွင်းထားပြီးပြီ ။ သူများ သွား မသွင်း ခိုင်းနဲ့တော့ .. တစ်ခါတည်း တိုက်ပြီး အသံလွှင့်လိုက်ရုံပဲ ”

ခင်နှင်းဝေ မှာ အံ့အားသင့် သွားလေသည် ၊ ခါတိုင်း ကျော်ခေါင်သည် .. သီချင်းသာ ရေးပေးလေ့ ရှိပြီး အသံ ကို တခြားသူ သွင်းရသည် ။ ယခုတစ်ခါ ကား ပန်တျာနယ်ပယ်တွင်း သို့ ကျော်ခေါင် တစ်ထစ်မျှ ကျူးကျော် လာပြီ ဖြစ်တော့၏ ။

“ ဟုတ်လား .... ဆိုပြစမ်းပါဦး ”

“ ကျွန်တော့် သီချင်းက အစ က တရုတ်သံ နဲ့ စ ထားတယ် .. ပြီးတော့... ဂေါ်ရင်ဂျီဗုံသံ .... ပြီးတော့ ဟာဝေယံ အလိုက် ကို ညှပ်ပြီး ... ယိုးဒယားနှဲသံ နဲ့ တစ်ပုဒ် အုပ် လိုက်တယ် ။ နောက် တစ်ပုဒ် ကို ကု,လားသီချင်း နဲ့ ယူပြီး ဗမာ ဘုရားကိုးဆူ ပူဇော်သံ နဲ့ ဆွဲလာတယ် ... ပြီးတော့မှ ရုရှားစစ်ချီသံ ထည့်ထား တာကိုး ... ဒါမှ မြိုင်မှာပေါ့ နောက်တော့ .... မက္ကဆီကိုသံ နှော ... ကမ္ဘောဇ ဆွဲငင်သံ နဲ့ ဟပ် .. ဦးရှင်ကြီးတင်သံ ကို ကြားညှပ်ပြီး အင်္ဂလိပ်သီချင်းကြီးသံ နဲ့ ဆက် ယူ လာရာက ခုနစ်သံညီ နဲ့ ရပ် ထားတယ်လေ .. ”

“ ဟာ - နိပ်တာပဲ .. ဒီသီချင်း ကို ကျွန်မ ကိုယ်တိုင် ဆိုမယ် .... ဆိုပြပါဦး ”

ကျော်ခေါင် သည် အသားယူစွာဖြင့် ချောင်း တစ်ချက် ဟန့်လိုက်ပြီး သီချင်း ဆိုရန် ပါးစပ် အဟ, လိုက်တွင် ခင်နှင်းဝေ ကျောခိုင်းထားသော နောက်ပေါက် မှ ဒေါ်သင်းမြကြီး ၏ မျက်ခွက် ပေါ်လာလေရာ ကျော်ခေါင် မှာ ပါးစပ်ကြီး ဟ,ထားရင်းက “ အာ့ ... အာ့ခ် .. အားခု .. ခင် ....အီ ... အီ ”  နှင့် လန့်ဖျပ်သံတွေ ထွက်လာလေ၏ ။ သူ ဘာကြောင့် ဤမျှ ကြောက်ရသနည်း ၊ ဒေါ်သင်းမြ သည် သူ့ သမီး နောက်ကျောမှ ကျော်၍ ကျော်ခေါင် ကို လက်သီး ပြ၏ ။ မျက်လုံး နှစ်ဖက်စလုံး ကို တစ်လှည့်စီ ပြူးပြ၏ ။ နှုတ်ခမ်း ကိုက်ပြ၏ ၊ အသံ မထွက်သော ခြိမ်းခြောက်နည်း ပေါင်း များစွာနှင့် ခြိမ်းခြောက်ပြ၏ ။ ကျော်ခေါင် ကြောက်ရှာ ပေလိမ့်မည် ။

“ ရှင့် သီချင်း အစက တရုတ်သံ က လည်း ခွေး ကားကြိတ် ခံရသလို ပါကလား ...ကောင်းကောင်း ဆိုပါ ”

ကျော်ခေါင် သည် သူ့ အသံကို ဒေါ်သင်းမြကြီး မကြိုက်မှန်းလည်း သိ၏ ။ သိ၍လည်း ဒေါ်သင်းမြ ရှေ့တွင် မဆိုရဲ ။ ခင်နှင်းဝေ ကလည်း ဇွတ် ဆိုခိုင်း နေသည် ။ သို့ဖြင့် နောက်ဆုံး တွင် ကြံရာ မရဘဲ ဒေါ်သင်းမြ ကို ကြည့် ကာ “ ဪ .... ဟော် .. ဟော် ... ဟော် ဒေါ်ဒေါ် ” ဟု ခေါ်လိုက် မှ ခင်နှင်းဝေ လည်း လှည့် ကြည့်လိုက်ရာ ဒေါ်သင်းမြ ၏ မျက်နှာသည် ဆန့်ကျင်ဘက် အသွင် ကို ဆောင်နေလေတော့သည် ။

“ ဪ ... သမီးတို့ သီချင်း တိုက် မလို့လား ဟဲ ... ဟဲ မေမေ့ ဇိနတ္ထ ပကာသနီစာအုပ် ကို သမီး မြင်မိသလားလို့ မေးမလို့ ။ နေပါစေတော့လေ ... မေမေ ဟိုဘက် အိမ်ကို ကူး လိုက်ဦးမယ် ”

ရှင်းရှင်း ဆိုရလျှင် “ ငါ့ သမီး မနိုင်လို့ ငါ ရှောင်နေဦးမယ် ” ဟု ဆိုလိုကြောင်း ခင်နှင်းဝေ မသိသော်လည်း ကျော်ခေါင် သိ၏ ။ မည်သို့ပင်ဖြစ်စေ ကာမူ အဘွားကြီး ကွယ်သွားသည် တွင်မှ ကျော်ခေါင် ၏ ချိုတေးသံစုံ သည် ပန်းပဲဖားဖိုထိပ်ဝ တွင် ဗာဂျာ တပ်ထားသကဲ့သို့ မြည်ချင်တိုင်း မြည်လာပါ တော့သည် ။ ထို သီချင်း ကို တီးဝိုင်း နှင့် တီးလိုက်သော အခါ ရွှေတိဂုံဘုရား မှ မောင်း ဗုံ ကွမ်းညှပ် ဓားများ ရောင်းသော ဆိုင်များ အစုလိုက် အပြုံလိုက် ပြုတ်ကျလာသည် နှင့် တူသည် ဟု နောင်ခါတွင် သောတရှင်များ က ချီးကျူးကြသည် ဆို၏ ။

ခင်နှင်းဝေ သည် သီချင်း ဆုံးသောအခါ သီချင်းစာရွက်ကလေး ကို ကိုင်ပြီး ဝမ်းမြောက်ဝမ်းသာ ခုန်ဆွ ခုန်ဆွနှင့် မြူးထူးသွားသည် ကို နောက် ယကျောမှ ကြည့်ရင်း ကျော်ခေါင် ၏ အသည်းဝယ် အမြစ်တွယ်စ ပြု ပြုပြီ ဖြစ်သော အချစ်ညောင်ပင်ကလေး သည် “ ဝေါ ” ခနဲ ကြီးပြင်းလာလေတော့သည် ။ အချိန်နာရီ ရက်ကာလများ သည် ကွက်သစ်များ လောင်သည့် မီးပမာ မြန်လှချေတော့၏ ။

“ ဝေ ရယ် ... ဝေ့ မှ မရရင် မောင် ကြောင်တောင်ကြီး သေရပါဘော့ မယ် ” အစရှိသော ရည်းစားစာကလေး ကို အသင့် ဖြစ်စေကာ ခင်နှင်းဝေ တစ်ယောက် တည်း ရှိစဉ် ပေါင်ပေါ်သို့ ပစ်ချ လိုက်၍ “ အဲဒီ သီချင်းသွားကို ကြည့်ပါဦး ” ဟု ကမန်းကတန်းပြောကာ အိမ်ပေါ် မှ ဆင်းလာခဲ့လေ၏ ။ မျက်နှာ ပူ၍ သာ ဆင်း လာရသည် ဘယ်ကို သွားရမှန်း မသိသဖြင့် ရွှေတိဂုံ ဘုရား ပေါ်သို့ တက်ကာ ရှိသမျှ ဆင်းတုများကို တစ်ကြိမ်စီ လိုက် ဦးချ ၏ ၊ ဦးချ တိုင်းလည်း “ ခင်နှင်းဝေကလေး နှင့် ပေါင်းဖော်ရပါလို၏ ” ဘုရား ဟူ သော ဆုကို တောင်းလေသည် ။ ဆင်းတုတော်ပေါင်း ၃၃၃ ဆူ ပြည့်သောအခါ ဆက်လက် ၍ ထိုင်ချည် ၊ ထချည် မပြုနိုင်တော့ဘဲ ပေါင်များ အောင့်ကာ အိမ်သို့ အနိုင်နိုင် ပြန်လာခဲ့ရလေတော့သည် ။

အိမ် ရောက်ရောက်ချင်း ခင်နှင်းဝေ အခန်းဘက် ငဲ့စောင်းကြည့်လိုက် ရာ သားအမိ နှစ်ယောက်စလုံး မရှိကြသဖြင့် ရင်ထဲတွင် ထိတ်ခနဲ တစ်ချက် ဖြစ်သွားပြီး သူ့ အခန်း ထဲ သို့ ဝင်လာခဲ့၏ ။ ခုတင် ပေါ်သို့ ခြေပစ်လက်ပစ် လှဲရန် ဖင်ထိုင် အချ လိုက်တွင် အပေါက် မှ ခင်နှင်းဝေ ဝင်လာသည် ကို တွေ့ရလေရာ “ အား ... ဝူးဝါး ...ဝူးဝါး ... ” နှင့် ယောင်အအ ဖြစ်နေပြီး မတ်တတ်စုံ ရပ်လိုက်မိတော့သည် ။

ခင်နှင်းဝေ ၏ မျက်နှာကား ဣန္ဒြေ တင်းလှ၏ ။ ကျော်ခေါင် ၏ မျက်နှာ ကို စေ့စေ့ကြည့်ပြီး လက်ထဲ မှ စာခေါက်ကလေး ကို ကျော်ခေါင် ၏ ခြေရင်းသို့ ပစ်ချလိုက်ပြီး..

“ ကိုကျော်ခေါင် ကို ဘုရား မှတ်လို့ ကိုးကွယ်ခဲ့တာ ဖွတ် ထွက်မှ တောင်ပို့ မှန်းသိတယ် ”

“ ဘုရား - တောင်ပို့ - တောင်ပို့ ... ဖွတ် ....  ဘာတွေ ပြောနေဘာလဲ ”

“ ကိုယ့် အပြစ် ကိုယ် မသိဘူးလား ”

“ ချစ် - ချစ် - ချစ်မိတာ အပြစ်လားဗျာ ”

“ အို - ရှည်ရှည် ပြော မနေပါနဲ့တော့ ။ ကျွန်မ မှာ ရည်းစား ရှိတယ် ဘယ်သူလဲ သိချင်သေးသလား ၊ အဖွဲ့ထဲ က စန္ဒရား တီးတဲ့ ကိုဖေဦး ... ”

ခင်နှင်းဝေ မှာ ပြောပြီးသည် နှင့်တစ်ပြိုင်နက် ချာခနဲ လှည့်ထွက်သွား တော့ရာ ကျော်ခေါင် သာလျှင် ယောင်ပေပေ နှင့် မျက်နှာငယ်ကလေး ကျန် ရစ်တော့သည် ။

“ ကိုဖေဦး - အဖွဲ့ ထဲက စန္ဒရား တီးတဲ့ ကိုဖေဦး ”

ကိုဖေဦး ကို ကျော်ခေါင် မြင်ဖူးပါသည် ။ စကားလ ည်း ပြောဖူးပါ သည် ။ ကိုဖေဦး မှာ ရာဇဝတ်အုပ်ကလေး ဖြစ်၏ ။ အသားဖြူဖြူ ... ရုပ်ဖြောင့်ဖြောင့်ပါပေ ။ ခင်နှင်းဝေ ကျမည် ဆိုကလည်း ကျစရာ ဖြစ်၏ ။ ကျော်ခေါင် သည် ယခုမှ ခုတင် ပေါ်သို့ ခြေပစ်လက်ပစ် လှဲမိ တော့သည် ။

“ ၃၃၃ ဆူသော ဘုရားရှင်များ .. ကယ်နိုင်တော် မမူကြတော့ဘူး ထင်ပါရဲ့ ... ”

•••••   •••••   •••••

“ ငါ သေမှပဲ ... မသေရင် အပြော နဲ့ အဟော နဲ့ ညီမှာ မဟုတ်ဘူး ”

ကျော်ခေါင် သေဖို့ စဉ်းစားရတော့သည် ။ တကယ် စဉ်းထားသော အခါ ဘယ်က စ၍ သေရမှန်း မသိ ။ ထုပ်ပေါ် က ဆွဲကြိုးချ သေရ လျှင် လည်း မျက်လုံး ပြူးကြီး နှင့် မသာ အရုပ်ဆိုးမည် ကို သူ ကြောက်သည် ။ အဆိပ်သောက်ရ လျှင် လည်း ရှုံ့မဲ့နေသော မျက်နှာကြီးက ပိုပြီး ဆိုးချေတော့မည် ။ နောက်ဆုံးတွင် ရေထဲ ခုန်ချသေမည်ဟု ဆုံးဖြတ်၏ ။

“ ဒါအကောင်းဆုံးပဲ ငါ ကလည်း ရေမကူး တတ်တော့ မချသေမှာပဲ .. ဒါပေမဲ့ အလောင်း ပြန်ပေါ်လာတဲ့ အခါ ပုဆိုး ပါ မလာရင်တော့ဒုက္ခပဲ ၊ အိုးထဲ ကျောက်ခဲတွေ ထည့်ပြီး ရေထဲ ခုန်ချမယ် ၊ ဒါမှ ပြန်လည်း ပေါ်မလာဘူး ။ ပြည်တော်သာ မသာ ... ပြည်တော်သာ မသာ နဲ့ နာမည် လည်း ကြီးမယ် ။ ခွ ကျတယ် နေ့ခင်းဘက် မှာ အိုးကြီး လည်ပင်း ဆွဲသွားရမှာ လည်း မဖြစ် ည ဘက် သွားမှပဲ .. ”

တစ်နေ့လုံး ခင်နှင်းဝေ ပေါ်မလာ  ။ ကျော်ခေါင် မှာလည်း သူ့ အကြံအစည် အတိုင်း အစီအမံများ ပြုလုပ်ပြီးလေပြီ ။

အချိန်ကား ညဉ့် ဆယ်နာရီခွဲ ခန့်ရှိ၏ ။

ကျော်ခေါင် သည် အိုးကလေး ပိုက်ကာ ပြတင်းပေါက် မှ ခုန်ချလာခဲ့ သည် ။ အိမ် နှင့် ငါးလှမ်းခန့် ကွာသော် အိမ်သို့ ပြန်လှည့် ကြည့်ပြီး .... တစ်ခါမျှ သူ သီချင်း မစပ်ခဲ့ဖူးသော အသုံးအနှုန်းများ ကို သုံးရင်း နှုတ်ဆက်မိတော့ သည် ။

“ ခင်စိမ်းပင်ကလေးရယ် .. ခင်မုန်းလှတဲ့ မျက်နှာမွဲကလေး တစ်ယောက် တော့ဖြင့် လောက က ပျောက်သွားရတော့မယ် ။ မနက်မှ ကြားရတဲ့ သတင်း ကို နားထောင်ပြီး ဝမ်းသာရစ်ပေတော့ .. ”

ကျော်ခေါင် သည် စိတ် ကို တင်းလိုက်ကာ ...မြ စ်ဘက် သို့ ထွက်လာခဲ့ လေ၏ ။ တကုပ်ကုပ်နှင့် လျှောက်လာခဲ့လေရာ ၊ ဗိုလ်တထောင် စေတီတော် အလွန်တွင် နောက်မှ နေ၍ ကုပ် ကို ရဲသား ဆွဲ လေတော့၏  ။

“ ဟေ့ကောင် ... ငြိမ်ငြိမ်နေ ၊ ငါတို့ သတင်း ရထားပြီးသား မင်း လက်ထဲ က ဟာ .. ဘာလဲ ”

ကျော်ခေါင် ၏ ရင်ထဲ တွင် တဒိတ်ဒိတ် ခုန်လှသည် ။ ရဲသား ကို ကြောက်၍ မဟုတ် ၊ သူ မသေရမှာ ကြောက်၍ ပင် ဖြစ်၏ ။

“ ဟေ့ကောင် .... ပြောလေ... ”

“ ကျောက်ခဲတွေ ထည့်ထားတဲ့ အိုးပေါ့ ”

“ ဘိန်းတွေ ပါတယ် မဟုတ်လား ... ”

ရဲသား မှာ နှစ်ယောက် ဖြစ်၍ အခြား တစ်ယောက် က မေးလိုက်ခြင်း ဖြစ်သည် ။

“ ကျောက်ခဲ ပါ ဆိုမှ ဘယ်က ဘိန်းလဲ ”

ရဲသား တစ်ယောက် က နားရင်းပစ် အုပ်လိုက်၏ ။

“ ပေးစမ်း ... မင်း လက်ထဲက အိုး... ”

ပြောပြောဆိုဆိုနှင့် လက်ထဲ က အိုး ကို ဆွဲလေရာ ... ကျော်ခေါင် က လည်း ဇွတ် ပြန် ဆွဲယူရင်း ပြောမိပြောရာ ပြော လိုက်လေ၏ ။

“ ကျုပ်က ဘိုးဘိုးကြီးဂိုဏ်း က ဗျ ၊ ဓာတ်ဆင် မလို့ ယူလာတာ ... ”

ရဲသား တစ်ယောက် က နားရင်း အုပ် လိုက်ပြန်လေ၏ ။

“ ခင်ဗျားတို့ က ဘယ်နှာ တဖတ်ဖတ် အုပ် နေရတာလဲဗျ နာတယ် ... ”

“ နာ ရင် .. မင်း လက်ထဲ အိုးပေး ”

ပေးမည် ဝေးစွ ၊ ကျော်ခေါင် မှာ ဆောင့်ပင် ပြန်ဆွဲ လိုက်သည် ဖြစ်ရ ကား ။ လက်တစ်ဖက် စီ အိုး ကို ကိုင် ထားကြသော ရဲသားများ မှာ ရှေ့သို့ ပြုံပါလာကာ ခေါင်း သုံးလုံး ပြိုင်၍ “ ခွပ် ” ခနဲ ဆောင့်မိ ကြပြီး သုံးယောက်သား ချာလည်လည် သွား ကြလေ၏ ။

ထိုခဏ၌ အနား သို့ ရာဇဝတ် တစ်ယောက် ရောက်လာကာ ...

“ ဟေ့ကောင်တွေ ဘာဖြစ် နေကြတာလဲ ” ဟု မေးလိုက်သည် တွင် ရဲသားများ မှာ ကမန်းကတန်း စုံ ရပ်လိုက်ပြီး ၊ “ ဒီကောင် ... အိုး ထဲမှာ ဘိန်း တွေ ထည့်လာတယ် ထင်တယ်  ၊ ကျွန်တော်တို့ ကြားရတဲ့ သတင်း က သိပ် မသေချာပေမယ့် မှန်ပုံ ပေါ်တယ်ဆရာ ... ” ဟု ဖြေလိုက်ရာ ရာဇဝတ်အုပ် သည် ကျော်ခေါင် မျက်နှာ ကို သေသေချာချာ ကြည့်လိုက်ရင်း “ ဟာ ... ကိုကျော်ခေါင် ပဲ ” ဟု လက်မောင်း ကို ကိုင်၍ နှုတ်ဆက်လိုက်၏ ။ ကျော်ခေါင် မှာ ရာဇဝတ်အုပ် ၏ မျက်နှာ ကို ကြည့် လိုက်ပြီး ထွက်ပြေးချင်စိတ် ပေါက်လာလေတော့သည် ။

“ ကို ... ဖေ  ..  ဦး ”

“ ဟုတ်ကဲ့ ... ကျွန်တော်ပါ ပဲ ။ ခင်ဗျား က အချိန် မတော်ကြီး မှာ ဘာ လာလုပ်တာလဲ ”

ကျော်ခေါင် မှာ ဝမ်းနည်း လာလေ၏ ။ ရင် ထဲ မှ လည်း လိပ်၍ လိပ်၍ တက်လာသည် ။

“ မမေးပါနဲ့တော့ ကိုဖေဦး ရယ် .. ကျွန်တော် က ကံဆိုးတဲ့ လူပါ ... ခင်ဗျား က ကံကောင်းတဲ့ သူပါ ၊ ကျွန်တော် ရေးခဲ့တဲ့ ... ခင် နဲ့ မောင်နဲ့ တူနှစ် ဖြာ .. ပျော်ရွှင်ကြတဲ့ မင်္ဂလာဦးည မှာ လစန်းဝါကြယ်တစ်သင်း နဲ့ ဝင်းပ စွာ ဆိုတဲ့ မင်္ဂလာဦး တေးသံသီချင်း ကို ကျွန်တော် မဆိုရတော့ပါဘူးဗျာ ... ”

ကိုဖေဦး သည် အားရပါးရ ရယ်လိုက်သည် ။

“ ရယ်ပါ ... ရယ်ပါ ... ခင်ဗျား ကတော့ ရယ်နိုင်တာပေါ့ဗျာ ။ ရေနစ်သေ တော့မယ့် မသာလောင်းကလေး ရှေ့မှာ ရယ်ရက်ပါရဲ့ဗျာ ”

“ ခင်ဗျား က သီချင်း စပ် နေတုန်းပဲလား .. ”

“ ထွတ် ... ဒါ ငိုချင်းဗျ ။ သွားဗျာ ...ခင်ဗျားတို့ မရှုပ်နဲ့ ”

ကိုဖေဦး မှာ ဆက်လက် ရယ်မောရင်း ၊ ကျော်ခေါင် ကို အတင်း ပြန်ဆွဲ လာပြီး အိမ်ရှေ့သို့ ပို့ပေးလေ၏ ။ ကျော်ခေါင် မှာ သူ့ အကြံ မအောင်တော့ သည် ဖြစ်ရကား ၊ စိတ်ပျက်ပျက် နှင့်ပင် ထွက်လမ်း ပြတင်းပေါက် မှ ပင် ပြန် ဝင်ပြီး အိပ်ရာ ပေါ် တွင် လူးလှိမ့်မိ ရာက မှေးတစ်မှိတ် မျှ ပျော်သွား လေတော့သည် ။

နောက် နေ့တွင် ခင်နှင်းဝေ ရောက်လာကာ ...

“ ကိုကျော်ခေါင် .. သီချင်း ရေးပေးပါဦး ”

ကျော်ခေါင် ၏ ရင်ထဲ တွင် ဆို့လာသည် ။ သို့သော် သူ ခင်နှင်းဝေ ကို တန်ပြန် ညှဉ်းနိုင်စွမ်း မရှိရကား သီချင်း တစ်ပုဒ် ကို ရေးရတော့သည် ၊ ကလောင်သွား သည် ရေးသူ ၏ နှလုံးကြေးမုံ ဖြစ်ရကား ...

“ အသည်းနှလုံးတွေ ပျက်ကြေပြုန်းစေတော့ ... ပြုံး လို့သာ ခံပါတော့ မည် .. ကြင်သက်ဝေ ရှောင်ဖယ်တိမ်း စိမ်းနိုင်ရက်တော့သည် ... ” အစချီသော “ စိမ်းအားသူ ” သီချင်းကလေး သည် ညဦး လေယာဉ် ကို စီးကာ သောတရှင် တို့ အား ခင်နှင်းဝေ ၏ အသံ ဖြင့် ငိုင်တိုင်သွားသည် ကို အချို့ သူများ မှတ်မိကြပေ လိမ့်မည် ။

ဤ သီချင်း အသံလွှင့်ပြီး သွားသော နေ့ ၏ နောက် တစ်နေ့ တွင် ကျော်ခေါင် ၏ အနားသို့ ခင်နှင်းဝေ သည် ပြုံးရွှင်စွာ ကပ် လာပြန်တော့၏ ။

ကျော်ခေါင် ကား ဆောင့်ကြောင့် ထိုင်၍ မှိုင်ဆဲ ပင် ...

“ ကိုကျော်ခေါင် .. ”

“ သွားပါဗျာ ... ”

“ ဘာဖြစ်နေတာလဲရှင့် ”

“ သေတော့မလို့ ”

“ ဘာရောဂါနဲ့လဲ ”

“ ပြုစားတဲ့ စုန်းမ က မေးရသေးသလားဗျာ .. ”

ခင်နှင်းဝေ သည် နှစ်ခြိုက်စွာ ပြုံး လိုက်လေသည် ။

“ ဪ .... ကိုကျော်ခေါင် - ကိုကျော်ခေါင် ”

“ အခုတော့ မသေသေးပါဘူးဗျာ ... ”

“ ရှင် , တော်တော် အ တယ် ။ ရှင့် သီချင်းတွေက အလွမ်းသီချင်း နည်း နေတယ် ။ အလွမ်းသီချင်း ကို ပြည်သူလူထု က ပိုကြိုက်လို့ ရှင့် ကို ရေးနိုင် ပါစေတော့လို့ ကျွန်မ က တမင် လုပ်တာ ၊ ကိုဖေဦး က လူပျို မဟုတ်ဘူး ၊ သူရယ် .. သူ့ မိန်းမရယ် က အကြံပေးလို့ လုပ်ရတာရှင့် ”

ကျော်ခေါင် သည် လွှားခနဲ ထ ခုန်မိတော့၏ ။

“ အဟုတ် ပြောတာလား ဝေ - ဝေ ... အဟုတ်ပြောတာလား ... ”  

“ တော်ပါ ...အခုမှ ကဲ မနေပါနဲ့ ”

ကျော်ခေါင်သည် ကြိတ်မနိုင် ခဲမရ ဟန်မျိုးဖြင့် ... တဖြည်းဖြည်း ကပ် လာစဉ် ခင်နှင်းဝေ က -

“ အနား ကပ်မလာနဲ့ ရှင့် ကို ပြောစရာ ကျန်သေးတယ် ။ ရှင် ရေးခဲ့တဲ့ အလွမ်းသီချင်း က ကောင်းတော့ ကောင်းပါရဲ့ ခေတ်မဆန်ဘူး ။ ခေတ်ဆန် ဆန် အလွမ်းသီချင်း တစ်ပုဒ် ရေးပေး မှ ရှင့် ကို ချစ်နိုင်မယ် ”

နာမည် ကြီးနေသော ကျော်ခေါင် အဖို့ မခဲယဉ်းတော့ပါ ။ တက္ကသိုလ် ကျော်ခေါင် ဆိုလျှင် “ သကာရေ သီချင်းသံ ”  “ ဂီတအိမ်ကြီး ” “ သီချင်း ဆိုတဲ့လူ ” “ ပထမတန်း ”စသော ဂီတစာစောင်များ က အတင်း ချော့၍ ဖော်ပြကြရပါ သည် ။

ထို မခေသော ကျော်ခေါင် သည် အချစ် အတွက် အလွမ်း လက်စွမ်းပြ တော့သည် ။

သို့ဖြင့် “ လွမ်း၍ ငိုသည် ” ဟူသော သီချင်း ကို စာဖတ်သူများ ပင် ရကောင်း ရပါတော့မည် ။ ဤ သီချင်းကလေး ဖြင့် ကျော်ခေါင် နှင့် ခင်နှင်းဝေ တို့ ၏ ချစ်လမ်းကြီး ပေါ်ပေါက်လာရလေတော့သည် ။

ဒေါ်သင်းမြကြီး ကား ထို သီချင်းစာ ကို ရှုံ့ မဲ့စွာ ဖတ်နေဆဲ ပင် ။

“ ရွှေလသာဝါဝါဝင်း ၊ ဇီနာ ရေချိုးဆင်း ၊ ကျွန်တော် လွမ်းလိုက်တာ ၊
ခင့်မျက်နှာ ကွင်းခနဲ ကြည့်လိုက်တိုင်း မြင်မိတယ် ။ စွဲသနော် ... စွဲသနော် အောင်မယ်လေးဗျ စွဲလှသနော် ၊ သနားပါဗျာ .. ။

သူ့ ရုပ်ကလေးက တော်တော်နိပ်တယ် ၊ သေဟဲ့ နန္ဒိယ ။ ဝင်းဝါရွှေသွေး ၊ တာတေ တောက်တဲ့ကြီး တူနဲ့ ထု ။ သေတ္တာ ထဲ ထည့် တွံတေး မှာ တီ နဲ့ တို့ တယ့်နယ်တူနယ်တောင် ... ”

ဒေါ်သင်းမြ ၏ မျက်နှာ ကို ဖော်ပြရ လျှင် စာရှုသူ အဆွေ တို့ ခုနစ်ရက် ထမင်း မစားနိုင်ကြမည် ဖြစ်သဖြင့် ဤမျှနှင့် ပင် ရပ်နားပါရစေ ။

⎕ ‌ကြပ်ကလေး

📖 သွေးသောက် မဂ္ဂဇင်း

📖 အောက်မေ့ဖွယ် ဟာသဝတ္ထုများ( ၉ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment