Saturday, October 19, 2024

စိန်


 

❝ စိန် ❞

( ထင်လင်း )

ကျွန်တော် တို့ အဖေ နဲ့ အမေဟာ လပိုင်းလောက် သာ ခြား ပြီး ကွယ်လွန် သွားတဲ့ အချိန် မှာ ကျွန်တော် ရော ကျွန်တော့် မမ ပါ ငယ်ငယ်ပဲ ရှိကြပါသေးတယ် ။ မမ က ဆယ်နှစ် ၊ ကျွန်တော် က ခြောက်နှစ် ထင်ပါရဲ့ ။ ကျွန်တော် တို့ ကို မေမေ့ အစ်ကိုကြီး တစ်ယောက် က အထက်အညာ က မြို့ တစ်မြို့ မှာ ခေါ်သွားပြီး ကျွေးမွေးပြုစု ပညာ သင်ပေးထားပါတယ် ။ ဦးကြီး တို့ မှာ က သားသမီး မထွန်းကားတော့ ကျွန်တော်  တို့ ကို ပဲ သားသမီး လို မွေးခဲ့ကြပါတယ် ။ ချစ် လည်း အင်မတန် ချစ် ၊ အလိုလည်း လိုက်ပါတယ် ။ ဦးကြီး ရော ဒေါ် ကြီး ရော အင်မတန် အေးချမ်းစွာ နေတတ်သူတွေပါ ။

ဦးကြီး နဲ့ အိမ်နီးချင်းတွေ ကတော့ အများအားဖြင့် က ကိုယ့် ခြံကလေး နဲ့ ကိုယ် အေးအေးချမ်းချမ်း နေကြ သူတွေပါပဲ ။ တစ်ဖက် က စက်သူဌေး ဦးစိန်ဘွင့်တိုက် ၊ မျက်နှာချင်းဆိုင် မှာ က တရုတ်ကုန်သည် ကိုစက်ရှင် ။ အဲသလို အထဲ မှာ ကျွန်တော် တို့ အိမ် အရှေ့ဘက် က အိမ်နီးချင်း ကတော့ လူကြီးတွေ နာမည် လည်း ကျွန်တော် မမှတ်မိဘူး ။ ကလေးတွေ ဘုစုခရု ရှိပေမယ့် သူတို့ နာမည် တွေ လည်း ကျွန်တော် မမှတ်မိဘူး ။ အဲဒီ အိမ် က ကျွန်တော် တို့ ခြံဘက် လာလာ ကစား တတ်တဲ့ မလုံးတင် ဆိုတဲ့ မိန်းကလေး ကို ကျွန်တော် မှတ်မိ နေပါတယ် ။

အဲဒီ မလုံးတင် ဆိုတဲ့ မိန်းကလေး ဟာ ကျွန်တော်
တို့ နဲ့ ကစားဖက်ပါ ။ သူ့ ရုပ်သွင် က သိပ် လှလှပပကြီး မဟုတ်ပါဘူး ။ သဘောလည်း ကောင်းလှတာ မဟုတ်ပါ ဘူး ။ အသားညိုညို ပိန်ပါးပါး နဲ့ သူ့ မျက်လုံးများ ကတော့ အရောင် တောက်တယ် ထင်ပါတယ် ။ သူ့ ကို အရုပ်ဆိုးတယ် ပြောဖို့ က တော့ ခက်တယ် ။ ယဉ်တယ် ဆိုလို့ ဆိုချင် ဆိုလို့ ရမယ် ထင်ပါတယ် ။ ဒါပေမဲ့ မလုံးတင် ဟာ နည်းနည်းမှ မယဉ်ကျေးပါဘူး ။ ကလေး တုန်းက ကစားရင်း ရန်ဖြစ် ကြရင် သူ ဟာ ညစ်ညစ်ပတ်ပတ် ဆဲတတ် ဆိုတတ် ပါတယ် ။ ကလေး နဲ့ မတန်တဲ့ အဆဲမျိုး ကို လည်း သူ တတ်ပါတယ် ။

မလုံးတင် တို့ အမေ က ဈေး ထဲ မှာ ငါး ရောင်းကြပါ တယ် ။ သူတို့ အဖေ က မီးရထားဘူတာရုံ မှ ကူလီခေါင်း လို့ ပြောသံ ကြားဖူးပါတယ် ။ ကျွန်တော်  အသေအချာ မသိ ပါဘူး ။ ညည မိုးချုပ်ချုပ် မူးလာပြီး ပြန်လာရင် မလုံးတင် တို့ အမေ ကို အမျိုးစုံ ဆဲရေး ရိုက်နှက် ၊ တစ်ခါ တစ်ခါ မလုံးတင် တို့ အမေ က လည်း ပြန်ဆဲ ၊ ပြန်သ,တ် နဲ့ တစ်အိမ်လုံး ဗြောင်းဆန် နေတာကို ကျွန်တော် က အိမ်နီးချင်း ဆိုတော့ မကြာခဏ ကြားနေကြရတာပါ ။

မလုံးတင် ဟာ အဲဒီ သူတို့ အဖေ နဲ့ အမေ တို့ ရန်ဖြစ် ရာ မှာ ဆဲကြ ၊ ဆိုကြတာတွေ ကို အကုန် တတ်ပါတယ် ။ ကျွန်တော် တို့ နဲ့ ကစားတဲ့ အခါ သင့်သင့်မြတ်မြတ် ဆိုရင် အင်မတန် အဖော်ရပေမယ့် သူ့ စိတ် နဲ့ အခန့်မသင့်လို့ ရန်ဖြစ်ကြရပြီ ဆိုရင် သူ အမျိုးစုံ ဆဲတာ ကို ခံရတတ်ပါတယ် ။ အဲသလို အဆဲ ခံရပြီ ဆိုရင် ကျွန်တော် တို့မှာ ရှက်လွန်းလို့ အိမ် ထဲ က မထွက်ဝံ့ကြပါဘူး ။ ကျွန်တော် တို့ ကို ဆဲနေတာ ဆိုတာ လူ သိသွားမှာ ရှက်တာနဲ့ ဘာမှလည်း ပြန် မပြော ဝံ့ကြပါဘူး ။ ရပ်ပါစေတော့ တော်ပါစေတော့ လို့ ဆုတောင်း ရုံ ပဲ တတ်နိုင်ပါတယ် ။

မလုံးတင် ဟာ အပျိုပေါက်ကလေး ဖြစ်လာတော့ ညိုညိုညက်ညက် မျက်လုံးတောက်တောက် နဲ့ အတော် ကလေး ကြည့်စရာ ရှုစရာ ကောင်းလာ သလိုပါပဲ ။ ငယ်ငယ် က လောက် မဟုတ်ပေမယ့် ဆဲ တော့ ဆဲတုန်းပါပဲ ။ သူ နဲ့ ကျွန်တော်  အသက်ချင်း သိပ် မကွာလှပါဘူး ။ သူ က ကြီးလှ တစ်နှစ်ပါပဲ ။ ဒါပေမဲ့ သူ က ကျွန်တော့် ကို “ ဟဲ့ ကောင်လေး ” လို့ ခေါ်ပါတယ် ။ “ နင် နဲ့ ၊ ငါ နဲ့ ” ပြောပါတယ် ။ ကျွန်တော် က သူ့ ကို “ မလုံးတင် ” လို့ ခေါ် ရတယ် ။ “ ခင်ဗျား ” ၊ “ ကျွန်တော် ” နဲ့ ပြောရတယ် ။ ကျောင်း က သူငယ်ချင်း မိန်းကလေးတွေ နဲ့ ဆိုတာ တစ်နှစ် နှစ်နှစ် ကြီးတာ ငယ်တာအကြောင်း မဟုတ်ပါဘူး ။ “ နင် နဲ့ … ငါ နဲ့ ” ပြောနေကြတာပါပဲ ။

ကျွန်တော်  တစ်ဆယ့်ခြောက်နှစ်သား အင်္ဂလိပ် ကျောင်း မှာ ကိုးတန်း ရောက်တော့ မလုံးတင် က သူ့ အမေ နဲ့ အတူ ဈေး ထဲ မှာ ငါးရောင်း နေပါပြီ ။ ကျွန်တော် က လည်း အစ မှာ မမ တို့ ၊ ဦးကြီး တို့ မသိအောင် စီးကရက် သောက် တတ် နေတော့ မလုံးတင် က ကျွန်တော့် အတွက် ဈေးထဲ က “ ပိုလို ” စီးကရက် ဝယ်ဝယ် လာ ပေးတတ်ပါတယ် ။

“ နင် ပိုလို သောက်နေတာ ကြည့်ရတာ သိပ် စတိုင် ဖြောင့်တယ်ဟယ် ၊ နင် ပိုလို သောက်တာ ကြည့်ချင်လို့ ငါ ဝယ်လာတာ ” လို့ ပြောလေ့ ရှိတယ် ။ အဲဒီတုန်းက ပိုလိုတစ်ဘူး ဆယ်ပြား ။ ကျွန်တော် က လည်း ရုပ်ရှင်ထဲ က ဇာတ်လိုက်မင်းသား လူပေလူတေ အခန်း ပြတဲ့အခါ စီးကရက် ခဲ ပြီး ဖဲဝေတာ တို့ ၊ စီးကရက်လက်ကြား ညှပ်ပြီး ဖဲကု,လားဖန် ထိုးတာ တို့ လုပ်တတ် နေတယ် ။ နောက်ပိုင်း ကျွန်တော်  စီးကရက် သောက်တာ ကို ဦးကြီး တို့ ၊ ဒေါ်ကြီး တို့ ၊ မမ တို့ သိသွားပေမယ့် ဘာမှ မပြောတော့ပါဘူး ။ “ နည်းနည်း ” သောက်လို့ ပြောပြီး ခွင့်ပြု ထားကြပါတယ် ။
အဲဒီ အခါမှာ လည်း ကျွန်တော့် အတွက် စီးကရက် ကို မလုံးတင် က ပဲ ဝယ် ဝယ်ပေး နေပါတယ် ။

မလုံးတင် ကို နှုတ်ကြမ်း အာကြမ်း မို့ ကြောက်ပေ မဲ့ ခင်တော့ ခင်သားပါပဲ ။ မမ ကတော့ အဲသလို ကျွန်တော် မလုံးတင် နဲ့ အရောတဝင် နေတာကို သိပ် မကြိုက် ပါဘူး ။ သူ နဲ့ လည်း ခင်မင်သလို ဖြစ်နေတော့ ဘာမှတော့ မပြောဘူး ။ နောက်တော့ ကျွန်တော် ဟာ မလုံးတင် အကြောင်းပဲ စဉ်းစား နေမိတယ် ။ မလုံးတင် ကိုပဲ တွေ့ချင် မြင်ချင်နေတယ် ။ မလုံးတင် အတွက် ရယ်လို့ မဟုတ်ပေမယ့် သူ့ ကို အောက်မေ့ရင်း ကဗျာလင်္ကာတွေ ရေးတတ် လာတယ် ။ ဒါပေမဲ့ ကျွန်တော် က ငယ်ငယ်က အင်မတန် ကြောက်တတ်တော့ သူ့ ကို ဘာမှ မပေးဖြစ်ခဲ့ပါဘူး ။ ကျွန်တော် ကြောက်တာ က မလုံးတင် ကို သာ မက သူ့ အဖေ နဲ့ သူ့အမေ ကို ပါ ကြောက် နေတာ ဖြစ်ပါတယ် ။

တစ်နေ့ မှာ တော့ မလုံးတင် တို့ အမေ ဟာ အိမ် ထဲ က နေပြီး အော်ကြီးဟစ်ကျယ် ဆဲဆိုနေတဲ့ အသံ ကို ကြား ကြရပါတယ် ။ သူ ဆဲနေတာတွေ က မကြားဝံ့ မနာသာတွေ ဆိုတော့ အိမ်နီးနားချင်းတွေ ကလည်း ဘယ်သူက မှ ဘာမှ ဝင် မပြောရဲကြပါဘူး ။ အဲဒီ အချိန်မှာ မလုံးတင်  ကျွန်တော်  တို့ ခြံဘက် ကို ကူး လာလို့ မမ က ခပ်တိုးတိုး ခေါ် မေး တော့ မလုံးတင် က ဣန္ဒြေမပျက် ခပ်တည်တည်ပဲ ။ “ အဖေ မယားငယ် ယူသွားလို့ ” လို့ ပြောပါတယ် ။ သူ့ မှာ တော့ ဘာမှ မထူးခြား သလိုပါပဲ ။ ကျွန်တော် တို့ အဖို့တော့ သူတို့ အိမ် က လူတွေ ကို အံ့ဩပြီး ရင်း အံ့ဩရင်းပါပဲ ။

နောက်ပိုင်းမှာ မလုံးတင် တို့အဖေ ကို မတွေ့ရတော့ ပါဘူး ။ သူတို့ အမေဟာ ဆဲစရာ ဆိုစရာ လူ မရှိတော့လို့ အော်ကြီးဟစ်ကျယ် ရပ်ကျော်ရွာကြား မလုပ်တော့ပေမဲ့လို့ သူ့ ကလေးတွေ ကို စိတ်တိုင်း မကျတဲ့ အခါမျိုးမှာတော့ ဖေနဲ့ မောင်နဲ့ ကိုင်ဆဲပြီး ပြောလေ့ရှိပါတယ် ။ သေချင်းဆိုး ၊ မြွေပွေးကိုက် ၊ ဖိနပ်စာ ၊ ကာလနာ ဆိုတာတွေ ကတော့ ရယ်ရယ်ဟားဟား ပြောတဲ့ စကားတွေ ထဲမှာ တောင် ပါ နေ တတ်ပါတယ် ။

အဲသလို ဆူဆူညံညံ မဟုတ်တဲ့ ဆဲသံ ဆိုသံ ကလေးတွေ ကြားကြားနေရ ရာက အတော်ကလေး နား ယဉ်လာတော့ တစ်နေ့ မှာ မလုံးတင် တို့ အမေ ဟာ သူ့ သားသမီးတွေ ကို အော်ကြီးဟစ်ကျယ် ဆဲနေတဲ့ အသံ ကို ကြားလိုက်ကြရပြန်ပါတယ် ။ “ ငါ မွေးထားလို့ လူ ဖြစ်နေတဲ့ အကောင်တွေ ၊ နင်တို့ ကို မီးတွင်းကတည်း က ညှစ်သ,တ် ပစ်ခဲ့ဖို့ ကောင်းတာ ၊ နင်တို့ ကို မွေးရတာ ငါ့ မှာ ... ” ဘာဖြစ်ရုံပဲ ၊ ညာဖြစ်ရုံပဲ နဲ့ စုံလို့ပါပဲ ။

အဲသလို အော်ကျယ်အော်ကျယ် ဖြစ်လာပြန် တော့ တစ်ခုခု တော့ ထူးခြားပြီ လို့ ထင်ရပါတယ် ။ နောက် တစ်ရက် နှစ်ရက် ကြာတော့ သူတို့ အိမ် ကို လူသစ် တစ်ယောက် ရောက်လာတာ တွေ့ရပါတယ် ။ ဈေး ထဲ မှာ ကူလီလုပ် နေတဲ့ ကိုချစ်ခ ဆိုတဲ့ လူ လို့ မမ က ပြောပါတယ် ။ မလုံးတင် တို့ အမေ ထက် ငယ်ပုံ ရပေမယ့် သူ ကလည်း ခပ်ကြမ်းကြမ်းပါပဲ ။ ညနေ ဘက် ဆိုရင် အရက်မူးပြီး ယိုင်တိ ယိုင်ထိုး နဲ့ အိမ်ပြန် လာတာ ကို မြင်ရတတ်ပါတယ် ။ သူ ရောက်စ မှာ သိပ် ဆဲသံဆိုသံ မကြားရပေမယ့် နောက်ပိုင်း မှာ တော့ အရင်က ပုံစံမျိုး ဆဲဆိုရန်ဖြစ်ကြတဲ့ အသံတွေ ပြန် ပေါ်လာပြန်ပါတယ် ။ တစ်ခါတလေလည်း အဲဒီ ကိုချစ်ခ ဆိုတဲ့ လူ မူးမူး နဲ့ သီချင်း ဆိုနေတဲ့ အသံမျိုး ကိုပါ ကြားရတတ်ပါတယ် ။ အဲသလို သီချင်း ဆိုနေရာ က နေပြီး ဝုန်းဒိုင်း ထ ရန်ဖြစ် ချင် ဖြစ်ကြပြီး ဆဲသံဆိုသံတွေ မိုးမွှန် နေတာမျိုးလည်း ကြုံရတတ်ပါတယ် ။ တကယ့် စိတ်ညစ် စရာ မိသားစု ပါပဲ ။

ဒါထဲက ကျွန်တော်  မလုံးတင် တစ်ယောက် ကို တော့ ခင်မင်လျက်ပဲ ။ မလုံးတင် ဟာ တစ်ခါတစ်ခါ ကျွန်တော့်တို့ ဆီ လာပြီး “ ငါလဲ စိတ်ညစ်တယ်ဟယ် ၊ ဘယ် သွား နေရမှန်းလဲ မသိဘူး ” လို့ ညည်း တတ်ပါတယ် ။ ကျွန်တော် နားမလည်ပါဘူး ။ သူတို့ အိမ် မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ မသိပေမဲ့ ခါတိုင်းလည်း ဒီလိုပဲလို့ အောက်မေ့ နေတာကိုး ။ ဒါပေမဲ့ ခါတိုင်းလိုမဟုတ်တာကို ကျွန်တော်  သတိ မထားမိဘူး ။

တစ်နေ့တော့ သူတို့ အိမ် ဘက် က ဆဲသံဆိုသံတွေ မလာခင် ဝုန်းဒိုင်း အသံတွေ ကြားရပြီး “ အောင်မယ်လေး ဗျာ ၊ သေပါပြီ ” ဆိုတဲ့ ကိုချစ်ခ ရဲ့အသံ ကြား လိုက်ရပါ တယ် ။ ပြီးတော့ ပြေးကြ လွှားကြတဲ့ အသံတွေ ကို ပါ ကြားရတယ် ။ ကျွန်တော် လည်း စာကျက် နေရာက နားစွင့် နေမိပါတယ် ။

ခဏကြာတော့ ကျွန်တော်  စာကျက် နေတဲ့ အခန်း ပြတင်းပေါက်နား မလုံးတင် ရောက် လာပြီး ကျွန်တော့် ကို လက်ယပ်ပြီး ခေါ်တယ် ။ ကျွန်တော်  သူ့ ဆီ ထ သွားတော့ သူ က အထဲ ကို ဝင်ခဲ့ချင်တယ် ဆိုတာ ကို လက်ဟန်ခြေဟန် နဲ့ ပြတော့ ကျွန်တော် လည်း သူ လှမ်း ပေးတဲ့ လက်နှစ်ဖက် ကို ဆွဲပြီး တင်ပေး လိုက်တယ် ။ ကျွန်တော် က သူ့ ကို “ ဘာဖြစ်လို့လဲ ” လို့ မေးတော့ သူ က အသာ လက်ကာ ပြပြီး ကျွန်တော့် အိပ်ရာ ရှိတဲ့ ထောင့်ဘက် ကို သွားပြီး ကွယ်နေတယ် ။ ခဏကြာတော့ သူ ကျွန်တော့် အိပ်ရာပေါ် တက် ၊ ခြင်ထောင် ဆွဲချ ၊ စောင် ဆွဲခြုံ လိုက်ပြီး အိပ်နေတယ် ။ ကျွန်တော် ဘာမှ နားမလည်ဘူး ။ သူ့ အနားလည်း မကပ် ရဲဘူး ။ သူ့ ကို ပြတင်းပေါက် က ဆွဲတင်လိုက်တဲ့ အချိန် က စ ပြီး ကျွန်တော့် ရင်တွေ လည်း ခုန် နေတယ် ။ တစ်ကိုယ်လုံး လည်း တုန် နေတယ် ။ ကျွန်တော့် အိမ် က လူတွေ သိကုန် မှာလည်း စိုးတော့ ကျွန်တော် လည်း ငြိမ်နေရတယ် ။ မလုံးတင် က ခိုင်းလို့ ပြတင်းပေါက် ကို လည်း ပိတ်ထား လိုက်တယ် ။

ခဏနေတော့ “ ဟဲ့ မိလုံး ၊ သေခြင်းဆိုးမ လာခဲ့ ၊ အခုချက်ချင်း ပြန်ခဲ့ ”ဆိုတဲ့ သူ့အမေ ဒေါသ နဲ့ ဆဲဆိုပြီး ခေါ်တဲ့ အသံ ကို ကြားလိုက်ရ ပါတယ် ။ မလုံးတင် က မလှုပ်ပါဘူး ။ ကျွန်တော့် မှာ တော့ ရင် တထိတ်ထိတ် ပါပဲ ။ အခုနေ ကျွန်တော့် အခန်းထဲ မမ များ ဝင်လာလို့ ကျွန်တော့် အိပ်ရာ ပေါ် မလုံးတင် ခြင်ထောင် ချပြီး စောင်ခြုံ အိပ် နေတာ တွေ့သွားရင် ဘယ်လိုများ နေမလဲ ။ ဟိုဘက် အိမ် က ဆဲသံဆိုသံ ကို မမ လည်း ကြားမှာပါပဲ ။ ဒါပေမဲ့ သူတို့ လည်း ငြိမ်ပြီး နားထောင် နေကြဟန် တူပါတယ် ။

ကံအားလျော်စွာ မလုံးတင် တို့ အမေ နောက်ထပ် ဆဲသံခေါ်သံ မကြားရတော့ဘဲ အားလုံး တိတ်ဆိတ် သွား ပါတယ် ။ ကျွန်တော့် မှာ တော့ ဒုက္ခ က မအေးသေးပါဘူး ။

အတော်ကလေး မိုးချုပ်တော့ မလုံးတင် ဟာ အိပ်ရာ က ထ ၊ စောင် ခွာချပြီး ခြင်ထောင် ကို မ , ပြီး ခုတင်ဘေး မှာ ခြေတွဲလဲ ချထိုင်လိုက်တယ် ။ နောက် သူ့ လုံချည် အောက်နား က တစ်ထွာလောက် ပြဲနေတာ ကို ငုံ့ပြီး ကိုင် ကြည့် ရာက ကျွန်တော့် ကို မော့ ကြည့်ပြီး ပြုံးပြတယ် ။ ပြီးတော့ သူ့မျက်နှာ ဟာ ချက်ချင်း မဲ့ရွဲ့လာပြီး “ သေခြင်းဆိုးကြီး ၊ နောက်တစ်ခါ ဒါမျိုး လုပ်ရင် သေအောင်ကို သ,တ်မယ် ၊ မိလုံး ကို ဒါမျိုး လာ စမ်းလို့ ဘာရမလဲ ” လို့ ဆိုပါ တယ် ။ ကျွန်တော် က ဘာမှ နားမလည်သလို သူ့ ကိုပဲ ငေးကြည့် နေတော့ မှ သူ က သူ့ ပထွေး ကိုချစ်ခ က သူ့ ကို ဗလက္ကာရ လုပ်လို့ သူ က ရုန်းကန်ပြီး ဒူး နဲ့ ချက်ကောင်း ကို ပစ်တိုက် ထားခဲ့တာ ပက်လက်လန် လဲကျနေရစ်တဲ့ အကြောင်း ပြောပြပါတယ် ။

ကျွန်တော်  အတော် ကြောက်လန့် သွားပါတယ် ။ မလုံးတင် ရဲ့ သတ္တိ ကို လည်း စိတ် ထဲ က ချီးမွမ်းလျက်ပါပဲ ။

“ အခု ဘယ်လို လုပ်မလဲ ၊ ဒါဖြင့် ”

“ ငါ လဲ ဘာ လုပ်ရမှန်း မသိတော့ဘူးဟယ် ၊ မနက် ကျမှ ကြည့်လုပ်ရမှာပဲ ၊ စိတ်ညစ်တယ် ”

မလုံးတင် က အဲသလို ခပ်တိုးတိုး ညည်း တော့ ကျွန်တော့် ရင် ထဲမှာ ပို လေးလာပါတယ် ။ အခု ဘာလုပ် ရမှန်း မသိဘူး ။ မနက်ကျ မှ ကြည့်လုပ်မယ် ဆိုတော့ သူ ဒီ ည ဘယ် သွားနေမလဲ ။ လာ ကတည်း ကို က သူ ကျွန်တော့် အခန်း မှာ ပုန်းနေဖို့ ဆိုတော့ ဒီမှာပဲများ တစ်ညလုံး နေလေမလား ။ ကျွန်တော့် အိမ် က လူတွေ ဟာ အိပ်ပျော် သွားကြဦးမယ် မဟုတ်ဘူး ။ ဒါပေမဲ့ သူတို့ အိပ်တဲ့ အခန်း နဲ့ ကျွန်တော့် အခန်း က ကြား ထဲမှာ ဧည့်ခန်း တစ်ခန်း ခြား သေးတော့ တိုးတိုး ပြောရင် ကြားမယ် မဟုတ်ပါဘူး ။ ဒါနဲ့ ကျွန်တော်  လက်ညှိုး နဲ့ ပါးစပ် ကို ထောင်ပိတ်ပြီး တိုးတိုး တိတ်တိတ် နေဖို့ မလုံးတင် ကို ပြ လိုက်တော့ မလုံးတင် က ပြုံးပြီး ခေါင်းညိတ် ပြတယ် ။ ကဲ ... အဲသည်လို ဆို တော့ ကျွန်တော် နဲ့ သူ ဟာ အလိုတူ အလိုပါ ကြံရာပါတွေ ဖြစ်သွားပြီ ဆိုတာ ကျွန်တော်  နောက် မှ စဉ်းစား မိပါတယ် ။ ဒုက္ခပါပဲ ။

ကျွန်တော် ဟာ မိန်းမ ဆိုရင် အင်မတန် ကြောက် တတ်ပါတယ် ။ သူတော်ကောင်းတွေ ကြောက် သလို ကြောက်တာ တော့ မဟုတ်ပါဘူး ။ မိန်းမ တစ်ယောက် နဲ့ ချစ်ရေးခင်ရေး ပြေလည်ဖို့ ဆိုရင် ဘယ်က စပြီး ဘာ ပြောလို့ ဘယ်လို စခန်းသွားရမယ် ဆိုတာ မသိပါဘူး ။ သွား စလို့ သဘောကျရင် တော်တော် ရှိရဲ့ ။ သဘောမကျလို့ အော်ကြီးဟစ်ကျယ် ဆဲလိုက်ရင် ၊ အော်လိုက်ရင် ဘယ်လို လုပ်ရမလဲ ဆိုတာ ကျွန်တော် မတွေးတတ်ပါဘူး ။ အဲသလို
ကြောက်တာပါ ။ ကိုယ့် စိတ်ဆန္ဒ က ဘယ်လိုပဲ နှိုးဆော် နှိုးဆော် လက် က နှုတ် က ရဲရဲတင်းတင်း မပါရဲပါဘူး ။ အခု လည်း ကျွန်တော့် စိတ်တွေ လှုပ်ရှား နေပေမယ့် ကျွန်တော့် စာကြည့်စားပွဲ က တစ်လက်မ မှ မရွေ့ရဲပါဘူး ။ အဲဒီ အချိန် မှာ ကျွန်တော့် သူငယ်ချင်း ကိုကျော်စိန်ကြီး တစ်ခါ အိမ် မှာ ဘယ်သူမှ မရှိတုန်း သူ စာကျက် နေတဲ့ အခန်း ထဲ ကို တစ်ယောက်တည်း ရောက် လာတဲ့ သူတို့ ရဲ့ အိမ်နီးချင်း အပျိုမလေး တစ်ယောက် ကို လက်ရဲဇက်ရဲ ဖက် နမ်းလိုက်တာ က စပြီး ချစ်ရေးခင်ရေး ပြေလည် သွားလိုက်တာ ကလေး တစ်ယောက် ရလို့ သူ ကျောင်း ဆက် မနေရတော့ဘဲ ဒီ မိန်းမ နဲ့ ယူလိုက်ရလိုက်တဲ့ အထိပဲ လို့ ပြောပြဖူးတာ ကို ကျွန်တော်  သတိရ မိပါတယ် ။ အာဂ လူပါပဲ ။

ကျွန်တော် ဟာ သူ့ လို လက်ရဲဇက်ရဲ မဟုတ်ပါဘူး ။ စိတ် ထဲ ကတော့ သူ ပြောသလို လုပ်ချင်လျက်ပါပဲ ။ ဒါပေမဲ့ လက် က မရဲတော့ ဒီလိုနဲ့ ပဲ ကျွန်တော် က ကျွန်တော့် စားပွဲ မှာ ထိုင်လျက် ၊ မလုံးတင် က ကျွန်တော့် အိပ်ရာ ပေါ် မှာ အိပ်လိုက် ၊ ထိုက်လိုက် နဲ့ စကား ကို လေသံတိုးတိုး နဲ့ စကား ပြောကြရင်း မနက် လင်းအားကြီး အချိန်ကျ မှ မလုံးတင် ဟာ သူ လာခဲ့တဲ့လမ်း အတိုင်း ပြတင်းပေါက် က ကျော် ဆင်းပြီး သူ့ အိမ် သူ ပြန်သွားခဲ့ပါတယ် ။

ဒီ ကိစ္စက ဒီမှာတင် ပြီးသွားဖို့ပါပဲ ။ ဒါပေမဲ့ မပြီး နိုင်တာကတော့ နောက် တစ်နေ့ မှာ မလုံးတင် တို့ အိမ်ဘက် က ဆဲတဲ့ ဆိုတဲ့ အသံတွေ ထဲ မှာ မလုံးတင် တို့ အမေ က “ ဟဲ့ ... သေခြင်းဆိုးမ မနေ့ည က နင် ... နင့်လင် နဲ့ တစ်ညလုံး သွား အိပ်နေတာ ငါ မသိဘူး မှတ်လို့လား ” အစချီပြီး ဘာမဟဲ့ ၊ ညာမဟဲ့ နဲ့ မကြားဝံ့ မနာသာ အယုတ် တမာ ရန်တွေ့ရင်း “ အမေ့ လင်ကြီး ၊ အမေ့ လင်ကြီး ” နဲ့ အော်ဟစ်ပြီး အသံ ဝင်မတတ် ပြောနေတယ် ။ ဘာတွေ ပြောနေတယ် ဆိုတာတော့ ပီပီသသ မကြားရဘူး ။

အဲဒါက အရေး မကြီးဘူး ။ အဲဒီ ဆဲသံဆိုသံတွေ ကို ကျွန်တော့် အိမ် က လူတွေ က လည်း ကြားကြရတော့ ဦးကြီး က ရော ၊ ဒေါ်ကြီး က ရော ၊ မမ က ရော ကျွန်တော့် ကို မသင်္ကာတဲ့ အကြည့် နဲ့ ကွက်ကြည့် ကွက်ကြည့် လုပ်နေ ကြတော့ ကျွန်တော် လည်း အတော် အနေရ အထိုင်ရ ခက် နေပါတယ် ။ ဒီကိစ္စ က ဒီတင် မပြီးပါဘူး ။

အဲဒီ ညဘက် မလုံးတင် တို့ အိမ် ဆီ က ဘာသံမှ ကြားရပေမယ့် မနေ့ည က လို မလုံးတင် များ ရောက်လာဦး မလား ကျွန်တော့် စိတ် ထဲ က မျှော် နေမိပါတယ် ။ တကယ် လာ နေမှာ ကို လည်း ကြောက် နေပါတယ် ။ ကျွန်တော် အဲသလို စိတ်နှစ်ခွ နဲ့ ဘာလုပ်ရမှန်း မသိ ဖြစ်နေတုန်း ဗြုန်း ဆို ကျွန်တော့် အခန်း ထဲ မမ ဝင်လာပြီး ကျွန်တော့် ကို ဘာမှ မပြောခင် ပြတင်းပေါက် ကို သွားပိတ် ၊ အထက်မင်းတုပ် အောက်မင်းတုပ် ထိုး ပြီးမှ ကျွန်တော့် အနား လာပြီး ...

“ ငါ့ မောင် ကို မမ ဒီမှာ ထားလို့ မဖြစ်တော့ဘူး ” လို့ ပြောပါတယ် ။ ကျွန်တော် မမ ကို ဘာမှ ပြန် မပြောမိပါ ဘူး ။ ဘာဖြစ်လို့လဲ ဆိုတာ ကို မေးဦးမယ် စိတ်ကူးပေမဲ့ သူတို့ လည်း သိလို့ နေမှာပေါ့ ဆိုတဲ့ အသိ နဲ့ ကျွန်တော်  လည်း ဘာမှ မမေးဖြစ်တော့ဘူး ။ တကယ်က ကျွန်တော်  နဲ့ မလုံးတင် ဘာမှ ဖြစ်ကြတာ မဟုတ်ဘူး ဆိုတာ မမကို ကျွန်တော် ရှင်းပြဖို့လိုမယ် ဆိုတာ သိပေမယ့် ကျွန်တော်  ကိုယ်တိုင် က ခုလို မလုံးတင် တို့ နဲ့ နီးစပ် ပတ်သက် လာတာ ဟာ ကျွန်တော့် အဖို့ အန္တရာယ် မကင်းဘူး လို့ လည်း ယုံကြည်နေတော့ မမ ကို ကျွန်တော် ဘာမှ ရှင်းပြ မနေ တော့ဘူး ။

နှစ်လယ်ကြီး မှာ ကျောင်း ပြောင်းရမှာ ကိုတော့ သိပ် ဘဝင် မကျပါဘူး ။ ဒါပေမဲ့ နောက်တစ်ပတ် လောက် အကြာ မမ မန္တလေး က အပြန် ကျွန်တော့် ကို မန္တလေး ကျောင်းရွှေ့ဖို့ သေချာပြီ ဆိုတော့ ကျွန်တော့် စိတ် ထဲ မှာ ဟာတာတာကြီး ဖြစ် သွားပါတယ် ။ တကယ်က ကျွန်တော် မလုံးတင် နဲ့ ဝေးရာ ကို သွားရမှာ သိပ် စိတ်မချမ်းသာပါဘူး ။ ဘာမှလည်း မပြောတတ် ၊ မတွေးတတ်တော့ ဒီလိုပဲ သွားဖို့ ကျွန်တော် အဝတ်အစား စာအုပ် အားလုံး ကို ထုပ်ပိုးပြင်ဆင် ရပါတော့တယ် ။

ကျွန်တော် မသွားခင် တစ်ရက် မှာတော့ ဘာမှ မရှိတဲ့ ကျွန်တော့် အိပ်ခန်း ထဲက စာကြည့်စားပွဲ မှာ ကျွန်တော် တစ်ယောက် တည်း ထိုင်ပြီး ငိုင် နေမိပါတယ် ။ နက်ဖြန် ဆို ရင် ဒီ အခန်း ထဲမှာ ကျွန်တော့် အိပ်ရာပါ ရှိတော့မယ် မဟုတ် ဘူး ။ ဦးကြီး ပုတီးစိပ် ဖို့ သ,တ်သ,တ် ရှင်းထားမယ် လို့လည်း ပြောပါတယ် ။ ကျွန်တော် မလုံးတင် ကို နှုတ်ဆက်ချင်တယ် ။ စာ နဲ့ ရေးခဲ့မလား ။ ဘယ်လို ရေးမလဲ ။ ဘယ်သူ နဲ့ ပေးခဲ့မလဲ ။ မလုံးတင် က ကျွန်တော် တို့ နဲ့ လေးတန်း လောက် ထိ အောင်တော့ ကျောင်း နေဖူးတယ် ။ ဒါပေမဲ့ စာ နဲ့ ရေးပြတာကို သူ ရေရေလည်လည် သိပါ့မလား ။

ကျွန်တော် အဲသလို တွေးရင်း ထိုင်ငေး နေတာနဲ့ မိုးချုပ် သွားပါတယ် ။ စောစောပိုင်း က မမ လာပြီး “ ငါ့ မောင် မနက် သွားရမှာ စောစောအိပ် ၊ အိပ်တော့ ” ဆိုပြီး ပြန်သွားတော့ ကျွန်တော် လည်း အခန်းတံခါး ပိတ်ပြီး အဲသလို စာကြည့်စားပွဲ မှာ ထိုင်နေတာ ဘယ်အချိန် လည်း တော့ မသိဘူး ။ ပြတင်းပေါက် က အသံ ကြားလို့ လှည့် ကြည့် လိုက်တော့ မလုံးတင် ပါ ၊ သူ က ဝင်ခဲ့ချင်တယ် ဆိုလို့ ကျွန်တော် လည်း ဟို တစ်နေ့ က လိုပဲ လက်ကမ်း ပေးပြီး ဆွဲတင် လိုက်ပါတယ် ။ ကျွန်တော် ရင်ခုန် နေတယ် ။

“ နင် သွားတော့မလို့ ဆို ”

“ နက်ဖြန် မနက်ရထား နဲ့ လိုက်ရမယ် ”

“ ရော့ ... နင် သောက်ဖို့ ပိုလိုဘူး ၊ နင် ငါ့ ကို မမေ့နဲ့နော် ”

ကျွန်တော် သူ ပေးတဲ့ ပိုလိုစီးကရက် သုံးဘူး ကို လှမ်း ယူလိုက်ပြီး သူ့ ကို စိုက်ကြည့် နေမိပါတယ် ။ သူ ကလည်း ကျွန်တော့် ကို ကြည့်ပြီး ပြုံး နေပါတယ် ။ အဲဒီ အချိန်မှာ ကျွန်တော့် မမ က ကျွန်တော့် ကို တိုးတိုးတိတ်တိတ် ဆုံးမ ခဲ့တဲ့ စကားတွေ ကို လည်း ကျွန်တော့် နား ထဲ မှာ ကြားနေပါတယ် ။

“ ဒါတွေနဲ့ မင်း နဲ့ ငြိစွန်းလို့ မဖြစ်ဘူးနော် ကြားလား ၊ မင်း လွတ်အောင် ရှောင်ရမယ် ၊ ငါ့ မောင် အရော မဝင်နဲ့ ၊ အရေး မလုပ်နဲ့ ၊ ဆင်းရဲတာ ၊ ချမ်းသာတာ က အကြောင်း မဟုတ်ဘူး ၊ စရိုက် က သိပ် ကြမ်းတာ ငါ့မောင် ဒုက္ခ ရေရေလည်လည် ရောက်မှာ ၊ ကြပ်ကြပ်ကြီး သတိထား ”

မမ ပြောတာလည်း ဟုတ်ပါတယ် ။ ကျွန်တော် လည်း သဘော ပေါက်ပါတယ် ။ ဒါပေမဲ့ ကျွန်တော့် နား တစ်ဖက် က လည်း ကိုကျော်စိန်ကြီး ပြောပြတာတွေ ကို လည်း ကြားယောင်လျက်ပဲ ။

“ မိန်းမ ဆိုတာ ကြိုက်ပေမယ့် နည်းနည်းတော့ ဟန် လုပ်သေးတာပေါ့ကွာ ၊ ဒါပေမဲ့ သူ လဲ အသွေး နဲ့ ကိုယ် အသား နဲ့ ကိုယ် ငါ တစ်ယောက်တည်း ရှိတဲ့နေရာ ကို သူ တစ်ယောက်တည်း လာတယ် ဆို ကတည်း က သူ ကလဲ ဒါမျိုးကို မျှော်လင့်လာတာပေါ့ ၊ သူ့ ကို အဲသလို မလုပ်လိုက် ရင် သူ က ငါ့ ကို ယောက်ျား မဟုတ်ဘူး ထင်ဦးမယ် ၊ ငါ က လဲ ဘာရမလဲ ယောက်ျား ဖြစ်ကြောင်း ပြလိုက်ရတာ ပေါ့ကွာ ”

ကျွန်တော့် မှာ အဲသလို ချီတုံချတုံ ဖြစ်နေပေမယ့် နက်ဖြန် သွားရတော့မယ် ဆိုတဲ့ အသိ နဲ့ စိတ် ထဲ က တစ်မျိုး ရဲနေတော့ ကိုကျော်စိန်ကြီး ပြောသလို လုပ်လိုက်မိတယ် ။ ကျွန်တော် က မကျင်လည် တော့ အိုနင်းခွက်နင်း ပါပဲ ။

မလုံးတင် ဟာ ကိုကျော်စိန် ပြောသလို အစတော့ အံ့အားသင့် သလို ငြင်းဆန် သလို လုပ်နေပေမယ့် ခဏကြာ တော့ ပြေလည် သွားပါတယ် ။ နောက်ပိုင်း ဘာတွေ ဘယ်လို ဖြစ်တယ် ဆိုတာ ကျွန်တော်  ပြော မပြတတ်တော့ဘူး ။

“ နင် ... ငါ့ ကို အတည် ယူနိုင်မှာ မဟုတ်ပါဘူးဟယ် ” လို့ မလုံးတင် က ပြောတော့ ကျွန်တော် က ကျွန်တော်  ဆယ်တန်း အောင်ရင် အလုပ် ဝင် လုပ်ပြီး ကိုယ့် ဟာ ကိုယ် နေနိုင်တော့ မလုံးတင် ကို လာခေါ်မယ်လို့ ကတိ ပေး ပေမယ့် မလုံးတင် က မယုံပါဘူး ။

“ နင်တို့ မှာ အဖေ အမေ မရှိပေမယ့် နင်တို့ က မျက်နှာကြီးမျိုးတွေပါဟယ် ၊ ပညာတတ်တွေပါ ၊ ကျောင်း က ထွက်ရင် အရာရှိအရာခံ လူကုံထံတွေ ဖြစ်လာမှာပါ ၊ ငါတို့ လို အတန်းစား က နင်တို့ ကို မော့တောင် ကြည့်ရဲမှာ မဟုတ်ပါဘူး ၊ ငါတို့ လို ဘာဂုဏ် မှ မရှိတဲ့ အဖွဲအစုတ် ကို ဘယ်လောက် ချစ်ချစ် နင့် ကို ငါ ရမှာ မဟုတ်ဘူး ဆိုတာ ငါ သိပါတယ် ”

မလုံးတင် ယုံအောင် ကျွန်တော်  ဘာတွေ ပြောခဲ့ တယ် ။ ဘာတွေ ကတိ ထားခဲ့တယ် ဆိုတာတော့ ကျွန်တော် မမှတ်မိတော့ဘူး ။ အဲဒီ ည က မလုံးတင် ရော ကျွန်တော် ရော တစ်မှေး မှ မအိပ်ခဲ့ကြပါဘူး ။ မနက် လေးနာရီ လောက် ကျမှ မှောင် နေသေးတဲ့ ကျွန်တော့် အခန်း ထဲ က နေပြီး မလုံးတင် ပြတင်းပေါက် က ကျော်ချပြီး ပြန် သွားခဲ့ပါတယ် ။ သူ အပြင် ရောက် မှ အုတ်ခုံစွန်း မှာ ခြေဖျား ထောက် ရပ်လျက် က ကျွန်တော့် လည်ပင်း ကို သူ့ လက် နှစ်ဖက် နဲ့ လှမ်း နှိမ့်ပြီး ပါး ကို ဘယ်ပြန် ညာပြန် နမ်း သွားပါသေးတယ် ။ သူ့ မျက်နှာ ပေါ် မှာ မျက်ရည်တွေ နဲ့ ပါ ။

အဲဒီ အဖြစ်အပျက်တွေ ဟာ ကျွန်တော့် ရင်ထဲ က ဘယ်တော့မှ အပြီးတိုင် ပျောက် မသွားခဲ့ပေမယ့် ကျွန်တော် နဲ့ မလုံးတင် တို့ရဲ့ ဇာတ်လမ်း က ဒီတင်ပဲ ပြီးဆုံးခဲ့ပါတယ် ။

ကျွန်တော် ဆယ်တန်း ဖြေ ပြီးတော့ ကျွန်တော့် မမ က မန္တလေး ကို လိုက်လာပြီး အဲဒီ က နေ တောင်ငူ က ဖေဖေ့ အမျိုးတွေ ဆီ မောင်နှမ နှစ်ယောက် အလည် ဆိုပြီး သွားခဲ့ကြပါတယ် ။ မမ ဘယ်လို စီမံခဲ့တယ် ဆိုတာ ကျွန်တော် မသိပါဘူး ။ ကျွန်တော် တို့ အညာ ကို မပြန်ရတော့ပါဘူး ။ ဆယ်တန်း အောင်စာရင်း ထွက်ပြီး ကျွန်တော် ကောလိပ် ဆက် သွားဖို့ အတွက် မမ က တောင်ငူ က ပဲ နေပြီး စီစဉ် ပေးပါတယ် ။ ကျွန်တော့် စိတ် ထဲ မှာ တစ်ချိန်ချိန် အားရင် ဦးကြီး တို့ ၊ ဒေါ်ကြီး တို့ ဆီ လည်ရင်း မလုံးတင် နဲ့ လည်း တွေ့ ရအောင် အညာ ကို တစ်ခေါက် သွားဦးမယ် လို့ စိတ်ထဲ က ခဲထားပေမဲ့ အဲဒီလိုသွားဖို့ အခါအခွင့် က မသင့်ခဲ့တော့ပါဘူး ။ ဦးကြီး တို့ ၊ ဒေါ်ကြီး တို့ နဲ့ ကတော့ သူတို့ က လာလို့ မကြာခဏ ဆိုသလို တောင်ငူ မှာ ၊ ရန်ကုန် မှာ တွေ့တွေ့ နေရပါတယ် ။ ဒါပေမဲ့ မလုံးတင် တို့ အကြောင်း ကို တော့ ကျွန်တော် က လည်း မေးလို့ မကောင်းဘူး ထင်လို့ မမေး ။ သူတို့ ကလည်း အရေး လုပ်ပြီး မပြောတော့ ဘာမှ မသိ ရတော့ပါဘူး ။

မလုံးတင် ကို ကျွန်တော်  သိပ် စွဲလမ်း နေရတာ မဟုတ်ပေမယ့် တစ်ခါတစ်ခါ တော့ သတိရမိတတ်ပါတယ် ။ ဘယ်လို အခါမျိုးလည်း ဆိုရင် သူ နဲ့ တူတဲ့ အမျိုးသမီးတို့ ၊ သူ့ လို နှုတ်အာကြမ်းပြီး ဆဲတတ်တဲ့ အမျိုးသမီးတို့ ကို တစ်နေရာရာ မှာ တွေ့ခဲ့ ၊ မြင်ခဲ့ ၊ ကြားခဲ့ရတဲ့ အခါမျိုးပါ ။

အခု မလုံးတင် ဘယ်ရောက် နေပြီလဲ ဆိုတာ ကျွန်တော်  မသိပါဘူး ။ အသက် ရှင်လျက် ရှိသေးလား ၊ သေရှာပြီလား ဆိုတာလည်း မသိပါဘူး ။ တစ်ယောက် ယောက် နဲ့ အိမ်ထောင် ကျသလား ၊ မကျဘူးလား ဆိုတာ လည်း မမှန်းဆ တတ်ပါဘူး ။ မလုံးတင် ဟာ ဟိုတုန်းက လိုပဲ ဆင်းရဲလျက်ပဲလား ၊ ချမ်းသာနေမလား ဆိုတာ လည်း မတွေးတတ်ပါဘူး ။

မကြာခင် တစ်နေ့ ဆီ က ကျွန်တော် အင်းလျားလိပ်ခန်းမ က မျက်နှာကြီး မင်္ဂလာဆောင် တစ်ခု ကို ရောက်ခဲ့လို့ အဲဒီ ခန်းမရှေ့တန်း သီးသန့်စားပွဲ တစ်ခု မှာ ထိုင်နေကြသူ များအနက် အသားညိုညို ၊ ပိန်ပိန်ပါးပါး မျက်လုံး တောက်တောက် စိန်နားကပ် တဝင်းဝင်း နဲ့ ဂုဏ်သရေရှိ အမျိုးသမီးကြီး တစ်ယောက် ကို တွေ့မြင်ခဲ့ရပြီး ... ကျွန်တော် နဲ့ ကျောချင်းကပ်လျက် မှာ ထိုင်နေကြတဲ့ အမျိုးသမီး နှစ်ယောက် သူတို့ အချင်းချင်း တီးတိုး ပြောနေကြတဲ့ စကား တွေ နားစွန်နားဖျား  ကြားခဲ့ရတာ ကို မဆီမဆိုင်လို့ပဲ ဆိုရ မလား ၊ ကျွန်တော် ဆက်စပ်ပြီး တွေးမိလို့ပါ ။ သူတို့ ပြော နေကြတဲ့ စကား ထဲ မှာ “ နာမည်ရင်း က ‘ မတင် ’ ဆိုလား ၊ ဈေး ထဲ မှာ ငါး ရောင်းတာ နောက် သူတို့ မြို့က သူဌေးကြီး တစ်ယောက်နဲ့ ရပြီး အဲဒီ သူဌေးကြီး သေတော့ စိန်တွေ ၊ ရွှေတွေ ကို သူ က ရလိုက်တာ ၊ အဲဒီအချိန်မှာ မိန်းမ က ခပ်ငယ်ငယ်ပဲ ၊ အရွယ်ကောင်း ၊ စိန်တွေ ရွှေတွေ နဲ့ ဆိုတော့ အထက်လွှာ ထဲ ရောက် ၊ နောက် အိမ်ထောင် ပြု တော့လဲ ထိပ်တန်းစား ၊ ခုတော့ ဒေါ်စိန်တင် ဖြစ်နေတယ် ၊ စိန် တစ်လုံး တိုးလာတယ် ဆိုရင်ပဲ ခေါ်ချင် ပြောချင် အရေး လုပ်ချင်တဲ့ သူတွေများ လာတာပေါ့ ၊ အဆန်း မဟုတ်ပါဘူး ” ဆိုတဲ့ စကားလေးတွေ ကို ကျွန်တော်   သတိထား လိုက်မိပါတယ် ။

သူတို့ ပြောနေကြတာ ဟာ ဘယ် ဒေါ်စိန် ၏ အကြောင်းလဲ ဆိုတာ ကျွန်တော်  မသိပါဘူး ။ ရှေ့တန်း သီးသန့်စားပွဲ မှာ ထိုင် နေတဲ့ စိန်နားကပ်ကြီး နဲ့ အသားညိုညို ၊ ပိန်ပိန်ပါးပါး ၊ မျက်လုံးတောက်တောက် အမျိုးသမီး ဟာ ဘယ်သူဘယ်ဝါ ဆိုတာ ကို လည်း ကျွန်တော်  မသိပါဘူး ။

ဒါပေမဲ့ အဲဒီ မင်္ဂလာဆောင် က ပြန်ခဲ့တဲ့ ည က ကျွန်တော် တော်တော် နဲ့ အိပ်မပျော်ပါဘူး ။ မလုံးတင် ကို လည်း သတိရ နေတယ် ။ ကျွန်တော် နဲ့ မလုံးတင်  နောက်ဆုံး တွေ့ခဲ့ကြတဲ့ ည က မလုံးတင် ပြောလိုက်တဲ့ စကားတွေ ကို လည်း သတိရ နေတယ် ။ မလုံးတင် တို့ ရဲ့ ပတ်ဝန်းကျင် ကို လည်း ဝိုးတဝါး ပြန်တွေး ကြည့် နေမိပါတယ် ။

▢ ထင်လင်း

📖 ပန်ရုပ်စုံ မဂ္ဂဇင်း
      ဧပြီ ၊ ၁၉၈၄

.

No comments:

Post a Comment