အခန်း ( ၁၅ )
ထုံးစံအတိုင်း ကျွန်တော် တို့ အိပ်ရာ က နိုးတော့ နေ အတော် မြင့် နေပြီ ။
မျက်နှာ သစ် ဖို့ ခြံထောင့် သရက်ပင် အောက် က ရေတိုင်ကီ ရှိရာ ဆီ ဆင်း လာရင်း ဟိုဘက် က လင်းယုန်ဖယောင်းတိုင် အိမ် ကို လှမ်း ကြည့်လိုက် တော့ ဦးခွေးနီ တို့ လင်မယား က အိမ်ရှေ့ ကွပ်ပျစ် ပေါ် ထိုင်ပြီး ပိုက်ဆံတွေ အထပ်လိုက် ကို တစ်ရွက်ချင်း စီ ရေ နေတာ တွေ့ ရတယ် ။
ဪ .. သူတို့ ဆီ က ပိုက်ဆံ ကောက်ရဦး မှာ ကိုး လို့ သတိရ လိုက်မိသေး ရဲ့ ။
ကျွန်တော် မျက်နှာ သစ် နေတုန်းမှာ ပဲ ပန်းချီဆရာ က ဟိုဘက် အိမ် ကို လှမ်း အော် မေးနေသံ ကြားရတယ် ။
“ ဗျို့ ... ဦးလေးခွေးနီ ၊ ဖယောင်းတိုင်ဖိုး တွေ သိမ်းလာပြီလား ”
“ အေးဟေ့ ... ဒီမယ်လေကွာ ။ မင်းတို့ အလှူခံအဖွဲ့တွေ လာကြဦး လေ ၊ လက်ဖက်သုပ် လုပ် ထားလိုက်မယ် ”
ဦးခွေးနီ က သူ့ လက် ထဲ က ၂၅ ကျပ်တန် ပိုက်ဆံ အစည်း ကို မြှောက် ပြရင်း လှမ်း ခေါ်တော့ ပန်းချီဆရာ က ...
“ ညနေ ကျ မှ လာတော့မယ် ဦးလေး ရာ ၊ ခုတော့ ရဲစခန်း သွားပြီး ဦးမောင်ဝမ်း ကိစ္စလေး ရှင်းပေး လိုက် ဦးမယ် ”
“ အေး ... အေး ... ဟိုကောင် ဖိုးစော ရော ၊ သက်သာတယ် မဟုတ်လား ”
“ ဟုတ်ကဲ့ ”
ကျွန်တော် တို့ မျက်နှာ သစ် နေတုန်း ကိုဆင့်သူ က တော့ ရေ တဗွမ်းဗွမ်း လောင်းချိုး နေတယ် ။ သွားစရာ ရှိလို့တဲ့ ။ ဒီနေ့က စနေနေ့ ပဲ ဟာ ကို ။ ကျောင်း တက် ရမှာလည်း မဟုတ်ဘဲ နဲ့ ဘယ်သွား မှာ လဲ မသိဘူး ။
ကျွန်တော်တို့ က တော့ ထုံးစံ အတိုင်း ဆယ်နာရီ သာသာ လောက် မှာ လက်ဖက်ရည်ဆိုင် ကို ထွက် ခဲ့ကြတယ် ။ ပန်းချီဆရာ က ...
“ ကျွန်တော် နဲ့ ဖိုးစော ဒေါ်သန်းတင် ကို ဝင် ခေါ်ပြီး ရဲစခန်း ကို သွား လိုက်ဦးမယ် ဗျာ ၊ ခင်ဗျား တို့ လက်ဖက်ရည်ဆိုင် က ပဲ စောင့် ”
ဆိုလို့ ကျွန်တော် နဲ့ ကိုမောင်မောင်ချို က ခေါင်းညိတ် ပြ လိုက်တယ် ။ ဒေါ်သန်းတင် တို့ အိမ် ရှေ့ မှာ ရပ်ပြီး ...
“ ဗျို့ ... ဒေါ်လေး ... ဒေါ်လေးသန်းတင် ”
လို့ အော် ခေါ် နေတုန်း ကိုမောင်မောင်ချို က ...
“ ရပ်ကွက် အပိုင် ကောင်စီလူကြီး ကို ပါ ခေါ် သွားဖို့ မမေ့နဲ့ဦးနော် ၊ သူ ပြော ပေးမှ အမှု က ကျေအေးလို့ ရမှာ ထင်တယ် ”
ဖိုးစော ကို သတိပေး လိုက် သေးတယ် ။ ဖိုးစော က “ ဟုတ်ကဲ့ ” လို့ ဆိုတော့ မှ လက်ဖက်ရည်ဆိုင် ဘက် ကို ကျွန်တော် နဲ့ ကိုမောင်မောင်ချို နှစ်ယောက်သား အေးအေးလူလူ လမ်းလျှောက် ထွက် ခဲ့ကြတယ် ။
••••• ••••• •••••
လက်ဖက်ရည်ဆိုင် ထဲ မှာ ဖွင့်ထားတဲ့ ကက်ဆက်ခွေ သီချင်းသံ က ပျင်းစရာကြီး ဗျာ ။
အချိန် က နေ့လယ် ၁၁ နာရီ ကျော် နေပြီ ။ မွန်းတည့်ခါနီး ဆိုပေမယ့် နေ မပူဘဲ မိုးအုံ့ နေတယ် ဗျ ။
လက်ဖက်ရည်ဆိုင် ထဲ မှာ လည်း လူ က ရှင်းလို့ ။ အဖျော် ဆရာတောင် ဘယ်နား သွား ငိုက်နေသလဲ မသိဘူး ။
ကျွန်တော် နဲ့ ကိုမောင်မောင်ချို နှစ်ယောက် ပဲ ရှိတယ် ။
အစတုန်း က တော့ သီချင်းခွေ လဲ ခိုင်း မလို့ စိတ်ကူး လိုက် သေးတယ် ။ ဒါပေမဲ့ ကောင်တာ ကို လှမ်း ကြည့်တော့လည်း ဘယ်သူမှ မတွေ့ တာ နဲ့ မပြော ဖြစ် တော့ပါဘူး ။
ကျွန်တော် က ကိုမောင်မောင်ချို ဘက် ကို လှည့် ပြီး ...
“ ကိုမောင်ချို ... မနေ့ည က အိပ်မက်တွေ အကြောင်း ဘာဖြစ်လို့ ပြန် ပြန် စဉ်းစားနေရတာလဲ ဗျ ”
ကိုမောင်မောင်ချို က ချက်ချင်း ပြန် မဖြေသေးဘဲ အုတ်နီခဲရောင် ပေါက် နေတဲ့ လက်ဖက်ရည် အေးစက်စက် ကို အကြာကြီး စိုက် ကြည့် နေသေးတယ် ။
ပြီးတော့ မှ ...
“ အိပ်မက် ဆိုတာ ကိုယ် ကိုယ်တိုင် မက်တာ မှ ဟုတ်ရဲ့လားလို့ မသေချာ လို့ပါ ဗျာ ”
သူ ပြောတဲ့ စကား ရဲ့ အဓိပ္ပာယ် ကို ကျွန်တော် နား မလည်ဘူး ။ ကိုမောင်မောင်ချို က ဆက် ပြီးတော့ ..
“ အိပ်မက် ထဲ က အဖြစ်အပျက်တွေ ကို သိ နေတဲ့ စိတ် ကတော့ ကိုယ့် ကိုယ်ပိုင် သိစိတ်ပေါ့ဗျာ ။ ဒါပေမဲ့ အိပ်မက် ထဲ မှာ ဖြစ်တဲ့ ပျက်တဲ့ ဟာတွေ ကိုပဲ ဘာတွေပဲ ဖြစ်ရမယ် ။ ဘာတွေ မဖြစ်ရဘူး လို့ ကိုယ့် စိတ်ကြိုက် စီမံခွင့် မှ မရတာ ။ ကျွန်တော်တို့ ရဲ့ ဦးခေါင်း ထဲ က အိပ်မက်တွေ ကို ဘယ်သူက လာ စီမံ နေ တာလဲ ”
ထပ် ရှင်းပြ မှ ပို ဆိုး သွားတယ် ။ ကျွန်တော် လုံးဝ နားမလည် တော့ဘူး ။ အဲဒီ အချိန်မှာ ပဲ လက်ဖက်ရည်ဆိုင် ရှေ့ လမ်းမ အတိုင်း ဖုန် တထောင်းထောင်း နဲ့ ပြေး လာ တဲ့ ဒေါ်သန်းတင် ကို လှမ်း မြင် လိုက်တယ် ။
ဟင် ... ဘာဖြစ်လို့ ပြေး လာ တာပါလိမ့် ။
သူ့ နောက် မလှမ်းမကမ်း မှာ လည်း ဦးမောင်ဝမ်း က မပြေးရုံ တမယ် ခြေလှမ်းတွေ နဲ့ ။ ( အင်း ... ဒါဆို ရဲစခန်း အချုပ် က တော့ ပြန် လွှတ် ပေး လိုက် ပြီပေါ့ )
ဟိုး နောက် ခပ်ဝေးဝေး မှာ မှ ပန်းချီဆရာ နဲ့ ဖိုးစော က ငိုင်တိုင်တိုင် ပေစောင်းစောင်း နဲ့ ဖြည်းဖြည်းချင်း လျှောက် လာ နေတယ် ။
••••• ••••• •••••
ကျွန်တော် က လက်ဖက်ရည်ဆိုင် ရှေ့ လမ်းမ ပေါ် ထွက်ပြီး အနား ရောက် လာတဲ့ ဒေါ်သန်းတင် ကို ..
“ ဒေါ်လေး ... ပြူးတူးပြဲတဲ နဲ့ ဘာဖြစ် လာတာလဲ ”
ကျွန်တော့် ကို ပြန် ကြည့်တဲ့ ဒေါ်သန်းတင် ရဲ့ မျက်လုံးတွေ ဟာ ဝမ်းနည်းပန်းနည်း ဖြစ် နေတယ် ။ နှမြော ကြေကွဲ နေတယ် ။ သူ့ အသံ က လည်း တုန်တုန်ရီရီ ... ။
“ ရေ ... ရေဒီယို က သတင်း လာ သွားတယ်ဟဲ့ ၊ ဟို ... ဟို ၂၅ ကျပ်တန် ၊ ၃၅ ကျပ်တန် နဲ့ ၇၅ ကျပ်တန်တွေ ကို တရားမဝင် ငွေစက္ကူ အဖြစ် ကြေညာ လိုက်ပြီ တဲ့ ။ သွားပြီး ... သွားပြီ ... ကုန်ပြီ ။ ငါ ဈေးရောင်း ထား တဲ့ ပိုက်ဆံလေး တွေ ကုန်ပြီ ။ အရင်း ပြုတ်ပြီ ဟဲ့ ... ငတ်ပြီ ဟဲ့ ... အီး ... ဟီး ... ဟီး ”
ပြောပြောဆိုဆိုနဲ့ ငိုချ လိုက်ပါလေရော ။ ကျွန်တော် ကြောင်ငေးပြီး ကြည့် နေမိတယ် ။
••••• ••••• •••••
ကျွန်တော် ထင်ပါတယ် ။
အဲဒီနေ့ က လူတွေ အားလုံး ကိုယ့် အနာဂတ် ကို ကိုယ် ကြောင်ငေးပြီး ကြည့် နေခဲ့ မိကြမှာပါ ။
••••• ••••• •••••
အဲဒီ နေ့ က စက်တင်ဘာလ ( ၅ ) ရက် ၊ စနေနေ့ ပါ ။
မိုးအုံ့ပြီး ပူအိုက်တဲ့ နေ့ တစ်ရက် လည်း ဖြစ်ခဲ့တာပေါ့ ။ ရယ်သံ ခြောက်သွေ့ တိတ်ဆိတ်တဲ့ နေ့ တစ်နေ့ လည်း ဖြစ်ခဲ့တယ် ။
လမ်း ပေါ် မှာ လူတွေ ရှင်းပြီး ခြောက်ကပ်ကပ် ဖြစ် သွားတယ် ။ မော်တော်ကားတွေ အသွားအလာ သိသိသာသာ ကျဲပါး သွားတယ် ။
လူတွေက ကိုယ့် အိမ် ထဲ က ရေဒီယို ရှိရာ ဆီ မှာ စုပြီး ထပ်ပြန် တလဲလဲ လာ နေတဲ့ သတင်း ကြေညာချက် ကို မယုံနိုင် သလိုလို နားကြား လွဲ သလိုလို အကြိမ်ကြိမ် အခါခါ ပြန်ပြီးနားထောင် နေကြတယ် ။
ဥပဒေ ကဲ့သို့ အာဏာ တည်သော အမိန့် ... တဲ့ ။
အခေါ်အဝေါ်တွေ က နား နဲ့ ခပ်စိမ်းစိမ်း ပဲ ။ အမိန့် အမှတ် ( ၁ ) ၊ ၁၉၈၇ တဲ့ ။
ကြေညာချက် ကို နား မလည်နိုင် စရာ အကြောင်း တော့ မရှိဘူး ။
ရှင်းရှင်းလေး ပဲ ။
၂၅ ကျပ် တန် ၊ ၃၅ ကျပ် တန် နဲ့ ၇၅ ကျပ် တန် တွေ ဟာ တရားမဝင် ဖြစ်သွားပြီ ။ ပိုက်ဆံ မဟုတ်တော့ဘူး ။ သုံးလို့ မရတော့ဘူး ။
ဘာကြောင့်လဲ ။
လာ မမေးနဲ့လေ ။ မသိဘူး ။ သွား ... ။
ဒါဆို ကျွန်တော် တို့ ကျွန်မ တို့ ချွေးနဲစာ နဲ့ ရှာထားတဲ့ ၂၅ ကျပ် တန်လေး တွေ ၃၅ ကျပ်တန်လေး တွေ ကို ရော ဘာ လုပ်ရမှာလဲ ။
ဟ ... အမှိုက်စုတ် တွေ ဖြစ် သွားပြီပဲ ။ လုပ်ချင်တာ လုပ်ပေါ့ ။ ရေ ထဲ လွှင့် ပစ် ၊ မီး ရှို့ ပစ် ၊ ဒါမှ မဟုတ်ရင် မင်းတို့ သေတဲ့ အခါ အသုဘ ခေါင်းဘေး မှာ အလှ ကပ်ချင် ကပ်ပေါ့ ။
ဒါပဲ ... ဒါပဲ ... ဒါပဲ ။
လူတွေ ဟာ ရှင်း နေတဲ့ ကိစ္စ ကို မရှင်း သလိုမျိုး ထပ်တလဲလဲ မေးခွန်း တွေ ထုတ် နေကြတယ် ။ တကယ်တော့ နား မရှင်းတာ မဟုတ်ပါဘူး ။ သူတို့ ရင် ထဲ က သောက အပူ ကို နည်းနည်း ဖြစ်ဖြစ် သက်သာ ဖြေသိမ့် စရာ သဲလွန်စ များ ထွက်လာ နိုးနိုး နဲ့ ကောက်ရိုးမျှင်တွေ လျှောက် ဆွဲ ကြည့် နေကြတာ ။
လူတွေ .. လူတွေ ဟာ ကျောက်ဆစ်ရုပ်တွေ လို တောင့်တင်း ငြိမ်သက်ပြီး မျက်လုံးတွေ သေ နေကြတယ် ။
ဒါပေမဲ့ သူတို့ ရဲ့ အားကိုးရာမဲ့ မျှော်လင့်ချက်တွေ က တော့ ယောက်ယက်ခတ် ပြေးလွှား နေကြတယ် ။
သွေးရူးသွေးတမ်း ကယောင်ချောက်ချား နဲ့ ပေါ့ ။
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment