Saturday, October 12, 2024

သီတင်းကျွတ် ပန်းချီကားအို


 

❝ သီတင်းကျွတ် ပန်းချီကားအို ❞
━━━━━━━━━━━━━━━━
   ခင်အောင်အေး
━━━━━━━━━━━━━━━━
အိမ်ရှေ့အိမ် က မီးပုံးတွေ ချိတ်လိုက်တာ ၊ ဗြောက်အိုးသံတွေ ဟိုက သည်က ကြားလိုက်တာ နှင့် ဆက်စပ်တွေးလိုက်မှ ပင် သီတင်းကျွတ်ပြန်ပြီ ဟု ကိုသက်ခိုင် သတိရတော့သည် ၊ အကယ်၍ သမီးလေးတွေ က အရွယ်ရောက် လို့ “ ပွဲတွားမယ် ၊ ပွဲတွားမယ် ” ဟု ပူဆာလာကြလျှင် လည်း သီတင်းကျွတ်ရယ် လို့ သူ တိတိပပ အမှတ်အသား ပြုမိမည်ပင် ။

ခုတော့လည်း သူ့ ရင်ခွင် ထဲမှာ ယက်ကန်ယက်ကန် လုပ်နေသည့် သမီးငယ် ကို “ သီတင်းကျွတ်ပြီ ၊ သမီးရေ ၊ သီတင်းကျွတ်ပြန်ပြီကွယ် ”  ဟု ချွဲသလိုလို အတည်ပေါက် အလေးအနက် ပြောသလိုလို တတွတ်တွတ် ပြော နေရင်း နောက်ဖေး မှာ ဂလုံဂလွမ် နှင့် အိုးခွက် တိုက်ချွတ်နေသည့် ဇနီးသည် မိ ကြားလျှင် မျက်စောင်းချီ၍ “ ဘာရောဂါ ထချင်ပြန်ပြီလဲ ” ဟု ပြောဦးမှာ တွေး မိလျက် တစ်ယောက်တည်း ပြုံးလိုက်သည် ။ သည်လိုပဲ ဇနီး မိ ရဲ့ မာရေ ကျောရေ လေသံ ကို ပြုံးဖြီးဖြီး တုံ့ပြန်ကာ ၊ စိတ်လိုလျှင် သမီးငယ် ကို ပွေ့ချီ၍ တစ်လမ်းကျော် က ယောက္ခမ အိမ် မှာ နေသော သမီးကြီး ဆီ သွားကာ ၊ စာတို ပေစကလေး ရေးခြစ်ကာ နှင့် သာ တစ်နေ့ ပြီး တစ်နေ့ ပြီး နေရတာကို စိတ်ပျက် နေလို့ လည်း ဘာ ထူးမှာလဲ ။ စိတ် မပါသော ရုံးတက် ရုံးဆင်း ကိစ္စတွေ ကို တော့ ကိုသက်ခိုင် မေ့မေ့လျော့လျော့ နေတတ်ပြီတည်း ။

လခ တစ်ပြား မကျန် အပ်တာ ၊ အရက် မသောက် ၊ ဖဲမရိုက် မိန်းမ မလိုက်တာနှင့်ပင် လင် ကို ကျေးဇူးတင်ရကောင်းမှန်း မသိသော မိ ကတော့ လင် ကို အရာရှိ ဖြစ်စေချင်ရတာနှင့် ၊ ချမ်းသာစေချင်ရတာ နှင့် ကျေနပ်နိုင်သည် ဟုပဲ မရှိချေ ။ “ ရှင့် ကဗျာတွေ က ရည်းစားဘဝ တုန်း ကတော့ ဖတ်ကောင်းပါရဲ့ ခုတော့ ပျင်းစရာချည်း ” ဟုလည်း ပြောင်ပြောင် ပြောတတ်သည် ။ သည်အခါ ကိုသက်ခိုင် ၏ မျက်နှာသည် ရုတ်တရက် တည်သွားကာ ၊ ခပ်ငေးငေး ဖြစ်သွား လျှင်တော့ “ မောင့် ကို အလကား စတာ ၊ မောင့် ကို အလကား စတာ ” ဟု သုံးနေ ကျ မဟုတ်သည့် နာမ်စား ကို သုံးကာ သူ့ ပခုံး ကို ဖက်ကာ နှင့် စိတ်ဆိုးပြေ ချော့တတ်ပြန်သည်လေ ။ ကိုသက်ခိုင် ကတော့ “ ကွယ် အိမ်ထောင်သည် ဘဝ နဲ့ ၊ ရုန်းရကန်ရ ဆိုတော့လည်း ဘယ် ... အရင်က လို အနု    တွေ ၊ အရွတွေ ၊ အလှတွေ ၊ အပတွေ ရေးတတ်တော့ မလဲ မိ ရဲ့ ၊ တကယ်တော့ ကဗျာကောင်း တစ်ပုဒ် ဖြစ်လာဖို့ ဆိုတာက ကိုယ်တို့ လို အရည်အချင်းလောက် နဲ့ တင် မရ သေးဘူး ” ဟု တွေးတွေးဆဆ ပြန်ပြောမြဲပင် ။

နောက်ဖေးဘက် က အသံဗလံတွေ ငြိမ်သွားပြီး တစ်အောင့်လောက် ကြာလျှင် မ အိမ် ရှေ့ ထွက်လာသည် ။ ကိုသက်ခို င်က ကလေး ကို ထိုးပေး ပြီး ကပြင် ၌ ဖင်ချထိုင်ကာ ဆေးလိပ်တို ကို မီးညှိ၍ သောက် နေလိုက်သည် ။ “ တကတဲ နားတောင် မနားရသေးဘူး ” ဟု စူဆောင့်အောင့် အသံ ကို ဆေးလိပ် မီးခိုးတွေနှင့် အတူ ရောမှုတ်ထုတ်ပစ်လိုက်သည် ။ ဘုဆတ်ဆတ် ပြောတတ် တာကလွဲလို့ မိ တွင် အပြစ် ပြောစရာ ရယ်လို့လည်း သိပ် ရှိလှသည် မဟုတ် ။ ပိုက်ဆံ ရှိ မိဘနှစ်ပါး ၏ တစ်ဦးတည်းသော သမီး ဖြစ်တာ ၊ မာနကြီးတာ လင် ထက် လစွန်းလောက် ကြီးတာ နှင့် လင် ကို သူငယ်ချင်း ပြော ပြောတတ် တာကိုပဲ ယိုးမယ်ဖွဲ့ရမလား ။ ခပ်လှမ်းလှမ်း ပွဲခင်း ရှိရာ ဘက် ဆီမှ တီးသံ ၊ မှုတ်သံများ ကြား စ ပြုပေပြီ ။ ကိုသက်ခိုင် သည် အိမ်ရှေ့ မှ ဆူဆူညံညံ ဖြတ် သွားသော ပွဲဈေး လျှောက်မည့် မိသားစုတွေ ကို အကြောင်းမဲ့ မကျေမချမ်း ဖြစ်နေပြန်သည် ။ သူ့ မှာ တော့ ပွဲလမ်းသဘင် နှင့် မဆိုင်သလို နေဖြစ်ခဲ့တာ နေနိုင်ခဲ့ရတာကြာပြီ ။ သည်လို ဆိုတော့လည်း မေ့သလိုလို ၊ လျော့သလိုလို တကယ်လည်း သမီး နှစ်ယောက် နှင့် အိမ်ထောင်ဦးစီး ဟု သမဝါယမ စာအုပ်၌ အမည်ခံကာ ဘယ်လို ကုန်သွားမှန်း မသိလိုက်ရသော ၂ နှစ် ကျော် ကာလ အတွင်း မေ့လျော့ခဲ့ပြီ ဖြစ်သော ငြိမ်းငြိမ်း ကို ဖျတ်ခနဲ သတိရ ရင်ဖိုမိ ပြန် ကာ လွမ်းလိုက်ရ  နိုးနိုး ၊ ဆွေးလိုက်ရ နိုးနိုး နှင့် တစ်မျိုးကြီး ဖြစ်လာပြန်သည် ။

ခဏကြာလျှင် ကလေး ရ ကတည်း က အပြင် အလည်အပတ် ကိစ္စ ထက် သားသမီး ဝေယျာဝစ္စ နှင့်သာ ဗျာများ ခဲ့ရ ရှာသော မိ ခမျာ မတော့ သမီးငယ် နှင့် အတူ အိပ်ရာဝင် လေတော့သည် ။ ကိုသက်ခိုင် တစ်ယောက် ကတော့ အတိတ် ကို နှူး ကာ ရည်းစားဦး ကို မိ မသိနိုင် ၊ လိုက် “ ရန် မထောင်နိုင် ” သည့် စိတ်ကူးကမ္ဘာ ထဲ၌ လိုက်လံ ရှာဖွေနေလေဘော့သည် ။

•••••   •••••   •••••

လရောင် သည် အိမ်ရှေ့သံဆန်ခါကွက် မှ ယိုကျနေ၏ ။ ကိုသက်ခိုင် ၏ စိတ်ဝိညာဉ် သည် လရောင် နှင့် အတူ ပျံ့လွင့်ကာ ဝင်းခတ်ခြံ ထဲမှ ဇီဇဝါပင် တန်းပေါ် နားချည် ၊ ဟိုးအမြင့် အုန်းလက်များ ပေါ် တွဲလွဲခိုချည် နှင့် သရမ်းချင် တိုင်း သရမ်းနေ၏ ။ ခဏကြာလျှင်တော့ သည့်ထက် နယ်ချဲ့ကာ သည်ရပ် ကွက် မှ ပင် လွင့်ထွက်၍ တစ်နေရာရောက်ချင် ရောက်နေတတ်ပြန်သည် ။ အဲသည် နေရာမှာတော့ မိ အမုန်းဆုံးရန်သူမ တစ်ယောက်သည် ပြုံး ၍ ကြိုစေ လေသတည်း ။

အမှန်တော့ ငြိမ်းငြိမ်း ကို မိ တစ်ခါဖူးမျှ မြင်ဖူးသည်လည်း မဟုတ်ချေ ။ ကိုသက်ခိုင် ဖုံးဖိထားသည့် ကြားမှ ညီမတွေ က ဝိုင်း ဖော်ကောင် လုပ်ကြ သဖြင့် သိသွားကာ ညားခါစ ကတည်း က သည်အကြောင်း ပြောရင်း တကျက်ကျက် ရန်ဖြစ်ကြရသေးသည် ။ ပထမတော့ ဘာရယ် မဟုတ် “ မိ တစ်ယောက်တည်း ... ချစ်ဖူးတာပါ ” ဟု ပတ်ချွဲနပ်ချွဲ ပြောခဲ့ဖူးသော လင်တော်မောင် ၏ လျှို့ဝှက်ဇာတ်ထုပ် ကို မကျေနပ်တာ နှင့် ဖိ ပြောခဲ့တာပါ ၊ နောက် တဖြည်း ဖြည်းနှင့် သည်အကြောင်း ပြောလျှင် ဆတ်ဆက်ခါ နာသော ကိုသက်ခိုင် ၏ အမူအရာကြောင့် အလိုလို နေရင်း ဟိုတစ်ယောက် ကို မုန်းတီးစိတ် ပေါက်မှန်း မသိ ပေါက်လာခဲ့ရသည် ၊ နောက်တော့လည်း ချက်ချင်း ဆိုသလို ရလာသည့် သမီးကြီး ကိုယ်ဝန် ကို ဂရုစိုက်ရတာ နှင့် ပင် လင်မယား နှစ်ယောက်စလုံး သည်အကြောင်း နှင့် ရန်ဖြစ်ချိန် မရကြတော့ပဲ မွေးလာမည့် ကလေး အတွက် ငြင်းရင်း ခုံရင်း ၊ ဟိုလို လုပ်မယ် ၊ သည်လို ထားမယ်နှင့် သဘော ကွဲလွဲကြပြန်
ကာ မမွေးသေးသော ကလေး အတွက် စကားများချင် များ နေတတ်ကြပြန် သည် ။ အကြီးမ ကို မ လို့ အားမရသေးမီမှာပင် အငယ်မ ကို ကိုယ်ဝန် ရှိလာပြန် တော့ စိတ်ပျက်ရ မလို ၊ အားတက်ရ မလို ဝေခွဲရ အခက် ဖြစ်ကြရပြန်သည် ၊ အငယ်မ လည်း မွေးပြီးရော ခဏ ဆိုပြီး သွား ထားလိုက်သည့် သမီးကြီး ကို အဘိုးအဘွားတွေ က ပြန်မလွှတ်တော့ဘဲ အပြီးအပိုင် မွေးစားလိုက်ပြီ ဟု ကြေညာတော့၏ ။ အဲသည် ကတည်းက ကိုသက်ခိုင် တစ်ယောက် ကဗျာ ဆရာယောင်ယောင် ၊ စာရေးဆရာ ယောင်ယောင် ဘဝ ကို စွန့်ကာ သမီးငယ် မွေးသည့် နေ့ က တိုက်တိုက်ဆိုင်ဆိုင် ရသည့် လခစား အလုပ်တစ်ခုကို စိတ် မပါ့တပါ ဝင်လုပ်ရလေတော့သည် ။

ခုတော့ သမီးကြီး က ဖေဖေ ဟု မပီမသ ခေါ်တာ ကို ကျေနပ်တတ် စေကာ ၊ သမီးငယ် က အိပ်ချင် လည်း ငို ၊ ဆာလည်း ငိုတတ်တာ ကို သညည်းခံ လို့ရကာ အိမ် အလုပ်တွေ နှင့် မနားရတော့သည့် မိ ရဲ့ ဗျစ်တောက် ဗျစ်တောက်သံကို မကြားဟန် ဆောင်ကာ နှင့်ပင် သာမန် ဘာမျှ မထူးခြား သည့် အများနည်းတူ လင် တစ်ယောက် လို နေတတ်ပြီတည်း ။ တစ်ခါ တစ်ရံ စိတ်ရူးပေါက်ကာ “ မိ ကိုယ့် ကို ချစ်ရဲ့လားဟင် ”  ဟု ရည်းစားဘဝ က လို ငယ်မူ ပြန် မေးခွန်းထုတ်လျှင်တော့ “ ဘာ ပေါက်လာပြန်ပြီလဲ ” ဆိုသည့် မိ ၏ ရယ် ကျဲကျဲအပြော ကိုပင် လင်မယားဘဝ အရသာ ဟု ထင်တတ်ပြီတည်း ။

•••••   •••••   •••••

ကိုသက်ခိုင် သည် ညဉ့် အတော် နက်လာသည် အထိ အိမ်ရှေ့ခန်း ၌ အတွေးနယ်ချဲ့ ကောင်းတုန်း ပင် ။ ဆေးလိပ်အသစ် တစ်လိပ်ကို မီးထပ်ညှိရင်း “ အင်း .. သည် တစ်လိပ် ကုန်ရင်အိပ်မှ ” ဟု တကယ် အိပ်ဖြစ်မည် ၊ မအိပ်ဖြစ်မည် မသေချာသည့် ဆုံးဖြတ်ချက် ကို ကြိုတင်၍ ချလိုက်သည် ။ သည်လို လပြည့် နေ့မျိုး ဆိုလျှင် ငြိမ်း နှင့် ဆုံခဲ့တာ ၉ - နှစ် ပြည့်ပြီ ဟု ဘာကြောင့် တွက်နေမိ ပါလိမ့် ။ ခု တွဲနေသည် ဆိုသော ငြိမ်း ၏ အတွဲ ၊ သူ တို့ ကျောင်း ကလည်းဖြစ် ကြီးကြီး တစ်ယောက် ၏ သားလည်း ဖြစ်သော ခပ်ချောချော ကိုမြင့် ဆိုသူ ကို မနာလိုစိတ် မဖြစ်တော့တာ ၊ ရန်မလုပ်ချင်တော့တာ ၊ ငြိမ်း ကို မချစ်တော့လို့ များလား ဟု လည်း မရေမရာ တွေး နေမိပြန်သည် ။ အချစ် ဆိုတာ ကို ခံစား
တတ်တုန်းလား ၊ မခံစားတတ်တော့ဘူးလား ဆိုတာကိုတော့ ကိုယ်တိုင် ပင် မသဲကွဲတော့ဟု သိနေပြီတည်း ။

တစ်ချက်တစ်ချက် အခန်း ထဲ မှ လူးလွန့်သံ ကြားသည့် အခိုက်အတန့် များတွင် ကိုသက်ခို င်သည် အိပ်ဖို့ စိတ်တင်း ကြည့်ပါသေးသည် ။ သို့သော် လသာတာကပဲ သူ့ကို ညှို့ငင်ဆွဲဆောင်နေ သလိုလို ၊ အိုက်တာကပဲ အနှောင့် အယှက် ပေးနေ သလိုလို ၊ ကုန်ခါနီး ဆေးလိပ်တို ကုန် သွားလျှင် အိပ်လိုက်ရ မည်စိုးတာနှင့် ပင် မီးထပ် မညှိ တော့ဘဲ ဆက်တွေး နေပြန်သည် ၊ တကယ် တော့ ငြိမ်း နှင့် သူ့ ဇာတ်လမ်း က အဆန်းတကြယ် စိတ်ဝင်စားဖွယ်တော့ လည်း မကောင်းလှချေ ။ ပြောရလျှင် အကြောင်း မည်မည်ရရ မရှိဘဲ သူ့ ကို တိခနဲ ဖြတ်ပစ်တာ ၊ နှစ် နှင့် ချီပြီး ပြန်ဆက်သွယ်ဖို့ အမျိုးမျိုး ကြိုးစားတာကို ဥပေက္ခာ ပြုနိုင်တာတွေကပဲ တသသ စွဲလမ်းစရာတွေ ဖြစ် လာခဲ့သည်လား မပြောတတ်တော့ပေ ။ မိ က တော့ “  လွတ်တဲ့ငါး ပဲ ကြီးနေ ဟုတ်တာလည်း မဟုတ်ဘူး ”  ဟု စကား ကြုံလျှင် ခနဲ့ တတ်သည် ။ နောက်တော့ ငြိမ်း ကို အကြောင်းပြုပြီး အသည်းကွဲ ရာ က ကဗျာဆရာ ဖြစ်လာတာ သိပြန်တော့ “ သူ့ ကဗျာတွေ ကြိုက်မိတာ မှားတာပဲ ” ဟု တကယ် လိုလို ပြောပြန်သည် ။ ဒါပေမဲ့ အချစ် ၊ အလွမ်းကဗျာတွေ ရေးရာ က တစ်စစ ရင့်ကျက်လာတဲ့ ဘဝအမြင်တွေ ကို အမှီ ပြုပြီး လေးနက်လာတဲ့ နောက်ပိုင်း သူ့ ကဗျာတွေ အကြောင်း ကို တော့ ရှင်းပြ မနေချင်တော့ ၊ တစ်နေ့တစ်နေ့ ဈေးဖိုး ခြစ်ခြုတ် သုံးရတာ ၊ ဆပ်ပြာနည်းနည်း အဝတ်များများ ကို ကြေးစင်အောင် လျှော်ရတာ နို့မှုန့်ဖိုး မကုန်ရအောင် မထွက်တထွက် နို့ကလေး ကို ဟင်းခါးတွေ ဖိသောက် ပြီး ကလေး စို့ဖို့ လောက်ငအောင် လုပ်တာနှင့် ပင် မိ တစ်ယောက်လည်း ဒါတွေ ခေါင်းထဲ ထည့်အားမှာတော့ မဟုတ်ပါဘူးလေ ။ ကိုသက်ခိုင် ကလည်း ကဗျာဆရာ ၊ စာရေးဆရာ ဘဝ ကို စွန့်သည် ဟု ဆိုရာ၌ မဂ္ဂဇင်း ထဲ ပါပြီး လူသိများ ကျော်ကြားအောင် ကြိုးစားသည့် အလုပ်ကို စွန့်တာသာ ဖြစ်ပြီး လူ နားမလည်တဲ့ ကိုယ့် စိတ်ကြိုက် ကဗျာမျိုးတွေပဲ ကိုယ့် ဘာသာ ကိုယ် ရေး ဖြစ်နေတာ ကိုတော့ ဘယ်သူ့ကို မျှ မပြောပဲ ထားလိုက်သည် ။

အော် .... ကိုးနှစ် တောင် ရှိခဲ့ပြီပဲကိုး ။

ငြိမ်း က ပစ်သွားပြီး ကတည်းက အတွေးသမားကြီး လုပ်ကာ ပွဲလမ်းသဘင် ဆိုလျှင် မသွားနိုင်လောက်အောင် နင့်နင့်နဲနဲ ခံစားခဲ့ရတာတွေ ခုတော့ လည်း ဘာမျှ မလေးနက်တော့သလိုပါပဲ ။ ရယ်စရာ ဟု တော့ ပြောရက်နိုင် သည်လည်း မဟုတ်ပေ ။ အသည်းကွဲ တုန်းကတော့ ဟက်တက်မက အစိတ် အစိတ်အမြွှာ ပင် ကွဲခဲ့ ကြေမွခဲ့ရသည် ကို ဘယ်မှာ လွယ်လွယ်နှင့် ဖျောက် ပစ်လိုက်နိုင်ပါမည်လဲ ။ ငြိမ်း ကို ရည်စူးတာချည်း မဟုတ်ပေမဲ့ အချစ် ၊ အလွမ်း ကဗျာကလေးတွေ ကို စာအုပ်စု ထုတ်ဖြစ်တော့ တစ်တန်းတည်းသား မိ က ဖတ်မိရာက အသိအကျွမ်း ဖြစ်သွားတာ ၊ နောက် သူ နဲ့ မိ ချစ်သွားကြတဲ့ အချိန် အထိ လမ်း မှာ ငြိမ်း နဲ့ တစ်ခါတစ်ခါ ဆုံလျှင် တစ်ကိုယ်လုံး တုန်ပြီး ထူပူခဲ့တာ တွေအတွက် မိ ကို ဘယ်လို ပြောပြရက်ပါမလဲ ။ အချစ် ဆိုတာကို တစ်ခါ တည်း နဲ့ပင် သေမလောက် ခံစားလိုက်ရကာ ဘာမျှ မကျန်တော့သည့် အဖြစ်ကို ဘယ်လို အတတ်ပညာမျိုး နဲ့ သရုပ်ဖော်ဖော် ပေါ်လွင်အောင် ဖော်ကျူးနိုင် လိမ့်မည်ဟု မယုံကြည်နိုင်တော့ သလောက်ပင် ။

ခွေးဟောင်သံတွေ နှင့် အတူ လမ်းပေါ် က လူသံသူသံတွေ ကြားတော့ မှ ကိုသက်ခိုင် ၏ စိတ်ဝိဉာဉ် သည် ခြေကုန်လက်ပန်း ကျကာ သူ့ သခင် ရှိရာသို့ ပြန်သာ၏ ။ ဆေးလိပ် လည်း ကုန်ပြီ ၊ လရောင် လည်း ကွယ်ပြီ ၊ နည်းနည်း လေး အေးလာပြီ ။ ကိုသက်ခိုင် သည် အိမ်ခန်း ထဲ တန်းဝင်ကာ ခြင်ထောင် ကို မ လိုက်ပြီး သူ ငြိမ်း ကို သတိရ နေတာ ကို မသိရှာဘဲ ၊ ခြေမဆေးဘဲ အိပ်ရာထဲ ဝင်တာကို လည်း မဆူပူနိုင်တော့သည့် ဇနီး မိ ၏ နဖူး ကို ခပ်ဖွဖွ နမ်းကာ သမီး ကို နေရာကျယ်ကျယ် ပေးထားရသဖြင့် သူ့ အတွက် တစ်တောင်ခန့် သာ ကျန်သော နေရာကလေး တွင် လှဲ အိပ်လိုက်လေသည် ။

❥  ၁၉၈၃ ခုနှစ် အောက်တိုဘာ ထုတ် ရှုမ၀ မဂ္ဂဇင်း ၌
လင်းလက်အောင် အမည် ဖြင့် ဖော်ပြခံခဲ့ရ

▢ ခင်အောင်အေး

📖 ပဲန်မြန်မာ ၏ ပထမ ပုံနှိပ် ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment