Tuesday, September 26, 2023

ဦးသဝန်ကြောင် နှင့် ကလေးများ


 ❝ ဦးသဝန်ကြောင် နှင့် ကလေးများ ❞ 


ဦးသဝန်ကြောင် ၏ နှစ်ထပ်တိုက်ကြီး သည် ခန့်ညားလှပါသည် ။


သူ့ တိုက်ကြီး ခန့်ညားသည် နှင့် အမျှပင် ခြံဝင်းကြီး မှာ လည်း ကျယ်ဝန်းလှသည် ။ သီးပင် ပန်းပင်များ က လည်း စုံလင်လှ၏ ။ ခြံစည်းရိုး ကို ကြခတ်ဝါးပင်များ ဖြင့် ကာရံ ထား လေသည် ။


ဦးသဝန်ကြောင် သည် ရပ်ဝေး မှ သူ ၏ ညီ ထံ သွား ရောက်၍ လည်ပတ် နေသောကြောင့် တိုက်ကြီး ကို တံခါး ပိတ် သော့ခတ် ထားသည် ။


ကလေးများ သည် ခြံတံခါး ကို ဖွင့် ပြီးလျှင် ခြံ ထဲ တွင် ဝင်ရောက်၍ ပျော်ရွှင်စွာ ကစား နေကြလေသည် ။ 


ရွက်နုကလေးများ သည် စိမ်းဖန့်ဖန့် အရောင် အသွေးများ ကို ဆင်ကာ ကလေးများ ကစားနေကြသည် ကို ပြုံး ၍ ကြည့်ကြ၏ ။


သစ်ကိုင်းများ ပေါ် တွင် ငှက်ကလေးများ သည် သာယာသော နွေဦးတေးသီချင်း ကို သီဆိုနေကြသည် ။ ငှက်ကလေးများ ၏ တေးဆိုသံ ကို ကြားသော အခါ တွင် ပန်းငုံကလေးများ သည် ပျော်ရွှင်ကြည်နူးစွာ ပွင့်ကား လာ ကြပြီး ပန်းပွင့်ကလေးများ ဖြစ်လာကြသည် ။ သူတို့ သည်လည်း ပျော်ရွှင်ကြ သဖြင့် ငှက်ကလေးများ ကဲ့ သို့ပင် တေးဆို ကြသည် ။


“ ပျော်တယ် ... ပျော်တယ် .. တို့ ပျော်တယ် ”


ကိုတရုတ်စကားပွင့် သည် အသံသြကြီး နှင့် တေးသီချင်း ကို ဆို လိုက်ရာ မစပယ်ကလေး သည် ရှက်သလို နှင့် သစ်ရွက်များ အကြားတွင် ပုန်းလျှိုး နေလိုက်လေသည် ။


သစ္စာပန်းကလေးများ သည် ပျော်ရွှင်ဖွယ် သီချင်းသံ များ ကြောင့် လေ ထဲ တွင် ယိမ်းက နေကြ၏ ။ 


ရွှေရောင် ကဲ့ သို့ ဝါ နေသော လိပ်ပြာကလေး သည် သူ ၏ ချစ်သူ မစပယ်ကလေး ကို ရှာဖွေ ၍ မတွေ့ သော ကြောင့် ပျာယာခတ် နေသည် ။


“ ရှိပါတယ်ကွ .. ဟို သစ်ရွက်ကလေးတွေ ကြား ထဲ မှာ ”


ဦးဆင်လိပ်ပြာကြီး က ညွှန်ပြ လိုက် မှ လိပ်ပြာဝါကလေး သည် မစပယ်ကလေး ကို တွေ့သွား ကာ စကား သွား ပြော နေလေ၏ ။


ထိုအခိုက် တွင် မိုးချုန်းသံ ကဲ့သို့သော အသံကြီး တစ်ခု သည် ရုတ်တရက် ထွက်ပေါ်လာလေ၏ ။ 


“ အောင်မယ် ... ခွေးကောင်ကလေး တွေ ၊ လူဝါးဝ လို့ ငါ့ ခြံ ထဲ မှာ လာ ကစားကြရ သလား ။ ထွက်သွားကြ ... သေကုန်ချင်သလား ”


ဦးသဝန်ကြောင် သည် ခရီး ထွက်ရာ မှ ပြန်ရောက်လာ လေပြီ ။


သူ က အော်ဟစ် မောင်းထုတ် လိုက် သဖြင့် ကလေးများ သည် ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးကုန်ကြ လေ၏ ။ ဦးသဝန်ကြောင် သည် တုတ် တစ်ချောင်းနှင့် လိုက် ရာ ကလေးငယ် ဖိုးချော သည် ခလုတ်တိုက် ၍ လဲ လေတော့သည် ။


ဦးသဝန်ကြောင် သည် ကလေးငယ် ကို တစ်ချက် နှစ်ချက် ရိုက် လိုက် သဖြင့် ဖိုးချောကလေး သည် သူ့ ဘာသာ သူ ထ၍ ပြေးရင်း ငိုယို သွားရလေသည် ။ 


နောက် တစ်နေ့ တွင် ဦးသဝန်ကြောင် သည် ခြံဝ တွင် အောက်ပါ အတိုင်း စာ ရေး၍ ကပ်ထား လေသည် ။ 


ခြံထဲ ကို မဝင်ရ ။ ဝင် လျှင် တရားစွဲဆိုခြင်း ခံရမည် ။

         ဦးသဝန်ကြောင်


သို့ ဖြစ်သောကြောင့် မည်သည့် ကလေး မျှ ခြံ ထဲ သို့ မဝင်ဝံ့ကြတော့ချေ ။ ကလေးများ နှင့် ကင်းဝေး နေသော ကြောင့် ခြံကြီး သည် တိတ်ဆိတ် သွားသည် ။ 


ငှက်ကလေးများ လည်း တေး မဆိုကြတော့ ။ ငှက်ကလေးများ ၏ တေးသံ ကို မကြားရ သဖြင့် ပန်းများ လည်း မပွင့်ကြတော့ ။ ပန်းများ မပွင့်ကြတော့ သဖြင့် လှပသော ရောင်စုံပန်းလိပ်ပြာကလေး များ လည်း မလာရောက်ကြတော့ ။


ခြံကြီး သည် သွေ့ခြောက် တိတ်ဆိတ်နေသည် ။ 


ကလေးများ သည် ခြံကြီး ထဲ ဝင်၍ မကစားရတော့ သဖြင့် ကစားစရာ နေရာ မရှိတော့ ။


သူတို့ မကစားချင် ကြသော လမ်း ပေါ် တွင် ကစားကြရသည် ။ လမ်း ပေါ် မှာ ကား ကျောက်ခဲ ထူထပ်သည် ။ ချော် လဲ လျှင် ဒဏ်ရာ အနာတရ ဖြစ်ကြရသည် ။ လမ်းသွား လမ်းလာများ ကို ရှောင်ကြရသည် ။ လမ်း ပေါ် တွင် သွား လာ နေကြသော လှည်းများ ၊ ရထားများ ကို လည်း ရှောင် တိမ်းကြရသည် ။ လမ်း ပေါ် တွင် ကစားရသည် မှာ ဘေး အန္တရာယ် များလှ၏ ။


ကလေးများ မကစားချင် ကြပါ ။


သူတို့ သည် ခြံကြီး ဆီ သို့ မကြာခဏ လှည့် ကြည့်မိသည် ။


ခြံကြီး ၏ ပတ်ပတ်လည်မှာ ကြခတ်ဝါးပင်များ နှင့် ပိတ်ကာ နေသည် ။ ခိုး ဝင်လျှင် ဆူး စူးကြမည် ။ ခြံ အဝင်ဝ တံခါးကြီး မှာ အစဉ် ပိတ် နေသည် ။ တံခါး တွင် ချိတ်ထား သော စာ က သူတို့ ကို ကြောက်ရွံ့ စေသည် ။


ဦးသဝန်ကြောင် ၏ ခြံကြီး သည် ကျယ်ဝန်း၏ ။ ဘယ်သူမှ လည်း ကစား မနေကြ ။ သူတို့လည်း ဝင် ကစား ၍ မရပါ ။


ဤသို့ဖြင့် မိုးတွင်း ရောက် လာ၍ မိုး တို့သည် သည်းထန်စွာ ရွာချ လေသည် ။ ကလေးများ သည် ဖျားနာ ကြမည် စိုး၍ အပြင်သို့ များစွာ မထွက်ကြတော့ ။ အိမ် ထဲ တွင် ပင် နေနေကြလေသည် ။


တစ်နှစ်လုံး တွင် နွေ ၊ မိုး ၊ ဆောင်း ဟူသော ရာသီ သုံးခု မှာ တစ်လှည့်စီ လာကြရသည် ဖြစ်၏ ။ တစ်နှစ် လုံး မိုးတွင်းကြီး ဖြစ် မနေပါ ။


မကြာမီပင် မိုးရာသီ ကုန်ဆုံး သွားလေပြီ ။


ပတ်ဝန်းကျင် အားလုံး တွင် ဆောင်းဦးရာသီ ရောက် ပြီ ဖြစ်သောကြောင့် သစ်ပင်ပန်းပင် တို့ မှာ စိုစိုပြည်ပြည် နှင့် ဖြစ်လာကြ၏ ။ 


သို့သော် ... ။


ဦးသဝန်ကြောင် ၏ ခြံကြီး ထဲ တွင် ကား မိုးသည် ဆက်လက်၍ ရွာချ နေ၏ ။ သူ ၏ ခြံ ထဲ တွင် မိုးရာသီ ရှိမြဲ ရှိနေသည် ။ ကြီးမားသော မိုးရေမိုးပေါက် တို့ သည် ပြင်းထန်စွာ ရွာ နေ၏ ။


ဦးသဝန်ကြောင် သည် ပိတ်ထားသော မှန်ပြတင်း ပေါက် မှ နေ၍ သာ အပြင်ဘက် သို့ ငေးမျှော် ကြည့်ရသည် ။ မိုးများ သည်းထန်စွာ ရွာ နေသဖြင့် သူ သည် အပြင် သို့ ထွက်၍ မရချေ ။


“ အို ... တခြား မှာ မိုးတွင်း ကုန် သွားပါပြီ ။ ဘယ့်နှယ် ... ငါ့ ခြံ တစ်ခု ထဲ မှာ မိုးရာသီ ရှိနေသေးသလဲ မသိဘူး .. ”


ဦးသဝန်ကြောင် မှာ စိတ်ပျက်စွာ နှင့် ညည်းညူ မိသည် ။


ငှက်ကလေးများ တေး မဆို၍ ပန်းများ မပွင့်ကြ ၊ ပန်းများ မပွင့်ကြ ၍ ပန်းလိပ်ပြာကလေးများ မလာကြ ။ ပန်း လိပ်ပြာကလေးများ မလာကြ ၍ မိုးရာသီ မသွားခြင်း ဖြစ်ကြောင်း ကို ဦးသဝန်ကြောင် မသိပါ ။ သူ သည် သဝန်ကြောင် ဖို့ က လွဲ၍ ဘာမျှ သိသူ မဟုတ်ပါ ။ 


“ ဒေါက် ... ဒေါက် ... ဒေါက် ”


ပြင်းထန်သော တံခါးခေါက်သံ ထွက်ပေါ် လာ သဖြင့် ဦးသဝန်ကြောင် သည် ထ,သွား ၍ အိမ်ရှေ့ တံခါး ကို ဖွင့် ကြည့် လိုက်သည် ။


ဗလ ကောင်းကောင်း အရပ် မြင့်မြင့် ၊ နှုတ်ခမ်းမွေးကြီး နှင့် လူကြီး တစ်ယောက် ကို တွေ့ ရသည် ။ ထို လူကြီး သည် ညိုမှောင်မှောင် အရောင် ရှိ မီးခိုးများ နှင့် တူသော အဝတ် ကို ဝတ်ထား၏ ။ သူ ၏ ကိုယ် မှ ရေများ သည် အဆက်မပြတ် စီးဆင်း နေရာ သူ ရပ် နေသောနေရာ မှာ ပင် ရေတွေ အိုင် နေသည် ။


“ ခင်ဗျား ဘယ်သူလဲ ”


ဦးသဝန်ကြောင် က ခပ်ကြောက်ကြောက် နှင့် မေးလိုက်၏ ။ 


“ ကျုပ် .. မိုးနတ် ”


“ ဗျာ .. ခင်ဗျား က ဘယ်သူ ” 


“ မိုးနတ် ”


“ မိုးနတ် .. မိုးနတ် ဆိုတော့ မတ်နိုး ။ သိပြီ သိပြီ .. လက်စသတ်တော့ ခင်ဗျားဟာ မနိုး ရဲ့ ယောက်ျား ကိုး ... ” 


ဦးမိုးနတ် ၏ နှုတ်ခမ်းမွေး သည် ဒေါသ ကြောင့် အစ များ ထောင် သွားကြသည် ။


“ ဘယ်က မနိုး ရဲ့ ယောက်ျား ဟုတ်ရမှာလဲ “ မိုးနတ် ကွ ” ကျုပ် ကို တချို့ က ဖိုးပစ္စုန် လို့ လဲ ခေါ်ကြတယ် ” 


“ ပစ်စုံ ... ပစ်စုံ .... ဟုတ်လား ။ ဟာ .. ရှိတာတွေ ပစ်လိုက်မှ ဘယ်မှာ စုံတော့မှာလဲ ဗျာ ”


စိတ်ဆိုး သဖြင့် ဦးမိုးနတ် ၏ မျက်နှာ မှာ အရောင်တွေ တဝင်းဝင်း လက် သွားသည် ။ သူ ၏ အသံ မှာ မိုးချုန်းသံ ကဲ့သို့ ထွက် လာ၏ ။


“ တယ် .. စကား ရှည်တယ် ဖယ်စမ်း ” 


ဦးမိုးနတ် သည် ဦးသဝန်ကြောင် ကို လက်ဖြင့် ရိုက်၍ ဖယ်ခိုင်း လိုက်၏ ။ သူ ၏ လက်မှာ အလွန် အေး သည် ။ ဦးသဝန်ကြောင် သည် ကလေးများ ပေါ် တွင်သာ အနိုင်ယူ ဝံ့၏ ။ ဤလူကြီး ကို တော့ ကြောက်သည် ။ အမှန်မှာ ကလေးများ ကို အနိုင်ကျင့်သူများ သည် လူကြောက် များ သာ ဖြစ်ကြ၏ ။ 


ဦးသဝန်ကြောင် က လမ်း ဖယ် ပေးလိုက်သော အခါ ဦးမိုးနတ် သည် အထဲ သို့ ဝင်ပြီး ထိုင်လိုက်၏ ။


သူ သွားရာ လမ်း တစ်လျှောက် တွင် ရေများ တစက် စက် ကျ သွားသည် ။


“ အိပ်ရာ က ဘယ်မှာလဲ ”  


“ အပေါ်ထပ် မှာပါ ခင်ဗျာ ”


ဦးမိုးနတ် သည် ထ ၍ အပေါ်ထပ် သို့ တက်သွား ကာ အိပ်ရာ ပေါ် တွင် တက် အိပ်လိုက်သည် ။ သူ ၏ ကိုယ်မှ ရေများ အစဉ်မပြတ် စီးကျ နေလေရာ .. မွေ့ရာ တွေ ၊ စောင် တွေ အားလုံး စိုရွှဲကုန်၏ ။


ရေများ မှာ ကြမ်းပြင် မှ စိမ့်၍ အောက်ထပ် သို့ ပင် ကျ လာကြသည် ။ အောက်ထပ် က ဦးသဝန်ကြောင် သည် အပေါ်ထပ် သို့ ပြေးတက် သွားလေ၏ ။


“ ခင်ဗျား .. ဘာဖြစ်လို့ ရှူရှူးတွေ ပေါက်ချရတာလဲ ဗျ ” 


“ အောင်မယ် .... ဘယ်က ရှူရှူးတွေ ရမှာလဲ ။ ရေ တွေ ကွ .. ။ မင်း တော်တော် လျှာရှည်တယ် ။ ကျုပ် ဆာတယ် ။ ဆန်ပြုတ် သောက် ချင်တယ် အခု သွားယူခဲ့ ” 


“ ဟုတ် - ဟုတ် - ဟုတ် - ဟုတ် ” 


“ ဘာ တဟုတ်ဟုတ် နဲ့ ဖြစ်နေတာလဲ ။ မီးရထား မောင်း ခိုင်းတာ မဟုတ်ဘူး ။ ဆန်ပြုတ် ယူခဲ့ခိုင်းတာ ” 


“ ဟုတ် ... ဟုတ်ကဲ့ ” 


ဦးသဝန်ကြောင် သည် ကြောက်ကြောက် နှင့် ပြန် ဆင်း လာခဲ့သည် ။ သူ သည် ဦးမိုးနတ် ကို မလွန်ဆန် ဝံ့ သဖြင့် ဆန်ပြုတ် ယူရန် မီးဖိုချောင် ဘက် သို့ သွားမည် ပြု၏ ။ သို့သော် -


“ ဒေါက် ... ဒေါက် .. ဒေါက် ” 


တံခါး ခေါက်သံ ပေါ်ထွက် လာ သဖြင့် တံခါးမကြီး ကို ဖွင့်ရပြန် လေသည် ။


သူ့ ရှေ့ တွင် ရပ်နေသူ မှာ ပိန်ပိန်ပါးပါး ဖြစ်၏ ။ အလွန်ပင် ပေါ့ပါးပုံ ရသည် ။ ဓာတ်ပူဖောင်း ကို ကြိုး ဖြင့် ဆွဲထားသလို ၊ ကြွတတ ပျံတံတံ နှင့် ဖြစ်ဖြစ် နေသဖြင့် တံခါးဘောင် ကို ပင် တစ်ချက် တစ်ချက် လှမ်း လှမ်း ကိုင်ထားရ၏ ။ 


“ ရွရွ ရွရွ နဲ့ ခင်ဗျား က ဘာလူတုံး ” 


“ ကျုပ် က အနောက်တောင်လေ ပဲ ” 


“ ဗျာ .. လေ .. ဟုတ်လား ”


“ ဟုတ်တယ် ... လေ - လေ - အနောက်တောင် လေ ” 


“ အခုဟာ လာ လည်တာလား ”


“ ဝူး .... ဟုတ်တယ် ”


“ ဟာ .. လေလည်တာ ဆိုတာ အီး ပေါက်တာ ပဲ ” 


“ ဝူး ” 


အနောက်တောင်လေ သည် သူ့ ဘေးနား က ပေါ့ပါး စွာ ဖြတ်၍ ဝင်သွား ပြီးလျှင် အခန်း ထဲတွင် ဟိုလျှောက်ပြေး ဒီလျှောက်ပြေး နှင့် လုပ်နေ၏ ။ တစ်ဖန် ကု,လားထိုင် အောက် ၊ စားပွဲ အောက်များသို့ လျှိုးဝင် ပြေးလွှားလေ ရာ ကု,လားထိုင်များ ၊ စားပွဲများမှာ ကျွမ်းထိုး မှောက်ခုံ ဖြစ်ကုန်ကြလေတော့သည် ။


ဦးသဝန်ကြောင် မှာ စိတ်တို လာလေ၏ ။ ထို့ကြောင့် သူ အော် ပြောလိုက်သည် ။


“ ဟေ့ .. လူလိုလို မျောက်လိုလို အကောင် ကျုပ် အိမ် ထဲ မှာ ဘာလာ ရှုပ်နေတာလဲ ”


“ ဝူး  ... ကျုပ် အဖေ ကို ရှာတာဗျ ”


“ ခင်ဗျား အဖေ က ဘယ်သူလဲ ” 


“ မိုးနတ် ” 


“ မြတ်စွာဘုရား ”


“ မြတ်စွာဘုရား မဟုတ်ဘူး ၊ ကျုပ် အဖေ က မိုးနတ် ” 


“ ဟုတ်ပါတယ်လေ ၊ မြတ်စွာဘုရား လို့ ဆိုတာက ကျုပ် က ဘုရား တ,တာပါ ၊ ခင်ဗျား အဖေ အပေါ် မှာ ရှိတယ် ” 


“ ဝူး ... ဝူး ”


အနောက်တောင်လေ သည် လေချွန် ၍ ပေါ့ပါးစွာ ပင် အပေါ်ထပ် သို့ ပြေး သွားလေသည် ။ အပေါ်ထပ် မှ မိုးချုန်းသံ ထွက်ပေါ်လာ ပြန်လေသည် ။ 


“ ဟေ့ ဆန်ပြုတ် နှစ်ခွက် မြန်မြန်ယူခဲ့ ကွ ” 


“ ဟုတ်ကဲ့ ယူခဲ့ပါ့မယ် ”


ဦးသဝန်ကြောင် သည် မီးဖို ထဲ သွားရန် ခြေလှမ်း ပြင် လိုက်၏ ။


“ ဒေါက် .. ဒေါက် .. ဒေါက် ” 


တံခါး ခေါက်သံ ကို ကြားရ ပြန်ပါပြီ ။


တံခါး ကို ဖွင့် လိုက်သော အခါ အရုပ်ဆိုးဆိုး နှင့် မျက်မှောင်ကုတ် နေသော လူ တစ်ယောက် ကို တွေ့ ရလေသည် ။


“ ခင်ဗျား ကကော .. ဘယ်သူတုံး ”


“ မုန်တိုင်း ”


“ ဪ .. မုန်တိုင်ပင် လာ ရှာသလား ။ ရှိပါတယ် ခင်ဗျား ခြံ ရဲ့ အနောက်မြောက်ထောင့် က အပင် ဟာ မုန်တိုင်ပင် ပါပဲ ” 


“ ဘာတွေ လျှောက်ပြောနေတာလဲ ။ ကျုပ် က မုန်တိုင်း မုန်တိုင်း ”


“ ဘာ မုန်တိုင်း လဲ ” 


“ လေမုန်တိုင်း ”


ပြောပြောဆိုဆို နှင့် ကိုမုန်တိုင်း သည် အတင်း တိုး ၍ ဝင်လေတော့ ရာ ဦးသဝန်ကြောင် ၏ ပခုံး ကို တိုက် သွားလေ၏ ။ ဦးသဝန်ကြောင် သည် ချာလပတ် လည် ကာ ရွေ့လျား သွားလေတော့၏ ။


လည်လည် လည်လည် နှင့် ဖြစ်နေလေရာ ၊ ဦးသဝန်ကြောင် သည် အပေါ် မှ တွဲလောင်းကျ နေသော မီးအိမ်ကြီး ကို ဆွဲ ခို လိုက်၏ ။ မီးအိမ်ကြီး ရော ၊ သူ ရော ချာလပတ် လည် နေသည် ။ တစ်ပတ် ပြီး တစ်ပတ် အရှိန် ပြင်းစွာနှင့် လည် နေရာမှ ရပ် သွားပြီး တစ်ဖန် နောက်ပြန် ပြန်၍ လည် ပြန်လေ၏ ။


“ မူး လွန်းလို့ အန်ရပါတော့မယ် ဗျာ ၊ အန်ရပါတော့မယ်ဗျာ ”


ဦးသဝန်ကြောင် သည် အော်ဟစ်ပြီး လက် လွှတ် ချ လိုက်ရာ ၊ ကြမ်းပေါ် တွင် လေးဖက်ထောက် ကျလေ၏ ။ အမူး မပြေသဖြင့် ဦးခေါင်း ကို ဟိုခါ ဒီခါ လုပ် လိုက်ရာ ရေများ စိုရွှဲနေသော ခွေးကလေး နှင့် တူ နေတော့သည် ။ 


“ ကျုပ် အစ်ကို နဲ့ ကျုပ် တူ ဘယ်မှာလဲ ”


ကိုမုန်တိုင်း က အသံသြကြီး နှင့် မေးသည် ။ 


“ မပြောတတ်ဘူး ၊ အပေါ်ထပ် မှာ တော့ ဦးမိုးနတ် ဆိုတာ ရှိတယ် ။ ခင်ဗျား အစ်ကို လား မသိဘူး ။ ခင်ဗျား ရဲ့ တူ ကတော့ ခေါက်ဆွဲဆိုင် မှာ ရှိမှာပေါ့ ။ အဲဒီမှာ ခေါက်ဆွဲစားတဲ့ တူတွေ အများကြီး တွေ့ ခဲ့တာပဲ ” 


“ တယ်လေ တော်တော်တုန်း ဝုန်း ... ဝုန်း ” 


ပြောပြောဆိုဆို နှင့် ကိုမုန်တိုင်း သည် ခြေသံ ပြင်းစွာ နှင့် အပေါ်ထပ် သို့ ပြေးတက် သွားလေ၏ ။


“ ဟေ့ ... ဆန်ပြုတ် သုံးပန်းကန် ယူခဲ့ကွ ၊ ကြာလှ ချည်ကလား ငါ ဆင်း လာပြီး ရိုက်မိတော့မှာပဲ ” 


ဦးသဝန်ကြောင် သည် ကမန်းကတန်း မတ်တတ် ရပ် လိုက် ပြီးမှ မီးဖိုချောင် ဘက် ဆီသို့ ပြေးသွားရ လေတော့ သည် ။ မကြာမီပင် ဦးသဝန်ကြောင် သည် အငွေ့ တထောင်းထောင်း နှင့် ဆန်ပြုတ် သုံးပန်းကန် ကို ဗန်းကြီး တစ်ခု တွင် ထည့်၍ သယ်ဆောင် လာ၏ ။


သို့သော် အပေါ်ထပ် မှ ဦးမိုးနတ် သည် စိတ်မရှည် တော့ သလိုနှင့် အော်ပြော လိုက်သည် ။


“ ဟေ့ ဆန်ပြုတ် ယူခဲ့ဆိုတာ ကြာလှချည်ကလား ” 


ဦးမိုးနတ် ၏ အော်ဟစ် ဆူပူသံ ကို ကြားသော အခါ ဦးသဝန်ကြောင် သည် ပျာလောင်ခတ် သွားပြီး အပေါ် တက် သည့် လှေကား ပေါ် သို့ ပြေးတက် လိုက် မိလေ၏ ။ 


ဦးမိုးနတ် ၏ ကိုယ် မှ အစဉ်မပြတ် စီးဆင်း နေသော ရေများ သည် အပေါ်ထပ် ကြမ်းပြင် မှ တစ်ဆင့် လှေကား သို့ စီးဆင်းလာ လေ တော့ရာ လှေကားထစ်များ မှာ ရေများ ဖြင့် ရွှန်းရွှန်းစို ရွှဲနေ၏ ။


သို့ဖြစ်သောကြောင့် ဦးသဝန်ကြောင် ပြေး တက် သော အခါ ၊ ပြောင်ချော် ၍ လှေကား ပေါ် မှ တဒုန်းဒုန်း နှင့် လိမ့်ကျ လေသည် ။ လက် ထဲ ဗန်းကြီး လည်း လွင့်စင် သွား သဖြင့် ဆန်ပြုတ်ပန်းကန်များ မှာ လှေကားထစ်များ ပေါ် သို့ ကျ၍ ‘ ချလွင် ဂွမ် ဂွပ် ’ နှင့် မြည်ပြီး ကွဲရှကုန်လေ တော့သည် ။


“ ဆာလှပါပြီ ဆို မှ ဘယ်လိုတွေ ဖြစ်ကုန်ရတာလဲ ” 


အနောက်တောင်လေ သည် ပြောပြောဆိုဆို နှင့် ဦးသဝန်ကြောင် ကို ပြစ်တင်မောင်းမဲ ရန် ပျာယီးပျာယာ ပြေးဆင်း လာလေရာ လှေကားထစ်များ ပေါ် တွင် ဖိတ် ကျ နေသော ဆန်ပြုတ်ပူပူကြီးများ ကို နင်း လေတော့၏ ။ 


“ ရှူး .. အလယ်လယ် ပူ လိုက်တာ ... ပူလိုက်တာဗျ ” 


အနောက်တောင်လေ သည် ခြေဖဝါးများ ပူလောင် ကုန်သည် ။ အော်ဟစ် ကာ ခြေ တစ်ဖက် မြှောက် ခြေတစ်ဖက် ချ နှင့် ခြေ နှစ်ချောင်း ၊ တစ်လှည့်စီ မြှောက်ချီ ချချီ ပြုလျက် ဟိုပြေး ဒီပြေး ခုန်ပေါက် ပြေး နေလေသည် ။ 


ဦးသဝန်ကြောင် သည် လှေကားရင်း တွင် မတ်တတ် ရပ် နေရာ လျှောက်ပြေး နေသော အနောက်တောင်လေ ကို ကြည့် နေ မိ၏ ။


အနောက်တောင်လေ သည် ပူလွန်း သဖြင့် ဟိုပြေး ဒီပြေး ပြေး နေရာမှ ဦးသဝန်ကြောင် ၏ ခြေထောက် နှစ်ခု ကြား ထဲ ဝင် တိုးလေ၏ ။


“ ဟဲ့ ... ပလုပ်တုတ် ... ဗဒူး ”


ဦးသဝန်ကြောင် သည် အယောင်ယောင် အမှားမှား နှင့် အော်ချင်ရာတွေ အော်မိပြီး လေ ဝင်၍ ပူဖောင်းကြီး လို ဖောင်းကြွ လာသော လုံချည်ကြီး ပတ်ပတ်လည် လှည့်၍ လက် နှင့် လျှောက် ဖိ နေရ၏ ။


“ ထွက်လဟယ် ထွက်လဟယ် ကျုပ် မိုးပေါ် ပျံသွား လိမ့်မယ် ၊ ထွက်လဟယ် ”


ပြောပြောဆိုဆို နှင့် ဦးသဝန်ကြောင် က လက်နှစ်ဖက် နှင့် အတင်း ဖိ တွန်းမှ အနောက်တောင်လေ သည် လွတ်ထွက်ပြီး လျှောက်ပြေး နေပြန် လေ၏ ။


“ ငါ့ တူ ကို ဘယ့်နှယ် လုပ်လိုက်တာလဲကွ ” 


ကိုမုန်တိုင်း ဒေါသတကြီး နှင့် ဒုန်းဒိုင်း မြည်အောင် ခြေ ကို ဆောင့် ၍ ဆင်းလာလေ၏ ။ သူလည်း ဆန်ပြုတ် ပူပူများ ကို တက်နင်းမိ လေတော့သည် ။ 


“ အဖရူး .... ရှူး ဒိုင်း ... ပူလှချည်လား ကရို ” 


ကိုမုန်တိုင်း သည် လှေကား တစ်ဝက် လောက် ဆီ မှ ကြမ်းပြင် ပေါ်သို့ ဝုန်းခနဲ ခုန်ချ လိုက်ပြီး ခြေ တစ်ဖက် မြှောက် ၊ လက် နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ ခုန်ဆွ ခုန်ဆွ ဖြစ် နေလေသည် ။


ထိုနောက် ဒေါသကြီးစွာ ထွက် လာပြီး အိမ်ရှေ့ တံခါး ကို ခြေ ဖြင့် ဆောင့်ကန် ဖွင့် ကာ အတွင်း မှ ကု,လားထိုင်များ ကို အပြင် သို့ ကန်ထုတ် နေလေ၏ ။


အပြင်ဘက် ဝင်းပေါက်ဝ တွင် ကလေးများ စုပြုံ ရောက်လာကြ ပြီးလျှင် ကု,လားထိုင်များ လွင့်စင် ထွက်နေ သည် ကို ဝိုင်း ကြည့်နေကြ၏ ။ ခြံ ထဲ တွင် သာ မိုး သဲသဲ ရွာ နေပြီး အပြင်ဘက် တွင် နေသာ နေ သဖြင့် ကလေးများ မိုးရေ ကင်းလွတ် ကြ၏ ။


ကလေးတို့ သည် အလွန် စိတ်ဝင်စား နေကြသည် ။


ထိုကြောင့် ခြံ ထဲ က မိုးရေ ကို ပင် ဂရုမစိုက်နိုင်ကြတော့ပါ ။


ကိုမုန်တိုင်း သည် ဒေါသတကြီး နှင့် မြင်မြင်ကရာ ပစ္စည်းများ ကို ကန်လို့ ချည်း ထုတ် နေ၏ ။ ထိုအခိုက် တွင် အပေါ်ထပ် မှ ဦးမိုးနတ် ၏ အသံ ထွက်ပေါ် လာလေ၏ ။


“ ဟေ့ .. ပြေးကြတော့ဟေ့ ပြေးကြတော့ ” ပြောပြောဆိုဆို နှင့်ပင် ဦးမိုးနတ် ကိုယ်တိုင် ပင် ဒရော သောပါး ပြေးဆင်း လာလေ၏ ။ အောက်ထပ် တွင် နား ၍ မျှ မနေတော့ဘဲ ပွင့်နေသော အိမ်ရှေ့ ပေါက် မှ ရှူးရှူးရှဲရှဲ မြည်ကာ ထွက်ပြေးလေ၏ ။ သူ့ နောက် က ကို မုန်တိုင်း သည် လည်း ဝုန်းဝုန်းဒိုင်းဒိုင်း နှင့် လိုက်၍ ပြေးထွက် သွား ၏ ။ သူတို့ နောက် မှ အနောက်တောင်လေ သည် လည်း ဝူး ဝူး နှင့် အော်၍ ပြေး သွားလေသည် ။


ဦးသဝန်ကြောင် မှာ ဘာတွေ ဖြစ်ပျက် နေမှန်း ကို မသိ နိုင် လောက်အောင် ဖြစ်နေ မိ၏ ။ သူ့ ကို နှိပ်စက်ကြသော လူ သုံးယောက် သည် ဘာကို ကြောက်၍ ထွက်ပြေး ကြပါ သနည်း ။


သူ သိချင် လှ သဖြင့် အိမ် ထဲ မှ ထွက် လာကာ ခြံ ထဲ သို့ ဆင်း ၍ ကြည့် လိုက်မိသည် ။


အထဲ တွင် ဖြစ်ပျက် နေသည်များ ကို စိတ်ဝင်စား လွန်း လှ သဖြင့် ကလေးများ သည် မိုးရေ ကို ပင် ဂရုမစိုက် နိုင် ဘဲ ပိတ် ထားသော ဝင်းခြံတံခါး ကို ကျော်၍ ဝင်လာ ကြ လေသည် ။


ကလေးများ ဝင်ရောက် လာသောအခါ ပန်းတွေ သည် ဝမ်းသာအားရ စွာ ပွင့်လန်း ကုန်ကြသည် ။ ငှက်ကလေးများ လည်း အားရရွှင်လန်းလွန်း သဖြင့် သာယာ သော အသံကလေးများ ဖြင့် တေးသီချင်းများ သီဆို ကြ သည် ။


အနီ အဝါ အပြာ ရောင်မျိုးစုံ နှင့် လှပသော ပန်း လိပ်ပြာကလေးများ သည် စု၍ ပြုံ၍ ခြံဝင်း ထဲ သို့ ဝင်လာ ကြသည် ။


ခြံဝင်း ထဲ တွင် မိုးရာသီ ကုန်ဆုံး သွားလေပြီ ။ 


ထွန်းလင်းကြည်လင်သော နေရောင်ခြည် သည် ရွက်နုစိမ်းစိမ်းကလေးများ ပေါ် သို့ ကျရောက် လာ ။


သာယာလှပေစွ ။


ကလေးများ သည် ဦးသဝန်ကြောင် ကို မြင်ကြသော် ထွက်ပြေး ရန် လှည့် လိုက်ကြ၏ ။


“ ဟေ့ ... မပြေးကြပါနဲ့ ကလေး တို့ ။ ဦးဦး ရဲ့ ခြံ ထဲ မှာ ကြိုက်သလောက် ကစားကြပါ ... ကစားကြပါ ဦးဦး က .. ဖိတ်ခေါ်ပါတယ် ”


ဦးသဝန်ကြောင် သည် ပိတ် ထားသည် ခြံတံခါး ကို ဆွဲဖွင့် လိုက်ပြီး ချိတ် ထားသော စာချပ် ကို ဖြုတ်၍ မြေ မှာ ချနင်း လိုက်လေသည် ။


ကလေးများ ကား ဝမ်းသာ လွန်း၍ သီချင်း ဆို သူ ဆို ၊ က , သူ က လုပ်ကြလေရာ ဦးသဝန်ကြောင် သည် ပြုံးရွှင်စွာ နှင့် လက်ခုပ် တီး ပေး၏ ။


ထိုနေ့မှ စ၍ ကလေးများ သည် သူ့ ကို ဦးသဝန်ကြောင် ဟု မခေါ်ကြတော့ပါ ။ “ ဦးသဘောကောင်း ” ဟု ခေါ်၍ ချစ်ခင်ကြလေတော့သည် ။ 


◾ ကြပ်ကလေး 


📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များ ပေါင်းချုပ် ( ပထမတွဲ ) 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment