❝ မပုလဲ နှင့် ဦးထုပ်နီကလေး ❞
( ပုံပြင် )
ရှေးသရောအခါ သက်ရွယ် နုနယ်၍ အဆင်း လှသော သူငယ်မ တစ်ယောက် ရှိ၏ ။ အမည် မှာ မပုလဲ ဖြစ်၏ ။ သူမ ငယ်ရွယ်စဉ် က ပင် အမိ သေဆုံး သဖြင့် မိထွေး နှင့် နေထိုင်ရ၏ ။ များမကြာမီပင် အဖ လည်း သေဆုံး ပြန်လေသည် ။
မိထွေး သည် မပုလဲ အား အလွန် နှိပ်စက်၏ ။ မပုလဲ သည် သူမ အား မည်မျှ ခဲယဉ်း ပင်ပန်းသော အလုပ်တစ်ခုခု ကို စေခိုင်းသော်လည်း မမောနိုင် မပန်းနိုင်ဘဲ တတ်အားသမျှ လုပ် ရှာသည် ။ သို့သော်လည်း ဆိုးယုတ်လှသော မိထွေး က မပုလဲ အပေါ် တွင် အသနားကင်းစွာ ရက်စက် နိုင်သမျှ ရက်စက်သည် ။ ထိုထက် ခက်ခဲသော အလုပ် ကို ပေးခိုင်းပြန် သဖြင့် မပုလဲ ခမျာမှာ အလွန် ပင်ပန်းကြီးစွာ နှင့် စိတ်ဆင်းရဲခြင်း ဖြစ်ရသည် ။
တစ်နေ့သ၌ မိထွေး သည် မပုလဲ အား တောင်းများ နှင့် ထည့်ထားသည့် ငှက်မွေး အချိန် တစ်ဆယ့်နှစ်ပိဿာ ပေး၍ ...
“ သင် ယနေ့ တစ်နေ့လုံး ပျင်းရိ မနေရအောင် ယခု ငါပေးသည့် ငှက်မွေးများ ကို အကောင်းအဆိုး ရွေး၍ တောင်း ထဲ သို့ တဖန် ပြန် ထည့်ပေးရမည် ၊ ညနေဘက် ကျ မှ သင် မပြီးပါ လျှင် ငါ့ ဒေါသ ကို သင် မြင်ရပေလိမ့်မည် ” ဟု ပြောသွားလေ၏ ။
မပုလဲ သည် ထို အလုပ် ကို ကြိုးစားပန်းစား နှင့် လုပ်သည် ။ ငှက်မွေးများ လေတွင် လွင့် သွားသည် ကို လိုက်၍ ကောက် နေရသဖြင့် အလွန် ပင် မောပန်း နေရ၏ ။ ပါး ပေါ် မှ မျက်ရည်များ
စီးကျလျက် နှင့် သည် အလုပ် ကို လုပ်၍ တစ်နေ့ အတွင်း ပြီးနိုင်မည် မဟုတ်ပါဘူး ဟု ဝမ်းနည်းစွာ ငိုကြွေးလေ၏ ။
“ ဤကမ္ဘာပေါ် ၌ ကျွန်မ ကို သနားသဖြင့် ကူညီ ပေးနိုင်မည့် လူ တစ်ယောက် မျှ မရှိ သလော ” ဟု ငိုမြည်တမ်း ၍ ပြောဆိုလေ၏ ။
“ မိန်းကလေး ၊ သင့် ကို ကူညီရန် ငါ ရှိပါသေးသည် ” ဟု ပြောသံ ကြား၍ မော့ ကြည့် လိုက်ရာ သူမ ၏ အနီး ၌ ရပ်နေသော အရပ်သုံးပေ မျှသာ ရှိသည့် ဦးထုပ်နီကလေး ဆောင်း ထား သော လူပုကလေး တစ်ယောက် ကို တွေ့ရလေ၏ ။ မပုလဲ ၏ လက် ကို ကြင်နာစွာ ဆုပ်ကိုင် ၍ “ မိန်းကလေး ” သင့် ဒုက္ခအလုံးစုံ ကို ငါ ကူညီပါမည် ၊ သင် သည် သင့် အိပ်ရာ၌ အေးချမ်းစွာ သွား၍ အိပ်နေလော့ ၊ ဘာမျှ မစိုးရိမ်ပါနှင့် ” ဟု ပြောလေသည် ။
မပုလဲ သည် မိမိ အိပ်ရာပေါ် ၌ လဲလျောင်း၍ မကြာမီ အိပ်ပျော်လေ၏ ။ ဦးထုပ်နီ ကလေး သည် သူ ၏ လက်တွင်း မှ တောင်ဝှေး ဖြင့် ငှက်မွေးတောင်များ ကို လိုက်လံ တို့လိုက်၏ ။ မပုလဲ အိပ်ရာ မှ နိုးလာသည့်အခါ ဝါဂွမ်း ကဲ့သို့ ဖြူဆွတ်သော ငှက်မွေး တို့သည် အကောင်းနှင့် အညံ့ ခွဲခြားလျက် တောင်များ အတွင်း၌ အသီးသီး ထည့်ပြီးသား ဖြစ်နေသည် ကို တွေ့ရလေ၏ ။
ဦးထုပ်နီကလေး သည် အခန်း ကို သပ်ရပ်စွာ တံမြက်စည်း လှဲပြီးနောက် အပြင် သို့ ထွက်သွားလေ၏ ။ မကြာမီပင် မိထွေး သည် အခန်းတွင်း သို့ ဝင်လာရာ အလုပ် ပြီးနေသည် ကို တွေ့ရသဖြင့် စကားပင် မပြောနိုင်လောက်အောင် အံ့ဩသွားလေ၏ ။
နောက် တစ်နေ့ နံနက် ၌ မိထွေး သည် မပုလဲ ကို ခေါ်၍ ဥယျာဉ် ထဲ သို့ ဆင်း သွားလေ၏ ။ ဇွန်း တစ်ခု ကို မပုလဲ အား ပေးပြီးနောက် “ သင် သည် သည် ဥယျာဉ် ထဲ ရှိ ရေကန်ကြီး ထဲ မှ ရေတို့ ကို ဤ ဇွန်း ဖြင့် ခပ်၍ ပစ်လော့ ၊ ညနေ မှ မပြီး လျှင် သင် ငါ့ အကြောင်း ကို သိရလိမ့်မည် ” ဟု ပြော ပြီး ထွက်သွားလေ၏ ။
မပုလဲ သည် ဇွန်း ကို သေချာစွာ ကိုင်ပြီး ကြည့်ရာ အပေါက် ရှိသည် ကို မြင်ရသဖြင့် “ ဘယ်လို နည်း နှင့် မျှ ဤ ရေ တို့ ကို ဇွန်း အပေါက် ဖြင့် ခပ်ပစ်၍ ကုန်နိုင်မည် မဟုတ် ” ဟု ပြောဆို မြည်တမ်း၍ ဝမ်းနည်းစွာ ငိုကြွေးလေ၏ ။ သို့သော်လည်း အချိန် ကုန်မည် ကို စိုး သဖြင့် မျက်ရည်တွေ တတွေတွေ စီးကျလျက် နှင့် ပင် ရေများ ကို ပက်ထုတ် နေလေသည် ။
ဦးထုပ်နီကလေး သည် မပုလဲ ထံ သို့ အမြန် ပြေးလာပြီး ပခုံး ကို ကြင်နာစွာ ပုတ်လျက် အားပေးစကား ပြောကြားလေ၏ ။ “ မိန်းကလေး ၊ သင့် စိတ် ကို အေးချမ်းစွာထား၍ ချုံပုတ် တွင်း မှာ သွား အိပ် နေပါလော့ ၊ သင့် အလုပ် ကို ငါ လုပ်၍ ပေးပါမည် ” ဟု ဆိုလေသည် ။
မပုလဲ က ချုံပုတ် တစ်ခု အတွင်း ၌ သွားရောက် အိပ်နေ၍ ဦးထုပ်နီကလေး တစ်ယောက် တည်း ရှိသော အခါ သူ ၏ တောင်ဝှေး ဖြင့် ကန် အတွင်း မှ ရေ ကို ထိ လိုက်လေ၏ ။ ရေ တို့ သည် အခိုးငွေ့ ကဲ့သို့ လေထဲ သို့ တက်ပြီးလျှင် တိမ်များ အဖြစ်သို့ ပြောင်းလဲ သွားလေ၏ ။
ညနေဘက် သို့ ရောက်၍ မပုလဲ အိပ်ရာ မှ နိုးလေသောအခါ ဦးထုပ်နီကလေး ကို လည်းကောင်း ၊ ရေကန်တွင်း မှ ရေများ ကိုလည်းကောင်း ၊ မတွေ့မြင်ရချေ ။ ရွှံ့ထဲ ၌ ငါးများ တိုး ခတ်လျက် နေကြသည် ကိုမြင်ရလေ၏ ။ မိထွေး သည်အလုပ် ပြီးကြောင်း သိရသောအခါ အလုပ် ပြီးသင့်သည် မှာ ကြာလှပြီဆို၍ အမျက်ဒေါသ ထွက်လျက် ဆူပူ လေသည် ။
တတိယနေ့ နံနက် ၌ မိထွေး က မပုလဲ အား “ သင် သည် ငါတို့ အိမ်ရှေ့ မြေညီကွက်လပ် ၌ ငါ့ အဖို့ လှပသော ရဲတိုက်ကြီး တစ်ဆောင် ဆောက် ပေးရမည် ” ဟု ပြော လေသည် ။
အလွန် ထိတ်လန့်ခြင်း ဖြစ်လျက် “ ကြီးမားသော ရေ ကို အကုန် ခပ်၍ ပစ်နိုင်ခဲ့လျှင် ရဲတိုက်ကြီး ကို လည်း ဆောက်လုပ် နိုင်လိမ့်မည် ၊ ထို ရဲတိုက်ကြီး ကို မီးဖိုခန်း ၌ ဖြစ်စေ ၊ အိမ် အောက် မြေတိုက် ၌ ဖြစ်စေ ၊ ဘယ်အရာ မဆို သေသပ်နေရမည် ၊ မည်မျှပင် သေးဖွဲ သော်လည်း မပျောက်ရှစေရ ” ဟု ဟစ်အော် ၍ မပုလဲ အား မောင်းနှင် ၍ လွှတ်လိုက်၏ ။
တောင်ကြား သို့ ရောက်သောအခါ သူမ သည် ကျောက်တုံးများ ကို မ ၍ ကြည့်သည် ။ သို့သော်လည်း အသေးငယ်ဆုံး ကျောက်တုံး ကို ပင် မ နိုင်စွမ်း မရှိသည် ကို တွေ့ရသဖြင့် မပုလဲ သည် ဦးထုပ်နီကလေး အလာ ကို စောင့်ဆိုင်းလျက်ရှိလေ၏ ။
ဦးထုပ်နီကလေး မှာ မကြာမီ ရောက်ရှိလာပြီး မပုလဲ ကို အရိပ် တစ်ခု ၌ လဲလျောင်း အိပ်စက် စေပြီး ရှေးဦး ပထမ ကူညီခဲ့သည့် အတိုင်း ကူညီလေ၏ ။ မြေကြီး နှင့် ကျောက်တုံး တို့ ကို သူ ၏ တောင်ဝှေး ဖြင့် တို့ လိုက်ရာ မြေကြီး သည် ညည်းညူ ၍ တိုင်ကြီး ပေါ်ထွက်လာသည် ။ ကျောက်တုံး တို့သည် တစ်ခု နား သို့ တစ်ခု ရွေ့လျား လာပြီး လျှင် ယှဉ်ကပ် နေကြသည် ။ အုတ်ကြွပ်တို့သည် အမိုး ၌ သေသပ်စွာတည် နေကြသည် ။ ထို့နောက် ရဲတိုက်အဆောက်အဦးကြီး သည်အလိုအလျောက် ဖြစ်တည်လာသည် ။
မပုလဲ နိုးလာသော အခါ နေဝင်စ နေရောင် က ရဲတိုက်နံရံ ကို ထိသဖြင့် ထွက်လာ သော ပြိုးပြိုးပြက်ပြက်အရောင် တို့ကြောင့် မျက်စိမှာ လွန်စွာ ကျိန်းလေ၏ ။ အံ့အားသင့် ၍ ငြိမ်သက်စွာ မတ်တတ် အကြာကြီး ရပ်နေမိ၏ ။ မိထွေး ကို သတိ မရခဲ့လျှင် ဤကဲ့သို့ မတ်တတ် မည်မျှ ကြာကြာ ရပ်နေမိမည် ကို မခန့်မှန်း တတ်ချေ ။
သူမ သည် မိထွေး ထံ သွား၍ ရဲတိုက် ပြီးစီးကြောင်း ပြောလေ၏ ။ ပြိုးပြိုးပြက်ပြက် အရောင်တို့ သည် သူ့ မျက်စိ ကို ကျိန်းစေသဖြင့် သူမ က မပုလဲ အား ဤသို့ မဖြစ်အောင် ဘာ ကြောင့် မပြုလုပ်ထားသလဲ ဟု ဆူပူကျိန်းမောင်းပြန် သေးသည် ။ ဘယ်ပစ္စည်း သည် နေရာ မကျ ဖြစ်သည် ၊ ပျောက်ရှသည် စသည် တို့ ကို တွေ့ရှိအောင် လိုက်လံ စစ်ဆေးကြည့်ရှုပါသော်လည်း အပြစ် တစ်စုံတစ်ရာ ကို မျှ မတွေ့ရချေ ။
မီးဖိုခန်း ၌ ဘယ်လို အပြစ်များ ရှိမည်လဲ ဟု ဆင်း၍ ကြည့်သည် ။ မီးဖို မီးများတောက်လျက် ညစာဟင်းအိုးများ တည်လျက်ရှိ၏ ။ တူရွင်းပြား နှင့် မီးညှပ်တို့ သည် လည်း နေရာတကျ ရှိကြ၏ ။ ပြောင်လက်သော ဟင်းအိုးများသည် နံရံ ၌ စီလျက် မီးသွေးသေတ္တာ ၊ ရေပုံး တို့ မှ စ၍ တစ်စုံတစ်ရာ မျှ မေ့လျော့ခြင်း ၊ ပျောက်နေခြင်း စသည့် အပြစ်များ ကိုပင် မတွေ့ရှိရချေ ။
“ အိမ်အောက် မြေတိုက် ကို ငါ ဆင်း ၍ စစ်ဆေး ကြည့်ရှုဦးမည် ၊ ၎င်း တိုက် ထဲ ၌ အရက် အပြည့်အစုံ မရှိလျှင် သင် ဒုက္ခ ရောက်ပြီသာ မှတ်တော့ ” ဟု ပြောဆို၍ လှေခါးထစ် တို့မှ ဆင်း သွား၏ ။ လှေခါး နှစ်ထစ် မျှ သာ ဆင်းမိ လျှင် လှန် ၍ ထားသော တံခါးဖုံး သည် သူမအပေါ် ကျလေ ၏ ။ မပုလဲ က အော်သံ ကြား၍ ကူညီရန် တံခါးဖုံး ကို လျင်မြန်စွာ မ လေ၏ ။ တံခါးဖုံး သည် မိထွေး ကို ထိရိုက် သဖြင့် အောက်၌ အသက် မရှိဘဲ လဲ၍ နေသည် ကို တွေ့ မြင်ရလေ၏ ။
ထိုအခါ လှပ ဆန်းကြယ်သော ရဲတိုက်ကြီး ကို မပုလဲ တစ်ဦးတည်း ပိုင်ဆိုင် လေ၏ ။ မပုလဲ သည် ကျယ်ပြန့်သော ဧည့်ခန်း ဘက် သို့ ထွက်လာရာ အခန်း အလယ် ၌ ဦးထုပ်နီဆောင်း ထားသော လူပုကလေး ကို တွေ့ရလေသည် ။
“ သင့် ကို ကူညီတဲ့ အတွက် ငါ့ ကို လက်ထပ်ပါ ”
မပုလဲ က လူပုကလေး ၏ ပြောစကား ကို မည်ကဲ့သို့ မှ ပြန်လည် မပြောရသေးချိန် မှာ ပင် အံ့ဩစွာသော အဖြစ်အပျက် ကို တွေ့ရလေသည် ။ ဦးထုပ်နီကလေး သည် ရုတ်တရက် လှပသော လုလင်ပျို တစ်ယောက် အဖြစ် သို့ ပြောင်းလဲ လာလေ၏ ။
ထို လုလင်ပျို က သူ ၏ အကြောင်း ကို မပုလဲ အား ပြောပြသည် ။ ကြာသပတေးဂြိုဟ် နတ်မင်း က သူ့ အား စိတ်ထား ကောင်းမွန်သော လူများ ကို ကူညီရန် အတွက် လူပုကလေး သဏ္ဌာန် ဖန်ဆင်း၍ လွှတ် လိုက်ကြောင်း ၊ အမှန်မှာ က လူသား စစ်စစ် တစ်ယောက် ဖြစ်ကြောင်း ပြောပြလေ၏ ။
သူ ၏ အစွမ်းထက်သော ဆေးတောင်ဝှေး ကို လည်း သိမ်းဆည်း ထား၏ ။
မကြာမီပင် ထို လုလင်ပျို နှင့် မပုလဲ တို့ သည် ကြီးကျယ် ခမ်းနားသော လက်ထပ်ပွဲကြီး ကျင်းပ၍ ထို ရဲတိုက်ကြီး ၌ ပျော်ရွှင်စွာ နေထိုင် သွားကြလေသတည်း ။
⎕ ကိုကိုကျော် ( ဒေးဒရဲ )
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၂ ၊ ဩဂုတ်
.
No comments:
Post a Comment