❝ ကလေးပေးတတ်သော နတ်သမီး ❞
( ကြပ်ကလေး )
လေဟုန်စီးကာ ရောက်လာသူ ကား အတောင်ပံကလေး နှင့် အလွန် လှပသော ပန်းဝတ်မှုန်နတ်သမီးကလေး တစ်ပါး ဖြစ်တော့၏ ။ သူ သည် လည်း အရပ် မှာ နှစ်တောင် လောက် သာ ရှိသည် ။ သူ ကား ကလေး ပေးတတ်သော ပန်းဝတ်မှုန်နတ်သမီးလေး ပင် တည်း ။
“ ဟဲ့ .. အရာ ၊ နင် တယ် ဆိုးနေပါလား ။ တော်ရာ သွားစမ်း ”
လူပုကလေး အရာ သည် နတ်သမီးလေး ၏ အဆူအကြိမ်း ကို ခံရသောအခါ စိတ် ထဲ တွင် မကျေနပ် သော်လည်း ကုပ်၍ ပန်းပင်တွေ အကြား သို့ ဝင်ရောက် ပျောက် ကွယ်သွားလေသည် ။
နတ်သမီးကလေး သည် ဒေါ်ပျူငှာ ဘက်သို့ လှည့်လိုက်၏ ။
“ အဒေါ်ကြီး ဘာကိစ္စ နဲ့ ဒီကို ရောက်လာတာလဲ ”
ဒေါ်ပျူငှာ သည် အလွန် ဝမ်းသာ သွားကာ ပြန် ပြောသည် ။
“ ဝမ်းသာလိုက်တာ နတ်သမီးလေး ရယ် ၊ နတ်သမီးလေး ကို တွေ့ချင်လွန်းလို့ ဒီကို လာရတာ အခေါက်ခေါက် ရှိပါပြီ ။ အရာ မရောက်တာနဲ့ ”
“ စောစောက အရာ ရောက်သားပဲ ”
“ အို .. အဲဒီ အရာ ကို ပြောတာ မဟုတ်ပါဘူး ”
“ ဘယ် အရာ ကိုပြောတာလဲ ”
“ ဟို .. ဟာ .. ဘယ်အရာ ကို ပြောမိမှန်းလည်း မသိပါဘူးလေ ။ ကျုပ် လာရတဲ့ အကြောင်း က ဆု လိုချင်လို့ပါ ”
“ အဒေါ်ကြီး က ဘာ ပြိုင်ပွဲ ဝင်ထားလို့လဲ ”
“ အို .. ပြိုင်ပွဲ က ဆု ကို ပြောတာ မဟုတ်ပါဘူး ။ ကျုပ် မှာ ကလေး မရှိဘူး ။ အဲဒါကြောင့် ကလေးဆု ကို လာ တောင်းတာပါ ”
ပန်းဝတ်မှုန်နတ်သမီးကလေး သည် ပြုံးမိတော့၏ ။
“ ဪ .. ဒီလိုလား ”
“ ဟုတ်တယ် .. ဒီလို အော်တာပဲ ၊ ဟယ် ဟုတ်ပေါင် ။ အဲဒီလိုပဲလို့ ပြောတာပေါ့ ”
“ ကဲ .. ဒါဖြင့် ဟောဟို ကန် ထဲ က ကြာပွင့်ကလေး တစ်ခု ကို ခူးလိုက်ပါ ”
ဒေါ်ပျူငှာ သည် နတ်သမီးကလေး စေခိုင်းသည့် အတိုင်းပင် ကြာဖြူပွင့်ကလေး တစ်ပွင့် ကို ခူး၍ နတ်သမီးကလေး အား ပေးလေ၏ ။ နတ်သမီးကလေး သည် ကြာပွင့် ကို လက်ဖြင့် အသာ သပ်၍ ကြာဝတ်ဆံ ကလေး တစ်ခု အား ရွေးကာ ဒေါ်ပျူငှာ အား စားစေပြီး ပြန် လွှတ်လိုက်လေသည် ။
များမကြာမီပင် ပူနာတေးရွာ မှ ဦးဖြူ ဒေါ်ပျူငှာ တို့ တွင် သမီးလေး တစ်ယောက် ဖွားမြင်လာလေတော့၏ ။ ဒေါ်ပျူငှာ သည် ကြာဝတ်ဆံ ကို စား၍ မွေးဖွား လာခဲ့ရသော သမီးကလေး ဖြစ်သောကြောင့် “ ကြာဝတ်ဆံ ” ဟူ သော အမည် ကို မှည့်ခေါ်သည် ။
ကြာဝတ်ဆံကလေး သည် အရွယ် ရောက်လာသော အခါတွင် လှပဖြူဖွေး ကျက်သရေပဂေးလေး ဖြစ်၍ သူ ၏ လှပချောမောမှု သတင်း မှာ ပျံ့နှံ့ထင်ရှား လာလေတော့သည် ။ ပူနာတေးရွာ ထဲ မှ လူပျိုကလေးများ သည် ကြာဝတ်ဆံကလေး ၏ မေတ္တာ ကို လိုချင်လှသဖြင့် ဦးဖြူ ဒေါ်ပျူငှာ တို့ ၏ အိမ်ရှေ့ တွင် ခြေချင်းလိမ် နေကြသည် ။
သို့သော် ဦးဖြူ သည် မျက်နှာရှစ်ခေါက်ချိုးကြီး နှင့် အိမ်ရှေ့ တွင် မှုန်ဆာတေကြီး ထိုင်နေလေ့ ရှိသဖြင့် မည်သူမျှ အိမ်ရိပ် မနင်းဝံ့ဘဲ ရှိကြ၏ ။ ဦးဖြူ ကား သူ့ သမီးလေး ၏ အဆင်းရူပကာသည် တောရွာ နှင့် မတန် ဟု ပင် သဘောထားလေသည် ။
“ ဟေ့ ငါ့ သမီး လိုချင်ရင် ရွှေလှည်း နဲ့ ခေါ်နိုင်မှရမယ် ”
ဤသို့ပင် ခပ်တင်းတင်း မကြားတကြား ပြောလေ့ ရှိရာ ပူနာတေးရွာ ထဲ မှ လုလင်များ မှာ ဇက်ပု၍ ပြန်ခဲ့ရသည် ချည်း ဖြစ်၏ ။
ကြာဝတ်ဆံ ၏ လှပမှု သတင်း မှာ အလွန်ပင် ကျော် ကြားလာရာ ဤ ရွာကလေး ကို အစိုးရသော မြို့စားကြီး ဦးဗိုက်ဖောင်း ၏ နား သို့ ရောက် လာတော့သည် ။ ဦးဗိုက်ဖောင်း သည် အသက် ကြီးရင့်လှပြီ ဖြစ်၏ ။ ဝမ်းဗိုက်ကြီး ပူဖောင်းကာ အသားမည်းမည်း နှင့် အရုပ် ဆိုးလှသည် ။ ဤကြားထဲ တွင် နှုတ်ခမ်းမွေး ဖုတ်သိုက်ကြီး က ကြောက်မက်ဖွယ် ကောင်းသော ရုပ်အဆင်း ကို အင်အား ထပ်ဖြည့် ပေး၏ ။ သို့သော် သူ ကား သူ ပိုင်သော ရွာများ ထဲ က လှပသော မိန်းကလေး မှန် လျှင် လက်ထပ် ယူထားရာ မိန်းမ တစ်ဒါဇင်ကျော်ရှိသူ ဖြစ်သည် ။ မည်သည့် မိန်းကလေး က မှ သူ့ ကို မေတ္တာ မရှိချေ ။ သို့သော် သူ ကား အဓမ္မလက်ထပ်ခြင်း ဖြစ်၏ ။
သူ့ အနား တွင် တန်ခိုး ကြီးလှသော မှော်ဆရာကြီး ဦးညစ် ရှိနေသဖြင့် မည်သည့် ရွာသားများ မှ သူ့ ကို မလှန် ဝံ့ကြချေ ။ သူ ပြုသမျှ ငြိမ်ခံကြရသည် ချည်းပင် ဖြစ်၏ ။
ဦးဗိုက်ဖောင်း သည် ကြာဝတ်ဆံ ၏ သတင်း ကို ကြား သော် နှုတ်ခမ်းမွေးကြီး ထောင် အောင် ပင် အော်ရယ်မိသည် ။
“ ဟား ဟား ... ဟား ဟား ... ”
မှော်ဆရာကြီး ဦးညစ် က အလန့်တကြား လှည့် ကြည့်၏ ။
“ မြို့စားကြီး ရယ်ပုံ ထောက် ရင် ဧကန္တ အူမြူးတယ် ထင်တယ် ”
“ ဪ .. ဆရာကြီး နှယ် ၊ ဝမ်းနည်းပက်လက် ဖြစ်လို့ အော်ရယ်ပါ့မလားဗျ ၊ ကျုပ် ကြာဝတ်ဆံ ကို ယူမယ် ”
“ ဘာလုပ်ဖို့လဲ ၊ ဆေး ဖော်ချင်လို့လား ။ ဒီမှာ ကြာဝတ်ဆံ ယူဖို့ဟာ ဒီလို အော်ရယ်ဖို့ မလိုပါဘူး ။ ရေကန် ထဲ သွား ခူးရင် ပြည့်လို့ ”
“ ဟာ .. ဆရာကြီး က တလွဲတချော်တွေ တွေးတာကိုး ”
“ ဘယ့်နှယ် တလွဲတချော်တွေ တွေးရမှာလဲ ။ ကြာဝတ်ဆံ လိုချင်ရင် ကန်ထဲ သွား ရမှာပေါ့ ။ တောင်ထိပ် သွား လို့ တောင်ထိပ်မှာ ကြာပေါက်တာမှ မဟုတ်တာ မြို့စားကြီး သတိ ကောင်းတယ်နော် ”
“ ကောင်းပါတယ်ဗျ ။ ဒီမှာ ဆရာကြီး ကြာဝတ်ဆံ ဆိုတာ လူ ဗျ ”
“ ဟယ် .. နှာမှုတ် မှ ဖြစ်တော့မှာပဲ ”
ဦးညစ် သည် ဦးဗိုက်ဖောင်း စိတ်ဖောက်ပြန်သည် ထင်၍ နှာဆေး ဖြင့် နှာခေါင်းထဲသို့ မှုတ်ရန် ဆေးဘူး ရှာ တော့၏ ။ တစ်ချီ ဆိုလျှင် ဆိုသလောက် ဆွေမေ့ မျိုးမေ့ ဖြစ်ရပါသော နှာ ကို ဦးဗိုက်ဖောင်း သည် ကြောက်၏ ။ ထို့ကြောင့် သူ သည် ပျာယီးပျာယာ ပင် ဦးညစ် ၏ လက်မောင်း ကို ဆုပ်ကိုင်သည် ။
“ ဆရာကြီး ... ဆရာကြီး .. သတိထားပါ ”
“ ဟာ .. အခြေအနေ ပို ဆိုးနေပြီကော ၊ နှာ နဲ့ မရတော့ ဘူး ၊ ဆေးကြိမ်လုံး နဲ့ ရိုက် မှ ဖြစ်တော့မှာပဲ ”
“ မလုပ်ပါနဲ့လေ ကျုပ် ပြောပါရစေဦး ၊ စောစောက ကျုပ် ပြောနေတဲ့ ကြာဝတ်ဆံ ဆိုတာ ပူနာတေးကျေးရွာ က ဦးဖြူ နဲ့ ဒေါ်ပျူငှာ တို့ရဲ့ သမီး ကို ပြောတာ သူ့ နာမည် က ကြာဝတ်ဆံ တဲ့ ”
“ ဘယ်သူ့ နာမည် လည်း ဦးဖြူ ရဲ့ နာမည်လား ”
“ မဟုတ်ဘူး ... ဒေါ်ပျူငှာ ရဲ့ နာမည်ပေါ့ ”
ကြောက်ကြောက်နှင့် ပျာယီးပျာယာ ပြောရသဖြင့် ဦးဗိုက်ဖောင်း သည် စကား မှားသွားရသည် ။ ဤတွင် “ သေချာပါပြီ ” ဟုဆိုကာ ဦးညစ် သည် ခေါင်းရင်း နံရံ က ဆေးကြိမ်လုံး ကို ထ ၍ ဆွဲသည် ။ ဦးဗိုက်ဖောင်း က လက်မီရာ ဆွဲရာ တောင်ရှည်ပုဆိုးကို ဆွဲမိ၍ ပုဆိုးကြီး ပြေကျ၏ ။
“ တယ် .. နင် ဦးဗိုက်ဖောင်း မဟုတ်ဘူး ”
“ ဟုတ်ပါတယ် ”
“ မဟုတ်ပါဘူး ”
“ ဒါဖြင့် ဘယ်သူလဲ ”
“ ဒါတော့ ငါ လည်း မသိဘူး ၊ ပူးတော့ ပူးနေပြီ ဘာပူး နေမှန်းမသိဘူး ။ ဒါကြောင့်သာ ငါ့ ကို ပုဆိုး ဆွဲ ချွတ် တာပေါ့ ။ ဘာပူးပူး ကြိမ်လုံး နဲ့ ရိုက်ရင် ကွာရမှာပဲ ”
“ ဆရာကြီး ကျုပ် မှာ ဘာမှ မပူးဘူး ”
“ နင် ဘယ့်နှယ် သိသလဲ ”
“ ဟာ .. ပူးနေမှ တော့ ကျုပ် အိုက်စပ်စပ်ကြီး ဖြစ်လာရမှာပေါ့ ”
“ ထက်ထရီ .. စကား မများနဲ့ ။ ကြိမ်လုံး ဆွဲလို့ မရရင် ဒူး နဲ့ တိုက်မှာပဲ ။ မော့ပေးစမ်း နင့် မေးရိုး ”
“ မလုပ်ပါနဲ့ ဆရာကြီး ရယ် ၊ ကြာဝတ်ဆံ ဆိုတာက ဒေါ်ပျူငှာ ရဲ့ သမီးဗျ ၊ သိပ် လှတယ်တဲ့ ။ အဲဒါ ကျုပ် လိုချင်လို့ ”
ဤတွင် မှ ဦးညစ် သည် ပြန်ထိုင်၏ ။ ထို့နောက် ထန်းခေါက်ဖာ ထဲ မှ ဖန်လုံးကြီး တစ်လုံးကို ထုတ်လိုက်ပြီး ဖန်လုံး ထဲ တွင် ကြည့်သည် ။ ကြာဝတ်ဆံ ကလေး ၏ ပုံ သည် ပေါ်လာ၏ ။
“ ဟာ ဟုတ်တယ် ၊ သိပ်လှတဲ့ မိန်းကလေး မြို့စားကြီး အခု ယူ ထားပြီးသားတွေ ထက် သာတယ် ”
“ ဒါဖြင့် ကျုပ် သွားယူမယ် ၊ ရခဲ့ရင် ဆရာကြီး ကို ရွှေ တစ်ပိဿာ ကန်တော့မယ် ”
“ သာဓု သာဓု သာဓု ၊ မောင်မင်းကြီးသား ရရပါစေ့မယ် ။ ကျုပ် က မေတ္တာပို့နေမှာပါ ။ ကျုပ် မေတ္တာ က စူးရှတယ်ဗျ နော် ”
မကြာမီပင် မြို့စားကြီး ဦးဗိုက်ဖောင်း သည် ကြာဝတ်ဆံ ကို တောင်းရမ်းဖို့ အတွက် ပူနာတေးကျေးရွာ သို့ လာတော့မည့် အကြောင်း ရွာ ထဲ တွင် သတင်းပျံ့နှံ့ သွား လေတော့သည် ။ သတင်း ကြားကြားချင်းပင် ဒေါ်ပျူငှာ သည် မေ့မျော သွား၏ ။ သမီး ငယ်ငယ်ရွယ်ရွယ်ကလေး ကို အဘိုးအို အရုပ်ဆိုးကြီး နှင့် အဘယ်မှာ ပေးစားချင် ပါလိမ့်မည်နည်း ။
သတိရသော အခါတွင် ဒေါ်ပျူငှာ သည် တောအုပ် သို့ ပြေးလေ၏ ။ အခန့်သင့်ပင် ပန်းဝတ်မှုန်နတ်သမီးလေး နှင့် တွေ့ရသည် ။
“ အဒေါ်ကြီး ... ဘာဖြစ်လာပြန်ပြီလဲ ”
ဒေါ်ပျူငှာ သည် အကျိုးအကြောင်း ကို ပြောပြသည် ။ သူ့ စကား ဆုံးသောအခါ နတ်သမီးကလေး က ပြုံး၍ ပြော၏ ။
“ စိတ်ချလက်ချ ပြန်ပါ .. အဒေါ်ကြီး ရယ် ။ ပန်းဝတ်မှုန် ဒီက နေပြီး တန်ခိုး နဲ့ လုပ်ပေးပါ့မယ် ။ ဦးဗိုက်ဖောင်း ဟာ ကြာဝတ်ဆံ ကို မယူစေရပါဘူး ”
“ ကျေးဇူး တင်လိုက်တာ ပန်းဝတ်မှုန်လေး ရယ် ”
ဒေါ်ပျူငှာ သည် ကျေနပ်စွာ အိမ် သို့ ပြန်လာလေ၏ ။
သုံးလေးရက်ခန့် ကြာသောအခါ ပူနာတေးရွာကလေး သို့ ဦးဗိုက်ဖောင်း ရောက်ရှိလေ၏ ။ ရောက် ရောက်ချင်းပင် ကြာရှည် မဆိုင်းဘဲ သူကြီး ကို ခေါ်၍ ကြာဝတ်ဆံ ကို အကြည့် လာတော့သည် ။
“ သမီး ရေ .. မြို့စားကြီး ကို ထွက်ဧည့်ခံပါ ”
ဦးဖြူ သည် ကြောက်ရ သဖြင့် သမီး ကို ခေါ်ထုတ်ရ ၏ ။ ကြာဝတ်ဆံကလေး လည်း မနေသာသဖြင့် အခန်း ထဲ မှ ထွက်ခဲ့ရတော့သည် ။
ဦးဗိုက်ဖောင်း သည် ကြာဝတ်ဆံ ကို ကျွတ်ထွက် မတတ်သော ပုစွန်မျက်စိမျိုး ဖြင့်ကြည့်၏ ။ သူ့ မျက်စိထဲ တွင် ထူးထူးဆန်းဆန်း တွေ့ မြင်ရတော့သည် ။
ကြာဝတ်ဆံ ၏ နှုတ်ခေါင်းကြီး သည် တစ်လံလောက် ရှည်ထွက် လာပြီး အဖျား မှာ ဆင်နှာမောင်း ကဲ့သို့ လိမ်တွန့်လိမ်တွန့် ဖြစ်နေသည် ။ နားရွက်ကြီးများ မှာ ဘေးသို့ အဆမတန် ကား ၍ တဖျပ်ဖျပ် လှုပ်နေသည် ။ မျက်လုံး မှာ ကား ဆီးဖြူသီးလောက်ကလေး ရှိ၏ ။
ဦးဗိုက်ဖောင်း သည် အလန့်တကြား အော်ဟစ်၍ ပြန် ပြေး လေတော့သည် ။
သူ့ အိမ် ပြန်ရောက်သော် မှော်ဆရာကြီး ဦးညစ် က အံ့အားသင့်၍ ဆီး မေး၏ ။
“ ဟင် ... မြို့စားကြီး ကြာဝတ်ဆံ ကို မတွေ့ခဲ့ဘူးလား ”
“ ဟာ ... တွေ့ ခဲ့ပါသော်ကော.. ။ သောက်ရုပ်က ဆိုးပါ ဘိသနဲ့ ”
ဦးညစ် သည် နံရံ က ကြိမ်လုံး ဆီသို့ မျက်စိ တစ်ချက် ရောက်သွား၏ ။ နောက်မှ စိတ် ကို ထိန်းကာ ဦးဗိုက်ဖောင်း ဘက် လှည့်၍ ပြောပြန်သည် ။
“ ဘာ စကား ပြောတာလဲ ၊ ကျုပ် မျက်စိ နဲ့ တပ်အပ် ကို ဖန်လုံး ထဲ မှာ မြင်ထားတာ ၊ တကယ် လှတယ်ဗျ ”
“ ဟာ ... ဆရာကြီး က ဆင်မတွေ ကို ကြိုက်တတ် တယ်ထင်တယ် ။ ဒီတော့ ဆရာကြီး မျက်စိ ထဲ မှာ လှနေ တာပေါ့ ”
ဦးညစ် သည် နံရံ ကို လှမ်းကြည့်ပြန်၏ ။ ထိုအခါ ဦးဗိုက်ဖောင်း သည် ချက်ချင်း မျက်နှာချို သွေးလိုက်၏ ။
“ ဆရာကြီး ထရံကို သိပ် မကြည့်ပါနဲ့ ကျုပ် ဆီးအောင့် သလို ဖြစ်ဖြစ် သွားတယ် ။ ဒီမှာ ကျုပ် မျက်စိ ထဲ မှာတော့ တကယ် ရုပ်ဆိုးတဲ့ သူငယ်မ ဆိုတာ အမှန်ပဲ ”
“ ဘယ်လို ဖြစ်တာပါလိမ့် ”
ဦးညစ် သည် ဖန်လုံးကြီး ကို ထုတ်၍ ကြည့်ပြန်၏ ။
“ ဟာ .. သိပြီ ပန်းဝတ်မှုန်နတ်သမီး ကြောင့် ဖြစ်တာ ကိုး ၊ ကောင်းပြီ .. သူတို့ ရွာ နား က တောအုပ် ကို သွား ၊ ပန်းပွင့်တွေ ကြား မှာ ခရမ်းရောင်ပန်းပွင့်ကြီး တစ်ပွင့် ရှိ တယ် ။ အဲဒါကို ရေနွေး နဲ့ လောင်းရင် ပန်းဝတ်မှုန်နတ်သမီး ထွက်လာရမယ် ။ ဒီတော့ ဟောဒီ ချည်မန်းကွင်း နဲ့ စွပ်လိုက် ၊ ဒင်းဟာ မျက်လုံးလေး က လွဲရင် တစ်ကိုယ်လုံး ကျောက်ရုပ် လို တောင့်တောင့်ကြီး ဖြစ်သွားလိမ့်မယ် ။ အဲဒီ အခိုက်မှာ ကြာဝတ်ဆံ ကို သွား ကြည့်တော့ ။ နဂို အတိုင်း မြင်ရမယ် ”
ဦးဗိုက်ဖောင်း သည် တပည့် အချို့ နှင့် အတူ တောအုပ် သို့ ရောက်လာရ ပြန်လေတော့သည် ။ ဦးညစ် မှာကြား လိုက်သည့် အတိုင်းပင် ခရမ်းရောင် ပန်းပွင့်ကြီး ကို ရှာဖွေ တွေ့ရှိ၍ ရေနွေး ဖြင့် လောင်းရာ ပန်းဝတ်မှုန်နတ်သမီး လေးသည် ထွက်ပေါ်၍ လာရတော့၏ ။ ထိုအခါ ဦးဗိုက်ဖောင်း သည် ချည်မန်းကွင်း နှင့် စွပ်လိုက်ရာ နတ်သမီးကလေး မှာ ကြောက်ရုပ် သဖွယ် တောင့်တင်း၍ မလှုပ်နိုင် မယှက်နိုင် ဖြစ်သွား လေသည် ။
ဤတွင်မှ ဦးဗိုက်ဖောင်း သည် ပူနာတေးရွာ ထဲ သို့ သွားကာ ကြာဝတ်ဆံ ကို သွား ကြည့်ပြန်လေ၏ ။ ဤတစ်ကြိမ်တွင် ကား ကြာဝတ်ဆံ လေး ၏ လှပပုံ ကို ရင်သပ်ရှုမော တွေ့ရှိရတော့သည် ။
“ ကြိုက်သဟ .. ငါ ယူမယ် ”
ဦးဗိုက်ဖောင်း သည် နေ့ချင်းပင် လက်ထပ် ၍ ခေါ် ငင်သွားမည် ဟု ဆိုသည် ။ ဦးဖြူ နှင့် ဒေါ်ပျူငှာ တို့ သာမက ကြာဝတ်ဆံကလေးပါ စိတ်သောက ရောက်ကြရတော့ ၏ ။ တစ်ရွာလုံး က လည်း စိတ်မကောင်း ဖြစ်ကြသည် ။
ထိုအချိန်ဝယ် တောအုပ် ၏ တစ်ဖက်တွင် ရှိသော ပူနာတေးရွာကလေး မှ မောင်ရိုးသား သည် တောအုပ် ထဲ သို့ ဖြတ်လျှောက်လာသည် ။ သူ့ မိခင် ၏ စေခိုင်းချက်အရ အရွယ်ရောက်ပြီ ဖြစ်၍ ပန်းဝတ်မှုန်နတ်သမီးကလေး ကို ကန်တော့ရန် လာခြင်း ဖြစ်သည် ။
သို့သော် ပန်းဝတ်မှုန်နတ်သမီးကလေး ကို တွေ့ရ သောအခါ ကျောက်ရုပ် သဖွယ် ဖြစ်နေသည် ကို တွေ့ရတော့၏ ။
“ ဟင် ... ဘယ်လို ဖြစ်တာပါလိမ့် ”
နတ်သမီးကလေး ကား စကား ပြန် မပြောနိုင်ဘဲ မျက်ရည်များသာ တွေတွေကျလာ၏ ။ မောင်ရိုးသား လည်း စိတ်ညစ်ညစ် နှင့် ညည်း မိသည် ။
“ လာသာ လာရ ... တောက် အရာ မရောက်ပါလား ”
“ ဟာ .. ရောက်လိုက်တာမှ ခွပ်ခနဲ ကိုရောက်တာ ပေါ့ ။ ငါ့ ကို တ,မယ့် သူရှာနေတာ ။ ငါ က တတိုင်း ရောက် တဲ့ အရာ ကွာ ”
မောင်ရိုးသား က ချာခနဲ လှည့်ကြည့်၏ ။ နတ်ပုလေး ကို တွေ့ရသည် ။
“ ဟာ .. ခင်ဗျား က လူစဉ် မမီလှပါလားဗျ ”
“ ဟေ့ .. ငါ က နတ်ပုကွ ၊ နတ်ပုစဉ်ပဲ မီတယ် ။ လူစဉ် ကို ငါ ဂရု မစိုက်ဘူး ”
“ ဒါထက် ပန်းဝတ်မှုန်နတ်သမီး ဘာဖြစ်သလဲ ”
“ ငညစ် စက်ကွင်း ထိတာပေါ့ကွာ ၊ ကဲ မင်း က လူပဲ ၊ သူ့ မှာ စွပ်နေတဲ့ ချည်မန်းကွင်းကြီး ဖြုတ်ပစ်လိုက်ပေါ့ ”
မောင်ရိုးသား သည် နတ်သမီးကလေး တွင် ရစ်ပတ် နေသော အပ်ချည်ကြိုး ကို ဆွဲဖြုတ် ပစ်လိုက်၏ ။ တစ်တောလုံး က ကျေးငှက်များ ၏ တေးသံများ ဆူညံ သွား၏ ။ ခေါင်းငိုက်စိုက် ကျနေသော ပန်းပွင့်များ ပြန် ထောင်လာ ကာ လေ တွင် ဦးလည်တိမ်း ၍ ယိမ်း ကကြတော့သည် ။
ပန်းဝတ်မှုန်နတ်သမီးကလေး လည်း ရွှင်လန်းသွား၏ ။
“ ကျေးဇူးတင်ပါတယ် မောင်ရိုးသား ရေ .. မင်း အမေ သားဆု လာပန်တုန်း က ပန်းဝတ်မှုန်သားဆု ပေးလိုက်ရ ကျိုး နပ်ပြီပေါ့ကွယ် ။ ဒါပေမဲ့ ငါ ဆုပေးထားတဲ့ ကြာဝတ်ဆံကလေး အရေး က ရှိသေးတယ် ”
“ ကြာဝတ်ဆံ ရှူချင်လို့လား ။ ကျွန်တော် သွား ခူး ပေးမယ်လေ ”
“ မဟုတ်ပါဘူး မောင်ရိုးသား ရယ် ၊ ကြာဝတ်ဆံ ဆို တာ က ပူနာတေးရွာ ထဲက မိန်းကလေး ရဲ့ နာမည်ပါ ။ သူ ဟာ လည်း မင်း လိုပဲ ငါ ဆုပေးထားတဲ့ ကလေးမ ပဲ ။ မင်း သူ့ ကို မြင်ရင် မေတ္တာ ရှိမှာပဲ ။ ခုတော့ သူ့ခမျာ မင်း တို့မြို့စားကြီး ဦးဗိုက်ဖောင်း က အတင်း ယူမယ် ဆိုလို့ ဒုက္ခ ရောက် နေရှာတယ် ။ ဒီတော့ မင်း သွားချည် ။ ဦးဗိုက်ဖောင်း ရဲ့ လက် က ကြာဝတ်ဆံ ကို ကယ်တင်ချည်တော့ ။ ဟဲ့ .. အရာ သူ့ ကို ဓားပေးလိုက် ”
ပန်းဝတ်မှုန်နတ်သမီးလေး က အမိန့် ပေးလိုက်သည် နှင့် တစ်ပြိုင်နက် အရာ သည် မြေကြီး ကို ဖနောင့်ဖြင့် တစ်ချက် ပေါက်၍ လေထဲ သို့ လက် ကို ဟန်ပါပါ ဆွဲယမ်း ယူငင်ပြီး “ ကဲ .. လာလေရော့ ဓား ” ဟု ဆိုလိုက်ရာ သူ့ လက် ထဲ တွင် ကြက်သွန်လှီးသော ဓားပါးကလေး တစ်စင်း ပါလာလေ၏ ။
နတ်သမီးကလေး စိတ်ပျက် သွားရသည် ။
“ ဟယ် ... အရာ က လည်း မောင်ရိုးသား က အလှူ မှာ သွား ကူလုပ် ပေးဖို့မှ မဟုတ်တာ ။ ရန်သူတွေ နဲ့ ရင်ဆိုင် ရရင် ခုတ်ဖို့ဓား ပေးပါကွဲ့”
“ လှမ်း ဆွဲတုန်းကတော့ ဓားရှည်ကြီး ပါပဲ ။ ဘယ့်နှယ် ကြီး ပါလာမှန်း မသိဘူး ၊ ကဲ .. ဒီတစ်ချီ ပြတ်ပြတ်သား သားဆွဲမယ် ။ လာလေရော့ ငှက်ကြီးတောင်ဓား ”
အရာ သည် မြေကြီး ကို ဖနောင့် ဖြင့် ပေါက်၍ ထပ်ဆွဲရာ ငှက်ကြီးတောင်ဓားကြီး ပါလာပြီး သူ သည် လည်း မြေကြီး ပေါ် သို့ ခွေကျ သွားလေ၏ ။ မောင်ရိုးသား သည် ကပျာကယာ ဓား ကို ယူပြီး လွယ်လိုက် မှ ဓား ပိနေ သောအရာ သည် မျက်နှာ ရှုံ့မဲ့၍ ပြန် ထ လာနိုင်၏ ။
“ တော်သေးတာပေါ့ ၊ ယဇ်ပူဇော်တဲ့ ဓားမကြီး သာ ယူရရင် ငါ တော့ တစ်နေရာ ထဲမှာ အသက်ပျောက်မှာပဲ ”
နတ်သမီးလေး သည် သူ့ ကို ဂရုမစိုက်နိုင်ပဲ မောင်ရိုးသား သို့ သာ စကား မြန်မြန် ပြောသည် ။
“ ကဲ.. မြန်မြန် သွားပါ မောင်ရိုးသား ရယ် ။ တော်တော်ကြာ အချိန် နှောင်းသွားပါ့မယ် ”
“ ဒါပေမဲ့ ကျွန်တော် က ဓား မှ မခုတ်တတ်တာ ”
“ ကိစ္စ မရှိပါဘူးကွယ် ... ပိတုန်း ကို လွှတ်လိုက်ပါ့ မယ် ။ ပိတုန်း က မင့် လည်ကုတ် ကို တုတ် ရင် မင်း လူ တစ်ယောက်တော့ ကောင်းကောင်း နိုင်ပါလိမ့်မယ် ။ ပိတုန်း က မင့် ကို လိုရင် လိုသလို တုတ်နေပါလိမ့်မယ် ။ စိတ်သာချပါ ”
နတ်သမီးကလေး က တိုက်တွန်းလှ သဖြင့် မောင်ရိုးသား သည် လည်း ပူနာတေးရွာ သို့ ထွက်ခဲ့ရ၏ ။ မကြာမီ ပင် ပိတုန်း တစ်ကောင် သည် ပန်းပွင့်များ အကြားမှ ထွက်ကာ သူ့ နောက်ဆီ သို့ လိုက်ပါသွားလေတော့သည် ။
မြို့စားကြီး ဦးဗိုက်ဖောင်း သည် မျက်နှာကြီး ရွှင်ပြ ရယ်မော နေသော်လည်း သူ့ ဘေးနားက ကြာဝတ်ဆံ မှာ ခေါင်း ငုံ့၍ တရှုတ်ရှုတ် ငိုနေ၏ ။
“ အောင်မာ ... မင်း ငိုရလှ ဒီ တစ်ရက်ပါပဲ ။ မြို့ ရောက်ရင် ပျော်သွားမှာ ။ ကဲ .. ကဲ .. မင့် မိဘတွေ ကို ကန်တော့ ”
ဦးဗိုက်ဖောင်း ကား ကျေနပ်စွာ ရယ်မောပြော၏ ။ ကြာဝတ်ဆံ သည် ငိုရာက မိဘများ ကို ကန်တော့သည် ။ ဦးဖြူ နှင့် ဒေါ်ပျူငှာ တို့သည် ဝမ်းနည်းပက်လက် ကြေကွဲရာက ဆုပေးကြရ၏ ။ ဝိုင်း ထိုင်နေကြသော ရွာသူကြီး နှင့် လူကြီးသူမများ လည်း မျက်နှာ မကောင်းကြချေ ။ ထိုခဏတွင် မောင်ရိုးသား သည် ခြံဝင်းဝ မှ လှမ်းပြော၏ ။
“ အားလုံး ... ရပ်ကြပါ ... မင်္ဂလာပွဲ မဖြစ်ပါဘူး ”
လူများ သည် အိမ် ထဲ မှ ထွက်လာကြ၏ ။ အံ့အားသင့် နေကြသည် ။ ဦးဗိုက်ဖောင်း သည် ဓားလွယ် နှင့် မောင်ရိုးသား ကို မှုန်တေတေ ကြည့်၏ ။
“ မင်း က ဘယ်က ကောင်လဲ ”
“ ကျွန်တော် က ပါနာတေးရွာ ကပါ ”
“ ဪ .. ဒီ ရွာကပဲပေါ့ ”
“ ဘာဆိုင်လို့လဲ ၊ ဒီ ရွာ က ပူနာတေး ၊ ကျွန်တော် က ပါနာတေးရွာ က မောင်ရိုးသား ပါ ”
“ ပူနာတေး ပါနာတေး ဟာ ၊ တော်တော် ညံ့တဲ့ နာမည်တွေ ပါလား ”
“ နို့ ... မြို့စားကြီး ရဲ့ မြို့ က ကော ဘာတုံး ”
“ ငါ့ မြို့ က ပိန်နာတေး ၊ ပူနာတေး ၊ ပါနာတေး ... ပိန်နာတေး အို ရှုပ် လိုက်တာကွာ ။ ဒါထက် မင်း က ဘာ လာလုပ်တာလဲ ”
“ မင်္ဂလာပွဲ ဖျက်တယ် ”
ကြာဝတ်ဆံ သည် ပြေးထွက် လာ၏ ။ မောင်ရိုးသား သည် ကြာဝတ်ဆံ ကို မြင်သော် မြင်မြင်ချင်း မေတ္တာ သက်ဝင် သွားသည် ။ ထိုနည်းတူစွာပင် ကြာဝတ်ဆံ က လည်း မောင်ရိုးသား ကို မြင်မြင်ချင်း မေတ္တာ ရှိသွား၏ ။
“ မင်းက ဘာဖြစ်လို့ ဖျက်ရတာလဲ ”
“ ဒီမှာ သတို့သား က ကျွန်တော် ဖြစ်ရမယ် ”
“ အောင်မယ် ကြီးကျယ်လိုက်တာ ငါ့ ကို အန်တုတာ ပေါ့လေ ။ ကဲ .. တပည့်တို့ အကြောင်း ပြလိုက်စမ်း ”
ဦးဗိုက်ဖောင်း ၏ တပည့် သုံးယောက် သည် ဓားကိုယ်စီ နှင့် ထွက် လာကြ၏ ။ မောင်ရိုးသား မှာ ဓား ကို သာ ဆွဲ ထုတ်လိုက်သည် ။ ဘယ်က စ ၍ ခုတ်ရမှန်းမသိ ။ တပည့် တစ်ယောက် လှမ်းခုတ်သော ဓား ကို လက်ကြီး နှစ်ဖက်စုံ ကိုင်၍ ပြန် ပက်ထုတ်ရာ ကျန် တပည့်နှစ် ယောက် မှာ အော်ရယ်ကြလေ၏ ။ ကြာဝတ်ဆံ ကို မေတ္တာ ရှိသွားပြီ ဖြစ်သောကြောင့် မောင်ရိုးသား သည် သေချင်သေပါစေတော့ ဟု သဘောထားကာ မခုတ်တတ် သော်လည်း ကြိုးစား၍ ရဲရင့်စွာ ပင် ခုတ်သည် ။
ထိုခဏတွင် ပိတုန်း တစ်ကောင် သည် ရုတ်တရက် ရောက်လာကာ မောင်ရိုးသား ၏ လည်ကုပ် ကို ဝင် တုတ် ၏ ။ ချက်ချင်းပင် မောင်ရိုးသား သည် ဓားရေး ကျွမ်းကျင် သူ ဖြစ်သွားကာ သွက်သွက်လက်လက် ခုတ်လေရာ ၊ ဦးဗိုက်ဖောင်း ၏ တပည့် မှာ သွေးအိုင်ထဲ တွင် လဲကျ နေတော့သည် ။
ဒုတိယ တပည့် သည် ဝင်လာ ပြန်လေ၏ ။ မောင်ရိုးသားမှာ မခုတ်တတ်တော့ ပြန်ကာ ဟိုယမ်းသည်ယမ်း နှင့် ဓား ကို ယမ်းသည် ။ ထိုခဏတွင် ပိတုန်း က လည်ကုပ် ကို ဝင် တုတ်ပြန်၍ ချက်ချင်း တချွင်ချွင် ခုတ်ပြန်သည် ။ ဒုတိယ တပည့် သည် မျက်လုံးမျက်ဆံပြူး ကာ ချက်ချင်းကြီး ပြောင်းလဲ သွားသဖြင့် ဘာ လုပ်ရမှန်း မသိဖြစ် သွားရ တော့သည် ။ မကြာပါ ။ သူ သည် လည်း သွေးအိုင် ထဲ တွင် လဲကျရတော့သည် ။
ဦးဗိုက်ဖောင်း ကား မျက်လုံးများ ပြူးလာ၏ ။
တတိယ တပည့် သည် ရှေ့တိုး လာပြန်သည် ။ သို့ သော် သူ သည် ချိန်ချိန်ဆဆတော့ ဖြစ်နေ၏ ။ မောင်ရိုးသား မှာ မခုတ်တတ်ပြန် ဖြစ်ရကာ ဓားရိုး ကို လက်နှစ်ဖက် ဖြင့် ဆုပ်ကိုင်သည် ။
ပိန်နာတေးမြို့ မှ မှော်ဆရာကြီး ဦးညစ် သည် ဖန်လုံး ထဲ တွင် ကြည့် နေရာက မျက်နှာကြီး နီလာသည် ။
“ အောင်မာ ... ဒင်းတို့ က ဒီလိုကိုး ၊ ကောင်းပြီ ဟိုကောင် ကို ဖန်ပေါင်းချောင် စွပ်လိုက်မယ် ”
မောင်ရိုးသား သည် ဓား ကို စုံယမ်းနေ၏ ။ ထိုခဏ တွင် ပိတုန်း သည် သူ့ ထံ ပြေးဝင်လာသည် ။ သို့သော် ဤတစ်ချီတွင် ကား မောင်ရိုးသား နား သို့ ကပ်၍ မရတော့ ချေ ။ ကြား က တစ်စုံတစ် ခုခံနေရ သလို ဖြစ်ကာ လန်လန် ထွက်သွားရ၏ ။
မောင်ရိုးသား ၏ လက် မှာ မသွက်တော့ သဖြင့် တတိယတပည့် သည် ရဲရဲတင်းတင်း ခုတ်တော့ရာ မောင်ရိုးသား ၏ လက်မှ ဓား သည် လွင့်ထွက်သွားလေ တော့သည် ။ ဘေးက ကြည့်နေသူများ “ ဟား ” ခနဲဖြစ်သွား ၏ ။ ကြာဝတ်ဆံ မှာ ရင် ကို လက်ဖြင့် ဖိကာ မျက်ရည်ဝိုင်း လာသည် ။
ထိုအခိုက်တွင် ပိတုန်းသည် ဘာမပြော ညာမပြော နှင့် ဒေါ်ပျူငှာ ၏ လည်ကုပ် ကို ဝင် တုတ်လိုက်၏ ။
“ အောင်မယ် ... လူ လုပ်လို့ ၊ ကြောင် ခုပ်လို့ ”
ဒေါ်ပျူငှာ သည် တင်းမာသော မျက်နှာထား ဖြင့် ကြုံးဝါးကာ ထဘီ ကို ခါးတောင်းကျိုက် လေတော့သည် ။ တဟားဟား ရယ်မော နေသော ဦးဗိုက်ဖောင်း ပင် အရယ် ရပ်၍ မျက်လုံးတွေ ပြူးသွား၏ ။
ဒေါ်ပျူငှာ သည် လဲကျသေဆုံး နေသော တပည့် တစ်ဦး နား မှ ဓား ကို ကောက်ယူကာ သွက်သွက်လက်လက် ခုတ် လေတော့သည် ။ “ ဟောဗျ ဟောဗျ ” နှင့် အလန့်တကြား အော်ရင်း တတိယတပည့် မှာ ဆုတ်ခံ ခံနေရတော့သည် ။ ဒေါ်ပျူငှာ ၏ လက် ကလည်း ကောင်းလိုက်သည့် ဖြစ်ခြင်း ။ တတိယ တပည့်သည် နောက်ဆုံးတွင် ဘာမျှ မတတ်နိုင်တော့ဘဲ ၊ ဒေါ်ပျူငှာ ၏ ဓားချက်တွင် အသက်ထွက်ရ လေတော့သည် ။
ပိတုန်း ကား ပိန်နာတေးမြို့ကြီး ဆီသို့ တန်း ပျံသွား ကာ ဖန်လုံး ထဲ ကို စိတ်ဝင်စားစွာ ကြည့်နေသော ဦးညစ် ၏ လည်ကုပ် ကို အလစ် ဝင် တုတ်လေ၏ ။ ဦးညစ် မှာ ချက်ချင်းပင် ဖန်လုံးကြီး ကို လက်နှစ်ဖက်ဖြင့် ကောက် ကိုင်၍ မလှမ်းမကမ်း မှ အစေအပါး တစ်ယောက် ကို ပိတ် ပေါက်လိုက်လေရာ ၊ ဖန်လုံး သည် ထို သူ ၏ ဦးခေါင်း ကို ထိမှန်၍ မြေပေါ်သို့ကျကာ ‘ ဖောင်း ’ ခနဲကျယ်လောင်စွာ မြည်သံဖြင့် အစိတ်စိတ် အမြွာမြွာ ကွဲရှသွားသည် ။ ဖန်လုံး ကွဲသွားသည် နှင့် တစ်ပြိုင်နက် ဦးညစ် သည် အရုပ် ကြိုးပြတ် သလို ပုံကျသွားကာ သေဆုံးသွားလေတော့ သည် ။
ဒေါ်ပျူငှာ ကား ဓားကြီး ကို စုံကိုင်ထားရာ က ငေး ကြောင်ကြောင်ကြီး ဖြစ်နေသော ဦးဗိုက်ဖောင်း ကို ရုတ်တရက် ဝင် ခုတ်လေ၏ ။ အမှတ်မဲ့ ဖြစ်သဖြင့် ဦးဗိုက်ဖောင်း လည်း ဘာမျှ မတတ်နိုင်ဘဲ မြေကြီး ပေါ်သို့ လဲကျ ကာ အသက်ပျောက် သွားရတော့သည် ။
ရွာသားများ အားလုံးသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်ကြသည် ။
ရွာသူကြီး နှင့် တကွ ရွာ ထဲ မှ လူကြီးသူမများ သည် ဦးဖြူ ၏ အနားသို့ ချဉ်းကပ်၍ ကြာဝတ်ဆံ ကို မောင်ရိုးသား နှင့် သဘောတူပါရန် ပြောဆိုကြတော့၏ ။
“ ကျုပ် ကတော့ ကျေနပ်ပါတယ် ။ သူ့ အမေ သဘော ကို လည်း မေးဦးမှပေါ့ ၊ ဟေ့ .. မပျူငှာ ၊ လာပါဦး ၊ ဟ မင့် ထဘီခါးတောင်းကျိုက်ကြီး လည်း ဖြုတ်စမ်းပါဦး ”
ဦးဖြူ က ပြောလိုက်မှ ဒေါ်ပျူငှာ လည်း သတိရကာ ခါးတောင်းကျိုက် ထားသော ထဘီ ကို ဖြေချရတော့ သည် ။ ပြီးတော့ ရှက်ရှက် နှင့် ရယ်ရင်း “ လည်ကုတ် ကို ပိတုန်း တုတ် လိုက်တာ ဘယ့်နှယ် ဖြစ်သွားမှန်း မသိပါ ဘူးတော် ” ဟုပြော၏ ။
ရွာ ထဲ က လူကြီးတွေ က “ ဘယ့်နှယ် ဖြစ်မှန်းတော့ မသိဘူး ။ ဒါပေမဲ့ အဲဒီ ဘယ့်နှယ်ကြီး က တော်တော် အဆင်ပြေ သွားတဲ့ ဘယ့်နှယ်ကြီးပဲဗျို့ ” ဟု ရယ်၍ ပြော ကြလေ၏ ။
ဦးဖြူက လိုရင်း ကို သာ ပြောပြနေသည် ။
“ ဘယ့်နှယ်ကြီး က ခဏ ထားပါ ဦး ၊ ဒီက သူကြီးမင်း နှင့်တကွ လူကြီးတွေ က ပါ ကြာဝတ်ဆံ ကို ဟောဟို က မောင်ရိုးသား နဲ့ သဘောတူဖို့ ပြောနေကြတယ် ”
“ အဲဒါ ဘာဖြစ်တာလဲ ”
“ မင်း သဘော က ဘယ်လိုလဲ ”
“ ကျုပ် က သဘော တူပါတယ် ။ သမီး က ကျေနပ်ရဲ့လား ”
ကြာဝတ်ဆံ က ခေါင်းညိတ် ပြ၏ ။
ထိုအခါ သူကြီး က “ ကဲ ဒါဖြင့် မင်္ဂလာပွဲ ကို ဆက် လုပ်မယ် ။ လူ နာလို နတ် နာလို တဲ့ မင်္ဂလာပွဲ ဖြစ်ရပြီပေါ့ လေ ” ဟုပြောသည် ။
ထို့နောက် သူတို့ သည် မင်္ဂလာပွဲ ကို ဆက်လက် ကျင်းပသည် ။ ဤတစ်ကြိမ် တွင်တော့ သတို့သား ရော သတို့သမီး ပါ ပြုံးရွှင် နေကြရုံ မက ပွဲလာ ပရိသတ်များ သည် လည်း ရယ်ရယ်မောမော တသောသော ရှိကြသည် ။
မောင်ရိုးသား သည် လည်း ပန်းဝတ်မှုန်နတ်သမီးလေး က ပေးထားသောဆု ဖြစ်ရာ လုလင် ထဲ တွင် အတော် ပင် ရုပ်ရည် ချောမောသူ ဖြစ်သဖြင့် ကြာဝတ်ဆံ နှင့် ရှေ့ သွားနောက်လိုက် ညီလှပေသည် ။
ထုံးစံအတိုင်း ယောင်နောက် ဆံထုံး ပါရမည် ဖြစ် သဖြင့် ကြာဝတ်ဆံ သည် မောင်ရိုးသား ၏ နောက်သို့ လိုက်ရန် မိဘများ ကို ကန်တော့၏ ။ မောင်ရိုးသား က လည်း ကန်တော့သည် ။
ဤ တစ်ကြိမ်တွင် ကား မိဘများ သည် ကျေနပ်ရွှင် လန်းစွာ ဆုပေးကြ၏ ။ ထို ခဏတွင် ခြူသံလွင်လွင် ကြား ရလေရာ အားလုံး လှည့် ကြည့်မိကြသည် ။
အိမ်ဝင်းဝတွင် ရွှေရောင်နွားကြီး တစ်ယှဉ်း ဆွဲသော ရွှေလှည်းကလေး သည် လူ မပါဘဲ လာရောက် ရပ်နေ သည် ။ လှည်းဦးပန်း တွင် ပေရွက်ကလေး တစ်ရွက် ချိတ် ထားသည်ကို တွေ့ ရသဖြင့် ဖတ်ရှု ကြည့်ကြရာ “ ပန်းဝတ်မှုန် က ပေးသော လက်ဖွဲ့ ” ဟူသော စာကလေး ကို တွေ့ ကြရလေ၏ ။
“ ကဲ .. ငါ မပြောဘူးလား ။ ငါ့ သမီး ကို ရွှေလှည်း နဲ့ ခေါ်နိုင် မှ သဘော တူမယ် ဆိုတာ ”
ဦးဖြူ က ပါးစပ်ကြီး ဖြဲ၍ အားရပါးရ ပြောလိုက်လေ တော့သည် ။
⎕ ကြပ်ကလေး
📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များပေါင်းချုပ် ( ဒုတိယတွဲ )
.
No comments:
Post a Comment