❝ နိုင်တဲ့ လူ အကုန် ယူသွားသည် ❞
The Winner takes it all.
━━━━━━━━━━━━━━━━
ဇော်ဇော်အောင်
━━━━━━━━━━━━━━━━
တောင်စောင်း အပြန့်သည် နိမ့်လျှော ဆင်း သွား၏ ။ ခပ်ဝေးဝေး တစ်နေရာ တွင် အနိမ့်အဝှမ်း သည် ကော့ပျံ မြင့်တက်၍ သွားသည် ။ ရှေ့တူရူ ကို ငေးမော မေ့ကျန်စွာ ကြည့်နေမိသည် ။ မည်မျှ ကြာသွားသည် မသိ ။ ပြန့်ပြောခြင်း ၊ အတားအဆီး အဖိအနှိပ် မရှိခြင်း ၊ ကျယ်ဝန်းခြင်းတို့ ကို ရင်မောစွာ ခံစားရ၏ ။ ရှေ့တူရူ မှာ လှိုင်းထ နိမ့်မြင့် မို့မောက် ပြေလျော သွားသော တောင်များ ၊ မိုးကုတ်စက်ဝိုင်း အထိ တောင်စဉ်လှိုင်း သည် တည်ရှိ နေ၏ ။ စိတ် ထဲ မှာ တော့ ထူးဆန်းနေသည် ။ တောင်လှိုင်း လွင်ပြင် မှာ ပြောင်ချော လွန်းသည် ။ ဗလာ ဖြစ် လွန်းသည် ။ အရာဝတ္ထု မဲ့ လွန်းသည် ။ သစ်ပင် မဆိုထား နှင့် မြက်ကလေး တစ်မျှင် ၊ ရေညှိကလေး တစ်ကွက် မှ မတွေ့ရ ။ ဝါညိုရောင် ကျောက်သားများ သာ ။ ကမ္ဘာ ပေါ်မှာ ဘာမှ မရှိ ဗလာပြောင်ချော နေသော ကျောက်တောင်များ ရှိပါကလား ။
ထို ကျောက်တောင်များ သည် မိုးကုတ်စက်ဝိုင်း အထိ မျက်စိ တစ်ဆုံး ကျယ်ပြန့်စွာ တည်ရှိ တတ်ပါကလား ။ အတားအဆီး မဲ့သော ကျောက်တောင်ကွင်းပြင် ကို ကြည့်မိပြန်၏ ။ ဘာလုပ် ရမလဲ ။ ဆက်သွားပါ ။ ဆက်သာသွားပါ ။ အခု ဆက်သွားသော အလုပ် ကို လုပ်ပါ ။ အချိန် ကျလာလျှင် ထို အလုပ် မှ တစ်ပါး အခြား အလုပ် ရှိနေခဲ့ပါလျှင် ဘာလုပ်ရမည် ကို အလိုလို သိလာလိမ့်မည် ဖြစ်သော် လည်း အချိန် မကျသေး မချင်း ထို အချိန် ကို စောင့်၍ ၊ စောင့်ချင်သည် ဖြစ်စေ ၊ မစောင့်ချင်သည် ဖြစ်စေ ၊ စောင့်၍ ထိုအချိန် ကျလာ လျှင် အကယ်၍ အခြား အလုပ် ရှိနေခဲ့ပါလျှင် ဘာလုပ်ရမည် ကို အလိုလို သိလာပါလိမ့်မည် ဟု ထင်၏ ။
ခင်မောင်ရင် ပေးထားသော ( Herman Hesse ) ၏ “ အရှေ့ဘက်သို့ ခရီး ” ဆိုသော ၀တ္ထု စာအုပ် တစ်အုပ် ဖတ်ဖူးသည် ။ ဝတ္ထု ဆိုသည် မှာ ဘာ ကို ဘယ်လို ရေးထားသလဲ ။ သုတ လား ၊ ရသ လား ၊ သုတ ရသ လား ။ ဒီ မေးခွန်းတွေ က အစ ကတည်းက မှားနေ၏ ။ သုတ ဆိုတာ မရှိဘူး ။ သုတ ရသ ဆိုတာ မရှိဘူး ။ ရသ တစ်ခု ပဲ ရှိသည် ။ ကိုယ် မသိသော အကြောင်း အရာ ကို ဘာမှ မသိပါဘဲနှင့် ဝင်ဝင် ပြောသော သူ တစ်ယောက် လာနေသည် ။ သူ့ အင်္ကျီကျော ပေါ်မှာ ' ရှက်ဖွယ် ' ဟူသော စာလုံး နှစ်လုံး ပန်းထိုး ချည်အနီနှင့် လှပစွာ ရက်ဖောက် ရေးထိုး ပေးလိုက်ကြပါ ။ လောကကြီး မှာ အရယ်ရ ဆုံးဟာသ တစ်မြန်နေ့ က ပေါ်ပေါက်လာခဲ့သည် ။ သိတယ် ဆိုတာ ဘာလဲ ။ အမှန်စင်စစ် ဘယ်သူမှ ဘာမှ သိကြသည် မထင်ပါ ။
ပြာသော ကောင်းကင် နှင့် ဖြူဆွတ်နုသော တိမ်တိုက် တို့ ပွတ်တိုက် ရွေ့လျားသံသည် ကျယ် လောင်လှချေ၏ ။ တိမ်တိုက်များ ရွေ့လျားသံသည် ရက်စက်ပွင့်လင်း နေသည် ။ ထို အသံ ကို နားမခံ သာပါ ။ နား နှစ်ဖက် ကို ပိတ်၍ ထိုင်ရာ မှ ထလိုက်သည် ။ ရှေ့သို့အားသွန် ပြေးထွက်ခဲ့ရသည် ။ တောင်ကမူပေါ်မှာ သံမဏိ ဗီရို တစ်လုံး ရှိနေသည် ။ အဆင့် သုံးဆင့် ပါ ၏ ။ ရင်ခေါင်း လောက် မြင့်သည် ။ အပေါ်ဆုံး ဆွဲအံ ကို ဆွဲဆောင့် ဖွင့်ပစ် လိုက်သည် ။ အံဆွဲအောက်မှ ဘီးလုံးငယ်ကလေးများ သံပေါင် ပြောင်း တစ်လျှောက် ပွတ်တိုက် ရွေ့လျားသွား၏ ။ ပြန်ဆောင့်ပိတ်လိုက်သည် ။
ပြန်ဖွင့်၏ ။ ပြန်ပိတ် ၏ ။ သံမဏိ အံဆွဲများ ၏ ဖွင့်သံ ၊ ပိတ်သံသည် နား ထဲမှာ လွန်စွာ ကြည်နူး အေးမြလှပါသည် ။ အချိန် မည်မျှ ကုန်သွားသည် မသိပါ ။ အံဆွဲ သုံးဆင့် ကို ဖွင့်လိုက် ၊ ပိတ်လိုက် ၊ ဖွင့်လိုက် ၊ ပိတ်လိုက် လုပ်ရင်း ကိုယ် မပိုင်သော အချိန်များ ကို ကုန်လွန်စေခဲ့ပါသည် ။ အချိန် အတော် ကြာသွားပြီ ထင်သည် ။ အံဆွဲ ဖွင့်သံ ပိတ်သံများ သည် နေ့ နှင့် ည အကူး အမှောင်ကျဆင်း ဆိုင်းအုပ်လာသလို ဖြည်းညင်းစွာ သိမ်မွေ့စွာ လှပစွာ တစ်ကိုယ်လုံး အပေါ်သို့ ကျဆင်း ဆိုင်းအုပ်လာနေပါသည် ။ သာယာလိုက်တာ ၊ လှပလိုက်တာ ၊ ကြည်နူးလိုက်တာ ရင်ထဲမှာ နှင်းမှုန်တွေ တဖွားဖွား လွင့်နေသည် ။ သိတယ် ဆိုတာ ဟာ ဘာလဲ ၊ အမှန်စင်စစ် သိပ်မသိကြပါ ။
လူသည် လောက အတွင်း သို့ ပစ်ချ ခံလိုက်ရသော အထီးကျန် သတ္တဝါ ဖြစ်သည် ။ ဖြစ်လာပြီ ဆို ကတည်း က အဓိပ္ပာယ် ကင်းမဲ့ နေသည် ။ လောက ထဲမှာ ထိုသို့လျှင် အဓိပ္ပာယ်ကင်းမဲ့ စွာ အထီးကျန် စွာ သူစိမ်းပြင်ပြင် လောက ထဲမှာ သူစိမ်းများ ၏ အလယ် မှာ ဖြစ်တည်လာခြင်းသည် ကောင်းချီး မင်္ဂလာတစ်ပါး မဟုတ် ။ သူ အသက်ရှင် တည်ရှိနေသော လောက ထဲ မှာ ထိုလောက နှင့် အဆက်ပြတ်၍ နေရသည် ဟု လူအချို့က ပြောကြားခဲ့သည် ။ မကြိုက်ပါ ။ သိပ် မကြိုက်လှ ပါ ။ ကိုယ် ကိုယ်တိုင် က ဘာမှ မသိဘဲနှင့် တော့ အယူအဆ တစ်ရပ် ဒဿန တစ်ရပ် ကို သိသလိုလို မလုပ်ချင်ပါ ။ ဆစ်ဇီဖတ် ဆိုသူသည် ကျောက် တုံးကြီးကို တောင်ပေါ်သို့ လှိမ့်တင် နေစဉ် ဇော်ဇော်အောင် သည် ဤ၀တ္ထုကို သူခံစား အာရုံ ရသလို ရေးနေ၏ ။ ဘယ်သူမှ ဘာမှ ပြောရန် မရှိပါ ။ အကယ်၍ တစ်စုံတစ်ယောက် က ဤ ၀တ္ထု ဆိုလိုရင်း အဓိပ္ပာယ်ကို ဘယ်လို အကြောင်းနှင့် ပဲ ဖြစ်ဖြစ် ရှာဖွေစူးစမ်းဖို့ ကြိုးပမ်းလျှင် သူ့ တာဝန် သူ့ သာ ဖြစ်၏ ။ ရေးသူ နှင့် မဆိုင်ပါ ။ ရှာတွေ့ သွားပြီ ဆိုလျှင်သော် လည်းကောင်း ၊ ရှာမတွေ့ ဟု ဆို လျှင် သော်လည်း ရေးသူ က ဘာမှ ပြောရန် အကြောင်း မရှိပါ ။ ရေးသူ သည် သူ ခံစား အာရုံ ရ သလို ရေး ထားခြင်း ကို သဘော မပေါက် သမျှ ဒဿန တစ်ရပ် ကို မသိဘဲနှင့် ဟူသော စကားရပ် သည် မသိသေး သမျှ ဟု ဆိုလိုသည် လား ။ ဘယ်တော့ သိမည်လဲ ။ အမှန် စင်စစ် ဘယ်သူ မှ ဘာမှ မသိကြတဲ့ အထဲ တွင် ဇော်ဇော်အောင် သည် အာရုံခံစားသူ သာ ဖြစ်၏ ။ သစ်သားပေတံ ။ ဝါးပေတံ ၊ ပလတ်စတစ်ပေတံ အားလုံး အမှိုက်ပုံး ထဲ ထည့်ထားပါ ။
အဝေးအရပ် မှ ပျံ့လွင့် လာသော တီးတိုးသံများ သည် သစ်ပင်များ မြက်ပင်များ ၊ ရွက်ခြောက် များ ၊ ကင်းမဲ့လပ်ဟာသော ပကတိ ပြောင်ချော တောင်ကုန်းများ ထူးဆန်းသော အရောင်ဖြင့် စိမ်းလန်းစေ၏ ။ စိမ်းလန်းသော အရောင် ဆိုသည် မှာ နီရဲသော အရောင် မဟုတ် ။ နီရဲ သော အရောင် မဟုတ်ခြင်းသာ သိရ၍ စိမ်းလန်းသော အရောင် ဆိုသည် မှာ ဘာလဲဟု တကယ် မသိရ ။ သိဖို့ မသိဖို့ ကို အပထား ။ ထူးဆန်းသော အရောင် ဖြင့် မီးစုန်း တောက် သလို စိမ်းလန်း နေသော ကျောက်သား တောင် ကုန်းလွင်ပြင် ကို ဆက်ဖြတ်ရပါလိမ့်မည် ။ ဆက်၍ ဖြတ်နေရပါ သည် ။ ဗျိုင်းဖြူများ သည် ကျက်သရေ ရှိစွာ ကောင်းကင် ကို ဖြတ်ပျံသန်းနေကြသည် ။ အရေးအကြီးဆုံး က ကိုယ့် အလုပ် ကိုယ် လုပ်ဖို့ ပဲ ဖြစ်သည် ။ လူသား တစ်ရပ်လုံး ကောင်းကျိုး အတွက် အသက်ရှင်နေ ထိုင် လုပ်ကိုင်ဆောင်ရွက်ခြင်း သည် စစ်မှန်သော ဖြစ်တည်မှု ဟူ၍ မှတ် ယူအပ်ပေသည် ။ ကမျူး ၏ ဖြစ်တည်မှုအဓိက ဒဿန ကို မျှ ဌာန်ကုန် အောင် မလေ့လာဖူးဘဲ ကြည်အေး ကဗျာ သုံးပုဒ် ၊ ဝတ္ထု လေးပုဒ်လောက် ဖတ်ပြီး ထင်ရာတွေ စွတ်ပြော နေလျှင် ဘာပြောစရာ လိုပါသနည်း ။ လူကြီးမင်းများ လက်ခုပ်တီးပါ ။ ကမျူး က ဆာ့တ် လို ပုဂ္ဂိုလ် ၏ ဖြစ်တည် အဓိက ဝါဒဆန်သော အတွေးအခေါ်များ သည် လုံးဝ မှားယွင်း၍ လုံးဝ လက်မခံ နိုင်ကြောင်း အပြတ် ကြေညာခဲ့သည် ။ တေပေလေလွင့် စိတ် ကစားချင်သော ကောင်မလေး တစ်ယောက် အချိန်တန် အိမ်ပြန်ပါလိမ့် မည် ။ ဝန် နှင့် အား ကို မချိန်ဆဘဲ လေးလံပြည့်ဖောင်း နေသော ဒဿန အထုပ်ကြီး သူ့ ခေါင်းပေါ် တင်မပေးလိုက်ကြပါနှင့် ။ လူသ,တ်မှု အတွက် ထားရှိသော ပုဒ်မ သည် ( ၃၀၂ ) ဖြစ်သည် ဆိုပါလျှင် အတွေးအခေါ် သ,တ်မှု အတွက် ပုဒ်မ သည် သုံးကုဋေနှစ် ဖြစ်နိုင်စရာ အကြောင်း ရှိ၏ ။ သူတို့ ဘယ်သွား နေကြသည် လဲ ။
တောင်ကုန်းစွယ် မှာ မြင်းဖြူ တစ်ကောင် တွေ့ရ ပြန်ပါသည် ။ ကကြိုး တန်ဆာ ဘာမှ မပါ သော မြင်းဖြူကြီး သည် ငွေရောင် တဖိတ်ဖိတ် တောက်ပနေ၏ ။ လည်ဆံမွေးများ သည် ရေတံခွန်များ စီးသွန်ဖြာကျ နေသည် နှင့် တူသည် လား ။ ဆည်းဆာ ၏ ကျနေရောင်သည် ပြောင်လက်သော ကျောကုန်း ပေါ် မှ တစ်ဆင့် မျက်လုံး ထဲ သို့ ဝင်၏ ။ အလှအပ ဆို သည် မှာ မျက်လုံး ထဲ မှာ သာ ရှိသည် ။ မြက်ပင် ၊ သစ်ပင် တစ်ပင်မျှ မရှိ သော တောင်ကုန်း ပေါ်မှာ မြင်းဖြူကြီး သည် စိမ်းလန်းသော မြက်များ ကို စားနေ၏ ။ ထို မြင်းဖြူကြီး သည် ကြည့်နေရင်းမှာ ပင် အဝါရောင် တောက်ပသော မြွေတစ်ကောင် ဖြစ်၍ သွားသည် ။ အထင်လား ၊ အမြင် လား ၊ ခွဲခြား မသိနိုင်ခင်ကလေးမှာ ပင် အရှေ့ကောင်းကင် မှ ထောပတ်ရောင် တောက်သော လ ထွက် လာသည် ။ လရောင် အောက်တွင် အရာ အားလုံး ကမ္ဘာ အားလုံး မေတ္တာဓာတ် ကို ရ၏ ။
အိပ်ချင်မှု ၊ နွမ်းနယ်မှုတို့ ဖြင့် လေးလံနေသော မျက်လုံးများ သည် တစ်ရပ်တစ်ကျေးမှ ခံစား မှုများကို ပြန်လည် ခေါ်ယူလာခဲ့သည် ။ ခံစား မှုဝါဒီ တစ်ဦး ဖြစ်ရခြင်း အတွက် ရှက်ဖွယ်ရာ ဟု မယူဆ ပါ ။ ရင်ထဲ က အ ရာ ကို ဘယ်သူမှ ဘာမှ လုပ်၍ မရ ။ လေးတွဲ့ သော ရနံ့များ သည် ဒေါနပန်း ၏ ရနံ့များ ဖြစ်ကြောင်း ခံစား သိရှိလိုက်ရသည် ။ လေ ထဲ မှာ ကျောက်သား မျက်နှာပြင် ၏ ချောမွတ်မှုများ ပျံတက် နေသည် ။ ချောမွတ်သော ရနံ့များ ၊ ဒေါနပန်းများ ၊ လရောင်ခြည်များ နှင့် ယှက်ထွေးလျက် ကောင်း ကင်မှာ တွဲလဲဆွဲ၍ ချိတ်နေသည် ။ အဝေးဆုံး မိုးကုတ်စက်ဝိုင်းမှာ လ ရောင်ခြည် သည် အလှဆုံးဖြစ် တော့သည် ။ ဘယ်ဆီ ဟု မသိရသော အရိပ်တစ်ခု မှ တယောသံများ ပြေးလာ နေသည် ။ အသံများ သည် ပြေးလွှားရင်း ဒေါင်လိုက် အလျားလိုက် ပျံသန်းကာ သံဇကာကွက် လှောင်အိမ် တစ်ခု ကို ရက်လုပ် လိုက်ကြ၏ ။ လေ ထဲမှာ တယောသံဇကာကွက် လှောင်အိမ်ကြီး သည် ဖြည်းညင်းစွာ လာနေ၏ ။ အံ့ဩရန် အချိန် မရလိုက်ဘဲ ခန္ဓာကိုယ် တစ်ခုလုံး ထို လှောင်အိမ် အတွင်းသို့ သက်ဆင်း ကျ ရောက် သွားသည် ။ ထူးဆန်းသည် မှာ စိတ် က အပြင်ဘက် မှာ ကျန်ရစ် ၏ ။ အေးစက် ကြမ်းရှသော တောင်ကုန်း ကျောက်သားပြင် ပေါ်မှာ စိတ် သည် ခြေပစ်လက်ပစ် မောဟိုက် ကျန်ရစ်သည် ။ လျင်မြန်သော အဟုန် ဖြင့် တယောသံဇကာကွက် လှောင်အိမ်ကြီး သည် ဟိုအဝေး သို့ ပြေးထွ က် ၊ ခန္ဓာကိုယ် ကို သယ်ဆောင် ကာ ပျောက်ကွယ် သွား၏ ။ မောလိုက် တာ ။ အေးမြလိုက်တာ ။ ကောင်းလိုက်တာ ။ လရောင် ခြည်သည် ပြန့်ကျဲ နေသော အလင်းစက်များ အဖြစ် စုစည်းကာ စိတ် ကို ရစ်ပတ်ဖုံးအုပ်လိုက်၏ ။ တစ်ခဏချင်း ပျံတက်ကာ ကောင်းကင် ထက် က တိမ်တိုက်ငယ် တစ်ခု အပေါ်သို့ ပို့ဆောင် လိုက်သည် ။
တောင်တန်း ကျောက်သားပြင် ကို အမြင့် ဝေးဝေး မှ ရေးရေး မြင်ရသည် ။ လရောင်ခြည် ပင်လယ် ထဲ မှာ မည်းနက်သော အရိပ်ကျွန်းများ ကွက်တိ ၊ ကွက်ကျား ဖြစ်နေ၏ ။ ကျောက်သားလွင်ပြင် ၏ အသရေရှိခြင်း ကို စကားလုံး မပါဘဲ စိတ် ထဲမှာ သာ ကဗျာ စပ်၍ ကြည့်မိသည် ထို ကဗျာ သည် ဤ ၀တ္ထု ဖြစ်၏ ။ မောဟ စွန်းထင်းသော ဒေါသ ပေကျံ သော ဤ ၀တ္ထု ကို လရောင်ခြည် ပင်လယ်ပြင် ထဲက တောင်ကမူ အရိပ်ကျွန်း ပေါ်သို့ ပစ်ချလိုက်သည် ။ ဖြူဖွေးသွယ်ပျောင်းသော နုပျို ၊ နွဲ့လျ သော လက် မောင်းကလေး တစ်ဖက် က ဆီးယူ ဖမ်းလိုက်၏ ။ စကားလုံး မဲ့သော ဒြပ် မဲ့သော ၀တ္ထု သည် လက်က လေး ထဲတွင် ပျောက်၍ သွား၏ ။ လက် သည် အရိပ် ထဲ တွင် ပျောက်၍ သွား၏ ။ အရိပ် သည် မူလ က ပင် မရှိ ခဲ့ဟု ထင်ရသည် ။ မူလ က မရှိသော အရိပ်သည် ကဗျာ ထဲ တွင် ပြန် ပေါ် လာသည် ။ ကဗျာ သည် စိတ် ထဲ တွင် ပေါ်ပြန်သည် ။ စိတ် သည် ဖြူလွ သော တိမ်တိုက်ငယ် အတွင်း မှာ .. ။ ရှေ့တူရူ ကို ပျော်ပါး နှစ်သက်စွာ ကြည့် နေမိသည် ။ အဝေးဆုံး အရပ် က မိုးကုတ် စက်ဝိုင်း တစ်နေရာ မှာ လရောင်ခြည်များ တဖိတ်ဖိတ် လွင့်စင် ဖြာထွက် နေတော့သည် ။ ကျောက်သားပြင် ၏ အေးစက်မာကျောသော အတွေ့ အထိ ကို မသိမမြင် ၊ မတွေ့ ခဲ့ရပြီ ။
▢ ဇော်ဇော်အောင်
📖 ဝတ္ထုတိုပေါင်းချုပ် ( အပိုင်း - ၁ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment