Wednesday, October 23, 2024

မစ္စတာဒွန်ချူး


 

❝ မစ္စတာဒွန်ချူး ❞

ဆွေဆွေ ရေ .. ဘယ့်နှယ် လုပ် သွားတာလဲ ။ အပု ရဲ့ အသည်းနှလုံး ကို ထုတ်ယူ သွားတော့တာလား ဆွေဆွေ ရဲ့ ။ အပု ဖြင့် မနေတတ်တော့ဘူး ၊ ကြည့်စမ်းပါတော့ ဆွေဆွေ ရယ် ။ အပု ဟာ ရှေးက ကလေး ဘာဝ နေထိုင်တော့ အလွန် ပျော်ခဲ့တယ် ။ ဆွေဆွေ လက်ထပ် သင်ပြခဲ့တဲ့ အတတ်ကောင်း ကို နားလည် မိ လို့ အပု ဖြင့် အရူး တစ်ပိုင်း ဖြစ်ပေါ့ ။ ဆွေဆွေ လာ လို့ ကယ်နိုင်သေးရဲ့ လား ... ။ မြင်နိုင်သေးရဲ့လား ။  ဝေဿန္တရာ ဇာတ်တော် မှာ တပေါင်းတန်ခူး ၊ ညွှန့်ဖူး ပေါ်စ ချိန် ရောက်က လျှင် ပိတောက်အင်ကြင်း နံ့သင်း စွယ်တော် ကံ့ကော် စကား ခရားပုန်းညက် နွယ်မြက်ရွှင်လန်း ပန်းသစ်ပင် တို့ ကို မြင်ရ လျှင် မရွှင်စိတ် ပျောက်ကာ ဝမ်းမြောက် ပျော်ရွှင်နိုင် သတဲ့ ။ အပု မှာ တော့ ရွက်ခြောက်ကလေးများ လေလှဲ ၍ စင် ပြီးလျှင် မြင်ရတဲ့ ရွက်နု အညွန့်အကိုင်း တို့ တစ်သိုက် တစ်အုံ ကျေးငှက်ကလေးတွေ မောင်နှံ စုံ နှင့် ရဂုံ သေလာ ဟေမာ နှင့် မခြား မြင်ရတဲ့ အခါ များမှာ ကျောင်းတော်သား ဆွေဆွေ ရဲ့ အပြုအမူ တွေ အာရုံတမ်း မှန်းပြီး လွမ်းဆွတ်မျက်ရည်လည် မိတာများ ဆွေဆွေ ယုံပါရဲ့လား ။ ဟိုနှစ် နွေရာသီ ကျောင်းပိတ်တုန်း က တော့ အပု မှာ မန်းစက်တော်ရာ ၊ ရွှေသာလျောင်း ၊ ရွှေစာရံ စတဲ့ ဘုရားပွဲတော်များ သို့ လူကြီးတွေ နှင့် လိုက်သွားခါ များစွာ ပျော်ခဲ့တယ် ။ အပု ရဲ့ စိတ်ကလေး ဟာ က လည်း မှဲ့ တစ်ပြောက် မစွန်း ၊ အလွမ်း ဆိုတာ နား မလည် ၊ ချစ်တယ် ဆိုတာ သိပ် မသိလို့ စိတ် ရှိတိုင်း ပျော်ခဲ့တယ် ။

ဟော .. ဆွေဆွေ ဆိုတဲ့ လူပလီကြီး က တီတီတာတာ ခရာညုတု နှင့် ယုယုယယ အပုမ ရဲ့ မေတ္တာအိုး ကို အမျိုးမျိုး နှိုက်ယူ ခဲ့လို့ အပူ တစ်ရေး အဆွေး တဖြာ လွမ်းနာ ထပ်လောင်းပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်လို့ပဲ နေတာကို ဆွေဆွေ မသနားတော့ ဘူးလား ။ အပု မှာ ညနေ ကျောင်းဆင်းချိန် ကျ ရင် အပုတို့ အိမ် ရှေ့ က  ...  ဆွေဆွေ လမ်းလျှောက် သွားနေ ကျ မို့ ဆွေဆွေ ပြန် သွားမှန်း သိရက် နဲ့ လမ်းလျှောက် လာ တာ မြင်ရနိုး နဲ့ မျှော်ကိုး ကြည့်ရှု မိတယ် ။ ဆွေဆွေ ရဲ့ တစ်နေ့ က ကျောင်းနား ရောက် သွားတော့ လည်း ကျောင်းကြီး ဟာ တံခါးပိတ် လို့ တိတ်ဆိတ် နေပေမယ့် ဪ ... ဒီအချိန် ဖြင့် နံနက်ပိုင်း ကျောင်း မတက်ခင် ဆွေဆွေ ဟာ အဖော်တွေ နဲ့ ကစား နေတယ် ။ ကစားရာ က အပု စာအုပ်ကလေးများ ပိုက် လာတာ မြင် ရင် လည်ပင်းကလေး ရှည် လို့ ... မျှော်ငေးပြီး အပြေး လာ ခါ နောက် က တကောက်ကောက် နဲ့ ပန်းပွင့် နဲ့ ပေါက် လို ပေါက် ၊ ကျောက်ခဲကလေး နဲ့ ပစ် လို ပစ် ၊ အချစ် ဒီဂရီ တိုးတိုင်း အပု ကို ကျီစယ် ကာ ရီ တလိုက် မော တလိုက် ပြောလိုက် ဆိုလိုက် နေခဲ့တာတွေ တွေးမိမှ ဖြင့် အဆွေး ထပ်ထပ် ပွား မိတော့တာပါပဲ ။

တစ်ခါတစ်လေ အပု က ဆွေဆွေ ကို မချစ်တော့ပါဘူး .. မခင်တော့ပါဘူး လို့ ပြောလိုက်တဲ့ အခါများ ဆွေဆွေ ရဲ့ မျက်နှာကလေး ဟာ တကတည်း ညှိုးညှိုးပြီး စိတ်ဆိုးတော်မူဖူးတာတွေ ကို မမေ့နိုင်ပါဘူး ဆွေဆွေ ရဲ့ ။ အဲသည် အခါတုန်းက များ ဆွေဆွေ ရဲ့ စိတ်မယ် အပု က အဟုတ် ပြောတယ်လို့ ထင်မိပါ သလား ။ အပု က တော့ ဆွေဆွေ့ ကို ဒီ ဘဝ မက ဘဝ ဆက်တိုင်း ချစ်ခင်ပါတယ် ။ ဒါပေမဲ့ ကျောင်း နေတုန်း က တော့ ဆွေဆွေ့ စိတ် ကို စမ်းကြည့်တာပါ ။ ခုတော့ အဲသည်လို ပြောနိုင်ကြသေးရဲ့လား ။ ဪ အပု က သာ လွမ်းရ ဆွေးရ ချစ်ခင်ရ နဲ့ ဆွေဆွေ့ မှာ တော့ ကိုယ့် မြို့ ကိုယ့် ဒေသ ရောက် လို့ ငယ်ချစ် နဲ့ တွေ့ပြီး အပု ကို မေ့နေပြီ ထင်ပါရဲ့ ။ အလကား ရေး တာပါ ။ ဆွေဆွေ့ ကို အပု အားကြီး ယုံကြည်ပါတယ် ။ ဒါထက် ဆွေဆွေ မေးတာကလေး ကို ဖြေပါရစေဦး ။ အပု ဟာ နတ်သိကြား မ က လို့ ဗြဟ္မာကြီး ကိုယ်တိုင် ဆင်း လို့ အတင်း ဖျက်ပေမယ့် ဆွေဆွေ့ အပေါ် မေတ္တာ မပျက်ပါဘူး ။ ဒါပေမဲ့ အပု မှာ ခုမှ အသက် ( ၁၆ ) နှစ် မျှ ရှိသေးသည် တစ်ကြောင်း ၊ မိဘ ကို လုပ်ကျွေး ပြုစုချင်သေးသည် က တစ်ကြောင်း ၊ ကျောင်း တုန်း က ကတိ ထား လိုက်သည့် အတိုင်း ( ၃ ) နှစ် မျှ ဆိုင်းငံ့ စေချင်ပါသည် ။ အမှန်အားဖြင့် အပု မှာ စစ်ကဲ ၏ သမီး ဟု ဆိုရသော်လည်း ဘဘ ၏ ပင်စင်လခ နှင့် အိမ် က အခိုင်းအစေတွေ လူ့ အဆင့်အတန်း နေထိုင်မှု ကြောင့် သိပ်ကြီး မချောင်လည်ကြဘူး ဆွေဆွေ ရဲ့ ။

ကိုကိုကြီး ကို လည်း ထောက်ပံ့ နေရ တုန်း မို့ အပု လည်း ကိုယ် တတ်နိုင် သလောက် မိဘကျေးဇူး ဆပ်မယ်လို့ တွေးတွေး ပြီး ရှေ့ရေး ငဲ့ နေရတာပါ ။ ဘယ်မှာ မလွမ်းဘဲ ရှိပါ့မလဲ ။ အပု မှာ ဆွေဆွေ က လွဲရင် တစ်သက် အိမ်ထောင် မပြုတော့ပါဘူး ။ ကိုင်း စာတွေ များသွားပြီ ။ ဆွေဆွေ အပု ဆီ စာ ထည့်တဲ့ အခါ စာအိတ်ထောင့် က ဆွေဆွေ့ နာမည် မထည့်ပါ နှင့် ။ ပြီးတော့ စာ ကိုလည်း ခဏခဏ မထည့်ပါနဲ့ ။ တစ်လ လေးခါ လောက် ထည့်ပါ ။ တစ်ခါ ထည့်ရင် စာ ( ၈ ) မျက်နှာ ထက် မနည်းပါစေ နှင့် ။ အပု ဆီ က လည်း မကြာမကြာ ထည့်ပါမည် ။ ဆွေဆွေ ရဲ့ စိတ် ထဲ မှာ အပု ကို  ဘယ်တော့ မှ အထင် မလွဲစေချင်ဘူး ။ မိန်းကလေး ဆိုတာ တစ်ဦး တစ်ယောက် ကို ချစ်မိပြီ ဆို မှ ဖြင့် လွှဲပြောင်း သင့် တဲ့ ကိစ္စမျိုး မဟုတ်ဘူး ။ ဆွေဆွေ့ မှာ လည်း အလုပ်အကိုင် များများ လုပ်ပြီး မိဘကျေးဇူး ကို ဆပ်ပါဦး ။ ဒီလောက် ချစ်ခင် စွဲလမ်းတဲ့ အချစ်သည် နှစ်ဦး ဟာ မလွဲနိုင်တော့ပါဘူး ဆွေဆွေ ရဲ့ ။ အပု ဟာ ဆွေဆွေ နေတဲ့ အရပ်ဆီ သို့ မျှော်မှန်းပြီး ဘုရား ရှိခိုး တိုင်း မေတ္တာ ပို့လျက် နေမိပါတယ် ဆွေဆွေ ရဲ့  ။
        ဆွေဆွေ ရဲ့ သတိရ သေး သလား ။
         ဆွေဆွေ အချစ်ဦး - အပု ။

အထက်ပါ စာ ကို လူကြီးများ နှင့် ဝါသနာ မပါ သူ တို့က ပျင်းရိကြမည် ဖြစ်သော်လည်း ချစ်ဆွေ အတွက် မှာ ဖတ်၍ မပြီး ။ ဖတ်ပြီး ရင်း ဖတ်ချင် ရင်း ဖြစ်၍ နေသော စာ အဖိုးတန် ဖြစ် လေ၏ ။ အစိမ်းတွေ လူငယ် လူရွယ်များ ၌ မချင့်မရဲ ချစ်ခင် နေရာမှ ပူပူနွေးနွေး ခွဲခွာ ရသော အချိန်ကလေး သည် အဆွေးအလွမ်း ဇာတ်ခင်း ၍ အကောင်းဆုံး ဖြစ်ပါ၏ ။

ချစ်ဆွေ သည် ပို့စ်မင်း လာ တိုင်း စာ ကို မျှော်ရ၏ ။ မိမိ လိုလားသော စာ တစ်စောင် ပါ လာလျှင် ထီပေါက်စဉ် တွင် မိမိ နာမည် ပါ သကဲ့သို့ ဝမ်းသာ အားရ ကြည့်ရှုလေ၏ ။ အင်းဝ တံတားဦး စာတိုက် ၊ ဈေးချိုရပ် တိုက်ဆရာကြီး ဦးသိုက် ၊ ဒေါ်သင် ၏ သား မောင်ချစ်ဆွေ ဟု မကြာခဏ လိပ် တပ်လျက် ရောက်လာသော စာများ မှာ တစ်လ တွင် အစောင် ( ၈၀ - ၉၀) မျှ ရှိ လေ၏ ။ ထို စာအိတ်များ အနက် သေသေသပ်သပ် တရုတ်မင် နှင့် ရေးလေ့ ရှိသော  စာအိတ် မှာ ( ၄ - ၅ ) စောင် မျှ ပါ လေရာ ထို စာအိတ်ကလေးများ ကို မြင်ရ လျှင် ပင် ဘဝင် တစ်မျိုး ခိုက်၍ သွားတော့၏ ။ ချစ်ဆွေ မှာ အခြား ကျောင်းနေဖက် မိတ်ဆွေသင်္ဂဟများ ထံ သို့ စာ အစောင် ( ၆ဝ ) ကျော် ထည့်လေ့ ရှိရာ မန္တလေးမြို့ ညောင်ပင်ဈေး အရပ် အငြိမ်းစား စစ်ကဲကြီး ဦးထွန်းဝင်း ၏ သမီး မခင်ပု သို့ ဟူသော စာအိတ် ကို မူ သေသပ်လှပစွာ ရေးသားလေ့ ရှိပေ၏ ။

ထိုအချိန် ၌ ကား ချစ်ဆွေ ၏ အမွန်မြတ်ဆုံး ပစ္စည်းကား ခင်ပု ကိုယ်တိုင် ချုပ်လုပ်၍ ပေး လိုက် သော ပိုးလက်ကိုင်ပဝါ ( ၆ ) ထည် ၊ ခင်ပု ၏ ( ၄ ) လက်မ ဓာတ်ပုံ နှင့် ခေါင်းပုံကြယ်သီး ၊ ရေမွှေးပုလင်း ၊ လည်စီးမာဖလာ တို့ ဖြစ်ပေ၏ ။ တစ်စုံတစ်ဦး က ထို ပစ္စည်းများ ကို ငွေ ထောင်ကိုးရာ ပေး ၍ ဝယ် သော်လည်း ရောင်းချမည် မဟုတ်ချေ ။ ၎င်းတို့ ပညာ သင်ကြသော မန္တလေး အစိုးရ နော်မန်ကျောင်းကြီး တွင် မတ်လ အတွင်း ဆရာဖြစ် စာမေးပွဲ ကျင်းပမည် ဖြစ်ရာ ဆရာဖြစ်သင်ကျောင်းသားများ မှ အပ အခြား ကျောင်းသားများ မှာ စာမေးပွဲ ကျင်းပ ပြီးစီး သဖြင့် အားလပ် နေကြ၍ နွေကျောင်းပိတ်ချိန် ကို စောင့်စား နေရ၏ ။ အင်္ဂလိပ် အလယ်တန်း ဆရာဖြစ်သင် ကျောင်းသား တို့ မှာ စာမေးပွဲ အတွက် ကုပ်၍ ကြိုးစား နေကြစဉ် ချစ်ဆွေ နှင့် ခင်ပု မှာ ဆရာဖြစ်ပညာ ထက် အရေးကြီးသော အချစ်သင်ခန်းစာ ကို လေ့ကျက်ခဲ့ကြလေ၏ ။ ဆရာကြီး လစ်သည် နှင့် တစ်ပြိုင်နက် နေမှု ထိုင်တင်း ချစ်တင်း ဆိုကာ ပျော်ရွှင်စွာ နေကြလေ၏ ။ ချစ်ဆွေ သည် ခင်ပု ၏ စာ ကို ဖတ်ပြီး နောက် ကျောင်း မပိတ်ခင်ကလေး က အဖြစ်အပျက် ကို စဉ်းစား မိသော အခါ မျက်စိ မျက်နှာ ညှိုးငယ် လျက် ငေးမော တွေဝေ ကာ အပု အပု ဟု တိုးတိုး ကမ္မဋ္ဌာန်း စီးဖြန်းမိလေ၏ ။

ကျွန်ုပ် ၏ ရေးလို ရင်း ကား အချစ်ဇာတ်လမ်း သည် အဓိက အချက် မဟုတ်ချေ ။ ခင်ပု သည် မန္တလေး အေဘီအင် မိန်းကလေးကျောင်း မှ ဆယ်တန်း အောင် ၍ မန္တလေးနော်မန် တွင် ဆရာဖြစ်သင်သူ ဖြစ် လေရာ ချစ်ဆွေ မှာ စစ်ကိုင်း အစိုးရကျောင်း က ဆယ်တန်း အောင်၍ မန္တလေး နော်မန် တွင် သင်ကြားသူ ဖြစ်၏ ။ မန္တလေးကျောင်း တွင် ရောက်ခါစ က ကျောင်းသားကျောင်းသူ အတန်းသူ အချင်းချင်း မိတ်ဆွေ ဖြစ်ကြရာ ခင်ပု မှာ အရွယ်ရောက်သော လူတိုင်း ၏ အပိုးအပန်း အခံရဆုံး မိန်းကလေး ဖြစ်၏ ။ ဤသည် လျှင် ခင်ပု ၏ ရုပ်ရည် မည်ကဲ့သို့ ရှိမည်ကို ထင်ရှားသောအချက် ဖြစ်လေ၏ ။

ချစ်ဆွေ ကား ရုပ်ရည်ရူပကာယ သူများ ထက် ညံ့ ၍ ရွက်ကြမ်းရေကျို ရော့ရော့ ရှိ၏ ။ သို့ရာတွင် ၎င်းတွင် စိတ်ခေါင်းမာ၏ ။ ရိုးသား၏ ။ ထက်မြက်၏ ။ မဟုတ်မခံတတ် ။ ပြတ်တောင်းသော စိတ် ရှိသဖြင့် အခါခပ်သိမ်း ကိုယ့်ဒူးကိုယ်ချွန် စကား ကို ပြောပြလေ့ ရှိသောကြောင့် သူငယ်ချင်းများ က “ မစ္စတာဒွန်ချူး ” ဟု ပြောင်၍ ခေါ်ကြလေ၏ ။ ခင်ပု အား ပိုးပန်းချင်ကြောင်း သူငယ်ချင်း တစ်ဦးနှစ်ဦး အား ပြောပြသော အခါ ရယ်မော လှောင်ပြောင် ကြ၏ ။ ချစ်ဆွေ မှာ ရုပ်ရည် ညံ့၏ ။ အခြား ကျောင်းသားများ လောက် အဝတ်အစား မပြောင် ။ ခင်ပု မှာ တကယ့် အဓိပတိ ရုပ်ချော ၊ ဥစ္စာပေါ ကျောင်းသားများ ပင် အနား သို့ မကပ်နိုင် ဖြစ်ကြသော ကြောင့် ဤကဲ့သို့ လှောင်ပြောင်သည်မှာ အံ့ဩဖွယ်ရာ မဟုတ်ချေ ။ သို့ရာတွင် ချစ်ဆွေ သည် ခင်ပု အား စာ တစ်စောင် ကို ရဲတင်းစွာ ပေး လေ၏ ။ ခင်ပု ထံ မှ ...

“ အပု က ကိုချစ်ဆွေ အား မိတ်ဆွေ အဖြစ် ပေါင်းသင်းသော်လည်း ကိုချစ်ဆွေ က မိတ်ဆွေသဘော မထား သဖြင့် ယနေ့ က စ၍ မိတ် ဖျက်လို က်ပြီ ” ဟု ပြန်စာ ရ လျှင် အစ ပထမ ဒေါထ မိ လေ၏ ။ ထို့နောက် ခင်ပု အား စကား လည်း မပြော ၊ ခေါ် လည်း မခေါ် ။ ခပ်တည်တည် ပင် ဣန္ဒြေရရ နေ လေ၏ ။ ခင်ပု ၏ စားပွဲစောင်း နှင့် ချစ်ဆွေ ၏ စားပွဲစောင်း မှာ ရှေ့နောက် ဖြစ် နေ၍ နီးစပ်သော် လည်း ချစ်ဆွေ သည် လှည့် ၍ မျှ မကြည့်ချေ ။ သို့ရာတွင် ပြင်းထန်သော မေတ္တာဓာတ် ကား ခင်ပု အပေါ် သို့ လွှမ်းမိုး လျက် ရှိလေ၏ ။ စင်စစ် အားဖြင့် ချစ်ဆွေ သည် စိတ် နှင့် ဆိုင်သော ဆိုင်ကိုလော်ဂျီ ကို ကျင့်မိ လျက် ၎င်း ကိုယ်တိုင် မသိချေ ။ ခင်ပု မှာ ကား ချစ်ဆွေ ၏ စိတ်အာရုံ ဝင်စားစ ပြု ရာ မှ ဓာတ်ပြန် သဘော ဖြစ်ခဲ့ ဟန် ရှိလေ၏ ။ နောက်ဆုံး၌ ကား တစ်ဖက် က ပြင်းထန်စွာ လွှတ် ထားသော မေတ္တာဓာတ် သည် အားပျော့သော မိန်းကလေး ၏ စိတ် တွင် ကိန်းအောင်း သည့် မေတ္တာဓာတ် ကို ဖိဖိစီးစီး သိမ်းယူ ရရှိ သွားခြင်း ဖြစ်ခဲ့လေ၏ ။

သို့ရာတွင် ထိုသို့ ပညာ သင်ကြားစဉ် ၌ သူ တစ်ထူး ကို ခံပြင်း၍ ပြင်းထန်သော အချစ်ဓာတ် မွေးမြူခြင်း သည် စာပေ ဘက် ၌ ယုတ်လျော့သည် ကို ချစ်ဆွေ သည် နောက် မှ သိရှိရ လေ၏ ။ မေလ သို့ တိုင်ရောက်သော အခါ အရပ်ရပ် ဂေဇက်များ ပေါ်ထွက်လာ စမြဲ ဖြစ် သဖြင့် အင်္ဂလိပ် မြန်မာ ဆရာဖြစ် စာမေးပွဲ ဂေဇက် အောင်စာရင်း တွင် မိမိ ၏ နာမည် မပါဘဲ ခင်ပု အမည် ကား ပါလာလေ၏ ။ မိမိ ၌ ကြီးစွာသော ဆုံးရှုံးခြင်း ဖြစ်သည် ဟု ရှက်စိတ် ဆင်းရဲကြီး ဖြစ်၍ သွားလေ၏ ။

တစ်နေ့သ၌ ကား အိမ် အောက်ထပ် ပက်လက်ကု,လားထိုင် တွင် စာကြည့် နေခိုက် ဘထွေး အရင်း တော်စပ်သူ သည် ပေါ်ပေါက် လာ သဖြင့် အခြား ကုလားထိုင် တစ်ခု ကို ထိုး၍ ပေးလေ၏ ။

“ ချစ်ဆွေ .. မင်း စာမေးပွဲ ရှုံးတယ် ဆို ”

“ ဟုတ်ကဲ့ ”  ဟု တစ်ခွန်း သာ ပြောပြီး လျှင် ကြောင်တက်တက် နှင့် ငေး၍ နေမိလေ၏ ။ “ မင်း ဉာဏ်ကောင်းသား နဲ့ ဘာလို့ ရှုံးရသလဲ ၊ မင်း တစ်ခုခု မှား နေပြီ ထင်တယ် ၊ အစ်ကို တို့ မှာ မင်း စစ်ကိုင်းကျောင်း နေ ကတည်း က ပစ္စည်း မချောင်လည်ကြဘူး ။ မရီး က လည်း မင်း ကို ငါ့ သားကလေး စိတ် မချမ်းမသာ မဖြစ်ပါစေနဲ့ ၊ မရှိစကား မကြားပါစေ နဲ့ လို့ လူ လာတိုင်း စကား ပိတ်ပြီး ထောက်ပံ့ လာခဲ့ကြတယ် ။ မန္တလေးကျောင်း နေ တော့လည်း တစ်လ ( ၄ဝ - ၅ဝ ) အမြဲ ထောက်ပံ့ ခဲ့ကြတယ် ။ မင်း မှာ တော့ ရှေး ကောင်းစားတုန်း က လို အချိုးအစား အတိုင်း သုံးဖြုန်း နေထိုင်ပြီး ဘာမှ မသိဘူး ။ ကိုင်း ခုတော့ စာမေးပွဲ လည်း ရှုံးပြီ ဘယ့်နှယ် လုပ်မလဲ ၊ ဒါပေမဲ့လေ ငါ့ တူ အားမငယ် နဲ့ စစ်ကိုင်းရုံး မှာ အကူစာရေး ..”

“ မလုပ်ချင်ဘူး ဘထွေး ရဲ့ ၊ ဘယ်နှစ် နှစ် ကူ ရမှန်း မသိ ၊ ပြီးတော့ ကိုယ့် အထက် က သခင်တွေ က များပါဘိသ နဲ့ ကျွန်တော် ဆရာဖြစ်သင် တာ တောင် နေရှင်နယ် ကျောင်းဆရာ လုပ်မလို့ ၊ ခုတော့ ... ခုတော့ ... ” ဟု စကားမ ဆက်နိုင်ဘဲ တံတွေးသီး သလို တစ်ဆို့ကြီး ဖြစ်၍ နေလေ၏ ။

ချစ်ဆွေ ၏ ဘထွေးကား ငယ်စဉ်က ချစ်ဆွေ လိမ္မာသည် ကို သိ၏ ။ တူ အရင်း လည်း ဖြစ်သောကြောင့် များစွာ မာန်မဲခြင်း မပြုဘဲ ကရုဏာသက်သော မျက်လုံး ဖြင့် ...

"ဒါဖြင့်ရင် ဦးလေး ရဲ့ အရောင်းအဝယ် ကို ကူညီပြီး လုပ်လှည့် ပေတော့ ။ အမြတ် ကို ဦးလေး ခွဲပေးမယ် ။ လခ နဲ့ ကြိုက်ရင် လည်း ( ၄၀ ) ပေးမယ် ”

“ ဟာ ဒီလိုလဲ မလုပ်ချင်ပါဘူး ။ ဘာပြုလို့လဲ ဆိုတော့ ဦးလေး အလုပ် ဟာ ဦးလေး တစ်ယောက်တည်း နိုင်နင်းသား နဲ့ ကျွန်တော့် ကို ငဲ့ပြီး ခွဲဝေပေးရမယ့် ဟာပဲ ”

“ ညာတကာနဉ္စ သင်္ဂဟော ဆိုသလို ဦးလေး ခွဲဝေနိုင် လို့ ပေးတဲ့ဟာပဲ ကွယ် ၊ ကိစ္စ မရှိပါဘူး ”

“ တော်ပြီး ဦးလေး ၊ ကျွန်တော် ကျန်းမာပါတယ် ၊ လူ ကျန်းမာရင် အသက်မွေးမှု အတွက် ဘာမှ မကြောက်ပါဘူး ”

“ အေး စဉ်းစားဦး ဟုတ်လား ၊ မိဘ အပေါ်သာ မင်း ညှာတာဖို့ သိရှိအောင် ပြောရတာပဲ ” ဟု ပြောကာ ထွက်ခွာ သွားလေ၏ ။ မကြာမီပင် မိခင် ဒေါ်သင် သည် တံတားဦး သွားရာ က ပြန်ရောက် လာ၍ ငွေ ( ၅ ) ကျပ် ကို ချစ်ဆွေကြီး ၏ ကု,လားထိုင်စွန်း ပေါ်တွင် တင် ထား ပြီး လျှင် ...

“ လူကလေး မင်း စစ်ကိုင်း ဘက် ရုပ်ရှင် သွား ကြည့်မယ် ဆို ၊ အဲဒီ ငွေ ( ၅ ) ကျပ် သုံးပေတော့ ဟုတ်လား ” ဟု ရယ်မော ပြောဆိုလေ၏ ။

“ မေမေ မသွားတော့ဘူး ၊ ကျွန်တော် မသွားတော့ဘူး ”

“ အို ဘာဖြစ်လို့လဲ ၊ ဒီလောက်တော့ သုံးနိုင်ပါသေးတယ် ကွဲ့ ”

“ မဟုတ်ဘူး မေမေ ၊ စာတွေ ကူးစရာ ရှိလို့ ဒါကြောင့် ...”

"အို ... ဒီ စာစကား ပြော မနေပါနဲ့ ။ စာမေးပွဲ ဆိုတာ ကံ မကောင်းရင် ဘယ်လို တော်ပေမယ့် ရှုံးချင်ရှုံးတာပဲ ” ဟု သား စိတ် မညစ်ရန် အားပေး စကား ပြောကြားလေ၏ ။

ထိုကဲ့သို့ မိခင် ၏ ငဲ့ညှာသော အပြုအမူ သည် ချစ်ဆွေ အား သက်သာရာ ရစေသည် မဟုတ်ဘဲ ငါ မှားတယ် ၊ ငါ မိုက်တယ် ၊ ပညာသင် သွားတာ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ပညာ ကို ဆုံးရှုံးအောင် ငါ လုပ်ခဲ့တယ်ဟု ယူကြုံး မရ ဖြစ်မိလေ၏ ။ ထိုအခိုက် ၌ ပင် ချစ်ဆွေ ၏ စိတ် ကို ထိုးဆွသော စာ တစ်စောင် ရောက်ရှိလာ၏ ။

ဆွေဆွေ ..

ဆွေဆွေ ပေး လိုက်သော စာ ကို အပု ရဲ့ ကိုကိုကြီး တွေ့ရှိ သွား သဖြင့် မေမေ အား တိုင်ကြား၍ မေမေ က အကျိုးအကြောင်း မေးမြန်းပါသည် ။ အပု က လည်း ရှက် သဖြင့် သူ ပေးချင်လို့ ပေးတာ ဘာမှ မဖြစ်စေရပါဘူး ဟု ပြောမိပါသည် ။ မေမေ က ငါ့ သမီး ရုပ်ရည် ပညာ မိဘဂုဏ် နှင့် အထက်တန်း ရောက် နိုင်တယ် ။ ဒီတော့ ခုဖြစ်ပျက်တာမျိုး နောင်ကို မဖြစ်ရန် ပြောဆို သဖြင့် မိခင် စိတ်ချမ်းသာအောင် တာဝန်ခံ လိုက်ပါသည် ။ သို့ရာတွင် အပု သည် ဆွေဆွေ့ အပေါ် တွင် မည်သည့် အခါမျှ မေတ္တာ ပျက်မည် မဟုတ်ပါ ။ ထားပြီး ကတိ ကိုလည်း ဖျက်မည် မဟုတ်ပါ ။ ဆွေဆွေ သိရှိရန် ရေးရခြင်း ဖြစ်ပါသည် ။ သို့ရာတွင် အပု ထံ သို့ စာ ကို ဘယ်အခါမျှ မရေးပါနှင့် ဦး ။ အပု ဆီ က တော့ လူကြီး လစ် လျှင် ရေးထည့် ပါမည် ။ ဆွေဆွေ အပု ကို စိတ် မပျက်ပါ နှင့် ။ အပု ဟာ ကိုယ့် စကား ကို အသက် နှင့် အတူ စောင့်ရှောက်ပါ့မည် ။ မမုန်းလိုက်ပါ နှင့် ဆွေဆွေ ရဲ့ .. ။

             “ အပု ” 

ချစ်ဆွေ သည် ခင်ပု ၏ စာ ကို ဖတ်ရှုပြီးနောက် မှိုင်တွေ ၍ သွားလေ၏ ။ အပု  ငါ့ ကို ချစ်ရင် မင့် မိဘ ကို မဆက်ဆံပါဘူး လို့ ဘာကြောင့် ကတိ ပေး ထားရသလဲ ၊ ငါ့ မှာ မိဘ က ဆင်းရဲ ၊ စာမေးပွဲ က ရှုံးလို့ စိတ်ပျက် သွား တာလား ။ အို .. အပု ဒီလောက် ရိုင်းမယ် မဟုတ်ပါဘူး ထင်ပါရဲ့လေ နှင့် အမျိုးမျိုး စဉ်းစားပြီး လျှင် စာရွက် ကို သိမ်းဆည်း ထား လိုက်လေ၏ ။

ခင်ပု ၏ စာသည် ချစ်ဆွေ တွင် အားဆေး ကဲ့သို့ ဖြစ်သွား လေ၏ ။ ငါ ယောက်ျား ပဲ ၊ ငါ ကြိုးစားမည် ၊ ကြိုးစား က ဘုရား ဖြစ်နိုင်သည် ။ သေသေကြေကြေ ကြိုးစား က ဘာကြောင့် မကြီးပွားရမလဲ ။ အပု ရေ .. ဆွေဆွေ့ ကို လူစွမ်းလူစ တုံးတဲ့ လူ တစ်ယောက် များ ထင်နေသလား ဟု ညည်းတွားရင်း အကြံ ယူ လေ၏ ။ ချစ်ဆွေ မှာ ထိုစဉ်အခါက အိမ်သုံးပစ္စည်း ၊ အလှအပ ပြုပြင်နည်း စာအုပ်များ ကို ဖတ်ရှုဖူး လေ၏ ။ မြန်မာလူမျိုးများ မှာ နိုင်ငံခြား ပစ္စည်းများ ကို မုန်းသွေး ပူဆဲ ဖြစ် သဖြင့် မိမိ သည် ထိုပစ္စည်းများ ကို ပြုလုပ် ရောင်းချ က တွင်ကျယ် ကြီးပွားမည် ကို သိရှိလေ၏ ။ သို့ရာတွင် အရင်းအနှီး ငွေ တစ်ရာ ကိုးဆယ် လို နေ သဖြင့် ဝါးကပ်ထောင်ဆရာကြီး ဦးမိုး ထံ မိမိသည် ကပ်ထရံ အငှား ရက် လိုကြောင်း နှင့် ပြောဆိုရာ ...

ဦးမိုး မှာ ရယ်စရာ ပြောသည် ထင်၍ ...

“ မင်း များ အဟုတ် ရက်ရင် သူများ ထက် ပိုပြီး အခ ပေးမယ် ” ဟု ပြောဆိုလေ၏ ။

“ အဟုတ် ပြောတာ ဦး ရဲ့ ၊ ယောက်ျား ပဲ ဘာ ရှက်စရာ ရှိသလဲ ။ တရား သဖြင့် ငွေ ရတဲ့ အလုပ် ဆိုရင် ဘာမဆို လုပ်မှပေါ့ ” ဟု အတည် ပြောသော အခါ ဦးမိုး မှာ အံ့အား သင့်၍ နေလေ၏ ။ ထိုစကား သည် ဦးမိုး မှ တစ်ဆင့် ချစ်ဆွေ ၏ မိဘ နှင့် ဘထွေး များ ကြားသိ သွား သဖြင့် ဦးသိုက် နှင့် ဒေါ်သင် မှာ မျက်ရည် ကျ ကြလေ၏ ။

သို့ရာတွင် ဘထွေး ၏ အစီအစဉ် ဖြင့် ဈေးချိုရပ် က လူငယ် ဆယ့်ငါးယောက် အား တစ်လ ( ၃ ) ကျပ် စီ နှင့် အင်္ဂလိပ်အလွတ် ပညာ သင် ပေးရသော အလုပ် ကို ရရှိ သောကြောင့် ချစ်ဆွေ မှာ ကပ်သမား မဖြစ် ၊ အလွတ်ပညာသင်ကျောင်းဆရာကလေး အလုပ် ကို တစ်နှစ် ခန့် လုပ်ကိုင် ရ လေ၏ ။ ထို အလုပ် လုပ်ကိုင်ရင်း ပင် အိမ်သုံး စားပွဲသုံးပစ္စည်း လုပ်ကိုင်နည်း စာအုပ်များ ကို ဝယ်ယူ ဖတ်ရှုလျက် အနည်းငယ် အကုန် ခံ ၍ လက်တွေ့ စမ်းသပ် လေ၏ ။ တစ်နှစ် ခန့် ကြာသောအခါမူ ကား ...

ဂမ်းထရာဂါကန့်သ် ( GUMTRAGACANTH ) -
တစ်ဆ မီးထွန်း မဟုတ်သော အရက်ပျံ ( ALCOHOL )-
နှစ်ဆ ဂလစ်ဆရင် အလှဆီ ( GLYCERINE ) လေးဆ နှင်းရည် - ဆယ့်သုံးဆ ဂမ်းထရာဂါကန့် တစ်ဆ တွင် အရက်ပျံ ( ၂ ) ဆ နှင့် ကြေအောင် ရောစပ်ပြီး မှ ဂလစ်ဆရင် ( ၄ ) ဆ ထည့်ကာ နှင်းရည် ( ၁၃ ) ဆ ကို လောင်းလျက် အကုန် ကြေအောင် မွှေနှောက် ၍ တပည့်များ အား ပြုလုပ်ပေးခဲ့ ဖူးသော ကတ္တီပါရည် ကို ခပ်များများ ချဲ့ထွင် စမ်းသပ် လေ၏ ။ အခြား ကိုးလ်ကရင်း ရေမွှေးစသည် တို့ ကို လည်း စမ်းသပ်ပြီး နောက် တစ်ဦးတည်း ကိုယ်စားလှယ် ချစ်ဆွေကုမ္ပဏီ ဟု စစ်ကိုင်းဈေးလမ်း တွင် အစမ်း ဖွင့် လေ၏ ။ အလုပ် မရှိသော လူငယ်များ အား ကော်မရှင် ပေး၍ လှည့်လည် ရောင်းချစေ သော ကြောင့် မြန်မာဖြစ် ပစ္စည်း ကို အားပေးရန် တိုင်းပြည် က သွေးဆူ နေကြသည် တစ်ကြောင်း ၊ အတုအပြိုင်များ နည်းပါးသည် တစ်ကြောင်း ကြောင့် တစ်နှစ် ၊ နှစ်နှစ် အတွင်း မှာ ပင် ကြီးပွား ၍ လာ လေ၏ ။

တစ်နေ့သ၌ ကား သားနားသော အငှားတိုက်ခန်း တွင် မှန်ဘီရိုဆိုင်းဘုတ်ကြီးများ ဖြင့် ဆွဲကပ်ထားသည့် ချစ်ဆွေကုမ္ပဏီ တိုက် ရှေ့ ၌ သူငယ် တစ်ဦး သည် ကတ္တီပါအလှရည် ၊ ဆပ်ပြာမွှေးခဲ ၊ ပေါင်ဒါဘူး ၊ နိုင်ငံခြား နှင့် မခြား ဘယ်လောက်များ ကောင်းတယ် ဆိုတာ ကြည့်ရှုတော် မူပါ ။ အားပေးတော်မူကြပါ ဟု ဟစ်အော် နေခိုက် မြင်းရထားတစ်စီး သည် အဆိုပါ တိုက်ရှေ့ ၌ ရပ်ကာ မိန်းမကြီး နှစ်ယောက် နှင့် မိန်းမပျို နှစ်ယောက် ဆင်း ၍ လာ ကြလေ၏ ။

ချစ်ဆွေ မှာ အဝေး အမှာစာများ ကို စားပွဲ တစ်ချပ် တွင် လုပ်ကိုင် နေရာမှ  ခေါင်းမော့ ကြည့်ရှု ရာ ၊ ဝမ်းနည်း ဝမ်းသာ သော မျက်နှာ နှင့် ကြည့်ရှု နေသော ခင်ပု ကို မြင်ရ သဖြင့် အူယားဖားယား နှုတ်ဆက် ဆွဲငင်မည် လုပ်ပြီး မှ ဣန္ဒြေ တစ်မျိုး ပြင် လျက် မသိဘူး လေ ဟန် နှင့် “ အားလုံး ကြည့်ရှုတော်မူကြပါ ခင်ဗျား ။ ဒါဟာ တိုင်းရင်းသား မြန်မာများ လုပ်တဲ့ တိုင်းရင်းဖြစ် ပစ္စည်းတွေပါ ခင်ဗျ ”

“ မဟုတ်ဘူး မောင်ရင် ၊ ကျုပ် က ရန်ကုန် က ။ အမိန့်တော်ရ ဦးချစ်ဆွေ ဆိုတာ ကို စစ်ကိုင်းမြို့ မယ် လိုက်ရှာ လိုက်တာ ၊ နာမည်တူ တောင် မတွေ့လို့ မောင့် ကို မေးမလို့ ”

“ ဒေါ်ဒေါ် က ဘယ်ကပါလဲ ခင်ဗျာ ”

“ ဦးဘိုးခင် ကုမ္ပဏီ က ပဲ ၊ အဲဒီ ဦးချစ်ဆွေ က အထက်မြန်မာပြည် အတွက် ပေးတင်းဆေးတွေ တစ်ဦး တည်း လိုချင်ပါတယ် လို့ အကြောင်း ကြား ထားတော့ အဒေါ် လည်း ဘုရား ဖူး လာရင်း မောင့် ဦး က ဝင်ရောက် စုံစမ်းခဲ့ပါ ဆို လို့ ”

“ ကျွန်တော် ပါပဲ ၊ ဒါပေမဲ့ အရောင်းအဝယ် နဲ့ မဆိုင်တဲ့ စာရွက်ပုံစံ နှင့် စာ ရေး မိလို့ပါ ။ ကျွန်တော် ရှေ့နေလိုင်စင် ယူထားပေတဲ့ အမြဲ လိုက်မစားပါဘူး ။ ကျွန်တော့် အလုပ် က အခု မြင်တော်မူတဲ့အတိုင်း ... ”

ထို့နောက် အရောင်းအဝယ် နှင့် ပတ်သက်သော ကိစ္စများ ကို ပြောဆိုကြ ပြီးလျှင် မိန်းမကြီးများ လည်း ထွက်ခွာ သွား လေ၏ ။

ချစ်ဆွေ သည် မိမိ ၏ ကြီးပွားမှု အလုပ် တွင် စိတ်ဝင်စား သောကြောင့် ခင်ပု ကို မေ့ပျောက် သကဲ့သို့ ဖြစ် နေရာ တစ်နေ့ က တွေ့ဆုံသော အခါ လည်း မသိသလို နေလိုက် မိလေသည် ။ သို့ရာတွင် ကျောင်းနေဘက် ငယ်ချစ် ဖြစ် သဖြင့် မိမိ ဤသို့ ပြုမိသည့် အတွက် ယူကျုံး မရ ဖြစ်မိလေ၏ ။

နှစ်ရက်ခန့် ကြာလျှင် ...

ဆွေဆွေ ... လူစိမ်းကားကြီး ရှင့် ၊ အဖော်တွေ ပါလို့ မနည်း မျိုသိပ် ထားရသည် ။ တအား ဖက်လို့ ငိုချင် ပါသည် ။ အပု ရဲ့ မျက်နှာ ကို ဆွေဆွေ မြင်တယ် မဟုတ်လား ။ ဘယ်လောက် ပိန်ချုံးနေသလဲ ။ ဆွေဆွေ့ ဆီ စာတွေ တစ်လ ( ၂ ) စောင် အနည်းဆုံး ပေးတာ ဆွေဆွေ သိသင့်ပါတယ် ။ ခုတော့ လူစိမ်းကြီး လို လုပ်လို့ အပု အိမ် မှာ ရောက်ရောက်ချင်း ချုံးချ ငိုကြွေး မိပါသည် ။ ယခုအခါ ဆွေဆွေ မှာ အလုပ်အကိုင် က စီးပွားလမ်း ဖြောင့် လို့ ရှေ့နေ ကြိုးကြား လိုက်တာ ကလည်း နာမည်ကောင်း မိတ်ကောင်း လို့ တစ်လ ( ၃ - ၄၀ ) စီတယ် လို့ ကြားသိရ ပါတယ် ။ အပု ကို ဂရုမစိုက် နေမယ် ဆိုရင် နေနိုင်ပါပြီ ။ သို့ရာတွင် အပု မှာ တစ်လ စာ ( ၂ ) စောင် ထည့်ပါ လျက် အပု စစ်ကိုင်း ရောက်တုန်း က အသိအမှတ် မပြုတာ ကို ဝမ်းနည်း ၍ မဆုံးပါ ရှင့် ။ အပု မှာ ယခု ဝက်စလီယန်ကျောင်း တွင် အလုပ် လုပ် နေပါသည် ။ များစွာ စိတ်မပျော်ပါ ရှင့် ။ ယခု အပု မှာ ဆွေဆွေ့ ဆီ က ဘာ သတင်းမျှ မကြားရသော ကြောင့် မိဘ သဘော ... အပု ဆက်ပြီး မရေး လိုပါ ။ အပု ၏ သတင်း ကို မကြာခင် ကြားသိရပါလိမ့်မည် ။

               အချစ်ဦး အပု

ချစ်ဆွေ လည်း စာ ကို ဖတ်ပြီး နောက် ပတူအုံ တုတ် နှင့် ထိုးသည့် အလား တိမ်မြှုပ် နေသော မေတ္တာဓာတ်အိုး လှုပ်ရှား လာကာ အဝတ်အစားများ ထ ၍ လဲလေ၏ ။ မကြာမီပင် မြင်းရထား တစ်စီး ခေါ်လျက် သင်္ဘောဆိပ် သို့ ဆင်းပြီးလျှင် မန္တလေး ဘက် သို့ လိုက်ပါ သွားလေ၏ ။ မန္တလေး မြေ ကို မနင်းမိသည် မှာ ( ၃ ) နှစ် ကျော် ကြာ သဖြင့် ဝမ်းသာလျက် တုန်တုန်ယင်ယင် ဖြစ်၍ သွားလေ၏ ။ သူငယ်ချင်း အချို့နှင့် တွေ့သောအခါ  “ ဟေ့ မစ္စတာ ချံဒူး ၊ မစ္စတာ ဒွန်ချူး .. ဘယ်ပျောက် နေသလဲ ၊ ခုမှ တွေ့ရတယ် ကွယ် ” ဟု ရယ်မော နှုတ်ဆက်ကြ သော်လည်း စကား ကောင်းစွာ မပြောနိုင်ပဲ ညောင်ပင်ဈေး ဘက် သို့ သွားမည် လုပ်ပြီး မှ အချိန် မှာ ညနေ ( ၃ ) နာရီခန့် ဖြစ်သဖြင့် ဝက်စလီယန်ကျောင်း ဆီ သို့ ထွက်ခွာ သွားလေ၏ ။

ကျောင်းဆင်း ခေါင်းလောင်း တီး ပြီး နောက် ကျောင်းသားကလေးများ ကျောင်းဝင်း အပြင် သို့ ထွက်ခွာ လာ ကြလေ၏ ။ ဖဲအပြာရင့်လုံချည် ၊ ပိတ်အင်္ကျီ ၊ ဆံထုံးကြီး ဖြင့် ပုသိမ်ထီး ဆောင်း လျက် ရှိသော ဆရာမ တစ်ဦး သည် လည်း ကျောင်းသားများ နောက် က ထွက်၍ လာ ရာ ချစ်ဆွေ မှာ ရင်ဖိုလျက် စောင့်စား နေလေ၏ ။ ခင်ပု သည် ကျုံးဘေး မှ အနောက် သို့ ခပ်ဖြည်းဖြည်း သွားစဉ် နောက် က လိုက် ၍ အပု ဟု ခေါ် လိုက်ရာ ခင်ပု သည် လှည့် ကြည့် ပြီး နောက် ခေတ္တ ရပ် ၍ နေလေ၏ ။ နှစ်ယောက် နီးကပ်သော အခါ အပု ၏ မျက်လုံး အိမ် မှ မျည်ရည်ပေါက်များ ယိုစီးလျက် ဆွေဆွေ ဟု ခေါ်ငင်လေ၏ ။

“ အပု မိဘ က ဘယ်သူ နဲ့ စေ့စပ်သလဲ ၊ ဒါ သိချင်လို့ မနေ့ က ပေးတဲ့ စာ ကနေ့ ရ ရ ချင်း လိုက်လာတာ ”

“ အို ... မဖြစ်နိုင်ပါဘူး ။ သူတို့ အပု စိတ် ကို သိပါတယ် ”

“ နို့ .. အပု ဆွေဆွေ့ အပေါ် စိတ် မကုန်သေးဘူးနော် ”

အပု သည် လှပသော မျက်လုံး ဖြင့် တစ်ချက်မျှ မော့ကြည့်လျက် ခေါင်း အောက်ချ သွားပြီးလျှင် ...

“ ဆွေဆွေ က သာ ...”

“ ဘာလဲ .. ဆွေဆွေ ဘာဖြစ်တာလဲ ...” ဟု ရေငတ် သလို မေးလေ၏ ။ ထို့နောက် နှစ်ယောက်သား အချစ်ဇာတ် ခင်း ရင်း မြင်းရထား တစ်စီး ကို ခေါ်၍ အာလဝီလမ်း ပုလဲငွေရောင် လမ်းခွ အထိ လိုက်ပါ သွားကြပြီး နောက် ချစ်ဆွေ မြင်းရထား ပေါ် က ဆင်း ၍ နေရစ် လေ၏ ။

( ၆ ) လ ခန့် ကြာသော အခါ ချစ်ဆွေ နှင့် ခင်ပု တို့ မင်္ဂလာအခမ်းအနား ပြုလုပ်သံ ကို ကြားရ ပြီးနောက် ခင်ပု မှာ ကျောင်းဆရာမ မလုပ်တော့ပဲ ချစ်ဆွေကုမ္ပဏီ ၏ မန်နေဂျာ ဖြစ်၍ နေ လေ၏ ။ ချစ်ဆွေ ၏ အလုပ်အကိုင်များ မှာ လည်း စစ်ကိုင်း နှင့် မဆံ့အောင် ကြီးပွား သဖြင့် ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ကာ အလုပ် ချဲ့ ထွင်၍ နေကြလေ သတည်း ။

“ အဲဒါကြောင့် ကျုပ် က ခင်ဗျား ကို မြင်ဖူးတယ်လို့ အောက်မေ့တာ ကိုး ကိုချစ်ဆွေ ရဲ့ ”

“ ကျွန်တော်လည်း ဘယ်က ဦးဘဆွေ ပါလိမ့် မလဲ ၊ လူ ကို မြင်ဖူးပါတယ်လို့ အောက်မေ့ နေတာ ၊ အစ သတ်တော့ စစ်ကိုင်း နေဖူးတဲ့ လူ နဲ့ စစ်ကိုင်းသား ဖြစ်နေတာ ကိုး ။ ကောင်းပါ့ခင်ဗျား ။ ဦးဘဆွေ လည်း ရန်ကုန် ပြောင်းတော့မယ် ဆို ” ဟု စကား စပ်မိရာ မစ္စတာဒွန်ချူး ခေါ် ကိုချစ်ဆွေ ၏ ပြောပြချက် ကို တစ်ဇာတ်ထုပ် ခင်း လိုက်ရပါကြောင်း ။

◾မဟာဆွေ

📖 ကြီးပွားရေးမဂ္ဂဇင်း ၊
      ၁၉၃၅ - ခု ၊ ဧပြီလ

.

No comments:

Post a Comment