Tuesday, October 29, 2024

လောဘကြီးသော မြေပိုင်ရှင်ကြီး


 

❝ လောဘကြီးသော မြေပိုင်ရှင်ကြီး ❞

ဟိုးရှေးရှေးတုန်း က ပေါ့ကွယ် ၊ တောရွာ တစ်ရွာ မှာ အလွန် ကြွယ်ဝပြီး အလွန် လောဘကြီး တဲ့ မြေပိုင်ရှင်ကြီး တစ်ယောက် ရှိ သတဲ့ ။ မြေပိုင်ရှင်ကြီး ဟာ ဥစ္စာပစ္စည်း ပေါသလောက် သနားကြင်နာတတ်တဲ့ စိတ် မရှိတဲ့ အပြင် လယ်သမားများ အပေါ် မှာ ကြမ်းကြုတ်ရက်စက်တဲ့ စိတ် ရှိလို့ လယ်သမားတွေ ဟာ သူ့ ကို အလွန်ပဲ မုန်းတီးကြ သတဲ့ ။ နောက်ပြီး သူ ပိုင်တဲ့ လယ် တွေ ကို ဈေးကြီးကြီး နဲ့ ငှားတဲ့ အပြင် လယ်ခွန် ကို တစ်နှစ် အတွင်း ပြန် မဆပ်နိုင်ရင် ကျွဲ ၊ နွား ၊ ဆိတ် အစရှိတာတွေ ကို သိမ်းယူ သတဲ့ ။ တချို့ လယ်သမားတွေ ကျတော့ သူ့ ရဲ့ အိမ် မှာ အစေခံ အဖြစ် လုပ်ကိုင် နေရရှာတာပေါ့ကွယ် ။

အဲဒီ လူစုတွေ ထဲ မှာ မဂွမ်းဖြူ ဆိုတဲ့ မိန်းမငယ်ကလေး တစ်ယောက် အပါအဝင်ပေါ့ ။ သူမ ရဲ့ အသက် ဟာ ဆယ့်နှစ်နှစ် အရွယ် လောက် ပဲ ရှိပြီး လူအများ အပေါ်မှာ သနားကြင်နာတတ် တဲ့ စိတ် ရှိ သတဲ့ ။ မဂွမ်းဖြူကလေး ဟာ မိတဆိုးကလေး တစ်ယောက် ပေါ့ကွယ် ။ သူမ ရဲ့ဖခင်ကြီး ဟာ ဆင်းရဲပင်ပန်းကြီးစွာ လယ် လုပ်ကိုင်စားသောက် နေရရှာတယ် ။ သည့်အပြင် သူတို့ ဟာ မြေပိုင်ရှင်ကြီး ရဲ့ ကြွေးတွေ ကို အချိန်တန် သော်လည်း ပြန် မဆပ်နိုင်ရှာဘူးကွယ့် ။ တစ်နေ့မှာ မဂွမ်းဖြူကလေး ရဲ့ ဖခင်ကြီး ဟာ ရုတ်တရက် ကွယ်လွန် သွားရှာတယ် ၊ မဂွမ်းဖြူကလေး ခမျာ အားကိုးရာမဲ့ ဖြစ်နေတုန်း မြေပိုင်ရှင်ကြီး ဟာ သူ့ ရဲ့ ကြွေးတွေ တောင်းဖို့ မဂွမ်းဖြူကလေး ဆီ ကို လာ သတဲ့ ။ မဂွမ်းဖြူကလေး လည်း ယခု မပေးနိုင်သေးကြောင်း ၊ ယခု သူ့ မှာ ဒုက္ခအတိ ရောက် နေကြောင်း နဲ့ နောင်အခါ မြေပိုင်ရှင် ရဲ့ ကြွေးတွေ ကို စုဆောင်းပြီး အမြန်ဆုံး ပြန်ဆပ်မယ်လို့ ပြောပေမယ့် မြေပိုင်ရှင်ကြီး က “ အခု နင် ငါ့ အကြွေးတွေ ကို ပြန် မဆပ်နိုင် ရင် ငါ့ အိမ် မှာ ကျွန် လုပ် ရမယ် ” လို့ ပြောပြီး မဂွမ်းဖြူကလေး ကို အတင်းအဓမ္မ ဖမ်းဆီးကာ သူ့ ရဲ့ အိမ် မှာ ထမင်းချက် အလုပ် ကို အရွယ် နဲ့ မလိုက်အောင် လုပ်ကိုင်စေ သတဲ့ ။ သူမ ရဲ့ အဖြစ်ဆိုးတွေ ကို ရွာသူရွာသား တွေ သိတော့ မြေပိုင်ရှင်ကြီး ကို ဒေါသဖြစ်ပြီး မဂွမ်းဖြူကလေး ကို သနားမိကြတယ် ၊ ဒါပေမယ့် သူတို့ တတွေ ဟာ မြေပိုင်ရှင်ရဲ့ ဩဇာ ကို လွန်ဆန်နိုင်တဲ့ သူတွေ မဟုတ်ပါလားကွယ် ။

အဲ ... ဒါနဲ့ မြေပိုင်ရှင်ကြီး ဟာ မဂွမ်းဖြူကလေး ကို အလုပ်တွေ နင်းကန် ခိုင်းပြီး ထမင်း မှန်မှန် မကျွေးလို့ သူမ ခမျာ ဒုက္ခ တစ်မျိုး ထပ် တွေ့ နေရှာတယ် ၊ ဒါပေမယ့် မဂွမ်းဖြူလေး ဟာ သူမ ထမင်း ချက်တဲ့ အခါ မီးမွှေးဖို့ ထားတဲ့ ကောက်ရိုးတွေ ကို တွေ့ တော့ ဒီ ကောက်ရိုးတွေ မှာ ရှိတဲ့ စပါးကလေး တချို့ ကို ရသမျှ စု ထားရင် ငါ့ ရဲ့ ဝမ်းစာ ကို တော့ ဖြည့်ရှာမှာပဲ လို့ တွေးမိပြီး စပါး ကလေးတွေ ကို စုစု ထား သတဲ့ ။ ဘယ်လောက် လိမ်မာပါးနပ်သလဲကွယ် ။

အဲဒါနဲ့ မဂွမ်းဖြူကလေး ဟာ စပါးတွေ ကို စုစု လာ လိုက်တာ တော်တော်ပဲ များလာ သတဲ့ ။ တစ်နေ့သော နေ့ တစ်နေ့ မှာ မြေပိုင်ရှင်ကြီး ရဲ့ အိမ်ရှေ့ မှာ အလွန် နွမ်းပါးဆင်းရဲ တဲ့ အမေအို တစ်ယောက် ဟာ ရောက် လာပြီး မြေပိုင်ရှင် လင်မယား ထံ မှာ ထမင်းကျန် ဟင်းကျန် ရှိရင်ပေး ပါရန် အသနားခံ တောင်းရှာတယ် ၊ ဒါပေမယ့် မြေပိုင်ရှင် လင်မယား ဟာ မပေးတဲ့ပြင် အမေအို ကို ရိုက်နှက် နှင်ထုတ်လိုက် သတဲ့ ။ အမေအို ခမျာ မှာ လည်း ဝမ်းနည်းစွာ ဆက်လက်လျှောက် လာတုန်း အိမ် နောက်ဖေး ဘက် မှ အမှိုက်သွန် ဖို့ ထွက်လာတဲ့ မဂွမ်းဖြူကလေး နဲ့ သွား တိုးမိ တယ် ။

အမေအို လည်း မဂွမ်းဖြူကလေး ကို တွေ့ တော့ “ သမီး ရယ် ၊ အမေ့ ကို သနားရင် ဟင်းကျန် ထမင်းကျန်များ ရှိရင် ပေးပါလားကွယ် ၊ အမေ့ မှာ ထမင်း မစားရတာ သုံးရက် ရှိပါပြီ ” လို့ ပြော တော့ မဂွမ်းဖြူလေး ဟာ အမေအို ကို အလွန်ပဲ သနား သွားမိတယ် ။

“ အမေရယ် ၊ ကျွန်မ က ဒီ အိမ် က အစေခံ တစ်ယောက် ပါ ၊ မြေပိုင်ရှင် လင်မယား ဟာ အလွန် ကပ်စေးနဲ ပြီး လောဘ လည်း အလွန် ကြီးပါတယ် ၊ သူတို့ ခွင့် မပေးဘဲ ထမင်းဟင်းတွေ ကို ယူ ပေးရင် ကျွန်မ အရိုက် ခံရပါလိမ့်မယ် ၊ ဒါပေမယ့် ကျွန်မ စုထားတဲ့ ဆန်တွေ ရှိပါတယ် ” လို့ ဆိုပြီး နို့ဆီ တစ်လုံး စာ အမေအို ကို ယူပေး လိုက် သတဲ့ ။ အမေအို လည်း ဝမ်းသာစွာ နဲ့ သာဓု ခေါ်ရှာ တယ် ၊ နောက်ပြီး မဂွမ်းဖြူကလေး ကို “ မင်း ဟာ သူတပါး အပေါ် မှာ ကြင်နာတတ်တဲ့ စိတ် ရှိလို့ မင်း ကို ဟောဒီ လိုတရ လက်ကိုင်ပဝါ ပေးခဲ့မယ် ၊ ကြည့် သုံးပေတော့ ” လို့ ပြောပြီး ပျောက်ကွယ် သွား သတဲ့ ။

မဂွမ်းဖြူကလေး လည်း ပထမ တော့ အံ့ဩ သွားမိတယ် ။နောင်မှ သတိ ပြန်ရပြီး အမေအို ဟာ ရိုးရိုး လူတော့ မဟုတ်တန်ရာဘူး ။ အမေအိုယောင် ဖန်ဆင်းပြီး လူ့ပြည် ဆင်း လာတဲ့ သိကြားမင်း နဲ့ တူတယ်လို့ တွေးမိတယ် ။ နောက်ပြီး ငါ့ ရဲ့ အဖြစ် ကို မကြည့်ရက် နိုင် လို့ သိကြား မ လာတာပဲ ဆိုပြီး ဝမ်းသာစွာ နဲ့ သူ့ အခန်းတွင်း ကို ဝင်ကာ ကျန်ရှိ နေသေးတဲ့ ဆန် အချို့ ပေါ် မှာ လိုတရ လက်ကိုင်ပဝါ ကို တင်ပြီး .. ဆန်တွေ များလာပါစေ လို့ ဆိုလိုက်တဲ့ အခါမှာ ဆန်တွေ တဖြည်းဖြည်း များ လာတာပေါ့ကွယ် ။ မဂွမ်းဖြူလေး လည်း ဆက်ပြီး လိုတရ လက်ကိုင်ပဝါ နဲ့ မျက်နှာကလေး ကို ဖြည်းညင်းစွာ သုတ်ပြီး နုပျိုလှပတဲ့ မိန်းမပျိုလေး တစ်ယောက် ဖြစ်ပါစေ လို့ ပြောနေတုန်း မြေပိုင်ရှင် လင်မယား ရောက် လာပြီး မဂွမ်းဖြူ လက်ထဲ က လိုတရ လက်ကိုင်ပဝါ ကို လုယူ လိုက်စဉ် မှာ မဂွမ်းဖြူလေးဟာ သူတို့ ရှေ့ မှာပဲ အလွန် လှပ ချစ်စရာ ကောင်းတဲ့ မိန်းမပျိုလေး တစ်ယောက် အသွင် ပြောင်းပြီး နောက်ဖေးပေါက် မှ ထွက်ပြေး သွား သတဲ့ ။

မြေပိုင်ရှင်လင်မယား လည်း မဂွမ်းဖြူကလေး ကို ဂရုမစိုက်နိုင်အားဘဲ သူတို့ မတရား သိမ်းယူထားတဲ့ စပါးပုံ ရှိရာ သွားပြီး စပါးပုံတွေ ပေါ်  လိုတရ လက်ကိုင်ပဝါ ကို တင် လိုက်ပြီး လောဘကြီးစွာ နဲ့ “ ငါ့ ရဲ့ ဆန်စပါးတွေ အများကြီး ဖြစ်လာပါစေ ” လို့ ပြော အပြီး မှာ ဆန်စပါးတွေ ဟာ အိမ် ပြည့်မတတ် များ လာတာပေါ့ ၊ ဒါပေမယ့် မြေပိုင်ရှင်ကြီး ဟာ လောဘ မသေသေးဘဲ သူ့ ရဲ့ မိန်းမ ကို “ ရှင်မ ရေ ၊ တို့ လည်း မဂွမ်းဖြူ လို ငယ်ရွယ် နုပျိုအောင် လုပ်ရင် ရမှာပဲ ” လို့ ပြော တော့ ၊ မြေပိုင်ရှင်ကတော် က “ အို ... ရမှာပေါ့ ” လို့ ပြော အပြီး လိုတရ လက်ကိုင်ပဝါကလေး နဲ့ သူတို့ ရဲ့ ယုတ်ကြမ်းတဲ့ မျက်နှာ ကို သုတ် လိုက်တဲ့ အခါမှာ လိုတရ လက်ကိုင်ပဝါကလေး ဟာ စုတ်ပြဲ သွားတာပေါ့ကွယ် ။

အဲဒီ အချိန်မှာ မြေပိုင်ရှင်ကြီး ဟာ သူ့ မိန်းမ ကို လှမ်း ကြည့်လိုက်တဲ့ အခါမှာ  တော်တော် တုန်လှုပ် သွား သတဲ့ ။ ဘာကြောင့်လဲ ဆိုတော့ သူ့ မိန်းမ မျက်နှာ ပေါ်မှာ အမွေးတွေ ပေါက်နေပြီး မြေခွေးရုပ် ပေါက် နေတာ မြင်ရလို့ပဲ ၊ မြေပိုင်ရှင်ကတော် လည်း ထိုနည်းတူစွာ သူ့ ယောက်ျား ရဲ့ မျက်နှာ ကို မြင်ရတော့ သူ့ လို ပဲ ဖြစ်နေတာ တွေ့ရတော့ “ အဲဒါ ရှင် လောဘကြီး လို့ ဖြစ်ရတာပဲ ” လို့ ရန်တွေ့တာပေါ့ကွယ် ။

ဒါနဲ့ ဆက် ပြောရဦးမယ် ၊ မဂွမ်းဖြူလေး ဟာ ရွာသူရွာသားတွေ နဲ့ မြေပိုင်ရှင်ကြီး ဆီ လာတော့ မြေပိုင်ရှင် လင်မယား ကို မတွေ့ရဘဲ မြေခွေးကြီး နှစ်ကောင် ကို မြင်ရတော့ ဓား ၊ တုတ် ၊ ခဲ စသည် တို့နှင့် ပ,စ်ပေါက်ကြတာပေါ့ကွယ် ။ မြေခွေး နှစ်ကောင် လည်း ကြောက်ရွံ့စွာ တော တွင်း သို့ ဝင်ပြေးသွားရတာပေါ့ ။

မြေပိုင်ရှင်လင်မယား မရှိတော့ သဖြင့် ရွာသူရွာသားတွေ ဟာ တော်တော် ဝမ်းသာနေ ရှာတယ် ။ မဂွမ်းဖြူကလေး လည်း မြေပိုင်ရှင်ကြီး မတရား သိမ်းယူထားတဲ့ စပါး ၊ လယ်မြေ အများ အပြား ရှိသည် တို့ကို ရွာသူရွာသားများ ကို ညီတူညီမျှ ပြန် ဝေ ပေးလိုက်သတဲ့ ။ ရွာသူရွာသားတွေ ဟာ လည်း မဂွမ်းဖြူကလေး ကို အလွန်ပဲ ကျေးဇူး တင်ကြရှာတာပေါ့ ။ နောင်များ မကြာမီ မှာဘဲ မဂွမ်းဖြူ ကလေး ဟာ ထို ရွာတွင်း မှ သက်တူရွယ်တူ လူရွယ် တစ်ယောက် နဲ့ ထိမ်းမြား လိုက်ပြီး အသက်ထက်ဆုံး ဒီ ရွာ မှာ ပဲ ပျော်ရွှင်စွာ နေထိုင်ကြသတဲ့ကွယ် ။

☐ ရွှေသိမ် - မာမာဝင်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၂ ၊ စက်တင်ဘာ

.

No comments:

Post a Comment