❝ မြွေ ❞
━━━━━━━━━━━━━━━
ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ )
━━━━━━━━━━━━━━━
အချိန် နာရီ နှင့် အတိအကျ လိုက်နာဆောင်ရွက် ရသော စာမေးပွဲ ဖြေနေသည့် အချိန်မှာ မှ ထိုအဖြစ် အပျက်ကို တိုက်ဆိုင် လွန်းစွာ ကြုံတွေ့ ခဲ့ရခြင်း ဖြစ်လေသည် ။
စာမေးပွဲ စစ်ရန် အတွက် အချက်ပေး ခေါင်းလောင်းသံ ကို ကြားသည် နှင့် ဆရာမလေး သည် မေးခွန်းစာရွက် များကို စ၍ ဝေတော့သည် ။ အင်္ဂလိပ်စာ ဖြေသောနေ့ ဖြစ်၍ အဖြေလွှာ နှင့် မေးခွန်းသည် တစ်ရွက်တည်း ပင် ဖြစ်သည် ။
“ လေးတန်း မတ်တတ်ရပ်ပါ ”
စာမေးပွဲ ဖြေရန် သုံးတန်း နှင့် လေးတန်း တစ်ယောက် ကျော်စီ အစီအစဉ်တကျ ထိုင် နေကြသည့် ကလေးများ ထဲ မှ စတုတ္ထတန်းကလေးများ မတ်တတ်ရပ် ကြသည် ။ ဆရာမလေး ၏ လက်ကြား ထဲတွင် တတိယတန်း မေးခွန်း ဆယ့်သုံးရွက် နှင့် စတုတ္ထတန်း မေးခွန်း ဆယ့်ခြောက်ရွက်ကို တစ်ကန့် စီ ကိုင်ထားပြီး အတန်း နှင့် မေးခွန်းစာရွက် မှား၍ မပေးမိစေရန် ဂရုတစိုက် ဝေနေ သည် ။ ထိုအချိန်တွင် ...
“ ဆရာမ မြွေ…မြွေ ”
“ ဟဲ့ ... ဘယ်မှာလဲ ဘယ်မှာလဲ ”
ဆရာမလေး က အလန့်တကြား နှင့် ကလေးများ ညွှန်ပြရာကို ကြည့်လိုက်တော့ မြွေငယ်ကလေး သည် အခန်း ၏ အရှေ့ဘက် ပျဉ်ချပ်အကာ ပေါ်သို့ တွန့်လိမ်ကောက်ကွေးလျက် တက်နေသည်ကို တွေ့လိုက်ရသည် ။ ဆရာမကလေး က ကြီးကြီးမားမား မဟုတ်သော မြွေငယ်ကလေး ကို ကြည့်ပြီး စိတ်အေး သွားဟန်ဖြင့် ...
“ ဪ … မြွေလေး က သူ့ ဟာ သူ နေတာပါ ။ ဘာမှ မဖြစ်ပါဘူးနော် ၊ ပြီးတော့ ဆရာမ မောင်းထုတ်ပေးမယ် ၊ စာမေးပွဲ ဆက် ဖြေရအောင် လုပ် လုပ် ၊ ကိုယ့် အဖြေလွှာ ပေါ်မှာ ခုံနံပါတ် ကို မှန်မှန်ကန်ကန် ရေးကြ ”
ဟု ပြောပြီး အတန်းကို ထိန်းလိုက်သည် ။ ကလေး များ ငြိမ်သွားပြီး မေးခွန်း ထဲမှာ စိတ်ဝင်စား သွားကြ သည် ။ ထိုအချိန်မှ စ၍ ဆရာမ မှာ စိတ်လှုပ်ရှား ရတော့သည် ။ မြွေ ကို ဘယ်လို မောင်းထုတ်ရမလဲ ။
အမြင့်သို့ တက်နိုင်သော မြွေသည် မြွေဆိုး မဟုတ် ဟု ဆိုကြသော်လည်း မြွေ မှန်လျှင် အဆိပ် ကတော့ ရှိမှာ ပါပဲ ။ အမြင့်သို့ တက် နေသော အဆိပ်ကောင် ကို အောက် ရောက်အောင် ဘယ်လိုလုပ်ရမလဲ ။ ကလေးများ သည် ထို အဆိပ်ကောင် နှင့်ပတ်သက်ရန် အတော်ငယ်ရွယ်ကြ သေးသည် ။ ပြီးတော့ စာမေးပွဲ ဖြေချိန် ဆိုတာ အချိန်ပြည့် ကလေး အတွက် ပဲ ဖြစ်သင့်သည် ။ ကလေးများ ကို အနှောင့်အယှက် ကင်းစွာ စာမေးပွဲ ဖြေစေချင်သည် ။ နောက်ပြီး ခုချိန်မှာ ဆရာမလေး သည် သက်သတ်လွတ် စားပြီး မေတ္တသုတ် ရွတ်ကာ အေးချမ်းစွာ နေရန် ဓိဋ္ဌာန် ပြုထားသော အချိန်လည်း ဖြစ်နေသည် ။ သူ့ အသက် သ,တ်ဖို့ လွယ်လျက် သူ့ အသက် ကယ်ရန် ခက်ခဲစွာ စဉ်းစားနေရသော အဖြစ် ကို ကျဉ်းကျပ်စွာသော ကန့်သတ်ချက် အတွေးများ အတွင်းမှ အကောင်းဆုံး ဖြစ်စေရန် စိတ်ကူးဖြင့် အပြင်းအထန် လှုပ်ရှားနေလေသည် ။
ဆရာမလေး သည် မြွေကလေး တက် နေသော နံရံကို ကြည့်ရင်း ပထမဦးစွာ ကျောင်း အဆောက်အအုံ ကို အပြစ် တင်မိတော့သည် ။ ပတ်ကြားအက်ရာတွေ ထပ်ထပ်ကြမ်း နေသော အုတ်အခင်း ။ ပျဉ်ချပ်များ ကို အလျားလိုက် စီထပ် ထားသော အကာအရံ ( ထို့ကြောင့် ပင် ပျဉ်ချပ်များ ကြား၌ ပိုးကောင် ၊ မွှားကောင် ဝင်နိုင်တာ ပေါ့ ။ ) ဟောင်နွမ်းဆွေးမြည့်နေပြီဖြစ်သော သွပ်မိုးများ ကြားမှ ဆွေးမြည့်ပေါက်ပဲ့နေသော ဝါးမျက်နှာကြက် ။ ( ထို မျက်နှာကြက် ထဲမှာ တစ်ခါတလေ တောက်တဲ့များ လည်း ထွက်လာတတ်သေးသည် ။ )
ပြီးတော့ ပတ်ဝန်းကျင် အခြေအနေ ကို အပြစ်တင် မိပြန်သည် ။ ကျောင်းဆောင်ကလေး ၏ နောက်ဘက် မျက်နှာစာမှ မြက်ပင်များသည် စပါးပင်များ သာ ဖြစ်ခဲ့မည် ဆိုလျှင် ဤကျောင်းမှ ကျောင်းသားများ ကို ဘာ စရိတ် မှ တောင်းစရာမလိုဘဲ စာသင် ပေးနိုင်မည် ။ အလွန် အမင်း ကျယ်ဝန်းလှသော ကျောင်းကြီး ထဲမှ မူလတန်း စာသင်ဆောင်ကလေး ၏ ကျန်းမာရေး မှာ မကောင်းလှ ပါ ။ စိုးရိမ်ဖွယ် နာတာရှည် လူမမာ ကဲ့သို့ ဖြစ်နေသည် ။ လေပြင်းတိုက် မှာ စိုးရ ၊ မိုးကြီး ရွာ မှာ စိုးရ ၊ သည်ကြား မှာ သက်ပြင်း ယဲ့ယဲ့ ရှူ နေသော ကျောင်းဆောင်ကလေး ကို မူလတန်း မှ သင်သော ဆရာမလေး များ နှင့် ကလေး များက အားကိုးတကြီး မှီခို နေရသည် ။
ဆရာမလေး သည် မေးခွန်းစာရွက်များ ဝေပြီးသော အခါ မြွေလေး ရှိရာသို့ လှမ်းကြည့် လိုက်သည် ။ သစ်သားတန်းကလေး ပေါ်မှ ခေါင်းတင်၍ ငြိမ်ငြိမ်ကလေး ။ ဒီအတိုင်းဆို အခြေအနေ မဆိုးပါဘူး ။ နေပါစေဦးလေ ဟု စိတ်အေးသွားသည် ။
ကလေးများ ကလည်း မြွေကလေး ကို မေ့ နေကြသည် ။ အင်္ဂလိပ်စာလုံးပေါင်းတွေ ကို တတွတ်တွတ် ရွတ် ရင်း စာမေးပွဲ ကို စိတ်ပါလက်ပါ ဖြေနေကြသည် ။ ဆရာမ က ကလေးများကို ကြည့်ရင်း ကျေနပ်သွား၏ ။
“ ဒီအရွယ် ကလေးတွေပဲ ချစ်စရာ ကောင်းတယ် ”
“ ဆရာမ ပြုတ်ကျလာပြီ ၊ ပြုတ်ကျလာပြီ ”
ရှေ့ခုံတန်းမှ ကလေးများ၏ အလန့်တကြား အော်သံ ကြောင့် ဆရာမလေး သည် ရှေ့ခုံသို့ အမြန်ပြေး လာခဲ့သည် ။ မြွေကလေး သည် နံရံကပ် သင်ပုန်းကြီး ၏ အောက်ခြေ မှာ လမ်းရှာ နေသည် ။ အရွယ် က မိန်းကလေး လက်မ လောက်ရှိသည် ။ အရှည် ကတော့ တစ်တောင်ခန့် ဖြစ်မည် ။ အရောင် မှာ အဝါရစ်သန်းသော စိမ်းပြေပြေ မှာ မည်းညို့ညို့ အကွက်များ ကြားထားသည် ။ ထူးခြား နေတာကတော့ မြွေ ၏ ဝမ်းဗိုက်ပိုင်း ဖြစ်သည် ။ အတော် ကလေး စူဖောင်း နေသည် ။ သေချာ ကြည့်သော အခါ အစာ တစ်ခုခု ကို မျိုထားသည် လား ၊ ဒါမှမဟုတ် သူ့ ဗိုက် ထဲမှာ မြွေသေးသေးလေးတွေ လား မသိ ။ ခေါင်းကလေး ကတော့ လုံးလုံးချွန်ချွန်ကလေး ဖြစ်သည် ။ မဟောသဓာ သာဆိုလျှင် မြွေဖို ၊ မြွေမ ချက်ချင်း ခွဲပြနိုင်လိမ့်မည် ။ စာမေးပွဲ ဖြေနေသော ကလေးများ ကလည်း ငြိမ်နေပြီး ဆရာမလေး ကလည်း ငြိမ်နေသဖြင့် မြွေကလေးသည် ခုံတန်းများ ရှိရာသို့ ဦးလှည့်လာသည် ။ ဒီလို လှည့်ဖို့တော့ ခွင့်မပြုနိုင် ။ ဆရာမလေး က သစ်သား ပေတံကလေး နှင့် ဝေးဝေးမှနေ၍ စားပွဲကို ခေါက်ပြီး အသံ ပေးကာ ခြောက် လှန့်လိုက်သည် ။ မြွေကလေးသည် နံရံဘက် သို့ ပြန် လှည့် သွားသည် ။ ပြီးတော့ သစ်သားပေါင် ပေါ်သို့ ပြန် တက်သွားသည် ။ ကလေးများ ၏ အာရုံ က မြွေကလေး ဆီသို့ ရောက်နေကြ၏ ။
“ ကဲ .. ကဲ ဖြေကြပါကွယ် ၊ ဘာမှ မဖြစ်ပါဘူး ။ ဆရာမ ရှိပါတယ် ”
“ ဆရာမ ဒီကောင် ရှုပ်တယ် ၊ အုတ်ခဲ နဲ့ ထုထည့် လိုက်မယ် ”
“ အမယ်လေး …. မလုပ်ပါနဲ့ သားရယ် ၊ သူ့ ခမျာ ရေတွေနစ်နေလို့ ဒီပေါ်ကို လာခိုနေရှာတာပါ ။ စာမေးပွဲ ဖြေနေရင်း သူများ အသက် မသ,တ်ရဘူးနော် ။ ကဲ ... ဖြေဖြေ ”
ဆရာမ သည် ကလေးများ ကို အားပေး နေရသော် လည်း ကိုယ်တိုင်ကတော့ ဘဝင် မကျလှပါ ။ ကလေးတွေ ကို အားနာနေသည် ။ ကလေးများ စိတ်အေးချမ်းသာ စာမေးပွဲ ဖြေခွင့်မရခြင်း အတွက် ဆရာမ မှာ တာဝန် အရှိဆုံး ဟု ယူဆမိပြီး မြွေကလေး ကို အဝေးဆုံး နေရာသို့ ပို့ရန် ဘေးပတ်ဝန်းကျင် သို့ အာရုံဖြန့်လိုက်သည် ။
ရေတွေ ။ ကျောင်း ပတ်ဝန်းကျင် ၏ အရပ် လေးမျက်နှာ မှာ ရေတွေ ဖွေး နေသည် ။ ‘ မိုးရေတက်ရေ တဖွေးဖွေး ၊ ကွင်းကျယ်အဝေးဝေး ၊ စာသင်ကျောင်းကလေး ’ ဖြစ်နေသည် ။ အခါမဟုတ် မိုး၏ ညှဉ်းပန်းနှိပ်စက်မှု ဒဏ် ကြောင့် ရေပတ်လည် ဝိုင်းနေသည် ။ မြွေကလေးသည် ရေဘေးဒုက္ခသည် ဖြစ်သည် ။ ဆရာမ နှင့် ကလေးများ သည် လည်း ရေဘေး နှင့် မကင်းလွတ်သူများ ဖြစ်ကြ၏ ။ ရေ သာ ရှိမနေခဲ့လျှင် စာသင်ခန်း အပြင်ဘက်သို့ အမြန် ပြေး ထွက်ပြီး တုတ်ရှည်ရှည် တစ်ချောင်းရှာ ၊ ကလေးတွေ ကို အခန်း နောက်နား ခဏ ပို့ထားပြီး မြွေ ကို ကော်ပစ် လိုက်နိုင်သည် ။ အကြာဆုံး ဆယ်မိနစ်ပေါ့ ။ ဆယ်မိနစ် လောက် ဆုံးရှုံးလိုက်ရုံဖြင့် ကလေးများ သည် စိတ်လုံခြုံမှု ပြည့်ဝစွာဖြင့် ဆက်ဖြေနိုင်လိမ့်မည် ။ ခုတော့ အခြေ အနေက ပြတ်သားစွာ လုပ်ဆောင်ရန် အခွင့်မသာနိုင် သေးပေ ။
သူ ဘယ်အချိန်က ရောက်လာခဲ့သလဲ ။ သူ့ ကို နံနက်ပိုင်း က မတွေ့ ခဲ့ရ ။ နေ့လယ်ပိုင်း မှပင် တွေ့ရခြင်း ဖြစ်သည် ။ ဆရာမ နှင့် ကလေးများ သည် နံနက်ပိုင်းတုန်း ကလည်း ဒီ အခန်း မှာပင် မြန်မာစာဘာသာ ကို စာမေးပွဲ ဖြေခဲ့ကြသည် ။ ဒီ ကျောင်းမှာ အခြေအနေ အရ ကလေး များ ကို တစ်နေ့ နှစ်ဘာသာ ဖြေခိုင်း နေရခြင်းကြောင့် ဖြစ်သည် ။ လေးတန်း ကလေးတွေ ကျောင်းစစ် ဖြစ်သွား သော အချိန်မှ စပြီး တစ်နေ့ တစ်ဘာသာ ဖြေကြရသော် လည်း အထက်တန်း ကျောင်းကြီးမှ ဆရာ မလုံလောက် သော အခက်အခဲကြောင့် အထက်တန်း ၊ အလယ်တန်း များ စာမေးပွဲ စစ်သော အချိန်တွင် အဆင်ပြေ စေရန် မူလတန်းကို ကြို၍ စစ်ထားခြင်း ဖြစ်သည် ။
လူသူ အရောက်အပေါက် နည်းသော အရပ်ဒေသ မှ ကျောင်း ဖြစ်၍ ကျောင်း မှာရှိသော ဆရာ ဦးရေသည် ကျောင်းသား နှင့် မမျှမတ ဖြစ်နေသော အချိန်မှာပင် ကျောင်းအုပ်ဆရာကြီး က သက်ပြည့်ပင်စင် ယူရန် ခွင့်ယူ သွားပြီ ဖြစ်သည် ။ ကျောင်း မှာတော့ စီစဉ်သူများ အဖွဲ့ ဖွဲ့၍ ကောင်းနိုးရာရာ စီမံကွပ်ကဲ နေကြသည် ။ ထို အဖွဲ့ ထဲမှာ မကျွမ်းကျင်သူ လည်း ပါ၏ ။ ကျွမ်းကျင်သူ လည်း ပါ၏ ။ ငါ ပြောသလို လုပ် ငါ လို မနေနဲ့ ဆိုသည့် လူ လည်း ပါ၏ ။ မျက်စိ စုံမှိတ်၍ တောရမ်း တောင်ရမ်း လုပ်နေသူ လည်း ပါ၏ ။ စေတနာ တကယ် ရှိပြီး မလွန်ဆန်နိုင်သူ လည်း ပါ၏ ။ တကယ် တတ်၍ လမ်းကောင်းပြနိုင်သူ ကတော့ ဘာကြောင့်မှန်း မသိ ။ အားလုံး ၏ နောက်မှ ခပ်သုတ်သုတ် လိုက်နေရ၏ ။ ထိုသူများ ကို ဖယ်လိုက် လျှင် လူနာမည် သာ ရှိပြီး လူမရှိ သည့် ခွင့်သမားများ
ကျန်၏ ။ နောက်ဆုံးမှ တကယ် အလုပ် လုပ်နေကြ သူတွေပေါ့ ။ ဒါပေမဲ့ စိတ်မပျက်ကြပါ ။ အားလုံးမှာ သံယောဇဉ် ကိုယ်စီ နှင့် ဖြစ်သည် ။
ကျောင်း သို့ ရောက်သက် အနည်းဆုံး ငါးနှစ် ရှိသူ တွေချည်း ဆိုတော့ ကျောင်းပေါ် မှာရော လုပ်ဖော်ကိုင်ဖက် တွေ ပေါ်မှာပါ သံယောဇဉ် ငြိနေကြပြီ ဖြစ်သည် ။ အများ ၏ စိတ်ဆန္ဒမှာ သာတူညီမျှ နှင့် ဝိုင်းဝန်း ကူညီရင်း ရုန်းကန် လှုပ်ရှားကြရန် ဖြစ်သော်လည်း အနည်းငယ် တော့ ခက်ခဲနေသေးသည် ။ “ ကျောင်း အတွက် ကျောင်း အတွက် ” ပါးစပ် က အော်ပြီး “ ကိုယ့် အတွက် ” လှုပ်ရှား နေသူများ ကို အပြစ် မြင်လျက် အပြစ် မတင်ရက်ခဲ့ကြ ။ ဆရာကြီး မရှိသည့် နောက် ပုဂ္ဂိုလ်ရေးရာ အမျက်သိုမှုများ နှင့် အတန်းကြီး သင်သော ဝါရင့် ဆရာမ တစ်ယောက် ကို မူလတန်း သို့ ချောင်ထိုး ပစ်ခဲ့တာတွေကိုလည်း ဘေး က နေပြီး အမြင်မတော် ဖြစ်ခဲ့ကြရုံသာ ။ ထို ဆရာမ ကတော့ အပြုံး မပျက်ဘဲ မူလတန်းကလေးများ တရုန်းရုန်း နှင့် ပျော်ရွှင် နေသည် ။
“ ဆရာမ ဆိုတာ ဘယ်အတန်း ပဲ သင်ရ သင်ရ သင် ကြားမှု အောင်မြင်ရင် အမြဲတမ်း ဂုဏ် ရှိနေတာပဲ ၊ ငါစွဲ မရှိပါဘူး ။ ရောက်တဲ့ အတန်း ကိုယ့် အတန်းပဲ ”
ဟု ပြောပြီး အောင်မြင်စွာ သင်နေသည် ။ သူ့ တပည့် အတန်းကြီးသမားတွေ က စာ နားမလည်တာတွေ ကို မူလတန်း အထိ လိုက် မေးကြတော့ ထို ဆရာမ မှာ တပည့် အကြီးအသေး မြောက်မြားစွာဖြင့် ပရိသတ် အင်အား ပို၍ တောင့်တင်းလာခဲ့သည် ။ ထို ဆရာမ သည် စာမေးပွဲ အပြင်စောင့်အဖြစ် စာရွက်တွေ ကို ရေထဲ မှာ တစွတ်စွတ် ဆင်း၍ အခန်းစဉ် အတိုင်း လိုက်၍ ဝေပေးနေသည် ။ ဆရာမလေး သည် မြွေ ကို ကြည့်ရင်း ထို ဆရာမ ကို မြင် တော့ အားတက် သွားသည် ။
“ မမ ရေ တုတ်ရှည်ရှည် တစ်ချောင်း လောက် တွေ့ ရင် ဆွဲခဲ့စမ်းပါ ”
“ ဘာလုပ်ဖို့လဲ ”
“ ဒီ အခန်း ထဲ မှာ မြွေ ရှိတယ် ”
“ ဟယ် .. ဟုတ်လား ၊ ဘယ်မှာလဲ ”
“ နံရံ ပေါ်မှာပါ ၊ လိုလိုမည်မည် တုတ်ကလေး ဘာလေး ဆောင်ထားမလို့ ”
“ အေး … အေး ယူခဲ့မယ် ၊ ဒါလေး ဝေပြီးရင် ပြေးလာခဲ့မယ် ”
သူ့ လက် ထဲ မှ စာရွက်ပိုများ နှင့် လာလူ စာရင်း ကိစ္စ များကို အမြန် ပေးပို့ပြီး တုတ်ရှည်ရှည် တစ်ချောင်း နှင့် ပြန် ရောက်လာသည် ။ ကလေးများ ကလည်း စာမေးပွဲ ဖြေ၍ ပြီး နေကြပြီ ။ အဖြေလွှာတွေ ပြန် စစ်ကြရန် မှာ ထားပြီး မြွေကလေးကို ထို ဆရာမလေး နှင့် အတူ စောင့် ကြည့် နေကြသည် ။ ကြည့်နေစဉ် တွင် မြွေ သည် သင်ပုန်း ရိုက် ထားသော တန်း ပေါ် သို့ တွယ်တက် နေရာ မှ ပြုတ်ကျ လာသည် ။ လက် ထဲ မှာ တုတ်ကြီးကြီး တစ်ချောင်း ကိုင် ထားသော ဆရာမ က ထို တုတ် နှင့် မြွေ ကို သွား တို့ လိုက်၏ ။
“ ဟယ် ... ပေါက်တယ် ပေါက်တယ် ”
စာမေးပွဲ ဖြေပြီး အဖြေလွှာ လာ အပ်သော ကလေး များက ဆရာမ လက် ထဲ မှ တုတ် ကို အတင်း တောင်းနေ ကြ၏ ။
“ ပေး … ဆရာမ ၊ သား ရိုက်မယ် ”
“ မလုပ်ပါနဲ့ကွယ် ၊ မင်းတို့ အားလုံး ဖြေပြီးကြပြီ ။ မကြာခင်ပဲ ဒီ အခန်း ထဲ က ထွက်သွားကြတော့မှာ အန္တရာယ် ကင်းပါပြီ ။ သူ့ ကို မသ,တ်ပါနဲ့ ”
ဆရာမ က ဖျောင်းဖျ ပြောသောအခါ ကလေးများ က မြွေ ကို မသ,တ်တော့ပေမယ့် သူတို့ အတွေးနှင့် အထွန့် တက် လာကြပြန်သည် ။
“ ကျွန်တော်တို့ မရှိတုန်းမှာ မျက်နှာကြက် ပေါ် အထိ တက် သွားပြီး နောက်နေ့ စာမေးပွဲ ဖြေတုန်း ပြုတ်ကျရင် ဘယ်လို လုပ်မလဲ ”
“ မတက်နိုင်ဘူး သားရဲ့ ၊ စိတ်ချ ... ဒီကောင် က မြွေစိမ်း မဟုတ်ဘူး ။ မြွေစိမ်း က မှ အမြင့် တက်နိုင်မှာ ၊ ဒီကောင့် ကြည့်ရတာ အဆိုး စပ်ပုံ ပေါ်တယ် ။ အရောင် ကလည်း အဆိုးရောင် ၊ ပေါက် လည်း ပေါက်တယ် ဆိုတော့ အမြင့် တက်လည်း ဘယ်သူမှ ဘာမှလုပ်စရာ မလိုဘူး ။ လိမ့်ကျလာမှာပဲ ။ သူ က မြေကြီး ပေါ် မှာပဲ အမြဲ နေရတာပါ ။ တစ်ခါတလေ အဆင်မသင့် လို့ နံရံပေါ် တက်ရတာ ။ ခဏနေ ဆရာမတို့ ထွက်သွားရင် သူ လည်း မြေကြီး ရှာပြီး ထွက်သွားမှာပဲ ”
တုတ်ကိုင် ထားသော ဆရာမက ကလေးများ ကို စိတ်ရှည်လက်ရှည် ရှင်းပြ နေသည် ။ ပြီးတော့ ...
“ ကဲ ... တွေ့ တယ် မဟုတ်လား ၊ မင်းတို့ နေတဲ့ နေရာမှာ အန္တရာယ် ကတော့ ရှိနေတာ အမှန်ပဲ ။ ဒါပေမဲ့ ကိုယ့်ကို ရန် မမူနိုင်အောင် ကာကွယ်တတ်ရင် ရပါတယ် ။ ကိုယ် နေတဲ့ နေရာကို ပြောင်ရှင်း နေအောင် လုပ်ထား ရမယ် ။ ဒါဆို သူ မလာဘူး ။ လာခဲ့ရင် တောင် အလွယ် တကူ မြင်နိုင်တာပေါ့ ”
ဆရာမလေး က အခွင့်ကြုံခိုက် မှာ အခန်း သန့်ရှင်းရေး လုပ်ချင်စိတ် ပေါက်အောင် ဆွယ်တရား ဟောလိုက် သေးသည် ။
တုတ်ကိုင် ထားသော ဆရာမက လက် ထဲ မှ တုတ် ကို ရေပြင် ဆီသို့ လှမ်း ပစ်လိုက်ပြီး မေတ္တသုတ် ရွတ် နေသည် ။ မြွေကလေး ကလည်း အနီရဲရဲ လျှာကလေး နှစ်ခွ ကို ထုတ်၍ လတ်လျားလတ်လျား နှင့် ဟန်ရေး ပြနေ သည် ။ ခဏနေသောအခါ ကျောင်းဆင်းခေါင်းလောင်းသံ ကို ကြားရသည် ။ ကလေးများ က ပျော်ရွှင်စွာ ပြေးထွက်သွားကြသည် ။ ဆရာမ နှစ်ယောက် က အဖြေ လွှာများကို စစ်ဆေးသိမ်းဆည်း ပြီး တံခါး ကို သော့ပိတ် လိုက်ကြသည် ။ ပြီးတော့ ထိုအခန်း မှ ဝေးရာသို့ အမြန် ထွက်လာခဲ့ကြသည် ။
ထိုအချိန်မှာ မြွေကလေး သည် စာသင်ခုံများ ကြားမှ အုတ်ပေါက် ထဲ သို့ ဝင်ရန် ဟန်ပြင် လိုက်သည် ။ အခန်း သည် မှောင်နေသည် ။ မြွေ သည် လွတ်လပ်စွာ သွားလာ နေ၏ ။ ထို အခန်း သည် သော့ခတ် ထားသော လူ မရှိ သည့် အခန်း ဖြစ်နေ၍ မြွေဆိုး ၏ အဆိပ်သည် အန္တရာယ် မဟုတ်တော့ပါ ။
▢ ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ )
📖 စာပေဂျာနယ်
၁၉၉၅ ၊ မေလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment