Thursday, October 17, 2024

ကျွန်းမျောစိတ်

 

❝ ကျွန်းမျောစိတ် ❞
━━━━━━━━━━━━
    မင်းခိုက်စိုးစန်
━━━━━━━━━━━━
( ၁ )

နွားကွဲ လျှင် ကျားဆွဲ တတ်သည် ဟူသည့် စကားပုံ ၏ အဓိပ္ပါယ်သည် နွားများ စုစုစည်းစည်း နေထိုင်ရန် လိုအပ်ကြောင်း နားလည် သလိုလို ရှိ သော်လည်း ခြံ ထဲ တွင် တစ်စုတစ်ဝေး တည်း လှောင် ထားသော နွားများ အဘယ်ကြောင့် သားသ,တ်ရုံ သို့ ရောက်သွားရသနည်း ဆိုသည့် ကိစ္စ ကိုမူ ကျွန်တော် စဉ်းစား၍ မရပါ ။ အချို့ကိစ္စများတွင် စုစည်းခြင်း ၊ မစုစည်းခြင်း သည် အမဲသား ဖြစ်ခြင်း မဖြစ်ခြင်းနှင့် သိပ် မဆိုင်လှ ဟု ကျွန်တော် ထင်သည် ။

•••••   •••••   •••••

သင်ကော ... ။ သင့် ကိုယ် သင် သားသ,တ်ရုံသို့ ပို့ရန် ခြံထဲ တွင် အလှောင် ခံထားရသည့် နွားတစ်ကောင် အဖြစ် စိတ်ကူးယဉ် ကြည့်ခဲ့ဖူးပါ သလား ။ ကျွန်တော် ကတော့ စိတ်ကူးယဉ် ကြည့်ခဲ့ဖူးသည့် အကြောင်း ( အကယ်၍ သင်ခွင့်ပြုမည် ဆိုလျှင် ) ပြောပြချင်သည် ။

ကံကြမ္မာ ဆိုသည်မှာ အမဲသားဆိုင် တစ်ဆိုင် ဖြစ်နေနိုင် သလို ‘ ကံကြမ္မာ၏ အရှင်သခင် ’ ဆိုသူမှာ လည်း အမဲအူ အသည်းနှလုံး ပြုတ် ရောင်းသည့် ငတိ တစ်ယောက် မဟုတ်ကြောင်း ဘယ်သူ က မှ အာမခံ ထားခြင်း မရှိဘူး မဟုတ်လား!!

•••••   •••••   •••••

( ၂ )

‘ ကံကြမ္မာ ၏ အရှင်သခင် ’  ဖွင့်ထားသော ဆိုင်ရှေ့တွင် ကျွန်တော် အပါအဝင် နွားအတော်များများ စုရုံး နေကြသည် ။ ထို ဆိုင်က ကျွန်တော် တို့ အတွက် ‘ မြက် ’ ရောင်းပေးမည် ဟု သတင်း ကြားထား သောကြောင့် ဖြစ်၏ ။

နေ မြင့်လာသည် နှင့် အမျှ ဆိုင် ရှေ့မှ နွားအုပ် က တစ်စ ထက် တစ်စ ပို များလာသည် ။ အတော်ကြီး နောက်ကျ ပြီးမှ မြက်ရောင်း ပေးမည့် သူ ရောက်လာ၏ ။ ( ‘ ကံကြမ္မာ ၏ အရှင်သခင် ’ က ကိုယ်စားလှယ် လွှတ်လိုက်သူ ဟု ဆိုသည် ) ထို သူ က ...

“ အခုအချိန် က စပြီး မြက်များ ကို ရောင်းချ ပါတော့မယ် ၊ တန်းစီကြပါ ၊ အားလုံး တန်းစီကြပါ ”

နွားများ အားလုံး ရုတ်ရုတ်သဲသဲ တိုးတိုးဝှေ့ဝှေ့ ဖြစ် သွားကြသည် ။ နောက် .. ဆိုင်ရှေ့ တွင် တန်းစီ လိုက်ကြ၏ ။ နွားတန်းကြီး က အတော် ရှည်လျားသည် ။ ကျွန်တော် နှင့် ကျွန်တော့် မိတ်ဆွေ နွားတစ်ကောင် တို့ က နောက်ဘက် ခပ်ကျကျ တွင် နေရာရ၏ ။ ကိုယ့် အလှည့် ရောက်ဖို့ရန် ကြာမြင့်စွာ စောင့်ဆိုင်းရ ပေဦးတော့မည် ။

တဖြည်းဖြည်း မွန်းတည့်စ ပြုလာသည် ။ ပူရဲသော နေရောင် အောက် တွင် နွားများ ၏ ကျောကုန်း ပြောင်ပြောင် မှ ရောင်ပြန် ဟပ်ကာ တံလျှပ် များ ထ နေပုံသည် သဲကန္တာရ ဆန် လှသည် ။ နွားတန်းကြီး က ရွေ့လျား သည် ဆိုရုံသာ ရွေ့လျားကာ ရှေ့သို့ တအိအိ တိုး နေ၏ ။

ကျွန်တော်တို့ စိတ် မရှည်တော့ ။

...  ....  .....

အချိန် က မွန်းလွဲ သွားပြီ ။ နွားတန်းကြီး က နဂိုနေရာ မှ သိပ် မရွေ့ လှသေး ။ နေပူရှိန် က လောင်မြိုက် လိုက်သောကြောင့် နွားများ ၏ ကျောကုန်း ပေါ်မှ အမွေးများ မီးကျွမ်း သွားသလို ညှော်နံ့မျိုး ထွက်လာသည် ဟုပင် အောက်မေ့ရ၏ ။ ကျွန်တော့် သူငယ်ချင်း နွား က တောက် တစ်ချက် ခေါက်လိုက်ပြီး ...

“ ဒီလိုသာ သွား နေရင် ဒီနေ့ တစ်နေ့လုံး အဖို့ မြက် စားရတော့မှာ မဟုတ်ဘူး ”

“ စိတ်ရှည်ရှည် ထားပါကွာ ၊ ငါတို့ အလှည့် ရောက်လာပါလိမ့်မယ် ”  

ကျွန်တော် က ဖြေသိမ့် လိုက်၏ ။

•••••   •••••   •••••

ထိုအချိန်တွင် မြက်ရောင်းသူ က ဆိုင်ရှေ့ သို့ ထွက်လာပြီး ဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲ လိုက်၏ ။

“ မြက်များ ကို ဒေါ်လာ ဖြင့်သာ ရောင်းမည် ” 

ဟာ .. ဘယ်လို ဖြစ် သွားရတာလဲ ၊ ဒါ ... အဓိပ္ပါယ် မှ မရှိတာ ၊ ဘာလဲ ... ဒေါ်လာ ... မကြားဖူးဘူး ၊ ဒီကောင် လူတွေ ရဲ့ အတု ခိုးနေပြန်ပြီ ။ သော,က်ရူး ...  ၊ ဒီကောင့် မြက် က ဘာမှ ပို ထူးလာတာ မဟုတ်ဘဲနဲ့ ၊ သက်သက် ကြီးကျယ်တာ ၊ ဟေ့ ဦးနှောက် မရှိတဲ့ ကောင်ရဲ့ ... ဆိုင်းဘုတ် ပြန် ဖြုတ် ၊ အ,ရူး .. ၊ ဟေ့ကောင် ငပေါ ၊ ဒေါ်လာ နဲ့ ရောင်းတဲ့ ဟာ အလိုမရှိ ၊ လူတွေ ရဲ့ အကျင့် အလိုမရှိ ... ။

နွားများ ဝရုန်းသုန်းကား ဖြစ်သွားကြ၏ ။ တိုးတိုး တစ်မျိုး ၊ ကျယ်ကျယ် တစ်မျိုး ပြောနေသော အသံများ ရောနှော ရှုပ်ထွေးကာ တဝူးဝူး တဝုန်းဝုန်း မြည်ဟိန်း နေသည် ကို လည်း ကြားရ၏ ။ ကျွန်တော့် သူငယ်ချင်း နွား က ဗြုန်းခနဲ တန်းစီ နေရာ မှ ထွက် လိုက်ကာ မြက် ရောင်းသူ ကို လှမ်း အော်ပြောလိုက်သည် ။

“ ဟေ့ကောင် ... ငါတို့ တန်းစီ နေတာ ကြာလှပြီကွ ၊ အခုထက် ထိ လည်း မြက် မစားရသေးဘူး ၊ ဒီကြားထဲ မင်း ဆိုင်းဘုတ်ကြီး က ဘာ ဝင် ရှုပ်တာ လဲ ၊ အဓိပ္ပါယ် မရှိတာ .. အခု ပြန်ဖြုတ် ”

မြက်ရောင်းသူ က အေးအေးဆေးဆေးပင် ...

“ သည်းခံပါခင်ဗျာ ... လိုချင်တဲ့ သူ များလာပြီ ဆိုရင် ပစ္စည်း ကို ဈေး တင်ရတာ ထုံးစံပါပဲ ” 

ကျွန်တော့် သူငယ်ချင်း နွား က ဒေါသတကြီး ဖြင့် ...

“ အေး .. ဒီကိစ္စ ကို မင်း ကို မြက်ရောင်း ခိုင်းတဲ့ ‘ ကံကြမ္မာ ရဲ့ အရှင်သခင် ’  ဆိုတဲ့ကောင် နဲ့ ရှင်းရမယ် ”

ပြောပြောဆိုဆို ဖြင့် လက်သီးလက်မောင်း တန်း ကာ ကျွန်တော်တို့ ဘက် သို့ လှည့်ပြီး ...

“ မင်းတို့ ခဏ နေနှင့်ဦး ၊ ငါ ... အဲဒီ ‘ ကံကြမ္မာရဲ့ အရှင်သခင် ’ ဆိုတဲ့ ငတိ ကို ပါးနှစ်ချက် လောက် သွားရိုက်ပစ်လိုက်ဦးမယ် ”

ဟု ပြောကာ ထွက်သွား၏ ။

...  ...   ...

အတော်ကြာသော အခါ သူ ပြန်လာသည် ။ ကျွန်တော်တို့ က ...

“ မင်း အဲဒီကောင် ကို ပါးရိုက်ပစ်ခဲ့ပြီလား ”

ဟု ဝိုင်းမေးကြ၏ ။ သူ က ...

“ ဟိုမှာ လည်း တန်းစီတာ များလွန်းလို့ ဈေးတက် သွားပြီ ... ‘ ပါး တစ်ခါရိုက် နှစ်ဒေါ်လာ ’ .. လို့ ဆိုင်းဘုတ်တင်ထားတယ် ”

•••••   •••••   •••••

( ၃ )

တောင်ပေါ် တက်နေစဉ် ခြေဖဝါး သံစူးခံရ၍ လဲ နေသူ တစ်ယောက် က ‘ တောင်ကြီး ဖဝါးအောက် ’ ဟူသော စကား ကို မယုံကြည်ကြောင်း ပြောလျှင် ခွင့်လွှတ်ကြ စေချင်ပါသည် ။ ( ကား ဝယ်နိုင်သူ က တောင်ပေါ် သို့ ကားဖြင့် တက်သွားပြီး ‘ တောင်ကြီး ကား အောက် ’  ဟု ပြောလျှင် သူတို့ မျက်နှာများ မည်သို့ ရှိမည်နည်း ဟု လည်း ကျွန်တော် သိချင်နေ ပါသည် ) ဇွဲရှိခြင်း ကို ကျွန်တော် မသရော်ချင် သော်လည်း ‘ လှိုင်းကြီး လှေ အောက် ’ ဆိုသော စကား ကို ကြားရတိုင်း ကျွန်တော် ပြုံးဖြစ်ကြောင်း ကို မူ ပြောပြချင်ပါသေးသည် ။ တချို့ သော လှေများ သည် ကမ်းစပ် မှ မခွာမီ ကတည်း က ပင် ဝမ်းဗိုက် ပေါက် နေခဲ့ရာ လှိုင်း ကြီးသော အခါ လှေ နစ် သွားပါတော့သည် ။

•••••   •••••   •••••

ကျွန်တော်တို့ ၏ ဘဝများ ကမ်းစပ် မှ မခွာမီက ဝမ်းပေါက် နေခဲ့ သလား ၊ မနေခဲ့သလား ဆိုသည်ကို စစ်ဆေးကြည့်ခွင့် မရခဲ့ခြင်း မှာ တကယ်တမ်း တွေး ကြည့်လျှင် အတော် ဝမ်းနည်းဖို့ ကောင်းပါသည် ။

ဂေါ်လီ တစ်လုံး နှင့် တစ်လုံး ထိမိ ရိုက်မိ ရာ မှ မြောင်းထဲ လွင့်ကျသွား သလိုမျိုး ကျွန်တော်တို့ သည် ဘာမှ ရွေးချယ်ခွင့် ၊ ကြိုတင် ပြင်ဆင်ခွင့် ၊ ငြင်းဆန်ခွင့် မရှိတဲ့ လူ့ဘဝ ထဲ သို့ ပြုတ် ကျလာခဲ့ခြင်း ဖြစ်၏ ။ ( အနည်းဆုံး နောင် တစ်ချိန် တွင် မိမိ ၏ အဖေ နှင့် အမေ ဖြစ်လာမည့် သူစိမ်းယောက်ျား တစ်ယောက် နှင့် မိန်းမ တစ်ယောက် တို့ ကို ပင်လျှင် ကျွန်တော်တို့ ရွေးချယ်ခွင့် မရခဲ့ပါ ) ဘုရားသခင် သည် ကျွန်တော်တို့ ကို ဂေါ်လီ ရိုက်တမ်း ကစား နေပုံ ရပါသည် ။

...   ...  ...

အသက်ရှင် နေစဉ် ကာလ အတွင်း တွင် လွတ်လပ်ခြင်း သည် ကျွန်တော်တို့ ၏ ရွေးချယ်ခွင့် ဖြစ်သော်လည်း လူအတော် များများ ကမူ ကံကြမ္မာ ကို အသားပို တစ်တုံး လို သဘော ထားရင်း ဘဝ ကို ဆော့ကစား ပစ် လိုက်ကြသည် က များပါသည် ။

•••••   •••••   •••••

အခု အချိန် အခိုက်အတန့်တွင် ကမ္ဘာမြေ ၏ တစ်နေရာရာ တွင် လူ တစ်ယောက်သည် သီချင်း ဆိုနေပေလိမ့်မည် ။ လူ တစ်ယောက် သည် တီဗွီ ထိုင်ကြည့် နေပေလိမ့်မည် ။ လူတစ်ယောက် သည် ချစ်တင်းနှီးနှော နေ ပေလိမ့်မည် ။ လူ တစ်ယောက် သည် ငိုကြွေး နေပေလိမ့်မည် ။ လူတစ်ယောက် သည် ဘုရား တွင် ဆုတောင်း နေပေလိမ့်မည် ။ လူ တစ်ယောက် သည် ပေါင်မုန့် တစ်လုံး ဖြင့် သူ့ ဆာလောင်မှု ကို မေ့လျော့ပစ်ရန် ကြိုးစား နေပေလိမ့်မည် ။ လူတစ်ယောက် သည် ရယ်မော နေ ပေလိမ့်မည် ။ လူ တစ်ယောက် သည် ဒေါသ ထွက်နေပေလိမ့်မည် ။ လူ တစ်ယောက် သည် တွေးတော နေပေလိမ့်မည် ။ လူ တစ်ယောက် သည် အရက်သောက် နေ ပေလိမ့်မည် ။ လူ တစ်ယောက် သည် သူ့ မိသားစု အတွက် ညနေစာဖိုး ကို တစ်နေရာရာ မှ ခိုးဝှက်ယူရန် ကြံစည် နေပေလိမ့်မည် ။ လူ တစ်ယောက် သည် ကိုယ်ဟန်ပြမယ်ကလေး ၏ ခါး ကို ဖက်ရင်း ဘီယာ စုပ် နေပေလိမ့်မည် ။

•••••   •••••   •••••

သူတို့ အားလုံးသည် တစ်စုံတစ်ရာ ကို ကြိုးကြိုးစားစား မေ့လျော့ ပစ်လိုက်နိုင်ရန်အတွက် ‘ ကစား ’ နေကြပုံမျိုး နှင့် တူသည် ဟု ကျွန်တော် တွေးမိပါသည် ။ ( ဘဝ ဆိုသည် မှာ ဘေးမှ ရပ်ကြည့်နေရမည့် ကစားဝိုင်း တစ်ခု မဟုတ်ခဲ့ပါ ) တစ်ချိန်တည်း မှာ ပင် ကျွန်တော်တို့ ငယ်စဉ်တုန်း က ကစားပွဲများ တွင် ခပ်ညစ်ညစ် ၊ အငြင်းသန်သန် ကလေးများ နှင့် ကစားခဲ့ ရဖူးသည်များ ကို ပြန်လည် သတိရ နေဖြစ်၏ ။ ဖြစ်နိုင်လျှင် ငယ်ငယ် တုန်းက ထုပ်ဆီးတိုးပွဲများ တွင် ထမင်းရည်ပူစည်း တား ထား သလို ယခု လူကြီးကစားဝိုင်းများ တွင် လည်း ထမင်းရည်ပူစည်း တားထားပေးချင်သည် ။

( သိပ် အငြင်းထူသော လူကြီးများ အတွက်တော့ သူတို့ မျက်နှာ ကို တကယ့် ထမင်းရည်ပူပူ ဖြင့် ပက်ချင်ပါသည် )

•••••   •••••   •••••

အဝါရောင် ညနေခင်းတွင် အလင်းတွေ သီးပွင့်နေ ကြ၏ ။ အသင့် ပြင်ဆင် ထားပြီးသား အပြုံး တစ်ခု ဖြင့် ဧည့်ခံရန် အချက်ပေးသံ ကြားရ သည် ။ သနပ်ခါး ပါးပါး လိမ်းကျံထားသော လေပြည် တချို့ကို စုဆောင်း သိမ်းဆည်း ပေးထား ကြပါ ။ နောင် တစ်ချိန်တွင် အသုံး လိုကောင်း လို လာပါလိမ့် မည် ။ ရီဝေမှုန်ပျသော အကြည့် ဖြင့် လောက က လှမ်း နှုတ်ဆက်နေ၏ ။ ဝမ်းဗိုက် ကွဲအက်နေသော လှေ တစ်စင်း နစ်မြုပ်သွား ပြန်ပြီ ။

•••••   •••••   •••••

( ၄ )

ဆူးလေစေတီတော် ရှေ့ လမ်းမ ကို ကျွန်တော် ဖြတ်ကူး လာခဲ့သည် ။ စေတီ နှင့် မြို့တော်ခန်းမ တို့ နှစ်ခုရှေ့ ကြား ကွက်လပ် ပလက်ဖောင်း ပေါ် တွင် အိမ် ပြန်ရန် ဘတ်စ်ကား စောင့်နေကြသူများ တန်းစီ နေ၏ ။ ညကြီးပိုင်း ဆွဲပေးသော နံပါတ် အဖြူတပ် ၃၆ ဒတ်ဆန်းကားများ ၊ ၃၁ ဒတ် ဆန်းကားများအပြင် အခြား လိုင်းများ လည်း ရှိသောကြောင့် ရုံးပြန် ၊ အလုပ်ပြန်သူ အတော်များများ စုဝေးသော နေရာ ဖြစ်၏ ။ မြို့တော်ခန်းမ တစ်ဖက် အစွန် ပလက်ဖောင်း အစပ် တွင် သတ်မှတ် ထားသော ကားရပ် ရန် နေရာ ရှိသည့် အတွက် တန်းစီသူများ က ဆူးလေစေတီတော် ကို ကျော ပေး၍ စီရသည် ။

၃၆ ဒတ်ဆန်းကား အလာ ကို စောင့်နေသော လူတန်းကြီး ၏ နောက်တွင် ကျွန်တော် ဝင် စီ လိုက်သည် ။ ဘာရယ် မဟုတ်ဘဲ နောက်ကျောဘက် ဆီ သို့ ခေါင်း လှည့်၍ ဆူးလေ စေတီတော်ကြီး ကို လှမ်းကြည့်ဖြစ်သေးသည် ။ မိုးစက်မှုန်မှုန်တွေ တဖွဲဖွဲ ကျ နေသည် ။ မီးခိုးရောင် ကောင်းကင် မှိုင်းမှိုင်း ရှေ့တွင် ဆူးလေစေတီတော် သည် ရွှေရောင်လင်းပ သပ္ပာယ် နေ၏ ။ ကျွန်တော့် စိတ် ထဲ က အာရုံပြု ကြည့် လိုက်သည် ။ ရင် ထဲ တွင် အေးမြစွာ လင်းလက် သွားသည် ။

•••••   •••••   •••••

ကျွန်တော် ရှေ့ဘက် သို့ ပြန်လှည့်ဖြစ်သော အခါ လူတန်းကြီး ၏ နဘေး တွင် ယောင်လည်လည် ရပ် နေသည့် ကလေးငယ် တစ်ယောက် ကို မြင်ရ၏ ။ ကလေးငယ်လေး က ရပ်နေသူများ ထံ မှ ပိုက်ဆံ တောင်းနေ ခြင်း ဖြစ်သည် ။ ကြည့်ရင်း နှင့် စိတ် ထဲ တွင် တစ်မျိုး ဖြစ်လာသည် ။ ကျွန်တော် ခေါင်း ကို တစ်ချက် ခပ်ဆတ်ဆတ် ခါယမ်း လိုက်၏ ။ ဒါ ... ကျောင်း စာသင်ခန်း ထဲ ရောက်နေရမယ့် အရွယ် မဟုတ်ဘူးလား ...

•••••   •••••   •••••

အစ်ကိုကြီး ရယ် ... အစ်မကြီး ရယ် .. ထမင်းဖိုးလေးများ သနားခဲ့ပါ ၊ ရှိ ကြီးခိုးပါတယ် ။ ကျွန်တော့် နား ထဲ တွင် ပိုးကောင် တစ်ကောင် ဝင်ကာ တ ဝီဝီ ပျံနေ၏ ။ အဲဒီ ပိုးကောင် က နား က နေ တစ်ဆင့် ဦးနှောက် ထဲ ဖောက် ဝင်ပြီး စားပစ် လိုက်တော့မှာ ပဲ ဟု အလိုလို ထင်မြင်ပြီး ကြောက်လန့်လာ
သည် ။

အစ်ကိုကြီးရယ် ... ထမင်းဖိုးလေး ... ရှိကြီးခိုးပါရဲ့ .. ရှိကြီးခိုးပါရဲ့ ... ရှိကြီးခိုးပါရဲ့ .. ပိုးကောင် က တဝီဝီ ပျံနေဆဲ ။ ပိုးသတ်ဆေး ဖျန်းရင် မကောင်းဘူးလား ။ နှင်းရည် ဖျန်းထားသော ပန်းတစ်ခင်း ပေါ်သို့ ပိုးကောင်မွှားကောင်များ ရွာ ချနေ၏ ။ ကဲ ... ပိုးတွေ ကို သ,တ်ဖို့ပဲ ဖြစ်ဖြစ် အပင်တွေ ကို ခုတ်ဖို့ပဲ ဖြစ်ဖြစ် စ တော့လေ ... ။

အစ်ကိုကြီးရယ် ... ရှိကြီးခိုးပါရဲ့ ..

တန်းစီ နေသူများ ထဲ မှ အရက်သမား တစ်ယောက် က အိတ်ကပ် ထဲ မှ ပိုက်ဆံ ကို ထုတ်ရန် ဟန်ပြင် နေသည် ။ ကလေးငယ် က သူ့ ရှေ့ တွင် ရပ် ပြီး လက်အုပ် ချီကာ ပိုက်ဆံ တောင်း လိုက်၏ ။ အရက်သမား က ပိုက်ဆံ ကို သူ့ အိတ်ကပ် ထဲ သို့ ပြန်ထည့် သလိုလို လုပ်သည် ။

ကလေးငယ် က မျက်နှာ ပျက် သွားပြီး ချက်ချင်း ကားလမ်းမ ပေါ် ထိုင် ချကာ အရက်သမား ကို ဦးသုံးကြိမ် ချ လိုက်သည် ။ လူတန်း ကို မျက်နှာမူ ထားသောကြောင့် ကောင်လေး က ဆူးလေစေတီတော် ကို ကျောခိုင်းမိ လျက်သား ။

အရက်သမား က ရယ်မောကာ အိတ် ထဲ မှ ကျပ်တန် နှစ်ရွက် ချ ပေးလိုက်သည် ။

•••••   •••••   •••••

( ၅ )

ကျွန်တော့် သူငယ်ချင်း နွားတစ်ကောင် က တစ်စုံ တစ်ယောက် ကို ပါးရိုက်ဖို့ အကြီးအကျယ် လိုအပ်သည် ဟု ပြော၏ ။ ကျွန်တော့် မျက်လုံး ထဲ တွင် လက်အုပ်ချီ ထားသော ကောင်လေး ကို မြင်လာသည် ။ ခြေဖဝါး သံ စူးထားသူများ တောင် အောက် သို့ ပြုတ်ကျ သွားကြပြီ ။ လှေ သည် ကမ်း မှ မခွာမီ ကတည်း က တစ်စုံတစ်ယောက် က ဝမ်းဗိုက် ကို ထိုးဖောက် သွားပုံရ၏ ။ ကစား နေသူများ ရယ်မောလိုက် သံကို ကြားရသည် ။ ကျွန်တော်တို့ အားလုံး ရေအောက် သို့ နစ်မြုပ် ဝင် နေကြ၏ ။

သင် ရေ မကူးတတ်သေးဘူး ဆိုလျှင် ခပ်မြန်မြန် ရေကူး သွား သင် ထားလိုက်ဖို့ရန် ကျွန်တော် အကြံပေး ချင်ပါသည် ။ မနက်ဖြန် က စ၍ ‘ နွား များ ရေကူးသင်တန်း ’ ကို ကျွန်တော် ဖွင့်လှစ် ပါတော့မည် ။

...  ...   ...

ပြောရန် မေ့ကျန်နေခဲ့သည့် အချက် တစ်ချက် ရှိပါသေးသည် ။

နွား ( Bull ) ဆိုသော ဝေါဟာရ သည် ဥရောပ အလယ်ခေတ် လက်တင် ဘာသာစကား ( Bulla ) မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ‘ လောကကြီး တွင် ရွှေမိုးငွေမိုး ရွာနေသည် ဟု အထင်ရောက် နေသူများ ’ ဟု လည်း အဓိပ္ပါယ် ရပါသည် ။

( ၁၉၉၇ )

•••••   •••••   •••••

◾ ဝန်ခံချက်

အခန်း ( ၂ ) သည် ရူမေးနီးယား ဝတ္ထု တစ်ပုဒ် ကို ဖတ်မိရာ မှ ဆင့်ပွား ထားသော စိတ်ကူး ဖြစ်ပါသည် ။

▢ မင်းခိုက်စိုးစန်

📖 မြားနတ်မောင် မဂ္ဂဇင်း

📖 ဝတ္ထုတိုပေါင်းချုပ်

.

No comments:

Post a Comment