Tuesday, October 8, 2024

မဂ်ခရီး နဲ့ အဖျက်အဆီး


 

❝ မဂ်ခရီး နဲ့ အဖျက်အဆီး ❞
━━━━━━━━━━━━━━━━
          အဏ္ဏဝါစိုးမိုး
━━━━━━━━━━━━━━━━
ယနေ့ ည သန်းခေါင်ယံ မှာ သူတော်စင် ဦးဘမောင် ကြီး လူဝတ်ကြောင် ဖြင့် ပင် တောထွက်မည် ဆိုတာ ကို သိနေကြသည့် ရွာ က ကာလသားတွေ နှင့် လူကြီးတချို့ စိတ်ဝင်စား နေကြသည် ။ လူကြီးတွေ ထဲ က စိတ်ဝင်စားသူတွေ ထဲ မှာ ဦးသန်းဖေ ၊ ဦးမောင်ပု ၊ ဦးဖိုးထင် တို့သည် ယနေ့ည တောထွက်မည့် ဦးဘမောင် ၏ သောက်ဖော် စားဖက်တွေ ဖြစ်ခဲ့ကြသည် ။ ဦးဘမောင် အရက် ဖြတ်ပြီး တရားဘက် လိုက် သွားတော့ မှ လက်တွဲ ဖြုတ် လိုက်ကြရသူတွေ ဖြစ်သည် ။

ဦးဘမောင်ကြီး တော ထွက်မည့် ကိစ္စ ကို သိ နေကြသည့် ကာလသားကြီး တွေ က တော့ ဦးဘမောင် ၏ ဇနီး မခင်စိန် နှင့် ရင်နှီးသည့် ကိုဘစံ ၊ ကိုအောင်ရွှေ ၊ ကိုမောင်သန်း ၊ ကိုလှမောင် ၊ ကိုမောင်မြ တို့ ဖြစ်သည် ။ သူတို့ သိတာ က လည်း မခင်စိန့် ဆီ က ပင် သိတာ ဖြစ်သည် ။ သူတော်စင် ဦးဘမောင် ၏ ဇနီး မခင်စိန် က တောအရက် ချက်ပြီး အရက်ပုန်း ရောင်းသည် ။ မခင်စိန် ဆီမှာ အရက် လာ သောက် ကြသည့် ကာလသားကြီးတွေ သည် မခင်စိန် ထံ မှ သတင်း ရပြီး ဦးဘမောင် ယနေ့ ည သန်းခေါင်ယံ အချိန် မှာ တောထွက်မည် ဆိုသည့် သတင်း ကို သိထားကြခြင်း ဖြစ်သည် ။

ဦးဘမောင် သည် လယ်ပိုင်ရှင် ၊ မြေပိုင်ရှင် ရွာသူဌေး ဖြစ်ခဲ့ဖူးသည် ။ သောက်သောက်စားစား ပျော်ပျော်ပါးပါး နေခဲ့သဖြင့် သားကြီးသမီးကြီးတွေ ရပြီးမှ ပထမ အိမ်ထောင် နှင့် ကွဲသွားသည် ။ ပထမ အိမ်ထောင် နှင့် ကွဲပြီး တစ်နှစ် လောက် အကြာမှာ အရက်ပုန်း ရောင်းသည့် နှစ်လင်ကွာ မခင်စိန် နဲ့ ညားခဲ့ခြင်း ဖြစ်သည် ။ ပထမ အိမ်ထောင် နဲ့ ကွဲရသည့် အကြောင်း က လည်း မခင်စိန် ၏ ပယောဂ မကင်း ဖြစ်ခဲ့သည် ။ အရက်ပုန်း ရောင်းသည့် လုံးကြီးပေါက်လှ ညိုချောလို့ ပြောလို့ရသည့် မခင်စိန် ရဲ့ အိမ်မှာ အရက် သွား သောက်တာ ကို မကြိုက်လို့ လင်မယားသ,တ်ကြရာမှ ကွဲခဲ့ကြခြင်း ဖြစ်သည် ။

မခင်စိန် က လည်း သူ့ အိမ်မှာ အရက် လာ သောက်သူ လူအို လူပျို အားလုံး နှင့် လက်ပွန်းတတီး နေသည် ။ အတို့အဆိတ် အကိုင်အတွယ် ခံသည် ။ ဒါကလည်း သူ၏ စီးပွားရေး အတွက် လိုအပ်ချက် ဖြစ်ကောင်းဖြစ်မည် ။ ရွာ မှ အရက်ပုန်း ရောင်း သည့် အိမ်တွေ အများအပြား ရှိသည် ။ မခင်စိန် ၏ အိမ် မှာ သောက်သူ ပိုများနေတာ ဟာ မခင်စိန် ၏ ဆက်ဆံရေး ကောင်းသောကြောင့် ဖြစ်သည် ။ မခင်စိန် သည် အသက်လေးဆယ် ဖြစ်သော်လည်း အရွယ် တင်သည် ။ လုံးကြီးပေါက်လှ ညိုချော ဖြစ်လို့ ဆွဲဆောင်မှုရှိသည် ။ ပြောမနာ မို့ နောက်ပြောင်လို့ ကောင်းသည် ။ အတို့ အဆိတ် အကိုင်အတွယ် ခံလို့ စွဲမက်စရာ ကောင်းသည် ။ မျက်မမြင် အမေအို နှင့် နှစ်ယောက် တည်း နေသူ ဖြစ်လို့ လွတ်လပ်သည် ။ ဒီလို အချက်အလက်တွေ သည်ပင် မခင်စိန် ၏ အရက်ပုန်းဆိုင် မှာ လူစည်ကားရခြင်း ၏ အကြောင်းရင်း ဖြစ်နိုင်သည် ။

••••• ••••• •••••

ရွာသူဌေး ၊ အထည်ကြီးပျက် ၊ တစ်ခုလပ် ဦးဘမောင် သည် မခင်စိန် ၏ အရက်ပုန်း ဆိုင်ကို မလာရလျှင် မနေနိုင်ဖြစ်ခဲ့သည် ။ မခင်စိန် ကို မထိတထိ ၊ ကလိတိတိ ၊ ရိသဲ့သဲ့ လုပ်သူတွေ ထဲမှာ ဦးဘမောင် လည်း ပါသည် ။ ပွင့်ပွင့်လင်းလင်း ပြော ရလျှင် မခင်စိန် ကို ကြိုက်လို့ မသိမသာ ပိုးပန်းနေခြင်း ဖြစ်သည် ။ မခင်စိန် ကလည်း ဦးဘမောင် ၏ အပိုးခံသည် ။ ပိုးသူ နှင့် အပိုးခံသူ တို့ နှစ်ဦး သဘောတူ လို့ ယူ ကြမည် ဆိုလျှင်လည်း ဦးဘမောင် ကို ယူလိုက်တာ က အာမခံချက် ရှိသည်ဟု ယုံကြည် ထားခဲ့သည် ။ အသက် နှစ်ဆယ်ကျော် ကွာသည် ။ ဒါက အရေးမကြီး ။ အိမ်ထောင် တည်မြဲရေး မှာ အသက်အရွယ် ကွာခြားမှုသည် အဓိက မဟုတ် ။ တစ်ယောက် ကို တစ်ယောက် အပြန်အလှန် လေးစားမှု ရှိဖို့လိုသည် ။ မိမိ ကို လာ ပိုး နေသည့် လူပျိုကာလသားတွေ ၏ ရမ္မက်ဆန္ဒ သည် ခဏ မျှသာ ဖြစ်သည် ။ ကြာ လို့ ရိုး သွားလျှင် မိမိ ကို စွန့်ခွာသွားကြမည် ဖြစ်သည် ။ အတွေ့ အကြုံ အသေးလေး တွေ အများကြီး နဲ့ ကြုံခဲ့ပြီး ဖြစ်သည့် မခင်စိန် က သိပြီးဖြစ်သည် ။

ဦးဘမောင် သည် အိမ်ထောင်ကွဲ ဖြစ်သော်လည်း လွတ်လပ် ကင်းရှင်းသူ ဖြစ်သည် ။ ဇနီးဟောင်း နှင့် သားသမီးတွေကို အိမ်ခြံ နှင့် အတွင်း ပစ္စည်းတွေ ကို ပေးပြီးဖြစ်သည် ။ သူ့ အတွက် စပါးတင်း နှစ်ရာခန့် ထွက်သည့် လယ်ကြီး တစ်တာ ရ ထားလိုက်သည် ။ စပါးသိမ်း ပြီးတာ နဲ့ ကိုင်း လုပ်လို့ အလွန် ကောင်းသည့် လယ် ဖြစ်သည် ။ ဒီလို လယ်မျိုး မှ ထမင်း မငတ်တော့ဘူး ဆိုတာကို မခင်စိန် သိသည် ။ ယူမယ့် ယူလျှင် လူပျို နှင့် မယား လက်ရှိ သူများ လင်တွေ ကို တော့ မယူတော့ဘူး ။ ဦးဘမောင် လို အသက် ခြောက်ဆယ်ကျော် လွတ်လွတ်လပ်လပ် အဘိုးကြီး ကို ပဲ ယူမည် ဟု ဆုံးဖြတ် ထားခဲ့သည် ။

ဒါကို ရိပ်စားမိဟန် တူသည့် ဦးဘမောင် ကလည်း မခင်စိန် ၏ အိမ်ကို နေ့တိုင်း သွားပြီး အရက် သောက်သည် ။ အခြေအနေ ပေးတိုင်း တစ်လုံးသွင်း နှစ်လုံး သွင်း သွေးတိုးစမ်း ပြီး မခင်စိန် ကို နားသွင်းသည် ။

“ မခင်စိန် လည်း အရွယ်လေး ရှိတုန်း သား မှတ်မှတ် မယား မှတ်မှတ် မြတ်မြတ်နိုးနိုး ပေါင်းသင်းမည့် သူ ရှိရင် အိမ်ထောင် ပြုသင့်တယ် နော် ”

“ ယူမယ့် လူ ရှိရင် ပြုချင်တာပေါ့ ကိုဘမောင် ရယ် ”

မခင်စိန် က ဦးဘမောင် လို့ မခေါ် ၊ ဦးလေး လို့ မခေါ်ဘဲ ကိုဘမောင် လို့ ခေါ် လိုက်တာနဲ့ ပင် ဦးဘမောင် ၏ ဘဝင်ဟဒယ ကို ဖီးလ်လုံးကြီး တက်ဆောင့် သွားသည် ။ အရဲစွန့်ပြီး ပြောကြည့်မည် ဆိုသည့် အကြံဖြင့် ဖန်ခွက်ထဲ က လက်ကျန် ကို မော့ သောက် လိုက်သည် ။ အူထဲကို ပူခနဲ ဝင်သွားသည့် တောအရက်ပြင်း ၏ အခိုးသတ္တိ ကြောင့် သွေးပူ သွားသည် ။ ရင် ထဲ ရှိတဲ့ အတိုင်း ပြောလိုက်သည် ။

“ မခင်စိန် ကို လိုချင်တဲ့ လူတွေ အများကြီးပဲ ၊ မခင်စိန် ကြိုက်တဲ့ လူကို ရွေး ယူဖို့ပဲလိုတယ် ”

ရင်ထဲ ရှိတဲ့ အတိုင်း ပြောတော့မယ် လို့ ရည်ရွယ်ပြီး အရဲစွန့် ပြောသော် လည်း သိက္ခာ ဆယ် နေရသည့် အတွက် တဲ့တိုးကြီးပြောရမှာ ရှက်နေသည် ။ မခင်စိန်  ကို လိုချင်တဲ့ လူတွေ ထဲမှာ ကျုပ် လည်း ပါတယ်လို့ ပြောရမှာ ရှက်နေသည် ။ တစ်ခါက ရွာ့ မျက်နှာဖုံး ၊ ဘုရားဒကာ ကျောင်းဒကာ ၊ ရွာသူဌေး ဆိုတဲ့ ဂုဏ်ဖြင့် မခင်စိန် တို့ လို နာမည် ပျက်ဖြင့် အရက်ပုန်း ရောင်းသူကို အဖက် မလုပ်ဘဲ နေခဲ့ သည့် အရှိန် က မသေသေးလို့ မခင်စိန် လို မိန်းမ ကို ကြိုက် နေပါတယ်လို့ ပြောရမှာ ခက်နေသည် ။ ဒါကို ရိပ်စားမိသည့် မခင်စိန် က ပါးနပ်လိမ္မာစွာ လမ်းကြောင်း ပေးရသည် ။

“ ကျွန်မ က ခဲကြီး နှစ်လုံး မှန် ဖူးတဲ့ စာသူငယ် လေ ကိုဘမောင် ရဲ့ ၊ မြွေသံ ကို နားထောင် ညောင်သီး ကို စားနေပေမယ့် လေးညှို့သံ ကို လည်း နားစွင့် နေရတဲ့ ငှက်မပါ ။ ကိုဘမောင် လို အတွင်းသိ အစင်းသိ လူ က လွဲလို့ တခြား လူ ကို ယူလိုက် ရင် နောက်ထပ် ခဲကြီး တစ်လုံး မှန်မှာ ကို ကြောက်လို့ မိမိ ရဲ့ စိတ်ဆန္ဒ ကို ချိုးနှိမ် မျိုသိပ် နေတာပါ ”

ကိုဘမောင် လို အတွင်းသိ အစင်းသိ လူ က လွဲလို့ ဆိုသည့် စကားဖြင့် ပင် အလုပ် ဖြစ်နေပြီ ဆိုတာကို သိသွားသည့် ကိုဘမောင် အားတက်ပြီး အာသွက် သွားသည် ။ နောက်ထပ် ယူလိုက်တဲ့ လင် က နောက်ထပ် ပစ်သွားမှာ စိုးလို့ လင် လို ချင်တဲ့ ဆန္ဒ ကို ချိုးနှိမ်မျိုသိပ် နေရတယ် ဆိုတဲ့ စကားလုံး က လည်း ဦးဘမောင် ကို ကြက်သီး ထပြီး ရှိန်းတိန်း ဖိန်းတိန်း ဖြစ်သွားစေသည် ။

“ မခင်စိန် တို့ ၊ ကျုပ်တို့ ဆိုတာ ကတော့ တစ်ရွာတည်း နေ တစ်ရေတည်း သောက် တစ်ယောက် အကြောင်း တစ်ယောက် သိနေကြတာ ဆိုတော့ နောက်မှ သိလို့ နာတယ် ထင်ပြီး ခွာ သွားစရာ အကြောင်း မရှိပါဘူးဗျာ ။ ကျုပ် ဘယ်လို လူ ဆိုတာ မခင်စိန် သိပါတယ် ”

ဦးဘမောင် သိက္ခာ ဆယ်ရလွန်းတာ နဲ့ စကားတွေ က လိုရင်း မရောက် နိုင် ဖြစ်နေသည် ။ ဘာသိက္ခာ မှ မရှိတဲ့ မခင်စိန် က စိတ်မရှည်နိုင် ဖြစ်လာသည် ။ တဲ့တိုးပဲ မေးလိုက်သည် ။

“ ကဲ ... ကိုဘမောင် ရှည်ရှည်ဝေးဝေး တွေ ပြော မနေနဲ့ ။ ရှင် ကျွန်မ ကို လက်ထပ် ယူနိုင်မလား ။ ရှင့် ကို သာ ဆိုရင် ကျွန်မ ဘက်ကတော့ အဆင်သင့်ပဲ ”

ကဲ ... ဘယ့်နှယ် ရှိရောလဲ ၊ လုပ်လည်း ပြတ်ပြတ် ၊ ဖျိုးဖျိုးဖျတ်ဖျတ် လုပ် တတ်သူ ဖြစ်သည် ။ ဒါတောင်မှ မခင်စိန် ကို တစ်ဖက်သ,တ် ကြိုက်ပြီး ပိုးရင်းပန်းရင်း အရက် လာ သောက်နေသူ ဦးဘမောင် က ဟန်ဆောင် ချင်သေးသည် ။

“ မခင်စိန် ဘက်က အသင့် ဆိုတော့ ကိုဘမောင် က ငြင်းစရာမလိုပါဘူး ”

“ ရှည်လိုက်တာ ကိုဘမောင် ရယ် ။ ရှင် ကျွန်မ ကို ကြိုက်သလား ၊ ယူမလား ”

“ ပြောဖို့ လိုသေးလား မခင်စိန် ရယ် ။ ကြိုက်တာပေါ့ ယူမှာပေါ့ ”

“ အဲဒါများ ရှည်ရှည်ဝေးဝေး စကားတွေ လှည့်ပတ် ပြော နေရသေးတယ် ။ နက်ဖြန်မနက် မှာ သူကြီး အိမ် သွားပြီး အသိအမှတ် ပြု လက်မှတ်ထိုး ပေးပါလို့ ပြောမယ် ”

အဲဒီလို ပုံစံဖြင့် ဦးဘမောင် နှင့် မခင်စိန် တို့ ညားခဲ့ကြခြင်း ဖြစ်သည် ။ ဦးဘမောင် ၏ သားသမီးတွေ နှင့် ဆွေမျိုးတွေ က ရှက်လှချည်ရဲ့ ဆိုပြီး ဦးဘမောင်  ကို အဖက် မလုပ် အဆက် ဖြုတ်လိုက်ကြသည် ။ ဦးဘမောင် ကတော့ သူ့ ထက် အသက် နှစ်ဆယ် လောက်ငယ်သည့် ညိုချော လုံးကြီးပေါက်လှ မခင်စိန် ကို ရလို့ ပျော် နေခဲ့သည် ။ ဘယ်ဆွေ ဘယ်မျိုး ကို မှ ဂရုမစိုက်ဘဲ မခင်စိန် ၏ အိမ်မှာ လိုက် နေသည် ။ အရက် သောက်ချင်သည့် အခါ အလကား သောက်လို့ တောင် ရသေး သည် ။

••••• ••••• •••••

အိမ်ထောင်သက် ခြောက်လ ၊ တစ်နှစ် လောက် ကြာလာတော့ ပြဿနာ စ လာ သည် ။ မခင်စိန်  အရက် ချက် ရောင်းတာ ကို မရောင်းဖို့ တောင်းဆို လာသည် ။ မခင်စိန် က ရောင်းမည် ဟု ဆိုသည် ။ ဦးဘမောင် ၏ လယ် က ရသည့် လယ်ဆီ လယ်ခ ဖြင့် စားလောက်သည့် အတွက် အရက်ချက် ရောင်းရန် မလို ဟု ဦးဘမောင် က ပြောသည် ။ မခင်စိန် က ရှင်းပြသည် ။ တစ်နှစ် မှ တစ်ခါ သာ ရသည့် စပါး ဝမ်းစာ နှင့် စပါး ရောင်းရငွေ သည် လှူဖို့တန်းဖို့ နှင့် အိုစာမင်းစာ စုဆောင်းဖို့ အတွက် ဖြစ်သည် ။ နေ့စဉ် အရက်ချက် ရောင်းလို့ ရသည့် အမြတ်ငွေ သည် နေ့စဉ် စားဖို့ ဟင်းဖိုး နှင့် မုန့်ဖိုး ရလို့ ဒီ အလုပ် ကို လက် မလွတ်နိုင်ပါ ဟု ရှင်းပြ သည် ။ ဒါကို ဦးဘမောင် ကလည်း သိပြီး ဖြစ်သည် ။ သို့သော် မခင်စိန် သည် အရက် လာ သောက်သူ လူပျိုကာလသားတွေ နဲ့ တို့လိုက် ထိလိုက် ၊ လက်ပွန်းတတီး နေတာ ကို မကြည့်နိုင် ၊ မမြင်နိုင် ၊ မနာလို ဖြစ်နေသည့် ဦးဘမောင် က အကြောင်း မရှိ အကြောင်း ရှာပြီး မခင်စိန် ကို အရက်ချက် မရောင်းရန် ကန့်ကွက် နေခြင်း ဖြစ်သည် ။

ပြော မရသည့် အခါ လင်မယား စကား များသည် ။ အိမ်ရာ ခွဲအိပ်သည် ။ စကား မပြောဘဲ နေကြသည် ။ တစ်ဦး ကို တစ်ဦး က သိစေချင်သည့် အကြောင်း ကို အရက် လာ သောက်သူတွေ က တစ်ဆင့် ပြောသည့် ပုံစံမျိုးဖြင့် ပြောကြသည် ။ မခင်စိန် သိစေချင်တာကို ဦးဘမောင် က အရက် လာသောက် သူ ကို ပြော သလိုလို ဖြင့် မခင်စိန် ကြားလောက်အောင် ပြောတာဖြစ်သည် ။ မခင်စိန် ကလည်း ဦးဘမောင် ကို ပြောချင်သည့် စကား ကို အရက် လာသောက်သူ ကို ပင် လေသံ မြှင့်ပြီး ပြောသည် ။

“ အရက် ဆိုတာ မသောက်ဘဲ နေနိုင်ရင် အကောင်းဆုံးပေါ့ ။ ကျွန်မ လည်း အရက်ချက် ရောင်း နေပေမယ့် အရက် မသောက်ပါဘူး ။ အရက် ရောင်းတာ က စီးပွား ရှာတာပဲ ။ နေ့စဉ် စားဖို့ ဈေးဖိုး ရလို့ ရောင်းနေတာပဲ ။ နေ့စဉ် ဝင်ငွေ မရှိဘဲ ဟင်းလျာ ဘာနဲ့ ဝယ်မလဲ ”

ဦးဘမောင် ကတော့ အရက် ရောင်းတာ ကို မကြိုက်လို့ မဟုတ်ဘူးဟေ့ ။ အရက် လာသောက်တဲ့ ကောင်တွေ နဲ့ ပလူးပလဲ ၊ တို့လိုက်ဆိတ်လိုက် လုပ်နေတာ ကို မကြည့်နိုင် မမြင်နိုင်လို့ဟဲ့ လို့ ပြောချင်သည် ။ မခင်စိန် ကို ပိုးပန်းပြီး နေ့စဉ် အရက်လာသောက် နေကြသည့် ဖောက်သည် တွေ နှင့် မခင်စိန် ကို ခင်မင်လို့ လာသူ တွေကို စော်ကားသလို ဖြစ်မည်စိုး ၍ မပြောဘဲ အောင့်ထားလိုက်ရသည် ။

ဦးဘမောင် သည် မခင်စိန် ကို စိတ်ကောက်ပြီး ဟန်လုပ်တာ ဘရိတ်အုပ် လို့ မရ ဖြစ်လာသည် ။ အရက် မသောက်တော့ရုံ သာမက ယောဂီဝတ်စုံ ကို ဝတ်ပြီး ပုတီးကြီး ကို လည်ပင်း မှာ အမြဲ စွပ်ထားသည် ။ အရက်ရောင်းသည့် အိမ် နှင့် ယောဂီ ဝတ် ပုဂ္ဂိုလ် တို့ မသင့်လျော်ဖြစ်နေသည် ။ ဦးဘမောင် သည် တမင် အရွဲ့တိုက် နေတယ် ဆိုတာ ကို သိသည့် မခင်စိန် က လည်း အလျှော့ မပေး ၊ နောက် မဆုတ်ဘဲ သူ့ အလုပ် ကို ဆက် လုပ်နေသည် ။

ဦးဘမောင်  အခုလို ဖြစ်လာတော့ ဦးဘမောင် ၏ သောက်ဖော်စားဖက် ဖြစ်ခဲ့ဖူးသူတွေ ဖြစ်ကြသည့် ဦးသန်းဖေ ၊ ဦးမောင်ပု ၊ ဦးဖိုးထင် တို့ က အဆင်း မှာ ဘီးတပ် ပေးပြီး ချောဆီ ပါ ထိုးပေးကြတော့သည် ။ လောကီ နှင့် ဝတ်ကြောင် ကို စွန့်၍ ရသေ့ရဟန်း ဝတ်သွားရန် မြှောက်ပင့် ပေးကြသည် ။ မခင်စိန် ကို မခွဲနိုင်လို့ ရသေ့ရဟန်း မဝတ်ဘူး ဆိုတာကို သိနေကြ၍ တမင်တွန်းခြင်း ဖြစ်သည် ။ ဦးဘမောင် က လည်း ပါးသည် ။ မခင်စိန် လွတ်လွတ်လပ်လပ်ဖြစ်သွားစေချင်လို့ သူ့ ကို အတင်းအဓမ္မ ဘုန်းကြီး ဝတ်ခိုင်းနေကြတာ ဟု ထင်သည် ။

“ နိဗ္ဗာန် ရဖို့ အတွက် ရသေ့ရဟန်း ဝတ်စရာ မလိုပါဘူးကွာ ။ ဝိသာခါ ၊ အနာထပိဏ် နဲ့ ခေမာမိဖုရား တို့ ဟာ လူဝတ်ကြောင် နဲ့ ပဲ နိဗ္ဗာန် ဝင်သွားကြတာပဲ ”

မခင်စိန် ကို မခွဲနိုင်ဘူးလို့ ပြောရမှာ ခက်နေသည့် အတွက် ရဟန်း မဝတ်ဘဲ နိဗ္ဗာန် ရနိုင်သည့် သာဓကတွေ ကို ထုတ်ပြနေခြင်းဖြစ်သည် ။ မခင်စိန် ကလည်း ဦးဘမောင် သည် သူ့အပေါ် မှာ နားလည်လာသည့် တစ်နေ့မှာ ပုံမှန် ဖြစ်သွား လိမ့်မည် ဆိုသည့် ယုံကြည်ချက်ဖြင့် ခုတင် နှင့် ဆယ်ပေ မျှသာ ဝေးသည့် နေရာ မှာ သီးသန့် ခြင်ထောင် တစ်လုံး ဖြင့် တစ်ယောက်တည်း အိပ်သည် ။

ဦးဘမောင် အရက် မသောက်တော့ဘဲ မဂ်ပေါက် ဖိုလ်မြင် နိဗ္ဗာန် ဝင်မည့် ကိစ္စကို ခရီးပေါက် ဖို့ နောက် မဆုတ် နိုင်အောင် မြှောက်ပင့်ပေးသူတွေ ထဲ မှာ ရွာ က ကာလသား တွေ လည်းပါသည် ။ မခင်စိန် နှင့် လက်ပွန်းတတီး နေကြသည့် ကိုဘစံ ၊ ကိုအောင်ရွှေ ၊ ကိုမောင်သန်း ၊ ကိုလှမောင် တို့ သည် ဦးဘမောင် ကို ဝိုင်း တွန်းကြသည် ။

“ ဦးလေး ရဟန်း ဝတ်မယ် ဆိုရင် ကျွန်တော် ရဟန်းဒါယကာ ခံပါရစေ ”

“ ကျွန်တော် က ပစ္စည်းလေးပါး ဒါယကာ ခံပါရစေ ”

“ တောထွက်မယ် ဆိုရင် ဝက်သေတောင်ခြေရင်း က ငှက်အော်စမ်း ဘေးမှာ ကျောင်းသင်္ခမ်းလေး ဆောက် ပေးပြီး ကျောင်းဒကာ ခံပါရစေ ”

မခင်စိန် ကို ခြေတို့လက်တို့ စကား ပြောပြီး လက်ပွန်းတတီး နေသူ လူပျို တွေ က ဝိုင်း တွန်းနေကြလို့ ဦးဘမောင် ရှေ့ တိုးရ ခက် ၊ နောက် ဆုတ်ရ ခက် ဖြစ်နေသည် ။ မဖြစ်နိုင်ဘူး ထင်ပြီး ကလိတိတိ ၊ ရိတိတိ လုပ်နေကြတာ ဟု ထင်လာ သည် ။ လုပ်နိုင်တယ် ၊ လုပ်ရဲတယ် ဆိုတာကို ပြရ မလို ဖြစ်နေသည် ။

“ တောထွက်တယ် လို့တော့ မဟုတ်ပါဘူးကွာ ။ ဆိတ်ငြိမ်တဲ့ နေရာမှာ တစ်ယောက်တည်း နေပြီး ဧကစာ ကျင့်တော့မယ် လို့ ရည်ရွယ်ထားတယ် ။ ရပ်ရွာ နဲ့ မနီးမဝေး နေရာ တော ထဲမှာ နေမှာ ဆိုတော့ တောထွက်တယ် ဆိုလည်း မမှား ပါဘူး ။ ပါရမီ ရှိရင် တစ်ခါတည်း အပြတ် ကျင့်တော့မယ် ”

“ ဒါဆို အစ်မ မခင်စိန် ကို ပစ်ထားခဲ့တော့မှာပေါ့ ”

“ သတ္တဝါတွေ ဟာ လာတုန်း က လည်း တစ်ယောက် တည်း ၊ ပြန်တော့ လည်း တစ်ယောက် တည်း ပဲ ပြန်ရမှာပေါ့ ။ တစ်နေ့ ကျရင် သူလည်း သူ့ လမ်း သူ သွား ၊ ကိုယ် လည်း ကိုယ့် လမ်းကိုယ် သွားရမှာပဲ ”

အိမ်ရှေ့ခန်း မှာ ထိုင် နေတဲ့ ယောဂီကြီး နဲ့ အိမ်နောက်ဘက် မှာ အရက် သောက် နေသည့် လူပျိုတွေ ပြောနေကြတာ ကို ကြားနေရသည့် မခင်စိန် က ပြုံးပြီး နှုတ်ခမ်း ဖြဲသည် ။ ယောဂီကြီး က လည်း အိမ် နောက်ဘက် မှာ ထိုင် ပြီး အရက်ရောင်း နေသည့် မခင်စိန် ကြားအောင် လေသံ မြှင့်ပြီး ပြော နေခြင်း ဖြစ်သည် ။ မခင်စိန် က ကိုအောင်ရွှေ ၏ နား ကို ပါးစပ် ကပ်ပြီး တစ်စုံတစ်ခု တိုးတိုး ပြောသည် ။ ကိုအောင်ရွှေ က ခေါင်းညိတ် ပြသည် ။

“ ဦးလေး တောထွက်မယ် ဆိုတော့ ဘယ်တော့လောက် ထွက်ဖြစ်မလဲ ”

“ ဟ ... တောထွက်မယ့် ကိစ္စကို မင်းတို့ ကို ပြောလို့ ဖြစ်မလား ။ မင်းတို့ က မာရ်နတ်တွေပဲ ”

“ ကျွန်တော်တို့ ကို မပြောလည်း အစ်မ မခင်စိန် ကိုတော့ အသိပေး နှုတ်ဆက် သွားပါ ။ ကျွန်တော်တို့ ရဲ့ ဘုရားအလောင်း တောင် ယသော်ဓယာ ရဲ့ အဆောင် ကို သွား ကြည့်သေးတာပဲ ”

ဒီ အကြံပြုချက် ကို တော့ ယောဂီ ဦးဘမောင်  သဘောတူ လက်ခံဟန် တူ သည် ။ ဆိတ်ဆိတ် နေတာ တွေ့ ရသည် ။ ကိုဘစံ နှင့် ကိုအောင်ရွှေ တို့ က မခင်စိန်  ကို မျက်စိမှိတ် ပြသည် ။ မခင်စိန် က ပြုံး နေသည် ။ ဦးဘမောင် ယောဂီဝတ် ဖြင့် တောထွက်မယ် လို့ ပြောနေတာ က လောကီအာရုံ ကာမဂုဏ်တွေ ကို ငြီးငွေ့ စိတ်ကုန် လို့ မဟုတ် ။ မခင်စိန် ကို မကျေနပ်လို့ စိတ်ကောက်ပြီး တောထွက်မည် ဟု ပြောနေခြင်းသာ ဖြစ်သည် ။ ဒါကို သိထားကြသည့် ကာလသားတွေ နှင့် မခင်စိန် က ပြုံးကြခြင်းဖြစ်သည် ။ အိမ်ရှေ့ ဧည့်ခန်းမှာ ရေနွေးကြမ်း သောက်ရင်း ထိုင် နေသည့် ယောဂီ ဦးဘမောင် က တော့ သူ့ ကို ဝိုင်း လောင် နေကြတာ ကို မသိလို့ သူ ပြောချင် တာ ကို ဆက် ပြောနေသည် ။

“ သူတော်ကောင်းတွေ ဆိုတာ ရှေး ဘုရားအလောင်းတော် တို့ ရဲ့ ထုံး ကို နှလုံးမူပြီး လုပ်သင့် လုပ်ထိုက်တာ ကိုတော့ လုပ်ရမှာပေါ့လေ ”

တောထွက်မည့် ညမှာ အစ်မ မခင်စိန် ကို နှုတ်ဆက် သွားမှာ သေချာသည် ဟု သိသွားသည့် ကာလသားတွေ က တစ်စုံတစ်ခု ကို ပြုလုပ်ရန် အကြံရ သွား ကြဟန် တူသည် ။ မခင်စိန် ၏ နား ကို ပါးစပ် နဲ့ ကပ်ပြီး တစ်စုံတစ်ခု ပြောသည် ။ မခင်စိန် က ရယ်ပြီး ကိုဘစံ ၏ ဗိုက်ခေါက် ကို လိမ်ဆွဲသည် ။

“ ( xxx ) ယုတ်မာတယ် ”

“ မယုတ်မာပါဘူး အစ်မ ရဲ့ ၊ စမ်းသပ်တဲ့ သဘောပေါ့ ... ဟီး ... ဟီး ”

“ သူ့ ရဲ့ မဂ်လမ်းခရီး မှာ ငါ က အဖျက်အဆီး လုပ်သလို ဖြစ်ပြီး ငရဲကြီး နေပါဦးမယ် ”

“ စမ်းကြည့်စမ်းပါ အစ်မရယ် ၊ ဘာဖြစ်မလဲ ဆိုတာ ကြည့်ချင်လို့ပါ ”

ကာလသားတွေ  အကြံပြုတာ ကို မခင်စိန် က သဘောတူ လက်ခံလိုက် ဟန် တူသည် ။ မခင်စိန် က ဘာမှ ပြန် မပြောတော့ဘဲ ရယ်နေသည် ။ သူ့ လူ အကြောင်း ကို သူ က ပို သိနေလို့ ဖြစ်မည် ။

ယနေ့ ည သည် ယောဂီ ဦးဘမောင် တောထွက်မည့် ည ဆိုတာ သေချာ သလောက် ဖြစ်သည် ။ လပြည့်နေ့ ည လည်း ဖြစ်သည် ။ နံနက်စောစော ထပြီး ဘုရားရှိခိုးသည် ။ ကိုးပါးသီလ ယူ သံ ကြားရသည် ။ မခင်စိန် ပြင်ပေးသည့် နေ့လယ်စာ ကို စားပြီးသည် နှင့် အထုပ်အပိုး ပြင်တာ တွေ့ ရသည် ။ လက်ဖက်ခြောက် ၊ ရေနွေးကရား နှင့် သောက်ရေအိုးလေး တစ်လုံး ကို ပါ ထည့်ယူ သွားဖို့ ပြင်ဆင် နေတာ တွေ့ရသည် ။ မခင်စိန် ကတော့ မသိဟန် ဆောင်နေပြီး အရက်လာ သောက်သူတွေ နှင့် ပုံမှန် ပြောဆိုနေသည် ။ အရက် လာ သောက်ကြသည့် ကာလသားတွေ ကိုတော့ ယနေ့ ည သေချာတယ် လို့ ပြောလိုက်သည် ။ ကာလသားတွေ က အကာလ ညအခါ မှာ ဦးဘမောင် အိမ် က ထွက်တာကို စောင့်ကြည့်ဖို့ အတွက် တစ်ညလုံး မအိပ်ဘဲ ချောင်းကြည့် နေကြမည် ဟု ဆိုသည် ။

အဲဒီနေ့ ည တစ်ညလုံး ကုန် လို့ မိုးသာ လင်း သွားသည် ။ ဦးဘမောင် အိမ် က ထွက်လာတာ မတွေ့ကြရလို့ အံ့သြ သွားကြသည် ။ ယောဂီ ဦးဘမောင် တော မထွက်ဖြစ်တာကတော့ သေချာသည် ။ ဘာကြောင့် တော မထွက်တာလဲ ဆိုတာကို စုံစမ်းဖို့သာ လိုတော့သည် ။

••••• ••••• •••••

တစ်ညလုံး အိပ်ရေးပျက် ထားတဲ့ ကာလသားတွေ က တစ်နေ့လုံး အိပ်နေကြပြီး ညနေ ကျတော့ မခင်စိန် ရဲ့ အိမ် ကို အရက် သောက်ဖို့ သွားကြသည် ။ နေ့စဉ်ပုံမှန် တွေ့ နေကျ ဦးဘမောင် ကို ယောဂီဝတ်စုံ ဖြင့် အိမ်ဦးခန်း မှာ ထိုင်နေတာ ကို မတွေ့ ရတော့ဘဲ သာမန် အရပ်ဝတ်ဖြင့် ရေတွင်း မှာ ရေငင် နေတာကို တွေ့ လိုက် ကြရသည် ။

“ အစ်မ .. ဘယ်လိုလဲ ၊ ည က တော မထွက်ဖြစ် ဘူးလား ”

“ ည သန်းခေါင် လောက်မှာ ငါ့ ခြင်ထောင် ကို လာ ဖွင့်ပြီး ကြည့်တယ်ဟေ့ ။ နှုတ်ဆက်တာ ဖြစ်ပါလိမ့်မယ် ။ ငါ က လည်း ပူလို့ အိုက်လို့ ခြင်ထောင် ထဲ မှာပဲ ဆိုပြီး လွတ်လွတ်လပ်လပ် အိပ် နေမိတယ် ။ ဘာတွေ ကို မြင်သွားသလဲ တော့ မသိဘူး ။ တော မထွက်တော့ဘူး ဆိုပြီး အခုလို ပြန် ဖြစ်သွားတာပဲ ”

“ ဟာဗျာ ... ခင်ဗျား က လည်း အအိပ်အနေ ပက်စက်တယ် နဲ့ တူပါတယ် ”

“ ပိတ်ခြင်ထောင် ထဲမှာ ပူလို့ အိုက်လို့ ဟဲ့ ”

အရက် လာ သောက်နေသည့် ကာလသားတွေ  ဝိုင်း ရယ်လိုက်ကြသည့် ရယ်သံ ကို ရေတွင်း မှာ ရေငင်ပြီး ချိုးရေအိုးကြီး ထဲ ရေ ဖြည့် နေသည့် ဦးဘမောင် ကြား လိုက်ရသည် ။

▢ အဏ္ဏဝါစိုးမိုး

📖 သောကြာ မဂ္ဂဇင်း
      နိုဝင်ဘာလ ၊ ၂၀၀၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment