Friday, October 18, 2024

ကားကြုံစီး ခရီးသည်


 

❝ ကားကြုံစီး ခရီးသည် ❞
━━━━━━━━━━━━━━━━
   ဝေယံလင်းခေါင်
━━━━━━━━━━━━━━━━
ထိုစဉ်က မြန်အောင် ၊ မင်းဘူး ၊ မန်းရေနံမြေ ၊ ထောက်ရှာပင် ရေနံမြေ တို့မှ ရေနံများ ရရှိနေသေးသည် ။ ကျွန်ုပ်တို့ ၏ ပီအိုင်စီ ဌာန ရှိ တွန်းသင်္ဘောများ ဖြစ်ကြသော ‘ ကျွဲ ’ ၊ ‘ ကြံ့ ’ ၊ ‘ ဆင် ’  ၊ ‘ ပြောင် ’ ၊ တွန်းသင်္ဘောများသည် စီပီ ရေနံတွင်းများ ကို စုန်ချည်ဆန်ချည် တွန်း၍ ရေနံချက်စက်ရုံ များ ကို ပို့ပေး နေကြရသည် ။ တစ်နေ့သ၌ သံပရာကန် ရေနံချက်စက်ရုံ သို့ ရေနံ သွား ပို့ရင်း က ကျွန်ုပ်တို့ ‘ ဆင်ပြောင်ကြီး ’ စက် ချို့ယွင်းသွားသည် ။ ထို့ကြောင့် ဧရာဝတီ အနောက်ဘက်ကမ်း အထက်မင်းလှ တွင် ဆင်ပြောင်ကြီး သင်္ဘော ကို ရပ်ထားရသည် ။ ရေယာဉ်မှူး က အာတီ နှင့် ရုံးချုပ် ကို အကြောင်းကြား သတင်း ပို့သည် ။

ချို့ယွင်းသွားသော စက်ပစ္စည်း ကို စက်ဘက်ဆိုင်ရာများ က ပြုပြင်ကြသည် ။ ပြုပြင်၍ မရ ။

စက်ပစ္စည်း က အသစ်လဲ တပ်ရမည် ဟု စက်ဆရာ က ပြောသည် ။ စက်ပစ္စည်း မှာ ရန်ကုန် ၌ သာ ရရှိနိုင်သည် ။ ထို့ကြောင့် ကုန်းလမ်း မှ ရန်ကုန် ကို အမြန် ဆင်းပြီး စက်ပစ္စည်း သွားယူရန် အကြောင်း ဖြစ်လာသည် ။ ရေယာဉ်မှူး က ရန်ကုန် ဆင်းကြမည့် စက်ဆရာ နှင့် ကျွန်ုပ်တို့ သုံးယောက် အား ခေါ်ပြောသည် ။ လိုင်းကား နှင့် ဆိုလျှင် ကြာမည် ။ ခရီးဝေး ဖြစ်သဖြင့် သက်သောင့်သက်သာ လည်း ရှိချင်မှ ရှိမည် ။ ထို့ကြောင့် ရန်ကုန် မှ အထက် မင်းလှ ကို ရောက် နေသော သူ့ အသိ တစ်ယောက် ၏ ကား သည် မနက်ဖြန် ရန်ကုန် ပြန် ဆင်းမည် ။ ထို ကား နှင့် မနက်ဖြန် မနက် တွင် လိုက် သွားကြပါ ဟု ဆို၏ ။

“ ဒီလို လုပ်ရင် မကောင်းဘူးလား ဆရာ ”

“ မင်းက ဘယ်လို လုပ်ချင်လို့လဲ ”

သစ်ယာကောက် ရွာသား လှေ ကို ရေယာဉ်မှူး က တစ်ချက် ကြည့်ပြီး မေး၏ ။

“ အမေ့ ကို ငွေ နည်းနည်း ပေးထားခဲ့ချင်လို့ပါ ဆရာ ၊ ကျွန်တော်တို့ ဒီနေ့ ပဲ ဟိုဘက်ကမ်း ကူး သွားလိုက်ပါ့မယ် ။ မနက်ကျတော့ ဆရာ့ အသိ ကား ကို သစ်ယာကောက် က ပဲ စောင့်မယ် ဆရာ ၊ ဖြစ်တယ် မဟုတ်လား ”

“ ဖြစ်ပါတယ် ၊ မနက်ဖြန် ညနေ မင်းတို့ ရန်ကုန် ရောက်သွားမှာပဲ ” 

ရေယာဉ်မှူး က ‘ ဖြစ်ပါတယ် ’  ဆိုစကား ကြောင့် လှဝေ က ကျွန်ုပ် ကို မျက်စိ တစ်ဖက် မှိတ် ပြပြီး ပြုံးနေသည် ။

အမှန်က သည် တောင်သစ်ယာကောက် ရှိ သူ့ အမေ ကို ငွေ ပေးချင်သည်က နည်းနည်း သူ့ ကောင်မလေး နှင့် တွေ့ချင်နေသည် က များများ ဆိုသည် ကို ဓာတ်သိ မို့ ကျွန်ုပ် က အတပ် သိနေသည် ။

“ ဆရာ့ အသိကား က လူ ချောင်ပါ့မလား ၊ ကား က ဘာ အမျိုးမစားလဲ ”

“ ချောင်ပါတယ် ... သူတို့ ညီအစ်ကို နှစ်ယောက်တည်း ရယ် ။ ကား က ဂျစ်ကား ၊ ဒီ လမ်း က သူတို့ သွားနေလာနေကျမို့ စိတ်ချလို့ ကျွန်တော် က ထည့်ပေးလိုက်မှာ ၊ ကား နံပါတ်တော့ ကျွန်တော်လည်း အမှတ်တမဲ့ ပဲ ။ ခု ခင်ဗျား ကျွန်တော် နဲ့ လိုက်ခဲ့ ၊ သူတို့ နဲ့ တွေ့ပေးလိုက်မယ် ”  

စက်ဆရာ ၏ အမေး ကို ရေယာဉ်မှူး က ပြန်ပြောသည် ။

“ လှဝေ ”  

“ ခင်ဗျာ ဆရာ ”

“ မင်းတို့ အဆင်သင့် လုပ်ထား နှင့် ၊ ငါ ရေယာဉ်မှူး နဲ့ လိုက်သွားလိုက်မယ် ။ ပြန်လာတာနဲ့ သာဝတ္ထိ ကို ကူးမယ် ”

“ ဟုတ်ကဲ့ ဆရာ ဟုတ်ကဲ့ ”

လှဝေ က စက်ဆရာ နှင့် ရေယာဉ်မှူး တို့ ဆင်းသွားကြသည် ကို မေး တစ်ချက် ထိုး ပြကာ ‘ ပိုင်လိုက်လေ ’  ဟူသော သဘော နှင့် ကျွန်ုပ် ကို ရယ်ပြသည် ။

“ မင်း ကတော့ ဗိုက် ထဲ ဘုရားပွဲ လှည့်နေပြီပေါ့ ဟုတ်လား ” 

“ ဒါပေါ့ သူငယ်ချင်း ရာ ၊ ဆင်ပြောင်ကြီး မ,လိုက်တာလေ .. ဟဲ ”  

သည်လိုနှင့် စက်ဆရာ ပြန်လာသောအခါ ကျွန်ုပ်တို့ မင်းလှ မှ သာဝတ္ထိ ၊ သာဝတ္ထိ က ဧရာဝတီ ကို ဇက် နှင့် ကူး၍ ကျောက်ချက် ညောင်ပင်သာ ဘက် ရောက်လာကြသည် ။ ကျောက်ချက် တွင် ကျွန်ုပ်တို့ ဌာနဆိုင်ရာ စခန်း ရှိ သဖြင့် ခဏ နားပြီး လှဝေ အမေ နှင့် သူ့ ရည်းစား ရှိရာ သစ်ယာကောက် ကို ရောက်လာကြသည် ။

လှဝေ က သူတို့ ရွာ ရောက်တုန်း ပြုစုပါရစေ ပြောပြီး လွတ်လွတ်လပ်လပ် ဖြစ်အောင် ဟု ပြောကာ အိမ် ထမင်းပင် မကျွေးဘဲ ဆိုင်ထမင်း ကျွေးသည် ။ သဘောကောင်း သော သူ့ အမေ က အတင်း ကျွေးပါရစေ ပြောသည် ကို ပင် လက်မခံဘဲ ဆိုင် ထဲ ခေါ်လာ၏ ။ ကျွန်ုပ်တို့ က လည်း အမေ ပင်ပန်းပါတယ် နေပါ ဟု ပြောထားခဲ့ရသည် ။

စားသောက်ပြီးချိန် မှာ မိုးချုပ်စ ပြုနေပြီး လှဝေ က သူ့ ကောင်မလေး တို့ အိမ် ဘက် ထွက်သွားပြီး စက်ဆရာ နှင့် ကျွန်ုပ် ကို သူ့ အမေ အိမ်သို့ လွှတ်လိုက် သည် ။ ကျွန်ုပ်တို့ မှာ နည်းနည်း ထွေလာကြ သဖြင့် လှဝေ အမေ ကို အားနာ စွာနှင့် စောစောစီးစီးပင် စကား ဖြတ်၍ အိပ်ရာ ဝင် လိုက်ကြသည် ။ လှဝေ အ မေ က လည်း “ လူလေးတို့ ခရီးပန်းလာကြမှာပေါ့ အိပ်ကြ အိပ်ကြ ” ဟု ဆို သဖြင့် အိုကေ ဖြစ်သွား၏ ။

•••••   •••••   •••••

မနေ့ည က လှဝေ ဘယ်အချိန် သူ့ ကောင်မလေး ဆီ က ပြန်ရောက်လာ သည်ကိုပင် ကျွန်ုပ် ကား မသိလိုက် ။ သည်နေ့ မနက် မှာ လည်း သူ က ပင် စက်ဆရာ နှင့် ကျွန်ုပ် ကို နှိုးသည် ။ ကျွန်ုပ် တို့ နိုးလာတော့ ဧည့်ခန်း က စားပွဲ ပေါ်တွင် အငွေ့တထောင်းထောင်း ကောက်ညှင်းပေါင်း ပန်းကန်များစွာနှ င့် ပဲပြုတ်ဆီဆမ်း အကြော်ပန်းကန် ၊ လက်ဖက်ရည် ၊ ရေနွေးကြမ်းအိုး တို့ က ဆီးကြို နေသည် ။

ကျွန်ုပ်တို့ စားသောက် ပြီး လှဝေ အမေ ကို နှုတ်ဆက်ကာ အထက်မင်းလှ မှ ဆင်းလာမည့် ရေယာဉ်မှူး ၏ အသိ ကား ကို ထွက် စောင့်နေကြသည် ။ ကျွန်ုပ် တို့ ကားလမ်းမ ပေါ် ရောက်သော အချိ န်မှာ နေ ပင် မထွက်သေး ။

“ ဆရာ ဘယ်လိုလဲ ခုနစ်နာရီ ပဲ ထိုးတော့မယ် ။ မင်းလှ က ကား ပေါ်မလာသေးပါလား ”

ကားလမ်းမ တွင် သုံးယောက်သား မတ်တတ်ရပ် စောင့် နေကြရင်းက သူ့ လက် မှ နာရီ ကို မြှောက်ကြည့်ကာ လှဝေ က စက်ဆရာ ကို မေးသည် ။

“ လာမှာပါကွာ ၊ သူဌေးတွေ ဆိုတော့ ခု အိပ်ရာ က ထခါစပဲ ရှိသေးသလား မသိတာ ၊ လာပါလိမ့်မယ် ။ မနေ့က ငါ သေသေချာချာ ဒီနေရာ က စောင့် မယ်ဆိုတာ မှာထားခဲ့တာပဲ လူတွေ က အကြီးကြီးလားဗျ စက်ဆရာ ”  

“ မကြီးပါဘူး ၊ အင်မတန် သဘောကောင်းပါတယ် ။ ရေယာဉ်မှူး နဲ့ ငါ့ ကို ပျာပျာသလဲပါပဲ ၊ လာမှာပါ ”

ကျွန်ုပ် က စိုးရိမ်၍ မေးသည် ကို စက်ဆရာ က “ လာမှာပါ ” ဟု ပြောပြီး ကား လာမည့် ဘက် လှမ်း ကြည့်နေသည်း ၊ စက်ဆရာ သာ မဟုတ် လှဝေ နှင့် ကျွန်ုပ် တို့ ကလည်း အထက်မင်းလှ က ဆင်းလာမည့် ရေယာဉ်မှူး အသိ ဂျစ်ကား ကို မျှော်ကြည့်နေကြသည် ။

စက်ဆရာ ပြောသည်မှာ မှန်ပါသည် ။

မကြာမီမှာ ပင် ဂျစ်ကား တစ်စီး လာနေသည် ကို သုံးယောက် စလုံး မြင်နေ ကြရသည် ။

“ ဟိုမှာ လာပြီ ”

ဟု ပြောကာ စက်ဆရာ ကို လက်ပြ တား ၏ ။ သို့သော် ကား မှာ ကျွန်ုပ်တို့ အနား တွင် ရပ် မလိုလို နှင့် ရှေ့သို့သာ မောင်း သွားကာ သစ်ပင်ရွာစွန် ဘက် ကားလမ်း အတိုင်း မောင်းထွက် သွားပြီး မြင်ကွင်း ထဲ က ပျောက်ကွယ်သွား လေသည် ။

“ ဟင် .. စက်ဆရာ ဘယ်လိုလဲဗျ ၊ ကား က ရပ်မပေးဘဲ မောင်းထွက်သွား ပါလား ၊ ဒီကား မဟုတ်ဘူးလား ”

“ အေးလေဗျာ ၊ ဘယ်လိုပါလိမ့် ”

“ ကားကတော့ ဒီကား အမှန်ပဲကွ ၊ မနေ့ကပဲ အရောင် နဲ့ ကားနံပါတ် ငါ မှတ်လာတာပဲ ၊ ဘယ်လိုမှ မမှားနိုင်ဘူး ၊ တို့ လက်ပြ တားတာများ မမြင်မိလို့လား ”

ကျွန်ုပ် နှင့် လှဝေ ၏ စကား ကို စက်ဆရာ က အံ့ဩသလို ပြန် ပြောသည် ။

“ မနေ့က ကျွန်တော်တို့ လူသုံးယောက် ဆိုတာကော စက်ဆရာ သေသေချာချာ မှာခဲ့ရဲ့လား ”

“ မှာခဲ့ပါတယ် ၊ ဒီနေရာ က စောင့်မယ် ၊ ကျွန်တော်တို့ လူ သုံးယောက်ပါ ဆို တာလည်း သေသေချာချာ ပြောခဲ့ပါတယ် ၊ ဘယ်လိုပါလိမ့် ”

“ စောစောက မောင်းသွားတဲ့ ကား ကတော့ အမှန်ပဲနော် ဆရာ ”  

“ ဟုတ်ပါတယ်ကွာ ၊ ကားနံပါတ် ပါ ငါ မှတ်ထားပါတယ်ဆို ဘာလို့ မရပ်ခဲ့ လဲ မသိဘူး ”

“ ရန်ကုန်သားတွေ ဆိုတော့ အခြေ ခပ်ကြီးကြီး ထင်တယ် ၊ ရေယာဉ်မှူး ရှေ့ မို့ အားနာလို့ သာ လိုက်ပါ ပြောပေမယ့် မလိုက်စေချင်လို့ တမင် မောင်း သွားတာ ဖြစ်မယ်ထင်တယ် ”

“ ဖြစ်နိုင်တယ်ကွ ၊ သူတို့ ကလည်း အထက်မင်းလှ ဘာကိစ္စ နဲ့ လာသလဲ ဆို တာ မနေ့ က စက်ဆရာ လည်း မမေးမိခဲ့ဘူး ထင်တယ် ”

“ ဘာကိစ္စလဲ ဆိုတာတော့ ကျွန်တော် လည်း မမေးမိခဲ့ဘူးဗျ ။ တို့ က ရန် ကုန် လိုက်ရဖို့ပဲ အရေးကြီးတာ ဆိုတော့ သူတို့ ကိုယ်ရေးကိုယ်တာ ဘယ်မေး လို့ ကောင်းမလဲနော် ”

“ အေးဗျာ ၊ မလိုက်စေချင်ရင် လည်း မနေ့ က ပင် အပြတ် ပြောလိုက်ပေါ့ဗျ ။ ဘာ အားနာစရာ ရှိလဲ ၊ မင်းလှရန်ကုန်ကား ရှိနေတာပဲ ၊ ကျုပ်တို့ ဘာသာ ကျုပ်တို့ လိုင်းကား နဲ့ သွားမှာပေါ့ ”

“ မဟုတ်သေးပါဘူး ၊ စက်ဆရာ နဲ့ သူတို့ နဲ့ ချိန်းချက် တစ်ခုခု တော့ လွဲကြပြီ ထင်တယ် ၊ ကားနံပါတ် လည်း မှန်တယ် ဆို ဒီလောက် လက်ပြ တားနေတာ သူတို့ မြင်တာပဲဗျ ။ ကား ရပ်ရမှာပေါ့ ”

“ အေးကွ ၊ ဘယ်လိုလဲ ၊ ငါ လည်း စဉ်းစားတောင် မရဘူးကွ လှဝေ ရာ ”  

ကျွန်ုပ် က မူ အတော် စိတ်ဓာတ် ကျသွားသည် ။

ကျွန်ုပ်တို့ ရေယာဉ်မှူး က လည်း မသေချာဘဲတော့ ပြောမည် မဟုတ် ၊ မည် သည့် ကားပိုင်ရှင်သူဌေး ပဲ ဖြစ်ဖြစ် ရေယာဉ်မှူး က လည်း လူရိုသေ ရှင်ရိုသေ နေတတ်ထိုင်တတ်အောင် ပြောဆိုတတ်သူ ပင် ။ ဘယ်လိုဖြစ်သည် ကို ကျွန်ုပ် လည်း စဉ်းစား မရ ။ ရွာခံ ဖြစ်သော လှဝေ က မူ ဘာမှ ပြော မနေနဲ့ တော့ ၊ ကျွန်တော်တို့ ကျောက်ချက် ပြန် ဆင်း ...

“ ဟာ ဟို ဟိုမှာ ပြန်လှည့်လာတယ် ၊ စောစောက ကား ပဲ ”

ကျွန်ုပ် နှင့် စက်ဆရာ တို့ စကား မဆုံးမီ မှာ ပင် လှဝေ က ' ဟိုမှာ ပြန်လှည့် လာတယ် ' ဆို သဖြင့် ကျွန်ုပ်တို့ လည်း လှမ်း ကြည့်လိုက်ကြရာ စောစောက မှ ကျွန်ုပ်တို့ ရှေ့က ဖြတ်မောင်း သွားသော ကား သည် အမှန်တကယ်ပင် ပြန် လှည့် လာလေသည် ။ လှည့်လာရုံ တင် မက ဤတစ်ခါတော့ ကျွန်ုပ်တို့ ရှေ့ တွင် ဆိုက်ဆိုက်မြိုက်မြိုက် ကို ထိုးရပ်ပေးလာပါလေသည် ။

ထိုးရပ်လာရုံ မက

“ စက်ဆရာ ဦးကျော်စံ တို့ အဖွဲ့ ဟုတ်ပါတယ်နော် ” ဟု ကားမောင်းလာသူ ပုဂ္ဂိုလ်ကြီး က မေးလာသည် ။

“ ဟုတ်ပါတယ် ခင်ဗျား ၊ ကျွန်တော်တို့ ဆင်ပြောင်ကြီး က ဦးမောင်ကျော် ရဲ့ လူတွေ ပါ ၊ မနေ့ က လည်း ဆရာတို့ နဲ့ တွေ့ခဲ့ ”

“ ဘယ်နှယောက်လဲ ဗျ ။ ရန်ကုန် လိုက်မှာ က ”

စက်ဆရာ စကား မဆုံးမီ ကားပေါ် ပါသူ နောက် တစ်ယောက် က မေးလာ ပြန်၏ ။

“ ကျွန်တော်တို့ သုံးယောက် ပါ ခင်ဗျာ ၊ ဆရာတို့ က လည်း နှစ်ယောက် ဆိုလို့ ကျွန်တော်တို့ ”

“ ဟုတ်ပါတယ် ခင်ဗျား ၊ ကားပေါ်ကြွကြပါ ”

ဒုတိယ မေးသူ ၏ စကားသံ မာမာ ကို သိပ် အစာမကြေချင်သော ကျွန်ုပ် သည် ကားမောင်း လာသူ ပုဂ္ဂိုလ်ကြီး က “ ကားပေါ် ကြွကြပါ ” ဟု ဆို သော်လည်း မကြည်မသာ နှင့်ပင် ကားပေါ် တက် လိုက်လာရသည် ။ ကျွန်ုပ် တို့ သုံးယောက် ကားပေါ် ရောက်သည်နှင့် ကား က လည်း မောင်းထွက် လာ ခဲ့၏ ။

ကျွန်ုပ်တို့ သုံးယောက် မှာ ကားသမား နှစ်ယောက် ကို အကဲခတ်ရင်း တိတ် တိတ်ဆိတ်ဆိတ်ပင် လိုက်လာကြသလို ကားသမား နှစ်ယောက် က လည်း ကျွန်ုပ်တို့ အား ဘာမှ မမေးဘဲ ငြိမ်သက်စွာ ပင် ပါလာကြသည် ။

သစ်ယာကောက်ရွာ လွန်၍ အတော်ကလေး ကြာမှ ကားမောင်းနေသူ က ကျွန်ုပ်တို့ နောက်ကို တစ်ချက် လှည့် ကြည့်သည် ။ ကျွန်ုပ်တို့ က လည်း သူ ဘာများ ပြောလေမလဲဟု အကဲခတ် နေကြသည် ။

“ ဆရာ ဦးကျော်စံတို့ ခင်ဗျား ”

“ ဟုတ် .. ဟုတ်ကဲ့ ”

“ ဘယ်လိုမှတော့ မအောက်မေ့ကြပါနဲ့ဗျာ ၊ စောစောက ဆရာ တို့ လက် တား တာ ကိုလည်း ကျွန်တော် မြင်ပါတယ် ၊ ကား ကို ရပ် မလိုလို လုပ်ပြီးမှ မောင်းထွက် လာကြတာနဲ့ ဆရာတို့ တော့ ကျွန်တော်တို့ ကို မေတ္တာ ပို့မိကြမှာပဲ ထင်တယ် ဟဲ .. ဟဲ ”

“ မဟုတ်ရပါဘူးဗျာ ၊ တစ်ခုခု ကိစ္စ အရေးတကြီးများ ရှိလို့ ကိစ္စ ရှိရာကို ရင် သွားတယ် ထင်ကြ ... ”

“ ဟုတ်တယ်ဗျ ။ အရေးတကြီး ကိစ္စ ဆိုတာ တခြားတော့ မဟုတ်ပါဘူး ၊ ဆရာတို့ ဟာ လူသားစင်စစ် ဧကန်ဟုတ် မဟုတ် စမ်းကြည့်တဲ့ သဘောနဲ့ တမင် ကားကို မောင်းပြေး ကြည့်တာပါ ။ ခုတော့ အမှန်တကယ် လူတွေ ကျွန်တော်တို့ ကို လူစင်စစ် ဟုတ် မဟုတ် ... ”

“ ဟဲ ... ဟဲ .. ဟဲ အဲဒါက ဒီလိုဗျ ၊ ဒီ ခရီးက ကျွန်တော်တို့ သုံးလ တစ်ခါ လတစ်ခါ သွားလာနေကျပါ ။ ဆရာတို့ ကို ရှင်းအောင် ပြောရမယ် ဆိုရင် လွန်ခဲ့တဲ့ ခြောက်လ လောက် က ဒီလို အခုလို ပေါ့ဗျာ မင်းလှ က ကျွန်တော် တို့ ရန်ကုန် ပြန် ဆင်းလာကြတယ် ။ သစ်ယာကောက် အလွန် လောက်မှာ အဘွားကြီး တစ်ယောက် ကို ကောင်လေး တစ်ယောက် နဲ့ ကောင်မလေး တစ်ယောက် က တစ်ဖက် တစ်ယောက်စီ တွဲလို့ ကျွန်တော်တို့ ကားကို လမ်းမအလယ် ထွက် ပြီး အတော်ဝေးဝေး က ပင် တားနေကြတယ် ။ ကား ကို ရပ်ပေး လိုက်တော့ အဘွားကြီး ရုပ် က အရိုးပေါ် အရေတင် ဗျ ။ ချောင်း ကလည်း တဟွပ်ဟွပ် ဆိုး နေသေးတယ် ။ တစ်ချက် တစ်ချက် အဘွားကြီး ချောင်းဆိုး လိုက်တာ အသက်တောင် ပါသွားတော့မလား ထင်ရတယ် ။ အဲဒါ တောင်တွင်းကြီး ဆေးရုံ တင်ချင်လို့ ကူညီပါ ဆိုတော့ ကျွန်တော်တို့ ကလည်း လမ်းကြုံသားပဲ ၊ အမေ ကလည်း တောင်တွင်းကြီး က သောက်ရေအိုး ကောင်းတယ် ၊ သဲရေအိုး တစ်လုံး ဝယ်လာခဲ့ကြပါ မှာလိုက်တာကိုး ။ အဲဒါနဲ့ လူမမာအဘွားကြီး နဲ့ သားသမက် လား သမီးချွေးမ လား မေးတောင် မမေးမိကြပါဘူးဗျာ သနားတာနဲ့ ကားပေါ် ခေါ် တင်လာကြတယ် ”

ရှေ့မျက်နှာချင်းဆိုင် မှ ကားကြီး တစ်စီး မီးထိုးပြီး လာနေသဖြင့် ကားဆရာ က ကားရှိန် ကို လျှော့ပြီး လမ်းကြောင်း ဖယ် သဖြင့် စကား ခဏပြတ် သွားသည် ။ ကျန် တစ်ယောက် က မူ ကျွန်ုပ်တို့ မျက်နှာ ကို ကွက်ကြည့်ကွက်ကြည့် လိုက်ပါလာ၏ ။

“ အတော်လေး ကြာတော့ ချောင်းဆိုး ပါလာတဲ့ အဘွားကြီး က တဝေါဝေါ့ ကား ပေါ်မှာ အန်ပါလေရော ဗျို ၊ ကားမောင်း နေရင်းက ကျွန်တော် နောက် ကို လှည့် ကြည့်လိုက်တော့ သုံးယောက်စလုံး တစ်ယောက် မှ ခေါင်း မရှိ တော့ဘူးဗျ ။ ခေါင်းပြတ် နေတဲ့ ကိုယ်ခန္ဓာကြီး သုံးခု ကတော့ ကား ပေါ် အ ငြိမ်သားကြီးဗျ ၊ ကြောက်လိုက်တာ မပြောပါနဲ့တော့ဗျာ ၊ ကား တောင် လမ်း ဘေး ထိုးကျ မလို ဖြစ်သွားတယ် ။ နေ့ခင်းကြီး နော် နေတောင် မွန်းမတည့် တတည့် အချိန်ကြီး ၊ ကား ကို သတိထား မောင်းပြီး နောက်ကို လုံးဝ လှည့်မ ကြည့်ဝံ့တော့ဘူးဗျ ။ ဒါပေမဲ့ ငါ့ လည်ပင်းများ နောက် က နေ ညှစ်လိုက်လေ မလားနဲ့ တစ်ကိုယ်လုံး ကြက်သီး ထပြီး တုန်နေတယ် ။ ဒါပေမဲ့ သတိတော့ မလွတ်ဘူးဗျ ။ ကား ကို သတိထား မောင်းပြီး ညီလေး ကို မသိမသာ တံတောင် နဲ့ တွက် လိုက်တယ် ။ မျက်လုံး နဲ့ လည်း နောက် ကို ကြည့်ပါ ဆိုတဲ့ သဘော အရိပ်ပြ လိုက်တော့ ညီလေး က လည်း နောက်ကို လှည့်ကြည့်လိုက် တယ် ၊ သူ ဘယ်လို မြင်ရသလဲ ဆိုတာတော့ ခု ဆရာတို့ မေးသာ ကြည့်ကြ တော့ဗျာ ”

ကားမောင်းနေသူ သူ့ အစ်ကို က မေးသာ ကြည့်ကြတော့ဗျာ ဆိုသဖြင့် ကျွန်ုပ်တို့ သုံးယောက်စလုံး သူ့ ညီ ဆီ အကြည့် ရောက်သွားကြသည် ။ ကျွန်ုပ် တို့ပင် မမေးလိုက်ရ ၊ သူ့ ညီ ဆိုသူ က

“ အစ်ကိုကြီး အရိပ်အခြည် ပြတာနဲ့ ကျွန်တော် က လူမမာ အဘွားကြီး ချောင်းဆိုးရင်း အသက်ပါ သွား ပလားလို့ နောက် ကို လှည့် ကြည့်လိုက်တော့ စောစောက ကား ပေါ် တက်လိုက်လာကြတဲ့ လူ သုံးယောက် မရှိကြတော့ဘူး ဗျ ။ ဒီလောက် အရှိန် နဲ့ မောင်းနေတဲ့ ကား ပေါ် က ဘယ်လိုလုပ် ဆင်းကျန်ခဲ့ ကြတယ် ဆိုတာ ခုထိ ကျွန်တော် တွေးမရ ဖြစ်သွားတယ် ။ အဲဒါကြောင့် နောက်ပိုင်း ဘယ်သူ တားတား ကားကြုံ ကို မတင်ရဲဘူး ဖြစ်သွား ကြတာ ။ ခု ဆရာတို့ ကတော့ ဆရာ ဦးမောင်ကျော် လူ ၊ ပြီးတော့ မင်းလှ မှာ တုန်းကပင် ကြိုပြောထားတာမို့ တင်ရဲတာ ၊ ဒါတောင် ခေါင်း မပါတဲ့ လူသုံးယောက် ကို မြင်ဖူးထားတဲ့ အစ်ကိုကြီး က ဆရာတို့ ကို လူ စင်စစ် ဟုတ်မဟုတ် စမ်းသပ် စစ်ဆေးပြီး မှ တင်ခေါ်လာ ရဲတာ ၊ ဘယ်လိုမှ မအောက်မေ့ ကြပါနဲ့ ။ ဆရာဦး မောင်ကျော် နဲ့ တွေ့ရင် လည်း ဒီလိုဒီလို ကြောင့် ဆိုတာ ပြောပြလိုက်ကြပါ ဗျာ ”

သူတို့ ညီအစ်ကို နှစ်ယောက် ၏ စကား ကို ကြားကြရတော့ မှ ကျွန်ုပ်တို့ မှာ လည်း

“ အိုး .... ဟိုး ... ဒါကြောင့်ကိုး ”

ဟု သဘော ပေါက်မိ လိုက်ကြလေသည် ။

▢ ဝေယံလင်းခေါင်

📖 သူတော်ငတေ နှင့် ကျောက်ဖားမြည်သံ

.

No comments:

Post a Comment