Thursday, September 21, 2023

သက်တံ့ ပေါင်းကူး တံတား


 ❝  သက်တံ့ ပေါင်းကူး တံတား ❞


( ၁ )


“ ကျွန်တော် တော့ လက်မြှောက်လိုက်ပြီ မခင်သစ္စာ ” 


ကိုအံ့မောင် ၏ စကား ကို ကြားလိုက်ရသော မခင်သစ္စာ အဖို့ တောင်ထိပ် တွင် ကြာ ပေါက်၍ အနောက် တွင် နေထွက်သည် ကို မြင်လိုက်ရသူ လို အံ့ဩသွားပုံရ၏ ။ သို့တိုင်အောင် ကိုအံ့မောင် ၏ စကား ကို မယုံနိုင်သေးဘဲ ...


“ ကိုအံ့မောင် ၊ ရှင် တကယ် ပြောနေတာလားဟင် ” ဟူ၍ ပင် မေးလိုက်မိသည် ။ သည်တော့လည်း ကိုအံ့မောင် က “ ဟုတ်ပါတယ် မခင်သစ္စာ ကျွန်တော် တကယ်ပဲ လက်မြှောက်လိုက် ပြီးပါပြီ ”  ဟု ပြန်ပြောခဲ့သည် ။


ယခင်က ခြင်္သေ့ ကဲ့သို့ ရဲရင့်ကာ သိန္ဓောမြင်း ကဲ့သို့ လျင်မြန်ခဲ့သော ကိုအံ့မောင် က ယခုမူ တီကောင် ကဲ့သို့ တွန့်ဆုတ် ကာ ပက်ကျိ ကဲ့သို့ နှေးကန်လှသည် ။ ပြီးတော့လည်း ယုန်ကလေး ကဲ့သို့ ကြောက်လန့် နေသေး၏ ။ ထို့ကြောင့်ပင် မခင်သစ္စာ က “ ဘာကြောင့်များ ဒီလို အရှုံးပေး လိုက်ရတာလဲ ကိုအံ့မောင် ရယ် ” ဟူ၍ပင် ညည်းညည်းညူညူ ရေရွတ်လိုက် မိသည် ။


သည်တော့ ကိုအံ့မောင် က သွေး တစ်စက် မျှ မရှိတော့ သလို ဖြူဖပ်ဖြူရော် ဖြစ်နေသော သူ့ မျက်နှာ ကို ပန်းနုရောင် သန်းလာအောင် လက်ကိုင်ပဝါ နှင့် အထပ်ထပ် အခါခါ သုတ် လိုက်ပြီး  ...


“ ကျွန်တော့် တစ်ဝမ်းတစ်ခါး အတွက်ပဲ ဆိုပါတော့လေ ၊ ဒီလို ကျွန်တော့် တစ်ဝမ်းတစ်ခါး ကို ပဲ ဂရုစိုက် လာ ရအောင် ဖြစ်လာရတာ က လည်း စိတ်ပျက်စရာတွေ တွေ့ နေရတာကိုး ” ဟု မချိပြုံးကလေး ပြုံး ၍ ပြော ရှာသည် ။


မခင်သစ္စာ က ရှက်ဆေး ချေ သလို မျက်နှာ တစ်ခုလုံး ကြေမွှ သွားတော့ မလောက် လက်ကိုင်ပဝါ နှင့် ပွတ်တိုက် နေသော ကိုအံ့မော င်ကို ခပ်စိမ်းစိမ်း ကြည့် ရင်း  ...


“ စိတ်ပျက်စရာ ကတော့ တွေ့ရမှာ ဓမ္မတာ ပဲ ကိုအံ့မောင် ၊ စိတ်ပျက်စရာ တွေ့တိုင်း သာ အရှုံး ပေးပြီး လက်မြှောက်ရမယ် ဆိုရင် လူတွေ ဟာ ခုခေတ် ယဉ်ကျေးမူ အထိ တိုးတက် လာကြမယ် မဟုတ်ဘူး ။ ကျောက်ဂူ ထဲ မှာ နေပြီး သားစိမ်း ငါးစိမ်း စားတဲ့ အခြေအနေ မှာပဲ ရှိနေကြရ ဦးမယ် ... ” 


မခင်သစ္စာ က မူလတန်းကျောင်းသားကလေး ကို ဆုံးမ နေသော ဆရာမကြီး တစ်ယောက် လို ဖြည်းဖြည်းချင်း ပြောနေ၏ ။ ကိုအံ့မောင် က ခေါင်း မဖော်ဘဲ ....


“ ကျွန်တော့် ကိုယ် ကို လည်း ကျွန်တော် သိပါတယ် မခင်သစ္စာ ၊ ကျွန်တော် ဟာ အင်မတန် ပျော့ညံ့တဲ့ လူ တစ်ယောက်ပဲ ။ အရင်က ကျွန်တော် ဟာ ကျွန်တော့် ကိုယ် ကို ကျွန်တော် ခြင်္သေ့ လို ရဲရင့်ပြီး သိန္ဓောမြင်း လို မြန်တယ် လို့ ထင်ခဲ့တယ် ။ ခုတော့ ကျွန်တော် ဟာ တီ လို တွန့်ဆုတ်ပြီး ပက်ကျိ လို နှေးကန် နေမှန်း သိရတယ် ။ ဒါပေမဲ့ ကျွန်တော့် ယုံကြည်ချက် ကို ပြောင်းလဲ သွားစေတဲ့ အခြေအနေတွေ ကလည်း ရှိသေးတယ် မဟုတ်လား မခင်သစ္စာ ... ”  


“ ပြောင်းလဲ သွားတဲ့  အခြေအနေတွေ ဆိုတာ ရှင့် စိတ် က ထင်နေတဲ့ အခြေအနေ တွေပါ ။ တကယ့် ရုပ်ဝတ္ထု အခြေအနေတွေ ဟာ မပြောင်းလဲပါဘူး ... ” 


မခင်သစ္စာ က ကျားသစ်မကလေး ကဲ့သို့ ဆတ်ဆတ်ထိ မခံ ပြန်၍ ပြောလိုက်၏ ။ ကိုအံ့မောင် က မာန်ဖီ နေသော ကျားသစ်မကလေး မခင်သစ္စာ ကို တစ်ချက် မော့ ကြည့်ပြီး  ...


“ ရုပ်ဝတ္ထု အခြေအနေ တွေ မပြောင်းလဲပါဘူး ၊ မပြောင်းလဲပါဘူး နဲ့ တဖွဖွ အော်ပြီး စာအုပ်ကြီး တကိုင်ကိုင် နဲ့ လှေနံဓားထစ် လုပ် နေကြတာတွေ ၊ တရားသေ လုပ် နေကြတာတွေ ကို မခင်သစ္စာ လည်း တွေ့ရတာ မဟုတ်လား မခင်သစ္စာ ... ” 


“ လှေနံဓားထစ် မဖြစ်အောင် ၊ ရှင် ခု ပြောသလို တရားသေ မဖြစ်အောင် မာ့က်စ်ဝါဒ ကို အရင်းရှင်စနစ် အသွင် ပြောင်း လိုက်ရမှာလား ဟင် ... ၊ မာ့က်စ် နဲ့ လီနင် ရဲ့ လမ်းညွှန်မှု နေရာ မှာ အိုင်ဆင်ဟောင်ဝါ နဲ့ ဒါးလက်စ် ရဲ့ မိန့်ခွန်းတွေ ကို ထည့်ပေး ရမှာလား ဟင် ... ” 


“ ကျွန်တော် က ဒါကို ပြောတာ မဟုတ်ဘူး မခင်သစ္စာ ၊ မာ့က်စ်ဝါဒ ကို တိုးတက် တီထွင်ပြီး မလုပ်ကြတာ ကို ပြောတာ ... ၊ မာ့က်စ်ဝါဒ ကို အခြေအနေ နဲ့ ကိုက်ညီအောင် တိုးချဲ့ဖို့ မလုပ်ဘဲ နေတာကို ပြောတာပါ ... ” 


ကိုအံ့မောင် က ဟင်းခနဲ သက်ပြင်း တစ်ချက် မှုတ်ထုတ် လိုက်မိသည် ။ မခင်သစ္စာ က မူ ကိုအံ့မောင် စောဒက တက်သမျှ ကို အချက်ကျ အောင် ဖြေရင်း မမောနိုင် မပန်းနိုင် ။ ထို့ကြောင့်ပင် ကိုအံ့မောင် စကား ဆုံးလျှင် ဆုံးချင်း ...


“ ကိုအံ့မောင် .. မာ့က်စ်ဝါဒ ကို အခြေအနေ နဲ့ ကိုက်ညီအောင် တိုးချဲ့တယ် ၊ တီထွင်တယ် ဆိုပြီး မာ့က်စ်ဝါဒ ရဲ့ အခြေခံ တရားတွေ ကို စွန့်လွှတ်တဲ့ အခြေ ထိ လုပ်နေတဲ့ လူတွေ ကို လည်း ကြည့်ပါဦး ။ သူတို့ က မာ့က်စ်ဝါဒ ကို တိုးချဲ့တယ် တီထွင်တယ် ဆိုပြီး အရင်းရှင်အဘိဓမ္မာ ကို အစားထိုး နေကြတယ် မဟုတ်လား ... ” 


“ နေပါဦး မခင်သစ္စာ ... ၊ အရင်းရှင် အဘိဓမ္မာ ၊ ပစ္စည်းမဲ့ အဘိဓမ္မာ ဆိုတဲ့ ကြီးကျယ်တဲ့ စကားတွေ ကို မပြောခင် ကျွန်တော် ဆယ်တန်းကျောင်းသား တုန်း က သင်ခဲ့တဲ့ စာကလေး တစ်ပုဒ်ကို ပြောပြပါရစေဦး ၊ အဲ့ဒီ စာပုဒ် ကလေး က ဘယ်လို ဆိုသလဲ ဆိုတော့ ယခု ကျွန်ုပ်တို့ တွေ့ကြုံ နေကြရ သည် မှာ ကား တိုင်းတစ်ပါးသား တို့ ဖြစ်ထွန်း တိုးပွားပုံ ကောင်းစားပုံ တို့ ကို သာ ချီးကျူး ပြောဆို မျှော်လင့် နေကြ၍ ကျွန်ုပ်တို့ မှာ ကား တစ်နေ့ ထက် တစ်နေ့ ပျက်စီး ဆုတ်ယုတ်လျက် နေကြသည်ကို ထင်ရှား လက်ငင်း တွေ့ကြ ရလေပြီ ... တဲ့ ။ နောက်ပြီး အဲ့ဒီ စာပုဒ်ကလေး က ဘယ်လို ပြောသလဲ ဆိုတော့ အခါအခွင့် သင့် သဖြင့် ဥပမာ ပြရမှာမူ ကျွန်ုပ် သည် မိုးခေါင်ရေရှားရပ်ဝန်း ၌ တောင်သူ လုပ် နေပါလျက် ထို အရပ် နှင့် သင့်လျော်သော ကောက်ပဲသီးနှံ ကို မစိုက်ပျိုး ဘဲ မြန်မာပြည် အောက်ပိုင်းရှိ မိုးရွာသွန်းပုံ နှင့် စပါးစိုက်ပျိုးပုံ ကိုသာ ချီးကျူး ပြောဆိုလျက် မက်ကာ နေခဲ့ပါမူ ကျွန်ုပ် ကို လူကြွား ဝါ လူရူး တစ်မျိုး ဟု ဆိုကောင်း ဆိုသင့်ပေသည် ... တဲ့ ။ ထို့ပြင်လည်း လူရိုင်း နိုင်ငံ ၌ လူရိုင်း တစ်ယောက် ဒူလာရောဂါ မိနေ သဖြင့် ခွေး တစ်ကောင်လုံး ကို အူရော အသည်းပါ မီးဖုတ် ကျွေးသောကြောင့် ချမ်းသာရာ ရသည် ကို ခံစား ပြီးသော် ရန်ကုန်မြို့သား တစ်ယောက် အား ထိုကဲ့သို့ ကျွေးသည် ရှိသော် ဖျင်းမိုက်ရာ မကျပါပြီလော ... တဲ့ ။ ထို့ကြောင့် အာယုဗ္ဗေဒကျမ်းဂန်များ ကို တတ်သိ လိမ္မာ သော ဆေးဆရာ သည် မိမိ လူနာအား သင့်လျော်သော ဆေး ကို ရွေးချယ်၍ ပေးဘိ သကဲ့သို့ အမျိုးသား နှင့် သင့်လျော်သော အကြောင်း ကို စံနမူနာ ယူ၍

သွတ်သွင်း မိ မှ သာ ထို အမျိုးသား တို့ မှာ ကောင်းစားခြင်း ကြီးပွားခြင်း တို့ ဖြစ်နိုင်ပေလိမ့်မည် ... တဲ့ ။ ဒီတော့ ကျွန်တော်တို့ မြန်မာပြည် မှာ လည်း ကျွန်တော်တို့ နဲ့ သင့်တော်မယ့် စနစ် ကို တိုးချဲ့တီတွင် ဖို့ လိုတယ် မဟုတ်ဘူးလား မခင်သစ္စာ ၊ ကျွန်တော် တို့ မြန်မာပြည် က နိုင်ငံရေးသမားတွေ က ဘာနဲ့ တူနေသလဲ ဆိုရင် ဆေးနည်း ကို အများကြီး သိနေပြီး အနာ ရဲ့ လက္ခဏာ ကို မသိတဲ့ ဆေးဆရာ နဲ့ တူ နေတယ် ။ ဒီတော့ ဟို တိုင်းပြည် မှာ ကောင်းတယ် ဆိုရင် ကျွန်တော်တို့ ဆီ မှာ လည်း ကောင်းရတယ် ဆိုပြီး အတင်း ဆေး တိုက်သလို ဖြစ်နေတယ် ။ ဒီတော့ ကျွန်တော် ပြောချင်က မြန်မာလူနာ ရဲ့အခြေအနေ ဟာ ရုရှား တို့ အမေရိကန် တို့ ဆိုတဲ့ လူနာ ရဲ့ အခြေအနေ နဲ့ မတူဘူး ။ ဒါကြောင့် မြန်မာလူနာ နဲ့ တော်မယ့် ဆေး ကို သာ ပေးသင့်တယ်လို့ ပြောချင်တာပါ ... ” 


ယခုအချိန် အထိ ခပ်ပြုံးပြုံးကလေး နားထောင် နေသော မခင်သစ္စာ က နှုတ်ခမ်းကလေး ကို မဲ့ လိုက်ပြီး  ....


“ ခုမှ ရုရှားလူနာ မြန်မာလူနာ ဆိုပြီး ပြော မနေပါ နဲ့ ကိုအံ့မောင် ၊ ရှင် တို့ လို ပညာတတ် လူတန်းစားတွေ ဟာ တော်လှန်ရေး ချောချောမောမော တိုးတက် နေတဲ့ အခါကတော့ တက်တက်ကြွကြွ ဆောင်ရွက် တတ်ပြီး တော် လှန်ရေး အခက်အခဲ နဲ့ ရင်ဆိုင် လာတဲ့ အခါ သရဲဘော ကြောင် တဲ့ လူတန်းစား တွေပါ ။ သေးငယ်တဲ့ အောင်မြင်မှုကလေး ရလာတဲ့ အခါ တယ် တော်တဲ့ ငါ လို့ ဘဝင် မြင့် တတ်ပြီး အခက်အခဲ နဲ့ တွေ့လာတော့ ထမင်းကြမ်းကလေး

ပြန် စားရတာ ကောင်းပါတယ် ဆိုပြီး ရှောင်သွား တတ်ကြတဲ့ လူစားတွေ ။ ရှင် တို့လို ပညာတတ်တွေ ဟာ ဘဝ နေထိုင်မှုမှာ မြေရှင် အရင်းရှင် နဲ့ နီးကပ် နေတော့ တွေးတာ ခေါ်တာ က အစ မြေရှင် အရင်းရှင် လူတန်းစား အတွေးအခေါ် မျိုး ရှိနေတယ် ။ ဒါကြောင့် ရှင် တို့ လို လူတွေ မှာ လူလတ်တန်းစား ရဲ့ စိတ် လေ တဲ့ ဘဝ နဲ့ အရင်းရှင် လူတန်းစား က သင် ပေးတဲ့ တစ်ကိုယ်ကောင်း ဝါဒ ၊ အကန့်အသတ် မရှိတဲ့ လွတ်လပ်ရေးဝါဒ ဖွဲ့စည်းမှု ကို အလွန် ကြောက်ရွံ့တဲ့ စိတ်တွေ ရှိနေတယ် ။ လူထု ခေါင်း ပေါ် က ရပ်ပြီး လူထု ကို ကယ်တင်မယ် ဆိုတဲ့ စိတ်ရူး ပေါက်တတ်တယ် ။ အလုပ်သမား လယ်သမား ထု ကို အထင် သေး တယ် ၊ လုပ်အား စိုက်ထုတ်ပြီး လုပ်ရတဲ့ အလုပ် ကို မလုပ်ချင် တဲ့ အကျင့်ဆိုး တွေ ရှိတယ် ။ စာအုပ်ကြီး ပိုက်ပြီး ပညာတတ် အချင်းချင်း ဆွေးနွေး နေတာ ကို ပဲ တကယ့် တော်လှန်ရေးကြီး လုပ် နေတယ် လို့ ဘဝင် မြင့် တတ်ကြတယ် ။ အဲဒီလို အသိုက်အဝန်း က ပေါက်ဖွား လာတဲ့ ကိုအံ့မောင် လို လူ က ပစ္စည်းမဲ့တွေ ရဲ့ ခိုအောင်းရာ လဲလျောင်းရာ ဖြစ်တဲ့ မာ့က်စ်ဝါဒကြီး ကို

ခွေး တစ်ကောင်လုံး အသည်း ရော အူ ပါ မီးဖုတ် ကျွေးတဲ့ ဒူလာကုနည်း နှင့် နှိုင်းယှဉ် လိုက်တာ အံ့ဩစရာ မရှိပါဘူး ” 


“ မဟုတ်ပါဘူး မခင်သစ္စာ ၊ ကျွန်တော် က မာ့က်စ်ဝါဒ တစ်ခုလုံး အသုံးမကျဘူး လို့ မဆိုလိုပါဘူး ။ မာ့က်စ်ဝါဒ မှာ ကျွန်တော်တို့ မြန်မာပြည် နဲ့ သင့်လျော်တဲ့ အချက် တစ်ချက် တော့ ရှိပါတယ် .... ”  


အံ့ဩစရာ မရှိပါဟု ပြောခဲ့သော မခင်သစ္စာ က ကိုအံ့မောင် စကား ကို ကြားလိုက်ရသော အခါ အံ့ဩ သွားရပြန်သည် ။ ထို့ကြောင့်  ...


“ ဒါဖြင့် မြန်မာပြည် နဲ့ သင့်လျော်တဲ့ အချက် တစ်ချက် က ဘာလဲ ကိုအံ့မောင် ” ဟု မေးလိုက်မိသည် ။


“ မြန်မာပြည် နဲ့ သင့်လျော်တဲ့ အချက်ဟာ ဆိုရှယ်လစ် စီးပွားရေးစနစ် ပေါ့ ၊ ကျွန်တော့် သဘော အရ ပြောရမယ် ဆိုရင် မြန်မာပြည် ဆိုတဲ့ လူနာ ရဲ့ ရောဂါ အခြေအနေ ဟာ ပါလီမန်ဒီမိုကရေစီ နဲ့ ဆိုရှယ်လစ် အီကော်နော်မီ လို့ ခေါ်တဲ့ ဆိုရှယ်လစ် စီးပွားရေး နှစ်ခု ရဲ့ ပေါင်းစပ်မှုပဲ ။ ရုရှား မှာ လို တစ်ပါတီ အာဏာရှင် စနစ်မျိုး ကို တော့ ကျွန်တော် လက်မခံနိုင် တော့ဘူး ။ အမှန်စင်စစ် အားဖြင့် ကွန်မြူနစ် ဆိုတဲ့ စကား ဟာ အများနှင့် သက်ဆိုင်သော ဆိုတဲ့ အဓိပ္ပာယ် ကို ပေးတဲ့ လက်တင် စကား ပါ ၊ တစ်ပါတီအာဏာရှင် စနစ် မဟုတ်ပါဘူး ။ ပါလီမန် ဒီမိုကရေစီ နဲ့ ဆိုရှယ်လစ် အီကော်နော်မီ စနစ် နှစ်ခု ကို ရေ နဲ့ သကြား ဖျော်စပ် သလို ဖျော်စပ် လိုက်ရင် မြန်မာလူထုကြီး အတွက် ထူးတဲ့ အကျိုး ကို ပေး နိုင်မယ် ။ ဒီတော့ ... ” 


ကိုအံ့မောင် က စကား ကို အဆုံးမသတ်နိုင် သေး မီ မခင်သစ္စာ က အငိုက် မိပြီ ဟူသော မျက်နှာထား ဖြင့် ဖြတ် ၍ မေးခွန်း ထုတ် လိုက်၏ ။


“ နေပါဦး ကိုအံ့မောင် ၊ ရှင် ပြောတဲ့ ပါလီမန် ဒီမိုကရေစီ ဟာ အရင်းရှင် ဒီမိုကရေစီ လား ၊ ဒီမိုကရေစီသစ် လား  ... ” 


ကိုအံ့မောင်က မခင်သစ္စာ ၏ မေးခွန်း ကို  ...


“ ဒီမိုကရေစီသစ်ဝါဒ ကို လက်ခံတယ် ဆို တဲ့ နိုင်ငံ မှာ ဘာတွေ လုပ်နေတယ် ၊ မြန်မာပြည် မှာ ဘာတွေ လုပ်နေတယ် ဆိုတာ မခင်သစ္စာ လို မာ့က်စ်ဝါဒသမား တစ်ယောက် က လေ့လာ ထားဖို့ ကောင်းပါတယ် ။ ဒီမိုကရေစီသစ် မှ ဒီမိုကရေစီသစ် လို့ ကြွေးကြော် နေတဲ့ တရုတ်ပြည် မှာ တစ်ဦးတည်းပိုင် ပစ္စည်း တို့ ၊ ပရိုက်ဘိတ် အရင်းရှင် တို့ ရဲ့ တိုးတက်မှု ကို လက်ခံ နေတယ် ။ လယ်လုပ်သူ လယ်ပိုင်ရမည် ဆိုတဲ့ ဝါဒ ကို ကျင့်သုံး နေတယ် ။ ဒါပေမယ့် တစ်ဦးတည်း အရင်းရှင် က တိုင်းပြည် မှာ ရှိတဲ့ လူတွေ ကို မချုပ်ချယ် ရ လို့ ကန့်သတ်

ထားတယ် ။ မြန်မာပြည် မှာ ရော သည်သဘောပဲ မဟုတ်လား ” ဟူသော မေးခွန်း ဖြင့် ပြန် ဖြေ လိုက်၏ ။


စောစောက ကျားသစ်မလေး လို မျက်မာန် ဖီ ၍ နေသော မခင်သစ္စာ က ယခုမူ သမင်မကလေး လို ရှက်ဟန် ချီ၍ နေလေသည် ။


( ၂ )


ကိုအံ့မောင် ...


ကိုအံ့မောင် က သူ့ ထံသို့ လိပ်စာ တပ် ၍ ထားသော စာအိတ်ရှည်ရှည် တစ်ခု ကို စားပွဲ ပေါ် တွင် တွေ့လိုက်ရ သောကြောင့် အံ့ဩ သွားမိသည် ။ ခါတိုင်း ဆို လျှင် သူ နှင့် မခင်သစ္စာ တို့ သည် ရက်သတ္တ တစ်ပတ် လျှင် တစ်ကြိမ် ကျ ဝါဒရေးရာ ဆွေးနွေးပွဲ ၌ လူချင်း တွေ့ဆုံ နေကြမြဲ ဖြစ်သည် ။ ယခု မခင်သစ္စာ ၏ လက်ရေး ဖြင့် ရောက် လာသော စာအိတ် တွင် အကြောင်းထူး တစ်ခု ခု တော့ ပါတော့မည် ကို ကြိုတင် တွက်မိ လိုက်သည် ။ ထို့ကြောင့်လည်း မခင်သစ္စာ ထံ မှ မရောက်စဖူး အရောက်ထူး သော စာအိတ် အတွက် အံ့ဩမိခြင်း ဖြစ်သည် ။


ကိုအံ့မောင် သည် သိချင်ဇော ဖြင့် စာ ကို ဖွင့် ၍ ဖတ်လိုက်၏ ။ တစ်နေ့သော အခါ က သမင်မကလေး လို ရှက်ဟန် ချီ ခဲ့သော မခင်သစ္စာ သည် ယခု တစ်ဖန် ကျားသစ်မကလေး ကဲ့သို့ မျက်မာန် ဖီ ပြန်ပေပြီ ။


“ တစ်နေ့ ကိုအံ့မောင် စကားတွေ ကို နားယောင် မိပြီး ကိုအံ့မောင် ပြော သမျှ အဟုတ် ထင် ခဲ့တယ် ။ ထင်တဲ့ အတိုင်း လည်း ဆွေးနွေးပွဲမှာ ဖွင့် ပြောခဲ့တယ် ။ ဒီတော့မှ ကိုအံ့မောင် ပြောတာတွေ ဟာ ခွေးအမြီး ပြတ်တဲ့ ပုံဝတ္ထု လို ဖြစ်နေတာ ကို တွေ့ရတယ် ။ ကိုအံ့မောင် က တော့ လက်မြှောက် အရှုံးပေး ထားပြီးသား ဆိုတော့ ဆွေးနွေးပွဲ မတက်ဘဲ နေတယ် ။


အဲဒီ ဆွေးနွေးပွဲ မျာ ဝိုင်းပြီး ဝေဖန်ခံလိုက်ရတာ ၊ အဲ့ဒါ ကိုအံ့မောင် ကြောင့်ပဲ ။ ကိုအံ့မောင် သာ သစ္စာဖောက် ပါ ၊ ကိုယ် အမြီး ပြတ် တိုင်း သူများ ကို ပါ ပြတ်အောင် လုပ် တာတော့ ယောက်ျား မပီသပါဘူး ။ ကျွန်မတို့ ကတော့ ကိုအံ့မောင် ပြောသမျှ တွေ ဟာ ဓနရှင်ပေါက်စ ပညာတတ် လူတန်းစား ရဲ့ ယိမ်းယိုင် တွေဝေမှုတွေ ၊ ဖောက်ပြန်မှုတွေ ၊ လက်ယာအချောင်သမား ဆန်တဲ့ အတွေးအခေါ် အယူအဆတွေ လို့ နားလည် လက်ခံကြတယ် ။


“ ကိုအံ့မောင် တို့ လို ဓနရှင်ပေါက်စ ပညာတတ် လူတန်းစား ရဲ့ မျှော်မှန်းတဲ့ တော်လှန်ရေး တာဝန် ဟာ ဘယ်လိုမှ ခေါင်းရှုပ် မခံဘဲနဲ့ တစ်ကြိမ်  တစ်ခါတည်း ဆောင်ရွက်ရုံ နဲ့ တော်လှန်ရေး အရေးတော်ပုံကြီး အောင်မြင်ပြီး ထိပ်သီး ခေါင်းဆောင်ကြီး ဖြစ်ချင်တဲ့ မျှော်မှန်းချက် ပဲ ဖြစ်တယ် ။ ဒီလို လူတန်းစား မျိုး ရဲ့ ဟောပြောချက် ကို အဟုတ်ကြီး ထင်မိတဲ့ အတွက် ဆွေးနွေးပွဲ မှာ ကျွန်မ ရဲ့ဂုဏ်သိက္ခာ ကျဆင်း ခဲ့ရတယ် ။


ဒီ စာ ကို ရတဲ့ နေ့ က စပြီး ရှင့် ကို ကျွန်မတို့ အားလုံး က သစ္စာဖောက် တစ်ယောက် အနေနဲ့ အဆက်အသွယ် အားလုံး ဖြတ် လိုက်တယ် ။


ကိုအံ့မောင် သည် မခင်သစ္စာ လို မိန်းကလေးမျိုး က ယခင် က ချစ်ခင်ကျွမ်းဝင် နေမှု ကို ပင် ဖြတ်တောက် ရဲသည့် သတ္တိ ကို ချီးကျူးရ မလိုလို , အပြစ် တင်ရ မလိုလို ဖြစ်နေသည် ။ သူ နှင့် မခင်သစ္စာ မျာ ပွင့်ပွင့်လင်းလင်း ချစ်တင်း ဆိုခဲ့ကြသူများ မဟုတ်ကြ သေးသော်လည်း တစ်ယောက် သဘော ကို တစ်ယောက် က နားလည်ပြီး သူများ ဖြစ်ကြသည် ။ နိုင်ငံရေး နှင့် စာပေ ကို ဆွေးနွေး ရင်း တစ်ဦး အကြိုက် ကို တစ်ဦး က အလိုလိုက် ခဲ့သူများ ဖြစ်ကြသည် ။


ယခုမူ သူတို့ ၏ ဝါဒ ကို လက်မခံ မယုံကြည်နိုင် တော့ သဖြင့် သူတို့ နှင့် ပါ မက သူတို့ ၏ အသိုက်အဝန်း တွင် ကျန်ရစ်ခဲ့သော မခင်သစ္စာ နှင့် ပင် ကွဲကွာရပေ ဦးမည် ။ နိုင်ငံရေး ယုံကြည်ချက် ချင်း မတူရုံ မျှ ဖြင့် လူ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ကို ပါ ဖြတ်တောက် ပစ်လိုက်ခြင်း မှာ ဝမ်းနည်းဖွယ်ရာ ပါ တကား  ... ။


ကိုအံ့မောင်သည် ချက်ချင်းပင် သူ ၏ မှတ်တမ်းစာအုပ် ထဲ တွင် ' မခင်သစ္စာ သို့ ' ဟု ခေါင်းစဉ် တပ် ၍ သူ ခံစားရသမျှ ကို ရေးချ လိုက်၏ ။


“ မခင်သစ္စာ ၊ ယုံကြည်ချက် ချင်း ကွဲလွဲတာ နဲ့ လူ အချင်းချင်း ချစ်ခင်မှု ကို ပါ ဖြတ်တောက်ရမယ် ဆိုတာ မရက်စက်လွန်းဘူးလား ။ ရှေးရှေးတုန်း က မိုး နဲ့ မြေ လို လူတန်းစားချင်း ကွာတဲ့ သူဌေးသမီး မယ်ပဋာ နဲ့ ကျွန် ကိုဒါသ တို့ တောင် ချစ်နိုင် ခင်နိုင် ကြသေးတယ် ။


အမှန်တော့ လူတွေ ကို တစ်ယောက် နဲ့ တစ်ယောက် ရန်သူ လို တစ်ယောက် လည်ပင်း တစ်ယောက် လှီး အောင် လုပ်နေတာဟာ လွဲမှားတဲ့ နိုင်ငံရေး ဝါဒတွေ ကြောင့် ပဲ ။ မှန်ကန်တဲ့ နိုင်ငံရေးဝါဒ သာ ထွန်းကားမယ် ဆိုရင် လူတွေ ဟာ ခုလောက် ဒုက္ခ တွေ့ကြရမယ် မထင်ဘူး ။ ခုတော့ တစ်ယောက် ကို တစ်ယောက် သ,တ် ၊ တစ်တိုင်းပြည် နဲ့ တစ်တိုင်းပြည် တိုက် ပြီး လက်နက် စစ်ပွဲတွေ , အငတ်ဘေးတွေ နဲ့ တွေ့ နေကြရတယ် ။


မခင်သစ္စာ တို့ ယုံကြည် နေပါတယ် ဆိုတဲ့ တစ်ပါတီ အာဏာရှင်ဝါဒ ဟာ လည်း မခင်သစ္စာ တို့ က ဘယ်လိုပဲ အကောင်းဆုံး ဖြစ်တယ်လို့ ယုံကြည် နေနေ ၊ တစ်နေ့ ကျ ရင် သူ့ ထက် ကောင်းပါတယ် ဆိုတဲ့ ဝါဒ ပေါ် လာ ဦးမှာပဲ ။ လူတွေ ဟာ ကျေးပိုင် ကျွန်ပိုင် စနစ် အောက် မှာ နေရတုန်း က မြေရှင် ပဒေသရာဇ်စနစ် က ပို ကောင်းတယ် ဆိုပြီး အဲဒီ စနစ် ကို ရအောင် တိုက်ယူ ခဲ့ကြရတယ် ။ မြေရှင်ပဒေသရာဇ် စနစ် အောက် ရောက်လာပြန် တော့ လည်း ဆိုးတာ တွေ တွေ့လာရ ပြန်တာပဲ ။ အဲဒီ မြေရှင်ပဒေသရာဇ်စနစ် က နေပြီး အရင်းရှင်စနစ် က ပို ကောင်းမယ် ဆိုပြီး အရင်းရှင်စနစ် ကို ကူးပြောင်း ခဲ့ကြပြန်တယ် ။ ဒီမှာလည်း အဆိုးတွေ တစ်ပုံကြီး ပဲ မဟုတ်လား ၊ ဟော ... ခုတော့ ဆိုရှယ်လစ် ကွန်မြူနစ်စနစ် ကို ထူထောင်ဖို့ ကြိုးစား နေကြ ပြန်ပြီ ၊ ဒီ စနစ်တွေ မှာ လည်း ကိုယ့် အယူအဆ နဲ့ ကိုယ် အမျိုးမျိုး ကွဲပြား နေကြသေးတယ် မဟုတ်လား ။ စနစ်ကြီး တစ်ခု , ခေတ်ကြီး တစ်ခု ဆိုတာ က လည်း လူတွေ ရဲ့ အသက် မွေးဝမ်းကျောင်းပုံ ၊ လူတွေ အတွက် ကုန်ပစ္စည်း ထုတ်လုပ်ပုံ ၊ အဲဒီ ပစ္စည်းတွေ ကို ဘယ်လို ပိုင်ဆိုင် ၊ ဘယ်လို ဝေငှတယ် ဆိုတာပဲ ဖြစ်တယ် ။ ပြည်သူလူထု တစ်ရပ်လုံး က စီးပွားရေးစနစ်ကြီး တစ်ခုလုံး ကို စုပေါင်း ပိုင်ဆိုင် ၊ စုပေါင်း ထုတ်လုပ် ၊ လုပ်အား နဲ့ အညီ စုပေါင်း ဝေငှ ဆိုတဲ့ ဆိုရှယ်လစ်စနစ် ၊ လုပ်နိုင် သမျှ လုပ်လို သမျှ ယူ ဆိုတဲ့ ကွန်မြူနစ်စနစ် တွေ ထွန်းကား လာ မှ လူ့ဘောင်ကြီး ဟာ ပျော်ရွှင်စရာ ကောင်းမယ် လို့ ဆိုကြတယ် ။ တကယ်တော့ အဆိုး နဲ့ အကောင်း အနည်း နဲ့ အများ သာ ကွာမယ် ၊ လူ တွေ မှာ တော့ ဒုက္ခ တွေ ရှိကြဦး မှာပါပဲ ။ ဒီတော့ ဒီ စနစ်တွေ ကို တစ်ခု ထက်  တစ်ခု ကောင်းနိုး ဆိုပြီး လူတွေ အသေခံပြီး လုပ်လာတာ ဟာ ဘာနဲ့ တူသလဲ ဆိုတော့ အရှေ့ နဲ့ အနောက်

တောင် နဲ့ မြောက် ဆက်သွယ်ပြီး ပေါ် လာတဲ့ ရောင်စုံ ပြေး နေတဲ့ သက်တံ့ ကို တစ်ဖက် မိုးကုပ်စက်ဝိုင်း က တစ်ဖက် ၊ မိုးကုပ်စက်ဝိုင်း ကို သွားနိုင်မယ့် တကယ့် ပေါင်းကူးတံတား မှတ်ပြီး ကူးကြ သလို ရှိမှာပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျေးပိုင် ကျွန်ပိုင်စနစ် ၊ မြေရှင်ပဒေသရာဇ်စနစ်တွေ အောက်မှာ လူတွေ ဟာ ကျေးပိုင်ရှင်, ကျွန်ပိုင်ရှင် မြေရှင်ပဒေသရာဇ်တွေ ရဲ့ ကြာပွတ် နဲ့ ဓား ကို ကြောက် နေ ရ သလို အရင်းရှင်ခေတ် စနစ် အောက် ရောက် လာတော့ အဏုမြူဗုံးတွေ ၊ ဟိုက်ဒရိုဂျင်ဗုံးတွေ ၊ လူတွေ ကို အစုလိုက် အပြုံလိုက် သေစေတဲ့ လက်နက်

တွေ ကို ကြောက် နေ ကြရတယ် ။ မခင်သစ္စာ တို့ ယုံကြည်တဲ့ ကွန်မြူနစ်ပါတီ အာဏာရှင်စနစ် အောက် ကို ရောက်ကြ ရင် လည်း လူတွေ ဟာ ကိုယ် လုပ်နိုင် သလောက် လုပ် လိုသလောက် ယူ ဆိုတဲ့ ပစ္စည်း ထုတ်လုပ်ရေး ၊ ဝေငှရေးတွေ ဖြစ်နိုင်ပေမယ့် သတ္တလောကကြီး အတွက် ဘေးဆိုးကြီး တစ်ခု ကို တော့ ကြောက်နေရလိမ့် ဦးမယ် ။ အဲ့ဒီ ဘေးဆိုးကြီး ဟာ ဘာလဲ ဆိုတော့ လူတွေ ဟာ ကိုယ် ပြောချင် သလို မပြောရ ၊ ကိုယ် စိတ်ကူးချင် သလို မကူးရ ၊ ကိုယ် ရေးချင် သလို မရေးရဘဲ အသက် ရှင် လျက် နှင့် စက်ရုပ်ကြီးတွေ ဘဝ ကို ရောက်သွားရမယ့် အဖြစ်ပဲ ။ အဲဒီ နောက် တစ်ခါ ကျွန်တော် ယုံကြည်တဲ့ ပါလီမန် ဒီမိုကရေစီ နဲ့ ဆိုရှယ်လစ် အီကော်နော်မီစနစ် အောက် မှာ တော့ လူတွေ ဟာ လွတ်လွတ်လပ်လပ် ပြောဆို ရေးသား လုပ်ကိုင် နိုင်ပေမယ့် ပစ္စည်း ဝေငှရေး မှာတော့ တတ်နိုင်သလောက် လုပ်ပြီး လိုသမျှ ရကြမှာ မဟုတ်ဘူး ။ သင့်ရုံ တင့်ရုံပဲ ရကြလိမ့်မယ် ။ ဒီတော့ ကျွန်တော်တို့ တစ်တွေဟာ တစ်ဖက်သော မိုးကုပ်စက်ဝိုင်း မှ အခြား တစ်ဖက်သော မိုးကုပ်စက်ဝိုင်း ကို သက်တံ့ ပေါင်းကူးဆဆတံတား နဲ့ ကူး နေကြတာနဲ့ တူ မနေပေဘူးလား ။


အဲဒီလို ကိုယ် နှစ်သက်ရာ ကိုယ် ယုံကြည်ရာ ပေါင်းကူးတံတား က ကူးနေတဲ့ အချိန် မှာ လူ လူချင်း တစ်ယောက် ကို တစ်ယောက် မုန်းဖို့ ၊ တစ်ဦး နဲ့ တစ်ဦး လည်လှီးဖို့ ဆိုတဲ့ စိတ်တွေ ကို ဖျောက်ပြီး ဒုက္ခ အတိ နဲ့ ပြည့်နေတဲ့ ဒီ လူဘုံကြီး မှာ တစ်ဦး နဲ့ တစ်ဦး မေတ္တာစိတ် , ကြင်နာစိတ် ဥပေက္ခာစိတ် တွေ ပွား နိုင်ဖို့ အရေး ဆောင်ရွက် နိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ် မခင်သစ္စာ ... ” 


ကိုအံ့မောင် က သူ့ မှတ်တမ်းစာအုပ် ကို ပိတ် လိုက်ပြီး ပြတင်းပေါက် ရှိရာ သို့ လျှောက် လာ ကာ အပြင် လောက သို့ မျှော်ကြည့် လိုက်၏ ။


အရှေ့ဘက် မိုးကုပ်စက်ဝိုင်း တွင် ရောင်စုံ ပြေးနေသော သက်တံ့ တစ်ခု သည် မိုးနှင်းများ တဖွဲဖွဲ ကြား တွင် ပျပျကလေး လှ ၍ နေလေသည် ။


( ရဲဘော်ကြီး ကိုသန့်ဇင် နှင့် မခင်သစ် တို့ အား ရည်ညွှန်းအပ်ပါသည် ။ )


◾တက္ကသိုလ် နန္ဒမိတ်


📖 မြဝတီ မဂ္ဂဇင်း

      တွဲ - ၇ ၊ အမှတ် - ၁

      နိုဝင်ဘာ ၊ ၁၉၅၈


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment