Monday, October 14, 2024

ကျီး နှင့် တောလုံငှက်

 

❝ ကျီး နှင့် တောလုံငှက် ❞
            ( ပုံပြင် )

ရှေးရှေးတုန်းက တော တစ်တော မှာ ကျီးဖို နှင့် ကျီးမ နှစ်ကောင် ရှိသတဲ့ ။ တစ်နေ့ တော့ ကျီးဖို ဟာ အစာ ရှာဖွေရင်း ရောက်လာတာ နဲ့ မြစ်ကမ်းစပ် တစ်နေရာ မှာ ငုံ့ပြီး ရေသောက် နေတုန်း ဖြူဖွေး နေတဲ့ ငှက် တစ်ကောင် ရဲ့ အရိပ် ကို ရေ ထဲ မှာ ဗြုန်းခနဲ မြင်လိုက်ရတော့ ကျီးဖို က “ အလို ... ဘာ ငှက်များပါလိမ့် ၊ ဒါလောက်တောင် မှ ဖြူဖြူဖွေးဖွေး ရှိလှတာ ” ဆိုပြီး သူ့ စိတ် ထဲ က ရေရွတ်ရင်း ကမန်းကတမ်း မော့ ကြည့်လိုက်တဲ့အခါ ခပ်နိမ့်နိမ့် ပျံသန်းသွားတဲ့ ဗျိုင်း တစ်ကောင် ကို မြင်လိုက်ရ သတဲ့ ။

အဲဒါနဲ့ ကျီးဖို ဟာ မြစ်ရေပြင် ပေါ် မှာ ပျံသန်း နေတဲ့ ဗျိုင်း ကို မျက်စိ အဆုံး ကြည့်လိုက် ပြီး “ ဟို ငှက် ဟာ လှလိုက်တာ ၊ ပိန်ပိန်ပါးပါး ၊ ဖြူဖြူဖွေးဖွေး ၊ ခြေတံရှည်ရှည် နဲ့ သိပ် ချစ်စရာ ကောင်းတာပဲ ” ဆိုပြီး မှတ်ချက် ချလိုက် သတဲ့ ။ ပြီးတော့မှ သူ့ ကိုယ် ကို ကြည့်ရင်း ကျီးဖို က “ ငါ့ အဆင်းအရောင် ကတော့ မွဲခြောက်ခြောက် နဲ့ ၊ လောကမှာ ငါ့ ထက် အရုပ်ဆိုးတဲ့ ငှက် ရှိမယ် တောင် မထင်ဘူး ၊ ငါ့ ဘဝ ကုသိုလ်ကံ ကို က ခေလွန်းပါတယ်ကွာ ” ဆိုပြီးညည်းညူ ရှာသတဲ့ ။

အဲဒီလို ညည်းညူ ပြီးတဲ့ နောက် မြစ်ကမ်းစပ် မှာ အမောအပန်း ဖြေရင်း ကျီးဖို ဟာ မွဲ ခြောက် နေတဲ့ သူ့ အဆင်းအရောင် ကို လှပတင့်တယ်အောင် ဘယ်လို ဘယ်နည်း နဲ့ လုပ်ရမလဲ ဆို ပြီး တွေးတော စိတ်ကူးယဉ် နေ သတဲ့ ။ အတော်ကလေး ကြာတဲ့ အခါ အကြံသစ် ဉာဏ်သစ် တစ်ခု ရပြီး အားတက် လာတာနဲ့ “ ငါဟဲ့ ယောက်ျား ၊ ဘဝ ကုသိုလ်ကံ ကို ချည်း အပြစ် ပုံချ နေပြီး စိတ်ညစ် နေရင် ငါ့ မှာ ဘာမှ တိုးတက်မှု ရှိမှာ မဟုတ်ဘူး ၊ ကမ္ဘာ ပေါ် မှာ အလှဆုံး အလှဘုရင်ငှက် ဖြစ်အောင် ငါ့ ကိုယ် မှာ ဆေးရောင် အမျိုးမျိုး ခြယ်ပြီး ဖန်တီး ယူမဟဲ့ ” လို့ ကျီးဖို က ကြုံးဝါးလိုက် သတဲ့ ။

နောက် တစ်နေ့ က စပြီး ကျီးဖို ဟာ သူ အနှစ်သက်ဆုံး အရောင် ဖြစ်တဲ့ အနက်ရောင် ၊ အနီရောင် ၊ အဖြူရောင် ၊ ဆေးရောင် သုံးမျိုး ကို အင်မတန် တိုတောင်းတဲ့ အချိန် အတွင်း မှာ လုံလုံ လောက်လောက် ရရှိနိုင်အောင် ဆေးခြယ်တဲ့ အခါ အနှောင့်အယှက် မရှိအောင် လူအသွားအလာ ထောင့်တဲ့ တောင်စောင်း မြစ်ကမ်းပါး တစ်နေရာ မှာ ချည်ဆိုးမဲရွက် ၊ ဆူးမှို နဲ့ မြေဖြူတွေ ကို လွတ်လွတ်လပ်လပ်ရှာဖွေစုဆောင်းပြီး ဆေးရောင် သုံးမျိုး ကို အစွမ်းကုန် ကြိုးစားထုတ်လုပ် သတဲ့ ။ ဗဟုသုတ အတော်အတန် ကြွယ်ဝတဲ့ ကျီးဖို ဟာ အနက်ရောင် ၊ အနီရောင် ၊ အဖြူရောင် ၊ ဆေးရောင် သုံးမျိုးကို အဘယ်သို့ ထုတ်လုပ်သလဲ ဆိုတော့ အနက်ရောင် ရအောင် ချည်ဆိုးမဲ ရွက် ကို ပြုတ်ပြီး အရည် ကို အဆီချ ယူသတဲ့ ။ အနီရောင် ရအောင် ဆူးမှို ကို ပြုတ်ပြီး အရည် ကို အဆီချ ယူသတဲ့ ။ အဖြူရောင် ရအောင် မြေဖြူ နဲ့ ရေအေး ရောစပ်ယူ သတဲ့ ။

အလှအပ ကို အလွန် မက်မောပြီး ငှက် လောက မှာ အလှဘုရင် ဖြစ်ချင်ဇော ကြီးလွန်း တဲ့ ကျီးဖို ဟာ သူ အနှစ်သက်ဆုံး ဖြစ်တဲ့ ဆေးရောင်သုံးမျိုး ကို လိုတာ ထက် ပိုအောင် ထုတ်လုပ် ပြီးတဲ့ နောက် သူ့ ကို အလှဆုံး ဖြစ်အောင် ဆေးခြယ်ပေးနိုင်မယ့် မိတ်ဆွေကောင်း ကို လိုက်ရှာ သတဲ့ ။ အဲဒီလို ရှာပုံတော် ထွက် နေတုန်း တစ်ကိုယ်လုံး ဝါဝါဝင်း နေတဲ့ ငှက် တစ်ကောင် ကို တွေ့ တော့ ကျီးဖို က “ အဆွေ ၊ ခင်ဗျား ဘယ်သူလဲ ၊ ကျွန်တော် ဟာ မိတ်ဆွေ ကောင်း ရှာ နေတဲ့ သူပါ ၊ ခင်ဗျား ကျွန်တော့် ကို အကူအညီ မပေးနိုင်ဘူးလား ၊ ကျွန်တော် ဟာ ဟို မြစ်ကမ်းပါး မှာ ရှိတဲ့ ရွာ မှာ ရှာဖွေစားသောက် နေတဲ့ ကျီး ဖြစ်ပါတယ် ” ဆိုပြီး မိတ်ဖွဲ့ရင်း အကူအညီ တောင်းလိုက် သတဲ့ ။ ငှက်ဝါ က လည်း မိတ်ဆွေသစ် တစ်ဦး တိုး လာတော့ ဝမ်းသာပြီး “ အဆွေကျီး ၊ ကျွန်တော် ဟာ ဒီ တော မှာ နေတဲ့ တောလုံငှက် ဖြစ်ပါတယ် ၊ ကျွန်တော့် ဆီ လာပြီး မိတ်ဖွဲ့တဲ့ အတွက် အထူးပဲ ကျေးဇူးတင်ပါတယ် ၊ ဘယ်လို အကူအညီများ တောင်းလိုပါသလဲ ” လို့ ပြန်ဖြေ လိုက်သတဲ့ ။

အဲဒီတော့ ကျီးဖို က “ အဆွေ တောလုံ ၊ လွန်ခဲ့တဲ့ လေးငါးရက် တုန်း က မြစ်ကမ်းစပ် မှာ ကျွန်တော် ရေသောက် နေတုန်း ကိုယ်လုံးကိုယ်ပေါက် ပိန်ပိန်ပါးပါး ၊ ခြေတံရှည်ရှည် နဲ့ ဝါဂွမ်း လို ဆွတ်ဆွတ်ဖြူ နေတဲ့ ငှက် တစ်ကောင် ပျံသွားတာ ကို မြင်လိုက်ရတယ် ၊အဲဒီ ငှက်ဟာ လှ လည်း လှ ၊ ချစ်စရာ လည်း သိပ် ကောင်းတာပဲ ၊ ကျွန်တော့် ကို အဲဒီ ငှက် ထက် ပို လှအောင် ဆေးခြယ် ပေးမယ် ဆိုရင် ကျေးဇူး တုန့်ပြန်တဲ့ အနေနဲ့ ခင်ဗျား ကို အခုထက် ပိုပြီး လှအောင် ဆေးခြယ် ပေးပါမယ် ” လို့ ပြောသတဲ့ ။ တောလုံငှက် က ခေါင်း ရမ်းပြီး “ အဆွေကျီး ၊ အို ... မဖြစ်ဘူး ၊ မိမွေးဖမွေး ပင်ကိုယ် အရောင် ကို ပြုပြင် ရေးလို့ ဖြစ်ပါ့မလား ၊ ခင်ဗျား မြင်လိုက်တဲ့ ဖြူဖြူဖွေးဖွေး ငှက်ဟာ အင်းအိုင် တွေ မှာ ဖား ၊ ငါး ဖမ်းစား နေတဲ့ တံငါသည် ဗျိုင်းငှက် ဗျ ၊ ဗျိုင်း လှတာ ဆေးခြယ် လို့မဟုတ်ဘူး ၊ မိမွေးဖမွေး ပင်ကိုယ် အရောင် ကြောင့် လှတာပါဗျာ ၊ ခင်ဗျား စိတ်ကူးယဉ် လွန်ပြီ ထင်တယ် ” ဆိုပြီး ပြန် ပြောလိုက်တော့ ကျီးဖို က “ အဆွေတော်ကြီး ၊ ဒါလောက်တော့ ဉာဏ် မတိမ်စမ်းပါနဲ့ ၊ ဒီကမ္ဘာ လောကကြီး မှာ ဖန်တီး ယူလို့ မဖြစ်တာ ဘာမှ မရှိဘူး ။ ခင်ဗျား ဗျိုင်း ထက် ပိုပြီး လှအောင် ကျွန်တော် လက်တွေ့ ပြပါ့မယ် ၊ ကျွန်တော့် နောက်ကို လိုက်သာ လိုက်ခဲ့ ” လို့ တောလုံငှက် ကို ဖိတ်ခေါ် သတဲ့ ။ တောလုံငှက် လည်း ကျီး ပြောတာတွေ ကို မယုံကြည်ပေမယ့် သူ့ အစွမ်းအစ ကို သိချင်တာမို့ ဘာမှ ပြန်မပြောဘဲ လိုက်သွား သတဲ့ ။

လူအသွားအလာ ထောင့်တဲ့ တောင်စောင်း မြစ်ကမ်းပါး ရောက်တော့ ကျီး က တစ် ကိုယ်လုံး ဝါဝါဝင်း နေတဲ့ တောလုံငှက် ရင်အုပ်ပိုင်း မှာ အနီရောင်ဆေး နဲ့ ဝလုံးတွေ ရေးခြယ်ပြီး ဝ အတွင်း မှာ အဖြူပြောက်ကလေးတွေ ရေးထားပေး သတဲ့ ။ အဲဒီလို ဆေးရောင် သုံးမျိုး နဲ့ တော လုံငှက် ကို လှပအောင် ရေးခြယ် ပေး ပြီးတဲ့ နောက် ကျီးဖို က “ အဆွေတော်ကြီး တောလုံ ၊ ကဲ ... ဘယ့်နှယ့်ရှိစ ၊ မိမွေးဖမွေး ပင်ကိုယ် အရောင်အဆင်း ကို ပြုပြင်ရေးလို့ ရနိုင်တယ် ဆိုတာ ယုံ ကြည်ပြီလား ၊ ခင်ဗျား ဟာ ဗျိုင်း ထက် ပိုပြီး လှ မလှ ခင်ဗျား ကိုယ် ကို သေသေချာချာ ကြည့်ပြီး ကျွန်တော့် ကို အဖြေ ပေးစမ်းပါ ဆိုပြီး ပြောသတဲ့ ။ တောလုံငှက် က လည်း သူ့ကိုယ် ကို ဟို လှည့်ကြည့် ဒီလှည့်ကြည့် ၊ အပြန်ပြန် အလှန်လှန် ကြည့်ပြီးတဲ့ နောက် “ အဆွေတော် ကျီး ၊ ခင်ဗျား ဟာ ထိုးထွင်းကြံဆ တဲ့ နေရာမှာ ရော ပန်းချီပညာမှာ ရော ၊ အင်မတန် တော်ပါပေတယ် ၊ ကျွန်တော့် ကို အင်မတန် လှပအောင် ဆေးခြယ် ပေးတဲ့ အတွက် ခင်ဗျား ကို လည်း စိတ်တိုင်းကျ ဖြစ်အောင် ဆေးခြယ် ပေးပါ့မယ် ။ ကျွန်တော် ဟာ အနုပညာ မှာ အင်မတန် ညံ့ဖျင်း နေတော့ကျွန်တော့် ကိုယ်ပိုင် စိတ်ကူးနဲ့ ခင်ဗျား ကို လှပတင့်တယ်အောင် ဆေးမခြယ် တတ်တာ အမှန်ပဲ ။ အဲဒီတော့ ခင်ဗျား လိုချင်တဲ့ အရောင်အဆင်း ပုံသဏ္ဌာန် ကို သာ ပြောပါ ။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုး စားပြီးရေးခြယ် ပေးပါ့မယ် ” လို့ ကျီးဖို ကို ပြန်ဖြေသတဲ့ ။

ကျီးဖို က အတန်ကြာ အောင် စဉ်းစားပြီး မှ “ အဆွေ တောလုံ ၊ ကျွန်တော့် အဆင်း အရောင် ဟာ ခင်ဗျား မြင်တဲ့ အတိုင်း မွဲခြောက်ခြောက် ဖြစ်နေပါတယ် ၊ အဲဒါကြောင့် ကျွန်တော့် တစ်ကိုယ်လုံး ကို ပထမဦးဆုံး အဖြူရောင် ခပ်များများ ခြယ် ပေးပါ ။ ပြီးတော့ မှ ရင်အုပ် နဲ့ ကျောပြင် မှာ အနက်ကွက် တွေ ရေးခြယ် ပြီး အနား ကို အနီရောင် နဲ့ ကွပ်ပေးပါ ” လို့ တောလုံငှက် ကို သင်ပေး သတဲ့ ။ တောလုံငှက် က လည်း ကျီးဖို ပြောတဲ့ အတိုင်း အမှား မရှိအောင် ဆေးခြယ် ပေး ရှာသတဲ့ ။ တောလုံငှက် က ကျီးဖို ကို ဆေးခြယ် ပေးနေတုန်း မြစ် တစ်ဖက်ကမ်း မှာ ရှိတဲ့ ရွာ မှာ မီးခိုးတွေ ထ နေတာ ကို ကျီးဖို က မြင်လိုက်တော့ “ ဧကန္တ ဟိုရွာ မှာ ရွာသားတွေ နတ်ပွဲ ပြင်ပြီး ကျွဲ ၊ နွား ဖုတ်နေတာ နဲ့ တူတယ် ၊ ဟိုရွာ ကို အချိန်မီ သွား နိုင်ရင် ဝဝလင်လင်ကြီး စားရမယ် ၊ နောက် ကျရင် တော့ ဘာမှ စားရမှာ မဟုတ်ဘူး ” ဆိုပြီး စိတ် ထဲ တွေးတော မိ သတဲ့ ။ အဲဒါနဲ့ ကျီးဖို က ရွာ ကို အချိန်မီ သွားချင်ဇော နဲ့ တောလုံငှက် ကို မြန်မြန် ဆေးခြယ် ပေးဖို့ ခဏခဏ ပူဆာသတဲ့ ။ ကျီးဖို က သူ့ ကို မြန်မြန် ဆေးခြယ် ပေးဖို့ ပူစာဖန် များလာတော့ တောလုံငှက် လည်း စိတ်တို လာပြီး ကျီးဖို ကို အနက်ရောင်ဆေး ထည့်ထားတဲ့ အိုးထဲ တွန်းချပြီး ပြန် သွား သတဲ့ ။

ကျီးဖို က သူ့ တစ်ကိုယ်လုံး မည်းနက် သွားတာ ကို မြင်လိုက်ရတော့ ဒေါသ ထွက်ပြီး တောလုံငှက် ကို သ,တ်ပစ်ဖို့ အတင်း လိုက်သတဲ့ ။ တောလုံငှက် လည်း ကျီးဖို ကို ကြောက်လန့်ပြီး ရုန်းတော ထဲ ကို ပြေး အဝင် မှာ ကျီးဖို က တအား ထိုးဝင် လာတာ မြင်လိုက်တော့ ကြောက်အား လန့်အား နဲ့ နောက်ပေါက် ကန်ချ လိုက်လို့ ကျီးဖို ဟာ လိမ့်ကျပြီး ရုန်းဆူး စူးသွား သတဲ့ ။

ရှေးရှေးတုန်း က တစ်ကိုယ်လုံး ဝါဝါဝင်း နေတဲ့ တောလုံငှက် ဟာ အဲဒီနေ့ က စပြီး ဒီနေ့ အထိ အင်မတန် လှပတဲ့ ငှက် ဖြစ်သွား သတဲ့ ။ မွဲခြောက်ခြောက် အရောင်အဆင်း ရှိတဲ့ ကျီး ဟာ အဲဒီနေ့ က စပြီး မည်းနက် သွားတဲ့အပြင် ရုန်းဆူး စူး သွားလို့ လမ်း သွားတဲ့ အခါ ခုန်ဆွ ခုန်ဆွ သွား နေရရှာ သတဲ့ ။ ကျီးငှက် ရဲ့ ရန် ကို ကြောက်ရလွန်း လို့ တောလုံငှက် ဟာ ဒီနေ့ အထိ ချုံကြို ချုံကြား မှာ ပုန်းအောင်းပြီး ရှာဖွေစားသောက် နေရရှာ သတဲ့ ။

⎕ ဂျင်းဖောမောင်ကလေး

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၂ ၊ မေ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment