Friday, October 25, 2024

သာခွေယိုင်


 

❝ သာခွေယိုင်  ❞

( ကြောက်တတ်သူတိုင်း သို့ ရည်ညွှန်းပါသည် ။ )

( ၁ )

သို့ဖြစ်သည့် တိုင်အောင် ကျော်ဆက် မှာ သူရဲဘော နည်းချေသေးသည် ။

လူ ဆယ်ယောက် ကို တစ်ယောက်တည်း ခံ ရိုက်နိုင်လောက်အောင် မိုက်သွေး ရှိ၏ ။ သရဲသဘက် အကောင် တစ်ရာ လောက် ကို အေးအေးဆေး ဆေး မုတ်ဆိတ်မွေး ရိတ် ပေးနိုင်၏ ။ သို့ရာတွင် မလှဝင်း ကို ချစ်ပါသည် ဟု ဖွင့်ပြောရမည့် အခါ အသည်းနှလုံး ပြုတ်ကျ သွားနိုင်လောက်အောင် ရင်ခုန် လာပြီး မျက်နှာများ မှာ ပြာခနဲ မိုက်ခနဲ မီးဝင်းဝင်း တောက် လာလေတော့သည် ။

မလှဝင်း တွင် မိခင် မရှိတော့ပါ ။ ဖခင်ကြီး ဦးသာစိန် နှင့် ဖခင်ကြီး ၏ နှမ ဖြစ်သူ ဒေါ်ကျော့ သာ ရှိပါသည်  ။ အဒေါ် အုပ်ထိန်းသော မိန်းကလေး ဖြစ်၏ ။ ဦးသာစိန် မှာ မလှဝင်း ၏ ယောက်ျားကလေး အသိများ အနက် ကျော်ဆက် ကို အခင်မင်ဆုံး ဖြစ်သည် နှင့် အညီ အရေးလည်း အပေး ဆုံး ဖြစ်၏ ။ ထို့ကြောင့် ပင် ဝယ်ပြီးစ ပူပူနွေးနွေး အိမ်ကြီး သို့ ပြောင်းခါ နီး တွင် “ ဟေ့ ... မောင်ကျော်ဆက် ၊ ငါတို့ ဟို အိမ်ကြီး ကျရင် ယောက်ျားကလေး လူငယ် မရှိလို့ မင်း လာနေစမ်းပါ ” ဟု ခေါ်ခြင်း ဖြစ်သတည်း ။ သို့ဖြစ်သည့် တိုင်အောင် လည်း ကျော်ဆက် မှာ သူရဲဘော နည်းချေသေး သည် ။ မလှဝင်း နှင့် တစ်အိမ်တည်း နေရမည့် အခွင့်အရေး ကို လက်မလွှတ် နိုင်၍ ခေါင်းညိတ်ခဲ့ရသည့် တိုင်အောင် မလှဝင်း ကို “ ချစ်လိုက်ရ တာ ခင်ရယ် ” ဟု ပြောရမှာ အဝီစိ ငရဲ က ငရဲမီး ကို လက် တစ်ဆစ် လောက် ရှိသည့် ဆေးလိပ်တို နှင့် ပါးစပ် ၌ တပ်၍ မီးရှို့ရမည် လောက် မျက်နှာ လည်း ပူ၏ ။ ကြောက် လည်း ကြောက်၏ ။ သူ့ အကြောက်ကို မဲမ တင်းသည့် အပြင် အလေးချိန် ပို၍ ဖြည့်စွက် လိုက်သူကား ဒေါ်ကျော့ ပင် ဖြစ်တော့သည် ။

ဒေါ်ကျော့ သည် မုဆိုးမ ဖြစ်၏ ။ ကွယ်လွန် သွားသော သူ့ ယောက်ျား ကို အလွန် ကြောက်ရုံသာမက ချစ် လည်း ချစ်သဖြင့် ထို ယောက်ျား က ပါလာသော သား ချစ်ထူး ကို အလွန် အရေးပေး၏ ။ ချစ်ထူး မှာ ဇီးကုန်း တွင် သူ့ အဖေ ၏ အမျိုးများ နှင့် နေ၏ ။ ဦးသာစိန် က ကျော်ဆက် ကို အိမ်ပြောင်းသောအခါ အတူ လိုက်ပါ နေထိုင်ရန် ခေါ်ငင်စဉ်က ဒေါ်ကျော့ က “ အချစ် ကို ခေါ်ထားလိုက်ရင် ပြီးတာပေါ့ ” ဟု ဦးသာစိန် မကြားတကြား ပြောလိုက် သည် ။ ဦးသာစိန် ကမူ ခပ်အေးအေး နှင့် တ ဇောက်ကန်း ပြုတတ်သူ ပီပီ ဒေါ်ကျော့ ပြောသည် ကို မကြားချင် ယောင် ဆောင် နေလိုက်ရကား လက်ဦး ပြောသော စကား မှာ အတည် ဖြစ်သွားရ လေသည် ။ ခပ်ရှင်းရှင်း ရေး ရလျှင် ဦးသာစိန် သည် သူ့ သမီး နှင့် ကျော်ဆက် ကို သဘောတူ၍ ချစ်ထူး ကို တစ်ခါတလေ လာ လည်သည် ကို ပင် မကြည့်နိုင်ချေ ။ သူ့ နှမ စိတ်မကောင်းမှာ စိုး၍ သာ ဖွင့်မပြောခြင်း ဖြစ်သည် ။ ဒေါ်ကျော့ မှာ လည်း သူ့ တူမ ကို ချစ်ထူး နှင့် သာ စိတ်ညွတ်၍ ကျော်ဆက် ကို နေ့စဉ် နှင့် အမျှ မျက်နှာချင်း မဆိုင်လိုပေ ။ သူ့ အစ်ကိုကြီး ကို ကြောက် ၍ သာ ဖွင့် မပြောခြင်း ဖြစ်သည် ။ မလှဝင်း ကိုယ်တိုင် က မူကား နေ့စဉ်နှင့် အမျှ တွေ့ နေရသော ကျော်ဆက် ကို ရင်း ရင်းနှီးနှီး ဆက်ဆံသလို တစ်ခါတစ်ရံ တွေ့ရသော ချစ်ထူး ကို လည်း ဖော်ဖော်ရွေရွေ ရှိလှ၏ ။

•••••   •••••   •••••

( ၂ )

ရန်ကုန်မြို့တွင် လူပြတ်၍ သစ်ပင်ကြီးများ အုပ်ဆိုင်းလျက် ရှိသော လမ်းမကြီး ပေါ်တွင် ဆောက်လုပ် ထားသော အိမ်ကြီး တစ်ဆောင်သို့ ကျော်ဆက် မှာ ဦးသာစိန် တို့ နှင့် အတူ ရွှေ့ပြောင်း လာခဲ့သည် မှာ တစ်ပတ် ခန့် ရှိပေပြီ ။

ဤ ညနေ တွင် မူ ရုံး မှ စာရေး တစ်ယောက် ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရသဖြင့် ရုပ်ရှင် ပြသည် ကို ကြည့်ရှုရသည် ဖြစ်ရကား အိမ် ကို ည ၉ နာရီခွဲခန့်လောက်မှ ရောက်ရှိ လာလေသည် ။ အိမ်ပေါ် ရောက်ရော က် ချင်းပင် မလှဝင်း က ဆီးကြို နှုတ်ဆက်သည် ။

“ ကိုကျော်ဆက် ... မိုးချုပ်လှချည်ကလား ။ လှဝင်း တောင် ထမင်း စား စောင့်နေသေးတယ် ၊ ရှစ်နာရီ လောက်မှ ဆာတာနဲ့ စားလိုက်ရတယ် ”

“ ဟာ .. အားနာစရာကြီး မလှဝင်း ရယ် ၊ ကျွန်တော် မြို့ထဲက စားခဲ့ပြီ ၊ မိတ်ဆွေ တစ်ယောက် ရာထူးတိုး တာနဲ့ ဘိုင်စကုပ် ပြလို့ သွားကြည့်နေ လို့ ”

ဒေါ်ကျော့ သည် အပေါ်ထပ် လှေကား မှ ဆင်းလာကာ ကျော်ဆက် ကို မျက်စောင်း တစ်ချက် ထိုး၍ ခြောက် လိုက်၏ ။

“ ဘယ့်နှယ်တော် ဘယ် သွားမှန်း မသိ ၊ ဘယ် လာမှန်း မသိ ၊ အချိန်မတော် ထမင်း လည်း မကျန်တော့ဘူး ။ ဒီ အိမ် မှာ လူကြီးတွေ နဲ့ မိန်းကလေးတွေ မဟုတ်လား ၊ အားနာဖို့ တစ်ဆိတ် ကောင်းပါတယ် ” 

“ အားနာပါတယ် ခင်ဗျာ ၊ သူငယ်ချင်း တစ်ယောက် က ” 

“ အားနာတာ က လည်း ည ၉ နာရီ ၁၀ နာရီ မှ ပြန်လာရလား ” 

“ ဟဲ့ ... မယ်ကျော့ ၊ တယ် လျှာရှည်ပါလား ၊ နင့် ကို ညနေစာ မှန်မှန် ပြန် စားပါ့မယ်လို့ တံဆိပ်တော် ခေါင်းကပ်ပြီး စာချုပ် ထား သလားဟဲ့ ။ မောင် ကျော်ဆက် ၊ နောက်ကို ညဉ့်နက်အောင် မနေနဲ့ နော် ၊ ခေတ်ကြီး က ပြန်ပေး ပေါသကွ ”

“ ဟုတ်ကဲ့ ဦး ၊ နောက် ကို ကျွန်တော် ဆင်ခြင်ပါ့မယ် ”

ကျော်ဆက် သည် မျက်နှာကြီး ပုပ်သိုး နေသော ဒေါ်ကျော့ ကို ဝါတာ လူး စစ်ပွဲ အပြီးတွင် မြင်းပေါ် မှ စစ်တလင်း ကို လှမ်း ကြည့်လိုက်သော မြို့စားကြီး ဝယ်လင်တန် ၏ အကြည့်မျိုးနှင့် ကြည့်ကာ သူ့ အိပ်ခန်းသို့ တစ်လှမ်းချင်း ဝင် လာခဲ့လေ၏ ။ အောက်ထပ် တစ်ထပ်လုံး တွင် ကျော်ဆက် တစ်ယောက် တည်း အိပ်ကာ ဦးသာစိန် ၊ ဒေါ်ကျော့ နှင့် မလှဝင်း တို့ အပြင် အိမ်ဖော် မိန်းကလေး တစ်ယောက်မှာ အပေါ်ထပ် ၌ အိပ်ကြလေသည် ။

အခန်း ထဲ သို့ ဝင်မိသည် နှင့် တစ်ပြိုင်နက် ကျော်ဆက် မှာ ကြက်သီး များ ဖြန်းခနဲ ထလာခဲ့လေသည် ။ သို့နှင့် စားပွဲ ပေါ်မှ စားပွဲတင်မီး ကို ဖွင့် ရန် အလှမ်း လိုက်တွင် အံ့အားကြီး သင့် သွားလေတော့သည် ။

မှောင် ထဲ ပင် ဖြစ် သော်လည်း ကောင်းကောင်း မြင်ရပါသည် ။

သူ့ စားပွဲစွန်း ဝယ် ခပ်ဖြူဖြူ လူရိပ်သဏ္ဌာန် တစ်ခု သည် တင်ပါးလွှဲ ထိုင်နေလေသည် ။ ကျော်ဆက် မှာ စုံစမ်းရန် အနား သို့ ကပ် သွားသောအခါ ထိုသဏ္ဌာန် မှာ အခိုးအငွေ့ ကဲ့သို့ ဖြစ်ပြီး ဟိုဘက် သည်ဘက် ဖောက်ထွ င်း မြင်ရလုနီးနီး ပါးလွှာသည် ကို တွေ့ရလေသည် ။ ကျော်ဆက် အနား ရောက်လာသော အခါ ထို သဏ္ဌာန် သည် ခေါင်းကလေး ကို ငဲ့စောင်း ကြည့်ပြီး ပြုံးပြ လိုက်လေသည် ။

“ ဟေ့ ... မင်း ဘယ်သူလဲ ”

သဏ္ဌာန် သည် ပို၍ ပြုံးရွှင် လာလေသည် ။ အသက် ၂၄ နှစ် လောက် ပင် ရှိမည်ဟု ခန့်မှန်းရ၏ ။

“ ခင်ဗျား ... ကျွန်တော့် ကို မြင်တယ်နော် ၊ ဝမ်းသာ လိုက်တာဗျာ ” 

“ မင်း ကို ငါ မမြင်ရအောင် ငါ က ကြောင်တောင်ကန်း မှ မဟုတ်ဘဲကွ ”

“ အင်း ... သတ္တိ က လည်း ကောင်း ၊ မြင် က လည်း မြင် ။ နေရာကျ လိုက်လေဗျာ ”

“ သောက်စကားကြော မရှည်နဲ့ ။ မင်း ဘယ်သူလဲ ” 

“ ဒါလောက် မေးမှ ပြောရမှာ ပဲ ၊ ကျွန်တော် သရဲဗျ ”

“ ဘာကွ ”

“ သရဲ ... သရဲ ... ”

ကျော်ဆက် မှာ ငေး၍ သေသေချာချာ ကြည့် မိသည် ။ သူ အရက် မသောက်တတ်ပါ ။ မအိပ်ရ သေး၍ အိပ်မက် လည်း မဖြစ်နိုင် ။ တစ်သက်လုံး က မတွေ့ ခဲ့ဖူးသော သရဲ ကို သူ့ အခန်း ထဲတွင် အေးအေးဆေးဆေး နှင့် တွေ့ ရ၏ ။

“ သရဲ ဆိုရင် ဘာလာ လုပ် နေတာလဲ ။ ငါ့ ကို ခြောက် မလို့ ဆိုရင်တော့ စောစော က ပြန်ရင် ကောင်းလိမ့် မယ် ၊ ငါ မကြောက်တတ်ဘူးကွ ” 

သရဲသည် သဘောကျစွာနှင့် ရှေ့တိုး နောက်လှန် ရယ်နေသည် ။ ထို့ နောက်မှ ဟိုကြည့်သည်ကြည့် လှမ်း ကြည့်ပြီး ...

“ အိမ်သားတွေ အပေါ် တက် အိပ်ကုန်ကြပြီ ၊ ခင်ဗျား နဲ့ ကျုပ် နဲ့ အေး အေးဆေးဆေး စကား ပြောရအောင် ။ ခင်ဗျား ကို ခြောက်ရအောင် လာ တာ မဟုတ်ဘူး ဗျ ၊ ကျုပ် ဒီ အိမ်မှာ နေတယ် ၊ ခင်ဗျား တို့ ရောက် ကတည်း က အိမ်သားတွေ ကို ကျုပ် တစ်ယောက်စီ ကိုယ်ထင်ပြ တယ် ၊ ဘယ် လူမသား လူမသမီး ကမှ မမြင်ဘူး ၊ ခင်ဗျား တစ်ယောက် ပဲ ကျုပ် ကို မြင်တယ် ၊ ကျုပ်ကို မြင်တဲ့ လူ မှ ကျုပ် ပြောတဲ့ စကား ကို ကြားနိုင်တာ ”

ကျော်ဆက် သည် ကု,လားထိုင် တွင် ဝင်ထိုင်ပြီး အလွန် နီးကပ်စွာ ထိုင် နေသော သရဲ ၏ မျက်နှာ ကို မော် ကြည့်လိုက်၏ ။

“ မင်း နာမည် က ဘာလဲကွ ”

“ ခင်ဗျား နာမည် က ကိုကျော်ဆက် မဟုတ်လား ၊ ကျွန်တော် သူများ ခေါ်သံ ကြားတာနဲ့ သိနေတာ ၊ ကျွန်တော့် နာမည် က သာခွေယိုင် တဲ့ ” 

“ ဟေ့ ... မင်း ငါ့ ကို ခြောက်နေတာလား ”

“ မဟုတ်ပါဘူးဆို ၊ ဘာဖြစ်လို့ လဲ ”

“ ကြံကြံဖန်ဖန် သရဲ နာမည် က သာခွေယိုင် တဲ့ ”

“ ဟ ... အဟုတ် ပြောတာဗျ ၊ အထက် က ပေးတဲ့ နာမည်လေဗျာ ” 

“ ဘယ် အထက် က လဲ ၊ မြစ်ကြီးနား က လား ”

“ မဟုတ်ဘူး ဗျ ၊ ကျွန်တော်တို့ ကို အုပ်ချုပ် တဲ့ ကြီးကြီးမာစတာတွေ က ပေးတာ ”

သာခွေယိုင် သည် ခြေ ကို ချိတ်၍ ဒူး နှန့်ပြီး ဆက်လက် ပြောနေပြန်သည် ။

“ ကျွန်တော် က လူ့ဘဝ တုန်းက နေပူ ထဲ လျှောက် ပြီး ပြန် အလာ သာခွေယိုင် စားလိုက်တော့ အပြင်း ဖျားပြီး သေခဲ့လို့ ကျွန်တော့် နာမည် က သာခွေယိုင် တဲ့ ”

ကျော်ဆက် မှာ သဘောကျ စွာ ရယ် လိုက်လေသည် ။

“ ဒါဖြင့်ကွာ ကျောက် ပေါက်ပြီး သေတဲ့ လူ သရဲဖြစ်တော့ ဘာခေါ်လဲ ”

“ ရှိသဗျာ ၊ သူတို့ က စုံလို့ ။ ပဲသီတာ ၊ ထမင်းခြောက် ၊ ငဖြူ ၊ ငသမာ ၊ င သရေ ၊ ငလောင်မီး ၊ ငသလဲ ၊ ငရေကျောက် ... အို ... စုံလို့ ပါဗျာ ။ ကျွန်တော် လည်း မမှတ်မိတော့ဘူး ”

ကျော်ဆက် သည် သာခွေယိုင် ကို သေချာစွာ စိုက်ကြည့်ရင်း ..

“ ဟုတ်မှ လည်း လုပ်ပါ မောင်သရဲ ရယ် ၊ မင်း ငါ့ ကိုများ နှပ်ချနေတာ လားကွ ”

“ ကိုယ် ဖျောက်တိုင်း မပျောက်ရပါစေ နဲ့ ၊ တကယ် ပြောတာပါဗျာ ။ ကိုမချစ်စုတို့ များ မချစ်စု သရက်သီး စားပြီး ဓာတ်လျောလို့ သေတဲ့ သရဲဗျ ”

“ ကိုင်း ... ဒါတွေ ထားပါဦး ၊ မင်း က ဘာလို့ လူတွေ ကို လိုက် လိုက်ပြီး ကိုယ်ထင် ပြရတာလဲကွ ”

သာခွေယိုင် ၏ မျက်နှာမှာ သိသိသာသာ ညှိုးနွမ်း သွားလေ၏ ။ သူ ဝတ်ထားသော အင်္ကျီအဖြူရှည်ကြီး ၏ အောက်အနားပတ်စ ကို လက် နှစ်ဖက်ဖြင့် ပွတ်ချေ နေပြီးမှ ...

“ ကျွန်တော် လူ နဲ့  စကား မပြောရတာ လူ့ ဘဝ က သေလာပြီး ကတည်းကဗျ ။ သရဲ ဆိုတဲ့ ကောင်မျိုး ဟာ အချင်းချင်း တယ် စကား မပြောချင်ဘူး ၊ လူတွေ နဲ့ စကား ပြောချင်လွန်းလို့ လိုက်ပြီး ကိုယ်ထင် ပြတာ တစ်ယောက် မှ မမြင်ဘူး ၊ ကျွန်တော်တို့ အိမ်သားတွေ ဟာ လည်း မမြင်ဘူး ။ ဒါနဲ့ စိတ်ပျက်ပျက် နဲ့ အထက် ကို တောင် နေရာ တစ်ခု ပြောင်းရွှေ့ပေးဖို့ ပြောထားတာ ၊ သူတို့ က မင်း ဟာ လူ့ ဘဝ နဲ့ နီးတယ်တဲ့ မကြာခင် အခွင့် သင့်တော့ လူ ဖြစ်မှာ ဆိုပြီး ပြောင်း မပေးဘူး ၊ နောက်ဆုံး ကျွန်တော် က နားပူလွန်းတော့ မှ ကောင်းပြီ တို့ နေရာ ရှာဦးမယ် ၊ ဒါ ပေမဲ့ လူ ပြန် ဖြစ်ခါ နီးကျတော့ မင်း ကြိုက်တဲ့ နေရာ ကို စွန့်ခဲ့ရမှာ ပါကွာ တဲ့ ။ ကျွန်တော် ကံဆိုး တယ်ဗျာ ... ခင်ဗျား နဲ့ စောစောက သာ တွေ့ရင် နေရာ မပြောင်းပါဘူး ၊ ခုတော့မှ အထက် ကို ပြန်ပြီး မပြောရဲတော့ ဘူး ၊ တော်တော်ကြာ ခု တစ်မျိုး ခု တစ်မျိုး ဆိုပြီး နားရင်းအုပ် ခံရလိမ့်မယ် ”

ကျော်ဆက် သည် သာခွေယိုင် ကို ကရုဏာ သက်စွာ ကြည့်နေရင်း က ခေါင်း ကို တစ်ချက် ညိတ်လိုက်ပြီး ....

“ မင်း ကို ငါ က အိပ်ပျက် ခံပြီး စကား ပြောရတာ မင်း မှာ တော့ အကျိုး ရှိတာပေါ့ ။ ငါ့ မှာ တော့ ဘာထူး သလဲကွ ၊ အိပ်ပျက်တာပဲ အဖတ်တင် တာပဲ ”

သာခွေယိုင် သည် ကျော်ဆက် ၏ ပခုံး ပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီး ပြုံးရွှင်စွာ ပြောလေသည် ။

“ စိတ်ချ .. ကိုကျော်ဆက် ၊ ခင်ဗျား ကျေးဇူးဆပ်ဖို့ အဆင်သင့်ပဲ ၊ ခင်ဗျား ဟာ မလှဝင်း ကို သေလုအောင် ကြိုက်နေတယ် မဟုတ်လား ”

ကျော်ဆက် ၏ မျက်နှာကြီး မှာ ခြေထောက် ကို ထုပ် ၌ ချည်ပြီး တွဲ လောင်းချ ခံရသကဲ့သို့ နီးမြန်း သွားလေ၏ ။

“ ထွတ်တေရီ ... ဘယ်က ဟုတ်ရမှာ လဲ ”

“ ဟဲ .. ဟဲ မရှက်ပါနဲ့ ဗျာ ၊ သရဲ နဲ့ လူ ပဲဟာ ။ ကျုပ် က သူများ လျှောက် ပြော ရအောင် ဟာ လည်း တော်ရုံ လူ ကျုပ် ကို မှ မမြင်တာ ကျုပ် ပြောတာ ကြားပါ့မလားဗျ ၊ ခင်ဗျား ကြိုက်နေပါတယ် ”

ကျော်ဆက် သည် ဦးခေါင်း ကို သွက်သွက်ခါယမ်း လိုက်လေ၏ ။

“ မဟုတ်ပါဘူး ၊ ဆွေမျိုး လို ခင်တာပါကွ ”

“ အောင်မယ် ၊ ဆွေမျိုး လို ခင်တဲ့ လူ လားဗျာ ... တစ်နေ့ ည က အိပ်ရာ ပေါ်မှာ ဟင်းခနဲ သက်ပြင်း ချပြီး ... ဪ ... မလှဝင်း ... မင်း တယ်လှပါ ကလားကွာ လို့ ညည်း တာလေ ”

အတော် လည်သော သာခွေယိုင် ဖြစ်သည် ။ ကျော်ဆက် မှာ ငြင်း၍ မရတော့သည် နှင့် လေသံပျော့သွား လေသည် ။

“ ငါ က ကြိုက်ပါပြီတဲ့ ကွာ ... ကလေးမ ကို မပြောရဲဘူးကွ ”

“ ဒီလို ပြောပါဗျာ ။ ခင်ဗျား က သာ ကြောက်နေတာ ၊ ကောင်မလေး က ခင်ဗျား ကို ကြိုက်နေပါတယ်ဗျ ။ တစ်နေ့ နေ့လယ်က သူ့ အခန်းထဲမှ တစ်ယောက် တည်း ၊ ဓာတ်ပုံစာအုပ်ကြီး ကြည့် နေပြီး ဟို .. ဇီးကုန်း က အကောင်ပုံ ကို ကြည့်ရင်း ခေါင်း ကို ခါတယ်ဗျ ”

ကျော်ဆက် ၏ ရင်တွင်းဝယ် တဒိတ်ဒိတ် နှင့် ဝမ်းမြောက် သလိုလို ဖြစ်လာသော်လည်း  ၊ စိတ်မအေးသော ဟန် နှင့် ...

“ ဒါနဲ့ ဘာဆိုင်သလဲကွ ၊ ငါ့ ကို ကြိုက်တာမှ မဟုတ်ဘဲ ” 

“ ပြောမယ်လေ ... ခင်ဗျား ပုံ ကို မြင်တော့ ၊ အို ... ခင်ဗျား သာ ခေါ်ပြလိုက်ချင်တာပဲ ၊ သူ့ မျက်လုံးကြီးတွေ ဟာလေ အချစ်ရည်တွေ ရွှန်းပြီး အိရွဲ ရွဲကြီး နဲ့ စိုက်ကြည့် နေလိုက်တာ ၊ နောက် ဘာ ညည်းတယ် မှတ်သလဲ ” 

“ ဘာညည်းသလဲ ”

“ ဟင်း .. တဲ့ ”

“ ဟ .. ဒါက ဖိနပ် နဲ့ ချချင်လို့ ဖြစ်မှာ ပေါ့ ”

“ ဘယ်က ဟုတ်ရမှာ လဲ ၊ သူ့ ရင် ထဲ မှာ အချစ်သွေးတွေ ဗလောင်ဆူ လာတော့ ၊ ဒီ လူ ကလည်း နော် ဘယ်တော့မှ ငါ့ ကို ချစ်ရေးဆိုလာမှာ လဲ လို့ မချင့်မရဲ ဖြစ်တဲ့ သဘောဗျ ”

“ တော်ပါတော့ ၊ အချစ်အဘိဓမ္မာ ကိုရွှေသရဲ ရယ် ”

“ ကျွန်တော့် ကို သရဲ ... သရဲ နဲ့ မခေါ်ပါနဲ့ ဗျ ၊ ကျွန်တော့် နာမည် သာခွေယိုင် ပါ ။ နက်ဖြန် စနေနေ့ မဟုတ် လား ၊ ခင်ဗျား ရုံး က ပြန် လာရင် ကောင်မလေး ကို ချစ်တင်း ဆိုပေတော့ ၊ မုချ ခင်ဗျား ကို ပြန်ကြိုက်မှာ ပဲ ။ ကျုပ် က တော့ ကျေးဇူး အတင်း ဆပ်ရမှာ ပဲ ၊ ဒီတော့မှ လူ့ ဘ၀ မြန်မြန် ပြန် ရောက်မှာ သေသေချာချာ မှတ်ထားနော် ၊ နက်ဖြန်ခါ ခင်ဗျား  ချစ်တင်း မဆိုရင် ခင်ဗျား ကို ကျုပ် ချောက်ချရ လိမ့်မယ် ၊ ကျေးဇူးတော့ မရ ရအောင် ဆပ်မှာ ပဲဗျို့ ”

အသံ သည် တိမ်သွား သဖြင့် ကျော်ဆက် မော့ ကြည့် လိုက်ရာ သာခွေယိုင် ၏ အရိပ်သဏ္ဌာန်သည် တဖြည်းဖြည်း မှုန်မွှား သွားပြီး အခိုးအငွေ့ပမာ လွင့်စဉ် ပျောက်ပျက် သွားလေတော့သည် ။

ကျော်ဆက် မှာ လေးလေးနက်နက် တွေးတော နေရာ မှ အိပ်ရာ ထဲ ဝင် ၊ ခြင်ထောင် ချပြီး အိပ်ချ လိုက်လေ တော့၏ ။

•••••   •••••   •••••

( ၃ )

စနေနေ့ ၏ နံနက်ခင်း သည် မွေးခါစကလေး ကဲ့သို့ ရယ်မော နေလေသည် ။

ကျော်ဆက် သည် အိပ်ရာမှ နိုးသောအခါ ညက အဖြစ်အပျက် တို့ သည် အိပ်မက်ပမာ ဖြစ်နေလေ၏ ။

“ ဟေ့ ... သာခွေယိုင် ”

မကျယ်တကျယ် ခေါ်လိုက် သော်လည်း သရဲ နှင့် တူသည် ကို ထား၍ ဆေးလိပ်ငွေ့ ကို သော်မှ မမြင်ရချေ ။

ကျော်ဆက် သည် ခေါင်းကို တစ်ချက် ကုတ်လိုက်ပြီး အိပ်ရာ မှ ထ လိုက် လေသည် ။

“ ကိုကျော်ဆက်  နေ မကောင်းဘူး ထင်တယ် ။ ည က ယောင်သံတွေ ကြားတယ် ”

ထမင်းပွဲ တွင် မလှဝင်း က မေးလေသည် ။ ကျော်ဆက် က ဘာမျှ မပြောနိုင်မီ ဒေါ်ကျော့ က ဝင်ပြော၏ ။

“ အခု ဆေးရုံကြီး က သိပ် အပြုအစု ကောင်းတယ် ဆိုပဲ ”

“ အပြင် ဆေးတိုက်တွေ ဟာ လည်း မှိုလို ပေါက်နေတော့ ဆရာဝန် တွေ အိမ်ပင့်ရ လွယ်လိုက်တာ လွန်ရော ”

ဦးသာစိန် ၏ စကားဆုံး သွားမှ ကျော်ဆက် က ပြုံး၍ “ ကျွန်တော် ဘာ မှ မဖြစ်ပါဘူး ၊ နေကောင်းပါတယ် ” ဟု ပြောလိုက်မှ ထမင်းပွဲ သည် ငြိမ် သွားလေတော့သည် ။

တစ်မနက်လုံး ရုံးအလုပ် တွင် စိတ်မဝင်စား နိုင်တော့ဘဲ ကျော်ဆက်  မှာ ည က အဖြစ် ကို သာ တွေးနေ မိ လေသည် ။ ရုံး ဆင်းသောအခါ အင်္ဂလိပ်မဂ္ဂဇင်း စာအုပ် ဝယ်ခဲ့၍ အိမ်ပြန် လာခဲ့လေ၏ ။ အိပ်ခန်း ထဲ သို့ ရောက် ၍ အဝတ်အစား လဲပြီး မဂ္ဂဇင်း ထိုင် ဖတ်မည် ပြုစဉ် အခန်းဆီး ကို မ ၍ မလှဝင်း ပေါ်ပေါက် လာလေ၏ ။

“ ကိုကျော်ဆက်  စာအုပ် ကိုင် လာတာတွေ့လို့ လိုက်လာတာပဲ ။ ဘာ စာအုပ် လဲ ၊ လှဝင်း ကော မကြည့်ရဘူး လား ... ”

ပြောပြောဆိုဆို မလှဝင်း သည် အခန်း ထဲ ဝင်လာကာ ကျော်ဆက် အနား၌ လာရပ်လေ၏ ။ ကျော်ဆက် မှာ ရေမွှေးဖျန်း ထားသော ပန်းပင်အုပ် ထဲ သို့ လေးဖက်ထောက် ပစ်ကျ သွား သကဲ့သို မွှေးကြိုင်သော ဂန္ဓာရုံ ဝယ် နှစ်မျော သွားပြီးမှ မတ်တတ်ရပ် လိုက်လေသည် ။

“ ကြည့်ရပါတယ် ၊ ရော့လေ ... ယူသွား ”

အိုး က မပူ သော်လည်း ဒန်ပေါက် ချက်၍ လားမသိ ၊ စလောင်း က ပူရှာ ၏ ။ သို့သော် မလှဝင်း က မူ ချက်ချင်း ထွက် မသွားသေးဘဲ စားပွဲ ပေါ် ၌ ပင် စာအုပ် ကို လှန်လှော ကြည့်နေလေသည် ။

ငါးမိနစ် သည် မြားပစ် သကဲ့သို့ မြန်၏ ။

ကျော်ဆက် သည် ဘာမျှ မပြောနိုင်ဘဲ ခပ်ကိုင်းကိုင်းကလေး စာအုပ် ကြည့်နေသော မလှဝင်း ၏ ကိုယ် ခန္ဓာ ကို ကသိုဏ်းရှု နေရာမှ တ စ်စုံတစ်ခု ကြောင့် အာရုံ ပြောင်းသွားလေသည်  ။

ထို တစ်စုံတစ်ခုကား မလှဝင်း ၏ အနီး မှ အခိုးအငွေ့ များ စုရုံး ဖြစ်ပေါ် လာကာ တဖြည်းဖြည်း နှင့် သာခွေယိုင် ပေါ်လာခြင်း ဖြစ်၏ ။

“ ဟေ့လူ .. ပြောလေဗျာ ၊ ပြော .. ပြောပါဗျ ”

“ သူတို့ ဆီက တိုက်ကြီးတွေ က သိပ် မြင့်တယ်နော် ... ကိုကျော်ဆက် ”

“ မရဲဘူးကွ ”

မလှဝင်း ၏ မျက်လုံးကလေးများ မှာ ပြူးကျယ် သွားကြ၏ ။

“ ဘာပြောတယ် ကိုကျော်ဆက် ”

“ ဪ ... ကျွန်တော် သာ ဆေးတက် သုတ်ရရင် မရဲဘူး လို့ တွေးနေမိလို့ ပါ ”

မလှဝင်း သည် စာအုပ်ကို  ဆက် လှန်နေစဉ် သာခွေယိုင် က ပြောပြန်၏ ။

“ ပြောလေဗျာ ၊ မပြောရင် ခင်ဗျား နဲ့ ကျွန်တော် နဲ့ အသိပဲ ” 

“ ဘာမှ သိစရာ မလိုဘူး ၊ ငါ့ အခန်း ထဲ မလာဘဲ နေချင်သပ ဆိုရင် ငါ ဝမ်းမနည်းဘူး ”

မလှဝင်း သည် ဆတ်ခနဲ ခေါင်းထောင် ကြည့်လိုက်၏ ။ မျက်နှာ မှာ လည်း ရဲရဲတောက် နေလေသည် ။ စာအုပ် ကို ဆတ်ခနဲ ပစ်ချလိုက်ကာ ၊ ချာခနဲ လှည့်ထွက်သွားလေ၏ ။ ကျော်ဆက် မှာ လက်ကြီး နှစ်ဖက် ဆန့်တန်း ရင်း မလှဝင်း နောက်သို့ လိုက်ရ မလိုလို ၊ စားပွဲ ပေါ် မှ စာအုပ်ကြီး ကောက်ကိုင်ရ မလိုလို ဖြစ်နေပြီးမှ စိတ် ထဲ ဝယ် ထောင်းခနဲ ဖြစ်သွားကာ သာ ခွေယိုင် ၏ အဝတ်များ ကြားမှ ကွက်ကွက်ကလေး ပေါ်နေသော မျက်ခွက်ကြီး ကို စွတ်ထိုး လိုက်လေသည် ။ သို့သော် မီးခိုး ကို ထိုးရ သကဲ့သို့ လေ ထဲ ဝယ် လက်သီးကြီး မှာ တွယ်ရာ မရှိဘဲ လွင့်ပါးလေရာ ကျော်ဆက် မှာ ကြမ်း ပေါ်သို့ ဝုန်းခနဲ လေးဖက်ထောက် ပစ်ကျ သွားလေ၏ ။

သူ့ သမီး မျက်နှာ မကောင်းဘဲ ထွက်လာစဉ် ကတည်းက ဦးသာစိန် မှာ ' ဘာများ ဖြစ်ကြသလဲ ' သဘော နှင့် ကျော်ဆက် ၏ အခန်းဆီး ကို မပြီး ကြည့်နေရာ ကျော်ဆက်  ဤကဲ့သို့ လေထဲ ၌ လက်သီးဆုပ်ကြီး တန်း ပြီး လေးဖက်ထောက် ကုန်းချလိုက်သည် ကို တွေ့ရသောအခါ အံ့အား လည်း သင့် ၊ ရယ်လည်း ရယ်ချင် ဖြစ် သွားလေ၏ ။

“ ဟဲ့ ဟဲ့ ... မောင်ကျော်ဆက် ၊ ဘာပြုလို့ ကြမ်းပေါ် ကို လေးဖက်ကြီး ကုန်း ထောက်ရတာလဲကွ ”

ကျော်ဆက် မှာ ပျာပျာသလဲ ပြန် ထ လိုက်လေ၏ ။

“ ဪ ... ဦး ၊ ကျွန်တော် ငယ်ငယ်က သဲအိတ် ထိုးတာ သတိရ လို့ ပြန် ထိုးကြည့် တာပါ ၊ မကျင့်တာ ကြာလို့ ကိုယ့် ကိုယ် ကိုယ် မဟန်နိုင်ဘဲ လဲ သွားတာပါ ”

ဦးသာစိန် က အခန်းဆီး ကို ပြန် ချလိုက်မှ ကျော်ဆက် သည် သာခွေ ယိုင်ဘက် လှည့် လိုက်လေ၏ ။ သာခွေယိုင် မှာ သဘောကျ စွာ ရယ်မော နေလေသည် ။

“ ကျွန်တော် မပြောဘူးလား ၊ ကျွန်တော် ကျေးဇူး ဆပ်ချင်လို့ ခင်ဗျား တို့ မညား ညားအောင် လုပ်မယ်လို့ ”

“ မင်း ကြောင့် ငါ့ အချစ်ကလေး စိတ်ဆိုး သွားရပြီ ”

“ ဒါက ခင်ဗျား ရှော်လို့ ဗျ ။ ကျွန်တော့် ကို သူ မြင်တာမှ မဟုတ်ဘဲ ။ ခင်ဗျား ကို ကျုပ် ပြောသားပဲ ၊ ရဲရဲ သာ ပြောပါဆို ”

“ ငါ ကြောက်တယ်ကွ ”

“ ပွဲ မဝင်ခင် အပြင် က ကျင်းပရတယ် ၊ ကောင်မလေး ကို ခင်ဗျား  တောင်းပန်လိုက်ရင် ကျေမှာ ပဲ ၊ တောင်းပန် ပြီးတာနဲ့ တစ်ပြိုင်တည်း ဆက်ပြီး ရည်းစားစကား ပြောပါဗျ ”

ကျော်ဆက် မှာ ခေါင်း အကြီးအကျယ် ရှုပ်သွား လေတော့သည် ။

“ ဘယ်လို တောင်းပန်ရမလဲ ၊ ဘယ်လို ပြောရမလဲ ”

“ ကျုပ် ပြောပါပကောလား ၊ ပွဲ မဝင်ခင် အပြင် က ကျင်းပရတယ်လို့  ။ ကဲ ... ကျုပ် သင်ပေးမယ် ၊ ကျုပ် ကို မလှဝင်း လို သဘောထား ပြီး ခင်ဗျား  က အမူအရာ လုပ် ၊ ကျုပ် သင်ပေးတာ လိုက်ဆို ... ပြီးရောပေါ့ ”

“ ကဲ .. လုပ်စမ်းကွာ ”

ကျော်ဆက် သည် သာခွေယိုင် ခိုင်းသလို ဒူးနှစ်ဖက် ထောက်၍ လက် နှစ်ဖက် ကို ဆန့်တန်းလေ၏ ။

“ ကဲ .. လိုက်ဆို ၊ ဝင်းရယ် ... မောင်လေ နေကောင်းကောင်း  ၊  မကောင်းလို့ ကယောင်ချောက်ချားတွေ ဖြစ်နေတာကို သည်းခံပါ ဝင်းရယ် ” 

ကျော်ဆက် သည် တစ်လုံး မကျန် မှတ်၍ ...

“ ဝင်းရယ် ... မောင်လေ မောင် နေကောင်းကောင်း မကောင်းလို့ ”

“ မောင်ကျော်ဆက် ... ဘာလုပ် နေပြန်တာလဲကွဲ့ ”

ဦးသာစိန် ကြီး ပေါက်လာ ပြန်ရာ ကျော်ဆက် မှာ ကပျာကယာ မတ်တတ် ရပ်လိုက်ရလေ၏ ။

“ ဪ ... ဦး ၊ ဟဲ ...ဟဲ ”

“ ဟား ဟား ”

ဦးသာစိန် က ပါ ရော ရယ်လေ၏ ။

“ ဟဲ ... ဟဲ စာရေး အလုပ် က လခ နည်းလို့ ၊ ရုပ်ရှင် ထဲ ဝင်မယ် ကြံနေတာပါ ”

“ အား ... ဟား ... ဟား ၊ မလုပ်ပါနဲ့ ကွာ ၊ အစိုးရ အလုပ် ပဲ ကောင်းပါ တယ် ၊ လောဘ မကြီးပါနဲ့ ”

ဦးသာစိန် ပြန်ထွက် သွားသောအခါ သာခွေယိုင် က “ ညနေစောင်း မှ စွဲရင်စွဲ ၊ မစွဲရင် ချောက်ချဦးမှာ ပဲ ။ ညနေ ကျရင် ခုန ပြောသလို တောင်း ပန်ပေါ့ ” ဟု ပြော၏ ။

“ တောင်းပန်တာ ဟုတ်ပါပြီ ၊ ရည်းစား စကားကကော ” 

“ ကျွန်တော် လာ သင် ပေးမယ် ”

သာခွေယိုင် ပျောက်သွား၏ ။ ကျော်ဆက် က တောင်းပန် နိုင်ရင် တောင်းပန်ပြီး စွဲအောင်လုပ် ။ မလုပ် လျှင် သာခွေယိုင် က ချောက်ချဦးမည် ကြိမ်း သွားသည် ။ ဒူးများ တုန်လာသည် ။ သရဲ ကို ရည်းစား လောက် ရင်းနှီး၍ ရည်းစား ကို သရဲ လောက် ကြောက်ချေသည် တမုံ့ ။

•••••   •••••   •••••

( ၄ )

ထမင်းပွဲ သို့ ရောက်သော အခါ မလှဝင်း မှာ ကျော်ဆက် ကို ကြည့်လည်း မကြည့် ၊ စကား လည်း မပြောဘဲ ထမင်း ကို သာ ငုံ့ စားနေလေ၏ ။ ကျော်ဆက် မှာ လည်း ထမင်း ကို မစားနိုင်တော့ဘဲ တစ်လုတ် နှစ်လုတ် သာ စားပြီး ဧည့်ခန်း သို့ ထွက်လာ ခဲ့လေသည် ။ ဧည့်ခန်း ထဲ တွင် သတင်းစာ ဖတ်ချင်ယောင် ဆောင်ပြီး မလှဝင်း ကို တောင်းပန်ရန် မလှဝင်း ထွက်အလာ ကို စောင့်နေလေသည် ။

မကြာမီ မလှဝင်း သည် ထမင်း စားပြီး၍ အပေါ်ထပ် သို့ တက်ရန် သုတ်သုတ်သုတ်သုတ် နှင့် ထွက်လာ လေ၏ ။

“ သွားလေ ... မြန်မြန် သွား တောင်းပန် ”

သာခွေယိုင် ၏ အသံ ကြားလိုက်သည် နှင့် တစ်ပြိုင်နက် ကျော်ဆက် မှာ ရုတ်တရက် ဘာကိုမျှ မစဉ်းစားနိုင်တော့ဘဲ ကပျာကယာ ထ သွား၍ မလှဝင်း ရှေ့ ၌ ဒူးထောက် ချလိုက်ရာ မလှဝင်း ၏ လာလမ်းတွင် ထောက် မိလျက်သားကြီး အဖြစ်၌ မလှဝင်း မှာ အရှိန် မသ,တ်နိုင်ရကား ရှေ့သို့ ကုန်းကုန်းကြီး လဲကျလေ၏ ။

“ လာကြပါဦး ၊ မလှဝင်း ကို ခေါင်း နဲ့ ကုန်းတိုက်သတော့ ”

နောက်မှ လိုက်လာသော ဒေါ်ကျော့ ၏ အော်သံကြောင့် ဦးသာစိန် လည်း ပြေးထွက် လာလေ၏ ။ မလှဝင်း မှာ မူကား ဘာမျှ မပြောဘဲ အပေါ် ထပ်သို့ တက် သွားလေ၏ ။

ကျော်ဆက် သည် ဒေါ်ကျော့ ကို ညှိုးငယ်စွာ ကြည့်ရင်း မတ်တတ်ရပ် လိုက်ပြီး ...

“ ကျွန်တော် နေကောင်းကောင်း မကောင်းလို့ ဒေါ်ဒေါ်ရယ် ၊ ဒူးထောက်လျက် လဲကျ သွားတာပါ ”

“ နိပ်ဟ ... ကောင်မလေး တောင်းပန်ပါ ဆိုမှ ကောင်မကြီး ကို သွား တောင်းပန်နေတယ် ”

သာခွေယိုင် ၏ အသံ ကို ဦးသာစိန် က မူ မကြားနိုင်ပါ ။

“ အေးကွာ ... ဆေးလေး ဘာလေး စားဦး ”

ဦးသာစိန် ပြန် လှည့် အထွက် သွားတွင် ဒေါ်ကျော့ သည် ကျော်ဆက် ကို မျက်စောင်းကြီး တစ်ချက် ထိုးပြီး လိုက် ထွက်သွားရန် လှည့်လိုက်၏ ။

“ ကမြင်းမကြီး သဘောပုပ်ဦးဟ ”

သာခွေယိုင် သည် ကြား က မခံမရပ်နိုင် ဖြစ်ကာ ဒေါ်ကျော့ ၏ ဇက်ပိုး ကို ပစ်အုပ်လိုက်ရာ ဒေါ်ကျော့ မှာ ရှေ့သို့ ဟပ်ထိုးကြီး ဖြစ်သွားလေ တော့သည် ။

“ အမယ်လေး တော့ ... ဇက်ပိုး ကို အုပ်တယ် ”

ဦးသာစိန် သည် ချာခနဲ ပြန် လှည့်လိုက်ရာ ကျော်ဆက် မှာ မျက်စိမျက်နှာ ပျက်စွာနှင့် ပင် ... “ ကျွန်တော် ဘာဖြစ်တယ် မသိဘူး ဦးရယ် ၊ မိုက်ခ နဲ မိုက်ခနဲ ဖြစ်ပြီး ဒေါ်ဒေါ့ ဇက်ပေါ် ခေါင်း နဲ့ ထိုးကျတာပဲ ၊ ရိုက်တာ မဟုတ်ပါဘူး ” ဟု ဖြေ ပြောရလေ၏ ။

ဒေါ်ကျော့ ဒေါသ ထွက် သလောက် ဦးသာစိန် မှာ ပျာပျာသလဲ ဖြစ် ကာ “ ဒါဖြင့် ဆေးကုမှ ပေါ့ ၊ လာ ... လာ အိပ်ခန်း ထဲ ကို ၊ ဒီ ညတော့ အိမ်မှာ ရှိတဲ့ သွေးဆေးပဲ သောက် နှင့် ၊ မနက် ကျရင် ဆရာဝန် ခေါ်မယ် ”  ဟု ပြောပြီး ကျော်ဆက် ကို တွဲခေါ်သွားလေ၏ ။

ညဘက် ရောက်သောအခါ အဘိုးကြီး သည် တစ်ညလုံး ကျော်ဆက်  ကို လာစောင့် အိပ်သဖြင့် သာခွေယိုင် မှာ စကား လာပြီး မပြောသာချေ ။ ကျော်ဆက် မှာ လည်း စကား မပြောချင် ။ နောက်ကို ဆက်လက် ချောက်ချ မှာ ကို စိုး၏ ။ မလှဝင်း နှင့် ဝေးသည် ထက် ဝေးပြီ မှန်း ကိုလည်း ရိပ်မိ ပေပြီ ။ သရဲမင်း စောင်မ မှ ထောင်လုံးလုံး ကျနေရချေ၏ ။

အပေါ်ထပ် မှ ဒေါ်ကျော့ မှာ လည်း မလှဝင်း ကို မာန်မဲ ကြိမ်းမောင်း ကာ “ နင်တို့ သားအဖ နဲ့ တော့ ငါ နေလို့ မဖြစ်တော့ဘူး ၊ နက်ဖြန် ကို ငါ ဇီးကုန်း သွားတော့မယ် ” ဟု ဆိုလေသည် ။ မလှဝင်း ခမျာမှာ ကား ဘာကိုမျှ ပြန် မပြောဘဲ လေးနက်စွာ စဉ်းစားနေ၏ ။

သူ က ဤမျှလောက် ကျော်ဆက် ကို အရေး ပေးသော်လည်း “ ငါ့ အခန်း ထဲ မလာဘဲ နေချင်သပ ဆိုရင် ငါ ဝမ်းမနည်းဘူး ” ဟု ရင့်ရင့် သီးသီး ပြောဆိုသည် ကို တွေးမိတိုင်း ရင်ထဲ တွင် ဆို့ဆို့ သွား၏ ။ ထိုမျှ မကသေး ညနေ ကလည်း အတင်း ဝင် ဖက်၏ ။ ( ဒူးထောက်သည် ကို ဖက်သည် ဟု ထင်မှတ်ခြင်း ဖြစ်လေသည် ) အဒေါ် ကို လည်း ဇက်ပိုးအုပ် သေးသည် ။ ကြားလိုက်ရသော အသံ မှာ ခေါင်း နှင့် တိုက်မိသံ မဟုတ် ၊ လက်ဝါး နှင့် ရိုက်သံ ဖြစ်ကြောင်း မလှဝင်း  ရိပ်စားမိပါသည် ။

တွေးရင်း တွေးရင်း ကျော်ဆက် ကို စိတ်နာ လာရာ မျက်ရည်များ စီး ကျလာတော့သည် ။ ဤ မျက်ရည် များ သည် ပင် ကျော်ဆက် ၏ အားကိုး ရာများ ဖြစ်တော့သည် ။ မလှဝင်း တွင် ကျော်ဆက် ကြောင့် ကျစရာ မျက်ရည်ခန်း မှ ကျော်ဆက် မျှော်ချက်ကင်းပြီ ဆိုရမည် ဖြစ်၏ ။

ကျော်ဆက် မှာ လည်း ညဉ့်နက် မှ အိပ်ပျော်ရာ နောက်တစ်နေ့ နံနက် ၉ နာရီခန့်တွင် မှ အိပ်ရာမှ နိုးလာ လေတော့သည်  ။

•••••   •••••   •••••

( ၅ )

အိပ်ရာ မှ နိုးနိုးချင်း ဘေးဘီ လျှောက်ကြည့်ရာ ည က ဦးသာစိန် ထိုင် သော ပက်လက်ကု,လားထိုင် တွင် ဦးသာစိန် အစား သာခွေယိုင် သည် အခန့်သား ထိုင်နေသည် ကို တွေ့ရ၏ ။

“ ဪ ... နိုးပလား ၊ အဘိုးကြီး တော့ မနက် ၆ နာရီ လောက် က သွားတယ် ၊ အခု ဆရာဝန် သွား ခေါ် နေတယ် ။ ဒါထက် ဒီနေ့တော့ ခင်ဗျား  ပွတာပဲ ၊ အဘွားကြီး လစ်ပြီ ”

“ ဘယ်ကို လစ်တာလဲ ”

“ ဇီးကုန်း ကို လို့ ပြောသံ ကြားတာပဲ ။ အခုဆို ကောင်မလေး နဲ့ ဟို မိခွေးမ ပဲ ရှိတယ် ။ အချိန်ရှိခိုက် လုံ့လစိုက်စမ်းပါ ”

“ တော်ပါတော့ သာခွေယိုင် ရာ ၊ ငါ့ ကို ချောက်မချပါနဲ့ တော့ ”

“ ချောက် မချတော့ပါဘူး ၊ ဟောဒီမှာ ကြည့်စမ်း ... ဒါဘာလဲ ”

ကျော်ဆက် သည် သာခွေယိုင် ၏ လက် ထဲ ကို ကြည့်လိုက်ရာ မလှဝင်း ကို သူ တစ်ခါက ပေးထားခဲ့သော သူ့ ဓာတ်ပုံ ဖြစ်ကြောင်း တွေ့ ရလေ၏ ။

“ ငါ့ ဓာတ်ပုံ ဘာလို့ ယူလာသလဲ ”

“ အသာ နေပါ ။ သူ လူ မရှိရင် အကြောင်း ပေါ်မယ် ၊ ခင်ဗျား ကို တကယ် ချစ်ရင် ဓာတ်ပုံ ကြည့်ဦးမှာ ပဲ ၊ သောက်ရေး မစိုက်ရင်တော့ ဓာတ်ပုံ ပျောက်တာ သိမှာ မဟုတ်ဘူး ။ ဓာတ်ပုံ ပျောက်တာ သိရင် ၊ ခင်ဗျား ကို လည်း စိတ်မကုန်ဘူး ဆိုရင် ဓာတ်ပုံ ကို ရမယ်ရှာပြီး စကား လာ ပြောလိမ့်မယ် ။ ရော့ ယူထား ၊ ဟိုမှာ ဆရာဝန် လာပြီ ”

ကျော်ဆက် မှာ ဓာတ်ပုံ လှမ်း ယူလိုက်စဉ် သာခွေယိုင်  ပျောက်သွား၏ ။ ဓာတ်ပုံ ကို ခေါင်းအုံး အောက် ထားပြီး ပြန် အမော့ တွင် ဦးသာစိန် နှင့် ဆရာဝန် တို့ ဝင်လာကြလေ၏ ။

ဆရာဝန် မှာ စမ်းသပ် ကြည့်ပြီး “ ဘာ ရောဂါမှ မရှိဘူး ၊ အားနည်း နေ တာပါပဲ ။ ဂလူးကိုစ့် သောက်ပေး ၊ နွားနို့စစ် လည်း သောက်ပါ ၊ တော်တော် ကြာရင် သောက်ဖို့ ဆေး ပို့ ခိုင်းလိုက်မယ် ” ဟု ပြော၍ မကြာခင် ပြန်သွားလေ၏ ။

ထိုနေ့ကား မလှဝင်း အချစ် ၏ မှတ်ကျောက်တင်ရာ နေ့ ဖြစ်ရကား ကျော်ဆက် မှာ ရင် တထိတ်ထိတ် နှင့် ဖြစ်နေလေတော့သည် ။

နေလုံးကြီး သည် ကောင်းကင် ပေါ်သို့ တွန်းတက် လာရာ မှ မတတ်နိုင် တော့သည့် အလား တဖြည်းဖြည်း လျှောကျ လာလေရာ အနောက်ဘက် သစ်ပင်အုပ်များ ကြားဝယ် ကွဲလွဲကြီး ဖြစ်နေလေ၏ ။ သို့တိုင်အောင် မလှဝင်း ၏ အရိပ်အယောင် ကို ကျော်ဆက် မတွေ့ရရှာပါ ။ မလှဝင်း တွင် သာ မက သာခွေယိုင် ပါ ပျောက်ချက်သား ကောင်း နေလေသည် ။

ထိုခဏ၌ပင် သူ့ အနားဝယ် သာခွေယိုင် ပေါ်လာ၏ ။

“ ခင်ဗျား တော့ ချောက်ပဲ ”

“ ဘာဖြစ်လို့ လဲ ၊ ကောင်မလေး က မုန်းသွားပြီလား ”

“ မသိဘူးလေ ... ကျုပ် တစ်နေ့လုံး မရှိဘူး ၊ အဘွားကြီး နောက် လိုက်ကြည့်တာ ၊ သူ့ လင်ပါသား ပါ လာပြီဗျ ။ သူ အတော် နားသွင်း လာ တာ ။ ဟိုငနဲ ကို အဘိုးကြီး ကို အချော့ ခိုင်းတယ် ၊ အခုလည်း အဘိုးကြီး အတွက် လက်ဆောင်တွေ နဲ့ ကန်တော့ဖို့ ကားကြုံ နဲ့ လိုက် လာပြီဗျ ”

ကျော်ဆက် မှာ မျက်နှာ ပျက်သွား ရှာလေသည် ။

“ ဒါဖြင့် ဒုက္ခပေါ့ ၊ အခုလို ကောင်မလေး နဲ့ ငါ နဲ့ မျက်နှာကြော မတည့် တုန်း ဖြုန်းဆို ဟိုကောင် ရောက် လာရင် ”

“ သိပ်လည်း ပူတော့ မနေပါနဲ့ ဗျာ ၊ ကျွန်တော် တစ်ယောက်လုံး ရှိ သေးတာပဲဟာ ခင်ဗျား  တစ်ခုတော့ ကံကောင်းတယ်ဗျို့ ၊ ဟိုကောင် က ကျုပ် ကို မြင်တယ် ၊ ကျုပ် ကိုယ်ယောင် ပြ ကြည့်တာ ၊ ဟော ... အမေ ... ဟိုမှာ ဖြူဖြူကြီး လို့ ပြောသံ ကြားလို့ ကမန်းကတန်း ကိုယ် ပြန် ဖျောက် လိုက်ရတယ် ၊ ပြောရင်း ဆိုရင်း လာကြပြီ ”

သာခွေယိုင် ပျောက်သွားသည် နှင့် တစ်ပြိုင်နက် အိမ်ရှေ့ တွင် ကား ဆိုက်သံ ကြားရ လေသည် ။ မလှဝင်း တို့ ဦးသာစိန် တို့ သည် ဧည့်ခန်း သို့ ထွက်လာကြလေသည် ။ ကျော်ဆက် မှာ မလှဝင်း  မျက်နှာ မှ မြင်ရပါစေ တော့ ဟူသော စိတ်ကူးဖြင့် ဧည့်ခန်း သို့ ထွက်လာခဲ့လေသည် ။

ဒေါ်ကျော့ သည် ရွှင်ပျစွာ ရှေ့ က ဝင်လာ၏ ။ သူ့ နောက်မှ အထုပ်ကလေး ကိုင်ကာ ချစ်ထူး သည် ခေါင်းကလေး ငုံ့၍ ပါ လာလေသည် ။ မလှဝင်း သည် သူ့ အဒေါ်ကို ပြေး၍ ဖက်၏ ။ ဦးသာစိန် ကား ချစ်ထူး ၏ ရိုသေ ကျိုးနွံသော ဟန် ကို မြင်လိုက်ရသော အခါ အံ့အားသင့် သွားပြီး ကျော်ဆက် ကို တစ်ချက် လှည့် ကြည့်လိုက် ၏ ။ ကျော်ဆက် အဖို့ ကား မျှော်လင့်ချက် တောင်ကြီး ပြိုကျ သွားလေပြီ ။

ချစ်ထူး သည် ဦးသာစိန် ကို ရိုသေစွာ မော့ ကြည့် လိုက်၏ ။ ထိုခဏ၌ ဦးသာစိန် ၏ ရှေ့မှ မီးခိုးများ ပေါ် ထွက်လာကာ တဖြည်းဖြည်း စု သွားပြီး မားမားမတ်မတ် ရပ်နေသော သာခွေယိုင် ကို ကျော်ဆက် တွေ့လိုက်ရစဉ် ချစ်ထူး မှာ ပြူးတူးပြဲတဲ ဖြစ်သွားပြီး သရဲ ... သရဲ .. ဟု လက်ညှိုး ထိုး၍ အော် လိုက်လေ၏ ။

ဦးသာစိန် မှာ လည်း ပြူးတူးပြဲတဲ ဖြစ်သွားကာ သူ့ ကိုယ် သူ ငုံ့ကြည့်စဉ် သာခွေယိုင် မှာ ပျောက်သွား လေသည် ။ ဤတွင် မှ ချစ်ထူး မှာ ဦးသာစိန် ကို အားနာစွာ ကြည့်ရင်း ...

“ စိတ်မဆိုးပါနဲ့ ဘကြီး ရယ် ၊ မျက်စိ ထဲ မှာ ဖြူဖြူကြီး တွေ့လို့ ” 

“ မင်း ထုံးအိတ်တွေ ကြည့် လာပြီ ထင်တယ် ”

“ မဟုတ်ပါဘူး ခင်ဗျာ ၊ ခရီး ရောက်မရောက် ဦးတို့ မေတ္တာကြောင့် ဘေးမသီ ရန်မခဘဲ ရောက်လာလို့ ဦး ကို ကန်တော့ရမယ် ”

ပြောပြောဆိုဆို ချစ်ထူး သည် လက် ထဲ မှ ပစ္စည်း ကို ဦးသာစိန် လက် ထဲ ထည့်ရန် ကပ်အ လာတွင် ရုတ်တရက် သာခွေယိုင် ပေါ်လာကာ ဦးသာစိန် လက် ကို လက်သီး နှင့် ပစ်ထိုး လိုက်လေ၏ ။ ချစ်ထူး ကလည်း သရဲ ” ဟု အော်ကာ ဖက်လုံးလေရာ သာခွေယိုင်  ပျောက်သွားပြီး ဦးသာစိန် ကို ဖက်လုံး မိရကား အဘိုးကြီး နှင့် လူငယ် မှာ ကြမ်းပေါ် တွင် လိမ့် သွားကြလေ၏ ။

“ ဟဲ့ .. ဟဲ့ .. ” ဟု အော်ရင်း ဒေါ်ကျော့ သည် ဗရုတ်ဗရက် အနား သို့ ကပ်လာစဉ် တစ်စုံတစ်ယောက် က ဗိုက် ကို ခြေထောက် နှင့် ကန်လိုက် သကဲ့သို့ ဖြစ်သွားပြီး အင့်ခနဲ ပစ်လဲလေရာ ကျော်ဆက် ရော မလှဝင်း က ပါ ပြေး၍ ပွေ့ဖက်လိုက်၏ ။

“ ကိုကျော်ဆက် ... ဖေဖေ့ ကို ကြည့်ပါဦး ”

မလှဝင်း က တောင်းပန် တော့ မှ ကျော်ဆက် သည် ချစ်ထူး ကို ကုပ် မှ ဆွဲထူလိုက်၏ ။ သို့သော် သူ က ဘာမျှ မလုပ်ရမီ သာခွေယိုင် က ကြားက
ဝင်၍ ချစ်ထူး ကို ဖြန်း .. ဖြန်း နှင့် ပါးချ လိုက်လေသည် ။

ဦးသာစိန် လည်း ပြန် ထ လာကာ ချစ်ထူး ကို ကြည့်ရင်း

“ မင်း က ငါ့ ကို လက်သီး နဲ့ ထိုးတယ်ပေါ့လေ ” ဟု မေး လိုက်လေသည် ။

“ မထိုးရပါလား ခင်ဗျာ ”

“ မင်း နဲ့ ငါ နဲ့ နှစ်ယောက် တည်း ရှိတာ ၊ မင်း က မထိုးရင် ငါ့ မေးစေ့ကြီး က မင်း လက်သီး ဆီ ကို ပြေး လာပြီး တိုက်ရမှာ လားကွ ။ သွား ... ဆင်း ... မင်းမျက်နှာ ငါ မကြည့်ချင်ဘူး ၊ ငါ့ ကို သရဲ လို့ ခေါ်ပြီး နပန်းလည်း ချသေးတယ် ”

ထိုခဏ၌ ဒေါ်ကျော့ သည် ထ ထိုင်လိုက်၏ ။

“ ခွေးလောက် မိုက်တဲ့ အကောင် ၊ ငါ က ကောင်းစေချင်လို့ လုပ်တာ ၊ ငါ့ ကို လည်း ခြေထောက် နဲ့ ဆီးကန်တယ် ။ သွား ... နင် နဲ့ ငါနဲ့ အပြတ်ပဲ ”

ဤသို့ဖြင့် အခြေအနေ မှာ မရှင်းမရှင်း နှင့် ပင် ချစ်ထူး မှာ မြင်ကွင်း မှ ပျောက်ကွယ် သွားလေ၏ ။ ဦးသာစိန် နှင့် ဒေါ်ကျော့ တို့ လည်း ခရီးသွား ပစ္စည်းများ ယူကာ အပေါ်ထပ် တွင် ခွေးမ ၏ အကူအညီ ဖြင့် နေရာချ နေကြလေ၏ ။

ဧည့်ခန်း တွင် ကား ...

“ ကိုကျော်ဆက် ဟာ သဏှရူပ နဲ့ လက်လည်း ဆော့တယ်နော် ” 

“ ဘာဖြစ်လို့ လဲ ”

“ ကိုယ့် အပြစ် ကိုယ် မသိဘူးလား ”

“ အဟုတ်ပါ ၊ မသိလို့ ပါ ”

“ ဓာတ်ပုံလေ ... ”

“ ဪ ... ဒါလား ”

“ ဟေ့ ... ခဏနေဦး ၊ ကျွန်တော် သင်ပေးမယ် လိုက်ဆို ”

ကျော်ဆက် မှာ သာခွေယိုင်  သင်ပေးသလို ဆိုရလေ၏ ။

“ ဒါကတော့ အဝင်း ရယ် ... အဲ ... အဝင်း က မှ မချစ်တော့ဘူး ဆို တော့ ကိုယ့် ပုံ ကိုယ် ပြန် ယူရ ... ပြန် ယူရတာပေါ့ ၊ အဲ .. အဲ ... အဝင်း ဟာ ဒီ ပုံ မြင် ... ဒီ ပုံ မြင်ပြီး .. ပြီး .. ပိုပြီး ဒေါသ ထွက်နေ ထွက်နေ ရင် ... အဲ ... အလှတွေ ပျက်နေမှာ ပေါ့ ”

“ ဟင် ... ကိုကျော်ဆက်  စကား ပြောတာ သဘာဝ လည်း မကျဘူး ” 

“ ဒါ ... သူ သင်တဲ့ အတိုင်းပဲ ”

“ ဘယ်သူ သင်တာလဲ ”

ကျော်ဆက် မှာ ယောင် ထွက်သွားခြင်းသာ ဖြစ်၍ မနည်း ပြန် အုပ်ရ၏ ။

“ သူလေ ... သူပေါ့ ”

ပြောပြောဆိုဆို မလှဝင်း အား လက်ညှိုးထိုး ပြစဉ် သာခွေယိုင် က နောက်မှ တွန်း လိုက်ရာ တစ်ခါတည်း ပွေ့ဖက် ပြီးသား ဖြစ်သွားလေ၏ ။

“ လွှတ်ပါရှင် .. ဖေဖေ တို့ မြင်ကုန်လိမ့်မယ် ”

“ ကဲ ... ကို ကျော်ဆက် ၊ ကျုပ် ကျေးဇူးဆပ် ပြီးပြီ ။ အခုန ကပဲ အမိန့်ကျ
တယ် ၊ ကျွန်တော် နေရာ ရွှေ့ရ တော့မယ် ၊ တာ့တာဗျို့ ... သွားပြီ ”

သာခွေယိုင် မှာ မှုန်၍ ကွယ်သွားပါပြီ ။

“ ဪ .. သာခွေယိုင် ”

“ ဘာလဲ ... ကိုကျော်ဆက် ”

“ ဪ ... ဟိုဟာပါ ၊ မလှဝင်း ရဲ့ အသားကလေး က နူးညံ့လွန်း လို့ ကျွန်တော် တော့ ... သာ ... ခွေ... ယိုင် .. ”

ကျော်ဆက်  စကား မဆုံးမီ မလှဝင်း က ရင်ဘတ် ကို တွန်းလိုက်ရာ ကျော်ဆက် မှာ ပက်လက်ကြီး လန်ကျ သွားလေ၏ ။

သူတို့ ၏ ပထမ သားဦးကလေး ကို “ သာခွေယိုင် ” ဟု မှည့်ထား လျှင် စာရှုသူတို့ က မူ အဓိပ္ပာယ် သိမည် ဟု ထင်ပါ၏ ။

⎕ ကြပ်ကလေး

📖 သွေးသောက် မဂ္ဂဇင်း
      အမှတ် ၁၂၂
      မတ်လ ၊ ၁၉၆၅ ခုနှစ်

.

No comments:

Post a Comment