Friday, October 4, 2024

စာအုပ်စာပေ သူ့ မိတ်ဆွေ



 

❝ စာအုပ်စာပေ သူ့ မိတ်ဆွေ ❞

သူ နဲ့ ဆက်ဆံဖူးသူတိုင်း က သူ့ ကို ပွင့်လင်းရိုးသားသူ တစ်ယောက် လို့ အသိအမှတ် ပြုကြတယ် ။

သူ့ မျက်နှာ ပေါ် မှာ အပြုံး ကို အမြဲ လိုလို တွေ့ နိုင်တယ် ။ သူ စိတ်ဆိုး နေတာ ကျွန်တော် မတွေ့ဖူးဘူး ။ ဒေါသ ထွက်နေရင် တောင်မှ ပြုံးပြုံးကြီး ဒေါသ ထွက်မယ့် သူ လို့ ကျွန်တော် ထင်ပါတယ် ။

ကိုသန်းဌေး က ပြည်မြို့သား ဖြစ်တယ် ။ ယခုအခါ မန္တ လေးမြို့ မှာ သူ အခြေချ ပြီး နေတယ် ။ သူ့ ဥတ္တရလွင်ပြင် စာအုပ်ဆိုင် က စာကောင်းပေကောင်း နှစ်သက် သူတွေ မွေ့လျော်ရာ နေရာ ဖြစ်ပါတယ် ။

ရန်ကုန်တက္ကသိုလ် က ဘူမိဗေဒ ဘာသာရပ် နဲ့ သိပ္ပံဘွဲ့ ရတဲ့ ပြည်မြို့သား ၊ မန္တလေး မှာ စာအုပ်ဆိုင် နဲ့ အခြေချ တဲ့ ဘဝ ကလည်း ထူးခြားပါတယ် ။

••••• ••••• •••••

ပထမဆုံး ကျွန်တော်  စာအုပ် စ ရောင်းခဲ့တာ က ရန်ကုန် မှာ ။ အင်းစိန်လမ်းမ ၊ ဦးထွန်းလင်း ခြံပေါက်ဝ ဘတ်စ်ကား မှတ်တိုင် မှာ စ ရောင်းတာ ။ ၁၉၇၃ ခုနှစ် လောက်ကပေါ့ ။ ဘွဲ့ရပြီး နောက် ဘွဲ့လွန် ဆက် တက်မယ် ရည်ရွယ်ချက် နဲ့ ရန်ကုန် မှာ ခိုကပ် နေတဲ့ ကာလ ။ အိမ် ကို လည်း ပိုက်ဆံ ပြန် မတောင်းချင်တာ နဲ့ ကိုယ့် ပိုက်ဆံ နဲ့ ကိုယ် နေမယ် ဆိုပြီး စာအုပ် အဟောင်း စ ရောင်းတာ ။

ကျောင်းသား ဘဝ မှာ အချို့စာအုပ်တွေ ကို နှစ်ခါ ဝယ် ၊ သုံးခါ ဝယ် မိထားတာ ရှိတယ် ။ အချို့ စာအုပ်တွေ ကို ဝယ်တုန်း က ဝယ်မိပေမယ့် ခု မကြိုက်တော့ဘူး ။ အချို့ စာအုပ် က ပထမအကြိမ် ရိုက်တာ ရှိတယ် ။ ဒုတိယအကြိမ် နှိပ် တော့လည်း ထပ် ဝယ်တယ် ။ ဒါနဲ့ ပထမနှိပ် ကို ပြန် ရောင်းတယ် ။ ဒါတွေ ခင်း ရောင်းရရင် အဆင်ပြေမှာပဲ ဆိုပြီး ပလက်ဖောင်း ပေါ်မှာ ခင်း ရောင်းတာ ။

နေတာ က ရိုးမရိပ်သာ မှာ ၊ အခန်း ငှား နေတာ ။ ညနေ သုံးနာရီ လေးနာရီ ဆိုရင် ဆိုင်ခင်း ။ ခြောက်နာရီ ခုနစ်နာရီ ဆို ဆိုင်သိမ်း ။ ကျွန်တော် ဆိုင် ဖွင့်တဲ့ နေရာ ကလည်း နေရာ ကောင်း ။ ညနေ လေးနာရီ လောက် ဆိုရင် ကျောင်းဆင်း ၊ တက္ကသိုလ် ထဲ က လည်း တစ်အုပ်ကြီး ထွက်လာပြီ ။ အရမ်း ကို စည်တာ ။ ကားဂိတ် က လည်း လူတွေ ဆင်းလာပြီ ။

အဲသည် အချိန်က စာအုပ် ရှားခါစ ။ နံပါတ်တစ် စ ရှားတာက ဗန်းမော်တင်အောင် ။ ဗန်းမော်တင်အောင် စာအုပ် က ရှားပေမယ့် ပြန်လည်း မရိုက်ဘူး ။ ဝယ်သူတွေ က ဗန်းမော်တင်အောင် စာအုပ် ဆို အသေရရ အရှင်ရရ ပေါ့ ။ ကိုယ့် မှာ လည်း ဝယ်ထား ပြီးသား စာအုပ်တွေ အဆင်သင့် ရှိတယ် ။ စာအုပ် ဘယ်နေရာ တွေ က ရနိုင်တယ် ဆိုတဲ့ လမ်းကြောင်း လည်း ကိုယ် က သိတယ် ။ ရန်ကုန် တစ်မြို့လုံး က စာအုပ်ဆိုင်တွေ ကို မွှေနေကျ မို့ ဘယ်မှာ ဘာရှိတယ် သိနေတယ် ။ စာအုပ် လိုချင်သူ က ယူမယ် ကမ်းလှမ်း လာတာနဲ့ ရမယ် ။ မနက်ဖြန် လာ ယူလှည့် ပြောပြီး ရှိတဲ့ နေရာ သွား ယူလိုက်တာပဲ ။ ဘယ်စာအုပ် ကို ပရိသတ် ဘယ်လောက် ကြိုက်တယ် ။ ဘယ်စာအုပ် က ရှားတယ် ။ ဘယ်စာအုပ် ကို ဘယ်ဈေး ခေါ် ရင် ရတယ် ဆိုတာ ကို ကျွန်တော်  ကောင်းကောင်း သိသွားပြီ ။

ကျွန်တော် ရည်ရွယ်တာ က ဘွဲ့လွန် ဆက် တက်မယ်ပေါ့ ။ တစ်နေ့တော့ ထားဝယ် ကံပေါက် ဘက် က UNDP project မှာ လုပ်နေတဲ့ သူငယ်ချင်း တစ်ယောက် ရောက်လာတယ် ။ ငါတို့ အလုပ် မှာ လူ လို နေတယ် ။ လိုက်မလားတဲ့ ။ အလုပ် က ဟိန်းဇဲ ၊ ဟာမြင်းကြီး ၊ ထားဝယ် ၊ ကံပေါက် ၊ မြိတ် ၊ ဘုတ်ပြင်း ဘက်မှာ of shore ( ကမ်းလွန် ပင်လယ်ပြင် ) အလုပ် ။ ပင်လယ်ရေပြင် အောက် မှာ အစမ်း တွင်းတွေ လိုက် တူးပြီး ခဲမဖြူ ၊ အဖြိုက်နက် ပါဝင်နှုန်း စမ်းတာ ။ ကျွန်တော် ကလည်း တစ်ခါမှ ပင်လယ် ကို မထွက်ဖူးဘူး ။ ဒါနဲ့ လုပ်မယ်ကွာ ဆိုပြီး ချက်ချင်း လိုက်ချသွားတာ ။ စာအုပ်တွေ ကိုတော့ ထုပ်ပိုး သိမ်းဆည်း ပြီး ထားပစ်ခဲ့တော့ တာပေါ့ ။

အစမ်းတွင်းတွေ ကို ကုန်းမြေပေါ်  လမု ၊ ကနစိုတောတွေ ထဲ မှာလည်း တူးရ တယ် ။ ကမ်းစပ် လည်း တူးရတယ် ။ ပင်လယ် ထဲ လည်း တူးရတယ် ။ အချို့တွင်း က ဝေးဝေးလံလံ ၊ အချို့က နီးနီးနားနား ။ Survey ( မြေတိုင်း ) အဖွဲ့ က တိုင်းတာ ပြီး လုပ်ကွက်တွေ လိုက်ချတယ် ။ အေဝမ်း ၊ အေတူး ၊ အေသရီး ၊ အေဖိုး ၊ ဘီဝမ်း ၊ ဘီတူး ဆိုတာမျိုးတွေပေါ့ ။ ဒါကို လိုက် တူးပြီး ထွက်လာတဲ့ မြေစာ ထဲက သတ္တု ပါဝင်နှုန်း ဘယ်လောက် ရှိသလဲ ကြည့်ရတာ ။

ပင်လယ် ထဲ မှာ သံဖောင် နဲ့ တူးတယ် ။ သံဖောင် နှစ်ခု ကို တွဲ ၊ သည်ပေါ် မှာ အမိုး မိုး ။ စက်ကိရိယာတွေ ဆင် ၊ ဖောင်နှစ်ခု ကြား ကနေ ရေအောက် ကို ပိုက်လုံး တွေ ဆက် ဆက်ချပြီး အောက်ခံ ကျောက်သား ရောက်တဲ့ အထိ တူးရတာ ။ ပေ ၁၇ဝ ၊ ၁၈ဝ နက်တဲ့ အခါ နက်တယ် ။

ပီပါဖောင် လည်း ရှိတယ် ။ ပီပါခွံ ၄၈ လုံး ကို ဆက် ၊ ဖောင်ဖွဲ့ အမိုးမိုး ။ ပါးစပ်ပေါက် ချန်ထားတဲ့ နေရာ ကနေ အောက် ကို တူးချရတယ် ။

ပင်လယ်ပြင် မှာ ရာသီဥတု ကတော့ တစ်သမတ်တည်းပဲ ။ ၁၂ ရာသီပတ် လုံး နေ့ရောညပါ လိုလို မိုး က ရွာ နေတာ ။ အောက် က အစို အပေါ်ပိုင်း ကလည်း အစို နေကြတာ ။ အဲသည် ကတည်း က ကိုယ့် ကိုယ် ကိုယ် တစ်သက်လုံး အအေးမိ တဲ့ ရောဂါ မဖြစ်နိုင်တော့ဘူး လို့ သိလိုက်တယ် ။ ဒါထက် ဆိုးတာမှ မရှိနိုင်တော့ ပဲကိုး ။

ဘယ်လောက် အထိ ပွဲကြမ်းသလဲ ဆိုရင် မိုးတွင်း မှာ လေပြင်းမုန်တိုင်း ကြောင့် သံဖောင် က အထက်အောက် ဇောက်ထိုး ပြောင်းပြန် လန် ထွက်သွားတာ ။ စောင်းပြီး နစ်တာ မဟုတ်ဘူး ။ မှောက် သွားတာ ။ စက်ကိရိယာတွေ အကုန်လုံး ပင်လယ် ထဲ မြုပ်ကုန် လို့ ရေငုပ်သမား ခေါ်ပြီး ပြန် ငုပ်ယူရတယ် ။ လူတွေ ကတော့ ရေသူရဲတွေ ချည်းမို့ အသေအပျောက် မရှိဘူး ။

စခန်းချ တော့လည်း ပင်လယ်ကမ်းခြေ က အဆင်သင့်ရာ နေရာ မှာပေါ့ ။ ဘုန်းကြီးကျောင်းတို့ ဇရပ်တို့ မှာ စခန်းချတဲ့ အခါ ချတယ် ။ ပင်လယ်ကမ်းစပ် က ရွာ ဆိုတော့ ပျော်စရာ ပါးစရာ လည်း မရှိဘူး ။ မှတ်မှတ်ရရ နေခဲ့ဖူးတဲ့ ရေငန်ကြီး ရွာ ဆိုရင် တစ်ရွာလုံး မှ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ပဲ ရှိတာ ။ တရုတ်မ လင်မယား ဖွင့်တာ ။

ရေငန်ကြီး ကို ကျွန်တော် တို့ ရောက်တဲ့ အချိန် က အပီအပြင် မိုးတွင်းကြီး ။ လှိုင်းလေ ထန်လွန်းလို့ ကမ်းရိုးတန်း သွားတဲ့ ပါစင်ဂျာလှေ တစ်စီး မှ ရွာ ကို လာ မကပ်ဘူး ။

ကျွန်တော် တို့ က ကျောင်းဆင်းစ ဘွဲ့ရခါစ လူငယ်တွေ ။ တအား တက်ကြွ နေတဲ့ အချိန်ပေါ့ဗျာ ။ ဘာမဆို လုပ်မယ် ဆိုတဲ့ အရွယ်တွေ ။ ဘူမိဗေဒ ကျောင်းသား ဆိုတော့ ကျောင်းတုန်း ကလည်း နှစ်စဉ် ကွင်းဆင်း နေကျ ။ ခပ်ကြမ်းကြမ်း သမားတွေ ။ အလုပ် ထဲ မှာ တွေ့ ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကလည်း ကျောင်း တုန်း က တွေ့နေကျ ကိုယ့် လူတွေ ချည်းပဲ ။

ရွာသူ အပျိုချောတွေ ကလည်း အများကြီး ။ ကျွန်တော် တို့ ကောင်တွေ က စာတိုက် ကနေ ကိုယ့် အိမ် ကို ငွေ ပြန် ပို့နေကျ ဆိုတော့ ဘယ်သူ လခ ဘယ်လောက် ရတယ် ။ ဘယ်မြို့ က ဆိုတာ အထိ အားလုံး သိတာပဲ ။ ကံပေါက် မှာ ကျွန်တော့် သူငယ်ချင်းတွေ အများကြီး အိမ်ထောင်ကျ ကုန်တာပေါ့ ။ Project က နှစ် နဲ့ ချီပြီး အကြာကြီး လုပ်ရတာကိုး ။ ကျွန်တော် ကတော့ အမျိုးသမီး တစ်ယောက် ကို ဘယ်လို ချဉ်းကပ်ရမယ် ဆိုတာ မတတ်သေးဘူးလေ ။

၁၉၇၃ ၊ ၁၉၇၄ မှာ အဲသည် UNDP project ကို လုပ်ခဲ့တယ် ။ အဲသည် တုန်း က ပြည်ပြေးတွေ ရှိသေးတယ် ။ ပြည်ပြေး နဲ့ တိုက်ပွဲ ဖြစ်လို့ project ကို ယာယီ နားလိုက်တာ ။

ကျွန်တော် တို့တောင် ကံကောင်းလို့ မသေတာ ။ အဲသည် နေ့ က မှတ်မှတ်ရရ ပါပဲ ။ ကျွန်တော် တို့ လုပ်ကွက် က အဝေးဆုံး ။ ပြီးတော့ ပင်လယ် ထဲ ထွက်တာ ဒီရေ နဲ့ ထွက်ရတာ ။ ဒါကြောင့် ထိပ် ကနေ ဦးဦးဖျားဖျား ထွက်ချ သွားတယ် ။ ကျွန်တော် တို့ နောက် က ထွက်တာ က officer ( အုပ်ချုပ်သူ ) ပါတဲ့ လှေ ။ အဲသည် လှေ မှာ လုံခြုံရေး တပ်စိပ် တစ်စိပ် ပါတယ် ။ အဲသည် လှေ ကို ပြည်ပြေးအဖွဲ့ က ဝင် တိုက်တာ ။ အပြန်အလှန် တိုက်ပွဲ ဖြစ်ကြတာ ။

တိုက်ပွဲ ဖြစ်တော့ ကျွန်တော် တို့က အဝေးကြီး ရောက် သွားပြီ ။ ကျွန်တော် တို့ မှာ walkie-talkie ( လမ်းလျှောက် စကားပြောစက် ) တွေ ပါကြတယ် ။ နောက် လှေ က ကျွန်တော် တို့ လှေ ကို လှမ်း ဆက်သေးတယ် ။ ကျွန်တော် တို့ က ဧရိယာ အစွန် ကို လည်း ရောက်သွား ။ လမုတော ၊ ကနစိုတောတွေ ခံ နေတော့ disturbance ( အနှောင့်အယှက် ) တွေ များပြီး walkie-talkie ချိတ် လို့ မရတော့ဘူး ။ သူတို့ စိတ် ထဲ ကျွန်တော် တို့ တော့ ဂိမ်းသွားပြီပေါ့ ။

အချိန်ကုန် လို့ ပြန်လာရင်း လမ်း တစ်ဝက် လောက် ရောက် လို့ ကျွန်တော် တို့ က walkie-talkie လှမ်း ဆက်တော့ ချိတ်မိတယ် ။ ဟိုက ခင်ဗျားတို့ ဘာဖြစ် သေးလဲ ၊ ချက်ချင်း ပြန်လာ ၊ အမြန် ပြန်လာ ခေါ်တယ် ။ ကျွန်တော် တို့ လှေ ကမ်း ပြန် ရောက်တော့ ရွာ က လူတွေ လာ ကြည့်တာ ကမ်းလုံး ညွတ်မျှ ပဲ ။ အဲသည်မှာ ကျွန်တော် တို့ သတ္တုရှာဖွေရေး ကို ယာယီ စခန်းသိမ်းကြစို့ရဲ့ ဆိုပြီး နားလိုက် တာ ။ ကျွန်တော် လည်း မိဘရှိ ရာ ပြန်ချလာတယ် ။

▢ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment