❝ လျှပ်တစ်ပြက် သတို့သား ❞
တစ်ခါတုန်းက မြို့ တစ်မြို့မှာ အင်မတန် ချမ်းသာ တဲ့ သူဌေးကြီး တစ်ယောက်ရှိတယ် တဲ့ ။ သူ့ ရဲ့ ထူးခြားချက် ကတော့ အလွန် ပျင်းရိခြင်းပဲ တဲ့ ။
သူ့ မှာ သမီး တစ်ယောက် ရှိတယ် ။ အချိန်တန် အရွယ်ရောက် လို့ လူလားမြောက် နေပါပြီ ။ အိမ်ထောင်ရက်သား ချပေးဖို့ သင့်ပြီပေါ့ ။
သူဌေးကြီး ဟာ တစ်နေ့ တစ်နေ့ ကတ္တီပါညောင်စောင်း မှာ အိပ် လို့ သာ နေတယ် ။ ဧည့်သည်တွေ လာရင် လည်း အဲဒီ အတိုင်းပဲ မထစတမ်း စကား ပြောတယ် ။
“ သူဌေးကြီး ဘာတွေ စဉ်းစား နေတာလဲ ”
“ သမီး ကို အိမ်ထောင်ချ ပေးဖို့ပါဗျာ ”
“ ဘယ်သူနဲ့လဲ ”
“ အဲဒါကို စဉ်းစားနေတာပဲ ”
သူဌေးကြီး ရဲ့ သမီး ဟာ သူဌေးကြီး လောက် မပျင်း တတ်ပါဘူး ။ ဒါပေမဲ့ လုံ့လ ဝီရိယ ရှိတယ် လို့လည်း မဆိုနိုင် ဘူး ။ ရုပ်ရည် အသင့်အတင့် ၊ ပညာအသင့်အတင့် ရှိတဲ့ သာမန် မိန်းမ တစ်ယောက်ပါပဲ ။ ဖခင် သူဌေးကြီး က သူ့ ကို အိမ်ထောင်ပြု ပေးဖို့ စဉ်းစား နေကြောင်း သိရတဲ့အခါ သူ ရင်ခုန်ပါတယ် ။ ဘယ်သူ က သူ့ ရဲ့ သတို့သား ဖြစ်မလဲ ဆိုတာ ကိုလ ည်း စိတ်ဝင်တစား ဖြစ်နေမိတယ် ။ အာရုံ ထဲ မှာ အမျိုးမျိုး မြင်ယောင် ကြည့်နေတော့တာပေါ့ ။
ဒါပေမဲ့ နေ့ရက် တွေ သာ ပြောင်းသွားတယ် ။ သူ့ အခြေအနေ က ဘာမှ မပြောင်းလဲဘူး ။ အဖေ လုပ်သူ က ပျင်းလွန်းတာကိုး ။ သတို့သား အရှာထွက်တာမျိုး ကို လည်း အလုပ် တစ်ခု အနေနဲ့ သေသေချာချာ မလုပ်ဘူး ။ တစ်နေ့ တစ်နေ့ ကတ္တီပါညောင်စောင်း ပေါ် မှာ ပဲ မျက်လုံး မှေးပြီး လဲလျောင်း နေတယ် ။ ဧည့်သည်တွေ လာရင် အဲဒီ အတိုင်းပဲ စကား ပြောတယ် ။ ပြောတဲ့ စကားကလည်း ဒါပဲ ။ အက်ကြောင်း ထဲ မှာ ညက် နေပြီ ။
“ သူဌေးကြီး ဘာတွေ စဉ်းစား နေတာလဲ ”
“ သမီး ကို အိမ်ထောင်ချ ပေးဖို့ပါဗျာ ”
“ ဘယ်သူနဲ့လဲ ”
“ အဲဒါကို စဉ်းစားနေတာပဲ ”
ကြာတော့ သမီး ဖြစ်သူ က ရှက် လည်း ရှက် ၊ ဒေါသ လည်း ထွက် လာတယ် ။
“ အဖေ အဲဒီလို လုပ်နေတာ မကောင်းဘူးနော် ။ သမီး ဖြင့် ဘယ်လို ပြောရမလဲတောင် မသိတော့ဘူး ”
သမီး ဖြစ်သူ က စိတ်ဆိုးမာန်ဆိုး အရေး ဆိုလာတော့ လည်း သူဌေးကြီး နည်းနည်း လုံ့လ နိုးကြားတယ် ။ သူ့ သမီး နဲ့ လက်ဆက် ချင်တဲ့ လူငယ်တွေ ကို လူတွေ့စစ်ဆေး တာတွေ ဘာတွေ လုပ်လာတယ် ။ ဒါပေမဲ့ အဆင် မပြေပါဘူး ။
“ မင်း နာမည် ဘယ်လို ခေါ်သလဲ ”
“ ကျွန်တော့် နာမည် တိုကင်ကင်ပါ ”
“ မင်း က ဘာလုပ်လဲ ”
“ ကျွန်တော် စာရေးဆရာ ပါ ။ ဂျာနယ် အယ်ဒီတာ လည်း လုပ်ပါတယ် ။ တက္ကသိုလ် မှာ လည်း စာ ပြပါတယ် ။ ကျူရှင် လည်း ပြပါတယ် ။ အားလပ်ရင် မုန့်ဖက်ထုပ် ထွက် ရောင်းပါတယ် ”
အဲဒါမျိုး ဆိုရင် သူဌေးကြီး က သဘောမ ကျဘူးတဲ့ ။
“ မင်း အဲဒီလောက် ဝီရိယ ရှိနေရင် ငါ နဲ့ မဖြစ်ပါဘူး ”
သူ့ သမီး နဲ့ မဖြစ်ဘူးလို့ ပြောတာ မဟုတ်ဘူးနော် ။ သူ နဲ့ မဖြစ်ဘူးလို့ပြောတာ ။ သမက် က ဒီလောက် ဝီရိယ ရှိရင် ယောက္ခမ ဖြစ်တဲ့ သူ့ ရဲ့ အပျင်းကြီးမှု က လူ ကဲ့ရဲ့စရာ ပို ဖြစ် မှာကိုး ။ အဲဒီလို နဲ့ တစ်ယောက် ပြီး တစ်ယောက် ကို ခါ ထုတ် နေတော့ သမီး ဖြစ်သူ ဟာ စိတ် မရှည်တော့ဘူး ။
“ အဖေ က ဘယ်လို လူမျိုးကို သမက် အဖြစ် ရွေးချင်တာလဲ ”
“ ဒါကတော့ သမီး ရယ် ”
သူဌေးကြီး က ပွင့်ပွင့်လင်းလင်း မပြောဘူး ။ အမှန်တော့ သူ က သူ့ လို ပဲ အပျင်းကြီး တဲ့ သမက် ကို လိုချင်တာ ။
“ အိမ်မှာ ထိုင်နေလို့ မရဘူး အဖေ ။ မြို့ထဲ ထွက် ရှာ မှ ဖြစ်မှာပေါ့ ”
သမီး ဖြစ်သူ နားပူနာဆာ လုပ်လွန်းလို့ သူဌေးကြီး ဟာ မြို့ ထဲ ထွက်ပြီး သမက်လောင်း အရှာ ထွက် သတဲ့ ။ လမ်းဆုံလမ်းခွ တစ်နေရာ အရောက် မှာ သူ့ ဆီ ကို နောက်ပြန် လျှောက် လာတဲ့ လူငယ် တစ်ယောက် နဲ့ တိုးတယ် ။
“ ဟေ့ကောင် ... မင်း က ငါ့ ဆီ ကို ဘယ့်နှယ် နောက်ပြန်ကြီး လျှောက်လာရတာလဲ ”
“ သူဌေးကြီး ရဲ့ သမီး ကို လက်ထပ်ခွင့် တောင်းချင်လို့ပါ ”
“ အေး ... အဲဒါက ထားပါတော့ ၊ ဘာလို့ နောက်ပြန်ကြီး လျှောက်လာရတာလဲ ”
“ သူဌေးကြီး က ငြင်းလိုက်ရင် ပြန် လှည့်နေစရာ မလိုဘဲ တစ်ခါတည်း ပြန် သွားလို့ ရတာပေါ့ ”
“ ဟေ ... ”
သူဌေးကြီး အံ့ဩ သွားတယ် ။ သူ့ ထက် ပျင်းတတ် တဲ့ သူနဲ့ တွေ့ပြီ ဆိုပြီး ဝမ်းသာ သွားတယ် ။ သူ ရှာနေတဲ့ သမက်လောင်း အရည်အချင်း နဲ့ ကိုက်ညီတာပေါ့ ။
“ ကောင်းပြီ ၊ မင်း ကို ငါ့ သမီး နဲ့ ပေးစားမယ် ၊ ငါ အိမ် ပြန်ပြီး စီစဉ်စရာ ရှိတာကို စီစဉ်လိုက်မယ် ”
သူဌေးကြီး က အိမ် ကို အမြန် ပြန်သွားတယ် ။ သမက်လောင်း ကို ရှာတွေ့ပြီ ဆိုတော့ သမီး လုပ်သူ က လည်း ဘဝင်ကျ သွားတယ် ။ သူဌေးကြီး ဟာ ကတ္တီပါညောင်စောင်း မှာ ဝင်ရောက် လဲလျောင်းပြီး မျက်စိ တစ်ဖက် ဖွင့်လို့ အလုပ်သမားတွေ ကို မင်္ဂလာ ကိစ္စ စီစဉ် ခိုင်းတယ် ။ စိတ်တိုင်းကျ လောက်တဲ့ အခါကျ မှ ....
“ ကဲ ... ငါ့ သမက် ကို ငါ သွားခေါ်လိုက်ဦးမယ် ”
လမ်းဆုံ ဆီ ပြန် ရောက်တော့ သူဌေးကြီး မျက်မှောင်ကြုတ် သွားတယ် ။ သမက်လောင်း က မရှိတော့ဘူး ။ ဟိုလူ ဒီလူတွေ ကို လိုက် ကြည့်ရင်း ရင်ထဲ ထိတ်သွားတယ် ။
သူ့ သမက်လောင်း သူ မမှတ်မိဘူး ။ ခုနက နောက်ပြန် လျှောက် လာတဲ့ သမက်လောင်း ကို သူ က နောက်စေ့ ပဲ မြင်ဖူးလိုက်တာကိုး ။ မျက်နှာ ကို မှ မမြင်လိုက်ပဲ ။
သူဌေးကြီး ရဲ့ သမီး ဟာ မွှေးနံ့သာတွေ ခြုံလွှမ်းလို့ အလှဆုံး ပြင်ဆင်ပြီး လေသာ ပြတင်းပေါက် က နေ သတို့သားလောင်း အလာ ကို မျှော်ကြည့် နေတယ် ။ သူဌေးကြီး မှာ ဖြင့် ချွေးသီးချွေးပေါက်တွေ ကျလို့ ။ လမ်းဆုံလမ်းခွ မှာ အရပ် လေးမျက်နှာ ကို ကြည့်ပြီး ရှာဆဲ ဖွေဆဲ ၊ ရှာဆဲ ဖွေဆဲ ၊ ရှာဆဲ ဖွေဆဲ ။
ဟေး ... သတို့သားလောင်း ဘယ်မှာလဲ ။
▢ တာရာမင်းဝေ
📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment