❝ ကျွန်တော့် ကို မယုံကြနဲ့ဗျာ့ မှန်ချင် မှန်မယ် ၊ မှားချင် မှားမယ် ၊ သူ ဖြစ်ချင်တာ ဖြစ်သွားတာ ❞
၂၀၀၂ ခုနှစ် ၊ ဒီဇင်ဘာလ ၉ ရက် ၊ နတ်တော်လဆန်း ၁၄ ရက် နေ့ က အောင်လံမြို့ ပွဲစားကြီး ဦးစိန်ကုလား အလှု ဧည့်ခံမဏ္ဍပ် တွင် ရေခဲမုန့် အတူ စားနေကြစဉ်
( ထိုနေ့ က နှင်းတွေ နင်းကန် ကျ ၊ ချမ်းလှသဗျာ့ ။ )
“ ဘယ့်နှယ် နေလဲ မထည့်သေးဘူးလား ”
“ အင်း ... စ ထည့်နေပြီ ဆိုပါတော့ ”
“ ခပ်ဆိုင်းဆိုင်း လုပ် မနေနဲ့ ကိုယ့် လူ ၊ ကိုရင်တို့ မနှစ်တုန်း က ၅၈ဝ လောက် နဲ့ ထည့်ခဲ့တာ ၊ နောက်ဆုံး ပွဲသိမ်း မှာ ၉၅ဝ ဈေး ရောင်းစားခဲ့ကြရတယ် မဟုတ်လား ”
“ အဟင်း ... အဟဲ ”
အချီအချ စကား ပြော နေကြသူများ မှာ ကျွန်တော် နှင့် ကိုဝင်း တို့ ဖြစ်ပါ၏ ။ ပဲခွံ ( လောင်စာ ) မလုံလောက်မှာ စိုးလို့ ပြန့်ပဲ ( ခြောက်လပဲ ) များ ဝယ်ထည့် ထားခဲ့လေရာ ပဲခွံ က ကား တစ်စီး ၁၅ဝဝဝ ခန့် နဲ့ စာရင်းပိတ် ၊ ပဲဆန် က ၉၅ဝ နဲ့ စာရင်းပိတ် ၊ ပဲဆန်က ချည်းပဲ တစ်ပိဿာ ၃ဝဝ လောက် ကိုယ့် တွက် ကျန်တယ်ဗျာ ၊ ပိဿာချိန် အများကြီး ၊ အမြတ် လည်း အများကြီးပေါ့ ဗျာ ၊ ငွေ အောင်တာကိုး ။
“ ဂေါ်ပဂေါ် ( ၅၅ဝ ) ဖြစ်သွားပြီ အစ်ကို ”
“ ဟာ ... မင်း ငါ မပြော ဘူးလား လက် မနှေးနဲ့လို့ ”
နောက် ၁၅ ရက် အကြာ မှာ တွေ့တော့ ကိုဝင်း က ပြော တဲ့ စကား ၊ ဈေး တက် သွားပြီဆိုတော့ မောင်ချမ်းသာ အားရသပေါ့ နော် ။ ကိုဝင်း စ ထည့်စဉ် က ပြန့်ပဲ တောင် တစ်ပိဿာ ၄၉ဝ - ၅ဝဝ ကျပ်ဗျာ ၊ ယခု ၅၅ဝ ဖြစ် သွားလေပြီကိုး ။ ၂ဝဝ၂ ခုနှစ် ၊ ဒီဇင်ဘာ ၃ဝ ရက် ၊ စနေနေ့ ။
“ ဝေါင် ... ဝေါင် ဝူ ... ဝူ ... ဝုတ် ... ဝုတ် ”
ကျွန်တော့် အိပ်ဖန်စောင့် ခွေးကြီး သုံးကောင် ဝိုင်း ဟောင်သံ ကြားရ သဖြင့် တံခါးပေါက် သို့ ကြည့်လိုက်ရာ လူစိမ်း တစ်ယောက် ။ တံခါး သွား ဖွင့်ပေးပြီး ကြည့်လိုက် တော့ လူစိမ်း မဟုတ် ၊ လူကျက် ။ ကျွန်တော့် တူတော်မောင် ညောင်ညောင် အမည် တွင် သွားသူ ။
“ ဟ ... မင်း အခုမှ ပဲ လာရသလားကွ ၊ ငါ့ သား မင်္ဂလာဆောင် က ပြီး သွားပြီ ၊ မင်း ဝက်သားဟင်း နဲ့ လွဲသွား တာပေါ့ကွာ ”
( ကျွန်တော့် သား မင်္ဂလာဆောင် က ဝက်သားကျွေး ခင်ဗျာ့ ၊ ဘာမှမဟုတ်ဘူး ကြုံလို့ ကြွား တာ ။ )
“ ဝက်သားဟင်း ထက် အရေးကြီး နေတယ် ဦးလေး ”
“ ဟယ် ... လုပ်စမ်း ၊ ဒါမှ ငါ့တူ ”
“ ကျွန်တော် နှမ်းတင်း ၈ဝ ရောင်းထားတဲ့ ပိုက်ဆံ ပွဲရုံ မှာ အပ်ထားတာ ရှိတယ် ၊ အဲဒါ ဘာ ဝယ်ထားရ ကောင်းမလဲ ဟင် ”
“ ဒီလိုလား ... မင်း ဆိုတဲ့ အကောင် က ရပေါက် ရလမ်းရှိမှ ငါ့ ဆီ လာတဲ့ ကောင် ၊ မင်း ဝယ်ချင်တာ ဝယ်ကွာ ”
“ မလုပ်ပါနဲ့ ဦးလေး ရာ ”
“ စပါးရော ဖွဲရော မလုပ်နဲ့ ၊ အခမဲ့ အကြံဉာဏ် မပေးနိုင်ဘူးကွ ၊ ဆွေမျိုး စပ်ရင် မင်း ဟာ ငါ့တူ ၊ ဒါပေမယ့် ငွေ မှာ အမျိုး မရှိဘူးကွ ၊ တန်ရာတန်ကြေး တော့ ရ မှပဲ ဟေ့ကောင် ”
ကျွန်တော် သူ့ ကို တမင် စလိုက်ပါ၏ ။
“ ညနေ ဘီယာ အဝ တိုက်မယ် ဦးလေး ”
“ အစ ကတည်း က အဲဒီ စကား ပြော ပြီးမှ ဝင်လာခဲ့ဖို့ ကောင်းတာ ”
( ကျွန်တော့် ထံ လာ သူများ ဘီယာ သယ်ခဲ့ရမည် ဟု မဆိုလိုပါ ။ )
သူ အပ် ထားသော ပွဲစားအိမ် မှ အလုပ်သမားလေး ဈေးကွက် ထဲ တွင် နောက် နေ့ နံနက် ပဲစင်းငုံ လိုက် ဝယ် နေသည် ကို တွေ့ရပါ၏ ။ ညောင်ညောင့် အမိန့် အရ ။ ထိုနေ့ ( ဒီဇင်ဘာ ၃၁ ) က ပဲစင်းငုံအနီ ( ပိဿာ ၂ဝ တစ်တင်း ) ၆ဝဝဝ ကျပ် ဈေး ။
“ ဦးလေး ပြော တဲ့ အတိုင်း ကျွန်တော် ဝယ် လိုက်ပြီ ”
“ အေး ... ငါသိတယ် ”
“ ဗျာ .. ”
“ ဟယ် ... ငါ က သတင်းထောက် လေ ”
“ မိန်းမ ရွှေတွေ ခဏ ဆွဲ ပေါင်ပြီး ထပ် ထည့်ရ ဘယ်နှယ့် နေမလဲ ”
သူ နဲ့ တွေ့သည် မှာ ဇန်နဝါရီလ ၉ ရက် နေ့ ၊ ပဲစင်းငုံအနီ ၆၅ဝဝ ။ ကြား ( နီဖြူရောရာ ) ၆၃၅ဝ ။
“ ဟာ ... ဘိုကွမ်း ပြန့်ပဲ မထည့်ဘူးလား ”
“ ထည့်မယ် အိုကေကြီး ၊ နှမ်းတွေ ထုတ်လိုက်ဦးမယ် ”
“ ရေရာတာ လုပ်စမ်းပါဟ ”
“ ဟုတ်ကဲ့ပါ ”
ကွမ်းယာ ပါးစပ် ထဲ ထည့် နေ သောကြောင့် ဘိုကွမ်း ဟု ခေါ်ကြ၏ ။ ခံတွင်းကင်ဆာ ကို လက်ယပ် ခေါ်နေသူ ။ သူ့ ဂိုဒေါင် ထဲ မှာ နှမ်းအိတ် တွေ အပုံလိုက်ကြီး ၊ ကျွန်တော် မြင်ယောင်မိ ။
“ အိုကေကြီးတို့ များ မှန်း လိုက်ရင် မလွဲတမ်းပဲ ဟေ့ ”
ကျွန်တော့် စိတ် သည် မိုး ပေါ် သို့ ရောက်သွား လေ၏ ။ အောက် က လူတွေ ကို လှမ်း ကြည့် လိုက်တော့ ပီဘိ သေးသေးလေးတွေ ၊ ပုတ်သင်ညို မတ်တတ် ထောင်ထား သလား အောက်မေ့ ရတယ် ။ ဂုတ်ထိပ်တံတား ပေါ် က အောက် ငုံ့ ကြည့် လိုက်တော့ ကျောက်တောင် နှစ်ခု ကြား ချောင်းကလေး ထဲ က လူ က်ို မြင်လိုက်ရ သလို ။ ဇန်နဝါရီ ၂ဝ ရက် တနင်္လာနေ့ နံနက် ။ ကျွန်တော် က မြောက်ပိုင်း က ပြန် အလာ ၊ ဘိုကွမ်း က တောင်ပိုင်း က ပြန် အလာ ၊
“ ၄၄ဝဝဝ တုန်း က ထုတ်လိုက်တယ် မဟုတ်လား ”
“ ဟင့်အင်း ... ၄၅ ဖြစ်တော့မယ် ဆိုပြီး စောင့် နေတာ ၊ ၄၅ ဖြစ်ရင် ထုတ်မယ်ပေါ့ ၊ လွဲ သွားတယ် အိုကေကြီး ရေ ”
ကျွန်တော် စိတ်တွက် တွက်လိုက်၏ ။ ဘိုကွမ်း ၁၆ သိန်း နာ သွားပြီ ။ ၄၄ဝဝဝ မှာ ထုတ်ပြီး ပဲစင်းငုံ ဘက် လှည့်လိုက်မယ် ဆို အိုကေ မှာ စိုပြည် နေပြီပေါ့ ။ ကျွန်တော် ရှေ့ဆက် စက်ဘီး နင်း လာရာ ကိုဝင်း နဲ့ ပက်ပင်း တိုးလေ၏ ။ ရှောင် ပြေးမည် လုပ်သေး သော်လည်း မလွတ်တော့ချေ ။
“ ဆောရီး ကိုဝင်း ၊ ကျွန်တော် အကြံဉာဏ် ပေးမိတာ မှားသွားတယ် ”
ဒေါသတကြီး ထိုးချေ ခံလိုက်ရသော စီးကရက်တို ကဲ့သို့ ရှုံ့တွ နေသော ကိုဝင်း က မချိတင်ကဲကလေး ပြုံးပြ ။ ကိုဝင်း ၅ဝဝ မှ စ ကျုံးခဲ့သော ပြန့်ပဲ ၆၁၅ ကျပ် ရောက်ပြီး မှ ၅၄၅ ကျပ် သို့ ပြန်ကျ ။ ဆီထွက်သီးနှံ ကိုင်မိသူများ မျက်နှာ မလှ ။ ထိုနေ့ က ပဲစင်းငုံ ၇၁၅ဝ ဖြစ် ၊ ပဲတီစိမ်း က ၈၅ဝဝ - ၉ဝဝဝ ဖြစ် ။ ပဲကျစ်ပဲမာ လက် ထဲ ရှိသူများ လက်မ ထောင် ။ ( ပဲတီစိမ်း ၊ မတ်ပဲ ၊ ကုလားပဲ ၊ ပဲကြီး ၊ ပဲစင်းငုံ စသည် တို့ ကို ပဲကျစ်ပဲမာ ဟု ခေါ်၏ ။ )
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment