❝ ဘုရားသိတယ် ❞
ည သန်းခေါင်ကျော် လာချိန်ထိ တစ်မှေးတစ်မှိတ် မျှ အိပ်စက်ခြင်း မပြုရသေး သည့် တိုင် ညီအစ်ကို နှစ်ယောက်စလုံး မျက်လုံးတွေ ကျယ်ကာ လန်းဆန်း နိုးကြားနေကြဆဲ ဖြစ်သည် ။ သုံးနှစ်သုံးမိုး ကြာအောင် အလည် မပြန် ဖြစ်ခဲ့ သော ဇာတိရပ်ရွာ အညာဒေသ သို့ နွေရာသီ ရက်ရှည်ခရီး အလည် ပြန်ရ တော့မှာ ဖြစ်၍လား မသိ ။ ဝမ်းမြောက်ရွှင်ပျ စိတ် က ညီအစ်ကို နှစ်ယောက် စလုံး ကို ပေါ့ပါးမြူးတူး စေခဲ့သည် က ရက်ပိုင်းမျှ တော့ ကြာခဲ့ပြီ ။
ရန်ကုန်တိုင်းမြောက်ပိုင်း ရှိ “ တစ်သက်ပန် ” ဥစားနှင့် အသားတိုး ကြက် မွေးမြူးရေးခြံ သို့ သိန်းကြည် နှင့် သိန်းရီ တို့ ညီအစ်တို့ ကို အညာဒေသ မှ ရောက်ခဲ့ကြ ကတည်းက ဇာတိ သို့ မပြန်ဖြစ်ကြ ။ စုငွေဆောင်းငွေ ကိုတော့ လူကြုံဖြင့် တစ်နှစ် တစ်ကြိမ် ပို့ဖြစ်ခဲ့ကြ၏ ။ သိန်းကြည် က အသက် ၂၃နှစ် ရွယ် ၊ “ ကလေး တစ်ယောက် ရှိသော အိမ်ထောင်သည် ဖြစ်ပြီး ” အသက် ၁၈နှစ် ရွယ် သိန်းရီ က လူပျို ။
တစ်အူထုံဆင်း လည်း ဖြစ်ကြ ၊ စည်းကမ်း တင်းကျပ်သော အလုပ်ရှင် လက်အောက် မှာ လူပင်ပန်း စိတ်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ကြရသဖြင့် တစ်ဦး ပေါ်တစ်ဦး သံယောဇဉ် ပို တွယ်လာကြသည် ။ သူတို့ အလုပ် လုပ်ရသော ကြက်ခြံ မှာ ရန်ကုန် မြောက်ဖျား မှော်ဘီမြို့နယ် တစ်နေရာမှာ ရှိသော်လည်း လွန်ခဲ့သော ၃ နှစ် အတွင်း သူတို့ သည် မိုင် ၃ဝ မျှသာ ဝေးသော ရန်ကုန် သို့ ၃ ခေါက် မျှသာ သွားခွင့်ရခဲ့ကြသည် ။
“ ကြက်ခြံအလုပ်သမား ဆိုတာ မီးနေသည် ကို မီးနေစောင့် ပေးတဲ့ ဝမ်းဆွဲ လို အချိန်ပြည့် ကြက်ခြံ မှာ ရှိရတယ်ကွ ” ဟု ကြက်ခြံရှင် ဦးကြင်ဝှက် က ပြောဖူးသည် ။
‘ တစ်သက်ပန် ’ ကြက်ခြံ တွင် သိန်းကြည် တို့ ညီအစ်ကို အပါအဝင် အလုပ်သမား ၇ ယောက် ရှိသည် ။ ကြက်ခြံ မှာ အမြဲနေထိုင်သူ ကတော့ သိန်းကြည် တို့ ညီအစ်ကို နှင့် ‘ ဖထီး ’ ခေါ် ကရင်အမျိုးသားကြီး တစ်ယောက် သာ ရှိရာ သူတို့ သုံးယောက် က ကြက်ခြံ မှာ ပို၍ အလုပ် လုပ်ကြရသူများ ဟု ဆိုနိုင်သည် ။ အလုပ်ပို လုပ်ရ၍ သူဌေးဦးကြင်ဝှက် ကလည်း အခွင့်အရေး နှင့် အပို ဘောက်ဆူးငွေ ပို၍ ပေးသည် ။ ဆေးလိပ် မသောက် ၊ ကွမ်း မဝါးသော သိန်းကြည် တို့ ညီနောင် သည် ရသမျှငွေ ကို ကျစ်ကျစ်ပါအောင် စုကြသည် ။ စုမိသမျှ ငွေ ကို အညာ က ဆင်းရဲပင်ပန်း နေကြသော မိသားစု ထံသို့ ပို့ဖြစ် အောင် ပို့ပေး ကြသည် ။
သည်နှစ်တော့ အခါတွင်း ( သင်္ကြန်ကာလအတွင်း ) မှာ သိန်းကြည် ၏ ဖခင် က ဒုလ္လဘရဟန်း ခံ၍ သူတို့ ညီငယ်ကလေး တစ်ယောက် က သာမဏေ ဝတ်မည် ဖြစ်သည် ။ အလှူ ထဲ တွင် သိန်းကြည်တို့ ပေးပို့သော ငွေ ကလည်း တစ်တပ်တစ်အား ပါဝင်မည် ဖြစ်သည် ။ ထိုအခါ သိန်းကြည်တို့ ညီအစ်ကို လည်း ငယ်ငယ်ရွယ်ရွယ် နှင့် အလှူဒါယကာကလေးတွေဖြစ်လာမည် ဟု သူတို့ ဝမ်းပန်းတသာခံစားကြရသည် ။
ရွာ မှာ ပြင်ဆင်စီစဉ် နေသည့် အလှူအကြောင်း ကို သူဌေးဦးကြင်ဝှက် အား ပြောပြသောအခါ ဦးကြင်ဝှက် က အလှူ ထဲမှာ အလှူငွေ ၅ သောင်း ကျပ် ထည့်ဝင်၍ သိန်းကြည် တို့ ပို၍ရွှင်မြူးသွားကြသည် ။ သူတို့ သည် သူတော်ကောင်း အလုပ်ရှင် နှင့် တွေ့ ရလေသည် ဟုပင် ရိုးရိုးသားသား မှတ် ယူမိကြသည် ။ ဦးကြင်ဝှက် က ငွေကျပ် သိန်း ၇၀၀ လောက် တန်သော ကားကြီး စီးနေသည် ကိုတော့ သူတို့ မစဉ်းစားမိကြ ။ ဦးကြင်ဝှက် သည် သူတော်ကောင်း ကယ်တင်ရှင်ကြီး သာ ဖြစ်သည် ။ ဦးကြင်ဝှက် ၏ ကြက် ခြံ မှာသာ သူတို့ အလုပ် မရခဲ့လျှင် သူတို့ သည် အညာ က နေပူ ဖုန်ထူသော စပါးခင်း ၊ ပဲခင်းတွေထဲ မှာသာ ပူပူလောင်လောင် ၊ ချို့ချို့တဲ့တဲ့နှင့် ရုန်းကန် နေကြရမှာ သေချာသည် ။ ပြီးတော့ မိဘများ အလှူမှာ ယခုလို အလှူငွေ မတည်ပေးနိုင်ခဲ့မှာ မဟုတ် ။ မိမိတို့၏ ဘဝများ အသက်ရှူချောင်လာကြ ရခြင်းအတွက် မြတ်စွာဘုရား ၏ ဂုဏ်ကျေးဇူးတော် ကို လည်း မမေ့မလျော့ ပူဇော်လိုသည် ။ ထို့အတူ ဦးကြင်ဝှက် ၏ စောင့်ရှောက်ကူညီမှု ကို လည်း မမေ့မလျော့ ကျေးဇူးတင်လိုက်ချင်သည် ။
“ ကျွန်တော်တို့ သူဌေးတရုတ်ကြီး က သိပ် သဘောကောင်းတာဗျ ” ဟု လည်း အညာ ရောက် လျှင် ရင်ဖွင့် ကြွေးကြော် လိုက်ချင်သည် ။
ညဦးပိုင်း တုန်းက ဖထီး သည် ခရီး ထွက်မည့် အညာသား ညီအစ်ကို အား ကြက်သားကာလသားဟင်းချက် ၍ ဧည့်ခံ နှုတ်ဆက်သည် ။ ဖထီး က တော့ အရက်ဖြူ တစ်ပုလင်း ထောင်လို့ ။
“ ခရီးထွက်မယ့် အထိမ်းအမှတ် တစ်ခွက် လောက်စီ ချကြပါလားကွ ဟေ့ ” ဟု ဖထီး က ဖိတ်ခေါ်သည် ။
သိန်းကြည် က နှာခေါင်း ရှုံ့၍ ခေါင်းခါ သော်လည်း အငယ်ကောင် သိန်းရီ က ပြုံးစပ်စပ်နှင့် အစ်ကို့ မျက်နှာကို ကြည့်ကာ အဖော်ညှိသည် ။ သိန်းကြည် က သိန်းရီ ကို မသောက်စေချင်သော်လည်း တစ်ခါတလေ အနည်းအကျဉ်း သောက်မယ် ဆိုလည်း သောက်ပါစေဟု သဘောရကာ မေးငေါ့ ပြလိုက်သည် ။ အစ်ကို နည်းတူ တစ်သက်မှာ တစ်ကြိမ်မျှ အရက် မသောက်ဖူးသော သိန်းရီ သည် ဖထီး ငှဲ့ပေးသော အရက် ကို ဖန်ခွက်ထဲက နေ ရဲရင့်တက်ကြွစွာ သောက်မျိုချလိုက်သည် ။
အရက် သောက်ချလိုက်ပြီး ၁ မိနစ် အတွင်း ရှုံ့မဲ့ သွားသော သိန်းရီ ၏ မျက်နှာနုနု သည် မီးရောင် အောက်တွင် နီရဲတောက်ထိန် လာသည် ဟု သိန်းကြည် ထင်သည် ။ သိန်းရီ က မျက်လုံးတွေ ဝင်းလက် အရည် လဲ့လာသည် ကို လည်း တွေ့ရသည် ။
“ အား ... မီးခဲကို မျိုချရတဲ့ အတိုင်းပါလား ဖထီးရာ ” ဟု သိန်းရီ က ရှုံ့မဲ့မဲ့ ပြောသည်ကို ဖထီးက တဟဲဟဲ ရယ်သည် ။ သိန်းကြည် မှာ သူ ကိုယ်တိုင် ရင် ထဲ မှာ ပူရှလာသည်သလို ခံစားရပြီး ကြည်လင် ပေါ့ပါးနေသည့် စိတ်နှလုံး မှာ လေးလံသွားသည် ။
“ တော်ပြီကွ ညီလေး ၊ တော်ပြီ ။ ဒါပဲနော် ငါတို့ ကားစီးကြရဦးမှာ ။ ကားက လည်း ကွာ ကသိကအောက် နဲ့ ” ဟုပြောရင်း သိန်းကြည် ရင်ထဲမှာ အလိုလို မောဟိုက်လာသည် ။ တော်ပြီ သည် အမြန်ကားလိုင်း ကို ဘယ်တော့ မှ မစီးတော့ဘူး ။
အမှန်က သူတို့ စီးရမည့် အဝေးပြေးဘတ်စ်ကား သည် ညနေ ၉ နာရီ ကတည်းက သူတို့ ကြက်ခြံရှေ့ ပြည်လမ်းမ ပေါ်မှ မှတ်တိုင်သို့ ရောက်ရမှာ ဖြစ်သည် ။ သို့သော် ညနေ ၄ နာရီ လောက်က သူတို့ ထံသို့ ကားဂိတ်ရုံး မှ ဖုန်းဆက်သည် ။ ကား ပြင်ဆင်နေရသောကြောင့် ဆိုက်ရောက်သည့် အချိန် မှာ နံနက် ၁ နာရီ ဟု ဆိုသည် ။ ကားထွက်ချိန် နောက်ကျခြင်း အတွက်လည်း တောင်းပန်စကား ပြောသည် ။ ထိုစဉ် ကတည်းက သိန်းကြည် စိတ်ထဲမှာ စနောင့်စနင်း ဖြစ်ရသည် ။ ညီ ဖြစ်သူက အရက် မသောက်စဖူး သောက်လိုက် သော အခါမှာလည်း သိန်းကြည် စိတ် စနောင့်စနင်း ဖြစ်ရပြန်တော့သည် ။
“ အစ်ကို အဖေ့တို့ ကို ကျွန်တော် သောက်တာ ပြန်မပြောနဲ့နော် ” ဟု သိန်းရီ က ပတ်ချွဲနှပ်ချွဲ ပြောလာပြန်သောအခါ သိန်းကြည် ပို၍ပင် စိတ် စနောင့်စနင်း ဖြစ်ရပြန်လေသည် ။
“ မင်း အရက် သောက်တာ ငါ ပြန် မပြောပါဘူး ။ အဖေ တို့ အမေ တို့ လည်း ဘယ်တော့မှ မသိနိုင်ပါဘူး ။ ဒါပေမဲ့ ဘယ်သူ သိသိ ၊ မသိသိ သေချာပေါက် သိနေတာကတော့ ဘုရား ပဲ ၊ ဘုရား သိတယ်ညီလေး ”
သိန်းကြည် က ကြိုးစား၍ ပြုံးရင်း အသံအစ်အစ် ဖြင့် ပြောသောအခါ သိန်းရီ မျက်နှာ တစ်ချက် ညှိုးသွား၏ ။
“ ရွာ ပြန်ရတော့မှာမို့ ကျွန်တော် ပျော်ပြီး သောက်တာပါ အစ်ကိုရာ ၊ နောက် ဘယ်တော့မှ မသောက်တော့ပါဘူး ”
သိန်းရီ က အစ်ကိုကြီး ထံ လက်မောင်း တစ်ဖက် ကို ဆုပ်ကိုင်ကာ တောင်းပန်သံ ဖြင့် ပြောသည် ။ သိန်းကြည် ကတော့ ကျောက်ရုပ်ကြီး လို မတုန်မလှုပ် ငြိမ်နေသည် ။
“ တစ်ခါတလေပဲ ကွာ ၊ ခွင့်လွှတ်လိုက်ပါ သိန်းကြည် ရာ ” ဟု ဖထီး က အသံအောကြီး ဖြင့် လှုပ် ပြောသည် ကို သိန်းကြည် က မကြားချင် ယောင် ဆောင် နေလိုက်သည် ။ ဖထီး ကို ခင်တော့ ခင်သည် ။ ဖထီး အရက် သောက်တာ ကို တော့ မကြိုက် ။ ညီလေး ကို အရက် တိုက်တာ ကို တော့ ပို၍ပင် မကြိုက် ။ လူကြီးတွေ ပြောလေ့ ရှိကြသည် ။ အစ ရှိ အနောင်နောင် တဲ့ ။
သိန်းရီ သည် ကိုယ့်ကိုယ် ကို မဟန်နိုင်တော့သလို အနီးရှိ အိပ်ရာ ပေါ်သို့ ခြေပစ်လက်ပစ် လှဲ ချလိုက်သည် ။
“ ဟူး ... အရက်ကြီး ကလည်း ဘယ်လိုကြီးမှန်း မသိပါဘူးကွာ ။ အီလည်လည် နဲ့ ရင် ထဲမှာ ပူနေတယ် ” ဟု သိန်းရီ က ညည်းလိုက်သောအခါ သိန်းကြည် က ညီဖြစ်သူ ကို မျက်စောင်းထိုး ကြည့်သည် ။
“ အဲဒါ ရာသက်ပန် သင်ခန်းစာပဲကွ ၊ နောက် ဆိုရင် အရက် ကို ဝေးဝေး က ရှောင်ပေတော့ ”
သိန်းရီ က လက်မောင်းနှ စ်ဖက်ကို ပူးယှက်၍ နဖူးပေါ် တင်ရင်း မျက်စိ တွေကို မှိတ်ထားလိုက်၏ ။ အူရိုင်းကလေး တစ်ယောက် ကို ဒီဂရီ ပြင်းသော အရက်ဖြူ က လွှမ်းမိုးနှိပ်စက်စ ပြုနေပြီ ။ အနီး ရှိ ဖထီး ကတော့ အရက် ကို ရေသောက် သလို သောက်နေသည် ။
“ မင်း အိပ်ချင် အိပ် ညီလေး ၊ ဒါပေမဲ့ ၁၂ နာရီ ထိုး ရင်တော့ ထရမယ် ။ ငါတို့ ကား က ၁၂ နာရီခွဲ လောက် ရောက်မှာ ။ အခု ည ၈ နာရီ ကျော်ပြီ ” ဟု သိန်းကြည် က လက်ပတ်နာရီ ကို မြှောက်ကြည့်ရင်း သိန်းရီ ကို သတိပေး လိုက်၏ ။
“ အိပ်လို့ မရပါဘူး အစ်ကိုကြီးရာ ”
သိန်းရီ က လူမမာသံ ဖြင့် အာလေးလျှာလေး ပြောသည် ။
“ အိပ်လိုက်ကွာ ပျော်အောင် အိပ်လိုက် ၊ အိပ်ပျော်သွားမှ ပဲ မင်း အမူး ပြေမှာ ” ဟု ပြောလိုက်သော သိန်းကြည် ၏ အသံ ထဲ မှာ မချိတင်ကဲ ဝမ်းနည်းသံ ပေါ်နေသည် ။ အမှတ်မထင် အလိုလိုက် မိခဲ့ခြင်းကြောင့် ညီ ဖြစ်သူ အူရိုင်းကလေး တလူးလူး တလွန့်လွန့် ခံစားနေရသည် ကို သိန်းကြည် မကြည့် ရက်တော့ ။ အိမ် ထဲ မှ အပြင် ထွက်ခဲ့ပြီး ညကောင်းကင် မည်းမည်း ကို ရည် ရွယ်ချက်မရှိ မော့ကြည့်သည် ။
သည်လိုနှင့်ပင် ည ၁၂ နာရီ ထိုးရန် ၅ မိနစ် အလိုမှာ သိန်းကြည် က အိပ်ပျော် နေသည့် သိန်းရီ ကို နှိုးသည် ။ သိန်းရီ သည် လေးလေးလံလံ ပျင်းတွဲတွဲ နှင့် အိပ်ရာမှ ထသည် ။ မျက်နှာ က မကြည်မလင် ။
“ မင်း ... အမူး မပြေသေးဘူးလား ”
“ ဟင့်အင်း ခေါင်းတွေ အုံနေတယ် ၊ ခေါင်း မထူချင်ဘူး ”
“ အကောင်းဆုံး အရက် သင်ခန်းစာပေါ့ကွာ ”
ည ၁၂ နာရီ ထိုးရန် ၅ မိနစ် အလို တွင် ဖထီး ကို နှိုး၍ နှုတ်ဆက်ပြီး ညီအစ်ကို နှစ်ယောက် ကျောပိုးအိတ် ကိုယ်စီ နှင့် ခြံဝင်း ထဲမှ ထွက်လာခဲ့ကြသည် ။ သိန်းကြည် က ခြေလှမ်း မှန်သော်လည်း သိန်းရီ ကတော့ အိပ်ပျော် ရင်း အိပ်မက်မက် လမ်း ထလျှောက်သူ လို ခြေလှမ်းတွေ နှေးကွေး တရွတ်ဆွဲ နေသည် ။
လမိုက်ရက် ဖြစ်၍ ကောင်းကင် မှ အလင်း မရှိ ။ အနီးဝန်းကျင်ရှိ ခြံများ မှ အားနည်း မှိန်ဝါးသော လျှပ်စစ်မီး လို မီးချောင်း အချို့၏ အလင်းများက သာ မဝံ့မရဲဖြာကျနေသည် ။ “ တစ်သက်ပန် ” ကြက်ခြံရှေ့ ပြည်လမ်းမကြီး တစ်ဝိုက်၌ အစိုးရလမ်းမီး မရှိ ၊ တောင်ဘက် ကိုက် ၅၀၀ ၊ မြောက်ဘက် ကိုက် ၅ဝဝ လောက် ဆီ မှာပဲ အစိုးရလမ်းမီးတွေ မှိန်ဖျော့ဖျော့ လင်းနေကြသည် ။
ပြည်လမ်းမကြီး ပေါ်၌ ယခု ည ကား အသွားအလာ ထူးထူးခြားခြား ကျဲလျက် ရှိသည် ။ သန်းခေါင်ယံ အချိန် တစ်ဝိုက်မှာ ဒီလိုပဲ ကား အသွား အလာ ကျဲတတ်သော်လည်း ယခု ည မှာတော့ ပြည်လမ်းမကြီး မှာ လူ မသုံး သည့် တစပြင် လမ်းမကြီး လို တိတ်ဆိတ်ခြောက်ကပ် နေသည် ။ စောစော ပိုင်း ည ၁၀ နာရီ လောက် အထိ တော့ ကား အသွားအလာတွေ မျက်စိ ရှုပ် အောင် ဥဒဟို ပြေးလွှားကြပေလိမ့်ဦးမည် ။
ညီအစ်ကို နှစ်ယောက် ကျောပိုးအိတ်တွေ ကို လမ်းအစပ် မြေပြင် ပေါ်မှာ ချလိုက်ကြသည် ။
“ နောက် ၁၅ မိနစ် အတွင်း ငါတို့ စီးမယ့် ( အောင်ထိပ်စံ ) ကား ရောက် လာတော့မှာ ” ဟု သိန်းကြည် က ပြောလိုက်သည် ။
“ လာချင်တဲ့ အချိန် လာကွာ ၊ ငါ က တော့ ကားပေါ် ရောက်တာနဲ့ တန်း အိပ်မှာပဲ ” ဟု ပြောကာ သိန်းရီ သည် လမ်းမပေါ် တက် လျှောက်ရင်း ကား လာမည့် တောင်ဘက်အရပ် အမှောင်ထု ထဲသို့ ငေးကြည့်သည် ။ မည်သည့် ကား မီးရောင် ကို မျှ မမြင်ရ ။
“ အစ်ကိုကြီး အညာ ကျရင် ငါ အရက် သောက်တဲ့ အကြောင်း အမေတို့ ကို ပြန် မပြောပါနဲ့နော် ” ဟု သိန်းရီ က လမ်းအစပ် မှာ ဖင်ထိုင် ချရင်း သိန်းကြည် ကို လှမ်းပြောသည် ။
“ ငါ ပြောပြီးပြီပဲ ။ ငါ ကတော့ ပြန်မပြောဘူး ။ ဒါပေမဲ့ မင်း အရက် သောက်တာ ဘုရား သိတယ် ။ ငါ ပြောတာ သဘောပေါက်လား ”
သိန်းကြည် ၏ အမေးကို သိန်းရီ က ပြန်မဖြေဘဲ လမ်းအစပ် ကတ္တရာ ပြင် ပေါ်မှာ ဒူးနှစ်လုံး ထောင်၍ ထိုင် ၊ ဒူး ပေါ် မှာ လက် နှစ်ဖက် ယှက်ကာ ခေါင်း တင် လိုက်သည် ။ သိန်းကြည် သည် မှောင်ရိပ်ခြုံစပ် ဆီ သို့ လျှောက် သွားကာ မတ်တတ် ရပ်၍ ဆီး သွားသည် ။ ဆီး သွား ပြီး ပြန်လှည့်လာတော့ ရန်ကုန်ဘက် မှ လာနေသော ကားတစ်စီး ၏ စူးရှလင်းထိန်သော ကားမီး ရောင် ကို တွေ့ ရသည် ။ ကား က ရိပ်ခနဲ ရိပ်ခနဲ နီးလာနေသည် ။
“ ဟေ့ကောင် သိန်းရီ ... ကား ... ကား လာနေတယ် ”
သိန်းရီ က မလှုပ် ။ ထိုင်မြဲ ထိုင်နေသည် ။
ပစ်ကပ်ကား က သိန်းရီ ကို နောက်မြီး နှင့် ရိုက်ချပြီး အရှိန်မပျက် ဆက် မောင်းသွားသည် ။ ကတ္တရာလမ်း ပေါ် ကနေ မြေပြင်လမ်းပခုံး ပေါ် သို့ လွင့် ကျလာသော သိန်းရီ မှာ ကျသည့် နေရာ၌ ပင် ခွေခွေကလေး မလှုပ်မယှက် ငြိမ်သက် နေသည် ။ သိန်းကြည် သည် အသံနက်ကြီး ဖြင့် အော်ဟစ်ရင်း ညီငယ် ဖြစ်သူ ထံ ဒိုင်ဗင်ထိုး ချလိုက်တော့သည် ။
⎕ ကြူးနှစ်
📖 ရုပ်ရှင်တေးကဗျာ ရသစုံ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၁၄
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment