Sunday, September 24, 2023

ဗေထိသံ


 

❝  ဗေထိသံ ❞

( ၁ )

ပွဲခင်း ထဲ က ဗေထိသံ ကြားရပြီ ။

ဟီ လိုက်သည့် ပတ်မ ။ ရင် တစ်ခုလုံး သိမ့်တုန် သွားသည် ။ လူ လည်း အလိုလို မြောက်ကြွကြွ ဖြစ် လာသည် ။

အရေးထဲ အမေ ၏ ဗာဟီရကိစ္စများ မှာ ပြီး မပြီး နိုင်တော့ ။ ဟိုဟာ ခိုင်း သည်ဟာ ခိုင်း နှင့် ။ အမေ က တင် ခိုင်းလို့ အားမရ ။ အဘွား က ထပ်ဆင့် လိုက် သေးသည် ။ တောက်တိုမည်ရ ဟု သာ ပြော သည် ။ လူ မှာ ဂျင်လည် လည် နေ၏ ။ နား မနေရ ။ လူကြီးများ က တော့ ခပ်လွယ်လွယ် ပင် ပါးစပ်ကလေး နှင့် ဟိုဟာ လုပ်လိုက် ၊ သည်ဟာ လုပ်လိုက် ။ ဟို ပွဲ ထဲ က လူရွှင်တော်ကြီး ပြော သလို ဒီမှာ က တော့ ဖတ်ဖတ်မော ရင်ဘတ် နောက်က ကျော ။

အမေ နှင့် အဘွား မှာ ပွဲဈေး ထွက်ကြ မတဲ့ ။ နတ်စင်ကုန်းရွာ တစ်နယ်လုံး မှာ တော့ အဘွား ရဲ့ ဘူးသီးကြော် က နာမည်ကြီး ။ ရွာထိပ် လမ်းဆုံ သရက်ခြံကြီး မှာ အဘွား အကြော် ကြော်ပြီ ဆိုလျှင် ကလေး လူကြီး မနေနိုင်ကြ ။ စား ကောင်းတိုင်း စားတော့ လည်း ရွာလယ် က သိန်းရွှေကြီး တို့ မြက်ထမ်း ခ ကလေး ပြောင်ပါရော ။ သူ့ ခမျာ အင်္ကျီလေး ပင် မကပ်နိုင် ။ တစ်ခါလာ ကျောပြောင် နှင့် ။ ပုဆိုး တိုနန့်နန့် ခပ်နွမ်းနွမ်း နှင့် ။ ဆဲဆို ပြောလည်း မနာတတ် ။ သီချင်းလေး တအေးအေး နှင့် ။ ဘယ်ဇာတ် ကြည့်မလဲ ၊ နောက်နေ့ အဲဒီ မင်းသား အဆို အဟဲ တွေ သူ့ ဆီ ရောက်လာပြီ သာ မှတ် ။ ပွဲ လည်း အလွန် ကြိုက်သည့် လူ ။ ကျွန်တော် နှင့် တော်တော် တူသည် ။

အဘွား လည်း ကျွန်တော့် လို ပင် ပွဲ အလွန် ကြိုက်သည် ။ အစ က တော့ မြေးအဘွား နှစ်ယောက် ဒီ အတိုင်း သွားသွား ကြည့်ကြသည် ။ နောက်တော့ ပွဲ လည်း ကြည့် ၊ စရိတ် လည်း ကာ မိ အောင် ပွဲဈေး ထွက် ကြသည် ။ အကြော်ဆိုင် ကို အမေ နှင့် အစ်မကြီး လွှဲ ၊ အဘွား နှင့် ကျွန်တော် က ပွဲခင်း ထဲ ရောက်နေသည် က များ သည် ။

ရွာ အနောက်ခြမ်း လယ်ကွင်းများ ကို အတော်လေး ဖြတ်သန်း လိုက်လျှင် ဆင်ကူးရွာ ရောက် သည် ။ ပတ်လည် ဝိုင်းရံ နေသည့် လယ်ကွင်းများ အကြား ၌ တောအုပ်ကလေး တစ်ခု ပမာ ခပ်အုပ်အုပ် ညို့မှိုင်း နေသည့် ထို ရွာကလေး ၌ ဘုန်းကြီးပျံပွဲ အထိမ်းအမှတ် နှစ်စဉ် ရုပ်သေးပွဲ က သည် ။ စ ကြည့်ရစဉ် က အရုပ်ကလေးတွေ ကိုယ်တိုင် တကယ် သီချင်း ဆိုနေသည် ထင် မိသည် ။ စင် အောက် မှ ချောင်း ကြည့် လိုက်ရာ ယောက်ျားကြီးများ သံနေ သံထား နှင့် ဟဲ နေသည်ကို တွေ့ရသည် ။ ယောက်ျားကြီး ထံ မှ မင်းသမီး အသံ ထွက် လာသည် ကို အံ့သြ နေ မိသည် ။ ထိုနှစ် က ရွှေဘိုတင်မောင် ။ သိန်းရွှေကြီး မှာ ရွှေဘိုတင်မောင် လို အဟဲ ကောင်းသည် ။

ပွဲ သွားဖို့ ပြင်သော အခါ လှည်း တစ်စီးလုံး ကျပ်ညပ် နေပြီ ။ အကြော်ဒယ် ၊ ဆီပုံး ၊ ဘူးသီး ၊ မုန့်အနှစ် အိက် စုံ နေသည် ။ ညီအစ်ကို မောင်နှမတွေ ၊ အဘွား ရဲ့ မြေး တွေ ၊ သည်ကြားထဲ ဘယ်အချိန် က ပေါက် လာသည် မသိ ၊ သိန်းရွှေကြီး က ကပ်လိုက်ဦး မတဲ့ ။

လှည်းနောက်မြီး က ခြေတွဲလွဲ ချ ကက်အိမ်ရံတိုင် ကိုင် ကာ ကျွန်တော် လိုက် ခဲ့သည် ။ အဘိုး ၏ နွားညီနောင် မှာ လည်မော့မော့ နှင့် အသော့ နှင် နေသည် ။ ဆန်းစ လ ကွေးကွေးကလေး ကလည်း နောက် က ပြေးလိုက်လာ နေသည် ။ အဘွား က မြဲမြဲ ကိုင်ထားဖို့ ပြော နေသည် ။

မြေး မြစ်တွေ တစ်ပုံကြီး ကြား ထဲ အဘွား က တော့ ကျွန်တော့် ကို ပို ချစ်သည် ထင်သည် ။ ဥပုသ် စောင့်ရာ ပါ ၊ ရွာ သွားရာပါ ။ ဥပုသ်စောင့် ရာ ပါ တာကတော့ စောင့်ချင်လှ သို့မဟုတ် ၊ မုန့်ပဲသားရေစာ တွေ တစ်ဝကြီး တုတ်ရလို့ ။ အဲ ... ပွဲ က တော့ ကြို က် ကို ကြိုက်လို့ ။

( ၂ )

“ ဟိုး ... ရှေးရှေးတုန်းက ရွှေယုန် နဲ့ ရွှေကျား သက်ငယ်ရိတ် သွားကြသတဲ့ ”  

အဘွား အိပ်ရာဝင် ပုံပြင်ကလေးများ ကြား ရသော အခါ ပွဲခင်း ဆီ မှ ဗေထိသံ ကြားရ သလိုပင် စိတ်လှုပ်ရှား ရ၏ ။ လူ မှာ မြောက်ကြွကြွ မဖြစ်သော် လည်း နုံအအ ရွှေကျားကြီး ကို သနားရ ၊ ရွှေယုန် ၏ အလည် လုပ်ပုံ ကို မြင်ပြင်းကတ် ရသည် ။ ထို့နောက် မယ်ထွေး နှင့် မြွေမင်းသား ၊ ကြောင် အိုကြီး လှေ ခုတ်သွား ၊ မယ်ထွေးတို့ သားအမိ ကို ကရုဏာ သက်ရင်း ရင် မှာ လှိုက်ခုန် နေသည် ။

အဘွား ၏ ရင်ငွေ့ လှုံရင်း တအင်းအင်း နှင့် အင်း လိုက်ကာ ပုံပြင်ကလေးများ နားထောင် ခဲ့ရ သည့် အရသာမျိုး ယခုအခါ မရနိုင်တော့ ။

“ မန်ကျည်းရဲ့ ငုတ်တို ၊ ရွက်နုပေါက်ကာမှ ၊ ချဉ်ရည်သောက်ကြပါစို့ မ ခွေးရယ် ” ဟု အဘွား ပြောပြ တတ်သော သူတို့ ခေတ် မြေဝိုင်းဇာတ် လွမ်းစရာလေးများ မကြားရတော့ ။ ကိုယ်မမီ လိုက် သော်လည်း အဘွား အပြော ကို စိတ်မှန်း ကြည့်ရတာ နှင့် ပင် အတော်ကလေး အရသာ ရှိလှသည် ။ ယခုအခါ တွင် ထို အရသာမျိုး ဘယ်မှာ ရှာဖွေရမလဲ ။

ပွဲခင်း ဆီ မှ ဗေထီသံ ကြားရ ပြန်ပြီ ။ ဤသို့ ဗေထီသံ ကြားတိုင်း “ ဘိုင်စကုတ် ရုပ်ရှင် သွားကြပါစို့ မလေး ပန်းညှာရေ ဟိဟိ ” ဟု ဦးလေး သည် သူ့ အမေ ကျွန်တော့် အဘွား ကို အရက်ကလေး ထွေထွေ နှင့် စ တတ်သည် ။ ဆဲဆို လိုက် ရိုက် လိုက်သောအခါ က ရင်း ပြေးတတ်၏ ။ ဗေထီသံ ကြားရသော အခါ အဘွား ကို ပို၍ သတိရ လာ မိသည် ။ ယခုအခါ ကြားရသည် မှာ ယခင်လို အနောက် ဆင်ကူးရွာ ဆီ မှ မဟုတ် ။ မြို့ ရပ် နား နီးသည့် ဦးကေတု တောရကျောင်း ကျောင်းဝင်း ဆီ မှ ခပ်သဲ့သဲ့ ကြားရခြင်း ဖြစ်၏ ။ ယခင်လို ရုပ်သေးပွဲ မဟုတ် ။ လူ ကိုယ်တိုင် က သည့် ဇာတ်ကြီးမင်းသား တောကျော် ဆိုလား ။

အဘွား ကို သတိ ရ ရင်း ဗေထိသံ ကြားတော့ မနေနိုင် ပြန် ။ ထိုင်ရ မလို ၊ ထရ မလို ဖြစ်နေ၏ ။ ရိုးဖြတ် လယ်ကွင်း ဘက် ဆီမှ လေ တဟူးဟူး တိုက်နေသည် ။ မီးခိုးနံ့ လည်း သင်း နေ၏ ။ အဖေ မှာ ကျောပြောင်ကြီး နှင့် လယ်ကွင်း ထဲ တွင် ကောက်ညှင်းကျည်တောက် မီးဖုတ် နေသည် ။

“ လူလေးရေ ... ဟေ ... လူလေး ”

တကြော်ကြော် အော် ခေါ် နေသဖြင့် လယ်ကွင်း ထဲ ကျွန်တော် ပြေးထွက် သွား၏ ။ အမေလည်း အဖေ့ ကို ဝိုင်းကူ လုပ်နေသည် ။ ဝါးစိမ်းလုံး အလယ် က တန်း ကာ ဘေး တစ်ဖက်ဆီ က ဝါးစိမ်းကျည်တောက်များ စီ ထောင်ကာ အောက်မှ မီးမြိုက် နေကြသည် ။ နေရှိန် မီးရှိန် ကြား ထဲ မှ ဝါးပေါက်သံ တဖျစ် ဖျစ် ၊ ရိုးပြတ် မီးလောင်သံများ ကြား နေရသည် ။

“ လူလေးရေ ... ရိုးပြတ်စာ တွေ သယ် ခဲ့ဟေ့ ၊ အဲဒီ ဘက် မှာ အဖေ ရိတ် ပုံ ထားတယ် ”

ပွဲခင်း ဆီ စိတ် ရောက်နေ၍ ဟိုလို သည်လို ဖြစ် နေသော ကျွန်တော် မှာ အဖေ လှမ်း အော်မှ ကမန်းကတန်း ရိတ်ပြီးသား ရိုးပြတ်ခြောက်တွေ သိမ်းမွေ့ပြီး အဖေတို့ ဆီ ပြေး သွားရသည် ။ လူ တစ်ကိုယ်လုံး လည်း ယားယံ ကုန်၏ ။

“ ဟေ့ ... သိန်းရွှေကြီး ၊ ဘောကျော်ပွဲ မလိုက်တော့ဘူးလား ဟေ့ ” 

ထိုအခါ မှ အမေ သည် အော် ပြောရာ ဘက် လှမ်း ကြည့် လိုက်မိသည် ။ ခါတိုင်းလို ပင် ပုဆိုးနံ ကို ချက်ပြုတ် နှင့် ၊ ကျောပြောင် ကိုယ်လုံး နှင့် နွားမောင်း ကြိမ်လုံးလေး ကိုင်လျက် သိန်းရွှေကြီး ။ သို့သော် သူ့ ပုံ မှာ ဟိုစဉ် က လို ခပ်ရွှင်ရွှင် မဟုတ်တော့ ။ အသား ပို မည်း၍ ပိန်လှီ သွားသည် ။

“ မလိုက်တော့ပါဘူး ။ အသန်း ရာ ၊ ကလေး နေမကောင်း လို့ ။ အဲဒါ ဆရာမောင် ဝယ်ရင်း ဒီဘက် ထွက် လာတာ ”

သူ့ အသံ မှာ ခပ်ယဲ့ယဲ့ ၊ ကျွန်တော် သူ့ ကို ငေးကြည့် နေမိသည် ။ ခါတိုင်း လယ်ကွင်း ထဲ ထွက် လာ လျှင် ...

“ ဂိမှာန် မှာ လေတွေ ယွင်းပြန်တော့ ချိန်တန်ပြီ နွယ်တွေ ပွင့်ရှာကြ ရွှေအင်ကြင်းရယ် က ရိုးတံနီ ” ကြားနေကျ သူ့ အသံ ၊ ယခု သူ့ အသံ တိတ် နေသည် ။

အဘွား ကျောခိုင်း ခဲ့ပြီ ဖြစ်၍ အိပ်ရာဝင်ပုံပြင်လေး တွေ နှင့် ဝေးခဲ့ရသည် ထား တော့ သဘာဝ ကျ၏ ။ ယခုမူ အသက် ထင်ရှား ရှိပါလျက် ကိုသိန်းရွှေကြီး ဆီ မှ ကြားနေကျ ခွန်းထောက် ဟဲ သံ မကြားရ သော အခါ ကျွန်တော့် ရင် ထဲ တစ်မျိုးကြီး ဖြစ်နေ တော့သည် ။

( ၃ )

အအေး ပိုလာပြီး ရိုးတွင်းခြင်ဆီ ထိ စိမ့်အေး ကိုက်လာသည် ။ တော မှာ ဆိုလျှင် စပါးကောက်ပင် တို့ ခေါင်း ငိုက်ကာ နှင်းရည် သောက် နေကြလိမ့်မည် ။
လယ်ကွက် တစ်ဖက် နှင့် တစ်ဖက် ပင့်ကူမျှင်လေး များ ကူးသွယ်တန်း နေသည့် ကန်သင်း ကြား မှ ခပ်ကုပ်ကုပ် နှင့် တိုး ဖြတ်ကာ ပွဲပြန် ခဲ့ရသည့် ငယ်ဘဝ ကို သတိရ မိသည် ။ တချို့ နေရာများ တွင် ကောက်ပင် ချင်း သိမ်းပွေ့ နေသဖြင့် လမ်း ပင် ပိတ်နေသည် ။ ထို အခါမျိုးတွင် ရှင်းဖယ်ရင်း လူ တစ်ကိုယ်လုံး နှင်းတွေ ရွှဲ နေတတ်သည် ။ တချို့ ကောက်ပင်များ ဖုံးတုန်း လုံးတုန်း ၊ တချို့ လည်း ပြွတ် နေပြီ ။ တချို့ ကောက်ပင်များ ခေါင်းထောင် နိုင် သော်လည်း သီးပြွတ်များ သည့် အပင်များ မှာ တွဲ ခို နေသည့် အလေးချိန်အား နှင့် မမတ် နိုင်ကြ ။ ခါးကိုင်း ၊ ငိုက် ၊ တချို့ အပင်များ ဝပ်စင်း လဲကျ နေကြသည် ။ ကလေး ဘဝ ကတော့ စပါးဖုံးနုနုထွက်ထွတ်ကလေးများ ခွာနုတ် စားရသည် မှာ အရသာ ရှိလှသည် ။ တချို့ နို့ရည်တည် ၍ ရနံ့ သင်း နေပြီ ။

တော ကို လွမ်း၍ သတိရ မိသော်လည်း မှန်းဆ ရုံ သာ တတ်နိုင်သည် ။ မိမိ ဇာတိ မိဘရပ် ထံ တစ်နှစ် တစ်ခေါက် ပင် မပြန်နိုင် ။ သို့သော် တစ်နှစ် မရောက် တစ်နှစ် ရောက် နိုင်သေး၏  ။ ကဘေး ဘဝ က လို အရသာမျိုး ကား ပြန် မရနိုင်တော့ ။

မြို့ ကြီးရပ် တွင် တောရိပ် တောင်ရိပ် ကို မမြင်ရ ၊ ပြန့်ပြော ကျယ်ဝန်းလှသည့် မြကမ္ဘလာလယ်ကွင်းပြင် ကို မတွေ့ ရ ။ တစ်နေ့ တစ်နေ့ လူတွေ ၊ ကားတွေ ကို သာ တွေ့ နေရသည် ။

ကားပေါ် တိုး စီးလာရင်း မှ ကားလမ်း နံဘေး ပွဲခင်း တစ်ခု ကို တွေ့ လိုက်မိသည် ။ ညခါ တွင် ပွဲသွား ၊ ပွဲလာ ၊ ဈေးသည်တွေ နှင့် လျှပ်စစ်မီး တထိန်ထိန်နှ င့် ပွဲခင်း စည်ကား နေတတ်သော်လည်း နေ့ အခါ တွင် နေပူ အိပ်ပျက် နှင့် ခြောက်သွေ့ နေသည် ။ မြို့ကြီးရပ် ၌ တစ်ခါတစ်ခါ နေ့ နှင့် ည မှား နေ တတ်သည် ။

ပွဲဈေးခင်း တွင် ဖြစ်သလို ထိုး ထိုးထားသော ယိုင်နဲ့နဲ့ လေးတိုင်စင် ဆိုင်ခင်းကလေးများ  ၊ ပုဆိုး ပိုင်းစလေးများ ဖြစ်သလို ကာရံ လျက် ဖြစ်သလို အိပ် နေကြသည့် ဈေးသည်များ ကို မြင်ရသည့် အခါ ငယ်စဉ် က ပွဲဈေး ရောင်းခဲ့ကြသည့် မိဘတွေ ကို ပြန် သတိရ မိသည် ။ ငယ်စဉ် က မူ ဘယ်သို့ ရောင်း၍ ဘယ်သို့ ရုန်းရသည် ကို ထည့် မထွက်မိခဲ့ ။ ပွဲ ကြည့်ဖို့ အာရုံ က သာ များ နေခဲ့သည် ။

ယခု မိမိ ကိုယ်တိုင် မိဘ နေရာ ရောက် လာမှ မိဘများ ကို ကိုယ်ချင်းစာ တတ် လာခဲ့သည် ။ ပန်းခင်း ကို မြင်းစီး ၍ မဟုတ်ဘဲ ပွဲခင်း ကို ကား စီးရင်း မြင်ရာ မှ ငယ် က ပွဲသွား ခဲ့သည့် အဖြစ်များ တသီတတန်းကြီး ပြန် မြင်လာ မိသည် ။ သူတို့ အဘွား ရင်ခွင် နှင့် ဝေး နေရသော ကလေးများ အား လည်း ည အိပ်ရာ ဝင် လျှင် မိမိ ငယ်စဉ် က လိုပင် အိပ်ရာဝင် ပုံပြင်ကလေးများ ပြောပြ ရမည် ။ မိမိ ငယ်ဘဝ က အကြောင်းတွေ ၊ ဆင်ကူးရွာ ၏ ရုပ်သေးပွဲ ၊ ဘွားပန်းညှာ ၏ ဘူးသီးငါးပေါင်းကြော် ၊ ပွဲကြိုက်သော သိန်းရွှေကြီး ၊ သူတို့ အဘိုးအဘွား ကောက်ညှင်းကျည်တောက် ဖုတ်ပုံတွေ ၊ သည်တစ်ခါ ရွာ ပြန်ဖြစ်လျှင် ဟိုတုန်းက ပွဲဈေး ထွက် သလို ကောက်ညှင်းကျည်တောက်ဖုတ် ကျွေးရန် ပူဆာဖို့ အကြောင်းစုံ ပြောပြရမည် ။ ကလေးတွေ မှာ တော သွားရမည် ဆိုလျှင် ခုန်ပေါက် ပျော် နေ တတ်သည် ။

ကိုယ့် အတွေး ၊ ကိုယ့် စိတ်ကူး နှင့် ကိုယ် အိမ်ပြန် ရောက်သော အခါ သားသမီးများ ဝိုင်းအုံ လာ ကြ သည် ။ ကလေးတွေ အမေ မှာ မီးဖို ထဲ က မထွက် အား ။

“  ဖေ့ ... ဘာပါ ” နို့ညှာကောင် က မေးကလေး ဆတ် ၊ လက်ဝါးလေး ဖြန့်၏ ။

အကြီးကောင် က လူချင်း လာ ပူးသည် ။ သမီး က ဟုတ်တယ် ၊ ဟုတ်တယ်နှင့် လက် လာ ချိတ် တွယ်သည် ။

သူ တစ်ပေါက် ၊ ငါ တစ်ပေါက် နှင့် ဝိုင်းအုံ ပူဆာ လိုက်ကြသည်မှာ ကြွက်ကြွက်ညံ နေသည် ။ ခါတိုင်း ဆို လျှင် ကလေးများ နှင့် လုံးထွေး နေရသည် ။ ကျွန်တော် ပျော်သည် ။ လမ်း မှာ စိတ်ကူးခဲ့သည့် အတွေးလေးများ ပင် လန့်ဖျပ်ကာ ဘယ်ဆီ ရောက်သွားပြီ မသိ ။

“ ကဲ ... အဖေကြီး ရေ ၊ ကိုယ့် သားသမီးတွေ ကြည့်သာ ရှင်း ပေတော့ ။ တစ်နေ့လုံး လည်း ပွဲ သွားဖို့ ပြောတာ နား ကို ညည်း  နေတာပဲ ။ နင်တို့ ဖအေ လာ မှ ပြောလို့ ပြောထားရတယ် ”

ကလေးတွေ အမေ က မီးဖိုချောင် မှ ထွက်လာပြီး တိုင်ပြော ပြောနေသည် ။ ကလေးတွေ ကလည်း မျှော်လင့်တကြီး ကျွန်တော့် ဆီ က အဖြေ ကို မျက်လုံးလေးများ အဝိုင်းသား နှင့် ကြည့်ရင်း နားစိုက် နေကြ သည် ။ ကျွန်တော် လည်း ဘာ ပြန် ပြောရမှန်း မသိ ။ ထိုအခါမှ ကိုသိန်းရွှေကြီး ခွန်းထောက် မဟဲနိုင်သည် ကို ကိုယ်ချင်းစာ မိတော့သည် ။

ကျွန်တော် ကား ငယ်စဉ် က လို ပွဲကြည့် သက်သက် မဟုတ်တော့ ။ ကိုယ်တိုင် က နေရသူ ဖြစ် နေ ပြီ ။ ရုပ်သေးစင် ပေါ် က မင်းသားကြီး ၏ သီချင်း ဟစ်ရင်း စီးကျ နေသည့် နဖူး က ချွေး ကို ပြန် သတိထား မိ လာသည် ။ အတန်ကြာ အဖြေ မရသောအခါ ကလေးများ ထပ် ဆူကြွက် ပူဆာ လာကြ ပြန်သည် ။ ဗေထိသံ ကြား နေရပြီ ။ သို့ သော် ပွဲခင်း ဆီ မှ မဟုတ် ။

◾ကြည်နိုင်

📖 စံပယ်ဖြူ အမျိုးသမီး မဂ္ဂဇင်း
      ၁၉၈၅ ခု ၊ ဇူလိုင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment