❝ ညိုပြာညက်ကလေး ❞
ဟုတ်တယ် ၊ ကျွန်တော့် ရင် ထဲ မှာ ညိုပြာညက်ကလေး ရှိနေခဲ့တာ ကြာပြီ ။ သူ ရှိနေလို့ လည်း ကျွန်တော် အခုလို ရှင်သန်လန်းဆန်း နေတာပါ ။ ရှင်သန်လန်းဆန်း နေ လို့လည်း ဒီနေ့ အထိ မသေဘဲ နေ့စဉ် မှတ်တမ်းရေး နေနိုင်တာပေါ့ နော် ။ ဒါကတော့ ကိုယ့် ဟာ ကိုယ် ယုံကြည်နေတာပါ ။ ကြည့်လေ .... ကမ္ဘာ ပေါ် မှာ ဒီနေ့ လူ့ဘဝ ထဲ ရောက်လာ ။ မနက်ဖြန်ခါ ကျတော့ သေသွား ။ ပြီးတော့ ခုမွေး ၊ ခုသေ တွေ ၊ ဘယ် နည်းလို့လဲ ၊ စက္ကန့် တစ်ခုန် လောက် ရှင်သန်ခွင့် ရပြီး ချက်ချင်း ပြန်ထွက် သွားကြရသူတွေ ဘယ် နည်း မှာလဲ ။
ကြည့်စမ်း ... တချို့ လူ့လောက သဘာ ဝကို မြည်းစမ်း ပြီးမှ ဟုတ္တိပတ္တိ မရေမတွက်နိုင်အောင် များ ပြား လှပါတယ် ။ ဒါကြောင့် ကျွန်တော် တောင်တွေး မြောက်တွေး တွေးပြီး “ ဪ .... ငါ တစ်နေ့ သေရဦး မှာပါလား ” ဆိုပြီး ထိတ်လန့် သွားပါတယ် ။ တကယ် တော့ အရမ်း တုန်လှုပ်သွားတာပါ ။ ဟုတ်တယ် ၊ စိတ် က ကြောက်လန့် ပူပန်နေတော့ ခန္ဓာကိုယ် ထဲ မှာ စီးဆင်း နေတဲ့ သွေးများ လေများ တုံ့နှေး သွားလို့လား မသိဘူး ။ လူ က မကြည်မလင် ဖြစ်ပြီး ထုံထိုင်း မှုန်မှိုင်း နေတယ် ။ ချက်ချ င်းစိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ ဖြစ်သွားတယ် ။ ဒါပေမဲ့ မနက် အိပ်ရာ အထ မှာ ခါတိုင်း လို ဝတ္တရား မပျက် နေ့စဉ်မှတ်တမ်း တော့ ရေး ဖြစ်အောင် ရေးပါတယ် ။ ရေး နေရင်း အတွေး ထဲ မှာ သေခြင်းအကြောင်းတရား က ရောက် ရောက် လာတာကြောင့် ခေါင်း က မကြည်တော့ဘဲ ပြောခဲ့ သလို သွေး မမှန်တော့ဘူး ။ ထုံထိုင်း သွားတယ် ။ ဒါကြောင့် စာ ဆက် မရေးချင်တော့ဘူး ဖြစ်သွားတယ် ။ စာ ဆက် မရေးချင်တဲ့ အခါ ကုလားထိုင် နောက်မှီ ပေါ် ခေါင်း တင်ပြီး ရှေ့ ဆက် ရေးဖို့ စဉ်းစား နေလိုက် တယ် ။
အဲဒီမှာ ကု,လားထိုင် နောက် ကို ဘယ်အချိန် က ရောက်မှန်း မသိတဲ့ မိန်းမ ရဲ့ ဗိုက် နဲ့ ကျွန်တော့် ခေါင်း ထိ မိ သွားတယ် ။ ဒီတော့ စာ ရေးတာ ရပ် လက်စ နဲ့ ခဏ ရပ် ထားပြီး အလာပသလ္လာပ တောရမ်းမယ်ဘွဲ့ စကားများ ပြောဖြစ်သွားကြတယ်ပေါ့ နော် ။
အဲဒီမှာ မိန်းမ က စ ပြောပါတယ် ။
“ မနေ့ က လို ပဲပြုတ် နဲ့ အီကြာကွေး စားမှာလား ဟင် ”
ကျွန်တော် က
“ အီကြာကွေး တို့ စမူဆာ တို့ တော်ကြဦးစို့ကွာ ”
လို့ ပြောလိုက်တယ် ။
ဒီတော့ မိန်းမ က
“ ဘာပြုလို့လဲဟင် ” တဲ့ ။
ဒါကြောင့် ကျွန်တော် က လေ ရှည်ပြီး ပြန် ပြောရတယ် ။
“ ဆီ တွေ ဟာ အရင် ဦးနေဝင်း လက်ထက်တုန်း က ထက် ဆိုး နေပြီ ။ အဲဒီတုန်း က ရေနွေး ပွက်ပွက်ဆူ နဲ့ ပြန် ကြိတ် ပြန် ရော တာပဲ ရှိတယ် ။ အခု အဲလို မဟုတ်ဘူး ။ ရော လို့ ရတာ အကုန် ရော ကုန်ကြလို့ ဟိုနေ့ က စမူဆာ စား ပြီး လည်ချောင်းတွေ ယား နေလိုက်တာ ဆားပြုတ်ရည် နဲ့ ပလုပ်ကျင်း ပစ်ရတယ် ။ ဒါ အစိုးရ တာဝန် ပဲ ကွ ။ သူ ပြတ်ပြတ်သားသား အရေး မယူလို့ ဒါမျိုး တွေ ကြုံတွေ့ နေရတာရယ် ။
ဘာပဲဖြစ်ဖြစ် မဟုတ်တရုတ် လုပ်တဲ့ လူ မှန်ရင် အရင်းအမြစ် ရအောင် လိုက်ပြီး ထိထိရောက်ရောက် အရေးယူ ရမှာ ရယ် ။ အခုတော့ မဟုတ်ပေါင် ။ ဦးထောင် ပဲ့နင်း နဲ့ ၊ စားအုန်းဆီ နဲ့ အရောအနှော ဆီ တွေ ကြောင့် လူတွေ ဒုက္ခ ရောက် နေတဲ့ ကြား ထဲ မှာ တရုတ်ပြည် ဘက် က မှောင်ခို ဝင် လာတဲ့ စားကြွင်း စားကျန် စွန့်ပစ်ဆီ တွေ ကို ပြုပြင်ပြီး အနိပ်စား ပုံစံ နဲ့ ဝင် လာ လိုက်သေးတယ် ။ ဂျာနယ်တွေ မှာ ရော တီဗွီ မှာ ပါ ရိုက် ပြထားတာ မြင် လိုက်သားပဲ ။
အဲဒီ မကောင်းတဲ့ စားကြွင်းစားကျန် ဆီ တွေ ကို မြန်မာပြည် ဘက် ပို့ ဖို့ လုပ် နေတဲ့ တရုတ်မကြီး ဆိုရင် ချွေး တစ်လုံးလုံး နဲ့ သူ့ နဖူး က စီးကျ နေတဲ့ ချွေးတွေ တောင် အဲဒီ ဆီတွေ ထဲ ပါ လိမ့်ဦးမယ် ။ အဲဒီ တီဗွီ မှာ ကြည့်လိုက် မြင်လိုက် ရတာနော် ။ အဲဒါ ငါ တို့ အ အကြီး လို နေရင် မင်း စဉ်းစား ကြည့် ၊ ကြာရင် လည်ပင်း နင်း သ,တ် တော့မှာ သေချာတယ် ။ ဟုတ်တယ် ။ ထမင်း စား နေတဲ့ လူ လို့ စဉ်းစား ကြည့်သင့်ကြတယ် ။ နူရာ ဝဲစွဲ လဲရာ သူခိုး ထောင်း ခံနေရတာမျိုး ဘယ် လူ့ဘောင် ဘယ်လူ့ အသိုက်အဝန်း မှာ မှ မရှိသင့် မဖြစ်သင့်ဘူး ။ ဒါကို တာဝန်ရှိသူများ က ရှေ့ က နေ ခါးစည်း ခံပြ နေ ကြ သလို ဆိုတော့ မင်း ပဲ စဉ်းစားကြည့် ”
“ ဟုတ်ပါ့ရှင် ၊ ကျွန်မ တောင် ပြောရင်း ချဉ် လာပြီ ”
“ ချဉ်ရုံတင်ပဲ လား မိန်းမ ”
“ ချဉ်ရုံ တင် ဘယ် ဟုတ်ပါ့လဲ ယောက်ျား ရဲ့ ၊ အဲဒီ အသိ မဲ့ပြီး လူ့လောက နဲ့ မတန်တဲ့ ဟာတွေ ကို အဲဒီ ဆီ တွေ နဲ့ တောင် ကြော်ပစ် လိုက်ချင်သေးတယ် ”
“ ဟုတ်တယ် ၊ ဒါကြောင့် အဲဒီ အညစ်အပတ် အစုတ်အပြတ် တွေရှိ လို့ ဆင်းရဲသား ဖြစ်ရတာ မကောင်းဘူးလို့ မိတ်ဆွေ တစ်ယောက် ရဲ့ မိန်းမ က အိမ်ရှင်မ ပီပီ စိတ်ပျက်ပျက် နဲ့ ပြောတာနေမှာ ”
“ သူဌေး ဖြစ်တော့ ကော ဒါတွေ နဲ့ ကင်းမှာတဲ့ လား ”
“ ဟုတ်ပြီ ။ ဒီတော့ မင်း ကို မေးရဦးမယ် ၊ တကယ် လို့ များ နောက် ဘဝ လူ ပြန်ဖြစ်ရင် မင်း ဘယ်လို လူ ဖြစ်ချင် သလဲ ၊ သူဌေး ဖြစ်ချင်သလား ၊ ဘုရင် ဖြစ်ချင်သလား ၊ အေး ဒါပေမဲ့ ဘုရင် ဖြစ်ချင်ရင်တော့ မအ ရ ဘူး နော် ”
“ ဒီလို ဆိုတော့လည်း ဘာ ပြောရမှန်း တောင် မသိ တော့ဘူး ၊ ဘုရင် ဖြစ်ရင် ကောင်းမလားလို့ ။ အဟစ် ဟစ် ဟစ် ”
သား သမီးတွေ အပြင် မှာ သူတို့ အလုပ် နဲ့ သူတို့ အလုပ် ရှုပ် နေတဲ့ အချိန်မှာ အရည်မရ အဖတ်မရ စကား တွေ ပြော နေကြတာပါ ။ ဒါပေမဲ့ ကျွန်တော် အလိုက် အထိုက် စရိုက်စရော သူ နဲ့ အတူ ပြော နေပါတယ် ။ ဟိုတုန်း က လို ဆိုရင်တော့ တစ်မျိုးပေါ့လေ ။ မကြိုက် ရင် မကြိုက် သလို ပြောမိ မှာ သေချာတယ် ။ အခုတော့ အရွယ် က ပြောခဲ့ သလို ထမ်းပိုးထမ်း မညီတဲ့ နွားများ လို ကျွန်တော် က မိန်းမ ကို အလိုက်အထိုက် ပြော နေရပါ တယ် ။
“ ငါ က မင်း ရဲ့ ဆန္ဒ ကို စမ်း ကြည့်တာပါ ။ မင်း က ဘာဖြစ်ချင်တယ် ၊ ညာဖြစ်ချင်တယ် ပြောလည်း ငါ က ဘာ တတ်နိုင်မှာလဲ ၊ သဘော ပြောတာ နော် ”
“ သဘော ပြောမှန်းသိပါတယ် ။ ကျွန်မ ဖြစ်ချင်တာ တွေ ပြောလည်း ရှင် ဘာမှ မတတ်နိုင်ဘူးဆို တာ တစ်နေ့ က နောက်ကျောတွေ တက်လို့ ဇက်ကြောလေး တစ်ချက် နှစ်ချက် ဆွဲ ပေးစမ်းပါ ဆိုတာတောင် မင်း နှယ့်ကွာ ကွမ်းယာဆိုင်မှာ ဆေးတွေ ပေါလွန်းလို့တဲ့ ”
“ ဟုတ်တယ်လေ ကွာ ။ ဒီ အရွယ်ကြီးတွေ နဲ့ လင် မယား တစ်ပူးပူး တစ်ကပ်ကပ်လုပ် နေလို့ ဘယ် နိပ် ပါ့မလဲ ”
“ လင်မယားပဲ ရှင် ၊ ကြီးသော ငယ်သော နဲ့ မဆိုင်ပါ ဘူး ။ အစ တုန်း ကတော့ လင်မယား ဆိုတာ အသက် ကြီး လေ တစ်ယောက် နဲ့ တစ်ယောက် နီးနီးကပ်ကပ် နေရ လေ ဆို ၊ အခုတော့ ရှ င်က တစ်မျိုး ဖြစ်သွား ပြန်ပြီပေါ့ ၊ ကျွန်မ က ရှင့် ကို အဝှာ ပြုချင်လို့ မဟုတ်ပါဘူး ။ ရှင့် နား များ ကပ်ချင်လွန်း လို့ ”
“ တော်စမ်းကွာ ကလေးကလား စကားတွေ ”
အဲဒီတုန်း က နွား များလို ထမ်းပိုးထမ်း ညီ နေတော့ သူ လည်း ပြောသာ ပြော ရတာ ပျော်မှာပါ ။ အခုတော့ ကျွန်တော် သူ့ ကို အခန်း အပြင်ဘက် ရောက်အောင် ကျွန်တော် ကိုယ်တိုင် ညင်ညင်သာသာ ပခုံး ဖက်ပြီး လိုက်ပို့ပါတယ် ။ ကျော်ဖြတ်ခြင်း တစ်မျိုး ပေါ့ လေ ။
••••• ••••• •••••
ဟုတ်ပါတယ် ။ ဟိုတုန်း က တော့ သူ ရော ကျွန်တော် ပါ ပြောခဲ့ သလို ထမ်းပိုးထမ်း ညီ တာကြောင့် သား သမီး များ ကြား ထဲ က ဟေးလားဝါးလား တပျော်တပါး ကျော်ဖြတ် ခဲ့ကြပါတယ် ။ ကျွန်တော် ဆိုရင် ကိုယ့် မိသားစု အဆင့်အတန်း မနိမ့်ကျအောင် ရှာ လိုက်ရတဲ့ ငွေ ။ အိမ် ကို ကပ်ရတယ် မရှိဘူး ။ တကယ်တော့ ငွေ ရှာရတဲ့ ကိစ္စ ဟာ လောက မှာ တိမ်မယောင် နဲ့ နက် တဲ့ ကိစ္စပါ ။ တိမ်မယောင် နဲ့ နက် တည်းက လွယ်မယောင် နဲ့ ခက်ပြီပေါ့ ။ ခန့်မှန်းလို့ ရပါတယ် ။ ဒါကြောင့် ငွေ ရှာရတာ လည်း မပြောနဲ့ မျက်နှာပြောင် တိုက်ပြီး ပလီပလာ ပြော ရတဲ့ ကိစ္စ တစ်ခု တည်း နဲ့ ထမင်းစား ပျက်ခဲ့တာတွေ ကို စဉ်းစား မိတိုင်း တော်တော် အော်ဂလီ ဆန်မိတယ် ။ ဒါပေမဲ့ ငွေ ဟာ လူ အတွက် ကြားခံ ပစ္စည်း ဖြစ်တာကြောင့် ကျွန်တော် ငွေ မရှာတတ် ဘဲ ငွေ ရှာခဲ့ရပါတယ် ။
လူ ရဲ့ ထုံးတမ်းစဉ်လာ ကို က ပေါင်မုန့် ဖုတ် သူ ဖုတ် ၊ ဖိနပ် ချုပ် သူ ချုပ် ဟုတ်လား ၊ ဒီတော့ ပညာ က လည်း လေးတန်း အောင်လက်မှတ် တောင် မရှိတဲ့ ကောင် ဆိုတော့ ဘယ် ရောက်ရောက် ခြေဦး တည့်ရာ လျှောက် သွား နေသ လို ကြုံရာကျပန်း ၊ တွေ့ရာ အလုပ် ကို အရိုး များသော ချေး ခါးသော ဇီဇာ ကြောင် မနေဘူး ။ မှန်တာ ပြောရရင် အိမ်သာကျင်း တောင် နှစ်ခါ တူးခဲ့ဖူးသေးတယ် ။ ဒါ သားမယား အသက်ရှင် ရပ်တည်နိုင်ရေး မို့ မင်္ဂလာတရား တော် နဲ့ တောင် ညီပါသေးတယ် ။ ဒီတော့ မင်္ဂလာ တစ်ပါး ပါး ပေါ့ နော် ။
အဲဒါ လက်လုပ် လက်စား ဘဝ ။ တစ်နေ့ လုပ် ၊ တစ်နေ့ စား ဘဝ ပြော လည်း ရတာပဲ ။ အလုပ် ဟူ သမျှ ဂုဏ်ရှိစွ ကာလတွေ ပါ ။ ဒီပြင် ငွေ ရှာခဲ့ရတာတွေ က လည်း များမှ များပဲ ။ ဒီပြင် ငွေ ရှာခဲ့ရပုံတွေ က တော့ စုံ တယ် ။ အဲဒါတွေ က တော့ ပြောခဲ့သလို ချွေး နဲ့ သံ နဲ့ ၊ အား နဲ့ အင် နဲ့ လုပ်ရတဲ့ အလုပ်မျိုး တော့ မဟုတ်ဘူး ။
ကိုယ့် မှာ ရှိရှိ ၊ မရှိရှိတိုင်း အပြည့် ပုံစံမျိုး ချိုးပြီး နေရ ထိုင်ရ လုပ်ရတဲ့ ကိစ္စ ရယ် ။ ဒါ ခြေစကြာ ဖြန့်ခဲ့ရတာ တွေပေါ့နော် ။ အဲဒီတုန်း က ရွှေလီ ၊ ဘန်ကောက် ဘယ် ရောက်ရောက် သွား ခဲ့တာပဲ ။ ငွေအရင်းအနှီး နဲ့ ရော ပါးစပ် နဲ့ ရင်းရတာပါ စုံတယ် ။ သူများ မြေပေါ် ခြေချခဲ့ ဖူး တာ ပြောတာ ။ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဒေသ ဆိုတာ တော့ ပြော မနေနဲ့ ၊ ခြေရာချင်း ရော နားရွက် ရာ ပါ တပ် နေပြီ ။ အဲဒီမှာ ကိုယ်တိုင်လှုပ်ရှား ပစ္စည်းများ ကလ ည်း စုံတာပဲ ။ အစိုးရ က ဥပဒေ သတ်မှတ် ထုတ်ပြန်ထားတဲ့ ပစ္စည်းတွေ က လည်း ဘယ်နည်းမှာလဲ ။
ကြည့် ၊ ကျွန်းသစ် ၊ ကျောက်မျက် က အစ သမင် ၊ ဒရယ် ၊ ချေငယ် ၊ စိုင် ၊ ဆတ် ၊ ဖွတ် ၊ ပုတတ် အဆုံး ၊ ဒါတွေ က မှောင်ခို အလုပ် လို့ ပြောခဲ့ကြတဲ့ ဥပဒေ နဲ့ မလွတ်ကင်း တဲ့ အလုပ်တွေ ရယ် ။ ဘာ ကြာသေးလို့တုံး ။ ပြန် စဉ်းစား ကြည့် ။
ဒီမှာ တိရစ္ဆာန် အကောင်ဗလောင် နဲ့ မလွတ်ကင်း တဲ့ အလုပ်တွေရယ် ၊ မြွေတွေ အရောင်းအဝယ် ဖြစ်ကြ တော့ ဈေးကွက် ရှိတဲ့ မြွေများ ကို ရှာဖွေကြ ၊ ရောင်းကြ ၊ ဝယ်ကြတော့ ကျွန်တော် တောင် ကံကောင်း လို့ မြွေကိုက် မခံရတယ် ။ အဲဒီတုန်း က မြွေဈေးကွက် မှာ မြွေပွေး ဈေးကွက် က အစွာဆုံး ရယ် ။ ဒါကြောင့် မြွေ ဖမ်းတဲ့ မိုက်တိ မိုက်ကန်း လုပ်တဲ့ ကောင်တွေ ဆီ အရောက် သွား ပြီး ဈေးကွက် ကို လက်စွမ်း ကုန် နှိုက်ခဲ့တယ် ။ ဒါကြောင့် လည်း မြွေတွေ ကို သေတ္တာ နဲ့ ထား ပြီး မြွေသေတ္တာ ကြား မှာ ညပေါင်းများစွာ အိပ် ခဲ့ရလို့ မြွေ ရဲ့ အနံ့အသက် ကို သတိပြု မိခဲ့တယ် ။
ဟုတ်တယ် ။ မြွေပွေးနံ့ က တစ်မျိုး ရယ် ၊ ဒီပြင် လင်းမြွေတို့ မြွေဟောက် တို့ ထက် အနံ့ ပြင်းတယ် ။ မြွေပွေး ကို တရုတ် ထက် ကိုရီးယား က ပို ကြိုက်တယ် ။ ဒါ့ကြောင့် ဦးနေဝင်း အစိုးရလက်ထက် တုန်း က ညောင်ချုပ်ဆည် လာလုပ်တဲ့ ကိုရီးယားတွေ ဆီ သွား ရောင်းရင် မြွေပွေး မှ သူတို့ က ယူတာ ။ သူတို့ က မြွေပွေး မှ ကြိုက် တာ လည်း မပြောနဲ့ ။ မြွေပွေး က ယောက်ျား အား ကောင်း တယ်တဲ့ လေ ။ ကိုရီးယားအား ဆေး တွေ နဲ့ ရော စဉ်းစား ပေတော့ ။ ဟုတ်တာ မဟုတ်တာတော့ မသိဘူး ။ ကျွန်တော်တို့ မြန်မာ အညာသားများ က တော့ လင်းမြွေသား နဲ့ ငှက်ခါးတောင် ပင်ကျရေ ပုစွန်ဆိတ်ခုန် ကို နတ်စည်းစိမ် ဆက်သက် ပုံ ပေးတောင် မလဲဘူး ပြောကြ တာပဲ ။ ဒါကတော့ ရေးတေးတေး ရှိတယ် ။ ဘာပြုလို့လဲ ဆိုတော့ အဲဒီလို ပြောတဲ့ ဆရာသမား များ နဲ့ အတူ ကျွန်တော် ကိုယ်တိုင် ထန်းတော ထဲ မှာ ထန်းရည် သောက်ခဲ့ဖူး လို့ ပြောတာပါ ။ ဟုတ်တယ် ။ တကယ် နိပ် တာရယ် ။
အဲဒီတုန်း က လင်းမြွေသားကြော်နှပ်ချက် နဲ့ ပုစွန်ဆိတ်ခုန် ပင်ကျရည် သောက်ပြီး မူး ကြတော့ ထန်းရည် မူး လို့ ကျွဲခိုး ပေါ်တာမျိုး ကြုံခဲ့ရသေးတယ် ။ ဒါပေမဲ့ ဒီမှာ ထည့် မပြောတော့ဘူး ။ ဘာပြုလို့လဲ ဆိုတော့ အဲဒီ အခါတုန်း က သူခိုး တွေ ပေါတာကြောင့် ပြော နေရင် ကိုရီးယားမြွေပွေးသား ချက်တာ ပါမှာ မဟုတ်တော့ဘူး ။
ဟုတ်တယ် ။ ကိုရီးယား က မြွေပွေး ကို ခေါင်းဖြတ် ၊ အစိမ်းလိုက် အရေခွံ ခွာပြီး တစ်ခါ တည်း ဟင်းခတ် ပစ္စည်း နဲ့ ရောနှော မွှေနှောက် ချက် တာရယ် ။ ခုန ပြောတဲ့ ကျွန်တော်တို့ မြန်မာအညာသား ထန်းသမား ချက်နည်း က အင်မတန် စားချင့်စဖွယ် ကောင်းတာရယ် ။ လင်းမြွေ တစ်ပိဿာခွဲ ကောင် လောက် ရပြီ ဆိုရင် မြွေ ကို အခွေ လိုက် နှီး နဲ့ ချည်ပြီး ပြုတ် လိုက်တာပဲ ။ ပြုတ် ပြီး မှ အရေခွံ ကို ပထမ ခွာပစ်တယ် ။ ပြီးမှ လည်ပင်း က နေ အသား ချည့် အဖတ်လိုက် ခွာ ချတာရယ် ။ ဒီတော့ ခေါင်း နဲ့ အလယ် ရိုး ချည်း ကျန်တော့တာပေါ့ ။ အဲဒီ ခွာ ချထားတဲ့ အသားများ ကို ချင်း ၊ ကြက်သွန်ဖြူ ဆုပ် နယ်ပြီး ကြော် တော့တာပဲ ။ ပြီးမှ ဆီပြန် နှပ် ချက်ချက်တာရယ် ။ ဟင်း ရဲ့ အနံ့ က တော့ ကြက်သားဟင်း အနံ့ နဲ့ တစ်ထေရာတည်း ပဲ ခွဲ မရဘူး ။ ဒီ ဟင်း ဟာ ထမင်း နဲ့ စားတာ ထက် ယမယာ နဲ့ က ပိုပြီး လိုက်ဖက်တယ် ။ အထူးသဖြင့် ထန်းရည် အရက် နဲ့ ပေါ့ နော် ။ စပါယ်ရှယ် အလိုက်ဖက်ဆုံး ကတော့ ပင်ကျရေ ငှက်ခါးတောင် ထန်းရည်ခါး နဲ့ အလိုက်ဖက် ဆုံး ပါပဲပေါ့ ။ ဒီတော့ ဒါထား ။
အဲဒီ ခေတ် ၊ အဲဒီ အခါတုန်း က ကြုံတွေ့ ခဲ့ရတာတွေ ပဲ ။ အဲဒီ အခါ ကာလတွေ တုန်းက မိန်းမကြီး နဲ့ က လည်း ထမ်းပိုးထမ်း ညီတဲ့ ကာလ ဆိုတော့ သိတဲ့ အတိုင်းပဲ လေ ။ အခုတော့ သူ က ယောဂီရောင် ထဘီ နဲ့ ။ တရုတ် ပိတ်အဖြူအင်္ကျီ လက်ရှည် နဲ့ ယောဂီ တဘက် ပခုံးသိုင်း နဲ့ ။ ပယင်းပုတီးလေး လက် မှာ ရစ်ပတ် စွပ်ထားလို့ ။ မှင်မောင်း အပြည့် နဲ့ ဆိုတော့ ကျွန်တော် တောင် တော်တော် ဆင်ဆင်ခြင်ခြင် နဲ့ မျက်နှာပိုး သ,တ် နေရပါတယ် ။
ဒါပေမဲ့ ပေါ့နော် ။ သူ ပြောချင်ရင် တော့ စကား က ဟိုတုန်း က ထက် နှစ်ဆ ပို ပြောလာတာကြောင့် ကျွန်တော် စိတ် ပျက် နေမိတယ် ။ ဒါကြောင့် ကျွန်တော့် မိတ်ဆွေ ဗေဒင်ဆရာ က ကျွန်တော့် ကို မေတ္တာ နဲ့ ဟောစာတမ်း တစ်စောင် ရေး ပေး ထားတာကို စကား အကြော ထဲ ဝင်လာလို့ ထည့် ပြောလိုက်ပါဦးမယ် ။
ဟုတ်တယ် ။ အဲဒီ ဟောစာတမ်း ထဲ မှာ ကျွန်တော့် အတွက် ဇာတာ ပါ ဖွဲ့ပေးထားပါသေးတယ် ။ တကယ် တော့ အဲဒီ မိတ်ဆွေ ဟာ ရန်ကုန် က မန္တလေး ကို မိသားစု လိုက် ရွှေ့ပြောင်း လာတဲ့ ကျောက်သမား ( မန္တလေး အခေါ် ) မိတ်ဆွေ ပါ ။ လူ က ဥပဓိရုပ် နဲ့ လိုက်ဖက် တဲ့ ဆက်ဆံရေး ကောင်းသူပါ ။ သူ့ ရဲ့ ဆက်ဆံရေး က နှစ်လို ဖွယ် ကောင်းတဲ့ ယဉ်ကျေးမှု အပြည့် ရှိတဲ့ အပြင် ကျွန်တော် လေးစား တဲ့ ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း နဲ့ က လည်း ချွတ်စွပ် တူ နေတာကြောင့် ပိုပြီး ခင်မင်ရင်းနှီး သွား ကြပါတယ် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် က တော့ သူ ဟော ထားတဲ့ ဟောစာတမ်း ထဲ က အတိုင်း တသွေ မတိမ်း ပုံမှန် နေထိုင်ပါတယ် ။ တကယ်တော့ ကျွန်တော် ဟာ စာဖတ်သမား သက်သက် မို့ စာဖတ် များပါတယ် ။ ဒါကြောင့် စဉ်းစားတွေးခေါ် မြော်မြင်မှု များပါတယ် ။ ဒီတော့ ဘာမဆို ချင့်ချိန်ပြီး မှ ယုံကြည်လက်ခံတာပါ ။ မိမိ ဘဝ နဲ့ ပတ်သက်ပြီး ဆယ်ခါ ဟော လို့ ရှစ်ခါ ကိုးခါ ကွက်တိ မှန်နေတဲ့ အခါ ဘယ်သူ ဘာပြောပြော ဝေဒ ပညာ အပေါ် တလေးတစား လက်ခံ ယုံကြည်ပါတယ် ။ နတ် တို့ စုန်း တို့ ကို ပေါက်တတ်ကရ အားကိုး ယုံကြည် တာမျိုး မဟုတ်ပါဘူး ။ အခြောက် အမြှောက် ပါရင်လည်း စိတ်ဝင်စား မှာ မဟုတ်ပါဘူး ။ ဒီတော့ကြည့် ။
ကျွန်တော် က မြန်မာ သက္ကရာဇ် ၁၂၉၆ ခု ၊ ကဆုန် လဆန်း ၊ ၉ ရက်ဖွား ခရစ်နှစ် ၁၉၃၄ ခု ၊ ဧပြီလ ၂၁ ရက် စနေနေ့ ညနေ သုံးချက်တီးကျော် ဖွားပေါ့နော် ။ သူ့ ဟောစာတမ်း ထဲက နည်းနည်းပါးပါး ဖော်ပြရ ရင် ဒီမှာ ကြည့် ။
ဇာတာရှင် သည် ၁၉၉၂ ခု ၊ မေလ ၂၅ ရက် တွင် ကောဇာ ကြာသပတေးဂြိုဟ် ရှေ့သို့ပြန် တက်သည် ။ ဇာတာရှင် ၏ ( အတ္တမာကာရ ကြာသပတေးဂြိုဟ် ) ရှေ့ သို့ ပြန်တက်ပြီး ကိုးကန့် သုဘဘာဝရှိ မူလ တနင်္ဂနွေ နှင့် အင်္ဂါပေါ်သို့ ကောဇာ သောကြာ နှင့် ကောဇာ တနင်္ဂနွေ တို့ စီးနင်း ထားသည် ။ ဗုဒ္ဓဟူးဂြိုဟ် သည် ၁၉၉၂ ခု ၊ မေလ ၊ ၆ ရက်တွင် မိဿရာသီ သို့ ပြောင်း ရွှေ့သွားမည် ဖြစ်သောကြောင့် ။ ထို ကာလအတွင်း ဇာတာရှင် ကြုံတွေ့ရမည့် အခက်အခဲ အနှောင့်အယှက် များ လျော့ပါး သက်သာစေပြီး ၁၉၉၂ ခု ၊ မေလ ၊ ၂၀ ရက် ကျော်လွန် ပါ က ဇာတာရှင် လုပ်ဆောင် နေဆဲ လုပ်ငန်း ဆောင်တာများ နှင့် ရည်မှန်းချက်များ အကောင် အထည် ပေါ်လာလိမ့်မည် ။
( ဝေဒ ပညာ ကို ဝါသနာ ပါသူများ လေ့လာမှတ် သားနိုင်အောင် ဖြတ် ပြောမယ် ။ အဲဒီ လ က မိမိ စာမူ ပို့ထား တဲ့ မဂ္ဂဇင်းများ မှာ စာမူ လေးပုဒ် ပါပြီး ဒီပြင် လုပ်ငန်းခွင် အဆင် ပြေတာတွေပါ ကြုံခဲ့ရတယ် ) အချုပ် အားဖြင့် ဆိုရသော် ဇာတာရှင် သည် မူလဇာတာ သဘောတရား အရ ဘဝ တစ်လျှောက်လုံး အခက်အခဲ အနှောင့်အယှက် များကို ကြုံတွေ့ပြီး မှ သာလျှင် ဘဝ ၏ အောင်မြင်တိုးတက်မှု ရရှိမည် ဖြစ်သည် ။ ထို့ကြောင့် အိုဇာတာ ကောင်းမွန်ကြောင်း ဇာတာ ပေါ် ရှိ နက္ခတ်ဂြိုဟ် တည်ရှိသည့် အတိုင်း ဖော်ထုတ် ဟောကြား လမ်းညွှန်လိုက်ပါသည် ဆိုပြီး ၁၉၉၁ ခု ၊ ၁၁ လ ၊ ၁၇ ရက် လို့ ရေးပြီး လက်မှတ် ရေးထိုး ပေးပါတယ် ။ ဒါပေမဲ့ အိမ်ထောင်ရေး နဲ့ ပတ် သက် ရင် မိမိ က အနစ်နာ ခံပြီး ပေါင်းသင်း ဆက်ဆံ မှ သာလျှင် ဘဝ မှာ သာယာလိမ့်မည်ဆိုတာလေး က လည်း အစ နား မှာ ပါလိုက်သေး တာ ကြောင့် ကျွန်တော့် ဘဝ တစ်သက်တာ ဟောစာတမ်း က မိမိ အတွက် ( ဘက် ဘက်ပါအောင် ) မှန်နေတာကြောင့် ကျွန်တော် အမှတ် တရ ထည့် ရေးလိုက်တာပါ ။ ဒါပေမဲ့ မင်းသားကြီး ကောလိပ်ဂျင်နေဝင်း နဲ့ ချွတ်စွတ် တူတဲ့ ဗေဒင်ပညာရှင် ကြီး ဦးမြင့်ကြိုင် မရှိရှာတော့ တာကြောင့် စိတ် မကောင်း ဖြစ်မိပါတယ် ။ ဦးမြင့်ကြို င်က ရန်ကုန်သား ပါ ။ ရန်ကုန် က မန္တလေး ကို မိသားစု လိုက် တက် လာပြီး ဗေဒင် ဟော မစားဘဲ ဘာပြုလို့ ကျောက်ပွဲစား လုပ်နေရှာတယ် တော့ မမေးမိ လို့ မသိခဲ့ရပါဘူး ။ ဒါပေမဲ့ သူ ပြောခဲ့တဲ့ မြန်မာပြည် နိုင်ငံရေးနဲ့ ပတ်သက်တာ တစ်ခု ထည့် ပြောပါဦး မယ် ။ မြန်မာပြည် နိုင်ငံရေး နဲ့ ပတ်သက်ပြီး သူ ပြောသွား တဲ့ အထဲ မှာ ကွက်တိ ဖြစ်နေတာကတော့ အပြောင်းအလဲ အသစ် ဖြစ်ဖို့ အတွက် တိုင်းပြည် အပေါ် တကယ် စေတနာ ရှိသူများ ဘက် က အားနည်း သယောင် ရှိနေပေမဲ့ အဲဒီ ဘက် မှာ ပြည်သူလူထု ရှိနေတာကြောင့် လက်ဦးမှု အရ ယူပြီး အနိုင် ယူ ရဲ သူ က အနိုင် ရမှာပဲ လို့ ပြော သွား ပါတယ် ။
အဲဒီမှာ ဝေဒပညာရှင် ပြောသွားတဲ့ အထူးသဖြင့် ကျွန်တော့် မိန်းမကြီး ပေါ့ နော် ။ ကျွန်တော်တို့ လင်မယား အတွက် သီးသန့် ဟောတာမို့ ဗေဒင်ဆရာ က သူ နဲ့ ကျွန်တော် နှစ်ယောက် တည်း ၊ နှစ်ကိုယ်ကြား တိုးတိုး တိတ်တိတ် ပြောပြတာ တစ်ခု ရှိပါတယ် ။ အဲဒါက ပြောရ မှာ အတော် ခွကျတဲ့ ကိစ္စ မို့ ကျွန်တော် တယ်ပြီး မပြောချင် ဘူး ။ ဒါပေမဲ့ မပြောပြန် ရင်လည်း ဒီထက် ပုံကြီးချဲ့ ကြည့် ရင် ကျွန်တော် သာ အဝှာဖြစ်နိုင်စရာ ရှိတာကြောင့် အတိအလင်း ပြောပါမယ် ။
ဗေဒင်ဆရာ က ကျွန်တော့် နား နား လက်ဝါးလေး ကာ ပြီး ပြောတယ် ။ ပြီးတော့ ကျွန်တော် ပခုံး ကို တစ်ချက် ဖိ ပြီး ခပ်ဆတ်ဆတ် တွန်း ထားခဲ့တယ် ။
ဗေဒင်ဆရာ က ပါးပါးနပ်နပ် ဟော ထား သလို ကျွန်တော် က အမျိုးသမီး နဲ့ ပတ်သက်တဲ့ ဆိုင်ရာ ဆိုင်ရာ ဆေးများ တိုက် ကျွေးပြီး လူငယ် ဘဝ တုန်းကလို ကျွန်တော် တို့ ကျော်ဖြတ် ကြပါတယ် ။ အဲဒါက ကိုယ့်မ ယားကိုယ် လူပျို ပြန် လှည့်တဲ့နည်း ဖြစ်ပါတယ် ။ ဟုတ်ကဲ့ ။ ပျော်ပါ တယ် ဆိုတဲ့ နည်းပါပဲ ။
ဒီမှာ နှစ်ဦး တည်း ၊ နှစ်ယောက် စလုံး လိုရာဆန္ဒ များ အပြည့်အဝ မဟုတ်သော်လည်း ထိုက်တန်သလောက် ရရှိကြ သလို ခံစားရပြီး လန်းဆန်း နေကြပါ တယ် ပေါ့နော် ။ ဒါကြောင့် ကိုယ့် အသိ နဲ့ ကိုယ် ထိန်းသိမ်း နေကြရပါတယ် ။
အဲဒီလို နေကြရာ မှာ ကျွန်တော် က စာသမား မို့ ဘာမှ ကိစ္စမရှိဘူး ။ စာဖတ်ခန်း ထဲဝင်ပြီး ပက်လက် ကု,လားထိုင် ပေါ် မှာ စာအုပ် တစ်အု ပ်နဲ့ ငြိမ် နေလိုက်ရုံ ပါပဲ ။
ကဲလေ ဒီတော့ သူ ဘယ်လို နေမလဲ ၊ စဉ်းစား ကြည့် ။ ဟုတ်ပါတယ် ။ သူ ကျွန်တော်ရှိရာ လာတာပါပဲ ။ ဒါကြောင့် ကျွန်တော် ရှိတဲ့ စာဖတ်ခန်း ထဲ လိုက်လာပြီး ကျွန်တော် နောက် နား မှာ လာ ရပ်နေတာပေါ့ ။
ဟိုတုန်းက အခု လို ကျွန်တော့် အနား လာ ကပ်တဲ့ မိန်းမ ကို ကျွန်တော့် ဆန္ဒ နဲ့ ကိုက်ညီ နေမှာ သေချာတယ် ။ ဒါပေမဲ့ အခု ကျွန်တော့် ဆန္ဒ နဲ့ မကိုက်ညီတော့ တာ ကြောင့် သူ့ ကို သစ်စိမ်းချိုး ချိုးသလို အပြင် ထွက်သွားဖို့ ပြော လိုက်ပါတယ် ။ ဘာပြုလို့လဲ ဆိုတော့ သူ က ပြောခဲ့ တဲ့ အတိုင်း ယောဂီထဘီ နဲ့ အင်္ကျီလက်ရှည်အဖြူ နဲ့ မို့ ပေါ့ ။
ပြီးတော့ သူ့ လက်ကောက်ဝတ် မှာ ရစ်ပတ် ထားတဲ့ ပယင်းပုတီးလေး ကို ရိုသေတာလည်း ပါမှာပေါ့ နော် ။ ပြောဖို့ ကျန်နေသေးတာ က သူ က ညိုပြာပြာညက် ကလေး မဟုတ်တော့ တာ ပါ ပဲ ။
◾မောင်သာပို
📖 Family မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၁၄
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment