Wednesday, October 2, 2024

စိတ်ထဲက ကြိတ် ရယ်၏ တိုးတိုးလေး ရယ်၏ အသံကျယ်ကျယ် ရယ်၏ ဟားတိုက်၍ ရယ်နေပါ၏



 

❝ စိတ်ထဲက ကြိတ် ရယ်၏ တိုးတိုးလေး ရယ်၏
အသံကျယ်ကျယ် ရယ်၏ ဟားတိုက်၍ ရယ်နေပါ၏ ❞

စီးပွားရှာ နေသောမိတ်ဆွေ ။

သင့် ကို ဘေးလူတွေ က ဘယ်လို မြင်နေပါသလဲ ။

သင့် စီးပွားရေး က ရော ရှေ့တိုး နေသလား ။ တန့် နေသလား ။ နောက်ပြန် လျှောကျ နေပါသလား ။

ဘေးလူတွေ ရဲ့ အမြင် မှာ သင် ဟာ ထက်မြက်သူလား ။ ထုံထိုင်းနေသူလား ။ ခေတ်ရှေ့ ပြေးနေသူလား ။ ခေတ်နောက် ကျသူလား ။

သင် စီးပွားရှာတာ ပုံစံကျရဲ့လား ။

တစိုက်မတ်မတ်လား ။ တောင်ရောက် မြောက်ရောက်လား ။ အမြော်အမြင် ရှိသူလား ၊ အ,တိ အ,တကြီးလား ။

သင့် ကိုယ် သင် ဆုံးဖြတ်လို့ မရပါ ။ အရပ် က ဆုံးဖြတ်ပါလိမ့်မည် ။ သင့် အကြောင်း ကို ဘေးလူ က ပို သိ နေပါသည် ။

မိုးလွန် မှ ထွန်ချနေသည် ကို လည်း ဘေးလူ က မြင်ပါသည် ။ သင့် ကုန်ပစ္စည်း ညံ့ နေလို့ ဈေးကွက် ထဲ မယှဉ်နိုင်ဘဲ လက်ပုံချ ရောင်း နေ လျှင်လည်း ဘေးလူ က သိပါသည် ။ အစီအစဉ် မရှိ လက်တန်း လျှောက် လုပ်နေ လျှင်လည်း ဘေးလူ က သိပါသည် ။

ဖုတ်ပူ မီးတိုက် ထ လုပ်နေ လျှင် လည်း ဘေးလူ က မြင်ပါသည် ။ ဟိုဘက် က လှည့် တိုး ၊ သည်ဘက် က လှည့် တိုး ၊ အကွက် အမျိုးမျိုး ချိုး နေ လျှင်လည်း ဘေးလူ က သိပါသည် ။

စားကောင်း သောက်ကောင်း လူမြင်ကောင်း အောင် လုပ်ပြ နေ လျှင် လည်း ဘေးလူ က သိနေပါသည် ။

စီးပွား ရှာသည် ။ အလုပ် လုပ်သည် ဆိုရာ၌ အလုပ် လုပ်ခြင်း နှင့် အလုပ် လုပ်ပြခြင်း ဟူ၍ နှစ်မျိုး ရှိနေ ပါသည် ။ မဖြစ်မနေ ဇွဲလုံ့လ နဲ့ အလုပ် ထဲ နှစ်ပြီး အလုပ် လုပ်နေသည် ကို အလုပ် လုပ်ခြင်း ဟု ခေါ်ပါသည် ။

လူမြင် ကောင်းအောင် ဟန်ဆောင် ပန်ဆောင် ဟန်ပြ လုပ်ခြင်း ကို အလုပ် လုပ်ပြသည် ဟု ခေါ်ပါသည် ။

ဥပမာ - ရပ်ကွက် စုပေါင်းပြီး တံတား တစ်ခု တည်ဆောက်သည် ဆိုပါစို့ ။ တံတား က လည်း သိန်း ၅၀၀ ကျော် ကုန်ကျမည် ဆိုပါစို့ ။

ရပ်ကွက် က ငွေ စု ၊ လူ ရွေး ၊ ခေါင်းဆောင် ရှာမည် ဆိုပါစို့ ။

ဘယ် လို လူ မျိုးကို ခေါင်းဆောင် တင်မလဲ ။ အလုပ် လုပ်သူ ကို တင်မလား ။ အလုပ် လုပ်ပြသူ ကို တင်မလား ။

စားမည်ဝါးမည့် သူ ကို ခေါင်းဆောင် တင်မလား ။ ကိုယ့် ထမင်း ကိုယ် စားပြီး တကယ် တိတိကျကျ လုပ်တတ်သူ ကို ခေါင်းဆောင် တင်မလား ။

သည်လို နေရာမျိုး မှာ သင့် ကို ခေါင်းဆောင် အဖြစ် မရွေးကြဘူး ၊ လူရာ မသွင်းကြဘူး ဆိုပါလျှင် သင် ညံ့ နေလို့ပါပဲ ။

ဒါကြောင့် သင့် အကြောင်း ကို သင့် ကိုယ် သင် ထက် ဘေးလူတွေ က ပို သိနေတယ်လို့ ပြောရခြင်း ဖြစ်ပါ၏ ။

လူရာ အသွင်း မခံရဘူး ၊ ဘေး ချိတ် တာ ခံနေရပြီ ဆိုပါလျှင် သင့် ကို လူကြိုက် မများဘူး ဆိုပါလျှင် သင် ဘာပဲ လုပ်လုပ် မအောင်မြင်နိုင်တော့ပါ ။

ဘာကြောင့်လဲ ဆို စီးပွား ရှာ ရာ မှာ သင့် ကို လူရာ သွင်းကြမှ သင့် အပေါ် အမြင် ကြည်လင် မှ သင့်ကို ယုံကြည်ကြ မှ သာ သင့် လုပ်ငန်း အောင်မြင်နိုင်ပါသည် ။

ယနေ့ သင် မအောင်မြင်ခြင်း မှာ သင့် ကို လူကြိုက် မများသော ကြောင့် ဖြစ်ရသည် ဟု တစ်ထစ်ချ မှတ်ယူလိုက်ပါတော့ ။

သင် က သာ မသိတာပါ ။ သင့် အကြောင်း သိနေသော ဘေးလူများ က သင့် ကို ကြည့်ပြီး စိတ် ထဲ က ကြိတ် ရယ် နေကြပါသည် ။ အသံ တိုးတိုးကလေး ရယ် နေကြပါသည် ။ အော်ကြီးဟစ်ကျယ် ရယ် နေကြပါသည် ။ ဟားတိုက်၍ ရယ် နေကြပါသည် ။

သင် ဘာမျှ မသိပါ ။

သူတို့ က သင့် ရှေ့ မှာ မရယ်ကြပါ ။ သင့် ကွယ်ရာ မှာ ရယ်နေကြခြင်း ဖြစ်ပါသည် ။

ငါ ဟာ အရယ် ခံနေရ ပြီလား ။ ငါ ဟာ လူ ရယ်စရာကြီး ဖြစ်နေ ပြီလား ။

မိမိ ဘာသာ ပြန်လည် သုံးသပ်ပါ ။

မိမိ ကိုယ် မိမိ ပြန် မြင်နိုင်အောင် ကြည့် ကြည့်ပါ ။

ကိုယ့် ကိုယ် ကို ပြန် မမြင်သေး သမျှ ကာလပတ်လုံး သင် မအောင် မြင်နိုင်ပါ ။ ကိုယ့် ကိုယ် ကို အမှန်အတိုင်း ပြန် မြင်ရပြီ ဆိုပါလျှင် သင် အောင်မြင်ရေး လမ်းကြောင်း ပေါ် သို့ ရောက်လာပါပြီ ။

ဆက် မောင်း သွားလို့ ရပါပြီ ။

▢ မောင်ချမ်းသာ

📖 မော်ဒန် သတင််းဂျာနယ်
      ၁၃ ဖေဖော်ဝါရီ ၂၀၀၉

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment