Thursday, October 24, 2024

မူလတန်းပညာ နဲ့ စာအုပ်ပုံ ထဲ နေလာသူ


 ❝ မူလတန်းပညာ နဲ့

စာအုပ်ပုံ ထဲ နေလာသူ ❞


[ ရန်ကုန်မြို့ ၃၂ လမ်း မှာ စာအုပ်ဈေး ခင်းခဲ့ကြတာ ကြာပါပြီ ။


ယနေ့ ၃၂ လမ်း ကို ထရိတ်ဒါးစ်ဟိုတယ်ကြီး က အခန့်သား အုပ်မိုး ထားတယ် ။ ကား အဝင်အထွက် နည်းတဲ့ လမ်း မို့ ဟိုတယ်ကြီး ရဲ့ အရိပ် မှာ ကလေး တချို့ ဘောလုံး ကန် နေတာ တွေ့ ရ တတ်တယ် ။ ကလေး တစ်ယောက် စ နှစ်ယောက် စ က ဟိုတယ် နံရံ အခြေ ကို ကပ် ထိုင်ပြီး ရုပ်ပြစာအုပ် အဟောင်း ကို စိမ်ပြေနပြေ ဖတ် နေတာ မြင်ရနိုင်တယ် ။ တစ်ချိန်က မိုးသောက်ပန်း ၊ ငွေတာရီ ၊ မြဝတီ မဂ္ဂဇင်းတွေ ရိုက်နှိပ် ထုတ်ဝေ ခဲ့တဲ့ နေရာ က တော့ ကွက်လပ်ကြီး ဖြစ် နေဆဲ ။


၃၂ လမ်းဘေး တစ်လျှောက် မှာ တော့ စာအုပ်ဈေး က မိုးလင်း မိုးချုပ် လှုပ်ရှားမှု အသက် ဝင် နေတယ် ။ စာအုပ်စီးတွေ ကားပေါ် မှာ ချတဲ့ ဆိုင် က ချ ၊ ကား ပေါ် တင် တဲ့ ဆိုင် က တင် ၊ စာအုပ်တွေ စီ ၊ ထပ် ၊ ထုပ်ပိုး ခင်းကျင်း နေသူတွေ က တစ်နေ့ကုန် မရပ်မနား ပါ ပဲ ။ ၃၂ လမ်း စာအုပ်ဈေး က တစ်ဆင့် စာအုပ်တွေ မြန်မာ တစ်နိုင်ငံလုံး ကို ပြန့်နှံ့ နေတယ် ။


အရင် က တော့ ၃၂ လမ်း စာအုပ်ဈေး က တိုက်ကျ စာအုပ်တွေ အဓိက ဖြန့်တဲ့ ဈေးကွက် ပါ ။ ယခုတော့ တိုက်ကျတွေ အပြင် အငှားဆိုင်ကျ စာအုပ် အဟောင်းတွေ ရော အသစ်ထွက် လာတဲ့ စာအုပ်သစ်တွေ ပါ ရောင်းချတဲ့ နေရာ ဖြစ် လာတယ် ။


၃၂ လမ်း စာအုပ်တန်း မှာ ကြီးပြင်း လာခဲ့ တဲ့ ကိုစောဦး ဟာ ယခုအခါ စာအုပ်ဆိုင် သုံးဆိုင် ကို ဦးစီးပိုင်ဆိုင် နေတာ တွေ့ ရတယ် ။ သူ ကျေးလက် မှ မြို့တော် ကို တက် လာခဲ့တယ် ။ သူ လာခဲ့တုန်း က အတန်းပညာ အနေ နဲ့ လေးတန်း မအောင်ဘူး ၊ ခြေဖဝါး ၊ လက်ဖဝါး ဗလာ နဲ့ ရန်ကုန် မှာ သူ ရုန်းကန်ရင်း အဆင်ပြေ လာခဲ့တယ် ။


ကိုစောဦး က အလုပ် များတဲ့ သူ မို့ အကြိမ်ကြိမ် ချိန်းဆို ကြပြီး မှ သူ နဲ့ ကျွန်တော် စကား ထိုင် ပြောဖြစ် ကြပါတယ် ။ သူ့ ဘဝ သူ့ အကြောင်း က လည်း စိတ်ဝင်စားစရာ ကောင်းတယ် ။ ]


••••• ••••• •••••


ဇာတိ က ကျုံမငေးမြို့ အပိုင် ကျေးရွာလေး မှာ မွေး ခဲ့တာ ။ ငှက်ကျကျေးရွာ လို့ ခေါ်တယ် ။ ၁၃၃၀ ခု မှာ မွေးတာ ။ အခု ဘယ်နှစ်ခု ပါလိမ့် ၊ ၁၃၆၇ ခု ဆိုတော့ အသက် ၃၇ နှစ် ရှိသွားပြီ ပေါ့ ။


ကျွန်တော် ရှစ်နှစ်သား မှာ ကျောင်း စ နေ ရတယ် ။ မိဘ က အဆင် မပြေဘူး ၊ ရွာ မှာ ကောက်စိုက် စပါးရိတ် လုပ်ရတယ် ။ ကျောင်း တက်ရင်း မိဘ အလုပ် ကို တစ်ဘက် က ကူ လုပ် ပေးရတယ် ။


ကျွန်တော် လေးတန်း ရောက်တဲ့ နှစ် မှာ ရန်ကုန် က အစ်မ တစ်ဝမ်းကွဲ ရွာ လာ လည်တယ် ။ အစ်မ က ကျွန်တော့် ကို ရန်ကုန် ခေါ် လာတယ် ။ အစ်မ က ၃၂ လမ်း မှာ စာအုပ်ဆိုင် လုပ်တာ ။ အစ်မ ဆိုင် မှာ ကျွန်တော် ဝင် လုပ်ရတယ် ။ ငါးနှစ် လောက် ကြာတော့ အစ်မ က စာအုပ်ဆိုင် ဖြုတ် လိုက်တယ် ။


၃၂ လမ်းထိပ် က ကျော်မင်းနိုင်စာပေ မှာ ကျွန်တော် ဝင် လုပ်တယ် ။ ကျွန်တော့် ဆရာ ပေါ့ ။ သူ့ ဆီ ရောက် မှ စာအုပ် အဟောင်း ဈေး ဖြတ်တာ ၊ စာအုပ် အပြတ် ဝယ်တာ ၊ စာအုပ် ကို ဘယ်လို ဘယ်ပုံ ယူရတယ် ဆိုတာ သင် ရတယ် ။ အစ်မ ဆိုင် မှာ ဝင် လုပ်တုန်းက ၁၂ နှစ် ၊ ၁၃ နှစ်သား လောက် ပဲ ရှိ သေးတော့ စာအုပ် လုပ်ငန်း ကို သိပ် မမြင်တတ်သေးဘူး ။ ဆရာ့ ဆီမှာ ဝင် လုပ်တော့ အသက် ၂၀ လောက် ရှိ လာပြီ ၊ ဒီတော့ သိ လာပြီ ။ ဆရာ့ ဆီ မှာ ၃ - ၄ နှစ် လောက် ဝင် လုပ် ပြီးတော့ ထွက်ပြီး အပြင် မှာ ကိုယ်တိုင် အလုပ် လုပ်တယ် ။


အဲဒီတုန်း က ၃၂ လမ်း မှာ နေရာ လွတ် တွေ ရှိ သေးတယ် ။ အဆင်ပြေ တဲ့ နေရာ ခင်းလို့ ရတယ် ။ ပထမ မဂ္ဂဇင်းဟောင်းတွေ ကို အရင် ရောင်းတယ် ၊ အငှားဆိုင်တွေ က များတော့ အငှားကျ တဲ့ အဟောင်းတွေ လိုက် ဝယ်ပြီး ရောင်း တာ ပေါ့ ။ ငွေ အရင်းအနှီး က တော့ သိပ် မရှိဘူး ၊ ယူ ရောင်းလိုက် ပြန် ဆပ် လိုက်ပေါ့ ။ ကနဦး မှာ ရောင်းဆပ် ၊ ရောင်းဆပ် ပေါ့ ။ အရင်းအနှီးများ လာ မှ အပြတ် ဝယ်တာ ။ မဂ္ဂဇင်းအဟောင်း နဲ့ စပြီး ကာတွန်း ကို တိုးချဲ့တယ် ။ ကာတွန်းဟောင်း ၊ ဝတ္တုဟောင်း ရောင်း ရာ က တိုက်ကျ ကိုင်တယ် ၊ နောက် အသစ်ပါ တွဲပြီး ရောင်းတယ် ။


ကျွန်တော် အဆင်ပြေ လာတဲ့ အကြောင်း ကတော့ လုပ်ငန်း ကို စိတ်ဝင်စားမှု ရှိတယ် ။ ငွေရေးကြေးရေး မှာ ပြောထားတဲ့ အတိုင်း ဖြစ်အောင် ကြိုးစား ပေးတယ် ။ ဒီတော့ တိုက် တော်တော်များများ က ကိုယ့် ကို ယုံကြည်ပြီး ကိုယ် နဲ့ အလုပ် လုပ် လာတာပေါ့ ။ တချို့က လုပ် သာ နေတယ် ၊ စိတ် မဝင်စားဘူး ၊ စိတ် မပါဘူး ၊ ဝတ်ကျေ တန်းကျေ လုပ် နေတော့ မတိုးတက်ဘူး ။ ကျွန်တော့် ဆရာ ဆီ မှာ လုပ် တုန်း က ကိုယ့် ပစ္စည်း လို သဘော ထားပြီး တကယ့် ကို စိတ်ပါလက်ပါ လုပ်ခဲ့တာ ။ ဒီတော့ ကိုယ် လည်း တတ် သွားတယ် ။ စိတ်ဝင်စားတဲ့ လူ က စာအုပ် ကိုင် တာ က အစ မနာ အောင် ရိုရိုသေသေ နဲ့ စနစ်တကျ ကိုင်တာ ။


စာအုပ်ဆိုင် မှာ ခင်းကျင်းတာ က ပညာ ပါတယ် ။ နေရာ ပေး နိုင်ရင် ပို ရောင်း ရတယ် ။ စာအုပ် အသစ် တင် ရင် မမြင်လို့ ဝယ် မသွားဘူး မဖြစ်ရ အောင် ဦးစားပေး ရောင်းမယ့် စာအုပ် ဆိုရင် ဆိုင် ထဲ ဝင် လာတာနဲ့ တန်း တွေ့ သွားအောင် ခင်း တတ်ဖို့ အရေး ကြီးတယ် ။


အခင်းအကျင်း မတတ်ရင် နေရာ ပုတ်တယ် ။ အလေအလွင့် ဖြစ်တယ် ။ အလေအလွင့် ဆိုတဲ့ အထဲ မှာ နေရာ အလေအလွင့် က လည်း အရေးကြီးတယ် ။ ဆိုင် ခင်း တဲ့ နေရာ မှာ ရှိတဲ့ နေရာ လွတ် ကို သင့် တဲ့ စာအုပ် အရွယ် ထည့် ခင်း ရတယ် ။ အချို့ အလုပ်သမား က ဒီ နေရာ မှာ ဒါ ခင်း ချင်တယ် ။ မဝင် ရင် အခြား ဟာ တွေ ဖျက်ပြီး ဝင်အောင် ထိုး ထည့်တယ် ။ အသုံးအစွဲ မတတ်လို့ အလေအလွင့် ဖြစ် သလို အခင်းအကျင်း မတတ်တော့ နေရာ ပုတ် သွားတာ လေလွင့် သွားတာပဲ ။ နေရာ ပုတ် သွားတယ် ဆုံးရှုံးသွားတယ် ဆိုတာ ဘယ်တော့မှ ပြန် မရနိုင်တော့ဘူး ။ အင်မတန် သတိ ထား ရတဲ့ ကိစ္စ ပါ ။


ကျွန်တော်တို့ လုပ်ငန်း မှာ စာအုပ်ဈေး ဖြတ်တာ က ပညာ ပါတယ် ။ စာအုပ် ဝယ်ရာ မှာ တစ်ခါတလေ ဈေး ကို ကိုယ် က ဖွင့် ပေးရတာ ကိုး ။ အချို့က စာအုပ် ကို နားမလည် ဘဲ ဝင် လုပ်တော့ မအောင်မြင်ဘူး ။ စာအုပ် တစ်အုပ် ရောင်းရမလား မရောင်းရဘူးလား ဆိုတာ သိဖို့ လိုတယ် ။


ဆိုင်တွေ က အများကြီး ၊ ဈေးချင်း က အတူတူပဲ ။ ကိုယ့် ဆိုင် ကို အမြဲ လာ အောင် စေတနာ ထား ရတယ် ။ ဆက်ဆံရေး ကောင်း ရတယ် ။


လူတွေ စာ သိပ် မဖတ်ကြတော့ဘူး ပြော ပေမယ့် စာအုပ်အငှားဆိုင် အသစ်ကလေးတွေ က တော့ မြို့ သစ် တွေ မှာ ဖွင့် နေတာပဲ ။ ဆိုင်သစ် ဖွင့်မယ် ဆိုရင် အချို့ က လည်း လာ မေးတယ် ။ ဘယ်လို လုပ်ရမလဲ ပေါ့ ။ သူ့  ရပ်ကွက် အနေအထား ဘယ်လို ရှိသလဲ ၊ သူတို့ နေရာမှာ ဘာ အဖတ် များသလဲ ၊ ဝတ္တု လား ၊ ရုပ်ပြ လား ၊ ဒီပြင် အငှားဆိုင် က ကိုယ် နဲ့ ဘယ်လောက် ဝေးတဲ့ နေရာမှာ ရှိသလဲ ၊ သူ့ ဆိုင် မှာ ဘာ ပို ငှားရသလဲ ။ ကိုယ် က အသစ် ဘယ်လို စ မလဲ ဆိုတာတွေပေါ့ ။ လေ့လာပြီး ဆိုင်သစ် ဖွင့် ကြရတာပဲ ။


အချို့ က လည်း စာအုပ်အဟောင်းတွေ နဲ့ စာအုပ်ဆိုင်လေး စ ဖွင့်ပြီး ငှားတယ် ။ အဆင်ပြေ တော့ အသစ် ကို ဆွဲတယ် ။ ကျွန်တော်တို့ မှာ အငှားဆိုင် က လာ သွင်း တဲ့ စာအုပ် အဟောင်း လည်း ရှိသေးတယ် ။ အပြဲ ပါတာ လည်း ရှိတယ် ၊ သန့် တာ လည်း ရှိတယ် ။ သူ့ ဈေး နဲ့ သူ ဖြတ်ရတာပဲ ။ အပြဲအညံ့ ကို အငှားဆိုင် ဖွင့် တဲ့ လူတွေ က ဝယ်တယ် ။ စမ်း ကြည့် တာပေါ့ ။


ကျွန်တော်တို့ မှာ တိုက်ကျတွေ က လိုင်း တစ်လိုင်း ရှိသေးတယ် ။ နယ် မြို့တွေ ကို ပို့ ရတယ် ။ တစ်ပတ် မှာ ငါးရက် နယ် ပို့ရတယ် ။ သင်္ဘော တင် ၊ ကား တင် သူ့ ရက် နဲ့ သူ အလျင် မီ အောင် မိုးလင်း က မိုးချုပ် လုပ် နေရတာပဲ ။ ဒီ လုပ်ငန်း က အချိန် တော့ ပေး ရတယ် ။


ရွာ မပြန် ဖြစ် တာ တော့ ကြာပါပြီ ။ ရွာ မှာ အမေ ပဲ ရှိတော့တယ် ။ အဖေ က ဆုံးပြီ ။ အမေ က တော့ ရန်ကုန် ကို ခဏ ခဏ တက် လာတယ် ။ တတ်နိုင် သမျှ အမေ့ ကို ထောက်ပံ့ ဖြစ်ပါတယ် ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


.

No comments:

Post a Comment