Wednesday, October 9, 2024

ဆည်းဆာအို ပြိုသော်လည်း


 

❝ ဆည်းဆာအို ပြိုသော်လည်း ❞
━━━━━━━━━━━━━━━
ချစ်သက်နွယ် ( လားရှိုး )
━━━━━━━━━━━━━━━
ဆည်းဆာချိန် ဆိုတာ အပူတွေ ဆိတ်သုဉ်း ။ အမောအပန်းတွေ ပြေတဲ့ လူတွေ ရဲ့ အိမ်ပြန်ချိန် ဖြစ်သလို ။ ငှက်ကလေးတွေ ရဲ့ အိပ်တန်းတက်ချိန် ဆိုလည်း မမှားပါဘူးလေ ။ အဲ့ဒီ အချိန်ကလေး မှာ လူတွေ မွေးတယ် ။ လူတွေ သေတယ် ။ လောဘတွေ လေဟုန်ဆန်ပြီး မောဟတွေ ရေစီးကမ်းပြို မျောပါခဲ့ကြတယ် ။ ပြီးတော့ ဒေါသတွေ ဟာ ဘယ်သူမှ မပျိုးဘဲ ရှင်သန်ဖြစ်ထွန်း နေကြတယ် ။ ဒါပေမဲ့ ဆည်းဆာ ကတော့ သူ့ အရောင် သူ ထိန်းရင်း နောက်တနေ့ အတွက် တာဝန် ထမ်းဆောင်ဖို့ ပြင်ဆင်နေခဲ့ပြီးသားပါ ။

တကယ်တော့ အမေ ဆိုတာလည်း ဘယ်သူ က မှ တာဝန် မပေးထားဘဲ သားသမီးတွေ အတွက် ရာသက်ပန် ပင်စင် မရှိ တာဝန် ထမ်းဆောင်တတ်တဲ့ လောက ဝန်ထမ်းတွေ ပါပဲလေ ။

•••••   •••••   •••••

နေ့တနေ့ ရဲ့ နှုတ်ဆက်ချိန် ဟာ လူတွေ ကို ငြိမ့်ငြိမ့်ကလေး လက်ပြ တော့မယ် ။ ညိုပြာပြာ ကောင်းကင် ထက်မှာ တိမ်ဆိုင်တွေ ဝန်းရံ နေတဲ့ နေမင်းကြီး လည်း ပုစွန်ဆီရောင် သမ်းလို့ လာချေပြီ ။ တနေ့ သေရမယ် ဆိုတာ မသိလို့လား လို့ မေးစရာ ရှိကောင်း ရှိမယ် ။ သိပ် သိတာပေါ့ ။ မသေမချင်း ငါ့သား ၊ ငါ့သမီး ရယ် ဆိုပြီး အတ္တတွေ ဝေနေအောင် ပန် ။ မာနတွေ ခါးစောင်းတင်ပြီး ဒီလောကကြီး ကို အံတု နေခဲ့တာလေ ။ အမေ့ ရဲ့ ချစ်ခြင်းမေတ္တာတွေ ကို သိတတ်စ အရွယ်တွေမှာ ကျွန်မ အပါအဝင် ဘယ် သားသမီးမှ မသိတတ်ခဲ့ကြပါဘူးလေ ။ ကျောင်းသွားချိန် မှာ ကျောင်းမှန်မှန် တက်ဖို့ ပြောတဲ့ အမေ့ ကို ကျွန်မ ငြိုငြင်စွာ မျက်စောင်း ခဲပြီး ကြည့်ခဲ့ဖူးတယ် ။ အဲ့ဒီလိုပါပဲ အရာ အားလုံး ရှေ့ ကနေ လမ်းညွှန်ပြပြီး သွန်သင်ခဲ့တဲ့ အမေ့ ကို ကျွန်မ ရန်သူ လိုပဲ မြင်နေခဲ့ဖူးတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ အမေဟာ သူများ အမေတွေ လို လူရာသွင်း ဖို့ မတန်တဲ့ အမေလို့ ကျွန်မ သတ်မှတ်ထားခဲ့တာကိုး ။

•••••   •••••   •••••

အခန်း - ၁

“ ညည်း အမေ ရော ... ကလေးမ .... ”

ကျွန်မ အသံ လာရာဆီ မော့ ကြည့် လိုက်တော့ ဟိုဘက်လမ်း ထဲ က လက်သည် ဒေါ်ညိုမိ ပါ ။ သဘက်စုတ်လေး ခေါင်းပေါ် တင်လို့ သူ့ မျက်နှာ က ရှိရင်းစွဲ အသက် ထက် ပိုပြီး အိုစာလွန်းနေရဲ့ ။

“ အမေ ဘယ်ထွက် သွား လည်း မသိဘူး ဒေါ်ကြီး ရေ ... ဘာ ပြောမလို့ လဲ.... သမီး ကို မှာခဲ့လေ ”

“ အေးပါကွယ် .. ဒီမှာ ဒေါ်ကြီး မိတ်ဆွေ ဆီ က ဆေးကောင်းလေး ရလာ လို့ ညည်း အမေ ဖို့  ယူလာ ပေးတာ .... ”

“ ဪ .... ဟုတ် ... အမေ ပြန်လာရင် ပေးလိုက်မယ် လေ ” 

“ အေး ... မပေးရုံပဲ မပေးနဲ့ .. သတိတရ ညည်း ကိုယ်တိုင် ဆေး တိုက်လိုက်အုံး .. ညည်းတို့ အမေ ခုလို ဖြစ်ရတာ ညည်း ကို မွေးရင်း ဖြစ်ရရှာတာအေ့ .. ညည်း လည်း ခု မငယ်တော့ဘူး ကိုယ့် အမေ ကို ဂရုစိုက် အုံးပေါ့ .. ဟုတ်ပြီလား .. ”

“ ဟုတ် ... ”

ဒေါ်ညိုမိ စကားတွေ ကြောင့် ကျွန်မ စိတ်ထဲ မတင်မကျ ဖြစ်ပြီး ကျန်ရစ် ခဲ့တယ် ။ မိခင် ဖြစ်သူ ရဲ့ ရောဂါဆိုး ဟာ ကျွန်မ ကို မွေးဖွားရင်း ဖြစ်ခဲ့ရတယ် ဆိုတာ ကို ဆယ်နှစ် အရွယ် သာ ရှိသေးတဲ့ ကျွန်မ က ဘယ်လိုများ တွေးခေါ် သိမြင် နိုင်မှာတဲ့လဲ ။ အတွေးတွေ လေလို နှင်ရင်းနဲ့ ဝမ်းဗိုက် က တကျုပ်ကျုပ် မြည်သံ ကြားလေရဲ့ ။ မနက် မိုးလင်း လာတာနဲ့ ပုဆိုးစုတ် တစ်ထည် ကို ခေါင်းပေါ် တင်ပြီး အပြင် ထွက်သွားတဲ့ အမေ့ ကို မျှော်ရတာဟာ လုပ်နေကျ အလုပ် တစ်ခု ဖြစ်နေပါပြီ ။ အဲ့ဒီ မျှော်နေကျ အလုပ် ကိုပဲ အမြဲ ငြူစူစွာ လုပ်နေမိတာ ဟာ ကျွန်မ ရဲ့ မသိတတ်မှု ဆိုတာ ကို အဲ့ဒီတုန်းက ကျွန်မ မသိခဲ့ပါဘူးလေ ။ နေပူကြီး ထဲ ကနေ ချွေးတလုံးလုံး နဲ့ ပြန်လာတဲ့ အမေ့ လက်ထဲ မှာ စားစရာ အထုတ်ကြီး  ။ အထုတ်ငယ် နဲ့ အမေ့ မျက်နှာမှာ အပြုံးတွေ ဝင့် လို့ ။ ကျွန်မ မျက်နှာ ကို ကြည့်ပြီး ပြုံးနေတဲ့ အမေ့ မျက်နှာ မှာ မောပန်းမှုတွေ မတွေ့ ရဘဲ ကြည်လင်အေးမြလွန်း နေရဲ့ ။ ထမင်းထုပ်တွေ ကို ပန်းကန် ထဲ ဖြည် ထည့်ရင်း ထမင်းစားဖို့ ပြင်ဆင်နေတဲ့ အမေ့ ကို ကျွန်မ သိချင်တာတွေ မေး လိုက်မိတယ် ။

“ အမေ .... ”

“ ဟင် .... သမီးလေး ပြော ... ”

“ အမေ့ ရောဂါ က သမီး ကို မွေးလို့ ဖြစ်တာ ဆို ...သမီးကြောင့် ဆို ...”

“ ဟာ ..ဘယ်သူ က ပြောတာလဲ ... ငါ့ သမီးလေး နဲ့ မဆိုင်ပါဘူး .. .အမေ့ ရဲ့
အတိတ် ကံ မကောင်းလို့ ဖြစ်ရတာပါ ... ငါ့ သမီးလေး က အမေ့ အတွက် ရတနာလေး .. တန်ဖိုး မဖြတ် နိုင်တဲ့ အရာလေးပါ ... သမီးလေး ရဲ့ ....”

ကျွန်မ မျက်နှာ ပေါ် က ငြူစူခြင်းတွေ ဟာ အရောင် လွင့်ပြယ်ပြီး အပြုံးလေး တွေ သူ့ အလိုလို ပြေးဝင် လာလေရဲ့ ။ ထမင်း စား နေရင်း ပြောပြနေတဲ့ အမေ့ ရဲ့ အတိတ် တချို့ ထဲ မှာ ကျွန်မ နဲ့ မရင်းနှီးတဲ့ အဖေ့ အကြောင်း တွေပါတယ် ။ ကျွန်မ အဖေ ကို ကျွန်မ မမြင်ဖူးခဲ့ပါဘူး ။ အမေ့ ရဲ့ သေရွာပြန် မီးနေခန်း ထဲ က ဝဋ်ကြွေး တွေ ကို အမူးလွန် နေတဲ့ အဖေ က လက်ဆောင် ပေးခဲ့တာတဲ့ လေ ။ အဲ့ဒီ နေ့ က လူ့လောက ထဲ ကို ကျွန်မ ရောက်လာ သတဲ့ ။

•••••   •••••   •••••

“ အူဝဲ ... အူဝဲ ... ”

“ မွေးပြီ တော့ ... မိန်းကလေး မွေးတာ အေးမြ ရဲ့ ညည်းတော့ အဖော် ရပြီ
အေရဲ့ .... ”

လက်သည် ဒေါ်ညိုမိ စကားကြောင့် အားကုန် နုံးချိနေတဲ့ အေးမြ မျက်နှာ ပေါ်မှာ အပြုံးယဲ့ယဲ့လေး နဲ အတူ ချွေးသီးချွေးပေါက်လေးတွေ ရီးလေး ခို နေရဲ့ ။ အဲ့ဒီ ချွေးပေါက်တွေ ကြား မှာ အပြုံးနုနုလေး ပွင့်လာခိုက် ည အမှောင် ထဲက လကမ္ဘာ လို သာယာလှပလွန်းပါဘိ ။

အဲ့ဒီ လရောင် ထဲ ကို တိုးဝင်လာတဲ့ တိမ်တိုက်မည်းကြီး ကိုတော့ ဘယ်သူ ကြိုမြင် မှာတဲ့လဲ ။ ခြံဝ က နေ လှမ်းဝင် လာတဲ့ သာဒင့် ကို မြင်တာနဲ့ ဒေါ်ညိုမိ အေးမြ ဘေး ကနေ ထ ထွက်သွား တော့တယ် ။

“ အေး ..... မြ ... ကောင်မ .... ဘာလုပ် နေတာလဲ .... ငါ ခေါ်တာ မထူးနိုင်ရအောင် .... ”

ဒယီးဒယိုင် နဲ့ အိမ်လှေကား ကို တက်လာတဲ့ ကိုသာဒင် ။ အေးမြ မီးဖွားနေ တယ် ဆိုတာ သူ သိပုံ မပေါ်ဘူး ။ ဘဝ ကို အရက် နဲ့ မိုးလင်းပြီး အရက် နဲ့ မိုးချုပ်စေခဲ့တဲ့ အရက် ရဲ့ ကျေးကျွန် တစ်ယောက် ပေကိုး ။ ပေါက်ကရ လေးဆယ် ထွက်ကျ နေတဲ့ သူ့ ပါးစပ် က အရက်နံ့ တထောင်းထောင်း ထွက်နေလေရဲ့ ။

“ အေးမြ ... ငါ့ ကို အရက်ဖိုး ပေးစမ်း ... ”

နွမ်းနယ်နေတဲ့ အေးမြ သူ့ ကို ဘာစကား မှ ပြန် မပြောအားဘဲ မွေးကင်းစ သမီးလေး မျက်နှာ ကိုသာ ငေးကြည့် နေတော့တယ် ။

“ ဟာ .. ဒီ မိန်းမ ငါ ပြောနေတာ မကြားဘူးလား ..”

ပြောပြောဆိုဆို ကောက် ပစ်လိုက်တဲ့ သာဒင် လက် က သနပ်ခါးတုံး ရဲ့ ဦးတည်ချက် ဟာ အေးမြ ရဲ့ ခေါင်း ဆီ ကို တည့်တည့် ပြေးဝင်သွားတယ် ။

“ ခွပ် ... ”

ဒါနဲ့တင် မပြီးသေးဘဲ သာဒင် တစ်ယောက် ပြေးထ လာပြီး အေးမြ ကို ခြေ နဲ့ အားကုန် လွဲကန် နေတော့တယ် ။

“ အမလေး ... သမီးလေး ... ငါ့ သမီးလေး ကို မလုပ်ကြပါနဲ့ ... ”

ကယောင်ကတန်း ။ သွေးရူးသွေးတန်း နဲ့ ကလေးငယ် ကို ကောက်ယူ ချီပွေ့ပြီး ပြေးထွက် သွားတဲ့ အေးမြ ရဲ့ ခြေရာတိုင်း မှာ သွေးစက်တွေ ဟိုတစ်စက် သည်တစ်စက် နဲ့ ။ စုတ်ဖွားဖွား ဖြစ်နေတဲ့ ဆံပင်တွေ ကြားကနေ ချီပွေ့ထားတဲ့ ကလေးငယ် မျက်နှာထက် ဆီ သွေးစက်တွေ လွင့်စင် ကျလာတာ ကို မြင်တဲ့ ခဏ အေးမြ ပြေးနေရာ ကနေ ရုတ်ချည်း ဒူးညွှတ် ခွေကျသွားတော့တယ် ။

“ သမီးလေး ... သမီးလေး ဘာမှ မဖြစ်ရဘူး..”

နှုတ် က နေ တဖွဖွ ရေရွတ် နေရင်း နဲ့ အမြင် အာရုံတွေ ဝေဝါး ၊ အသိတရား တွေ ထွေပြားလာပြီး အေးမြ ရဲ့ သွေး နဲ့ မျက်ရည်တွေ တဖြည်းဖြည်း ခြောက်သွေ့ ကာ ညစ်ထေးလာကြတယ် ။

•••••   •••••   •••••

အေးမြ တစ်ယောက် ရင်ခွင်ပိုက်ကလေး ကို နို့ချိုတိုက်ကျွေး နေခိုက် ခြံဝ ကနေ လှမ်းဝင် လာတဲ့ အရက်ဆိုင်ပိုင်ရှင် ဦးအောင်ဝင်း ကို မြင် လိုက်ရတယ် ။

“ ဟဲ့ ... အေးမြ ညည်း ယောက်ျား ရော ...”

“ မသိပါဘူး .. ဦးလေး ရယ် .... မိုးလင်းမိုးချုပ် အိမ် ကပ်တာမှ မဟုတ်တာ ”

“ အေး .. မသိလို့ မရဘူး သူ သောက်ထားတဲ့ အရက်ကြွေးတွေ များ နေလို့ လာ တောင်းတာ ... ”

“ ဪ .. ဟုတ်ကဲ့ပါ .. ဦးလေး ရယ်... ကျွန်မ ကလေး ငယ်သေးလို့ အလုပ်
ထွက် မလုပ်သေးတာပါ .. နောက် တပတ်လောက် ကျရင် ဆက်ဆက် လာပေး
ပါ့မယ် .... ”

ပြန်ထွက် သွားတဲ့ ဦးအောင်ဝင်း ကျောပြင်ကို ငေးကြည့် နေမိရင်း အေးမြ သက်ပြင်းရှည် ကိုသာ အကြိမ်ကြိမ် ချ နေမိ တော့တယ် ။ ညနေပိုင်း နေဝင်ခါနီး ခြံ ထဲ ကို ကသောကမျော ပြေးဝင် လာတဲ့ ပန်းရံဆရာ မြင့်နိုင် ကို မြင်တော့ အေးမြ အလန့် တကြား နားစွင့် နေမိတယ် ။

“ မအေးမြ ... မအေးမြ ယောက်ျား ကိုသာဒင် ကားတိုက် ခံရလို့ .... နေရာမှာ တင် ပွဲချင်းပြီးပဲ ....”

အေးမြ ကလေး ပိုက် ထားရင်း လဲကျ သွား တော့တယ် ။ ပြန် နိုးထလာတဲ့ အေးမြ ဟာ အသိ သတိတွေ ပျောက်ဆုံးပြီး သူ့ အသိ ထဲမှာ သမီးလေး ဆိုတဲ့ အသိ တစ်ခု သာ ကျန်ရစ် နေခဲ့တယ် ။

အချိန်တွေ ။ ရာသီတွေ ရဲ့ ပြောင်းလဲမှု နောက်ကို လွင့်မျော လာမိရင်း အမေ က သူ ပြောပြနေတဲ့ အေးမြ ဇာတ်လမ်း ကို လက်စသ,တ်လိုက်တယ် ။

•••••   •••••   •••••

ကျောင်းပြန်ချိန်တိုင်း ကျောင်းတံခါးဝ မှာ စောင့်ကြို နေတဲ့ အမေ့ ကို ကျွန်မ ရဲ့ ရှက်စိတ်တွေ က မုန်းတီး နေခဲ့တယ် ။ အဲ့ဒီ နေ့ရက်တွေ ကို ကုန်ဆုံးဖို့ ကိုးတန်း နဲ့ အိမ်ထောင် ပြုမိခဲ့တဲ့ ကျွန်မ ရဲ့ မိုက်မဲမှု ကို ဘယ်သူ လာ နှစ်သိမ့်ပါ တော့မလဲ ။ စိတ် ဖောက်ပြန် နေတဲ့ အမေ့ ရဲ့ အုပ်ထိန်းမှု ကို မလုံခြုံဘူး အထင် နဲ့ ရင်ခွင် ပြောင်း ခဲ့တာပဲလေ ။ ကိုယ် အားကိုး ခိုဝင်ခဲ့တဲ့ ရင်ခွင် ဟာ ရာသီ အလိုက် နွေးထွေးမှု ၊ အေးမြမှုတွေ ပေးနိုင်ရဲ့လား ဆိုတာ ကျွန်မ မတွေးမိခဲ့ပါဘူး ။ အောက်ခြေ လူတန်းစား ရဲ့ လမ်းဘေး ဘုံဆိုင် ထဲ က အရက်သမား အသံတွေ ကျွန်မ နားယဉ် နေခဲ့ပါပြီ ။ ကျူးကျော် ရပ်ကွက် ထဲက လင်မယား ရန်ဖြစ်သံတွေ က ကျွန်မ အတွက် တေးသံသာတွေ ပဲ ဆိုကြပါစို့ ။ ညနေ နေဝင်ချိန် လက်လုပ်လက်စား သမားတွေ ရဲ့ အိမ်အပြန် ဇာတ်လမ်း တချို့ ဟာ ကျွန်မ ကြားဖူးနေခဲ့တဲ့ ကိုသာဒင် နဲ့ မအေးမြ တို့ ရဲ့ ဇာတ်လမ်း မျိုးပါပဲလေ ။ သာယာတဲ့ တေးသံတွေ မရှိသလို ၊ လှပတဲ့ ကဗျာတွေ လည်း မပါဝင်ခဲ့ပါဘူး ။ ဒါပေမဲ့ အချစ်တွေ ဖြန့်ခင်းထားတဲ့ အဲ့ဒီ အညတရ တိုင်းပြည် ထဲမှာ ကျွန်မ အမေ့ ကို မေ့ပြီး ပျော်နေခဲ့တာပါပဲလေ ။ အဲ့လို နေ့တွေ ထဲကို ရင်သွေး ဆိုတဲ့ စကားလုံးလေး စတင် ခြေချတဲ့ အချိန်က ကျွန်မ လေ ဘာသာ မပြန်တတ်တဲ့ ခံစားမှု မျိုး ကို ခံစားလိုက်ရတယ် ။

“ အကို ရေ ... ကျွန်မ မှာ ရင်သွေးလေး လွယ်ထားရပြီ သိလား  ”

အိမ်ဝင်ပေါက် နား မှာ ထိုင်ပြီး အရက်သောက် နေတဲ့ သူ့ ကို ဝမ်းသာအားရ လှမ်း ပြောလိုက်တယ် ။ သူ လက်ကျန်ခွက် ကို မော့ချ လိုက်ရင်း ရီဝေဝေ မျက်လုံး တွေ နဲ့ ကျွန်မ ကို လှည့် ကြည့်ပြီး ၊ လုံးဝ ထင်မှတ် မထားတဲ့ စကား ကို ပြောချလိုက်တယ် ။

“ ဘာ ... ကလေး ယူတယ် ဟုတ်လား .. မင်း ကို ဘယ်သူက ကလေး ယူ ခိုင်းလို့လဲ ... ဒီလောက် ရှားပါး နေတဲ့ ခေတ်ကြီး ထဲ မှာ ... အသုံးမကျတဲ့ မိန်းမ .... သွား မင်း ကိစ္စ ကို အပြတ် သွား ရှင်းလာခဲ့ .. မင်း ငါ့ အကြောင်း သိတယ်နော် ... ”

သူ့ အသံတွေ ကို မကြား တချက် ကြား တချက် နဲ့ ၊ ပေါက်ခနဲ ကျလာတဲ့ မျက်ရည်တွေ ကို သူ မြင်မှာ ကြောက်လို့ လုံချည် နဲ့ ကမန်းကတန်း ဆွဲ သုတ်လိုက်ရင်း နင့် နေတဲ့ ရင် ကို သက်ပြင်းချကာ နှစ်သိမ့် လိုက်တယ် ။ ဒီလို နေ့မျိုးဆိုတာ ဇနီး မောင်နှံ နှစ်ဦး ကြည်နူးစွာ အပြုံးချင်း ဖလှယ်ကြတဲ့ နေ့ လို့ ထင်ခဲ့မိတာ ။ အတွေး နဲ့ လက်တွေ့ ဟာ ဘဝချင်း သိပ် ခြားနေလေတော့ ကျွန်မ ရဲ့ အနာဂတ် ကို ဘယ်လို ဆက်ပြီး ဆေးခြယ်ရပါ့မလဲ လို့ မိမိ ကိုယ် မိမိ အခါခါ မေးရင်း ရာသီတွေ တစ်သစ် ဆောင်း လာခဲ့ပြီ ။

•••••   •••••   •••••

“ ဟာ .. သီတာ .. မင်း ကွာ ... မင်း ... တောက် ”

ကျွန်မ ရဲ့ ခန္တာကိုယ် ကို ကြည့်ရင်း သူ ဒေါသ ထွက်စွာ မြည်တွန် တောက်တီး တော့တယ် ။ သောက်လက်စ အရက်ခွက် ကို မော့ သောက်ပြီး ဖန်ခွက် ကို ကျွန်မ ရပ်နေရာ ကြမ်းခင်း ဆီ ကို ပစ်ခွဲလိုက်တော့တယ် ။

“ ခွမ်း ... ”

“ အမလေး .... ”

ဖန်ခွက် ကွဲစ တချို့ ကျွန်မ ခြေထောက် ဆီကို လာရောက် စိုက်မှန်ကုန် တော့တယ် ။ ပြီးတော့ မီးတောက် နေတဲ့ မျက်ဝန်းတွေ နဲ့ ကြည့်ရင်း သူ ထိုင်ရာ က နေ ကျွန်မ အနား ထ လာတယ် ။

“ ဖြောင်း ... ”

ပူထူ သွားတဲ့ ကျွန်မ ပါးပြင် ကိုစ မ်းရင်း မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်း လာလေရဲ့ ။ သူ မကျေနပ် နိုင်သေးဘဲ မီးဖိုချောင် ဘက် ဆင်းသွားတာ ကို မြင်လိုက် တဲ့ ကျွန်မ ဘာကိုမှ စဉ်းစားဖို့ အချိန် မရနိုင်တော့ပါ ။ ယင်းမာဖိနပ် ယဲ့တဲ့တဲ့လေး ကို အပြေးအလွှား လျှို စီးရင်း လမ်းဘက် ကို သုတ်ခြေတင် ပြေးခဲ့ရ လေပြီ ။ သူ့ အကြောင်း ကို ကျွန်မ သိတယ်လေ ။ သူ နှိပ်စက်သမျှ ခံလာရတာကိုး ။ သူ က အရက် သောက် ရင် သွေး ဆိုးပြီး လူ မှန်း မသိအောင် ရိုက်နှက်တတ်တယ်လေ ။ ကျွန်မ ရင်သွေးလေး ကို သူ မလိုချင်ခဲ့လို့ ဖျက်ဆီး ခိုင်းခဲ့တာ ကို ကျွန်မ မှ မလုပ်နိုင်ခဲ့တာ ။ ပြေးလွှား နေရင်း ခြေထောက် က ဒဏ်ရာ က စူးခနဲ နာကျင် နေတယ် ။ အတန်ကြာ ပြေး လာခဲ့ပြီး အဝေးပြေး လမ်းမ ပေါ် ရောက်လာခဲ့တော့ ကုန်တင်ကား တစ်စီး ကို လက်ပြ လှမ်း တားလိုက်တယ် ။

“ အစ်မလေး...ဘယ် သွားမှာလဲ .. ကျုပ်တို့ ကား က ကုန်တွေ နဲ့ .... အစ်မ
ဗိုက် နဲ့ ဖြစ်ပါ့ မလား ”

ကျွန်မ ရဲ့ ဗိုက်ပူပူလေး ကို ညွန်ပြရင်း ကားသမား က အဆင်မပြေနိုင်ကြောင်း ပြောလေရဲ့ ။ ပြီးတော့မှ ကျွန်မ ခြေထောက် က သွေးတွေ ကို လှမ်း ကြည့်ရင်း ကားရှေ့ ခေါင်းခန်း က အတွင်းပိုင်း မှာ ထိုင်လိုက်ခဲ့ဖို့ နေရာ ပေးတယ် ။ သိပ်ပြီး ကြီးမား လွန်းတဲ့ ကုန်တင်ကား မဟုတ်လို့ ကားပေါ် တက် ရတာ နည်းနည်း ခက်ပေမဲ့ ကားသမား နဲ့ ကားစပယ်ယာလေး ရဲ့ ကူညီဖေးမမှုကြောင့် အဆင်ပြေ ခဲ့ရပါတယ် ။ မြို့တွေ ကို ကျော်ဖြတ် လာပြီး နောက် တစ်ရက် ညနေပိုင်းမှာ ကျွန်မ တခါမှ မသိဖူးတဲ့ မြို့ ကို ရောက်လာတယ် ။ သူတို့ ကို နှုတ်ဆက်ပြီး ကျွန်မ အဲ့ဒီ မြို့မှာ ဆင်းနေခဲ့တော့တယ် ။ ကျွန်မ ကို သနားကြလို့ ထင်ပါရဲ့ ။ ငွေ တချို့ ပေးပြီး သူတို့ ထွက်ခွာ သွားကြတယ် ။

•••••   •••••   •••••

ည ဟာ အေးစက်ခြင်း ကို တငြိမ့်ငြိမ့် ဆွဲခေါ်လာချိန် လူစည်ကားရာ ပလက်ဖောင်း ဘေးမှာ ကျွန်မ ထိုင်နေမိတော့တယ် ။ ပင်ပန်းခြင်း ၊ ဆာလောင်ခြင်း ကို မျက်ကွယ်ပြုပြီး အိပ်စက် အနားယူဖို့ နေရာ ရှာနေခိုက် လမ်းသွားလမ်းလာ လူတချို့ ရဲ့ စာနာခြင်း ငွေအကြွေတွေ ကျွန်မ နားမှာ တရွက် ပြီး တရွက် ကျလာတော့တယ် ။ ရုတ်တရက် ဖြစ်လာတဲ့ အခြေအနေ ကြောင့် ကျွန်မ ရင်ထဲမှာ ဝမ်းနည်းသည် လား ၊ ဝမ်းသာသည် လား မသိအောင် ဆို့နင့်စွာ ခံစားလိုက်ရပြီး မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်း လာတော့တယ် ။ ငွေ အကြွေတွေ ကို လိုက် ကောက်ရင်း ကျွန်မ ကျေနပ်စွာ ပြုံး မိနေပြန်တယ် ။ ပြီးတော့ ကျွန်မ ရဲ့ ဗိုက်ပူပူလေး ကို ပွတ်သပ်ရင်း စကား တချို့ ကို တကိုယ်တည်း ရေရွတ် နေမိလေရဲ့ ။

“ ကလေး ရေ .... မင်း အတွက် အမေ ရူးချင် ယောင် ဆောင်မယ် .. မင်း
အတွက် အမေ ဖျားနာချင် ယောင် ဆောင်မယ် .... မင်း အတွက် အမေ သူဖုန်းစားမ အယောင် ဆောင် လိုက်မိပြီ ကလေး ရေ .... မင်း ကို မွေးဖွားဖို့ အတွက် အမေ ဘာမဆို လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ ကလေး ရေ ..”

အားရပါးရ ရယ်မော အော်ဟစ် ပစ်လိုက်ပြီး မှ ကျွန်မ ရင်တွေ ပေါ့ပါး လန်းဆန်း သွားတယ် ။ အမေ ဆိုတဲ့ ခေါင်မိုး အောက် ကို ရောက်မှ ကျွန်မ ရင်ဘတ် ထဲ ကို မေတ္တာသွေး တွေ စီးဝင်လာတာလား ။ အမေ ဆိုတဲ့ သစ်ပင် ကို ပျိုးမိတော့ မှ ကျွန်မ ရင်ဘတ် ထဲ ကို မေတ္တာမိုးရေတွေ သွန်းဖြန်း မိတာလား ။ ဒီလို ဆိုရင် မီးဖွားရင်း သွေးလန့် သွားတဲ့ ကျွန်မ အမေ က ရော ကျွန်မ လိုပဲ ရူးချင်ယောင် ဆောင် ခဲ့တာလား ။ ကျွန်မ ကို ကျွေးမွေးဖို့ သူ ယူ ယူ လာတဲ့ အစားအစာတွေ က တောင်းရမ်း လာခဲ့တာ လား ။ အမေ နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ကို ဖြေနိုင်မဲ့ သူ ကျွန်မ အနားမှာ မရှိတော့ ဘူးလေ ။ အမေ့ ကို ခြေစုံကန်ပြီး ထွက်ပြေး လာခဲ့တဲ့ နောက်ပိုင်း မှာ ကျွန်မ အမေ့ ကို မေ့ နေခဲ့လေရဲ့ ။ ခုလို အချိန်မျိုး ကျမှ အမေ့ ကို သတိတရ တမ်းတမိတာ ဟာ သားသမီးတွေ ရဲ့ လို မှ တ တတ်တဲ့ အကျင့်ဆိုး ကြောင့် များလား ။ အတွေးတွေ ရွက်လွင့်ရင်း နာရီတွေ ကြွေကျ ၊ ရာသီတွေ မြေခ ခဲ့လေပြီ ။

•••••   •••••   •••••

သားငယ် ကို ခါး မှာ ပိုက်ရင်း ဈေးပတ်ဝန်းကျင် တလျှောက် လှည့်လည်
တောင်းရမ်း နေခိုက် ကားလမ်းဘေး က နေရာ မှာ လူအများ ဝိုင်းအုံ ရပ်ကြည့် နေတဲ့ နေရာ ကို ရောက်လာတယ် ။ ကျွန်မ လည်း လူတွေ ကြား ထဲ တိုးဝှေ့ ကြည့်မိတော့ ညစ်ပတ်နံစော် နေတဲ့ မိန်းမကြီး တစ်ဦး ကားတိုက် ခံထားရတာတွေ့ရတယ် ။ အဲ့ဒီ မိန်းမကြီး နှုတ်ဖျား က ငါ့ သမီး ကို မထိ နဲ့ .... ငါ့ သမီး ကို မခေါ်သွားနဲ့ ... ဆိုတဲ့ အသံ ကို ဆက်တိုက် ရေရွတ် နေတော့တယ် ။ အဲ့ဒီ အသံ ကို ကျွန်မ တရင်းတနှီး ကြားဖူး သလို ၊ သူ့ ရုပ် ကို လည်း ကျွန်မ ရင်းနှီး နေမိတယ် ။

“ အမေ အမေ လားဟင် ... ”

ကျွန်မ သားငယ် ကို မြေပြင် ပေါ် ချလိုက်ပြီး သွေး အလိမ်းလိမ်း ပေ နေတဲ့ သူ့ ကို ပွေ့ယူ ခေါ်ငင် လိုက်တယ် ။ ယောက်ယပ်ခပ် နေတဲ့ သူ့ မျက်ဝန်းတွေ ထဲမှာ မျက်ရည်ကြည် တွေ ပြည့်လို့ ။

“ ဘယ်က ရောက်လာတဲ့ အရူးမကြီး လည်း မသိပါဘူး .. သူ အရုပ်မ ကို စည်ပင် အမှိုက်ကား က အမှိုက် ထင်ပြီး ကောက်သိမ်း သွားတာ မြင် ပြီး ပြေးလိုက်ယူ ရင်း က ကားတိုက် ခံရတာ .... ကျုပ် အထင်တော့ သားရူးသမီးရူး ထင်ပါရဲ့ ”

လူအုပ် ထဲ က လူ တစ်ယောက် ရဲ့ စကားတွေ က ကျွန်မ နား ထဲ မှာ မကြား သလို ကြားသလို နဲ့ ။ သမီးရေ ... သမီးလေး...လို့ တဖွဖွ အော်မြည် နေတဲ့ ကျွန်မ ရဲ့ အမေ ကို အမေ လို့ ခေါ်ဖို့ ကျွန်မ ရှက်ဖူးခဲ့တာ ။ သူ က တော့ ကျွန်မ မဟုတ်တဲ့ အရုပ် ကို သမီးလေး လို့ တဖွဖွ ခေါ်ရင်း အသက်ငင် နေရှာပါပေါ့လား ။ ကျွန်မ ပျောက်သွားလို့ ကျွန်မ နေရာ မှာ အစားထိုး ထားတဲ့ အရုပ်လေး အတွက် တောင် အသက်ပေး ကာကွယ်မဲ့ အမေ့ ကို သားသမီးရူး ရူးနေတဲ့ အရူးမကြီး တဲ့ လား အမေ ရယ် ။ အဲ့လိုဆိုရင် ကျွန်မ ရဲ့ သားလေးကရော ကျွန်မ လို အမေ ကို အမေ ခေါ်ရမှာ ရှက်နေမှာပဲပေါ့ ။ ကျွန်မ ကို အရူးမကြီး ဆိုပြီး ကျွန်မ သားလေး က ထားသွားခဲ့ရင် ရော ကျွန်မ ရူးသွားရမှာပဲလား ။ ကျွန်မ မရူးချင်ပါဘူး ။ ကျွန်မ အမေ့ လို မရူးချင်ဘူး အမေ ။ သို့နှင့် ကြေကွဲ နေတဲ့ ကျွန်မ ရင် တစ်ခုလုံး မှာ အမေ ဆိုတဲ့ စကားလုံးတွေ ပြည့်နှက်နေပေမဲ့ ကျွန်မ နှုတ်ဖျား မှာ တော့ သား .. ဆိုတဲ့ ဝေါဟာရ ကို သာ တဖွဖွ မြည်တမ်းနေမိတယ် ။ ဒါဆို ကျွန်မ တကယ် မရူးသေးဘူး ထင်ပါရဲ့ ။

ကျွန်မ မရူးသေးပါဘူး ... ကျွန်မ တကယ် မရူးသေးပါ ဘူးလေ ....

▢ ချစ်သက်နွယ် ( လားရှိုး )

📖 တစ်ယောက်တစ်ဘဝ ( ၁ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment