❝ ဖြူလွှလွှ တိမ်တိုက် တစ်ခု၏ မီးခိုးရောင် အနားသ,တ် ❞
အခန်း ( ၁ )
နံရံ ပေါ် တွင် ရှိသော တိုင်ကပ်နာရီ မှ အပ အရာ အားလုံးသည် တိတ်ဆိတ် ငြိမ်သက်နေ၏ ။ လှုပ်ရှားမှု နောက် တစ်ခု ကို စတင်လိုက်သူ က မြမှီ ပင် ဖြစ်သည် ။ မြမှီ ကုတင် ပေါ်မှ ညင်သာစွာ ထလိုက်ပြီး ခြေရင်း ဘက်ရှိ ပြတင်းပေါက် တံခါး ကို ဖွင့် လိုက်သည် ။ လေနုအေး တို့က တံခါးဝ ကို အတင်း တိုးဝှေ့ကာ အခန်းတွင်း သို့ အလုအယက် ဝင်လာကြသည် ။ ထို လေနုအေးများ က မြမှီ မျက်နှာပြင် တစ်ခုလုံးကို လာရောက် ထိတွေ့ကြ၏ ။ နှာဖျားကို ပွတ်သပ်ကြ၏ ။ ဆံစတို့ ကို ကျီစယ်၏ ။ မြမှီ သည် ထိုလေနုအေးများအား ကုန်သွားမည် စိုးသည့် အလား အငမ်းမရ ရှူရှိုက် လိုက်၏ ။ သင်းသင်းလေး မွှေးသော ရနံ့တစ်ခု ကို မြမှီ ရှူမိ၏ ။ ဆောင်တော်ကူးပန်း ရနံ့ဖြစ်သည် ။ မြမှီ တို့ အိမ်ဘေး ဘယ်ဘက် ခြံစည်းရိုး ပေါ်မှာ ဆောင်တော်ကူးပင် ရှိသည် ။ လွန်ခဲ့သော တစ်ပတ်ကျော် က ဆောင်တော်ကူး အဖူးကလေးများ ကို မြမှီ သတိထား မိသည် ။ ယခု ထိုအဖူးကလေးများ ပွင့်သွားခြင်း ဖြစ်မည် ။ ဒီလို ရာသီမျိုးမှာ ဆို မြမှီ တို့ အိမ်ရှေ့ ခြံထောင့်တွင် ရှိသော မြတ်လေးပန်းရုံ လည်း ပွင့်တတ်ကြသည် ။ အရောင်အသွေး မတူ ၊ အရွယ် မတူ ၊ ပုံသဏ္ဌာန် မတူကြသော သစ်ခွမျိုးစုံ ကလည်း အပြိုင်အဆိုင် ပွင့်တတ်ကြသည် ။ ထိုအခါမျိုးတွင် မြမှီ သည် ခြံထဲ အစောကြီးဆင်းကာ သစ်ခွပန်းများ ချိုး တတ်သည် ။ မြတ်လေးပန်းများ ခူး၍ ဘုရားကပ် တတ်သည် ။ ထိုသို့ ပြုမူရသည် ကို မြမှီ အလွန် နှစ်ခြိုက်သည် ။ ယခုလည်း ခြံ ထဲ ဆင်း၍ ပန်းခူးရန် မြမှီ တွေး နေသည် ။ ရုတ်တရတ် တိုက်လာသော ဆောင်းလေကြမ်း တစ်ချက် ကြောင့် ကြက်သီးများ ထ သွားသည် အထိ စိမ့်အေးသွားသည် ကို မြမှီ သတိထား လိုက်မိ၏ ။ ခုတင်ဘက် သို့ ကပျာကယာ လှည့် ကြည့်မိသည် ။ စောင်ဗလာ နှင့် တစ်ဖက်စောင်း အနေအထားလေး ခပ်ကွေးကွေး အိပ်ပျော်နေသော သူ့ ကိုမြမှီ သ နား သွားမိသည် ။ ခြေသံကို ဖွဖွနင်းကာ ကုတင်နား သွား၍ သူ့ ပုခုံးစပ် ထိ ရောက်အောင် မြမှီ စောင်ခြုံ ပေး လိုက်သည် ။ နဖူး မှ ဆံစ တစ်ချို့ ကို လက်ဖြင့် အသာအယာ သပ်တင်၍ သူ့ မျက်နှာ ကို ကြင်နာစွာ ကြည့်လိုက်သည် ။ ညအိပ်မီးရောင်အောက် မှာပင် သူ့ မျက်နှာ ၏ ကောက်ကြောင်း ကို မြမှီ ကောင်းစွာ သိ၏ ။
မကျဉ်းမကျယ်သော နဖူးပြင် အောက်တွင် မျက်ခုံးထူကြီး နှစ်ခုက အထင်း သား ရှိသည် ။ အနည်းငယ် ချိုင့်နေသော မျက်တွင်းများ ကြောင့် နှာတံ မှာ ပို၍ပင် ပေါ်လွင် နေတော့သည် ။ သူ့ အသားအရည် မှာ အညိုဘက် သို့ ရောက် သော်လည်း မွဲခြောက်နေခြင်းမျိုး တော့ မဟုတ်ပေ ။ နားထင် နှင့် ပါးရိုးအကျ တို့က သုံးဆယ့်ငါးနှစ် ဆိုသော အသက်နှင့် မလိုက်ဖက် အောင် သူ့ကို ပို၍ အိုစာ စေပါသည် ။ အမှတ်တစ်မဲ့ ကြည့်လျှင် သူ သည် အဖိုးအိုပေါက်စကလေး နှင့်ပင် တူနေတော့သည် ။ ထို အဖိုးအို ပေါက်စကလေး သည် မြမှီ ၏ ခင်ပွန်း ပင်ဖြစ်သည် ။ သူ့ ပါးအေးအေး ကို နမ်းရင်း သူ့ ကျောပြင် ကို သပ်ပေး နေမိသည် ။ သူ အိပ်နေပုံ က မြမှီ မျက်လုံး ထဲ တွင် ကလေး ငယ် တစ်ယောက် လို အပြစ် ကင်းနေသည် ။ မြမှီ ကုတင်ဘေး မှ ခွာပြီး မီးဖိုခန်း ကို ဝင်လိုက်၏ ။ သူ မနိုးခင် သူ နှင့် သမီး နှစ်ယောက် အတွက် မနက်စာ ပြင်ဆင်ရမည် ။ လှုပ်ရှားမှုတိုင်း ညင်သာဖို့ လိုသည် ။ သို့မဟုတ်ရင် သူ နိုးသွားနိုင်သည် ။ သူ အိပ်ရေး မဝဘဲ နိုးသွားပါ က ငြူစူမည် ။ မြမှီ ကို အလိုမရှိသော မျက်လုံးများနှင့် ကြည့်မည် ။ မြမှီ လုပ်ပေး သမျှ ကို မနှစ်မြို့ဟန် ပြုမူမည် ။ သူစိမ်း ဆန်သော စကားလုံးများ ဖြင့် တုံ့ပြန်မည် ။ နောက်ဆုံးတွင် အိမ် မှ ဒရိုင်ဘာ ကို ခေါ်၍ သူ သွားလိုရာ ကို သွား၍ သူ ပြန်လာချင်သော အချိန်မှ သာ ပြန်လာပေလိမ့်မည် ။ ထိုအပြုအမူ သည် သူ လုပ် နေကျ အပြုအမူ ဖြစ်သော်လည်း ထိုသို့ ပြုမူတိုင်း မြမှီ ရင်ထဲ တစ်စစ်စစ် နာကျဉ်ရစမြဲ ဖြစ်သည် ။ သို့ရာတွင် မြမှီ နှင့် သူ့ တွင် ချိုမြသော အတိတ်တို့ ရှိခဲ့ဖူးသည် ။ ထို အတိတ်တွင် သူ သည် မြမှီ ကို ချစ်ခဲ့ဖူးသည် ။ နှစ်နှစ်ကာကာပင် ဖြစ်သည် ။ ထိုအကြောင်း ကြောင့်ပင် မြမှီ သည် စိတ်ညစ်စရာ ကြုံတိုင်း ချိုမြသော အတိတ်တို့ကို ပြန်လည် ဆေးကြောသုတ်သင်၍ လတ်ဆတ် စေသည် ။ လတ်ဆတ်လာသော ထို အတိတ် တို့ကို တစ်ရေးရေး တွေး၏ ။ ထိုအခါ မြမှီ သည် သူ့ကို တဖြည်းဖြည်း ပို၍ ချစ်လာစမြဲပင် ဖြစ်တော့သည် ။
အခန်း ( ၂ )
ကျောင်းပြီးစ အင်ဂျင်နီယာ ပေါက်စလေး ဖြစ်သော သူ သည် မြမှီ နှင့် ဌာန ကွဲသော်လည်း တစ်ရုံးတည်း ပင် အလုပ် တူကြသည် ။ ဝန်ထမ်းလိုင်းခန်း တွင် နေသည် လည်း တူသည် ။ သို့သော် သူ သည် မြမှီ လို မိသားစု နှင့် နေသည်တော့ မဟုတ် ။ သူ့ ဆရာ ၏ မိသားစု နှင့် ဖြစ်သည် ။
ဒဂုံတက္ကသိုလ် ၌ပင် မြမှီ သည် မြန်မာစာ ဖြင့် အဝေးသင် တက်ပြီး သူ သည် စီးပွားစီမံ ဘာသာ ဖြင့် အဝေးသင် တက်ခဲ့ကြသည် ။ မျက်မှန်းတန်းမိ နေသော မြမှီ နှင့် သူ သည် ကျောင်းပို့ကျောင်းကြို ဖယ်ရီ စီးရင်း သိကျွမ်း သွားသည် ။ စီးပွားစီမံ ကျောင်းသားလေး သူသည် မြန်မာစာဌာန တွင် အတန်း တက်၍ သော် လည်းကောင်း မြန်မာစာ ကျောင်းသူလေး မြမှီ သည် စီးပွားစီမံ ဘာသာရပ် ၏ စာစဉ်များ ရေးပေး၍ သော် လည်း ကောင်း ခင်မင်မှု ကို ရင့်စေခဲ့သည် ။ မကြာမီ သူ သည် မြမှီ ကို ချစ်ခွင့် ပန်သည် ။ မြမှီ ကြိုတွေး ထားသည့် အတိုင်း ပင် ဖြစ်သော်လည်း သူ ၏ ချဉ်းကပ်ပုံ မှာ မြမှီ ထင်သည် ထက်ပင် နုညံ့သိမ်မွေ့လွန်းလှသည် ။ မြမှီ စိတ် အနှောက်အယှက် ဖြစ်စေမည့် အပြု အမူမျိုး ကို တစ်စွန်းတစ်စ မျှ မပြု ။ မျက်နှာချင်းဆိုင် တွေ့ နေပါလျက် ချစ်ကြောင်း ပင် တစ်ခွန်း မျှ မဟ ။ မြမှီ ကိုပင် စေ့စေ့ ကြည့်နေတက်သည် ။ ထိုအခါတွင် သူ ၏ မျက်လုံး များသည် အချစ်ရည် တို့ဖြင့် ရွှန်းရွန်းစို နေတက်၏ ။ သူ ကား စာတစ်တန် ပေတစ်တန် ဖြင့်သာ သူ ၏ ချစ်ကြောင်းကို ဖွင့်တက်သူ ပင် ဖြစ်သည် ။ သူ သည် မြမှီ ကို မည်မျှ ချစ်ကြောင်း မှစ၍ ရေး ပြီးလျှင် သူ့ အချစ်ကို လက်ခံ စေလိုကြောင်း နှင့် ချစ်သူ ဘဝ ကြင်သူဘဝ မိသားစုဘဝများ ပါမကျန် ဘဝ နေဝင်ချိန် ထိတိုင် စီမံကိန်း ရေးဆွဲ ထားပုံကို လျှောက်လွှာစာရွက် လေးရွက်ငါးရွက်မျှ ကုန်သည် အထိ အစီအစဉ်တကျ ရေးသားပြီး မြမှီ ကို ပေးတတ်သည် ။ မကြာခဏ ဖြစ်သည် ။ ထိုသို့သော စာများ ကို မြမှီ သေချာစွာ ဖတ်သော်လည်း ရင်ထဲ စွဲကျန်ခဲ့ခြင်း မျိုးတော့ မရှိပါ ။ သူ ပေးလာသော ကဗျာများ ကို မူ မြမှီ အလွန် သဘောကျ၍ သိမ်းဆည်းထားတက်သည် ။
မှီ ရေ...
မှီ က ငှက်ပျိုမလေးတစ်ကောင်ပါ
မှီ ပိုင်တဲ့ ကောင်းကင်မှာ
လွတ်လပ်စွာပျံသန်းပါ
မှီ မောပန်းလာတဲ့အခါ
မှီ ရဲ့နဘေး လေနုအေးထဲမှာ
အောက်ဆီဂျင်အဖြစ် မောင်ရှိနေမှာပါ ။
မှီ နာကျဉ်လာတဲ့အခါ
မှီ ရဲ့နဘေး သံစဉ်အေးနဲ့
ဓမ္မတေးအဖြစ် မောင်ရှိနေမှာပါ ။
မှီ အပျံရပ်ချင်တဲ့အခါ
မှီ ဆင်းသက်ရာ ထိုနေရာမှာ
သစ်တစ်ပင်အဖြစ် မောင်ရှိနေမှာပါ ။
တုံ့ပြန်မှုကို မမျှော်လင့်သော ပေးဆပ်သူတိုင်းသည် သဘာဝတရား၏ အကောင်းဆုံး တုံ့ပြန်မှုကို ရတက်သည် ။
မှီ့ ရဲ့ ထာဝရ နားခိုရာဟာ မောင် ဖြစ်ပါရစေ မှီရယ် ... တဲ့ ။
သူ ပေးတဲ့ ကဗျာ ကို မြမှီ အကြိမ်ကြိမ် ဖတ်မိသည် ။ ရင်ခုန်သံတို့ အတိုင်း အဆမဲ့ မြန်ဆန် နေသည် ။ တစ်ကိုယ်လုံး ပူနွေးလာပြီး လှိုက်လှိုက်လှဲလှဲပင် ကျေနပ် နေမိသည် ။ ကဗျာလေး ၏ စာကြောင်းတိုင်း တွင် လေးနက်သော ခိုင်မာသော သူ့ ၏ အချစ်တို့ ကို မြမှီ မြင်၏ ။ စာနာ နားလည်၍ အနစ်နာခံ ပေးဆပ်တတ် သော ယောက်ျား တစ်ယောက် ၏ နှလုံးသား အလှတရား ကို လည်း တွေ့၏ ။ သူ ၏ မျှော်လင့်ချက် အငွေ့ အသက်များ ကို လည်း မြမှီ ခံစားမိ၏ ။ မြမှီ သူ့ ကို ယုံသည် ။ သူ့ အချစ် ကို လက်ခံနိုင်သည် ။ သစ္စာ ကိုတော့ မမျှော်လင့်ရဲပါ ။ သစ္စာတရား သည် လတ်တလော သိမြင်နိုင်သော အရာ မဟုတ် ။ အချိန်ကာလ တစ်ခု အထိ သူ နဲ့ အတူတွဲ ဘဝ တစ်ခု ထဲမှာ စီးမျောရင်း မှသာ သိလာနိုင်သည့် အရာမျိုး ဖြစ်သည် ။ မဖြစ်သေးသော အရာများကို တွေးပြီး ကြောက်နေသူများ တွင် မြမှီ မပါ ။ ခင်မင်မှု နှနှစ် အကြာ တွင် မြမှီ နှင့် သူ ချစ်သူ ဖြစ်သွားသည် ။ မြမှီ တို့ နှစ်ယောက် ၏ ချစ်သူ ဘဝမှာ ကြည်နူးမှု အတိ ပြီး၏ ။ ပျော်လိုက်သည့် ဖြစ်ခြင်း ။
“ ချစ်သူ ဖြစ်တာ သုံးနှစ် တောင် ရှိပြီပဲ မှီရယ် မောင်တို့ လက်ထပ် ကြရအောင်နော် ”
သူ သည် စကား ကို လေးနက်စွာပြောသည် ။
“ မှီတို့ အသက် က မငယ်လွန်းဘူးလား မောင် ”
ပုစွန်ဆိတ် ခုန်သလို ရင်ခုန်ရမည့် အရွယ် မဟုတ်တော့သည့် အတွက် မြမှီ ဣန္ဒြေ နှင့် စကား ဆိုသည် ။ အပျော်တို့ သွေးကြော အနှံ့ စီးဆင်းနေသည် ကိုတော့ မြမှီ ဘာသာ သိ၏ ။
“ နှစ်ဆယ့်သုံး ၊ နှစ်ဆယ့်လေး ဆိုတာ ငယ်တော့တာ မှ မဟုတ်တာ မှီ ရယ် ။ ဒါမှ မောင့် စီမံကိန်း ထဲ က လို အသက်အစိပ် ပုခက်ချိပ် နိုင်မှာပေါ့ကွ ” လို့ အရွှန်း ဖောက်ပြီး နှစ်လိုဖွယ်ရာ စကားများ ဆိုလေတိုင်း ကြည်နူးမှု နဲ့ ရှက်ပြုံး ပြုံးရသည် က မြမှီ ဖြစ်သည် ။ နုညံ့ပြီး ချစ်တတ်လွန်းတဲ့ သူ ။ စီမံကိန်းတွေ ဆွဲပြီး မျှော်လင့်ချက် ကြီးလွန်းတဲ့ သူ ။ သူ့ ရဲ့ ဆန္ဒများ ကို အဘယ်သို့သော နှလုံးသားမျိုး နှင့် မြမှီ ငြင်းနိုင်ပါမည်နည်း ။ နှစ်ဘက်မိဘ ခွင့်ပြုချက် ဖြင့် မြမှီ တို့ လက်ထပ်သည် ။ သူ့ လက် ကို တွဲ၍ ဘယ်လို လမ်းမျိုး မဆို မြမှီ ရဲရဲကြီး လျောက် လိုက်မည် ဟု ဆုံးဖြတ် ထားသည် ။
“ ဟင် .. မောင် မအိပ်သေးဘူးလား ”
“ ဘယ်လိုလုပ် အိပ်ပျော်မှာလဲ မှီရယ် ၊ ဒါ မောင်တို့ မင်္ဂလာဦးည လေ မှီ နဲ့ စကားတွေ အများကြီး ပြောချင်နေတာ ” လို့ ရယ်ကျဲကျဲ ဖြင့် သူ စကား ဆိုသည် ။
“ စကား ပြောတာပဲ ဖြစ်ပါတယ် မောင် ၊ မှီ က လက်ဖွဲ့ပစ္စည်းတွေ သိမ်းဦးမှာ
ဆိုတော့ မောင် ပြောစရာ ရှိတာပြောလေ မှီ နားထောင် နေမှာပေါ့ ”
မြမှီ တမင်ပင် ပေကပ်ကပ် လုပ်နေလိုက်၏ ။
“ ချောက် ”
“ ဟာ မီးပျက် သွားပြီ ၊ ဟင် .. မောင် မီးခလုတ် ပိတ်လိုက်တာမို့လား ”
မြမှီ ကြောက်ကြောက် နှင့် ကုတင် ပေါ် ပြေးတက်သည် ။ အသင့် စောင့် နေ သော သူ သည် မြမှီ ကိုယ်လုံးလေး အား သူ့ ရင်ခွင် ထဲသို့ ဝှေ့ရမ်း ဆွဲသွင်းလိုက် တော့သည် ။ မြမှီ သည် မဆွတ်ခင် ညွတ်ချင်သည့် ပန်းပမာ သူ့ အတွက် ဆို အရာ အားလုံး ကြည်ဖြူ မိ၏ ။
တစ်ချက် တစ်ချက် ဝေ့၍ တိုက်လာသောလေ အရှိန်ကြောင့် ပန်းနုရောင် ဇာပါးခြင်ထောင်လေး သည် ညည့်ယံ ထက် တွင် ဘယ်ညာ လူးလွန့် လျက် ရှိ၏ ။ လေထဲ တွင် မိုးနံ့များ ပါလာ၏ ။ မကြာမီ မိုးဖွဲများ ကျလာ၏ ။ ကောင်းကင် သည် လျှပ် တလတ်လတ် မိုးတခြိမ်းခြိမ်း ရှိနေ၏ ။ ထို့နောက် မိုးသည် အဟုန်ပြင်းစွာ သည်း သည်းမည်းမည်း ရွာ လိုက်တော့သည် ။ ယခုလို မိုးနှောင်း ကာလများ တွင် မိုးသည်း ပါက မိုးသားမိုးသမီး ခေါ်သည် ဟု ပြောဆိုတာ မြမှီ ကြားဖူးသည် ။ ရွာပါ မိုးရယ် မြမှီ ပျော်သည်လေ ။
အခန်း ( ၃ )
“ ကြည့်စမ်းပါဦး မှီရယ် သမီးလေး က ဘယ်သူနဲ့ တူလဲ မသိဘူး မျက်လုံးလေး ကို ဝိုင်း နေတာပဲ ”
“ အားလုံးကတော့ မောင် နဲ့ တူတာလို့ ပြောနေတာပဲ ၊ နှာတံ ပေါ်တာ မျက်ခုံး ထူတာ နဲ့ မျက်တောင်ကော့ နေတာလေးတွေ က မောင့် အတိုင်းပဲလေ ”
“ ဟုတ်ပါ့ မှီ ကောင်းလိုက်တာ သားဦး မိန်းခလေး ဆိုတာ အဖေ နဲ့ တူရင် ကြီးပွားတတ်တယ်တဲ့ ”
“ တော်ပါ မောင်ရယ် မောင့် ပေါ်မှာပဲ မူတည်ပါတယ် မောင် တော်ရင် မောင် ကောင်းရင် မှီ တို့လည်း ကောင်းမှာပဲပေါ့ မှီ က မောင့် ကိုပဲ အားကိုးတာ ”
သူ မှီ့ ကို ရွှန်းရွှန်းစားစား ကြည့်သည် ။ မှီ့ ပုခုံး ကို ဖက်လိုက်ပြီး နှဖူး ကို ဖွဖွ နမ်းသည် ။
“ စိတ်ချပါ မှီ ... မောင် က မှီတို့ အတွက်ပါ ၊ မောင် အလုပ် ကို နှစ်ဆ လုပ် မယ် ၊ မှီ ကိုလည်း ပိုပြီး ဂရုလည်း စိုက်မယ် ၊ ချစ်လည်း ချစ်မယ် .. ဟုတ်ပြီလား ”
မြမှီ မျက်ရည်များ ဝဲလာသည် အထိ သူ့ ရဲ့ ပကတိ အရိုးခံ စကားများ တွင် ပျော်ဝင် မိသည် ။ ရင်တွေ လည်း ခုန်၏ ။ ကလေး တစ်ယောက် အဖေ အင်ဂျင်နီယာကြီး သည် အလုပ် ကြိုးစားသည် ။ တစ်ဖက်တွင် ပညာ ရှာလိုသည့် အတွက် သင်တန်းများ တက်သည် ။ အိမ်ပြန်ချိန် မှာ နောက်ကျတတ် သော်လည်း မြမှီ ချက်ပြုတ် ပြင်ဆင် ပေးသမျှ ကိုပင် စား၏ ။ အလုပ် ပင်ပန်း သော်လည်း မြမှီ တို့ အပေါ် ဂရုစိုက်မှုကား လျော့ မသွားပေ ။ ထိုကာလများ တွင် သူ သည် ကိုယ်ပိုင် ဆောက်လုပ်ရေး ကုမ္ပဏီ ငယ်လေး တစ်ခု ကို ပိုင်ဆိုင် လာ၏ ။
“ မှီ စားဖို့ ဂျေဒိုးနပ် ဝယ်ခဲ့တယ်နော် ”
သူ ပေးလာသော မုန့်ထုပ် ကို မြမှီ လှမ်း ယူလိုက်သည် ။
“ ကျေးဇူးပါပဲ မောင် ရယ် မှီ လည်း ဒီ ရက်ပိုင်း ဂျေဒိုးနပ် စားချင်နေတာ ၊ ဒါနဲ့ မောင် မှီ့ မှာလေ .. ဟို .. ဟို ကိုယ်ဝန် ရှိနေပြီ ”
“ ဟာ ဒါ ဝမ်းသာစရာပေါ့ မှီ ရယ် မောင်တို့ အိမ်မှာ နောက်ထပ် ဆည်းလည်း လေး တစ်လုံး တိုး တော့မှာပေါ့ ဒီတစ်ခါ မောင့် ကို မှီ နဲ့ တူတဲ့ သားလေး တစ်ယောက် မွေးပေးပါကွာနော် ”
မှီ ပြုံးရင်း ခေါင်ညိတ် ပြ မိသည် ။ ဗိုက် ကို လက်ဖြင့် သပ်ရင်း သားလေး ဖြစ်ပါ စေ ဟု မြမှီ ကြိတ်၍ ဆုတောင်းနေမိ၏ ။ မြမှီ သည် ထိုနေ့မှ စ၍ ဂျေဒိုးနပ် မှန်မှန် စားရ၏ ။
“ မှီ နေလို့ ကောင်းရဲ့လား ” သူ ကြင်နာစွာ မေးလာသည် ။
“ မောင် မှီ တောင်းပန် ပါတယ်နော် ”
“ မဟုတ်တာဘဲ မှီရယ် ၊ မှီ က ဘာကို တောင်းပန် ရမှာလဲ ၊ သားသမီး ဆိုတာ ကိုယ် လိုချင်တာ ရနိုင်တာမျိုး မှ မဟုတ်တာ ၊ ခု သမီးလေး က ဘုရားပေးလို့ မောင်တို့ ဆီ ရောက်လာတာ ၊ မောင် ကျေနပ်တယ် ချစ်လည်း ချစ်ပါတယ် ”
“ တကယ်လား မောင် ”
သူ က နှစ်သိမ် အပြုံးနှင့် ခေါင်းညိမ့် ပြသည်မို့ သာ မြမှီ စိတ်သက်သာရာ ရသွားတော့သည် ။ ဆုတောင်းတိုင်း သာ ပြည့်မည် ဆိုပါက မောင့် အတွက် သားလေး တစ်ယောက် ကို မြမှီ မွေးပေးချင်ပါသည် ။ သို့သော် မှီ ၏ ဒုတိယ ရင်သွေး သည် သမီးလေး ပင် ဖြစ်၏ ။ ထိုကာလ များတွင် ကလေး နှစ်ယောက် အဖေ ဖြစ်လာသော သူ သည် ဘွဲ့လွန် ဒီပလိုမာ ကျောင်းသားလေး လည်း ဖြစ်ခဲ့ပြန်သည် ။
“ မှီ ရေ ဒီ တစ်ခေါက် အလုပ် က ငွေပေါ်ရင် မြို့သစ်မှာ မြေကွက်လေးတွေ ဈေးတော်တယ်လို့ ပြောတယ် ။ လေးကွက် လောက် ဝယ်ထားရင် ကောင်းမလားလို့ ”
“ လိုအပ်လို့လား မောင် ရယ် မှီတို့ လည်း အိုးပိုင်အိမ်ပိုင်လေး ရှိနေတာပဲ ”
“ ဒီလိုလေ မှီ .. မြေကွက် ဆိုတာ ဈေးတန်တုန်း ဝယ်ထားရတယ် ။ နောင် လေးငါးနှစ် ဆို ဈေးကောင်း ရနိုင်တယ် ”
မြမှီ သူ ပြောသမျှကို စိတ်ဝင်တစား နားထောင်မိသည် ။
“ နှစ်ကွက် က မောင်တို့ မိဘတွေ အတွက် ရည်ရွယ် ထားတယ်လေ ။ နောက် နှစ်ကွက်က မောင့် သမီးတွေ ရဲ့ ပညာရေး အတွက် မောင် စီမံကိန်း ချပြီး ဝယ်ထား မလို့ပါ .. မှီ ”
မြမှီ ပြောစရာ စကားပင် မရှိတော့ ။
“ နောက်ပြီး မောင် သာ တစ်ခုခု ဖြစ်သွားရင် မှီတို့ သားအမိတွေ ရဲ့ နောင်ရေး စိတ်ချ .... ”
သူ့ ပါးစပ် ကို မြမှီ လက်ဖြင့် အမြန် ပိတ်လိုက်မိသည် ။ မောင် မရှိရင် ဆိုတဲ့ အတွေးမျိုး မြမှီ မတွေးပါရစေ နဲ့ ဟု ရင်ထဲ မှ ဆုတောင်း မိသည် ။
“ မောင့် စီမံကိန်းအတိုင်း လုပ်ပါ မောင် ၊ မောင့် ကို မှီ ယုံပါတယ် ”
မြမှီ နောက်ထပ် ဘာ စကားမှ မပြောမိတော့ဘဲ နှုတ်ဆိတ် နေမိသည် ။ ထိုကာလများတွင် သူ သည် အများအကျိုး ကို သယ်ပိုး တတ်သော ပရဟိတသမား တစ်ယောက် လည်း ဖြစ်နေ ပြန်သည် ။ မြမှီ တို့ ရပ်ကွက် ထဲ တွင် မြမှီ တို့ သည် စံပြ မိသားစုလေး ဖြစ်၏ ။ အနာအဆာ မဲ့သော ဖေဖေ ၊ ပဲ့ကိုင်ကောင်းသော မေမေ ၊ ချစ်စရာသမီး နှစ်ယောက် နှင့် မြမှီ တို့ မိသားစု ကို မြင်သူတိုင်း က အားကျ ချစ်ခင် ကြသည် ။ သားရေအိတ် အနက် ကို လွယ် ၊ တလှုပ်လှုပ် ဖြင့် လမ်းလျောက် ၍ ပြန်လာ တတ်သော သူ့ အလုပ် ပြန်ချိန်ကို မြမှီ တို့ သားအမိတွေ မျှော်နေကျ ဖြစ်သည် ။ နောက်များတွင် သူ သည် ဆိုက္ကား စီး ၍ ပြန်လာတက်သည် ။ ထို့နောက် အငှားကား စီး ၍ ပြန်လာတက်၏ ။ နောက်ဆုံးတွင် သူ သည် အိမ်စီးကားလေး ကို ကိုယ်တိုင် မောင်း၍ ပြန်လာနိုင်လေတော့၏ ။ မြမှီ တို့ သားအမိ ကို ဂရုစိုက်မှုသည် ကား ပြောင်းလဲမှု မရှိ အရင် အတိုင်းပင် ဖြစ်သည် ။ မြမှီ တို့ ၏ ပျဉ်ထောင်အိမ်ကလေး သည် လည်း သူ့ ၏ စီမံကိန်းများ အရ ခြံပတ်လည် အုတ်တံတိုင်း နှင့် တိုက်ပုတစ်လုံး ဖြစ်သွားခဲ့သည် ။
“ Home Sweet Home ” ဟု အမည် ပေးထား၏ ။ နေချင့်စဖွယ် ဖြစ်သည် ။ မြမှီ ကြိုက်သော သစ်ခွပင်များ စိုက်သည် ။ မြတ်လေး ၊ စံပယ် ၊ ယုဇန ၊ ဇလပ် ၊ ဇီဇဝါ ၊ ဆောင်တော်ကူးပင်များ စိုက်သည် ။ ပြုစုမှု ကောင်းသောကြောင့် အပင်တို့ သည် စိမ်းလန်း စိုပြည်လာ၏ ။ အချစ် ၊ မေတ္တာ ၊ သစ္စာ တို့ဖြင့် တည်ဆောက်အပ်သော မြမှီ တို့ မိသားစု သည် သာယာအေးချမ်းမှု အတိ ပြီး၏ ။ ထို ကာလများ၌ ခေါင်း တွင် ဆံပင်ဖြူများ ပေါက်လာသော သူ သည် မာစတာတန်း သို့ တက်ရောက် နေသော ကျောင်းသား တစ်ယောက် ဖြစ်သည် ။
အခန်း ( ၄ )
“ ဘယ်လို .. မောင် ဖုန်း ပျောက်ခဲ့တယ် ဟုတ်လား ၊ မောင် က ဖုန်းပြန် မဆက် ကြည့်ဘူးလား ”
“ မဆက်ကြည့်ရသေးဘူး မှီ .. မောင် အိမ်နား ရောက်မှ ဖုန်း ပျောက်မှန်း သိတာ ဘယ်နား မှာ ပျောက်မှန်း တောင် မသိတော့ပါဘူးကွာ ”
သူ့ ဖုန်း ကို မြမှီ ဆက် လိုက်၏ ။
“ မောင့် ဖုန်း က စက်ပိတ် ထားတယ်တဲ့ မောင် လည်း အလုပ် တစ်ဖက် ကျောင်း တစ်ဖက် ဆိုတော့ ပင်ပန်းနေမှာပေါ့ အနားလေး ယူပါဦးမောင်ရယ် ”
မြမှီ စာနာစွာ ပြောလိုက်သည် ။
“ တော်သေးတာပေါ့ မှီ ရယ် ၊ အရေးကြီး ကိစ္စတွေ ကို ကွန်ပျူတာ ထဲ မှာ သိမ်းထားမိလို့ ”
ထိုနေ့ ည က သူ တော်တော် နှင့် အိပ်မပျော်သည် ကို မြမှီ သတိထား မိသည် ။ နောက်ရက်များ တွင် သူ သည် မြမှီ တို့ အပေါ် ဂရုစိုက်မှု လျော့သွားသည် မှာ သိသိ သာသာဖြစ်သည် ။ မြမှီ ဝေခွဲ မရ ဖြစ်မိ၏ ။ သူ ၏ ပျောက်သွားသော ဖုန်း ကို မြမှီ သည် အမှတ်မထင် ခေါ်မိ၏ ။ မိန်းမငယ်လေး တစ်ယောက် က ဖုန်း ကိုင်လိုက် သော်လည်း မြမှီ စကား ပြောချိန်ပင် မရလိုက်ပဲ ဖုန်းချ သွား လေသည် ။ ဖုန်း ထပ် ခေါ် သော်လည်း မကိုင်တော့ပါ ။ မြမှီ မျောက်မီးခဲ ကိုင်မိ သလိုပင် ဖြစ်မိသည် ။ အတွေးတို့ က ဟိုရောက် သည်ရောက် နှင့် သံသယမီး တို့ ကြီး သထက် ကြီး လာ၏ ။ သူ သည် မြမှီ ကို ဖုန်း ခေါ် နေကျ အချိန်တွင် ဖုန်း မခေါ်ပါ ။ မြမှီ ဆက် သော်လည်း ဖုန်း မကိုင်ပါ ။ မြမှီ ရင် တစ်ခုလုံး ပေါက်ကွဲတော့မည့် မီးတောင် ပမာ ပူလောင် နေ၏ ။သူ ပြန် လာချိန် ကို သာ စောင့်နေမိသည် ။ အချိန် တို့သည် ကုန်ခဲလှပေစွ ဟု ထင်မိသည် ။
“ မှီရေ .. မောင် ပြန်လာပြီ ” ပုံမှန်ပင် သူ နှုတ်ဆက်၏ ။
“ မောင့် ကို .. မှီ စကား နည်းနည်း ပြောချင်လို့ ”
“ ပြောလေ မှီ ”
“ နေ့ခင်း က မောင် ဘာလို့ မှီ ကို ဖုန်း မဆက်တာလဲ ၊ မှီ ဖုန်း ခေါ်တော့ရော ဘာကြောင့် ဖုန်း မကိုင်လဲ ”
“ ဟုတ်တယ် မှီ မောင် စော်ဘွားကြီးကုန်း မှာ ပစ္စည်း ဝယ်ရင်းနဲ့ ဖုန်းကျန် ခဲ့တာ မောင် လည်း သတိ မရဘူး ။ ဖုန်း က လည်း အသံ ဖျောက်ထားတော့ ဘယ်သူမှ မသိဘူး ဖြစ်နေတာ ။ အခု ရုံး က ကောင်လေး မေး မှ မောင် လည်း သတိရပြီး ပြန်ယူ လာတာ အား ကလည်း ကုန်နေတာ မှီ ရဲ့ ”
“ မောင့် ဆင်ခြေ က အကွက် စေ့လှချည်လား ။ ထားပါတော့လေ ၊ မောင် ပျောက်တယ် ဆိုတဲ့ မောင့် အရင် ဖုန်း ကို ကောင်မလေး တစ်ယောက် ကိုင် နေ တာ ကို ရော မောင် ဘယ်လို ဆင်ခြေပေးဦးမှာလဲ ”
သူ သည် မေးရိုးများ ထောင်လာသည် အထိ မျက်လုံးတို့ ကို စုံမှိတ် ထား၏ ။
“ မင်း ဘာကို ဆိုလိုချင်တာလဲ မှီ .. ငါ့ ကို စွပ်စွဲနေတာလား ငါ ဘာမှ မရှင်းပြ ချင်ဘူး ။ မင်း ထင်ချင် သလို ထင်နိုင်တယ် .. တောက် ”
သူ ၏ တောက်ခေါက်သံ ပြင်းပြင်းသည် Home Sweet Home အိမ်လေး ထဲ တွင် ပဲ့တင်ထပ် သွားလေ၏ ။ ထိုနေ့ ည က မြမှီ နှင့် သူ သည် ကျောချင်းကပ်၍ အိပ်သည် ။ သူ ၏ သက်ပြင်းချသံ နှင့် မြမှီ ၏ ရှိုက်သံတို့ သည် ထိုည ၏ ကြေကွဲဖွယ် သံစဉ် တစ်ခု ဖြစ်ခဲ့၏ ။ နောက်ဆုံးတွင် သူ သည် မြမှီ ကို တောင်းပန် လာသည် ။
စိတ်လိုလက်ရ တောင်းပန်ခြင်း ဖြစ်သည် ကို မြမှီ ရင်ထဲက သိသည် ။ မြမှီ နှလုံးသား သည် သူ နှင့် ပတ်သက်လျှင် နေရောင် ထိသော နှင်းပွင့်ကလေးများ လိုပင် ထိလွယ်ရှလွယ် ဖြစ်တတ်လေ၏ ။ မြမှီ သူ့ ရင်ခွင် ထဲ ၌ ချုံးပွဲချ ငိုမိ၏ ။ နောက်ရက် များ တွင် သူ သည် အိမ်ပြန် နောက်ကျမြဲ နောက်ကျ၏ ။ မာစကာတန်း ပင် ပျက်ကွက် များ၍ စာမေးပွဲ ဖြေခွင့် မရ ။ မိသားစု ကို လည်း ဂရုမစိုက်တော့ဘဲ အမြဲပင် ရန်လို နေ တော့သည် ။ မြမှီ နှင့် သူ သည် ခဏခဏ ပင် စကား များတော့၏ ။ စကား များတိုင်း မြမှီ ပင် ငိုရသည် ။ Home Sweet Home လေး သည် တစ်စတစ်စ အကျည်းတန်လာ တော့သည် ။
တစ်နေ့တွင် တော့ သူ သည် ညလုံးပေါက် သည် အထိ အိမ်ပြန် မလာပါ ။ မြမှီ ဖုန်း ဆက်တော့လည်း စက်ပိတ် ထားသည် ။ မည်သို့ လုပ်ရမည်နည်း ။ အလုပ် က လူတွေ ပြောတော့ ပြန် သွားသည် ။ ကျောင်း လည်း မလာ ။ သူ ဘယ် သွားသည် ကို မြမှီ သိချင်သည် ။ မြမှီ တစ်ညလုံး ငိုနေမိတော့သည် ။ အဘယ်သို့သော အရာသည် မြမှီ တို့ ချစ်ခြင်း ကို ဖြိုခွင်း နေပါသနည်း ။ မည်သူ နှောက်ယှက် နေသည် ကိုလည်း မစဉ်းစားတတ်တော့ပါ ။ ထိုည သည် မြမှီ အတွက် ကမ္ဘာပျက် သလိုပင် ဖြစ်သည် ။ မနက်တွင် သူ သည် အမေရိကန်သံရုံး ရှေ့တွင် မှောင်ရိပ်ခိုမှုဖြင့် မနေ့ည က ထိန်သိမ်း ခံထားရသည် ဟု စခန်းမှ အကြောင်းကြား လာသည် ။ မြမှီ ကိုယ့် နား ပင် ကိုယ် မယုံနိုင် ဖြစ်ရသည် ။ သူ့ ကို အာမခံနှင့် သွား ထုတ်လာရသည် ။ သူ့ ကား ကို ပြည်လမ်း ပေါ် တွင် ရပ်ထားသည် ဟု သိရသည် ။ သူ သည် မှီ မေးသမျှ ကို မဖြေနိုင် ။ ဘူး ခံ၍သာ ငြင်း နေသည် ။ အားအင် ယုတ်လျော့ နေသည် ။ ဘာတစ်ခွန်း မျှပင် ဖြေရှင်းချက် မပေးနိုင် လောက်အောင် ကိုယ်များ ခြစ်ခြစ်တောက် ပူနေသည် ။ ထို့ကြောင့် မြမှီ သည် သူ့ ကို ဆေးခန်း ပို့ ရန်သာ အရေးတကြီး ဖြစ် နေတော့သည် ။ နောက် ရက်များတွင် မြမှီ သူ့ ကို မျက်ခြေအပြတ် ပင် မခံတော့ ။ အလုပ် သွား လျှင် ပင် လိုက်သည် ။ သို့ရာတွင် သမီး နှစ်ယောက် နှင့် မို့ ခက်ခဲလှသည် ။ မြမှီ တို့နှင့် မိသားစု သဖွယ် ရင်းနှီးခဲ့သော အငှားကား မောင်းသည့် ဦးလေးမိုး ကို အကူအညီ တောင်း ရတော့သည် ။ ဦးလေးမိုး တို့ သားသမီးများ သည် မလေးရှား တွင် အလုပ် လုပ်နေသူများ ဖြစ်သဖြင့် အဆင်ပြေ လှသည် ။ ဦးလေးမိုး ၏ ဇနီး အန်တီစိန် ကို ပင် မြမှီ အတွက် အကူအညီ ရရန် ခေါ်ထား လိုက်တော့သည် ။ စိတ်ချရသူများ ဖြစ်သဖြင့် အိမ်နေ အိမ်စား ပင် ဖြစ်သည် ။
အခန်း ( ၅ )
“ အဟွတ် ... အဟွတ် ”
အိပ်ခန်းဘက် မှ သူ့ ချောင်းဆိုးသံ ကြောင့် မြမှီ အတွေး ထဲ မှ အတိတ် တစ်ချို့ လွင့်ထွက် ကုန်ကြ၏ ။ ပေါင်မုန့် မီးကင်စက် ကို ပိတ် လိုက်သည် ။ အိပ်ခန်း ထဲ မှ ခုတင် ပေါ်တွင် သူ ထိုင်နေ၏ ။
“ နိုးပြီလား ည က အိပ်ပျော်ရဲ့လား ”
မြမှီ ၏ အမေး ကို သူ ခေါင်းညိတ်၍ အဖြေ ပေး၏ ။
“ မောင် အိမ်သာ ဝင် လိုက်ဦးနော် ၊ ပြီးရင် မျက်နှာသစ် သွားတိုက် ဖို့ လုပ်ရမယ် ”
သွားတိုက်ဆေး သွားတိုက်တံ က အစ မြမှီ ပြင်ဆင် ထားသည် ။ ထမင်းစားခန်း တွင် သူ့ အတွက် မနက်စာ အဆင်သင့် ဖြစ်နေသည် ။
“ မောင် မနက်စာ စားတာ နည်းလှချည်လား ၊ မှီ လုပ်ပေးတာတွေ မကြိုက်လို့လား မောင် ”
“ ကျေးဇူးပြုပြီး မင်း ငါ့ ကို မောင် လို့ မခေါ်ပါနဲ့လား ၊ အဲ့ဒီ မောင် လို့ ခေါ်သံ ကြားရင် ငါ့ စိတ် ထဲ မှာ တစ်မျိုးကြီးပဲ ၊ အဲ့ဒီ ခံစားချက် ကို ငါ မကြိုက်ဘူး ”
သူ ပြောသမျှ ကို အပြုံး တစ်ချက် ဖြင့် မြမှီ ခေါင်းညိတ် ပြလိုက်၏ ။ ဧည့်ခန်း ထဲ တွင် ထိုင် နေသော သူ့ ဘေး တွင် မြမှီ ဝင် ထိုင်လိုက်သည် ။ နားမလည် သလို မျက်နှာထား နှင့် သူ မြမှီ ကို ကြည့်သည် ။
“ သတင်းစာ ဖတ်မလား ၊ မောင် TV ရော ကြည့်မလား ၊ ဒါမှမဟုတ် မောင့် ကွန်ပျူတာ ထဲ က အခွေ ကြည့်မလား ၊ ပြီးတော့ ခြံထဲ လမ်းလျောက်ရင် ကောင်း မလား မောင် ”
တတွတ်တွတ် ပြောနေသော မြမှီ ကို သူ စိတ်ရှုပ် သွားဟန်ရှိသည် ။
“ မင်း ကွာ ငါ့ ရှေ့မှာ ကန့်လန့်ကန့်လန့် နဲ့ ဆရာ သိပ် လုပ်တာပဲ ၊ မင်း ဘယ်လိုမိန်းမမျိုး လဲ ကွ ”
စိတ်ပျက်လက်ပျက် လေသံ ဖြစ်သည် ။
“ မောင့် ကို သိပ်ချစ်တဲ့ မိန်းမ ပေါ့ ” ဟု ပြောရင်း သူ့ လက်မောင်း ကို မြမှီ ဆွဲ လိုက်၏ ။
မြမှီ လက် ကို ဖြုတ်ချရင်း သူ မတ်တပ် ရပ်လိုက်သည် ။
“ ငါ အလုပ် သွားတော့မယ်”
မြမှီ လည်း လိုက် ၍ ထ လိုက်သည် ။
“ ဦးလေးမိုး ရေ မောင် အလုပ် သွားတော့မယ် ၊ ကားပြင် ထားပါနော် အန်တီစိန် ရေ ဒီနေ့ သမီးတွေ လည်း ကျောင်းပိတ်တော့ မှီ မောင် နဲ့ လိုက်သွားဦးမယ်နော် ကလေးတွေ ကို ဂရုစိုက် ပေးပါဦး ”
“ အိမ် ကို စိတ်ချပါ မှီ ရယ် ၊ မှီ လည်း အရမ်း ပင်ပန်း နေပါပြီ ၊ နားနားနေနေ နေပါကွယ် ၊ အချို့အရာတွေ က ကိုယ် ဘယ်လောက် ကြိုးစားကြိုးစား ပြောင်းလဲ မလာနိုင်တာတွေ ရှိတယ် မှီ ရဲ့ ”
“ မှီ နားလည်ပါတယ် အန်တီစိန် ဒါပေမယ့် မှီ လ က်မလျော့ချင်ဘူး ၊ ကြိုးစား ကြည့်ချင်တယ် အန်တီစိန် ရယ် ”
ပြောပြောဆိုဆို မြမှီ အပေါ် အင်္ကျီပါး ကို ဝတ်ရင်း သူ့ အတွက် အနွေး ထည် ကို ယူပြီး ကားပေါ် တက် လိုက်သည် ။ ကားပေါ် တွင် သူ သည် ရောက်နှင့် နေသည် ။ တစ်နေ့လုံး သူ နှင့် လျှောက်လိုက် နေမိသည် ။ သူ့ ရုံး ရောက်၏ ။ စိန်ဂေဟာ ရောက်၏ ။ ရုပ်ရှင် ကြည့်၏ ။ ကြေးအိုး သောက်၏ ။ ဂျေဒိုးနပ် စား၏ ။ နောက်ဆုံး ညနေစောင်း အချိန်တွင် အင်းယားကန်ဘောင် တွင် သူ နှင့် အတူ လေညှင်းခံ၏ ။ ကန်ရေပြင် ကို တိုက်ခတ် လာသော လေ သည် ရေမှုန်ရေငွေ့လေးများ ပါလာသည့် အလားပင် လတ်ဆတ် အေးမြနေ၏ ။ အနွေးထည်ထူကြီး ဝတ် ထားသော သူ သည် မလှုပ်မယှတ် ကန်ရေပြင် ကို သာ ငေး နေသည် ။ အပါးလေး သာ ဝတ် လာမိသော မြမှီ သာ တစ်စိမ့်စိမ့် အေးနေတော့၏ ။ သူ့ နား ကို မြမှီ တိုး ကပ်မိသည် ။ မြမှီ ၏ လက်တစ်ဖက် ကို သူ့ လက်မောင်း အောက်သို့ မသိမသာ တိုးဝင်လိုက်၏ ။ သူ မြမှီ ကို လှည့်ကြည့် လိုက်တာကြောင့် မြမှီ တစ်ချက် တွန့် သွားပြီး လက် ကို ကပျာကယာ ပြန် ထုတ်လိုက် မိသည် ။ သူ မြမှီ ကို ခပ်ကြာကြာ စိုက်ကြည့် နေရာမှ သူ့ လက်တစ်ဖက် မြှောက်တက် သွားသည် ။ ထိုနောက် သူ သည် သူ့ အနွေးထည်ကြီး နှင့် အုပ်ကာ မြမှီ ကို သိုင်းဖတ် ထားလိုက်တော့သည် ။ သူ ၏ ဘယ်ဘက် ရင်အုံ တစ်ခြမ်းလုံး သည် မြမှီ ပါး နှင့် ကပ်လျက်သား ရှိ၏ ။ လိုသည် ထက် ပို မြန်နေသော သူ့ ရင်ခုန်သံ ကို အတိုင်းသား ကြားရ၏ ။ မြမှီ သည် သူ့ ရင်ခွင် ထဲသို့ မြုပ်လုမတက် တိုးဝင်မိ၏ ။ သူ သည် မြမှီ ကို အလိုက်သင့် ပြန်၍ ဖတ်ထားသည် ။ မြမှီ ပျော်သည် ။ နှစ်ရှည်လများ ခွဲခွာနေရသော သားငယ် သည် မိခင် ဖြစ်သူ နှင့် ပြန် တွေ့ရသောအခါ ပျော်ရွှင်သလိုမျိုး ဖြစ်သည် ။ ည ရှစ်နာရီ မှပင် မြမှီ တို့ အိမ်ပြန် ရောက်သည် ။ သမီးတွေ က အိမ်စာ လုပ် နေကြသည် ။ သူ ရော မြမှီ ပါ စကား မဆို မိကြပါ ။ သူ သည် ခြေလက် သန့်စင်ပြီး ကွန်ပျုတာစားပွဲ တွင် ထိုင် လိုက်သည် ။ ကွန်ပျူတာ ပေါ်မှ ဓာတ်ပုံများ ၊ စာများ ၊ အသံဖိုင်များကို စိတ်ဝင် တစား ကြည့်သည် ။ သူ့ မျက်နှာ ပေါ်တွင် အရောင်စုံ ဖြတ်သန်းသွား၏ ။
“ မှီ ”
ဟုတ်သည် ၊ သေချာသည် မှီ ဟု ခေါ်လိုက်သော အသံ မှာ သူ့ အသံ ဖြစ်သည် ။ ပွင့်ဟ နေသော သူ့ နှုတ်ခမ်း တို့ သည် တစ်ဆတ်ဆတ် တုန်ရီ နေ၏ ။ သူ သည် ကွန်ပျူ တာစားပွဲ မှ ဝုန်းခနဲ ထကာ မြမှီ့ ရင်ခွင် ထဲ ပြေးဝင်ပြီး ကလေးငယ် တစ်ယောက် လို ရှိုတ်ကြီးတငင် ငို နေတော့သည် ။ သူ့ ကျောပြင် ကို ပွတ်သပ် နှစ်သိမ့် ပေးနေသော မြမှီ နှလုံးသား တို့သည် အမြစ် မှ ဆွဲနှုတ် ခံထားရသလို သွေးတစ်စက်စက် ကျကာ ဆက်ဆက်ခါ နာကျဉ် နေတော့သည် ။
ဝဲလာသော မျက်ရည်တို့ ကို အပြင် မရောက်အောင် ထိန်းရင် သူ့ မျက်နှာ ကို မော့၍ မျက်လုံးချင်း ဆိုင်ကာ စေ့စေ့ ကြည့်လိုက်၏ ။ သူ့ ပါး ပေါ်မှ မျက်ရည်စများ ကို သုတ်ပေးရင်း သူ မငိုတော့ဖို့ မြမှီ ခေါင်းခါ ပြလိုက်၏ ။ သူ နားလည်ပါလိမ့်မည် ။ နောက်ဆုံးတွင် တစ်ဘဝလုံးစာ အတွက် သူ့ ကို မြမှီ ပြုံးပြ လိုက်သည် ။ စက္ကန်ပိုင်း မျှသော အချိန် ဖြစ်သည် ။ သို့သော် ထိုမျှ လောက်သော အချိန် သည် မြမှီ နှလုံးသား တို့ ကို ဖျက်စီး ပစ်လိုက်နိုင်သည် ။ မြမှီ ကွန်ပျူတာ ကို ပိတ် လိုက်သည် ။ သူ့ အတွက် အားဆေး ကို တိုက်သည် ။ ခဏ အကြာတွင် မြမှီ လက် ကို ဆုပ်ကိုင်ရင်း သူ အိပ်ပျော် သွားသည် ။ ပင်ပန်းနွမ်းနယ် နေသော သူ့ မျက်နှာ ပေါ်မှ မျက်ရည်စ တို့ကို မြမှီ သုတ်ပေးလိုက်၏ ။ သမီးတွေ အခန်း ကို တစ်ချက် ကြည့်မိသည် ။ သူတို့ အိပ်ပျော် နေပြီ ။ လိမ္မာသိတက်လွန်းသော သမီးတွေ ရထားသည့် အတွက် မြမှီ ဟာ ကံထူးသူ တစ်ယောက် ပါ ။ သမီးတွေ ကို စောင်သေချာ ခြုံပေးရင်း ညအိပ်မီး ပြောင်း ထွန်းပေး လိုက်သည် ။ ခြေသံ ကို ဖွဖွ နင်း၍ မြမှီ စာကြည့်ခန်း ထဲ ဝင်လိုက်သည် ။ ထို့နောက် တံခါး ကို သေချာစွာ ပိတ်သည် ။ စာအုပ်စင် ၏ အောက်ဆုံး အံဆွဲလေး ကို ဖွင့်လိုက်၏ ။ အံဆွဲ ထဲ မှ စာအုပ် တစ်အုပ် အသံဖမ်းစက် တစ်လုံး နှင့် စတစ် တစ်ခု ကို ယူ လိုက်သည် ။ စတစ် ကို အသံဖမ်းစက် ထဲ ထည့်ပြီး မြမှီ အသံသွင်းခြင်း ကို စတင်လိုက်တော့သည် ။
“ မောင်ရေ ...
ည က အိပ်ပျော်ရဲ့လား ၊ ခု မှီ ပြောတာတွေကို သေချာ နားထောင်နော် ခုနက မောင့် ကွန်ပျူတာ ထဲ က ပုံတွေကို ကြည့်ပြီးပြီ မှတ်လား ၊ အဲ့ထဲမှာ မောင်ရယ် မှီရယ် မှီတို့ ရဲ့ သမီးလေး နှစ်ယောက်ရဲ့ ပုံတွေလည်း ပါတယ်နော် ။ မနေ့က မောင် နဲ့ မှီ လျောက်လည် ထားတဲ့ ပုံတွေလည်း တွေ့လား မောင် ၊ မောင် က မှီ့ ကို သိပ်ချစ်တာ မှီ လည်း မောင့် ကို ချစ်တယ် ။ မှီတို့ မိသားစုလေး က တစ်ယောက် နဲ့ တစ်ယောက် သိပ်ကို ချစ်ပြီး သိပ်ကို ပျော်စရာ ကောင်းတဲ့ မိသားစုလေးပါ မောင် ။
မောင် က လေ အရမ်း ကို တာဝန်ကျေခဲ့တဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပါ ။ ဒါပေမယ့် မောင် လွန်ခဲ့တဲ့ သုံးနှစ် လောက် က မှ မောင့် မှာ Alzheimer လို့ ခေါ်တဲ့ အတိတ်မေ့ရောဂါ ပထမဆင့် ဖြစ်နေတာ ကို သိခဲ့ရတယ် မောင် ။ မှီ တို့ မထင်မှတ်ထားတဲ့ ရောဂါ တစ်ခု က မထင်မှတ်ထားတဲ့ အချိန် မှာ ဖြစ်ခဲ့တယ် ။ မှီ ရော မောင် ပါ အရမ်းကို တုန်လှုပ်ခဲ့ရတယ် ။ မောင် က သတ္တိ သိပ်ရှိတာပဲ မှီ့ လက် ကို ဆွဲပြီး ငိုနေတဲ့ မှီ့ ကို အားပေးခဲ့တယ် ။ မောင်တို့ ရင်ဆိုင်ရမယ် မှီ အားတင်းထားပါ ၊ မောင့် စီမံကိန်း ထဲမှာ မပါတဲ့ ဒီကိစ္စ ကို မှီ အကောင်းဆုံး စွမ်းဆောင်ပေးပါ ၊ မောင့် သမီး နှစ်ယောက် ကို စောင့်ရှောက်ဖို့ လည်း မောင် က တစ်ဖွဖွ မှာထားခဲ့တယ် ။ အဲ့ အချိန်တုန်းက မောင် က နေရင်းထိုင်ရင်း ဒေါသတွေ ထွက် နေ တက်တယ် ။ ဖုန်းတွေ ခဏခဏ ပျောက်လို့ မှီ နဲ့ တောင် ရန်တွေ ဖြစ်ရသေးတယ် ကားမောင်းရင်း တောင် ဘယ်သွားရမှန်း မေ့မေ့ နေလို့ အိမ် မပြန်လာတဲ့ ညတွေ တောင် ရှိတယ် ။ မှီ လေ မောင့် ကို စိတ်ဆိုး လိုက်တာ အရမ်းပဲ သိလား ။ မှီ က မောင့် ရောဂါ အကြောင်း သိမှ မသိသေးတာလေ ။ ခုဆိုရင် မောင့် ရောဂါက အဆိုးဘက် ကို ဦးတည်နေပြီ မောင် ။ မှီတို့ ကို မမှတ်မိတော့ သလို မောင့် ကို မောင် တောင် မသိ တော့ဘူး ။ ဒါကြောင့် မှီ က မောင် ကြည့်ဖို့ မှတ်တမ်းဓာတ်ပုံတွေ ရယ် နားထောင်ဖို့ အသံဖိုင်တွေ မောင့် ကွန်ပျူတာ ထဲမှာ ထည့်ပေး ထားတာပေါ့ ။ ဒါပေမယ့် မောင် ရေ မောင် က စိတ်ဓာတ် ခိုင်မာတဲ့လူ ဆိုတာ မှီ သိပါတယ် ။ မောင် ဘာမှ အားမငယ်ပါနဲ့နော် ။ မောင့် နား မှာ မှီ အမြဲ ရှိနေတယ် ။ မောင် မိသားစု ကို တစ်စက္ကန့် လောက် သတိရ လာရင်တောင် အဲ့အချိန် မောင့် နားမှာ မှီ ရှိနေမှာပါမောင် ။ မောင် အားတင်းထားနော် Fighting ”
အသံဖမ်းစက်လေး ကို ပိတ် လိုက်သည် ။ မနက်ဖြန် မောင် နားထောင်ဖို့ အတွက် မြမှီ အသံဖမ်း ထားခြင်း ဖြစ်သည် ။ တုန်ရင်နေသော အသံ ကို မနည်း ထိန်း ပြော နေရပေမယ့် မတားဆီးနို င်တော့တဲ့ မျက်ရည်တွေ က ပါးပြင် ပေါ် တလှိမ့်လှိမ့် ကျဆင်းလာတော့သည် ။
မြမှီ မျက်နှာ ကို လက်ဝါး အုပ်၍ တရှိုက်ရှိုက်ပင် ငိုလိုက်မိတော့သည် ။
Home Sweet Home ဆိုတဲ့ စီမံကိန်းလေး ထဲမှာ မြမှီ ၏ ငိုရှိုက်သံ တို့သည် အဘယ်သူ ၏ ခွင့်ပြုချက်ဖြင့် ပါဝင်ခွင့် ရခဲ့သည် ကို ကား မသိနိုင်တော့ပါ ။
⎕ မေနန်းမောင်
📖 တစ်ယောက် တစ်ဘဝ ( ၁ )
.
No comments:
Post a Comment