❝ တစ်ဝါ ကျွတ်ပြန်ပေါ့ ❞
( ကြပ်ကလေး )
“ ဟေ့ ... သန်းစိန် တစ်ချက်ထိုး နေပြီကွ ၊ လက်ဖက်ရည် သွား သောက် ကြစို့လေကွာ ”
“ တယ်လည်း ဝီရိယ ရှိနေပါကလား စိုးဝင်း ရ ”
“ လက်ဖက်ရည် သောက်တာ ဝီရိယ ထုတ်နေရဦးမှာ လားကွ ”
“ နာတိပါတယ် တာလိကာရယ် ။ မင်း လက်ဖက်ရည် သောက်ချင်လွန်းလို့ မဟုတ်ပါဘူး ၊ ပိုက်ဆံ သိမ်းတဲ့ ငတိမလေး ကို မင်းမျက်စိကျနေပါတယ် ”
စိုးဝင်း က “ ဟဲ ... ဟဲ .. ဟဲ ... ” ဟု သာ သွားကို ဖြီး ပြလိုက်နိုင်တော့သည် ။ အဘယ်ကြောင့် ဆိုသော် သန်းစိန် ပြောသော စကားများ မှာ မှန်ကန်နေသောကြောင့်တည်း ။
မနေ့ နေ့လယ် က ရုံး အနားပေးချိန် တွင် ဆိုင်သစ် ဖွင့်ခါစ မြန်မာလက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင် သွားသောက်ကြရာဝယ် ပိုက်ဆံ သိမ်း သော စားပွဲဝယ် ဆိုင်ရှင် ဖြစ်ဟန်တူသော အဒေါ်ကြီး တစ်ယောက် နှင့် သမီး လား ၊ အမျိုး လား ခွဲခြား မသိရသော မိန်းမပျိုကလေး ကို တွေ့ခဲ့ရသည် တွင် စိုးဝင်း ၏ မျက်လုံး ထဲ မှ မထွက်နိုင်ဘဲ ရှိချေတော့သည် ။ ယခု လည်း ဤ လက်ဖက်ရည်ဆိုင် သို့ ဤအကြောင်း ကြောင့် သွားလို၍ မိတ်ဆွေ သန်းစိန် ကို ဤသို့ ခေါ်မိခြင်း ဖြစ်လေ၏ ။
ဤကဲ့သို့ နိဒါန်းချီ ပြီးနောက် နေ့စဉ်ရက်ဆက် ဤ လက်ဖက်ရည်ဆိုင် သို့ စိုးဝင်း သွားသည် ကို စာဖတ်သူ တို့ တွေးမိကြပြီး ဖြစ်ပေလိမ့်မည် ။
သို့ဖြင့် စနေနေ့ သို့ ရောက်ခဲ့လေသည် ။
စိုးဝင်း အဖို့ ယနေ့ သိပ် မဟန်လှပေ ။ လက်ဖက်ရည်ဆိုင် တွင် ကလေးမ ကို မတွေ့ရချေ ။ အဒေါ်ကြီး ကို မေးကြည့်ရန်လည်း မဖြစ် ။ နေမထိ ထိုင်မသာဖြစ်ပြီး လက်ဖက်ရည်ကြမ်း ကို ပင် မသောက်တော့ဘဲ ဆိုင် ထဲ က ထွက်လာခဲ့လေသည် ။ ပါရမီဖြည့်ဘက် သန်းစိန် က လည်း နောက်မှ ကုပ်ကုပ် ကုပ်ကုပ်နှင့် လိုက်လာသည် ။
စိုးဝင်း သည် ရည်ရွယ်ချက် အထူး မရှိဘဲ လျှောက်မိလျှောက်ရာ လျှောက်လာခဲ့လေ၏ ။ ထိုခဏ၌ သန်းစိန် သည် စိုးဝင်း ၏ ကျောသို့ ပုတ် ကာ “ ဟေ့ .. ဟိုမှာ .. ဟိုမှာ ” ဟု ပြော၍ ရှေ့သို့ ညွှန်ပြလိုက်၏ ။ စိုးဝင်း လည်း သန်းစိန် ပြ ရာ ကြည့်လိုက်သောအခါ ၊ သူတို့ ဆီ သို့ ဦးတည်၍ ပလက်ဖောင်းပေါ်မှ လျှောက်လာသော ကလေးမ ကို တွေ့ရတော့၏ ။
“ ဟေ့ စိုးဝင်း မင်း ဒီလောက် စွဲနေရင် လည်း စကားလေးဘာလေး စပ်ပြုပြီး ပြောကြည့်ပေါ့ ကွာ ၊ ငါ ဟိုနား က တရုတ်လက်ဖက်ရည်ဆိုင် ထဲ သွားပြီး စောင့်နေမယ် ”
ပြောပြောဆိုဆို သန်းစိန် ထွက်သွားလေရာ ၊ စိုးဝင်း မှာ ရင်ထဲ တဒိတ်ဒိတ် နှင့် ကျန်ရစ်ခဲ့လေ၏ ။ ကလေးမ မှာ တစ်လှမ်းချင်း နီးကပ် လာလေ ရာ တစ်ချက် စိုးဝင်း ကို မျက်လုံးလှန် အကြည့်တွင် စိုးဝင်း က မျက်လုံးချင်းဆုံမိသည် ၌ သန္နိဋ္ဌာန် ချပြီး ဖြစ်သည့် အတိုင်း ပြုံးပြ လိုက်လေ၏ ။ သို့သော် ကလေးမ မှာ အနောက်လက်ယာဘက် ယွန်းယွန်းဆီသို့ လှည့်ကြည့်လိုက်ရာ စိုးဝင်း ၏ အပြုံး မှာ သူနှင့် မဆိုင်ဘဲ တစ်စုံတစ်ယောက် ကို ကျော်၍ ပြုံးဘိ သကဲ့သို့ ဖြစ်သွားသည် နှင့် တစ်ပြိုင်နက် အနီး ရှိ ဆိုင်တစ်ဆိုင် မှ ကု,လားသည် ထိုင်ရာမှ ထ လာပြီး စိုးဝင်း ကို “ ဘာယူမလဲ ဆရာ ” ဟု မေး လိုက်လေ၏ ။
ဤတွင် စိုးဝင်း မှာ ဆတ်ခနဲ ဖြစ်သွားပြီး သူ့ ကို ပြန်ကြည့်နေပြီ ဖြစ် သော ကလေးမ ကို စိုက်ကြည့်လျက် “ မင်း ကို ငါ ပြုံးပြတာ ၊ ဟိုကု,လား ကို မဟုတ်ဘူး ” ဟု ပြော လိုက်လေ၏ ။
“ ရှင်က ကျွန်မ ကို ပြုံးပြရအောင် ကျွန် မကို သိလို့ လား ”
“ သိရုံတင် မကဘူး .. မင်းကို ငါ ချစ်နေပြီ ”
စိုးဝင်း သည် အရဲစွန့် ၍ ပြောလိုက်ရာ တွင် ကလေးမ ၏ မျက်နှာ မှာ ပရုတ်ဆီများ ဖြင့် ပွတ်လိုက်သကဲ့သို့ ရဲ သွားလေ၏ ။
“ ရှင့် ကို မှ ကျွန်မ တစ်ခါမှ မမြင်ဖူးဘဲ ”
“ ဘယ့်နှယ် မမြင်ဖူးရမှာ လဲ မင်းတို့ လက်ဖက်ရည်ဆိုင် မှာ ငါ ခဏ ခဏရောက်နေတာ ”
“ အို ... ရှင် လူမှားပြီ ၊ ဟိုဟာ က ကျွန်မ ရဲ့ အမြွှာပူး ညီမ ရှင့် ”
အမှန် မှာ ကလေးမ သည် မိန်းမတို့ ၏ ဇဝနဉာဏ် ဖြင့် လိမ်လိုက်ခြင်းသာ ဖြစ်သည် ။ အဘယ် မိန်းကလေး သည် အကြောင်း မသိသေးသော ယောက်ျားတစ်ဦး နှင့် နှစ်ယောက်ချင်း စကားကြော ရှည် ပြောနေနိုင်ပါမည်နည်း ။
“ ဟင် .. ဟုတ်လား ”
“ ဟုတ်တယ် ”
“ ဒါဖြင့် မှားလို့ ဗျို့ ... ။ ကျုပ်ချစ်တာ ခင်ဗျား မဟုတ်ဘူး ၊ ခင်ဗျား ညီမ ဗျို့ ”
“ ဟင် ... ရှင့် အချစ် ကလည်း ဘယ့်နှယ်လဲ ၊ ဟို လူ့ ချစ် ၊ ဒီ လူ့ ချစ် နဲ့ ”
“ ဒါကတော့ မှားတဲ့ အခါ မှားပေမပေါ့ဗျာ ”
စိုးဝင်း သည် ဦးရှံစား လေသံ ကို ကာတွန်းဆရာကြောင်ပိန် ဆီမှ တိုက်ရိုက်ခိုးယူလိုက်ပြီး ခပ်ပြုံးပြုံး ဖြင့် ကလေးမ ကို လမ်းဖယ် ပေးသလို နောက်တစ်လှမ်း ဆုတ်လိုက်ရာ နောက်က လျှောက်လာသော ဘောင်းဘီဝတ် တစ်ဦးမှာ သူ ၏ ရုတ်တရက် လှမ်း လိုက်သော ခြေထောက် ကို ခလုတ် တိုက်၍ ဟပ်ထိုးကြီး လဲကျလေတော့၏ ။ စိုးဝင်း မှာ များ စွာ အား နာသွားပြီး “ မတော်လို့ ပါ နောင်ကြီးရာ ” ဟု တောင်းပန်စဉ် ပြန်ထလာ သော ထိုသူ က သူ့ ဘက်လှည့်၍ ပြုံးလိုက်သည် တွင် ပန်ချာပီကြီး တစ်ဦး ဖြစ်နေသည် ကို တွေ့ရသဖြင့် “ ဟာ ... မြန်မာမှတ်လို့ ” ဟု လွှတ်ခနဲ ထွက်သွား လေ၏ ။
“ မြန်မာဖြစ်ဖြစ် ကု,လားဖြစ်ဖြစ်ပေါ့ဗျာ ၊ နောင်ကြီးအရွယ် နောင်ကြီး ခေါ်ကာ ယဉ်ကျေးတာ ပေါ့ ၊ ဂုဏဝုဎ္ဍိ ဝယဝုဎ္ဋိ ဆိုတယ် မဟုတ်လားဗျ ”
ပန်ချာပီကြီး သည် သူ့ ကို ရယ်ရွှန်းပတ်ရွှန်း နှင့် မြန်မာလို ပီပီသသကြီး ပြော၍ ထွက်သွားလေ ၏ ။ စိုးဝင်း ကား မရယ်နိုင်ပါ ။ ယခု လို ကြုံတုန်း ကလေးမ တို့ ၏ နေရပ်လိပ်စာကို မေးသင့်သည် ဟု တွေး မိသဖြင့် ပြန်လှည့်ကြည့်လိုက်ရာ ကလေးမ မှာ တော်တော်လှမ်းလှမ်း သို့ ပင် ရောက်နေပြီ တွေ့ရ သဖြင့် နောက်မှ အူယားဖားယား အပြေးကလေး လိုက်လေ၏ ။ အနီးသို့ ရောက်သောအခါ “ ဒီမှာ ... ဒီမှာ ” ဟု ထပ် ခေါ် လိုက်လေသည် ။
ကလေးမ ၏ လှည့်အကြည့်နှင့် စိုးဝင်း တစ်စုံတစ်ခု သတိပြုမိသည် တို့ မှာ တစ်ချိန်တည်း ဖြစ်နေတော့သည် ။ သူ သတိပြုမိသည် ကား ဤ အစ်မ ဆိုသူ ဝတ်လာသော လုံချည်မျိုး ကို သူ့ ညီမ ဝတ်သည် ကို သတိပြု မိခြင်းပင် ဖြစ်၏ ။
“ ဘာလဲရှင့် ”
“ ဩ ... ခင်ဗျားကလည်း လုံချည်နဲ့ ကိုး ”
ကလေးမ မှာ ပြိုးပြိုးပျာပျာ ဖြစ်သွားလေသည် ။ သူ့ ကိုယ် သူ လည်း ငုံ့ကြည့်လိုက်သေး၏ ။
“ လုံချည် မဟုတ်လို့ ဘောင်းဘီရှည် ဝတ်ရမလားရှင့် ”
“ ဪ .. ခင်ဗျား ညီမ ဝတ်တတ်တဲ့ လုံချည် နဲ့ ပါကလားလို့ ပြောတာပါဗျာ ”
“ ဒါကတော့ ကျွန်မတို့ ညီအစ်မ ဟာ ဆင်တူ ဝတ်ပါတယ် ”
“ ဒါထက် .... ဒါထက် ”
“ ပြောစရာရှိ မြန်မြန် ပြောပါရှင့် ၊ ဒေါ်ဒေါ် ဆူနေဦးမယ် ”
စိုးဝင်း မှာ ကလေးမ များ ၏ အဒေါ် မှာ လက်ဖက်ရည်ဆိုင်ရှင် အဒေါ်ကြီး မှန်း သိသွား၏ ။
“ ပြောပါ့မယ်ဗျာ ၊ ခင်ဗျား ဘယ်မှာ နေသလဲ ”
“ ပဲခူး မှာ လေ ”
“ ဟိုက်ရော့ - မဟုတ်ဘူး လေ ”
“ ဟုတ်ပါတယ် ဒီ မနက် ပဲ လာတာ ၊ အခု လက်ဖက်ရည်ဆိုင် သွားမလို့ ”
“ ကျွန်တော် မေးတာ ခင်ဗျားရဲ့ ညီမ က ဘယ်မှာ နေသလဲလို့ ”
“ ဒေါ်ဒေါ့် အိမ်မှာ ပေါ့ ”
“ မဟုတ်ဘူး ဗျ ၊ လိပ်စာ လိပ်စာ ”
“ လိပ်စာကတော့ ကန်စွန်ရွက် နဲ့ ပေါက်ပေါက်ဆုပ် ပဲ ”
“ ဟာဗျာ မနောက်ပါနဲ့ ၊ ခင်ဗျား ရဲ့ ညီမ နေတဲ့ အိမ်လိပ်စာကလေး သိပါရစေဗျာ ”
ကလေးမ မှာ အရောင်းအဝယ် ကျွမ်းကျင်သူ ဖြစ်၍ မိတ်ဆွေမပျက် စေဘဲ ရယ်စရာကလေး များ ကြားညှပ်၍ စကားလက်ခံခြင်းသာ ဖြစ်ပေသည် ။ သို့သော် ယောက်ျားကလေးများ နှောင့်ယှက်မှု ကို ကြောက်ရ သေး သဖြင့် လိပ်စာ အမှန်ကို မပြောဝံ့ဘဲ ပါးစပ် ထဲ ရှိရာ လမ်းနံပါတ် နှင့် အိမ်နံပါတ် ကို ပြော လိုက်လေ၏ ။ ပြောပြီးသော် ခပ်သုတ်သုတ် နှင့် ထွက်သွားလေ၏ ။
စိုးဝင်း လည်း အောင်မြင်သော စစ်သူကြီး ၏ ခြေလှမ်းမျိုး ဖြင့် အကြောင်းစုံအားလုံး အားပါး တရ ပြန်လည် ပြောပြရန် သန်းစိန် ရှိရာ လက်ဖက်ရည်ဆိုင် သို့ လျှောက်သွားလေတော့၏ ။
( ၂ )
ကလေးမ တို့ လက်ဖက်ရည်ဆိုင် ကား ရုံးများ ကို အားထား၍ ဖွင့်လှစ် ထားသော လက်ဖက်ရည်ဆိုင် ဖြစ်ကြောင်းကို တနင်္ဂနွေနေ့ ရောက်မှ စိုးဝင်း သိရ၏ ။ လက်ဖက်ရည် သွား သောက်သော အခါ ဆိုင် ပိတ်ထားသည် ကို တွေ့ရတော့၏ ။
“ မအေးစိန် - မအေးစိန် ၊ မင်း ကို ငါ တစ်နေ့ မမြင်ရရင် မနေနိုင်ဘူး ကွယ် ”
မနေ့ က မှ သိခဲ့ရသော နာမည်ကလေး ကို ရေရွတ်ရင်း ညည်းတွား နေသော စိုးဝင်း သည် ဤ နာမည် မှာ အစစ် မဟုတ်ကြောင်းကို မသိရှာပေ ။
“ မအေးစိန် ” ကို တစ်နေ့ မမြင်ရလျှင်ပင် မနေနိုင်သော အခြေသို့ ရော က်ရှိနေပြီ ဖြစ်သော စိုးဝင်း သည် မအေးစိန် တို့ အိမ်သို့ သွား လည်ရန် ဆုံး ဖြတ်ချက် ချကာ ဝတ်ကောင်းစားလှ ဖြင့် ထွက်လာခဲ့လေ၏ ။
သူ ရထားသော လိပ်စာပါ အိမ် ကို ခပ်တည်တည် နှင့် ပင် ဝင်သွားလေ ရာ ပက်လက်ကု,လားထိုင် ပေါ်တွင် သတင်းစာ ဖတ် နေသာ အဘိုးကြီး တစ်ယောက် ကို တွေ့ရတော့၏ ။
“ မောင်ရင် က ဘာကိစ္စ ရှိသလဲ ”
“ မအေးစိန် မရှိဘူးလား ခင်ဗျာ ”
“ ဟေ ... ”
“ မအေးစိန်ကို တွေ့ချင်လို့ ပါ ”
အဘိုးကြီး သည် စိုးဝင်း ကို စိုက်ကြည့်လိုက်ပြီး “ ဘာကွ ... မအေးစိန် ၊ မင်းအရွယ်ကလေး နဲ့ များ မအေးစိန် ခေါ်ရသလားကွ ” ဟု ပြောလိုက် ရာ စိုးဝင်း မှာ မျက်လုံး ပြူးသွားမိလေ၏ ။
“ ကျွန်တော့် အရွယ် နဲ့ မခေါ်ရအောင် ကလေးမ က အသက်ဘယ် လောက်ရှိသေးလို့ လဲ ”
“ အေး ... တွေ့တော့ သိမပေါ့ကွာ ၊ ဟေ့ မအေးစိန် ဟောဒီမှာ မင်း ဘကြီး လား မသိဘူး ... တွေ့ချင်လို့ တဲ့ ”
“ လာပြီတော့ ” ဟူသော အသံ နှင့် မရှေးမနှောင်းပင် ထွက်လာသော အသက် ၅၀ ခန့် မိန်းမကြီး ကို တွေ့ရသော စိုးဝင်း မှာ မျက်စိများ ပြာသွားပြီး “ ဟာ ... အိမ် မှားလို့ ဒေါ်ဒေါ်ရေ ” ဟု ဆိုကာ လှည့် ဆင်းပြေး လာခဲ့လေ၏ ။
“ မမှားပါဘူး ကွဲ့ ၊ ငါ ဟာ မအေးစိန် ပါပဲ ”
စိုးဝင်း မှာ နောက်သို့ ပြန် မလှည့်ကြည့်တော့ပေ ။ ဝင်းခြံကလေး မှ ထွက်၍ ပလက်ဖောင်း ပေါ် ရောက်အောင် သုတ်ခြေတင်လေတော့သည် ။
“ ဟင်း ... တော်တော် ရက်စက်တဲ့ မေပဲကွာ ”
ပလက်ဖောင်း ပေါ် ရောက်မှ စိုးဝင်း မှာ ညည်းညူမိလေတော့၏ ။ နာမည် မှား ၊ လိပ်စာ မှား ကို ပေးရက်သော ကလေးမ ကို ယူကျုံးမရ ဖြစ်မိသည် ။ သို့သော် ယောက်ျားတို့ လုံ့လ မိန်းမ ရ မှ လျှော့မည် ဟူသောဇွဲဖြင့် “ ဒါလောက်တောင် ဖြစ်လှတာ ၊ မတွေ့ တွေ့ အောင် ရှာမယ်ကွာ ” ဟု သန္နိဌာန် ချလိုက်၏ ။
ထိုခဏမှာ ပင် သူ့ ဘေး က လူ တစ်ယောက် ဖြတ် သွား၏ ။ ထို သူ ကို မြ င်သောအခါ စိုးဝင်း သည် အကြံ တစ်မျိုး ရ၏ ။ ထိုသူ ကား စာပို့လုလင် တည်း ။ ထို့ကြောင့်ပင် နောက်မှ ပြေးလိုက်၍ “ ဟေ့ ဟေ့ ” ဟု ခေါ်လိုက် ရာ ... လမ်းသွားလမ်းလာ တို့ မှာ ခါးပိုက်နှိုက် ဟု ထင်သွားကြ၍ ဘာမပြော ညာမပြောနှင့် ဝိုင်းဖမ်းကြလေရာ စာပို့လုလင် ခမျာ မှာ မြေကြီး ပေါ်တွင် မေ့လဲ သွားရှာတော့၏ ။
“ ဘာပါ သွားလို့ လဲ ”
“ ခင်ဗျားတို့ က ဘာလို့ ထိုးကြရတာလဲဗျာ ”
“ နို့ ... ခါးပိုက်နှိုက် မဟုတ်ဘူး လား ”
“ ထွက်တေရီ စာပို့လုလင် ဗျ ၊ ခါးပိုက်နှိုက် ဆိုရင်ကော ဒါလောက် ဝိုင်း ထိုးရသလားဗျ ၊ ဂါတ် ကို ပို့ရမှာ ပေါ့ ”
လူစု သည် လည်း ဆူညံဆူညံ နှင့် ထွက်သွားကြလေတော့၏ ။ စိုးဝင်း တစ်ယောက်တည်း စာပို့လုလင် နား ရပ်နေချိန်ဝယ် စာပို့လုလင် သည် သတိရ လာလေ၏ ။ သတိရလာသည် နှင့် တစ်ပြိုင်နက် ဘာမပြော ညာမပြော နှင့် စိုးဝင်း ကို ထ ထိုးလေရာ အမှတ်တမဲ့ ဖြစ်သွားသော စိုးဝင်း မှာ ဖင်ထိုင်ရက် ကြီး ကျသွားလေ၏ ။
စိုးဝင်း မှာ ချက်ချင်း ဒူးထောက်လိုက်၍ စာပို့လုလင်ကို တောင်းပန် လေတော့သည် ။
“ ဒေါသ ရှေ့မထားပါနဲ့ နောင်ကြီး ရာ ”
“ ဘာ အခုမှ ဒေါသ ရှေ့မထားပါနဲ့ လဲ ၊ မင်းတို့ က ဝိုင်းထိုးကြတော့ ကောင်းသလားကွ ”
“ ဝိုင်း ထိုးတာ မဟုတ်ပါဘူး ”
“ လူစုနဲ့ ထိုးတာ ဝိုင်း ထိုးတာ မဟုတ်လို့ ရှည်မျောမျော ထိုးတာလား ကွ ”
“ မဟုတ်ပါဘူးဗျာ ၊ ကျွန်တော် က ခင်ဗျား ကို လိုက်ခေါ်နေတာ ကို လမ်းသွားလမ်းလာတွေ က ခါးပိုက်နှိုက် မှတ်လို့ ဝိုင်းထိုးကြတာပါဗျာ ။ ကျွ န်တော် အပါအဝင် ဝိုင်းထိုးတာ မဟုတ်ပါဘူး ၊ ကျွန်တော် က အထိုးခိုင်း တာလည်း မဟုတ်ပါဘူး ၊ အခု ကျွန်တော် ရှင်းပြလိုက်လို့ သွားကုန်ကြပါပြီ ”
စာပို့လုလင် သည် ကျေနပ်သွားဟန်ဖြင့် နောက်စေ့လေး ကို ပွတ်သပ်လိုက်ပြီး “ နေပါဦး ... ခင်ဗျား က ကျုပ် ကို ခေါ်တာ မီးခြစ်ကျောက် ရောင်း တဲ့ လူမှတ်လို့ လား ” ဟု စိုးဝင်း ကို မေး လိုက်လေ၏ ။
“ မဟုတ်ပါဘူး စာပို့လုလင် မှန်း သိပါတယ် ”
“ ဪ .. ခင်ဗျား မန်နီအော်ဒါ ပါလို့ လား ”
“ မဟုတ်ပါဘူးဗျာ ၊ ခင်ဗျား ရဲ့ အကူအညီ ကို လိုလို့ ပါ ”
စာပို့လုလင် သည် အံ့အားသင့် သွားလေသည် ။
“ ဆိုစမ်းပါဦးဗျာ ၊ ဘယ်လို ကူညီရမလဲ ”
“ ခင်ဗျားတို့ က စာပို့လုလင် ဆိုတော့ အိမ်တွေ တော်တော်များများ သိ တယ်မဟုတ်လား ၊ အဲဒီ တော့ ကျွန်တော့် ကို အိမ် တစ်အိမ် ရှာပေးစေချင်လို့ ပါ ”
“ ခင်ဗျား သွားချင်တဲ့ အိမ် က နံပါတ် ဘယ်လောက်လဲ ”
“ ဟာ ... နံပါတ် သိမှ တော့ ခင်ဗျား ကို ဘယ် ရှာခိုင်းမလဲ ”
“ ဒါဖြင့် လမ်းကကော ”
“ မသိဘူး ”
“ ကိုင်း ... ဒါတွေ မသိရင် ထားလိုက်ပါတော့ ၊ ရှာချင်တဲ့ လူ ရဲ့ နာမည် ”
“ အဲ .. သူ့ နာမည် အမှန်ကို မသိဘူး ”
“ ဟင် ... ခင်ဗျား ဟာ က ဘာ သိတာ ရှိသလဲလို့ ”
စာပို့လုလင် မှာ စိတ်တိုလာဟန် ပြတော့ သဖြင့် စိုးဝင်း ခမျာ ကောင်းပန်ရတော့သည် ။
“ စိတ်မဆိုးပါနဲ့ ဗျာ ၊ သိတာတော့ ရှိပါတယ် ။ သူတို့ က အမြွှာပူး ညီအစ်မ ဗျ ”
“ ဒါ ကျွန်တော် က ဘာလုပ်ရမလဲ ”
“ ဘာမှ မလုပ်ရပါဘူး ၊ ပြောပြတာ သူ့ အဒေါ် က လက်ဖက်ရည် ရောင်းတယ်လေ ”
“ လက်ဖက်ရည် ရောင်းတဲ့ လူတွေ ရန်ကုန် မှာ ရိုက်သ,တ်လို့ မကုန် ဘူး ။ တရုတ်ယူမလား ၊ ကု,လားယူမလား ၊ မြန်မာယူမလား ၊ ချစ်တီးယူမ
လား ”
“ တော်ပါတော့ဗျာ ၊ မြန်မာပဲ ယူပါ့မယ် ။ ကျွန်တော် ပြောတဲ့ လက်ဖက်ရည်ဆိုင်က ရုံးတွေ နား မှာ ဗျ ”
ဤတွင် စာပို့လုလင် ၏ မျက်နှာ မှာ ဝင်းကြည် လာလေတော့သည် ။
“ ဪ ... သိပြီ .. သိပြီ ... ပိုက်ဆံ သိမ်းတာ ကောင်မလေး ချောချောတစ်ယောက် လေ ဟုတ်လား ”
“ အဲ ... အစစ်ပေါ့ ၊ အဲဒီ သူတို့ အိမ် ရှာနေတာ ”
“ လာ .. လာ ... သူတို့ အိမ် က ဟိုဘက် လမ်းထဲမှာ ဗျ ”
သတ္တဘာဂများ စာပို့လုလင် ယောင် ဆောင်လာသလော ဟု စိုးဝင်း စိတ်ဝယ် စောမိတော့ သည် ။ စာပို့လုလင် သည် အိမ်အနား အထိ လိုက် လာပြီး မှ စိုးဝင်း ကို ထား၍ ထွက်သွား၏ ။
အိမ်ပေါက်ဝ ဝယ် အသက် ၄၀ ကျော် ခန့် ရှိ လူ တစ်ယောက် သည် စိုးဝင်း ကို ကြည့် နေလေသည် ။
“ ဒီမှာ ဗျ ... ဒီ အိမ် က အဒေါ်ကြီး ဟာ လက်ဖက်ရည်ဆိုင် ဖွင့်တယ် မဟုတ်လားဗျာ ”
“ ဟေ့ ... မင်း အရူးလား ၊ တို့ က ကတာခုန်တာတွေ ဝါသနာ မပါဘူး ”
စိုးဝင်း မှာ အူကြောင်ကြောင် ဖြစ်သွားတော့သည် ။ ဤလူကြီး သည် အရူးလော ဟု တွေးမိ၏ ။
“ ဦးကြီး ဒီ အိမ်ရှင်လား ”
“ အသက် မသေလို့ ငါ့ ကို တွေ့ရတာပေါ့ကွ ”
ဟုတ်ပြီ ... ဤ လူကြီးကား အရူးပင် ဟု စိုးဝင်း မှတ်ချက်ချလိုက်၏ ။ စင်စစ် ဤ လူကြီး မှာ မရူးပါ ။ နားတော်တော်လေးသူ တစ်ယောက် သာ ဖြစ်၍ ကလေးမ ၏ ဦးလေး တော်ပါသည် ။
“ ခင်ဗျား ဖယ်ဗျာ ၊ ကျုပ် အိမ်ရှင် နဲ့ တွေ့ချင်တယ် ”
“ အလို .... ငါးရှဉ့် ကို တို့ မစားဘူးကွ ”
လူကြီး ကား ကြားမိကြားရာတွေ လျှောက် ဖြေနေသည် ။ စိုးဝင်း သည် ဘာမျှ ထပ်မပြောတော့ ဘဲ စိတ် က တို လာပြီ ဖြစ်သဖြင့် လူကြီး ၏ နားရင်း ကို တစ်ချက် ပစ်အုပ်လိုက်ပြီး အိမ်ထဲ သို့ ဝင်လာ လေ၏ ။
အိမ်တွင်း သို့ ရောက်သည် နှင့် တစ်ပြိုင်နက် ကလေးမ ကို တွေ့ရတော့သည် ။
“ အလို ရှင် ဘာလာ လုပ်သလဲ ”
“ မင်း က ဘယ်လိုပဲ မတွေ့ချင် လို့ ရှောင်နေပေမဲ့ ငါ က တော့ မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်မိ တာမို့ တွေ့အောင် ရှာပြီး လာရတာပေါ့ ”
“ ရှင် ဘာတွေ ပြောနေတာလဲ ”
“ နေပါဦး ... မင်း က အကြီးလား ၊ အငယ်လား ”
“ ဟေ့ ... မောင်ရင် ၊ သူက ညီအစ်မ မရှိဘူးကွ ၊ တစ်ယောက်တည်း ရယ် ”
စိုးဝင်း ရော ကလေးမ ပါ အပေါက်ဝ သို့ လှည့်ကြည့်လိုက်မိသည် ။ အပေါက်ဝတွင် စိုးဝင်း နားရင်းအုပ်ခဲ့သော လူကြီး ရပ်နေ၏ ။
“ ဟင် .. အရူး ”
“ ဟင် .... ဦးလေး ”
ပြိုင်တူ ထွက်သွား မှ စိုးဝင်း မျက်လုံး ပြူးသွားတော့သည် ။ သူ အရူး ဟု ထင်၍ အုပ်ထည့်ခဲ့ သော လူကြီး မှာ သူ ချစ်ကြိုက်၍ နေသော ကလေးမ ၏ ဦးလေး ဖြစ်သည် တဲ့ ။ စိုးဝင်း ၏ မျက်စိ ထဲ ဝယ် ဝင်းဝင်းတောက်ကုန်တော့၏ ။
တောင်းပန်ရန် ဘယ်တုန်းကမှ ဝန်မလေးခဲ့သော စိုးဝင်း သည် ယခု လည်း အဘိုးကြီး ဆီ ထ ပြေး၍ တောင်းပန်တော့သည် ။
“ ဦး ရယ် ... စိတ်မဆိုးပါနဲ့ ၊ ဦး ကို ကျွန်တော် စိတ်မနှံ့တဲ့ လူစိမ်း မှတ်လို့ ထိုးမိတာပါ ”
“ ဘာ ရှင် က ဦးလေး ကို ထိုးတယ် ”
ကလေးမ သည် ပြူးကျယ်သော မျက်စိများ ဖြင့် စိုးဝင်း ကို ကြည့်၍ မေးလိုက်၏ ။ စိုးဝင်း မှာ မျက်နှာသေကလေး နှင့် ကလေးမ ကို ကြည့်လိုက်စဉ်တွင် ပင် လူကြီးက ဝင်ပြော၏ ။
“ ဟဲ့ .. မြင့်မြင့် ၊ စိတ်မဆိုးနဲ့ ။ ဒီ သူငယ် ထိုးလိုက်လို့ ငါ့ နား တစ်ဖက် ပွင့်သွားပြီ ၊ ငါ ကောင်းကောင်း ကြားရတယ် ။ ဟေ့ ... သူငယ် မင်း ကို ငါ ကျေးဇူးတင်တယ် ”
စိုးဝင်း ၏ ဝမ်းသာမှုကား ဘဝဂ် ရောက်လောက်၏ ။
“ ဟာ ဒါဖြင့် ဦးလေး ရယ် ၊ ကျွန်တော် နဲ့ ဟောဒီ က မအေးစိန် အဲလေ ... မြင့်မြင့် နဲ့ သဘောတူပါခင်ဗျာ ”
“ ဟ .. ဘယ်ဖြစ်မလဲ ၊ ငါ့ နား နှစ်ဖက် ပင်းတာကွ ၊ မင်းကြောင့် ကောင်း တာ တစ်ဖက်ပဲ ကောင်းတယ် ”
“ ဒါဖြင့် ဒီနား ကြွခဲ့ပါလား ခင်ဗျာ ၊ ကျန်တဲ့ နားရင်း တစ်ဖက် ကျွန်တော် အုပ်ပေးပါ့မယ် ”
“ အမယ် ... တော် တော် ၊ အခုနက အဆင်သင့် သွားလို့ ၊ အခုဆို နားအုံ ကွဲသွားရင် ပြီးရော ။ ဟေ့ ကောင်မလေးက စပ်ထားတဲ့ လူ ရှိတယ်ကွ ”
စိုးဝင်း ၏ ဝမ်းနည်းမှု ကား အဝီစိ ရောက်လောက်၏ ။ မြင့်မြင့် ကို တစ်ချက် လှည့် ကြည့်လိုက် ပြီး ၊ ခေါင်းငိုက်စိုက် ကျကာ ထွက် လာလေရာ မြင့်မြင့် ၏ မျက်နှာဝယ် ဝမ်းနည်း သယောင်ယောင် ဖြစ်နေသည် ကို ပင် သတိ မထားမိတော့ချေ ။
( ၃ )
စိုးဝင်း မှာ စိုးဝင်း မဟုတ်တော့ပေ ။
ခွင့်တစ်လ ယူ၍ ပဉ္စင်း တက် နေရာ ၊ ဦးစန္ဒာသီရိ ဖြစ်နေချေပြီ ။
လောကကြီး ကို စိတ်နာနာ ရှိသည် နှင့် အညီ သစ်ပင် အောက် ဝယ် စိပ်ပုတီး ကို ချည်း အငြိုး နဲ့ ဖိ စိပ်နေတော့၏ ။ ထိုခဏ၌ မြင့်မြင့် နှင့် သူ ၏ အဒေါ် ၊ ဦးလေး တို့ မှာ လှူဖွယ်ဝတ္ထုများ နှင့် ပေါက်လာ ကြတော့၏ ။
“ ဒုက္ခ ရှာလို့ ဒကာကြီးရယ် ”
“ သုခ ရှာလို့ လှူဒါန်းတာပါ ဘုရာ့ ”
လူကြီး နှင့် အဒေါ်ကြီး ၊ မြင့်မြင့် တို့ က ဦးချ လိုက်ကြ၏ ။ လူကြီး သည် ဦးပဉ္စင်း ကို ပြုံးပြုံး ကြည့်ရင်း ...
“ ဦးပဉ္စင်း က ဟိုတုန်းက ပြောတာ တကယ် မှတ်သွားတာကိုး ၊ တပည့်တော် က ဦးပဉ္စင်း အကြောင်း မသိသေးလို့ ပြောလိုက်ရတာ ၊ မြင့်မြင့် မှာ စပ်ထားတဲ့ လူ မရှိပါဘူး ။ ဦးပဉ္စင်း အကြောင်း စုံစမ်းချင်တာ က တစ်ကြောင်း ၊ ဦးပဉ္စင်း ရဲ့ မေတ္တာခိုင်မြဲမှု ကို စုံစမ်းချင်တာ က တစ်ကြောင်း ကြောင့် ဒီလို ပြောလိုက်ရတာပါ ဘုရား ။ ဦးပဉ္ဇင်း မိတ်ဆွေ မောင်းသန်းစိန် လက်ဖက်ရည် လာသောက်တော့ မှ အကြောင်းစုံ သိရပြီး အခု ဆို ရင် သဘောတူပါတယ် ဘုရား ”
ဟု ရှည်လျားစွာ လျှောက်ချလိုက်ရာ ဦးပဉ္စင်း မှာ သိက္ခာ ကိုပင် မထိန်းနိုင်တော့ဘဲ “ ဟ ... နိပ်ဟ ... ဒကာမလေး ရေ ” ဟု ရေရွတ်မိတော့သည် ။
စိုးဝင်း သည် ငယ်စဉ် က ကိုရင် ဝတ်ရာ တွင် ထမင်း ဆာ ၍ အဝါဝတ် ဖြစ်သော သင်္ကန်း ကို ကျွတ်ခဲ့ရ၏ ။
ယခု လည်း အဝါ တစ်ဝါ ကျွတ်ရပေဦးမည် ။ သည် တစ်ခါ ကား ထမင်း ဆာ၍ မဟုတ်ပါ ။ ယမင်း ဆာသောကြောင့် ဖြစ်ပါသည် ။
⎕ ကြပ်ကလေး
📖 သွေးသောက် မဂ္ဂဇင်း
အမှတ် ၁၄၁
အောက်တိုဘာလ ၊ ၁၉၅၇ ခုနှစ်
.
No comments:
Post a Comment