Monday, September 11, 2023

ဝတ္ထုရေးဆရာ မောင်သာရ


 

❝ ဝတ္ထုရေးဆရာ မောင်သာရ ❞

မောင်သာရ တစ်ယောက် ဆုံးရှာပြီ ဆိုတာ ကို လွတ်လပ်တဲ့ အာရှအသံ က မစန်းစန်းတင် က ကျွန်တော့် ကို ဖုန်း ဆက်ပြီး သတင်း ပေးပါတယ် ။ တကယ်တော့ သူ မကျန်းမမာ ဖြစ်နေတာ ကြာပါပြီ ။ “ မသွားနိုင် မလာနိုင် ဖြစ်နေလို့ အမျိုးသမီး သုံးယောက် ရဲ့ အပြုအစု ကို ခံနေရတယ်ကွာ ” လို့ ကျွန်တော့် ကို လှမ်း ပြောပါတယ် ။ ဘီးတပ်ကု,လားထိုင်လေး နဲ့ ရွေ့လျား နေရတယ် လို့ လည်း ပြောပါတယ် ။ အမျိုးသမီး သုံးယောက် က အဖြူ ၊ အမည်း ၊ အဝါ သုံးရောင်ခြယ် လို့ ဆိုပါတယ် ။ အဖြူမ က သူ့ ကို ဆေး တိုက်တယ် ။ အမည်းမ က သူ့ ကို အဝတ်အစား လဲလှယ် ပေးတယ် ။ အဝါမ က အစာ ခွံ့ကျွေးပါ သတဲ့ ။ တစ်နည်း အားဖြင့်တော့ “ ငါ ဇိမ်ကျ နေတယ် ” လို့ ဆိုလိုဟန် ရှိပါတယ် ။

တကယ်တော့ ကျွန်တော် တို့ မြန်မာ လို ပြောရရင် သူအိုရုံ မှာ နေရ ရှာ တာပါ ။ သူအိုရုံ လို့ ပြောတာကို သူ က မကြိုက်ပါဘူး ။ အင်္ဂလိပ် လို စီနီယာ စင်တာ သက်ကြီးရိပ်သာ မှာ နေတယ်လို့ ပြောစေ ချင် ပါတယ် ။ “ သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း ” ဆိုတဲ့ နိမိတ်ကြီး လေးပါး ရှိတယ် မဟုတ်လား ။ မြန်မာပြည် က ဗုဒ္ဓဘာသာ ဘုရားကျောင်းကန် တွေ မှာ သံဝေဂ ရဖွယ် ဖြစ်အောင် ကုသိုလ်ရှင်များ က လှူ ထားတာပါ ။ ဆရာမောင်သာရ တို့ ရဲ့ မန္တလေး မှာ နိမိတ်ကြီး လေးပါး အရုပ်တွေ အများဆုံး ရှိတယ် ထင်ပါတယ် ။

ထားပါတော့ ၊ ဘာပဲ ခေါ်ခေါ် တကယ် က သက်ကြီးရွယ်အို တွေ အတွက် အထူး ဆေးရုံ တစ်ခု ပဲ ။ ရိုးရိုး “ သူအိုရုံ ” မဟုတ်ပါဘူး ။ သူ့ အပြော အရ ဆိုရင် “ လူအို ဆေးရုံ ” ပါ ။ သူအို ၊ သူနာ နှစ်ခုပေါင်း အရည်အချင်း ရှိသူများ ထားတဲ့ နေရာ ပါ ။ နိမိတ်ကြီး နှစ်ပါး ကို နေ့စဉ် မြင်တွေ့ နေ ရလို့ သံဝေဂ ပွားမယ် ဆိုရင် ပွားလောက်တဲ့ နေရာပါ ။ အဖြူ ၊ အဝါ ၊ အမည်း ရောင်စုံတွေ ချည်း မြင် နေရင် လည်း တစ်နည်း အားဖြင့်တော့ အသက်ရှည်ဆေး ၊ နုပျိုဆေး ဖြစ်နိုင်မလား မသိပါ ။ ကျွန်တော် မရောက်ဖူးပါ ။ ကျွန်တော် နေတဲ့ နယူးယောက် နဲ့ ဆိုရင် အမေရိကတိုက် ရဲ့ အရှေ့ဖျား နဲ့ အနောက်ဖျား ပါ ။ မောင်သာရ က တော့ သူအိုရုံ တွေ ကို အမေရိက ရောက်စ ကတည်း က လေ့လာ နေတာ တွေ့ရပါ တယ် ။ ချီကာဂို မှာ ကျွန်တော်တို့  သွား လည်တဲ့ မန္တလေးသား မိတ်ဆွေ ဆရာဝန် ရဲ့ အိမ် အနီး မှာ သူအိုရုံ တစ်ခု ရှိပါတယ် ။ သူ က ကြိုတင် လေ့လာ ထားပြီး တစ်နေ့ နေ့ မှာ သွားဖို့ အဆင်သင့် ပြင် နေ တာပါ ။ ကိုသာရ က တွက်ကိန်း နဲ့ လူ လုပ်တဲ့ လူစားမျိုး ပါ ။ ဘတ်ဖဲလိုး မှာ လည်း သူအိုရုံ ကို ပဲ ဝင်ပြီး စမတ်ကျကျ နေ သွား ခဲ့ပါတယ် ။

ပြည်ပ ကို ရောက် လာတော့ အခင်မင် အရင်းနှီးဆုံး သူ့ ရဲ့ မိတ်ဆွေ က မောင်စွမ်းရည် ပါ ။ မောင်စွမ်းရည် က  ကြီးသူ ကို ရိုသေ တတ် လို့ သူ နဲ့ အငြင်း ပွားတာ တွေ မလုပ်ပါ ။ သူ နဲ့ ကျွန်တော် နဲ့ တစ်ခါမှ အငြင်း မပွားဖူးပါ ။ အဲ ကိုဘဂျမ်း ( တင်မိုး ) နဲ့ ဆိုရင်တော့ ( ကန်တော့ပါရဲ့ ) ကြောင် နဲ့ ခွေး လိုပါပဲ ။ ဘာမှ တော့ အငြင်း မပွားဖူးပါဘူး ။ တစ်ယောက် နဲ့ တစ်ယောက် ကြည့် မရ တာပါပဲ ။ တစ်ယောက် က ‘ မြို့သား လူလည်ရုပ် ’ တဲ့ ။ တစ်ယောက် က ‘ တောသား လူလယ်ရုပ် ’ တဲ့ ။ သူတို့ ချင်း စကား မပြောကြပါဘူး ။

တင်မိုး နဲ့ သူငယ်ချင်း အပေါင်း က တော့ ကျွန်တော့် ကို မောင်သာရ နဲ့ ဘယ်လို ပေါင်းသလဲ လို့ တအံ့တသြ မေး ပါတယ် ။ တစ်ယောက် က တော့ “ မောင်သာရ ဆီ က ဘာများ ရချင်လို့လဲ ” တဲ့ ။ အဲသလို မေးတာ တစ်ယောက် နှစ်ယောက် မကတော့ဘူး ။ ဒါ နဲ့ “ မောင်သာရ က ဘာတွေ ပေးနိုင်လို့လဲ ” လို့ ကျွန်တော် ပြန် မေးဖူးတယ် ။ “ မောင်သာရ က ဂျပန် တိုယိုတာဖောင်ဒေးရှင်း က ဒေါ်လာစား ဖြစ်နေတာ မဟုတ်လား ” တဲ့ ၊ ကျွန်တော် လည်း အတော် အံ့သြ သွားပါတယ် ။ ပြည်တွင်း မှာပါ ။

ဖြစ်ပုံက ဒီလိုပါ ။ တိုယိုတာ ဖောင်ဒေးရှင်း က မိတ်ဖြစ် ဆွေဖြစ် သဘော နဲ့ မြန်မာဝတ္ထုတွေ ကို ဘာသာပြန် ချင်တယ် ။ ဒါကြောင့် ဂျပန်သံရုံး က တစ်ဆင့် မြန်မာသံရုံး ကို စုံစမ်းတယ် ။ စစ်အစိုးရခေတ် ဆိုတော့ ဘာလုပ် လုပ် မလွယ်ဘူး မဟုတ်လား ။ နောက်တော့ ဝတ္ထုရေးဆရာ နာမည်ကြီး တစ်ယောက် နဲ့ အဆက်အသွယ် ရှာတဲ့ အခါ ( အဲဒီ ကာလမှာ နာမည် အကြီးဆုံး ဖြစ်နေတဲ့ ) မောင်သာရ နဲ့ အဆက်အသွယ် ရ သွားတယ် ။ မောင်သာရ က အမျိုးသမီး ဝတ္ထုရေး ဆရာ တစ်ယောက် လည်း လိုမယ် ဆိုပြီး သူ နဲ့ ရင်းနှီးတဲ့ ထိပ်တန်း ဝတ္ထုရေးဆရာ ထဲ က မိုးမိုး ( အင်းလျား ) နဲ့ ဆက်သွယ် ပေးပါတယ် ။ ဒါနဲ့ မပြီးသေးဘူး ။ တိုယိုတာ မူ အရ စာပေ ဝေဖန်ရေးဆရာ တစ်ဦး လည်း ပါ စေချင်တယ် ။ ဝေဖန်ရေးဆရာ ရွေးချယ် အတည်ပြု ပေး မှ လက်ခံမယ် လို့ ဆိုပြန် လို့ ကိုမင်းကျော် ကို မောင်သာရ က ဆက်သွယ် ပါတယ် ။ ကိုမင်းကျော် မလိခ နာမည် နဲ့ စာပေဝေဖန်ရေး တွေ လုပ် နေတာ ဆိုပြီး ဆက်သွယ် တာပါ ။ ကိုမင်းကျော် က အစိုးရ အမှုထမ်းတွေ ဟာ နိုင်ငံခြားသားတွေ နဲ့ ဆက်ဆံ ခွင့် မရှိဘူး ဆိုပြီး ငြင်း လိုက်လို့ မောင်စွမ်းရည် ဆီ ကို ရောက် လာတယ် ။ မောင်စွမ်းရည် က ဘုမသိ ဘမသိ နဲ့ လက်ခံ လိုက်ပါတယ် ။ အမှန်တော့ ကိုမင်းကျော် က သူ့ ကို “ ကြောက်လို့ ” တဲ့ ။

မောင်စွမ်းရည် က ကဗျာဆရာ မဟုတ်လား ။ တိုယိုတာ ဖောင်ဒေးရှင်း က ဝတ္ထုတွေ ပဲ လိုချင်တာပါ ။ ကဗျာစာအုပ် လုံးဝ မထုတ်ပါ ။ ဒါကြောင့် ဘာ ငွေကြေး ၊ ဘာ လက်ဆောင် မှ မရဖူးပါ ။ အဲ ဂျပန်ဝတ္ထု ၊ ကဗျာ သုံးလေးအုပ် အင်္ဂလိပ်ဘာသာပြန် တော့ ရ လိုက်ဖူးပါရဲ့ ။ ဧည့်ခံ ဖို့ ဆိုပြီး ကျွန်တော့် ဆီ က ငွေ ၂ဝဝ တောင်း လို့ မအူမလည် နဲ့ ဆရာ မောင်သာရ ကို ပေးခဲ့ရ ဖူး လေ ရဲ့ ။ ကျွန်တော် အမေရိက ကို ရောက် မှ ဂျပန် ရောက် မြန်မာ လူငယ်တွေ က ဖိတ်ကြား လို့ တိုကျို ကို ရောက်ဖူး ခဲ့တယ် ။ အဲဒီမှာ တိုယိုတာ ဖောင်ဒေးရှင်း ကို ကျွန်တော် ဆက်သွယ် လို့ သူတို့ က ထမင်း ကျွေးဖူးပါတယ် ။ ဂျပန် က ကျွန်တော် နဲ့ တင်မိုး ကို ခဏခဏ ဖိတ်ကြား ပါတယ် ။ ပန်းချီဝင်းဖေ ကို လည်း ဝတ္ထုတို ဆရာ အဖြစ် ဖိတ် ပါတယ် ။ မောင်သာရ ကို သူတို့ ကိုယ်တိုင် မဖိတ်ဖူး ဘူး ။ ကျွန်တော့် ကိုယ်စား တစ်ခါ လိုက်သွား ဖူး ပါတယ် ။ အသွား အပြန် သူနာပြု ဆရာမ တစ်ယောက် ပေး ရမယ် စသည် ဖြင့် တောင်းဆိုမှုတွေ များ လို့ တဲ့ နောက်ထပ် ဖိတ် ဖို့ ငြင်း ပါတယ် ။ မောင်သာရ က တော့ ကျန်းမာရေး ကြောင့် တောင်းဆို တာပါ ။ ဖိတ်ကြားသူတွေ က နှစ်ယောက် တွက် စရိတ် မခံနိုင်ကြ ရှာ ပါ ။

ကျွန်တော် က မောင်သာရ အကြောင်း ကို အဆုံး က စပြီး ရေး နေ မိပါ တယ် ။  သူ ရော ကျွန်တော် ပါ မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်း တွေ ပါ ။ ကျောင်း မှာ တော့ အတူ မနေခဲ့ကြဖူးပါ ။ သူ က ၁၉၅၃ ခုနှစ် အရင် က တက္ကသိုလ် ရောက်ပြီး ၁၉၅၃ မှာ အောက်တိုဘာ ကျောင်းတစ်လ ပိတ်ရေး တောင်းဆို ဆန္ဒပြမှု ကြောင့် အဖမ်း ခံရဖူးပါတယ် ။ ရန်ကုန်တက္ကသိုလ် မှာ အဖမ်း ခံရတဲ့ ကျောင်းသားတွေ က အများကြီး ပါ ။ အစိုးရ က ကျောင်းသား သမဂ္ဂခေါင်းဆောင်တွေ ကို သူပုန်ကျောင်းသား တွေ ၊ ရန်သူတွေ လို သဘော ထား ပါတယ် ။ အများ သိကြတဲ့ အတိုင်း ဗိုလ်နေဝင်း လက်ထက် မှာ ကျောင်းသားတွေ ၊ ဖမ်းဆီး ၊ ထောင်ချ ၊ ပစ်သ,တ်ရုံ မက သမဂ္ဂအဆောက်အအုံ ကို ပါ မိုင်းဗုံး နဲ့ ဖောက်ခွဲ ဖြိုချ ပစ်ပါတယ် ။ အောက်တိုဘာ ကျောင်း တစ်လ ပိတ်ရေး ကိစ္စ က ဦးနု ၊ ဦးကျော်ငြိမ်း တို့ လက်ထက် က ပါ ။ မန္တလေးတက္ကသိုလ် က ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုသိန်းလွင် ( မောင်သာရ ) ၊ မောင်သာနိုး ၊ မောင်ဉာဏ် ၊ ကိုခင်မောင်ဦး စတဲ့ ကျောင်းသား တွေ ကို ဖမ်းဆီး ထောင်ချ ပါတယ် ။ မဆီမဆိုင် မြို့ မျက်နှာဖုံးလူကြီးများ ဖြစ်ကြတဲ့ လူထု ဦးလှ နဲ့ ဒို့ဘုရင် ဦးဘရင် ကိုပါ ဖမ်းဆီး လိုက်ပါတယ် ။ နောက်တော့ ဗိုလ်ခင်မောင်လေး က လူထုဦးလှ ကို ကန်တော့ပြီး တောင်းပန် ခဲ့ပါတယ် ။ ဝန်ကြီးချုပ်ဟောင်း ဦးနု က လည်း သူ မှား ခဲ့ကြောင်း စာ နဲ့ ရော လူသိရှင် ကြား တောင်းပန် ခဲ့ ပါတယ် ။

ကျောင်းသား ခေါင်းဆောင် တွေ အဖမ်း ခံရတဲ့ အကြောင်း ကို မောင်သာရ က “ ကျဉ်တုပ် ခံဝံ့ မခံဝံ့ ” ဆိုတဲ့ ဝတ္ထု မှာ အသေးစိတ် ရေး ထား ပါတယ် ။ ကျောင်းသားလှုပ်ရှားမှု ကို ရေးတဲ့ ဝတ္ထု အဖြစ် နဲ့ ကျော်ကြား ပြီး သူ ပြည်ပ ရောက် မှ နောက် တစ်ကြိမ် ထပ် ထုတ်ဖူးပါသေးတယ် ။ ထိုင်း - မြန်မာနယ်စပ် မှာ ထုတ်တာပါ ။ ကျောင်းသားတွေ ရဲ့ အထင်ကြီးမှု ရရှိခဲ့ ပါတယ် ။ မောင်သာရ တို့ ထောင် က လွတ်တော့ မောင်သာနိုး က ၁၉၅၆ မှာ ကျောင်းပြန် တက်ပေမယ့် မောင်သာရ က ကျောင်းပြန် မတက်တော့ ပါ ။ မောင်သာနိုး ပြန် တက်တဲ့ နှစ် မှာ တင်မိုး ၊ မိုးသူ ၊ ကြည်အောင် ၊ မောင်သိန်းနိုင် ၊ မောင်စွမ်းရည် တို့ လည်း ကျောင်း ရောက်တဲ့ နှစ် ဖြစ်လို့ ပေါင်းစည်း မိ သွားပြီး မောင်သာနိုး နဲ့ အတူ ကျောင်းသား လှုပ်ရှားမှု မှာ ပါဝင်ကြ ပါတယ် ။ လူချင်း လည်း ညီအစ်ကို လို ခင်မင် သွားကြပါတယ် ။

မောင်သာရ ကို မန္တလေး မှာ ကျွန်တော် မမြင်ဖူးလိုက်ပါ ။ သူ က ရန်ကုန် ဆင်း သွားပြီး ကျောင်းပြန် မတက်တော့ဘဲ ဝတ္ထုရေး ဆရာ အဖြစ် ခံယူ လိုက် ဘယ် ။ ရှုမဝမဂ္ဂဇင်း မှာ “ ညှာရွှေတစ်ခက် ကြွေရက်စော ” ဆိုတဲ့ ဝတ္ထု နဲ့ အမည် ထွက် လာ ခဲ့ပါတယ် ။ ပထမပိုင်း မှာ အချစ်ဝတ္ထုတွေ ချည်း ရေး ပါတယ် ။ မောင်သာရ က ကျည်းကန်ရှင်ကြီး မေတ္တာစာ ၊ ရှေးစကားပုံ စတာတွေ ကို ကျေညက် ပါတယ် ။ မန္တလေးသား စစ်စစ် လည်း ဖြစ် လို့ မြန်မာဝေါဟာရ အထူး ကြွယ်ဝပြီး စကားပြေ အရေးအသား က လည်း အထူး ကောင်းပါတယ် ။ သူ့ ခေတ် က အချစ်ဝတ္ထုရေး ဆရာ တချို့ သူ့ ကို တု ရေး ပေမဲ့ သူ့ ကို မီသူ မရှိခဲ့ပါ ။ ဒါပေမဲ့ သူ က နိုင်ငံရေးသမား စာရေးဆရာ ဆိုတော့ “ သဘောတရား ရှိသူ ” ဖြစ်ဟန် ရှိပါတယ် ။ အထူး အောင်မြင်မှု ရ နေတဲ့ အချစ်ဝတ္ထုရေးဆရာ ဘဝ ကို လုံးဝ စွန့်လွှတ် လိုက် ပါတယ် ။ ဒါဟာ အလွန့် ကို သတ္တိ ကောင်း မှ လုပ်ရဲ တာပါ ။

အချစ်ဝတ္ထုတွေ ကို စွန့်လွှတ် ပြီးတော့ ချက်ချင်း ဆိုသလို “ ဘဝ သရုပ်ဖော် ” ဝတ္ထုတွေ ကို ကောက် ထုတ် လိုက် ပါတယ် ။ ဘဝ သရုပ်ဖော် ဝတ္ထုတွေ ကို အချို့က ‘ သရုပ်မှန် ဝတ္ထု ’ လို့ လည်း ခေါ်ကြ ပါတယ် ။ ပြည်သူလူထု အများစု ထဲ က လူတွေ ရဲ့ ဘဝ ကို ထင်ဟပ် ရေးသားတယ် လို့ ဆိုကြပြီး ရေး တတ်ရင် ရေး တတ် သလောက် တန်ဖိုး ရှိပြီး စာပေလောက မှာ အထက်တန်း ရောက် သွားပါ တယ် ။ မောင်သာရ လည်း စာပေလောက ရဲ့ အထက်တန်းစား စာရေးဆရာ “ တန်းဝင် ” သွား ပါပြီ ။ သူ က ပိုပြီး ထူးခြားတာ က ပြည်သူတွေ ရဲ့ ဘဝ ထဲ ကို သူ ကိုယ်တိုင် ဝင်ရောက် နေထိုင် လေ့လာ ရေးသားခြင်း ပါပဲ ။ သူများ ကို လည်း သူ့ လို ပြည်သူ့ ဘဝ ထဲ ကို ကိုယ်တိုင် ဝင်ကြဖို့ လှုံ့ဆော် ပါတယ် ။ ဒါပေမဲ့ တချို့ က သူ့ ရဲ့ လောင်းကစားလောက ဝတ္ထု တစ်ပုဒ် ကို တော့ဖြင့် ကန့်ကွက်တဲ့ သဘော ပြော လာ ကြပါတယ် ။ လောင်းကစားခြင်း ကိစ္စ လို ဟာမျိုး ( မကောင်းမှု ကို ကိုယ်တိုင် ဝင်ရောက် လေ့လာဖို့ အားမပေး ထိုက်ဘူး ။ ဓားပြတိုက်တာ ၊ ခိုးတာ ၊ လုတာ ကို ကိုယ်တိုင် ပါဝင်ဖို့ မသင့်ဘူး ။ ဒီ ဝတ္ထု ဟာ မောင်သာရ ကိုယ်တိုင် လောင်းကစား ဝါသနာ ပါ လို့ ဝင် လောင်းကစား ရာ က ထွက်ပေါ် လာတဲ့ ဝတ္ထု ပါ လို့ ထောက်ပြ ကြ ပါတယ် ။ မောင်သာရ လက်စ်ဗေဂက်စ်မြို့ မှာ ကွယ်လွန်တယ် ကြားတော့ ဒီ မြို့ဟာ လောင်းကစားမြို့လို့ ဆိုပါတယ် ။ တခြားမြို့ - ဥပမာ - မြန်မာတွေ များ တဲ့ လော့စ်အိန်ဂျလိစ်မြို့ ၊ ဆန်ဖရန်စစ္စကို မြို့တွေ မှာ နေ သင့်တယ် ။ ဘာကြောင့် လောင်းကစားမြို့ သွား နေ ရသလဲ လို့ အပြစ် ပြော ကြပါတယ် ။ မောင်သာရ အဲဒီ လောင်းကစားမြို့ မှာ လောင်းကစား လုပ် မလုပ်တော့ ဘာမှ လည်း သတင်း မကြားမိပါ ။ သူ့ မှာ လောင်းကစား လုပ်စရာ ဝင်ငွေ လည်း မရှိပါ ။ ( ရှိရင် လောင်း ပစ်တာ ကြုံဖူးပါတယ် )

သူ နဲ့ ရင်းနှီးတဲ့ ထုတ်ဝေသူ တစ်ဦး အမေရိက ကို မဲ ပေါက်ပြီး ရောက် လာ ပါတယ် ။ ယောမင်းကြီး စာပေတိုက် က ထုတ်ဝေသူ ပါ ။ သူ ရောက် လျှင် ရောက် ချင်း မောင်သာရ နဲ့ ဆက်သွယ်ချင်တယ် ဆိုလို့ ကျွန်တော် ဆက် ပေး လိုက် ပါတယ် ။ ယောမင်းကြီး စာပေတိုက် က “ စာမူသစ် ဖြစ်ဖြစ် စာအုပ်ဟောင်း ဖြစ်ဖြစ် ” ထုတ်မယ် ။ ပေးပါလို့ တောင်းတော့ ဈေးနှုန်း က လည်း သိပ် မြင့်ပြီး လက်ငင်း ( ဒေါ်လာ ) နဲ့ ပေးရမယ် လို့ ဆို လေတော့ အလုပ် ဖြစ် မ သွားခဲ့ပါဘူး ။ တခြား ထုတ်ဝေသူ တစ်ဦး က တစ်အုပ် ထုတ်ကြည့်တယ် လို့ သတင်း မသေမချာ ကြား မိပါတယ် ။ ပရိသတ် နဲ့ သူ နဲ့ အဆက်ပြတ် နေလို့ ထင်တယ် ။ ရောင်း မကောင်းဘူး လို့ ကြား လိုက် မိပါတယ် ။ တချို့ လူငယ် စာဖတ်ပရိသတ် အသစ်တွေ က သိမှာ မဟုတ်တော့ဘူး ။ ရေဒီယို က အသံ ကြား လို့ တချို့က တော့ သိကောင်း သိ နေ မှာ ဖြစ်ပေမဲ့ လူနည်းစု ပဲ ဖြစ်ပုံ ရပါတယ် ။ မောင်သာရ တို့ ၊ မောင်စွမ်းရည် တို့ ခေတ် မဟုတ်တော့ပါ ။

မောင်သာရ က တော့ သူ့ ခေတ် နဲ့ သူ တော့ ဘဝ သရုပ်ဖော် ဝတ္ထု ရေးရာ မှာ ထိပ်တန်း ကို ရောက် ခဲ့ပါတယ် ။ ဝတ္ထု နဲ့ အမျိုးသားစာပေ ဆု လည်း ရခဲ့ ပါတယ် ။ အဲဒီ ခေတ် က အမျိုးသားစာပေဆု ရရှိ သမျှ ဝတ္ထုတွေ ထဲ မှာ ထိပ်ဆုံး က လို့ ဆို နိုင် ပါတယ် ။ အဲဒီ အချိန် မှာ မောင်စွမ်းရည် က စာအုပ် ဝေဖန်ချက် တွေ ရေး နေပါ ပြီ ။ ကောင်း လို့ ကြိုက် ၊ ကြိုက် လို့ ကောင်း ကြောင်း ရေးတဲ့ အခါ မောင်စွမ်းရည် ဟာ သူတို့ မန္တလေးသား ချင်း ‘ ပင့် ’ နေပြန်ပြီ လို့ အတင်း ပြော လာ ကြ ပြန် ပါတယ် ။ မန္တလေး နောက်ခံ နဲ့ ပြော လာ ပြန်တော့ မန္တလေး ကို ပဲ နောက်ခံ ပြုပြီး မောင်စွမ်းရည် က ချေပ ပါတယ် ။ မောင်သာရ က မန္တလေး သား ။ မန္တလေးသား က ဘာသာစကား နိုင်နင်းတယ် ။ အချစ်ဝတ္ထု ရေးရေး ၊ ဘဝ သရုပ်ဖော် ပဲ ရေးရေး ဘာသာစကား နိုင်နင်းသူ က ပို ကောင်းတတ်တာ ဟာ သဘာဝ ပါ ။ မောင်သာရ ကို ယှဉ်ချင်သူများ ဟာ သူ လို ရေးနိုင် ဖို့ မပြောနဲ့  ။ သူ့ ဝတ္ထု ခေါင်းစဉ်တွေ ကို တောင် မီအောင် ရေးနိုင် ဖို့ မလွယ်ကူဘူး လို့ ပြန် ပြော ခဲ့ဖူး တယ် ။ ‘ ကျဉ်တုပ် ခံဝံ့ မခံဝံ့ ’  ၊ ‘ မတ်တတ်ရပ်လို့ လမ်းမှာငို ’ ၊ ‘ ထဘီကျွတ်လို့ လွှတ်လိုက်တယ် ’  ၊ ‘ ညှာရွှေတစ်ခက် ကြွေရက်စော ’ ၊  ‘ အသားနက်မ အောင်လံ ကြီးထူ ’  စတဲ့ ဝတ္ထု အမည်တွေ ဟာ ကြီးကျယ်ခမ်းနား တဲ့ စာပေ နောက်ခံ ရှိ မှ သာ ပေါ်ထွက် နိုင်ပါမယ် ။ ကျဉ်တုပ် ခံဝံ့ မခံဝံ့ ကို တချို့က အဓိပ္ပာယ် တောင် မသိလိုက်ကြဘူး ။ ကျဉ်ကောင် ဆိုတာ ပုရွက်ဆိတ် အကြီးစား တစ်မျိုး ၊ တော ထဲ မှာ ချုံ တိုး ပြီး မှို နုတ်ရင် ကိုက် တတ်တယ် ။ အဲဒါ ကျည်းကန်ရှင်ကြီး မေတ္တာစာ ထဲ မှာ ပါတယ် ။ ‘ မတ်တတ်ရပ်လို့ လမ်းမှာငို ’  ဆိုတာ က လူထု တေး ထဲ ကပါ ။ ထဘီကျွတ် လို့ လွှတ်လိုက်တယ် ဆိုတာ တချို့က ညစ်ညမ်း တယ် လို့ စွပ်စွဲ ပါတယ် ။ အမှန်က အဲဒါ လွန် သီချင်းပါ ။ အညာ မှာ နွေခေါင် ခေါင် မိုး မရွာ ရင် လွန် ဆွဲ ကြတယ် ။ လွန်ပွဲ မှာ သံချပ် တိုင် ကြတယ် ။ နိုင်တဲ့ ဘက် က ရှုံးတဲ့ ဘက် ကို နှိမ် ပြီး သံချပ် ထိုး ရင် ရှုံးတဲ့ ဘက် က “ နင်တို့ နိုင်တာ နင်တို့ တော်လို့ မဟုတ်ဘူး ။ ငါ တို့ ထဘီ ကျွတ် လို့ ကြိုး ကို လွှတ် လိုက် တာ နဲ့ နင်တို့ အနိုင် ရသွားတာ ” လို့ ပြောတာပါ ။ အောက် က လည်း နေသေး လျှော့လည်း မလျှော့ဘူး ဆိုတဲ့ စကား လို ပေါ့ ။ ဒါပေမဲ့ -

ဒါပေမဲ့ ဘဝသရုပ်ဖော်ဝတ္ထု ဆိုတာ ရေးချင် တိုင်း ရေးလို့ မရပါဘူး ။ သူ ရေးတဲ့ စာမျိုး က ဘဝ ကို လေ့လာမှု ကုန် ရင် ရေးလို့ မရတော့ဘူး ။ သူ ဟာ စက်ရုံအလုပ်သမားတွေ ရဲ့ဘဝ ကို လေ့လာချင် လို့ စစ်အစိုးရ ခေတ် မှာ တာဝန်ခံ စစ်ဗိုလ်တွေ ရဲ့ ခွင့်ပြုချက် နဲ့ မြစ်ငယ်စက်ရုံ အလုပ်သမားတွေ ကြား ကို သွားပြီး လေ့လာဖို့ ကြိုးစား သေးတယ် ။ စားဖို့ ၊ သွားဖို့ အခွင့်အရေး တွေ တောင်း လွန်းလို့ ထင်ပါ ရဲ့ ။ စစ်ဗိုလ်တွေ က စိတ် မရှည် တော့ လို့ လေ့လာရေး အဆုံး မသတ် နိုင်ခဲ့ ရှာဘူး ။ မီးရထားဟိုတယ် ပေါ် တက် နေ ပြီး ရေးဖို့ ကြိုးစားတာ ဆိုတော့ ရေး ဖြစ် ရင် လည်း ကောင်းဖို့ မလွယ်ပါဘူး ။ ဘာဖြစ် လို့ လဲ ဆိုတော့ မြစ်ငယ် မီးရထားစက်ရုံ အလုပ်သမားတွေ ကို လေ့လာခွင့် မအောင်မြင် လို့ ရေနံမြေ ကို သွားပြီး လေ့လာ ပြန်တယ် ။ သူ က ကျောင်းသား ကတည်း က ဆိုရှယ်လစ် ပါတီ ( ပမညတ ) မှာ လုပ် လာ တာပါ ။ ဝိဓူရသခင် ချစ်မောင် တို့ ရဲ့ ဆိုရှယ်နီပါတီ က ပါ ။ လူငယ်ပါတီခွဲ အဖြစ် ပြည်သူ့လူငယ် အဖွဲ့ ဆို တာ ရှိပါတယ် ။ အဲဒီ အဖွဲ့ မှာ ကိုဝင်းခက် တို့ နဲ့ အတူတူ ဗဟိုကော်မတီဝင် တွေပေါ့ ။ ဒါကြောင့် ၁၉၅၃ က အဖမ်း ခံ ခဲ့ရတာပါ ။ ဒါပေမဲ့ တော်လှန်ရေးကောင်စီ စစ်အစိုးရ တက်တော့ ဝိဓူရကြီး က “ ခွေးကတက် က နေရ နေရ ” လို့ ကြွေးကြော်ပြီး ဗိုလ်နေဝင်း အစိုးရ ကို ထောက်ခံ လိုက်တယ် ။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ထောင် တော့ ဝိဓူရအဖွဲ့ကြီး တစ်ဖွဲ့လုံး ထောက်ခံ ပါဝင် လိုက် တော့ မောင်သာရ ရော ၊ ကိုဝင်းခက် ရော မဆလပါတီဝင် တွေ အလိုအလျောက် ဖြစ် သွား ကြတယ် ။ မောင်သာရ က ပါတီ ကို ခွင့် တောင်းပြီး ရေနံမြေ ကို သွားတော့ ရေနံမြေပါတီယူနစ် မှာ နေခွင့် ရတယ် ။ ပါတီအဖွဲ့ အစည်း သြဇာ နဲ့ အထက်စီး က ဝင်ပြီး လေ့လာ တော့ ရေနံမြေ အလုပ်သမား တွေ ကို ရေနံသူခိုး တွေ အဖြစ် သရုပ်ဖော် မိ လျက် သား ဖြစ် သွားပါတယ် ။ မြစ်ငယ် အလုပ်သမားတွေ အကြောင်း ကို လည်း အထက်စီး က လေ့လာ ရေးသား ရင် ဒီလိုပဲ သူခိုးတွေ ဖြစ်ကုန် မှာ ပါပဲ ။ ကိုဝင်းခက် က ရှစ်လေးလုံး မှာ ဦးဆောင် ပါဝင် ခဲ့ပြီး ပြည်ပ ကို အစောကြီး ထွက် လာ ခဲ့တယ် ။ ကိုသာရ က နောက်ပိုင်း ကာလ မှာ ခေါ်လို့ ရသမျှ သူ့ မိသားစုဝင် တွေ အားလုံး ခေါ်ပြီး ထွက် လာ ခဲ့ပါတယ် ။ ရှစ်လေးလုံး ဆန္ဒပြပွဲ မှာ တော့ လုံးဝ မပါခဲ့ပါ ။ ဆန့်ကျင် လက်မှတ် တောင် မထိုးခဲ့ပါ ။

ဆရာမောင်သာရ က ပြည်ပ ဂျာနယ်တွေ မှာ စာ ရေးခွင့် ရတယ် ။ ရေဒီယိုတွေ မှာ လည်း ပြောခွင့်ရ လို့ တခြား ခိုလှုံသူတွေ နဲ့ ဘဝ ခြား ပါတယ် ။ သူ က ထိုင်းနယ်စပ် ဒုက္ခသည်စခန်း မှာ မြွေကြောက် ၊ ကြွက်ကြောက် လို့ ဆို ပြီး အုတ်တိုက်ကလေး ဆောက် နေပြီး စား တော့လည်း တရုတ်ဆိုင် က ခေါက်ဆွဲကြော် ၊ ထမင်းကြော်တွေ ကို ပဲ ဝယ် စားလေ့ ရှိတော့ သူ က ဒုက္ခ သည် မဖြစ်ဘဲ သုခသည် အဖြစ် နဲ့ နေခဲ့ရ ကြောင်း ကျွန်တော့် ကို ပြောဖူး ပါတယ် ။ အဲဒီ ထိုင်း - မြန်မာနယ်စပ် က နေ အမေရိကန် - ကနေဒါ နယ်စပ် က နိုင်ယာဂရာ ရေတံခွန်ကြီး တွေ အနီး ဘတ်ဖဲလိုးမြို့ ကို ရောက် လာ ပါတယ် ။ အဲဒီ ဒေသ က အေးလွန်း လို့ ဆိုပြီး လပ်စ်ဗေဂက်မြို့ ကို ပြောင်း ပေးဖို့ တောင်းဆို ပါတယ် ။ သူ က အမေရိက မှာ ထုတ်တဲ့ မြန်မာ စာနယ်ဇင်းတွေ မှာ လုံးဝ စာ မရေးပါ ။ စာမူခ မရလို့ တဲ့ ။ တင်မိုး နဲ့ မောင်စွမ်းရည် တို့ က စာမူခ မတောင်းတဲ့ အပြင် ကိုယ် က တောင် ပေးဖို့ ( တကယ် ) ကြိုးစား ခဲ့ကြဖူးပါ တယ် ။ ဒါကြောင့် မင်းတို့ နှစ်ယောက် ဈေး ဖျက်တာ လို့ ကျွန်တော်တို့ ကို အပြစ် တင် ပါတယ် ။ တောသား ငအူ ၊ ငအ တွေ အဖြစ် နဲ့ ပြောဆို တာပါ ။ ကြေးမုံဦးသောင်း က တော့ “ ကိုစွမ်းရည် တို့ ရေးနေ တဲ့ မိုးမခ မှာ ကျွန်တော့် ကို လည်း ရေးခွင့် ရအောင် ခွင့်တောင်း ပေးပါလို့ ” ခယဝယ ပြောလာ လို့ အံ့သြ ရတယ် ။ “ ဆရာရယ် ဆရာ့ လို ပုဂ္ဂိုလ် ရေး ရင် ဝမ်းသာ မှာ ပါ  ။ ဆရာ့ ဆီ ကို မတောင်းရဲလို့ပါ ” လို့ ပြော ပြီး ကျွန်တော် က ဆရာသောင်း ကို မိုးမခ နဲ့ ဆက်သွယ် ပေးခဲ့ရ ဖူးပါတယ် ။ ဆရာသာရ က “ အသပြာ မပေး စာမရေး ” လို့ ကြွေးကြော် ခဲ့ သူပါ ။ ကျွန်တော် တို့ မှာ တော့ ဒီ အရွယ် ၊ ဒီ အချိန် မှ စာ မရေး ရင် ဘယ်အချိန် ရေး မှာလဲ ။ ခေတ် ရဲ့ တာဝန် လို့ ယူဆ ပြီး စစ်အစိုးရ ကို ဘယ်ပြန်ညာပြန် နားရွက်တံတွေး ဆွတ်ခွင့် ရလို့ တကယ်ပဲ တတ်နိုင်ရင် ကိုယ် က တောင် အခကြေးငွေ ပေးပြီး ရေးချင် ခဲ့ တာပါ ။

ကိုသာရ က စာ မရေးပေမဲ့ ရောက်ဖူးတယ် ရှိအောင် အလည်အပတ် အဖြစ် နဲ့ တော့ ဟိုဟိုသည်သည် တစ်ခေါက် တစ်ခါ တော့ ဖြင့် လိုက် ပါတယ် ။ တစ်မြို့တစ်နေရာ ကို တစ်ခေါက် စီ လောက် လိုက်ပြီး နောက်ထပ် ဘယ် မှ မလိုက်တော့ ဘဲ လောင်းကစားမြို့ မှာ သွားပြီး အနား ယူ နေပါတယ် ။ သူ နဲ့ ကျွန်တော် နဲ့ ကတော့ မကြာခဏ ဖုန်း ဆက်ပြီး မာကြောင်း သာကြောင်း ပြောဖြစ် ကြ ပါတယ် ။ သူ ရော ကျွန်တော် တို့ ပါ လွတ်လပ်တဲ့ အာရှအသံ မှာ ပြင်ပ က နေ အသံလွှင့် ဆောင်းပါးတွေ ရေးကြ ပါတယ် ။ သူ ဟာ အမှန် အကယ်ပဲ ဘဝ သရုပ်ဖော်ဝတ္ထု တွေ ရေးခဲ့ သူ ဖြစ်ရုံ မက ရေး ဖို့ လ ည်း တပင် တပန်း ကြိုးပမ်း ပါတယ် ။ တချို့ တော်တော်များများ ကို အစိုးရ က ခွင့် မပြု ဘူး ။ ပြည်သူလူထု ဘဝ ကို သရုပ်ဖော် ရင် တော့ အများပြည်သူ က ဆင်းရဲ တာ ကိုး ။ မောင်သာရ က ထုတ်ဝေသူ ဆီ က စာမူခ ငွေ ကြိုတင် ယူပြီး သမ္မတ ဟိုတယ် နဲ့ မီးရထား ဟိုတယ် တို့ မှာ တက် ရေး တာပါ ။ အဲဒီတော့ ငွေကြေး အဖတ် မတင်ဘူး ပေါ့ ။ “ မတ်တတ် စာ ပဲ ရှိ တုံးလုံး စာ မရှိ ” ဆိုတာမျိုး ပဲ ကြုံ ရ ပါ တယ် ။ စာပေစိစစ်ရေး က ( အစိုးရ က ) ခွင့် မပြု ရင် ငွေ ကြို ပေး ထားတဲ့ ထုတ်ဝေသူ နဲ့ တစ်ခါတစ်ရံ ပြဿနာ ဖြစ်ရပါတယ် ။ အစိုးရ က ဆင်းရဲသား အကြောင်း ကို ရေးပြီး ကိုယ့် တိုင်းပြည် ကိုယ် အရှက် ခွဲ နေတဲ့ စာရေးဆရာ တွေ လို့ မကောင်း မြင် ပါတယ် ။ ဆင်းရဲသား အကြောင်း မရေးဘဲ လူချမ်းသာ အကြောင်း ရေး ရင် လည်း ချမ်းသာသူတွေ ဟာ စိတ်ကောင်း ရှိပြီး ဆင်းရဲသား တွေ ကို ပေးကမ်း လှူဒါန်း ချင် တဲ့ စေတနာသဒ္ဓါတရား နဲ့ ပြည့်စုံတယ် ။ ဘုရား တည်ကြ ၊ ကျောင်း ဆောက်ကြတယ် ဆိုတာမျိုး ရေး ရင် တော့ ခွင့်ပြု မှာပေါ့ ။ ဖောက်ပြန်တာ ရေးခွင့် ပြု မှာ မဟုတ်ပါဘူး ။ ချမ်းသာ နေကြတာတွေ က စစ်ဗိုလ်ကြီးတွေ နဲ့ သူတို့ အသိုင်းအဝိုင်း ခရိုနီ ၊ ခရိုဝါတွေ ပဲ ရှိကြတာ ကိုး ။

စာပေ ဆိုတာ က တော့ လွတ်လပ်စွာ ဖန်တီးရေးသား ခွင့် ရှိရ မှာ ပါပဲ ။ ဆင်းရဲ တာ ပဲ ရေးရေး ၊ ချမ်းသာ တာ ပဲ ရေးရေး ရေး တဲ့ လူ က အမှန်အတိုင်း မရေး ရင် သူ့ တာဝန် နဲ့ သူ ပါပဲ ။ အပေါ်ယံ ဖတ် ကောင်း ရုံ ရေး ရင်တော့ အပျော်ဖတ် ဝတ္ထုရေးဆရာ အဖြစ် နဲ့ စာပေလောက ရဲ့ အောက်တန်း အဆင့် မှာ ပဲ တင်ကျန် နေ ခဲ့ရမှာပါ ။ ဆရာ တက္ကသိုလ်ဘုန်းနိုင် တို့ ၊ မင်းသိင်္ခ တို့ ဟာ ရောင်း ကောင်းတဲ့ ဝတ္ထုရေးဆရာ တွေ ပါပဲ ။ ဒါပေမဲ့ မောင်သာရ ရဲ့  ‘ မတ်တတ်ရပ်လို့ လမ်းမှာငို ’ ဝတ္ထု လို ဂန္ထဝင် မြောက် စံတင် လောက် သည် အထိ ဖြစ် မလာဘူး ပေါ့ ။ ဘဝ သရုပ်ဖော် ဝတ္ထု ကို ငွေကြို တောင်း ပြီး ရေး နိုင်တဲ့ စာရေးဆရာ ဆို တာ ရှား ပါတယ် ။ မောင်သာရ က လွဲ လို့ မိုးမိုး ( အင်းလျား ) တစ်ယောက် ပဲ ငွေ ကြို ယူ ပြီး ဟိုတယ် ပေါ် တက် ရေးတာမျိုး လုပ်တာတွေ့ ရဖူးပါတယ် ။ တစ်ခု ခက် တာ က မောင်သာရ က ရ သမျှ ကို ဟိုတယ် ပေါ် မှာ ပဲ ကုန်အောင် စား ပစ်တာ ပါပဲ ။ စုဆောင်း တာ ဝါသနာ မပါဘူး ။ တစ်ခါတစ်ရံ ငွေ ပြတ် ရင် လမ်းဘေး ဗာဒံပင် အခြေ က ခုံ ပေါ် မှာ သားအဖ နှစ်ယောက် အိပ် ချင် အိပ် နေ တတ်ပါ တယ် ။ ဇနီး ဖြစ်သူ က တော့ မိဘ အိမ် ပြန် အိပ်ပေါ့ ။

မောင်သာရ ဟာ ထောင်ကျ ဖူး တဲ့ နိုင်ငံရေးသမား ဘဝ က လာ တဲ့ စာရေး ဆရာ ပါ ။ ဒါပေမဲ့ ဘဝ သရုပ်ဖော်ဝတ္ထု တွေ ကို ရေး ရာ မှာ ဆင်းရဲသား အကြောင်း ဖြစ်လို့ အစိုးရ က မကြိုက် ပေမဲ့ အစိုးရ ကို တော့ ထိခိုက်အောင် ဝေဖန် ရေးသား လေ့ မရှိခဲ့ပါဘူး ။ ရှစ်လေးလုံး အရေးတော်ပုံ မှာ လည်း စာရေး ဆရာတွေ အားလုံး လောက် ဆန္ဒ ပြ ကြ ပေမဲ့ မောင်သာရ လုံးဝ မပါခဲ့ပါဘူး ။ ဦးဝင်းတင် ၊ မောင်မိုးသူ ၊ ဦးဝင်းခက် စတဲ့ ဆန္ဒပြ စာပေသမားတွေ က သွား ခေါ်တာ လည်း မလိုက် ခဲ့ပါဘူး ။ လက်မှတ် လည်း မထိုး ခဲ့ပါ ။ ကျွန်တော် က လမ်းလျှောက် ဆန္ဒပြ နေရာ က လမ်းဘေး မှာ ရပ်ကြည့် နေတဲ့ မောင်သာရ ကို မြင် လို့ လမ်း ထဲ ဆွဲခေါ် ဖူးပါတယ် ။ “ ငါ က စာရေးဆရာ ၊ ဘေး က နေ လေ့လာ မယ် ” တဲ့ ၊ ပြီးရော ။ ပြည်ပက အသံလွှင့် တော့ လည်း အများအားဖြင့် သူ့ ဝတ္ထု တွေ အကြောင်း ပဲ ပြောလေ့ ရှိပြီး စာပေစိစစ်ရေး က ခွင့် မပြုတာ ကို ထည့်ပြော ပေမဲ့ အစိုးရ ကို တော့ ဝေဖန် လေ့ မရှိပါဘူး ။ လွတ်လပ်တဲ့ အာရှအသံ မှာ သူ့ အသံ ကို ယူ ရတဲ့ မစန်းစန်းတင် ကို မေးကြည့် ဖူးတယ် ။ “ သူ့ ဝတ္ထုတွေ အကြောင်း အပြင် သူ ဘာတွေ ပြောသေးသလဲ ” ဆိုတော့ “ အမေရိကန်နိုင်ငံ က ခွေးတွေ အကြောင်း ပြောဖူးတယ် ” လို့ ဆိုပါတယ် ။ မှန်ပါတယ် ။ သူ ဟာ မြန်မာ စစ်အစိုးရ ကို တောင် ထိထိခိုက်ခိုက် မဝေဖန်ဘဲ ပြည်ပ ထွက် လာ သူ ပါ ။ အမေရိကန် အစိုးရ ကို လည်း မဝေဖန် ပါ ။

မောင်သာရ ဟာ သူ့ ကိုယ် သူ ပဲ ဒုက္ခ ပေး သူ ပါ ။ ငွေ ကို ရအောင် ရှာပြီး မစုမဆောင်း ဘဲ သုံးဖြုန်း ပစ်လေ့ ရှိတာ ဟာ အိမ်ထောင်ရှင် တစ်ယောက် အနေနဲ့ စိတ်ပျက် စရာပါ ။ သူများ ငွေ ကို မတရား ယူ သုံး တာမျိုး မဟုတ်ဘူး လို့ ပြောနိုင်မှာပါ ။ ထုတ်ဝေသူ တွေ ဆီ က ကြို ယူ ပြီး သုံးပစ် တာပါ ။ စာအုပ် ထုတ်ခွင့် မရ လို့ ငွေ ကြို ပေးသူ ကို စာအုပ် မပေးနိုင် ရင် တော့ သူ့ အဖို့ စာပေစိစစ်ရေး ကို လွှဲချ ရုံ ပဲ ။ ကြိုတင် ငွေ ထုတ် ပေး တဲ့ ထုတ်ဝေသူ ပဲ ခံ စရာ ရှိရင် ခံ ပေါ့ ။ ကျုပ် တို့ မောင်သာရ က တော့ ဒီလို နေရာမျိုး မှာ မျက်နှာ ပြောင် ပါ ပေတယ် ။

မောင်သာရ ဟာ မန္တလေးသား အစစ် လို့ ဆိုပေမဲ့ ကျွန်တော် နဲ့ မန္တလေး မှာ မပေါင်းခဲ့ရဖူးပါ ။ သူ့ စာအုပ်တွေ မထုတ် ရ တော့ မန္တလေး ကို ပြန် တက် လာ မှ တွေ့ရဖူးတာပါ ။ သူ့ အဒေါ် ဆရာမကြီး တွေ ကတော့ ကျွန်တော့် ဆရာမကြီး တွေ ပါ ။ ဆရာမကြီး ( ကျောင်းအုပ် ) ရန်ကုန် လာ တော့ ကျွန်တော် သွား ကန်တော့ ဖူးတယ် ။ “ အေးကွယ် မင်းတို့ ကို သင် ရတုန်း က ငါ့ မှာ နာမည် ကောင်း ရခဲ့ဖူးပါ ရဲ့ ။ ဒီ တူတွေ ၊ မြေးတွေ နဲ့ ကျ မှ ငါတို့ နာမည် ပျက်ရတော့ မယ် ” လို့ သူတို့ ရှေ့ မှာ ညည်းတွား ဖူး ပါတယ် ။ ပွင့်လန်း ( သတ္တုတွင်း ) ၊ ဒေါက်တာ မောင်မောင်ညို ၊ လော့စ်အိန်ဂျလိစ် က စိတ်ရောဂါကု ဆရာဝန်ကြီး ဒေါက်တာအောင်ခင် ၊ မောင်စွမ်းရည် စတဲ့ တပည့်ကျော် တွေ ရဲ့ ဆရာမကြီး တွေ ပါ ။ မန္တလေး အမှတ် ( ၁ ) အစိုးရ အထက်တန်းကျောင်း က ဆရာမကြီး တွေ ဖြစ် ပါတယ် ။

မောင်သာရ က ရှုမဝမဂ္ဂဇင်း က စာပေလောက ထဲ ကို တက် လာ သူပါ ။ “ ငါ တို့ က ရှုမဝတိုက် ထွက် ” လို့ ပြောရုံ မက “ လူထုတိုက် ထွက် မဟုတ် ဘူးဟေ့ ” လို့ လည်း ဆက် ပြောလေ့ ရှိပါတယ် ။ လူထုဂျာနယ် အဟောင်း တွေ မှာ မောင်သိန်းလွင် အမည် နဲ့ ကလောင် သွေးခဲ့ ဖူးတာ ကို တော့ ထည့် မပြော ဖြစ်ပါဘူး ။ “ လူထုတိုက် ထွက် မဟုတ်ဘူး လို့ ကြေညာ လေ့ ရှိတဲ့ မောင်သာရ က ငါ တို့ ဆီ ကိုတော့ မုန့်ဖိုး ပဲဖိုး လာ တောင်း တတ်တယ် ။ ဒေါက်တာသန်းထွန်း တို့ လို သင်္ကန်းဝတ်ချင် လို့ တဲ့ ၊ ငါ့ ဆီ မှာ သင်္ကန်းဖိုး လည်း အလှူ ခံ လာ တယ် ” လို့ ဒေါ်ဒေါ် က ပြောဖူး ပါတယ် ။ ကျွန်တော် က လ ည်း “ ခင်ဗျားတို့ လို ပေါ်ပြူလာ မဂ္ဂဇင်း တစ်ခု က မွေးထုတ်တဲ့ လူ မဟုတ်ဘူး ။ ကျုပ်တို့ က လူထုတိုက် ထွက် အစစ် ” လို့ ပြန်ပြီး လက်မ ထောင် ရ ပါတယ် ။ ကျွန်တော် လည်း ရှုမဝ မှာ ကဗျာ တစ်ပုဒ် နှစ်ပုဒ် ရေးဖူး ပါတယ် ။ ရှုမဝတိုက် ထွက် လို့ ပြော လောက် အောင် မရေးဖူးပါ ၊ ဂုဏ် မယူပါ ။

ရှုမဝ မှာ ကလောင် နာမည် မှတ်တမ်းလေး တွေ ပါခဲ့ဖူး တာ ကို သတိ ရ ပါတယ် ။ မောင်သာရ ရေးတာ ကို ပဲ မှတ်မိ နေ ပါတယ် ။ “ သူများ ထက် မသာ ရ ရင် မနေတတ် သူ မို့ မောင်သာရ ဆိုတဲ့ ကလောင် နာမည် ကို ယူပါတယ် ” လို့ ရေးခဲ့ ဖူး ပါတယ် ။ စာပေဟောပြောပွဲ တွေ မှာ တော့ “ ပြည်တော် သာရမည် ” ဆိုတဲ့ ကြွေးကြော်သံ ထဲ က သာရ ကို ယူပါတယ် လို့ ဖြေကြောင်း သူများ ပြော လို့ ကြားရဖူး ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် သူ ဟာ သူများ ထက် မသာ ရ ရင် မနေတတ် သူ ဖြစ်ပြီး သာရ အောင် ကြိုးစား အားထုတ် ပါတယ် ။ လူ ဆိုတာ သူများ ထက် သာရ အောင် ပဲ ဖြစ်ဖြစ် ၊ ကိုယ့် လက်ရှိ အခြေအနေ ထက် သာရ အောင် ပဲ ဖြစ်ဖြစ် အမြဲ အားထုတ် နေကြရ တာ မို့ မောင်သာရ ရဲ့စကား ကို ဗွေ မယူ လို ပါ ။ သူများ ကို ကြော ရအောင် ကြံ တတ်သူမျိုး ဆိုရင်တော့ မကောင်း ဘူးပေါ့ ။ သူ ဟာ ထုတ်ဝေသူတွေ အပေါ် မှာ တော့ ကြော ခဲ့တယ်လို့ နာမည် ကြီး ပါတယ် ။

မြန်မာပြည်တွင်း မှာ ရော ပြည်ပ မှာ ရော သူ နဲ့ ( နောက်ပိုင်း ကာလ ) အတွဲဆုံး ဟာ မောင်စွမ်းရည် လို့ ပြောနိုင် ပါတယ် ။ ဒီလို လူမျိုး နဲ့ ဘယ်လိုများ ပေါင်းသင်း နိုင်ပါလိမ့် လို့ မေးတာတွေ လည်း ပြည်တွင်း ပြည်ပ ကြုံခဲ့ရ ပါတယ် ။ ပြန်ပြီး အသေအချာ စဉ်းစား ကြည့်တော့ လည်း ကျွန်တော့် အပေါ် မှာ ခွင့် မလွှတ်နိုင် အောင် ဆိုးခဲ့တာ မရှိ သလို “ ငါ့ အပေါ် ကျေးဇူး ပြုခဲ့ဖူးပေတယ် ” လို့ ပြောရ အောင် လည်း တစ်ခု မှ မရှိခဲ့ပါ ။ ပြောခြင်း ပြောရင် ကျွန်တော် က တိုယိုတာဖောင်ဒေးရှင်း ရဲ့ ဘာသာပြန်စာအုပ် ရွေးချယ်ရေး မှာ ကူညီခဲ့ ဖူးတာ ရှိပါတယ် ။ ကျွန်တော် က ပဲ သူ့ ကျေးဇူးရှင် လို့ ပြောလို့ ရ မှာပါ ။ တစ်ခု တော့ သူ နဲ့ ကျွန်တော့် ကြား မှာ အငြင်းပွား ခဲ့တာမျိုး ရှိခဲ့ဖူးတာ ကို သတိရ မိ ပါတယ် ။ တိုယိုတာ ဖောင်ဒေးရှင်း က ပထမ တော့ ဝတ္ထုတွေ ပဲ ထုတ်ဖို့ တောင်းပါတယ် ။ ကဗျာ ကို လုံးဝ မတောင်း ။ ကျွန်တော် က လည်း ကဗျာ ထုတ် မလား လို့ လုံးဝ စကား မစ ခဲ့ပါ ။ ဒါပေမဲ့ သူ့ ကို မတိုင်ပင်ဘဲ မြန်မာ့ရိုးရာ ဒီဇိုင်းတွေ ကို စာအုပ် ရေး ထားတာ ထုတ်စေချင်တယ် ဆိုပြီး ကျွန်တော် က ဂျပန်မ  ( အိဝါမိုတို ) ကို ဦးအေးမြင့် ဆီ ခေါ် သွား ပါတယ် ။ ရုပ်ရှင်မင်းသားကြီး ကိုထွန်းဝေ ရဲ့ ရုံးခန်း မှာ ဦးအေးမြင့် ရှိ နေလို့ အိဝါမိုတို ကို ခေါ် သွားပြီး တွေ့ပေး လိုက်တော့ အိဝါမိုတို က အလွန် ဝမ်းသာတယ် ။ ဒီလို စာအုပ်မျိုး မထုတ်ဖြစ် သေးတာ လည်း အံ့သြတယ် ။ ထိုင်း က အနုပညာ ပါမောက္ခ တစ်ဦး ကို တည်းဖြတ် စေပြီး ထုတ်ဝေ ခဲ့ ပါတယ် ။ မောင်သာရ က “ ငါတို့ စားပေါက် စားလမ်း ကို ဖျက်တယ် ” လို့ တိုက်ရိုက် မပြောရုံ တစ်မည် ကျွန်တော့် ကို အပြစ် တင် တော့ ကျွန်တော် အံ့သြ ရတယ် ။ ကျွန်တော် က တော့ ဦးအေးမြင့် ရဲ့ မြန်မာ့ ရိုးရာ ဒီဇိုင်းစာအုပ် ကို ထုတ် ရတာ ကျွန်တော့် ကိုယ်ပိုင် စာအုပ် ထုတ်ရ သလောက် ဝမ်းမြောက် ဂုဏ်ယူ လျက် ပါပဲ ။

မောင်သာရ ရဲ့ ဘဝ နောက်ဆုံး ပိုင်း မှာ ဘာသာရေး ကို စိတ်ဝင်စား ခဲ့ သလား ဆိုတာ စကား စပ်ပြီး မေး မကြည့် မိ ပါ ။ သူ ဟာ သူ တစ်ပါး ကို ရှိခိုး ဖို့ ဝါသနာ ပါ သူ တစ်ဦး တော့ မဟုတ်ပါ ။ မကောင်းမှု ကျူးလွန် ခဲ့ သူ လူဆိုး တစ်ဦး လို့ လည်း မဆိုနိုင် ပါ ။ ထုတ်ဝေသူ တွေ ကို ကြော ခဲ့တယ် လို့ ကြားဖူး တာမျိုး က လွဲ လို့ တခြား ဘာမှ မကြားဖူးပါ ။ မယားကြီး နဲ့ သားသမီးတွေ အများကြီး ရှိလျက် နဲ့ နောက် အိမ်ထောင် ပြု လိုက်တာ ကို တော့ဖြင့် ကျောင်းဆရာ ဘဝ နဲ့ သာ နှစ်ပေါင်း ၃ဝ လောက် အလုပ် လုပ် လာတဲ့ ကျွန်တော့် လို လူမျိုး က ထောက်ခံ နိုင်ဖို့ ဝေးလှ ပါတယ် ။

သူ ဟာ ရန်ကုန် စာပေလောက မှာ နေ စဉ် ရှုမ၀ဦးကျော် က ရှုမဝ ရုပ်ရှင် ဆိုပြီး လုပ် လာတော့ ရုပ်ရှင်လမ်း ကို ကူးဖို့ လွယ် သွားခဲ့ပါတယ် ။ သူ့ ဝတ္ထု “ ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း ” ဆိုတာ ကို မောင်ဝဏ္ဏ က ရုပ်ရှင် ရိုက် တော့ အောင်မြင် သွားတာ လည်း ရှိပါတယ် ။ အဲဒီ ကာလ မှာ စာပေ အလုပ် ကို ငြီးငွေ့ ရင် ရုပ်ရှင် ဘက် ကို ကူးကြတာတွေ လည်း ရှိ ပါတယ် ။ မောင်သာရ က ရုပ်ရှင် ဒါရိုက်တာ လည်း လုပ် ကြည့်ပြီး ဒါရိုက်တာ အတွေ့အကြုံ ၊ သရုပ်ဆောင် အတွေ့အကြုံ ပြောပ လောက်အောင် မရှိ ပေမဲ့ သရုပ်ဆောင် သင်တန်း တော့ ဖွင့် လိုက်ပါ သေးတယ် ။ တော်ရုံ လူ လုပ်ရဲမယ် မထင်ပါ ။ သူ က တော့ အမျိုးသမီး သရုပ်ဆောင် သင်တန်း တောင် ဖွင့် လိုက်ပါ သေးတယ် ။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်မင်းသမီး အလောင်းလျာ ငယ်ငယ်ချောချော မိန်းကလေး တစ်ယောက် ကို တော့ ကောက် ယူ လိုက် နိုင်ခဲ့ ပါတယ် ။ သား တစ်ယောက် ထွန်းကားခဲ့ ပြီး အဲဒီ သား နဲ့ အတူ ( သား ရဲ့ အမေ့ ထံ က အမွေ တောင်း ခဲ့တဲ့ ငွေ နဲ့ ဆို ထင်ပါရဲ့ ) ပြည်ပ ကို ထွက်လာ ခဲ့ ပါတယ် ။ ပြည်ပ ရောက် တော့ သားအဖ သဘော ကွဲလွဲ ပြီး သူ့ သား ဘယ် ထွက် သွား မှန်း မသိဘူး လို့ ကျွန်တော့် ကို ပြောဖူး ပါတယ် ။ သူ ကွယ်လွန်ချိန် အထိ ၁ဝ နှစ် လောက် အတွင်း မှာ သားအဖ ပြန်လည် ဆက်သွယ် ကြတယ် လို့ မကြားမိ ပါ ။ အမေ က ပဲ သား ကို လိုက် ရှာဖို့ ပြည်ပ ကို ထွက် လာခဲ့တယ် လို့ သတင်း ရ ပါတယ် ။ ဇနီး နှစ်ယောက် လုံး ပြည်ပ ကို ထွက် လာကြ ပေမဲ့ သားသမီးတွေ ကို သာ ရှာ ကြ တာ ပါ ။ မအိ က မောင်သာရ ကို တော့ စာပေ ဟောပြောပွဲ တစ်ခု မှာ မတော်တဆ ခဏတစ်ဖြုတ် ပဲ ဆုံလိုက် ရ ဖူးပါတယ် ။ ကံ ကုန် သွား ဆိုတာမျိုး ပါပဲ ။ တွေ့ကြုံ ဆုံကွဲ ဖြစ်မြဲ ဓမ္မတာ လို့ ပဲ ဆိုရုံသာ ။

မောင်သာရ ကွယ်လွန် တော့ ဘယ်သူတွေ ဘာများ ရေးကြမလဲ လို့ ကွန်ပျူတာ ဖွင့်ပြီး လိုက်ရှာ တော့ မောင်မိုးသူ တစ်ယောက် ရေး တာ ကို ပဲ ဖတ်လောက် ၊ မှတ်လောက် တာ တွေ့မိ လိုက်ပါတယ် ။ မောင်မိုးသူ နဲ့ ကျွန်တော် တို့ က ကျောင်းနေဖက် တွေ ပါ ။ ၁၉၅၆ မှာ တက္ကသိုလ် ကို အတူ ရောက် ကြတဲ့ သက်တူရွယ်တူ တွေ ပါ ။ မောင်သာရ တို့ က ၁၉၅၃ မှာ အောက်တိုဘာ ကျောင်း တစ်လ ပိတ်ရေး အရေးတော်ပုံ မှာ ဖမ်းဆီး ၊ ထောင်ချ ကျောင်းထုတ် ခံ ရတဲ့ အုပ်စု ပါ ။ ကျွန်တော်တို့ ရဲ့ အရင် မျိုးဆက် ပါ ။ မောင်သာရ နဲ့ မောင်မိုးသူ တို့ ဟာ မန္တလေး စာရေးဆရာတွေ ထဲ မှာ မန္တလေးသား စစ်စစ်တွေ လို့ ကြွားလေ့ ရှိသူ နှစ်ဦး ပါ ။ တစ်ယောက် က ဈေးချို ခေါင်မိုး ပေါ် မှာ မွေးတာ ၊ တစ်ဦး က ဈေးချိုတော် နာရီစင်ကြီး ကို ဖက် မွေးတာ တဲ့ ။ ဈေးချို ကို သူတို့ က ‘ တော် ’ ဆက် ပြီး ဈေးချိုတော် လို့ ခေါ်တတ် ပါတယ် ။

မောင်မိုးသူ နဲ့ မောင်သာရ တို့ ဟာ မျိုးဆက် ရှေ့နောက် တစ်ခု စီ ဖြစ်လို့ တက္ကသိုလ် မှာ တွေ့ဖူးကြတာတွေ မဟုတ်ပါဘူး ။ မောင်သာနိုး နဲ့ မောင်သာရ တို့ အတူ ကျဉ်တုပ် ခံရပြီး အတူ ထောင်ကျ အတူ ထွက်လာ ကြ ပေမဲ့ မောင်သာနိုး က သာ ကျောင်း ပြန် တက် ၊ ကျောင်းသား သမဂ္ဂ မှာ ပြန် လုပ် လို့ ကျွန်တော် တို့ နဲ့ ဆုံကြရ တာပါ ။ မောင်သာရ ကျောင်း ပြန် မတက်တော့ဘဲ စာပေလောက ထဲ ကို ရောက် သွား ပါတယ် ။ ရန်ကုန် ဆင်း သွား တော့ ကျွန်တော်တို့ နဲ့ မတွေ့ မဆုံ လိုက်ရပါဘူး ။ သူ နာမည် ရ စာရေးဆရာ ဖြစ် လာပြီး မန္တလေး ကို ပြန် တက်လာ တော့ မှ မန္တလေး စာပေလောက ထဲ မှာ တွေ့ ရ တာပါ ။ မောင်မိုးသူ တို့ လေးငါး ယောက် လောက် နဲ့ ငွေ ၅ဝဝ စီ စု ပြီး အမြုတေ စာပေတိုက် အမည် ကို မောင်သာရ က နာမည် ပေး ကာ စာအုပ် ထုတ်ဝေရေး လုပ်ကြ သတဲ့ ။ မအောင်မြင်ခဲ့ပါဘူး ။ နောက်တော့ ရန်ကုန် ပြန် ဆင်း သွားပြီး ရှုမဝ ဦးကျော် တို့ နဲ့ ရုပ်ရှင်ဒါရိုက်တာ ယောင်ယောင် ၊ စာရေးဆရာ ယောင်ယောင် လုပ် ရင်း ရုပ်ရှင်မင်းသမီး လုပ်ချင်တဲ့ မိန်းကလေး ငယ်ငယ်ချောချော တစ်ယောက် ကို ကောက် ချိတ် ခဲ့တော့တာပဲ ၊ ရုပ်ရှင် မှာ တော့ မောင်တင်ဦး တို့  ၊ ဝင်းဖေ တို့ လို မအောင်မြင်ပါ ။

မောင်တင်ဦး တို့ ၊ ကိုဝင်းဖေ တို့ က လည်း မန်းသား စစ်စစ်တွေ ပါပဲ ။ ဒါပေမဲ့ မူလ က စာပေ အသိုင်းအဝိုင်း ထဲ က မဟုတ်လို့ စာပေအကြောင်း ပြောကြရင် မောင်သာရ နဲ့ မောင်မိုးသူ တို့ နှစ်ဦး ကို သာ ကွက်ပြီး ပြောကြ တာ ဖြစ် ပါတယ် ။ မောင်မိုးသူ လည်း ရန်ကုန် ဆင်း သွားပြီး ရုပ်ရှင်ဇာတ်ညွှန်း ရေး သလို ၊ ဒါရိုက်တာ လုပ် သလိုလို နဲ့ မောင်သာရ လို လုပ် လိုက် ပါ သေးတယ် ။ ဒါပေမဲ့ မောင်မိုးသူ က ကျောင်းသားသမဂ္ဂ မှာ လုပ်ခဲ့ ပြီး အဖမ်း ခံ ရတော့လည်း နိုင်ငံရေး ကို မစွန့်လွှတ်ခဲ့ပါ ။ ပါတီအဖွဲ့အစည်း တစ်ခု ခု မှာ မောင်သာရ က ပြည်သူ့လူငယ်ပါတီ မှာ လုပ်တာမျိုး မလုပ်ခဲ့ ပေမဲ့ အရေး ကြုံတိုင်း ဝင် ပါတတ် ပါတယ် ။ မောင်မိုးသူ ဟာ ရှစ်လေးလုံး အရေးတော်ပုံ မှာ အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ် တည်ထောင်သူ တစ်ဦး အဖြစ် ဦးဝင်းတင် တို့ နဲ့ အတူ ပါ လို့ ဖမ်းဆီး ထောင်ချ ခံရ ပါတယ် ။ အဖွဲ့ချုပ် မှာ ဆက် မလုပ်တာ က တော့ ဦးအောင်ကြီး တို့ စစ်ဗိုလ်တွေ က ကွန်မြူနစ်တွေ ဆို ပြီး ဆက် မလုပ်ရအောင် အားထုတ် ကြ လို့ သာ ဘေးထွက် ခဲ့ တာပါ ။ ကွန်မြူနစ် ဆို တာ ချို မပါဘူး ။ နိုင်ငံရေးသမား ဟာ နိုင်ငံရေး လုပ် တာပါပဲ ။ စစ်ဗိုလ် ဆိုတာ က သာ နိုင်ငံရေးသမား မဟုတ် တာ ပါ ။ ထားပါတော့ ။ မောင်မိုးသူ က နိုင်ငံရေးပါတီ တစ်ခု ခု မှာ ဝင် မလုပ်ပေမဲ့ ကလောင် နဲ့ တော့ ဆက် လုပ် နေတာပါပဲ ။ မောင်သာရ လို့ ကျဉ်တုပ် မခံဝံ့တာ မဟုတ်ပါ ။

မောင်သာရ က နိုင်ငံရေး ကို ရှောင် ပါတယ် ။ ရှစ်လေးလုံး လို အရေးတော်ပုံကြီး ကို တောင် လွတ်အောင် ရှောင် နိုင်တဲ့ စာရေးဆရာ မျိုး ဟာ ရှာ မှ ရှား ပါ တယ် ။ စာ ရေး တာ ကို တောင် ပါတီ ၊ ကောင်စီ ခွင့်ပြုချက် ယူပြီး အထက် က ဆင်း လာတဲ့ စာရေးဆရာ အဖြစ် နဲ့ အလုပ်သမားတွေ ကြား ကို ဝင် ခဲ့တော့ မအောင်မြင် ခဲ့ ပါ ။ နောက်ဆုံး တော့ ကျဉ်ကောင်တွေ အတုပ် မခံရ အောင် ယင်ကောင် အဖြစ် နဲ့ ပြည်ပ ကို ထွက် လာ ခဲ့ တာပါ ပဲ ။ ရှစ်လေးလုံး အရေးတော်ပုံ ကို ရှောင်ခဲ့ ပေမဲ့ ရှစ်လေးလုံးကျောင်းသား တွေ နဲ့ အတူ ထွက် လာခဲ့ တာ ပါ ကလား ။ အဲဒါ မောင်သာရ ရဲ့ ပုံစံ အစစ် ပါ ပဲ ။ ကျဉ်တုပ် မခံရပေခဲ့ တစ်နေ့ တော့ လူ ဆိုတာ သေမျိုး ပါ ။

မောင်သာရ ကွယ်လွန် တော့ ကျန်ရစ်သူများ က “ ကောင်းရာသုဂတိလား စေသော် ” လို့ ဆုတောင်း ပေးရုံ ပါပဲ ။ မောင်သာရ ဟာ ငါးပါးသီလ လုံတယ် လို့ ကျွန်တော် ထင်ပေမဲ့ မုသာဝါဒကံ လုံ မလုံ တော့ မမြင်ရ လို့ မသိနိုင် ပါ ။ အဲ လောင်းကစား တော့ ဝါသနာ ပါ ရှာ ပုံ ရ ပါတယ် ။ လောင်းကစား က ငါးပါးသီလ ထဲ မှာ တော့ မပါဘူး ထင် ပါတယ် ။ ‘ ကောင်းမှု ’ တစ်ခု တော့ မဟုတ်နိုင်ပါ ။ လောဘ ရှေ့ဆောင် တဲ့ အလုပ် မဟုတ်လား ။ နောင် ဘဝ တွေ မှာ ‘ ကျဉ်တုပ် ’ မခံရပါစေ နဲ့ လို့ ပဲ ဆုတောင်း ပေး လိုက် ပါတယ် ။

မောင်သာရ ခင်မင်ခဲ့ပုံ ရတဲ့ မောင်စွမ်းရည်

၂၀၁၆ ၊ မတ် ၆

◾မောင်စွမ်းရည်

📖 မန်းတောင်ရိပ်ခို
      ကြည်ညိုလေးစား ဆရာများ
      လက်တွဲလုပ်ဖော် ရဲဘော်များ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment