Tuesday, October 22, 2024

လင်ဆိုးမ


 ❝ လင်ဆိုးမ ❞ 


( ၁ )


ဘယ် မိန်းမ , မဆို အမရာ ၊ မဒီ ၊ ကိန္နရီ ၊ သမ္ဘူလ တို့ လို တော်လေးဝ ဝင်တဲ့ မိန်းမကောင်း မိန်းမမြတ် ဖြစ်ချင်ကြတာပေါ့ ... ဘယ်သူမှ မိန်းမကြမ်း မဖြစ်ချင်ကြပါဘူး ။


လင့် အလို ကို လိုက် ၊ လင့် အကြိုက် ကို ဆောင် ၊ လင့် ပါရမီ ကို ဖြည့်ရအောင် ကလည်း လင် က ကောင်းဦးမှ ကိုး ။ လင် ဖြစ်သူ က အရက်သောက် ၊ ဖဲရိုက် ၊ လုပ်မကျွေး ၊ အလေလိုက် နေရင် ၊ ဘယ်လို ပါရမီ ဖြည့်ရမှာလဲ ။ အဆိပ်ပင် ရေလောင်း သလို နေမှာပေါ့ ။ သူတို့ ဆိုးတာတွေ ကိုပဲ မယား က တဖားဖား လိုက် ဖြေရှင်းရ ၊ လိုက် ပါနေရတာ ။ ကိုယ့် လင် ကိုယ် စိတ်ဆိုးလို့ ၊ စိတ်တိုင်းမကျလို့ ဆူပူရင် လည်း အရပ် ထဲ မှာ မိန်းမကြမ်း ကို ဖြစ်လို့ ။


•••••   •••••   •••••


( ၂ )


ကျွန်မတို့ မိန်းမတွေ မှာ က ရုပ်ချောတာ ၊ ရုပ်လှတာ ၊ ပညာ တတ်တာ ၊ ပညာ မတတ်တာ ၊ ချမ်းသာတာ ၊ ဆင်းရဲတာ ထက်  လင်ကောင်း ရဖို့ ကံ က အရေးကြီးတယ် ။


တချို့များ လင်ရ ကံကောင်းလိုက်ကြတာ ၊ လင် က လည်း ချစ်ပြီး ဘာ အလုပ်မှ မလုပ်ရဘူး ။ မပူမပင် မကြောင့်မကြ နဲ့ သက်သောင့်သက်သာ နေကြရတာ ။ ကျုပ်တို့ ရပ်ကွက် ထဲ မှာ ရှိတော့ ရှိတယ် ရှားတယ်ပေါ့ ၊ အများအားဖြင့်တော့ မိန်းမတွေ က ယောက်ျားတွေ နဲ့ ဒိုးတူပေါင်ဖက် အလုပ် လုပ်ကြရတဲ့ သူတွေ ချည်းပါပဲ ။ ယောက်ျား အရှာ ကောင်းတဲ့ မိန်းမတွေ လောက်သာ အလုပ် မလုပ်ရပဲ အိမ် မှာ နေကြရတာ ။ ဒါတောင် တစ်ဖက်တစ်လမ်း စီးပွားရေး အတွက် အိမ် မှာ ကြက်ကလေး ၊ ဝက်ကလေး မွေးပြီး အစာ ရှာကျွေးရ သေးတာ ။ အလုပ်ကြမ်းသမားတွေ ဆိုတော့ လင် က အသောက်သမားတွေ များတယ် ။


အရက် မူးကြတော့ ကိုယ့် မိန်းမ ကိုယ် နည်းနည်း ရန်လုပ် ၊ များများ ရန်လုပ် တဲ့ လင်တွေ များတာပါပဲ ။ တချို့ လင်တွေ ဆိုရင် အရက် အပြင် ၊ လောင်းကစားလေး ရော ပါတယ် ။ ကာရာအိုကေဆိုင် သွားပြီး သီချင်း ဆိုတဲ့ ကောင်မတွေ နဲ့ ကဲကြ ၊ ဇာတ်လမ်း ရှုပ်ကြလို့ လင်မယား ကွဲကြတာက တစ်ပုံကြီး ။


ကျွန်မ လည်း လင်ဆိုးမ ပါပဲ ။ သူတို့ ကို ကြည့်ပြီး စိတ်ပျက် မိ သလို ၊ ကိုယ့် လင် ကိုယ် လည်း စိတ်ပျက်တာပါပဲ ။


ခင်မေဆန်း တိုက်ကြီး ကို ကြည့်ပြီး တော့လည်း ခင်မေဆန်း ကို အားကျ လိုက်တာ ။ တကယ်တော့ ခင်မေဆန်း ဆိုတာ ကျွန်မ မိဘတွေ က မွေးစားထားတဲ့ ကျွန်မ ညီမ ပါပဲ .. အမေ့ ရွာ က ။ ဆွေရိပ်မျိုးရိပ် တောင် မကင်းဘူး ။ သူ့ အမေ က ခင်မေဆန်း မီးတွင်း ထဲ မှာ ဆုံးတယ် ။ အဖေ က ပိုးထိလို့ ဆုံးတယ် ။ ဒါကြောင့် အမေ က ရွာ က ခေါ်ပြီး မွေးစားခဲ့တာ ။ ကျွန်မ တို့ မှာ မွေးချင်း ( ၃ ) ယောက် ရှိတယ် ။ အားလုံး မိန်းကလေး ချည်း ပဲ ။ ခင်မေဆန်း နဲ့ ဆို ညီမ ( ၄ ) ယောက် ပေါ့ ။ အဖေ က ဝန်ထမ်း ဆိုတော့ ပညာရေး ကို ဂရုစိုက်တယ် ။ ခင်မေဆန်း က ရုပ်ကလေး က လည်း ရွက်ကြမ်းရေကျို ၊ အရပ် က လည်း ပုပြတ်ပြတ် ၊ ဉာဏ်ကလေး က လည်း ထိုင်းတိုင်းတိုင်း မို့ ရှစ်တန်း ( ၂ ) နှစ် ကျပြီး ကျောင်း ထွက်ရတယ် ။ အမေ က အပြင် အလုပ် မခိုင်းပါဘူး ။ အိမ်မှုကိစ္စ ပဲ ခိုင်းတာပါ ။ အိမ်မှုကိစ္စ လုပ်တယ် ဆိုပေမယ့် အမေ က ဒိုင်ခံ လုပ်တယ် ၊ ခင်မေဆန်း က ကူဖော်လောင်ဖက် ပါ ။ ကျန်တဲ့ သမီးတွေ လည်း မျှခိုင်းတယ် ။


ညီမတွေ ထဲ မှာ ကျွန်မ က ဉာဏ် လည်း ကောင်းတယ်  ။ သွက်လက်ချက်ချာတယ် ။ ရုပ်လည်း ချောတယ် ဆိုပါစို့ ။ ဒါကြောင့် မိဘတွေ က ကျွန်မ ကို ဆရာဝန်မကြီး ဖြစ်မှာလို့ မျှော်လင့် ခဲ့တယ်လေ ။


ဒါပေမဲ့ ကျွန်မ က ဂုဏ်ထူး ( ၂ ) ခု လောက်နဲ့  ရတနာပုံတက္ကသိုလ် ကို ရောက်တယ် ။ အဖေ က အားမလျော့သေးဘူး ။ အမ်အက်စ်စီ တွေ ၊ ပီအိတ်ဂျ်ဒီ တွေ ရအောင် ကြိုးစား တဲ့ ။ ဟုတ်ကဲ့ .... ကျွန်မ ကြိုးစားပါတယ် ။


သို့သော် .... လွင်ကိုကို ရဲ့ နေ့စဉ် အကြည့်တွေ ကြောင့် စာ က ခေါင်း ထဲ မရောက်ဘူး ။ နှလုံးသား ကို ဆော့ကစား ခံရသူ လို သာယာမှု နောက် မျှောပါလိုက်မိတယ် ။ ရှင်းရှင်း ပြောရရင် လွင်ကိုကို နဲ့ ထန်းတော မှာ ခဏခဏ ချိန်းတွေ့တယ် ။ နောက် ခိုးရာ လိုက် ပြေးတယ် ။ လှေ လှော်ရင်း နဲ့ တက် ကို ကျွန်မ ကိုယ်တိုင် ရိုက်ချိုး လိုက်တာပါ ။ ပညာရေး နဲ့ ဝေးပေါ့ ။ ကျွန်မ ညီမတွေ က တော့ ဘွဲ့တွေ ရ ။ တစ်ယောက် က ကျောင်းဆရာမ ဖြစ် ၊ တစ်ယောက် က သူနာပြုဆရာမ ဖြစ်ပေါ့ ။


အစက ... လွင်ကိုကို ကို ဆေးတက္ကသိုလ် က ဆေးကျောင်းသား ထင်ပြီး ကြိုက်ခဲ့တာ ။ အသား က ဖြူဖြူ ၊ ရုပ် က ချောချော ၊ လူရည် က သန့်သန့် ၊ DT ဆိုင်ကယ် နဲ့ လာပြီး ကျွန်မ ကို ပိုးတာကိုး ။


“ ယူ က .. ဘယ် ကျောင်းကလဲ ... ” မေးရင် ..


“ တို့ က ... မန္တလေး ဆေးတက္ကသိုလ် က လေ .. ” လို့ ဖြေခဲ့တာ ကိုး ။ လွင်ကိုကို့ ပုံစံ က လည်း လူကုံထံ သားသမီး ၊ ဆေးကျောင်းသား ပုံစံလေ .. ။


ရပြီးမှ သိရတာ က ... လွင်ကိုကို က ဆေးတက္ကသိုလ် တော့ ဆေးတက္ကသိုလ် ပဲ ။ ဒါပေမဲ့ ... ဆေးကျောင်းသား မဟုတ်ဘူး ။ အငယ်တန်း ဝန်ထမ်း ၊ ပညာရေး က ကိုးတန်း ၊ သူ့ မိဘတွေ က လည်း ဆေးတက္ကသိုလ် ဝန်ထမ်းတွေ ။ ဝန်ထမ်းအိမ်ခန်း မှာ နေကြတာ ။ ဒါကြောင့် အမေ က ...


“ ငါ့ သမီး ခင်ထား ရုပ် က ပညာတတ် ရုပ် ၊ ကတော် ရုပ် အနေ မတတ်တော့ ကျွန်စုတ် နဲ့ ရပြီပေါ့ ” လို့ ခင်တဲ့ သူ တွေ့တိုင်း ရင်ဖွင့်ရှာတယ် ။


 •••••   •••••   ••••• 


( ၃ )


ခင်မေဆန်း က တော့ ရုပ် မရှိ ၊ ပညာ မရှိပေမယ့် လင်ရ ကံကောင်းတယ် ။ အုတ် ၊ ထုံး ၊ သဲ ရောင်းတဲ့ ကိုသာပို နဲ့ ရတာ ။


ကိုသာပို က အသက် (၄၀) ကျော် လူပျိုကြီး ။ အသောက်အစား အပျော်အပါး ကင်းတယ် ။ သဘော လည်း ကောင်းတယ် ။ အမြဲတမ်း ပြုံးပြုံး ... ပြုံးပြုံး နဲ့ စကား ပြောတတ်တယ် ။ ရပ်ကွက် သာရေး ၊ နာရေး ဆိုရင် သူ့ ကားတွေ အချိန်မရွေး ယူသုံး ။ မောင်းသူ မရှိရင် သူ ကိုယ်တိုင် လိုက် မောင်းပေးတယ် ။ ရပ်ကွက်ဓမ္မာရုံ ဘုရားပွဲ တို့ ၊ သီလပွဲ တို့ ဆိုရင်လည်း အလှူငွေ များများ ထည့်တယ် ။ သက်ကြီးပူဇော်ပွဲ ဆိုရင် လည်း မ,တည်ငွေ ထုတ်ပေးတယ် ။


ဒါကြောင့် ကိုသာပို ကို ရပ်ကွက် က အားကိုးတယ် ။ လေးစားတယ် ၊ ချစ်ခင်ကြတယ် ။ မိဘ ကို လုပ်ကျွေးသူ သားလိမ္မာ ဆိုပြီး လည်း ချီးကျူး ကြတယ် ။


ကိုသာပို က မွေးချင်း များတယ် ။ ( ၉ ) ယောက် ။ ကိုသာပို က အကြီးဆုံး ။ ကိုသာပို့ အဖေ က ပန်းရန်ဆရာ ။ ကိုသာပို က ( ၈ ) တန်း က ထွက်ပြီး အဖေ နဲ့ အလုပ်လိုက် လုပ်တယ် ။ မောင်နှမတစ်တွေ ကို ကျောင်း ထားပေးတယ် ။


ကိုသာပို က အပေါင်းအသင်း ဆံ့တော့ ထုံး ဖိုက မိတ်ဆွေ ဆီ က ထုံးတွေ ၊ ကျောက်တွေ ယူ ရောင်းရင်း နဲ့ အုတ် ၊ ထုံး ၊ သဲ ၊ ကျောက် ရောင်းတဲ့ ဆိုင်လေး ဖြစ်လာတယ် ။ နောက်တော့ သံတို့ ၊ ဘိလပ်မြေအိတ် တို့ ပါ ရောင်းတယ် ။ တဖြည်းဖြည်း နဲ့ အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ ကုန်မာဆိုင်ကြီး ဖြစ်လာတယ် ။ ဆိုင်ခွဲ ( ၄ ) ၊ ( ၅ ) ဆိုင် ထိ တိုးချဲ့ လာတယ် ။


အသက် ( ၄၀ ) ကျော် ထိ လူပျိုကြီး ဖြစ်ပေမယ့် ပန်းရန် လုပ်တုန်း က ချစ်သူ ရှိခဲ့ဖူးတယ် ။ သူ့ အမေ သဘော မတူတာ နဲ့ မယူတာ ။


ခင်မေဆန်း ကို တော့ ကိုသာပို့ အမေ က သဘောကျလို့ ပေးစားတာ ။ ခင်မေဆန်း ကံကောင်းတာပေါ့ ။ ဒါပေမဲ့ ခင်မေဆန်း က မသိတတ်ဘူး ။ အိမ် ကို တစ်နှစ် နေလို့မှ တစ်ခေါက် နှစ်ခေါက် ရောက်တာ ။ အဖေ နဲ့ အမ အတွက် လက်ဖက် တစ်ရိုး တောင် မသိတတ်ဘူး ။


သုံးထပ်တိုက် နဲ့ ၊ ကားတွေ နဲ့ ၊ စိန်နားကပ် နဲ့ ၊ ပတ္တမြားလက်စွပ် နဲ့ ၊ ပလက်တီနမ် ဆွဲကြိုး နဲ့ ၊ ရွှေလက်ကောက်တွေ နဲ့ ဆိုတော့ သွေး နားထင် ရောက်နေမှာပေါ့ ။ ဘာပဲဖြစ်ဖြစ် ... ကျွန်မ ညီမ အတွက် ဝမ်းသာတယ် ။  ကိုသာပို သာ ကျွန်မ လင် ဖြစ်လိုက်ပါလား လို့ လည်း မတွေးကောင်း တွေးကောင်း တွေး မိလိုက်တယ် ။


 •••••   •••••   ••••• 


( ၄ )


ကျွန်မ လင် လွင်ကိုကို နဲ့ ကိုသာပို က ရိုင်းရိုင်း နှိုင်းရရင် နံ့သာဆီ နဲ့ အီး လို ကွာတယ် ။ ရုပ်ရည် ပြောတာ မဟုတ်ဘူး ၊ ကြီးပွားချင်တဲ့ စိတ် ။ မိန်းမကို  တင့်တင့်တယ်တယ် ထားနိုင်တဲ့ သတ္တိ ကို ပြောတာ ။


လွင်ကိုကို က ရုပ် ချောပေမယ့် အပြော က ချိုတာ မဟုတ်ဘူး ၊ စကား ပြောရင် ဘုကန့်လန့် ၊ မထင်ရင် မထင်သလို ပြောတတ်တာ ။ ကျွန်မ နဲ့ တော့ ခဏခဏ ရန်ဖြစ် ရတယ် ။ စကား များရတယ် ။ တွယ်သ,တ်ရတတ်တယ် ။ ယောက်ျား နဲ့ မိန်းမ ဆိုပေမယ့် သူ က မူးတော့ ကျွန်မ ရိုက်တာ ၊ ကုတ်တာ ၊

ကိုက်တာ ခံရတာပေါ့ ။ တစ်ခါတစ်ရံ ဆေးခန်း ပြရတဲ့ အထိပဲ ။ ဒီတော့ သူ ဆိုး တာ မပေါ်ဘူး ။ ကျွန်မ ကြမ်းတာပဲ ပေါ်တယ် ။ လင် ကို နိုင်တယ်လို့ ပြောကြတယ် ။


လင် ဖြစ်ပြီး ဘာမှ အစွမ်းအ စရှိတာ မဟုတ်ဘူး ။ မိန်းမထဘီ နား ခိုစားတယ် လို့ အပြော မခံရရုံ တစ်မည် ။ သူ့ လစာလေး အပ်ပြီး ဂျီကျတော့ ကျွန်မ က ဘယ်ခံမလဲ ။ ကျွန်မ က အိမ်ထောင် ကို ဦးစီး နေရတာလေ ။ ကျွန်မ မိဘနှစ်ပါး ကို ကျွေးမွေး နေတဲ့ အပြင် ၊ ကလေး နှစ်ယောက် လည်း ရှိသေးတယ် ။ သူ့ မိဘတွေ လည်း တတ်နိုင် သလောက် သွား သွား ပေးရသေးတယ် ။


ကျွန်မ က ရပ်ကွက် ထဲ မှာ မြေပွဲစား ၊ အိမ်ပွဲစား ၊ အပေါင်ပွဲစား လုပ်တော့ မချမ်းသာပေမယ့် စားဝတ်နေရေး အတွက် တော့ မပူရဘူး ။


ပူရတာ က သူ့ အတွက် ပဲ ။ သာမန် ဆို လူအေး ၊ စကား ကို ကျယ်ကျယ် ပြောတာ မဟုတ်ဘူး ။ သူ့ ဝင် တိုက်တောင် “ ဆောရီး ခင်ဗျာ ” လို့ ပြန် တောင်းပန်တဲ့ သူ ။ မူးပြီ ဆိုရင်တော့ အရိပ် ကို ရန်သူ ထင်တဲ့ သူ ။ ပါးလာ နားတဲ့ ခြင်တောင် အသေသ,တ်ချင်တဲ့သူ ။ မူးပြီ ဆိုရင် ကျွန်မ မှာ ရန်ပွဲ ဆီ ပြေးရတာ အမော ၊ ဖျန်ဖြေ သလိုလိုနဲ့ တစ်ဖက် လူ ကို ဝင်လုပ်တာပေါ့ ။ သူတို့ မိန်းမတွေ ကြားရင် ပြေးလာ ကြပြီး ယောက်ျားတွေ ရန်ပွဲ က မိန်းမတွေ ရန်ပွဲ ဖြစ်သွားတော့တာပဲ ။ ဒီတော့ လူကြီး ဆီ ရောက်ရ ၊ ရဲစခန်း ရောက်ရ နဲ့ ၊ လင်ဆိုးမယား တဖားဖား ဆိုတာ ကျွန်မ မှ အစစ် ။


လင် ဆိုးပေမယ့် လက်သည်း ဆိတ်တော့ လက်ထိပ် နာတယ်လေ ။ ဘယ် ခံချင်မတုန်း ။


 •••••   •••••   ••••• 


( ၅ )


ကျွန်မ လင် လွင်ကိုကို  ဆုံးရှာပြီ ။ ဦးနှောက်သွေးကြော ပြတ်တာတဲ့ ။


နာရေး ဆိုတော့ လာ မေးကြတာပေါ့ ။ ကျွန်မ မှာ သူ ဆုံးတဲ့ အကြောင်း ပြောရတာ အမော ။


“ မသက်ထား လည်း ဝဋ်ကျွတ်တာပေါ့ ”


“ ကိုလွင်ကိုကို က သောက်ရင် သာ သွေးဆိုးတာပါ ... မသောက်တဲ့ အချိန်ဆို သိပ် အေးတဲ့လူ ... ”


“ လင်ဆိုး မရှိတော့ မသက်ထား အလုပ် ကောင်းကောင်း လုပ်နိုင်တာပေါ့ ”


“ မသက်ထား အသက် သုံးဆယ် ပဲ ရှိသေးတာ မဟုတ်လား ”


တစ်ယောက် တစ်ပေါက် အားပေးကြတယ် ။ ကျွန် မမှာတော့ အလိုက်အထိုက်ပဲ ခေါင်းညိတ် ပြ နေရတယ် ။


ကျွန်မ ရင် မှာ တင်းကျပ် နေပေမယ့် ငိုရမှာလား ။ မငိုတာ ကောင်းမလား ဆိုတဲ့ စိတ် က ပဋိပက္ခ ဖြစ် နေကြတယ် ။ ငိုပြန် ရင်လည်း ...


“ သူ့ လင် က ဘာ ကောင်းလို့ ဒီ မိန်းမ ငိုတာလဲ ” လို့ မေးငေါ့ကြမှာလား ။ 


“ အရက်သမား သေတာများ ငိုနေရသေး ” လို့ အထင်သေးကြမှာလား ။


“ ရှိတုန်းက ရန် ခဏခဏ ဖြစ်ပြီး ... သေမှ လွမ်းပြနေတယ် ” လို့ အပြစ် တင်ကြမှာလား ... စသည် ... စသည်ဖြင့် ... အတွေး ပေါင်းစုံကြောင့် လင် သာ သေလို့ ရက်သာ လည်တယ် ။ ကျွန်မ မငိုရသေးဘူး ။ ဒါပေမဲ့ ကျွန်မ စိတ်ထဲ မကောင်းဘူး ၊ မကြည်သာဘူး ။ တစ်ခါတစ်ရံ ငေးငေးငိုင်ငိုင် ဖြစ်သွားတတ်တယ် ။


“ အစ်မထား ... ခင်ဆန်း ပြန်တော့မယ် ”


ခင်မေဆန်း က လာ နှုတ်ဆက်တယ် ။


“ ဪ ... အေး ... ”


အိမ် ထဲ ကြည့်လိုက်တော့ ဘယ်သူမှ မရှိတော့ဘူး ။ ခင်မေဆန်း ပြန်မယ် ဆိုတော့ ကျွန်မ ဝမ်းနည်း လာတယ် ။


“ ခင်ဆန်း ရယ် ... နင် က လင်ရ ကံကောင်းတယ် ... ငါ့ မှာတော့ လင်ရ ကံဆိုး လိုက်တာဟယ် .... လင်သေလို့ ငိုရင် တောင် ဘေးလူတွေ ဝိုင်း ရယ်မယ့် အဖြစ် ၊ ငါ့ မှာ ဖြစ်နေတယ် ဟယ် ... ”


ကျွန်မ ဆွေးဆွေးမြည့်မြည့် ပြောလိုက်မိသည် ။


ခင်မေဆန်း က ကျွန်မ ကို ဝေဝေဝါးဝါး ကြည့်ပြီး ...


“ ခင်ဆန်း လင်ရ ကံကောင်းတယ် လို့ အစ်မထား ထင်နေတာလား ၊ အေးလေ ... အစ်မထား တင် မကဘူး ... တစ်ရပ်ကွက်လုံး က ထင်နေကြမှာပေါ့ .. တကယ်တော့ ခင်ဆန်း က လင် ရတာ မဟုတ်ဘူး ... သခင် ရတာ ... ခင်ဆန်း က မိန်းမ မဟုတ်ဘူး ... ကျွန် , မ ” လို့ ဆို့ဆို့နစ်နစ် ပြောလိုက်တယ် ။


“ ဟဲ့ ... ဘာတွေ ပြော နေတာလဲ ... အစ်မထား တို့ က လင်ဆိုးမယား တဖားဖား ဖြစ်နေရသူတွေ ... လင် အတွက် မိန်းမကြမ်း ဖြစ်နေရသူတွေ .. ခင်ဆန်း ကတော့ ရွှေဘုံ ပေါ် မှာ စံစား နေရတာ မဟုတ်လား ” 


“ ရွှေဘုံ ပေါ်မှာ ဆိုတာထက် အကျဉ်းကျ ခံနေရတာပါ အစ်မထား ရယ် ၊ ဦးသာပို နဲ့ သူ့ မိဘတွေ က ခင်ဆန်း ကို ဘယ်မှ မထွက်ရဘူး ... ဈေးဝယ်တာ က လွဲရင်ပေါ့ ၊ ဒါကြောင့် အစ်မတို့ ဆီ ၊ အမေတို့ ဆီ လာချင်ပေမယ့် မလာရဲဘူး ၊ တစ်ခါတစ်ရံ ရောက်တာ လည်း ဈေးဝယ်ရင်း နဲ့ ခိုးလာရတာ ”


“ ငါတို့ ဆီ မရောက်တာ ကိစ္စ မရှိပါဘူးဟယ် ၊ လင် ဆိုတာက မိန်းမ အိမ် လည်တာ မကြိုက်ဘူးလေ ၊ ကိုယ့် မိန်းမ ကို ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်စေချင်တာပေါ့ ၊ အိမ် မလည်ရတာ က လွဲပြီး စည်းစိမ် နဲ့ နေရတာ မဟုတ်လား ... ”


ခင်မေဆန်း အောက်နှုတ်ခမ်းလေး တွန့် သွားတယ် ။ လက်ဖဝါး နှစ်ဖက် ကို ပြတယ် ။ အသားမာတွေ တက်ပြီး လက္ခဏာရေး လမ်းကြောင်းတွေ ပင် ပျောက်နေတယ် ။


“ မနက် မျက်စိ နှစ်လုံး ပွင့်တာ နဲ့ မီးဖိုချောင် ဝင်ရတယ် ။ မိသားစုတွေ စားဖို့ ထမင်းပွဲ ပြင် ပေးရတယ် ။ အလုပ် သွားမယ့် သူတွေ ၊ ကျောင်းသွားမယ့် သူတွေ အတွက် ထမင်းချိုင့် ထည့်ပေးရတယ် ။ အားလုံး သွားကြတော့ ပန်းကန်ခွက်ယောက်တွေ ဆေးရ ၊ တိုက်ရတယ် ။ ပြီးတော့ ဈေး သွားရတယ် ။ ဈေးက ပြန်တော့ တစ်အိမ်သားလုံး အဝတ်တွေ လျှော်ရတယ် ။ ခြောက် ရင် မီးပူ တိုက်ရတယ် ။ ပြီးရင် ကြမ်းတိုက်ရတယ် ။ အိမ် အလုပ်တွေ ပြီးရင် ယောက္ခမ က ခြံ ထဲ က မြက်ပင်တွေ နုတ်ခိုင်းတယ် ။ ညနေ ကျ ပြန်တော့ မီးဖိုခန်း ဝင်ရပြန်တာပေါ့ ။ စားပြီး သောက်ပြီး ကြရင် အိုးခွက် ၊ ပန်းကန်တွေ ဆေးကြောရ ပြန်ရော ။ အလုပ်တွေ ပြီးလို့ ကျောလေး ဆန့်မယ် လုပ်တော့ ယောက္ခမ က ခေါ်ပြီး အနင်း ခိုင်းရင် နင်း ပေးရပြန်ရော .... ”


ခင်မေဆန်း စကားကြောင့် ကျွန်မ မှာ ပါးစပ် အဟောင်းသား ဖြစ်နေရတယ် ။


“ ယောက္ခမ က တော့ လူတွေ ရှေ့ မှာ ခင်ဆန်း ကို ချွေးမအလိမ္မာ လို့ ချီးကျူးပါတယ် ။ သူ့ သား ရဲ့ မယားအလိမ္မာ လို့ လည်း ပြောပါတယ် ။ ဒါပေမဲ့ ခင်ဆန်း တစ်ခါတစ်ခါ တွေးမိပါတယ် ။ ခင်ဆန်း ဝဋ် ခံနေရတယ် လို့ ... ”


“ မဟုတ်တာဟယ် ...”


ကျွန်မ လေသံ မှာ အား မရှိပါ ။ ခင်မေဆန်း က ပါးပြင် ပေါ် စီးကျ လာတဲ့ မျက်ရည်စ ကို သုတ် လိုက်တယ် ။


“ ခင်ဆန်း ဝမ်း အနည်းဆုံး က အဖေ ၊ အမေ နဲ့ အစ်ထား တို့ ကို ပစ္စည်း ဖြစ်ဖြစ် ၊ ငွေ ဖြစ်ဖြစ် မကန်တော့နိုင်တာပဲ ခင်ဆန်း ငွေ မကိုင်ရဘူးလေ ... ဈေး ဝယ်လို့ ငွေ ပို ရင်လည်း ယောက္ခမ ကို အတိအကျ ပြန် အပ်ရတာမို့ပါ ။ ကဲ ... ခင်ဆန်း သွားတော့မယ် အစ်မထား ၊ နည်းနည်း ကြာရင် ယောက္ခမ ဆူတာ ခံနေရဦးမှာ ... ”


ခင်မေဆန်း ပြန်သွားတယ် ။


ကျွန်မ မှာ သာ အတွေးစ တွေ နဲ့ ကျန်ခဲ့တယ် ။


ခင်မေဆန်း အကြောင်း ၊ ကိုသာပို အကြောင်း ၊ သူ့ ယောက္ခမတွေ အကြောင်း ၊ ကျွန်မ အကြောင်း ၊ ကျွန်မ လင် လွင်ကိုကို အကြောင်း ။ တွေးရင်း တွေးရင်း ... တင်းကျပ် နေတဲ့ ကျွန်မ စိတ်တွေ ပေါက်ကွဲ ကုန်တယ် ။


“ အောင်မယ်လေး .... ကိုလွင်ကိုကို ရဲ့ ..... ကျွန်မတို့ သားအမိ တစ်တွေ ကို ပစ်သွားပြီလား ...ရှင် ရှိစဉ်က ... ကျွန်မ မှာ လင်ဆိုးမယား တဖားဖား ဖြစ်ခဲ့ရပေမယ့် .... ရှင် က လင် စစ်စစ် ၊ ကျွန်မ က မယား စစ်စစ် မို့ ရှင် ဆိုးခဲ့သမျှ ကျေနပ်ပါတယ် ရှင် ... ” လို့ အရပ် ကြားအောင် အသားကုန် အော် ငိုလိုက်တယ် ။ 


▢ မင်းတင်ထွဏ်း


📖 Instyle မဂ္ဂဇင်း 

      ဩဂုတ်လ ၊ ၂၀၁၁ 


.

No comments:

Post a Comment