❝ မြတ်သင်း နှစ်ယောက် ❞
◾ဝတ္ထု ထဲ က မြတ်သင်း
( ပထမ မြတ်သင်း )
ပန်းဆိုးတန်း နက်ပ်ကျူးန် ဟိုတယ် ရှေ့သို့ ဂျပန်လုပ် ဆူဘာရူး ကားလေး တစ်စင်း ထိုးဆိုက်သည် ။ ကား ပေါ် မှ မြတ်သင်း နှင့် ဒေါက်တာနှင်းရည်လှိုင် တို့ ဆင်း လာကြ၏ ။
မြတ်သင်း က သောက်လက်စ မာလ်ဘိုရို စီးကရက် ကို နောက်ဆုံး တစ်ချက် ဖွာရှိုက်လိုက်ပြီး ပလက်ဖောင်း ပေါ်သို့ ပစ်ချ၏ ။ ထို့နောက် ဆာကိုနီဂျက်ဇ် အမျိုးအစား ဂျော့ဂင်းရှူး ဖြင့် နင်းချေ ပစ်လိုက်၏ ။ သူဖုန်းစား အဘိုးအို တစ်ဦး မြတ်သင်း အနီး တွင် လာ ရပ်သည် ။ အယ်လီဂေတာ ရှပ်အင်္ကျီအိတ် ထဲ တွင် ထောင်လျက် ထည့် ထားသော ငွေစက္ကူ အသစ်အုပ် ကို ဆွဲ ထုတ်လိုက်၏ ။ တစ်ရွက် ကို ပိန်ချိုင့် နေသော ဒန်ခွက် ထဲ သို့ ပစ်ထည့်သည် ။
ဟိုတယ် လှေကားထစ်များ ကို ပေါ့ပါးသွက်လက်သော ခြေလှမ်းများ ဖြင့် နင်းတက် သွားကြ၏ ။ သီးသန့်ခန်း တွင် ထိုင်မိကြ သည် ။
သိသာစွာ ညှိုးရော်လွန်းသော မျက်နှာ ကို နှင်းရည်လှိုင် စူးစိုက် ကြည့်သည် ။ မောင် ဒီနေ့ ဘာဖြစ်နေတာလဲ ဟု မေးမည် ပြင်ခိုက် သက်ပြင်း တစ်ချက် ချသံ ကို ကြားရ၏ ။ နှုတ်ခမ်းရွက်ညွန့် ကို ညှိုးလျ စေသည် အထိ ပူလောင်သော သက်ပြင်း ဟု သိလိုက်သည် ။
“ နှင်း နဲ့ မောင် ရှေ့ လ ထဲမှာ လက်ထပ်ဖို့ စီစဉ် ထားကြတယ် နော် ”
ဘာ့ကြောင့်များ ဒီ စကား ကို ထပ် ပြောနေတာပါလိမ့် ဟူသော အတွေးဖြင့် နှင်းရည်လှိုင် မျက်ခုံး ကို ပင့်ချီသည် ။ ဗျူဂယ်လ်ဘွိုင် ဂျင်းဘောင်းဘီ အိတ်ထဲ မှ စာအိတ် တစ်အိတ် ဆွဲထုတ်သည် ကို မြင်ရ၏ ။
“ နှင်း ကို မော င်ဘာမှ လျှို့ဝှက် မထားချင်ဘူး နှင်း .. ဒီ စာ ကို နှင်း သေချာ ဖတ်ကြည့်ပါ ။ ဖတ်ပြီးတော့ မှ နှင်း မောင့် ကို လက်ထပ် နိုင်ဦးမလား ဆိုတာ ကို နှင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါ ”
ဆူဝေလာသော စိတ် ကို ထိန်းချုပ်လျက် စာအိတ် ကို လှမ်းယူသည် ။ အဝါရောင် စာရွက်ခေါက် ကို စာအိတ် ထဲ မှ ထုတ်ပြီး ဖြန့် လိုက်၏ ။ မေပယ်လ်ရွက်ခြောက်ကလေး တစ်ခု စားပွဲ ပေါ်သို့ ကြွေလွင့်ကျ သွား၏ ။ တဆတ်ဆတ် တုန်ခါ နေသော စာရွက် ပေါ် သို့ အကြည့် ရွေ့၏ ။ သိုးဆောင်းအက္ခရာ ဖြင့် ရေးထားသော စာလုံးလေးများ သည် စိုစွတ်သော မျက်လုံးများ ရှေ့ ၌ မှုန်တရီ ဝိုးတဝါး ... ။
လူဝစ္စဘတ်ဂ်
၁၉၈၇ ခုနှစ် ၊ မတ်လ ၉ ရက်
ချစ်တဲ့ သင်း ရေ
ကိုယ် ဒီနေ့ ပဲ သင်း နဲ့ အတူ ကြည့်ခဲ့တဲ့ တော့ပ်ဂန်း ရုပ်ရှင်ကား ကို ထပ်ပြီး ကြည့်မိပြန်တယ် ။ ဒီတော့လည်း ရုပ်ရှင် ထဲ က မင်းသား တွမ်ခရုစ် လို ဆံပင်တိုတို ညှပ်ထားတတ် တဲ့ သင်း ကို သတိရ ပြန်တာပေါ့ ။
နံနက်ခင်း နဲ့ ညနေခင်းတွေ မှာ ရွှေရောင်မြူလွှာတွေ မွေးဖွား လာတတ်တဲ့ ဩတမ်ရာသီ ရဲ့ နေ့ တစ်နေ့ကို ကိုယ် အမှတ်ရ နေမိတယ် ။ ငွေသောင်ယံ လမ်းလေး တစ်လျှောက် မှာ သစ်ရွက်အသေ တွေ ပြန့်ကျဲလို့ပေါ့ သင်း ရယ် ။ ကိုယ့် ဝါသနာ အတိုင်း မေပယ်လ် ရွက်ကြွေလေးတွေ ကို လိုက် ကောက်ပြီး စာအိတ် တစ်လုံး ထဲ မှာ စုထည့် နေမိတယ်လေ ။ ဒီတုန်းမှာ ကိုယ့် လိုပဲ ရွက်ကြွေလေးတွေ ကို လိုက် ကောက် နေတဲ့ အာရှ က ကောင်လေး တစ်ယောက် နဲ့ ကိုယ် ဆုံ မိခဲ့တာပေါ့ ။ မေပယ်လ်ရွက် လှလှလေးတွေ အပြန်အလှန် လဲလှယ် ကြရင်း သင်း ဟာ ဘတ်ကနဲ တက္ကသိုလ် မှာ ပညာ သင် နေတဲ့ မြန်မာ ကျောင်းသား တစ်ဦး ဆိုတာ ကိုယ် သိခဲ့ရတယ် ။ ကိုယ့် အဖို့ တော့ ပထမဆုံး ရင်ခုန်ခဲ့ရတဲ့ နေ့ တစ်နေ့ ပေါ့ သင်း ရယ် ။
ဘတ်ကနဲ တက္ကသိုလ် နဲ့ သိပ် မဝေးတဲ့ ဘူးလ်စ်ရန်း စားသောက်ဆိုင် ကို နှစ်ယောက် အတူ သွားခဲ့ကြတာ ကို သင်း မှတ်မိသေး ရဲ့လားကွယ် ။
ဒီတုန်းက ပန်းလျဖျော့တော့ နေ ရှာတဲ့ ခရမ်းရောင် ညနေ ဟာ အနောက် တစ်ခို မှာ အရည်ပျော်ဆင်း နေလေရဲ့ ။ ဘူးလ်စ်ရန်း မှာ ဆိုင် ရဲ့ နာမည်ကြီး ဟင်းလျာ ဖြစ်တဲ့ ချစ်ကင်းဝင့် ဘတ်ဖဲလိုးစ်တိုင် ကို စားကြတယ်လေ ။ ကြက်တောင်ပံလေးတွေ ကို ကြော်ချက် ချက်ထား တာက တင်းတင်းစပ်စပ် နဲ့ မို့ ခံတွင်း တွေ့တယ် လို့ သင်း က ပြော တော့ ဒီ ဟင်း ကို မှာ ကျွေးမိတဲ့ အတွက် ကိုယ် ဂုဏ်ယူမိသေးတယ် ။
သင်း ရေ ... အွန်တေရီယို မှာ ရှိတဲ့ နိုင်ယာဂါရာ ရေတံခွန် ကို သွားလည်ကြတဲ့ နေ့ ကတော့ သင်း နဲ့ ကိုယ် တို့ အတွက် အထူးခြားဆုံး နေ့ တစ်နေ့ ပဲနော် ၊ မိန်းမချောလေး တစ်ယောက် ရဲ့ ဆံနွယ်တွေ လို ဖြာဆင်း နေတဲ့ ရေမြွှာတွေ ကို ရောင်စုံဖဲကြိုး တစ်ခု လို ရစ်ပတ် ထားတဲ့ သက်တံ့ က လည်း အလှကြီး လှလို ပေါ့ ။
သင်း က ပြောတယ်လေ ။ စင်ဒီ ဆိုတဲ့ ရေမှုန် ပုတီးစေ့လေး တွေ က သင်း ဆိုတဲ့ နေခြည်မျှင်တွေ ကို တိုးဝှေ့ဖန် များတော့ ချစ်မေတ္တာသက်တံ့ ဟာ ပွင့်လက် လာခဲ့တယ်တဲ့ ။ ချစ်မေတ္တာ သက်တံ့ တဲ့ လား သင်း ရယ် ။ ဟုတ်ပါတယ်လေ ၊ နေရောင်ခြည်တွေ ဟာ သူတို့ ရဲ့ ဇာတိ ဖြစ်တဲ့ အရှေ့ဒေသ ကို ပြန်သွားခဲ့ရင် သက်တံ့ ဟာ လည်း ... ။ အဲဒီတုန်းက ကိုယ်တို့ နှစ်ယောက် ကန်တုံနိ အစားအစာ မှာ စားကြတယ်နော် ။ အချစ်မူးရီ တဲ့ မျက်လုံးတွေ နဲ့ တစ်ယောက် ကို တစ်ယောက် ကြည့် လို့ ။ ခုတော့ ဒီ အပြန်အလှန် မျက်လုံး တွေ ဟာ ပြန် ဆုံဦးမယ် လို့ ဘယ်သူ ခန့်မှန်းနိုင်တော့မလဲကွယ် ။
ဝါရှင်တန် မှာ တုန်း က အိန္ဒိယဆိုင် တစ်ဆိုင် မှာ သင်း ကြိုက်တယ် ဆိုတဲ့ ပူစပ်ပူလောင် ထမင်း စားခဲ့ကြတာ ကို လည်း သတိရ နေမိတယ် ။ ဒီ ဆိုင် က လူထုရိပ်သာ အဖြစ် ပြောင်းလဲ အသုံးပြု ထားတဲ့ စာတိုက်အိုကြီး ထဲ မှာ ရှိတဲ့ ဆိုင် တစ်ဆိုင် လေ ။ ဓမ္မတေးတွေ ကို ခေတ်ပေါ်နည်း နဲ့ ပြန်ဆို နေတဲ့ တီးဝိုင်း တစ်ဝိုင်း က လည်း အဲဒီ ခန်းမကြီး ထဲ မှာ ဖျော်ဖြေနေတယ် ။ စင် ရဲ့နောက်မှာ နေရာဟောင်း များ ကို အသုံးသစ် ဖြင့် ဆိုတဲ့ စာတန်း ရေး ထားတယ် ။ ဒီ စာတန်း ကို သင်း က နှစ်သက်တယ် လို့ ပြောတော့ ကိုယ် ပျော် လိုက်တာလေ ။ အတွေးအမြင် လေးနက်တဲ့ သင်း ဟာ မေတ္တာတရား အပေါ် မှာ လည်း လေးနက်တဲ့ သဘောထား ရှိလိမ့်မယ် ဆိုတဲ့ မျှော်လင့်ခြင်း နဲ့ ရယ် ပေါ့ကွယ် ။
ဘာလ်တီမိုးမြို့ကလေး က အင်နားဟာဘာ ကို ရော သတိရ သေးရဲ့လား သင်း ရယ် ။ ငါးပြတိုက် နား က ဆိုင် တစ်ဆိုင် ရဲ့ အပေါ်ထပ် မှာပေါ့ ။ တက်ကဆပ် အစားအစာ မှာ ပြီး စားခဲ့ကြတာလေ ။ ပြောင်းဖူးပြုတ် ကို ထောပတ်လေး သုတ်လိုက် ၊ ပူနွေး နေတဲ့ အမဲနံကင် ကို ဆော်စ်သုတ်လိုက် နဲ့ ကျေးလက်ဆန်ဆန် စားကြတဲ့ နေရာ လေ ။ နွားထိန်းတွေ ရဲ့ ဓလေ့ အတိုင်း ဟင်းလျာတွေ ကို လက် နဲ့ ကိုင် ပြီး အားပါးတရ စားကြတယ် ။
ဟင်းစ ပေကျံနေတဲ့ လက်ချောင်းတွေ ကို ပါ ပါးစပ် နဲ့ တပြွတ်ပြွတ် စုပ် တဲ့ သူ စုပ် နဲ့ ပျော်စရာကြီးပေါ့ ။ သင်း ဟာ သင်း တို့ နိုင်ငံ ရဲ့ ခေတ်သစ်တော်ဝင်မိသားစု က မွေးဖွားလာသူ ဆိုတာ သိ နေတဲ့ ကိုယ် အဖို့တော့ သင်း တစ်ယောက် ကျေးလက် ဆန် တဲ့ ဒီ ဝန်းကျင်မှာ အနေရ ကျပ်များ နေမလားလို့ စိုးရိမ်မိ သေးတယ် ။ ဒါပေမဲ့ သင်း က ကိုယ်တို့ လို ပဲ အလိုက်သင့် ခပ်ကြမ်းကြမ်း စားပြ နေတာ တွေ့တော့ မှ ကိုယ် စိတ်အေး သွားတယ် ။ ဒီတော့လည်း နောက် စိုးရိမ်မှုလှိုင်း တစ်လုံး က ကိုယ့် နှလုံးသား ကို လာ ဆောင့် ပြန်တယ် သင်း ရေ ။ ဟန်ဆောင်တတ်တဲ့ သင်း ဟာ ကိုယ့် ကို လည်း ဒီလိုပဲ အလိုက်သင့် ဟန်ဆောင် ချစ် နေတာများလားရယ် လို့ ပေါ့ ။
ငယ်ရွယ်မှု နဲ့ ပျော်ရွှင်မှု ပေါင်းယှက် ပြီးတော့ ပန်းနုရောင် အချိန်တွေ ကို ပျံကြွနေတဲ့ ခြေလှမ်းတွေ နဲ့ လိုက်ဖမ်း နေရတဲ့ ကာလ တွေ ဟာ ကုန်ဆုံး လွယ်လိုက်တာ သင်း ရယ် ။
ကြည်လင်တဲ့ မိုးကြေးမုံ ကို ကြည့်ရင်း ကမ္ဘာမြေ ကိုယ်တိုင် အလှပြင် နေတဲ့ စပရင်းရာသီ တစ်ခု မှာပေါ့ သင်း ရယ် ။ ကိုယ်တို့ နှစ်ယောက် ပါရီ ကို ရောက်နေကြတယ်လေ ။ ကွန်ကော့ဒ်လာဖေးယက် ဟိုတယ် က အခန်းကျယ်ကြီး ထဲ မှာ အတူ နေခဲ့ရတဲ့ အပျော် နေ့ တွေ ၊ အချစ် ည တွေ ကို တမ်းတခြင်း များ စွာနဲ့ ကိုယ် ပြန်လည် ရေတွက် နေမိတယ် သင်း ရယ် ။
တစ်နေ့မှာပေါ့ ။ ဟိုတယ် ရဲ့ အထူးဟင်လျာ ဖြစ်တဲ့ သခွားချိုသီးစိတ်ကလေးတွေ ပေါ်မှာ ဘေကွန် သုံးလွှာ လောက် အုပ် ထားတဲ့ ဟင်းလျာ ကို မှာစားကြတော့လေ ။ သင်း ပြောခဲ့တဲ့ စကား ကို သင်း မှတ်မိသေးရဲ့လား ။ သခွားသီးတွေ က ချို ပေမဲ့ မြန်မာပြည် က သခွားသီးတွေ လောက် ရင် ကို မအေးစေဘူး တဲ့ ။ ကိုယ် နားလည်ပါပြီ သင်း ရယ် ။
ကိုယ့် ရဲ့ ကြင်နာ မှုက မင်း ရဲ့ ရိုင်းပျတဲ့ တောင်ပံတွေ ကို ညှပ်ထား နိုင်လိမ့် လို့ ကိုယ် တွေးထင် ထားခဲ့တာတွေ ဟာ စိတ်ကူးယဉ်မှု သက်သက်ပါပဲလားကွယ် ။
ကိုယ်တို့ နှစ်ယောက် ရဲ့ အချစ် ဟာ လုဗ်အနုပညာ ပြတိုက် နား က ဆိန်းမြစ် ဘေး မှာ အတူ သောက်ခဲ့ရတဲ့ ကော်ဖီ လို ချိုပျစ်ဆိမ့်အိမ့် လှပေမဲ့ အဲဒီ ရသ ရဲ့ အောက် မှာ ခါးသက်ခြင်း ဟာ ပုန်းလျှိုး နေ တယ် ဆိုတာ ကိုယ် အမြဲ ထိတ်လန့် စွာသိနေခဲ့ပါတယ် သင်း ရယ် ။
ပျိုရွယ်သူ တွေ ရဲ့ နှစ်လုံးသားတွေ ထဲ က ဘဝ ကို ဖျက်ထုတ် တတ်တဲ့ ခွဲခွာရခြင်း ဟာ ခါးသက်လွန်း လှ တဲ့ နောက်ဆုံး ရသ ပါ ပဲ သင်း ရယ် ။
ခုတော့ မွန်းတည့်ချိန် ပျားပိတုန်း လို ညည်းတွား တတ်တဲ့ သင်း ရဲ့ စကားသံ ဝဲဝဲလေး တွေ ဟာ ဘယ်တော့ မှ ပြန် ကျော့ လာနိုင်မှာ မဟုတ်တော့ပါဘူးကွယ် ။
တောင်တန်းတွေ ၊ လွင်ပြင်တွေ ပေါ်မှာ ကျလာတဲ့ နှင်းပွင့် မျက်နှာဖုံး နုနုသစ်သစ်တွေ ဟာ လည်း မေတ္တာဝန် ပိနေတဲ့ ကိုယ့် ဝိညာဉ် ကို အေးမြအောင် နှစ်သိမ့်ခြင်း ငှာ မစွမ်းနိုင်ကြတော့ပါဘူး သင်း ရယ် ။
မင်း ရဲ့နောက်ဆုံး အနမ်းတွေ နဲ့ ပဲ့တင်ထပ် နေတဲ့ ...
စင်ဒီ
စာရွက်ဝါကလေးများ ကို နှင်းရည်လှိုင် သေသပ်စွာ ခေါက် သည် ။ မေပယ်လ်ရွက်ခြောက်လေး ကို စာခေါက် ကြား တွင် ထည့်၏ ။ ထို့နောက် စာခေါက်လေး ကို အိတ် ထဲ သို့ ယုယစွာ ပြန် ထည့်နေ၏ ။
မြတ်သင်း က နှင်းရည်လှိုင် ၏ လက်ချောင်းအရွေ့ ကို တစူးတစိုက် ကြည့်နေသည် ။ ရင်ထဲ မှ သွေးတိုးနှုန်း မြန်နေသည် ကို နှာသီးဖျား မှ လေဖြင့် ထိန်းချုပ် ကြည့်သော်လည်း မအောင်မြင် ။ နှင်းဆီသွေး နှုတ်ခမ်းများ မှ ပျံ့လွင့်လာမည့် စကားရနံ့ ကို ဆုပ်ကိုင် နိုင်ရန် နှင်ရသော ခရီးသည် နှစ်များစွာ ကြာလွန်းစွ ဟု ထင်မိ၏ ။
“ ဘယ်လိုလဲ နှင်း ရယ် ... မောင့် ကို ခွင့်လွတ်နိုင်သေးရဲ့လား ။ အရင်တုန်း က လို ရော သဘောထား နိုင်သေးရဲ့လား ။ မောင် သိစမ်းပါရစေ ”
တောင်းပန်ခြင်း တစ်ဝက် ရောစွက်ထားသော အမေး စကား ကို သူ ဆိုမိ၏ ။
နှင်းရည်လှိုင် က အသံ ထွက်အောင် ရယ်လိုက်၏ ။ အနီရောင် မျဉ်းကွေး နှစ်ခု ကြား တွင် ပုလဲတန်း ရွှန်းပြတ်သွား၏ ။ ဆည်းလည်း သံ လွင့်လွင့်လေးများ ကို ကြားရသည် ။
“ ခွင့်လွှတ်ပါတယ် မောင် ရယ် ။ ပင်လယ်ပျော် စင်ရော်ငှက် ကို ကုန်းမြေ က ခွင့်လွတ် သလိုပဲ ခွင့်လွတ်ပါတယ် ။ စင်ရော်ငှက် ဟာ အတောင် ညောင်းခိုက် မှာ ကျောက်ဆောင် မှာ လည်း နားချင် နား ခဲ့မှာပဲ ။ စည်းတိမ် မှာ လည်း နားချင် နားခဲ့မှာပဲ ၊ ဒါကို ကုန်းမြေ က နားလည် ခွင့်လွတ်စမြဲပါကွယ် ။ မောင် အခုလို ပွင့်လင်းတာ ကို ပဲ ကျေးဇူး တင်မိပါသေးတယ် ”
ကြည်ရွှင်သွားသော မျက်နှာ ကို နှင်းရည်လှိုင် မြင်ရသည် ။
မြတ်သင်း က ခေတ်ပေါ် တီးဝိုင်း တစ်ခု မှ ဝါရင့် ဒရမ်သမား တစ်ဦး ဟန်မျိုးဖြင့် ဆင်စွယ်တူလေး နှစ်ချောင်း ကို ကောက် ကိုင် လိုက် ၏ ။ ပန်းကန်နှုတ်ခမ်း ကို တူ ဖြင့် တဆတ်ဆတ် တီးခေါက်သည် ။ တုန်ခါသံ မစဲမီ စားပွဲထိုး တစ်ဦး ဝင်လာ၏ ။
“ ဘီယာ တစ်လုံး နဲ့ စပတ်ကလင် တစ်လုံး ပေးကွာ ။ ပြီးတော့ အစုံကြော် တစ်ပွဲ ။ ဘဲအကြွပ်ကြော် တစ်ပွဲ ။ ပုစွန်ကိုက်လန် တစ်ပွဲ ငရုတ်သီးစိမ်း အတောင့်လိုက် ထည့် ကြော်နော် ။ ငါးရှဉ့်ခြောက်စပ် တစ်ပွဲ ။ ကြက်သားသုပ် တစ်ပွဲ ။ နို့မလိုင်ကြာဆံကြော် တစ်ပွဲ ။ ငါးခေါင်းဟင်းချို တစ်အိုး ... ”
သူ့ အသံ တွင် အပျော်လှိုင်းများ မြူးခတ် နေသည် ။ နှင်းရည်လှိုင် ပြုံးလိုက်၏ ။ အရုဏ်နုရောင် ပါးပြင် တွင် ပါးချိုင့်လေးများ ဝဲလှည့် သွား၏ ။
“ ဪ ... နှင်း မှာ လိုက်တဲ့ ရေမွှေးလေ ။ ဒွီယာ အမျိုးအစား ခပ်ဆန်းဆန်း ရနံ့ ကို ရွေး ဝယ်လာခဲ့တယ် ”
သွယ်ပျောင်းသော လက်ချောင်းများ ထဲ သို့ ရေမွှေးပုလင်း ရောက်ရှိ သွား၏ ။
“ ရေမွှေး ဝယ်ခဲ့ဖို့ နှင်း စာ ထဲ မှာ ပါလာတော့ မောင် အံ့သြ နေမိတယ် ။ နှင်း ရေမွှေး ဆွတ်လေ့ မရှိတာ ကို မောင် သိထားတာကိုး ”
ဆည်းလည်းသံ လွင်လွင်လေးများ ကို ကြားရပြန်သည် ။
“ နှင်း က ခေါင်းအုံး မှာ ဆွတ်တာ ။ အိပ် မပျော်တဲ့ ညတွေ မှာ လေ ရေမွှေး ဆွတ်ထားတဲ့ ခေါင်းအုံးလေး ကို မျက်နှာ နဲ့ အပ်ပြီး အကြာကြီး နေတတ်တဲ့ အကျင့် ရှိတယ် ”
မြတ်သင်း က ခပ်ရွှင်ရွှင် ပြောသည် ။
“ ခေါင်းအုံးလေး ဖြစ်ချင်လိုက်တာကွယ် ”
✗✗✗ ✗✗✗ ✗✗✗ ✗✗✗
◾ဝတ္ထု ရေးတဲ့ မြတ်သင်း
( ဒုတိယ မြတ်သင်း )
အခန်းကျဉ်းလေး ၏ တစ်ခုတည်း သော ပြတင်းပေါက် မှ မျှော် ကြည့် လိုက်လျှင် နွံနှစ်များ ဖြင့် နောက်ကျု နေသော ငမိုးရိပ်ချောင်း ရေပြင် ကို မြင်ရ၏ ။ ချောင်းစပ် လတာ ပေါ် တွင် ကား အဝတ်စုတ်များ ၊ ရော်ဘာဖြတ်စများ ၊ ဓနိပျစ်များ ၊ ပုပ်ပွ နေသော တိရစ္ဆာန် အသေကောင်များ ပြန်ကျဲလျက် ရှိလေသည် ။
ဝမ်းထဲ က ကြုတ်ကြုတ်မြည်သံ ကြားတိုင်း လုပ်လေ့ ရှိသော သူ့ ဝသီ အတိုင်း ဆံပင်များ ကို ထိုးဖွ နေမိ၏ ။
မြင့်တက်လာသော ဆံသခ ဈေးနှုန်း နှင့် အတူ ရှည်လျားလာ သော သူ့ ဆံပင်များသည် လည်ကုပ် ကို ထောက်လျက် ရှိ၏ ။ ဆံခြည်ရိုင်းများ အုပ်ဆိုင်းရာ သူ့ မျက်နှာ သည် ညှဉ်းသိုးသိုး နိုင်လှ၏ ။
အခန်း ထဲ တွင် အနှောင့်စုတ် နေသော စာအုပ်များ ၊ ရေးလက်စ စာရွက်များနှင့် ဆေးပေါ့လိပ်တိုများ ရှုပ်ယှက်ခတ် နေသည် ။ ဤ အခန်းကျဉ်းလေး ထဲ တွင် သူ တစ်နေ့လုံး ကျောက်ချ ထိုင်နေမိသည် ။ မြို့ ထဲ သို့ သူ မရောက်သည် မှာ ရက် အတန် ကြာခဲ့ချေပြီ ။
နံရံတွင် ချိတ်ထားသော စမ်းသပ်တက်ထရွန် အင်္ကျီလေး သည် ချိုင်း နေရာ၌ စုတ်ပြဲလျက် ရှိ၏ ။ ချုပ်ရိုးပြေခြင်း မဟုတ်ဘဲ ပိတ်သား တွင် ချည်မျှင်များ ဖွာထွက် စုတ်ပြဲ နေခြင်း ဖြစ်ရကား ပြန် ချုပ်၍ လည်း မကောင်းနိုင်တော့ပေ ။
နောက်မြီး ပါး နေသော ဖိနပ်ကလေး မှ ပြတ်လုဆဲဆဲ သဲကြိုး ၏ နောက်ဆုံး ထွက်သက် ကာလ ကို သူ ရင်ဖိုစွာ စောင့်ကြည့် နေမိသည် ။
တစ်စုံတစ်ယောက် က လမ်းစရိတ် ချီးမြှင့်သည့် တိုင် ဤ အင်္ကျီ နှင့် ဤ ဖိနပ် တို့ ၏ ပစ္စက္ခ အခြေအနေ အရ သူ မြို့ ထဲ သို့ သွားရန် မဖြစ်နိုင်တော့ပေ ။
မြို့ ထဲ သို့ သူ နောက်ဆုံး ရောက်စဉ် က စာအုပ်တိုက် တစ်တိုက် တွင် သူ ပြောခဲ့သော စကားများ ကို အမှတ်ရ နေမိ၏ ။
“ ဒီ တစ်ခါ ရေးလာတဲ့ ဝတ္ထု က တော့ ဆင်းရဲကြောင်း ၊ ငတ်ကြောင်းတွေ မပါပါဘူး ဗျာ ... နိုင်ငံခြား ပြန် ကောင်လေး တစ်ယောက် ၊ အပျံစား ကောင်မလေး တစ်ယောက် နဲ့ နိုင်ငံခြားသူလေး တစ်ယောက် တို့ ရဲ့ သုံးပွင့်ဆိုင် မေတ္တာ အကြောင်း ရေးထားတဲ့ ပျော်စရာ အချစ်ဝတ္ထု ပါ ၊ ချစ်စကားလေးတွေ ပြောလိုက်ကြ ၊ စားလိုက် သောက်လိုက်ကြ နဲ့ ပျော်စရာတွေ ချည်း ရေးထားတာပါ ။ အဲ ... ဇာတ်သိမ်းပိုင်း မှာ တောင် ဖတ်တဲ့ လူ စိတ်ညစ်သွားမှာ စိုးလို့ အားပြိုင်မှု ကို သိပ် မြှင့်မထားဘူး ၊ ငှက်မွေးလေး လို ပေါ့ပါးတဲ့ ပြဿနာ အသေးစားလေး ပဲ ချပေး ထားတယ် ။ စိတ်ညစ် နေရင်း တောင် ပျော်စေ ရမယ်ပေါ့ဗျာ ။ လုပ်ပါဗျာ ... ဖတ်ကြည့်စမ်းပါဦး ”
မွဲသွေ့သွေ့ မျက်နှာဖြင့် လျှာ တိုအောင် ရိတ် ချင်သော စကား များ ကို သူ အရှက်မဲ့စွာ ပြောနေမိခဲ့၏ ။ စာအုပ်တိုက်ပိုင်ရှင် က သူ့ ကို အားနာသော မျက်လုံးများ ဖြင့် ကြည့် နေခဲ့သည် ။
“ ကျွန်တော်တို့ တိုက် က အစ်စ်တားဘလစ်ရှ်ရိုက်တာ တွေ ပဲ သုံးတယ်ဗျာ ... ထုတ်ဝေ စရိတ် က သိပ် ကြီး နေတော့ နာမည် မရ သေးတဲ့ ကလောင် အတွက် မစွန့်စားရဲတာ ကို ခွင့်လွှတ်ပါ ”
နောက်ဆုံး ဆုပ်ကိုင် ထားသော မြက်ပင်စုလေး မြေစိုင်ခဲ နှင့် အတူ ပဲ့ကျလာသည် ကို ရေစီးတွ င် မျောပါ သွားရင်း အားငယ်စွာ မြင်တွေ့ လိုက်ရ၏ ။ စာရေးခြင်း သက်သက် ဖြင့် ဘဝ ရပ်တည် နေ ကြသော ဆရာများ ကို လှိုင်းဂ ယက်များ အကြား မှ မြင်ယောင်မိရင်း သူ ရိုသေစွာ ဦးခိုက်မိ၏ ။
“ ကိုမြတ်သင်း ရယ် ... ဒီလို ထိုင်ပြီး ငိုင်နေမယ့် အစား နှင်းရီ တို့ ဒန်အိုးစက် ထဲ မှာ ဝင်ပြီး အလုပ် လုပ်ပါလား ။ စက်ရုံပိုင်ရှင် ကို နှင်းရီ ပြောပေးပါ့မယ် ”
ခေါင်းရင်းအိမ် မှ ကောင်မလေး က လက်ဝါးကြမ်းကြီး ဖြင့် သူ့ ကျောပြင် ကို ပုတ်ခတ်ရင်း အားမလို အားမရ ပြောသွားသော စကားသံ သည် သူ့ ခေါင်း ထဲ တွင် ပဲ့တင်ထပ် လျက် ရှိ၏ ။
ဘဝ ကို ထင်ဟပ်သော ၊ အနုပညာ ကိန်းဝပ်စေသော စာများ ကို ဖန်တီးနိုင် လျှင် တစ်နေ့ နေ့ မှာတော့ စေ့ထားသော တံခါးများကို ဖွင့်နိုင်လိမ့်မည် ဟု သူ ယုံကြည် မျှော်လင့်နေမိ၏ ။
စက်ရုံ အလုပ်သမား တစ်ဦး ၏ ဘဝ ကို ခံယူရင်း ထို တစ်နေ့ နေ့ ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေမည်လား ။
သို့တည်းမဟုတ် လက်မြှောက် အရှုံးပေးလျက် အညာ မှ အေးမြစိမ်းညို့ သော သူ့ ဇာတိရွာကလေး သို့ ပြန် မည်လား ။
သား အတွက် စိတ်ပူပင် နေရှာမည့် အညာ မှ အမေ့ မျက်နှာ ကို သူ မြင်ယောင်မိသည် ။
လွန်ခဲ့သော အပတ် က ပင် အမေ သည် ပစ္စည်း အချို့ကို လူကြုံ ဖြင့် သား ထံ ပို့ပေးခဲ့သေး၏ ။ ဆီးဆုပ် တစ်အိတ် ၊ ပဲခြမ်းကြော် တစ်အိတ် နှင့် ခေါင်းအုံးလေး တစ်ခု တို့ ကို အမေ ပို့ပေးခဲ့ သည် ။ အမြဲ ဝမ်းဟာ နေတတ်သော ၊ စာအုပ်များ ကို ခေါင်းအုံး အိပ်နေရ သော သူ့ အတွက် အမေ့ လက်ဆောင် ပစ္စည်းလေးများသည် လွန်စွာ အသုံးဝင်လှ၏ ။
ဆီးထုပ်အိတ်ကလေး နှင့် ပဲခြမ်းကြော်အိတ်ကလေး တို့ ကား ပိန်ချပ်လျက် ရှိချေပြီ ။ အေးလေ ။ သူတို့ ကို မှီဝဲပြီး ရပ်တည် နေတဲ့ ငါ့ ဝမ်းဗိုက် တောင် ပိန်ချပ် နေပြီပဲ ၊ သူတို့ လည်း ပိန်ချပ် နေကြရှာပြီပေါ့ ။
ခေါင်းအုံးလေး တစ်ခု သာ ပြည့်ပြည့်ဖြိုးဖြိုး ကျန်ရှိတော့၏ ။
သူ သည် ခေါင်းအုံးလေး ကို ယုယစွာ ပွတ်သပ် နေမိ၏ ။
ခေါင်းအုံးလေး ရယ် ၊ မင်း က တော့ တစ်ခါ စား ထားရုံ နဲ့ တစ်သက်လုံး ဝ နေတော့တာပဲနော် ။
ခေါင်းအုံးလေး ဖြစ်ချင်လိုက်တာကွယ် ။
⎕ မြတ်သင်း
📖 မိုးဝေ မဂ္ဂဇင်း
ဇွန်လ ၊ ၁၉၈၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment