❝ ငါးမည်ရ ဦးတင်သိန်း ❞
[ × × × အရင် မိန်းမ ဖို့ ရွှေ ၊ သည် ရွှေ ၊ × × နောက် မိန်းမ ဖို့ ရွှေ ၊ သည် ရွှေ ။ အဟုတ်ပ မုချမသွေ ကျုပ်ရမယ့် သည်ရွှေ သည်ရွှေ ၊ ကံစေလို့ ဆိုးတာကြောင့် ယူသွားပြီ × × × ပါသွားပြီ × × ×
ပြည်သူ ချစ်တဲ့ ဇာတ်မင်းသား ရွှေမန်းဦးတင်မောင် တစ်ယောက် အောင်မြင်မှု အထွဋ်အထိပ် မှာ ရှိနေဆဲ ၊ အသက် ငါးဆယ် မပြည့်ခင် အရွယ်ကောင်း မှာ ဇာတ် က ရင်း ရုတ်တရက် ဆုံး ရှာတော့ ဇာတ်သဘင် ချစ်သူတွေ က နှမြောလို့ မဆုံး လွမ်းလို့ မဆုံးအောင် ဖြစ်နေကြဆဲ ။
ညဉ့်ယံလေပြည် ထဲ မှာ ရွှေမန်းဦးတင်မောင် ဆိုတဲ့ ပြောခဲ့တဲ့ ပုံအတိုင်း ကပြ နေတဲ့ အသံတွေ လွင့်ပြန် လာတယ် ။ ရွှေမန်းဦးတင်မောင် ကို ချစ်တဲ့ ပြည်သူလူထု ခေါင်းထောင် လာပြီး နားစွင့် လာတယ် ။ တို့ ချစ်တဲ့ မင်းသား အသက် ပြန် ရှင် လာ လေ သလား ။
ဇာတ်ခုံ ရှိရာ သွား ကြည့် တော့ လူငယ် မင်းသားလေး တစ်ယောက် ရွှေမန်းတင်မောင် အတိုင်း ဆို နေပြော နေ ကပြ နေ တာပါလား ။ ရွှေမန်းဦးတင်မောင် ကို လွမ်းစိတ် ချစ်စိတ် နဲ့ ခေတ္တ ရပ် ကြည့်မိတယ် ။ မင်းသားလေး မှာ ပင်ကို အရည်အချင်း လည်း ရှိတာ မို့ ကြိုက်သွားတယ် ။ အချိန်တိုတို အတွင်း မှာ ငါးမည်ရတင်သိန်း ဆိုတဲ့ မင်းသား ရဲ့ အမည် က ဟိန်း ထွက် လာတယ် ။
ငါးမည်ရတင်သိန်း က တုပ ရရှိတဲ့ အောင်မြင်မှု ထဲ မှာ သာယာ နစ်မွမ်း မနေဘူး ၊ ပင်ကိုယ် ဟန် တွေ ကိုယ်ပိုင် ဇာတ်လမ်း ဇာတ်ထုပ်တွေ ကို ကြိုးစားပြီး ပွဲထုတ်တယ် ။ ဇာတ် က တဲ့ သက်တမ်း နှစ် ၂၀ ခန့် မှာ နာမည် မကျ ဘဲ သူ့ အမည် က တစ်ဟုန်ထိုး တိုးတက် လာ ခဲ့တယ် ။ ငါးမည်ရ တင်သိန်း က အသက် ၃၁ နှစ် မှာ ဇာတ် က တဲ့ အလုပ် ကို တိခနဲ ဖြတ် လိုက်ပြီး ဘိသိက်ဆရာ အဖြစ် ကူးပြောင်း လိုက်တယ် ။ ဘိသိက်ဆရာ သက်နှစ် ၂၀ နီး လာပြီ ။ အညာတစ်ခွင် မှာ ငါးမည်ရဦးတင်သိန်း မပါ ရင် အလှူ မအောင် သလောက် ပွဲတောင်း ခံ နေရ ပြန်တယ် ။
သူ နေထိုင်တဲ့ မန္တလေးတိုင်း ကို ကိုယ်စားပြု ပြီး ဆို ၊ က ၊ ရေး ၊ တီးပြိုင်ပွဲ တွေ မှာ ပါဝင် ဆင်နွှဲရတယ် ။ လွန်ခဲ့တဲ့ ရှစ်နှစ် ၁၉၉၇ ခုနှစ် ကတည်း က သူ ရွှေတံဆိပ် ရခဲ့တယ် ။ ဒါပေမယ့် သူ့ ဘိသိက်သွန်း တဲ့ ပွဲ လူပုံ အလယ် မှာ ဒါကို ဂုဏ်လုပ် ပြီး တစ်ကြိမ် တစ်ခါ မျှ ပြောပြခဲ့သူ မဟုတ်ဘူး ။
ယခုနှစ် ဝိဓူရဇာတ်တော် ကပြ ပြိုင်ပွဲ ဝင် ရာ မှာ ဝိဓူရအမတ်ကြီး အဖြစ် ကပြ ရပြီး အကောင်းဆုံး ထူးချွန်ဆု ရွှေတံဆိပ် ချီးမြှင့် ခံရပြန်တယ် ။ သည်လို ရွှေတံဆိပ် တွေ ချီးမြှင့် သာ ခံ နေရတာ ငါးမည်ရဦးတင်သိန်း ဟာ သဘင် အလုပ် ကို လုပ် ချင်တော့တဲ့ သူ မဟုတ်ဘူး ။
ငါးမည်ရ ဦးတင်သိန်း ယခု အသက် ၄၉ နှစ် က သူ့ ရဲ့ ဘဝ အမြင် ကို ယခု လို ပြောပြပါတယ် ။ ]
••••• ••••• •••••
ကျွန်တော် အသက် ၁၂ နှစ်သား က စပြီး ဇာတ် က ခဲ့တယ် ။ ကျွန်တော့် ဖေဖေ က ဇာတ်မင်းသား ရွှေဘိုဦးတင်ဖေ ၊ မေမေ က ဇာတ်မင်းသမီး ဂုဏ်မြင့်သူ စိန်မြသီ ။ ဖေဖေ တို့ က ဇာတ် ထောင်တယ် ။
ကျွန်တော် ကျောင်းပညာ ခြောက်တန်း အောင်ပြီး ခုနစ်တန်း တက်မယ့် နှစ် မှာ အဖေ က စီးပွားရေး ကျတယ် ။ မင်းသား အသစ်တွေ ခေါ် ကပေမယ့် အကျိုး မပေးဘူး ။ မင်းသားသစ် ကို အဖေ နဲ့ အမေ က ပညာ သင် ပေးပြီး စင်တင် ပေးတယ် ။ နာမည်လေး ရ လာရင် အခြား ဇာတ် တစ်ခု ကို ပြောင်း သွားကြတယ် ။ ဒါနဲ့ ကျွန်တော့် ကို သင်ပေးပါ ၊ ကျွန်တော် ကမယ် လို့ ကျောင်း က ထွက် လိုက်တယ် ။ အဖေ အမေ က အက အခြေခံ သင် ပေးပြီး အကဝိဇ္ဇာ ဦးတက်ခေတ်စိန် က အကပညာ သင် ပေးတယ် ။
ဇာတ် က ဖို့ နာမည် ရွေး ကြတော့ ဗေဒင်ဆရာ က ရွှေဘိုတင်သိန်း လို့ ပေးတယ် ။ အဖေ ရွှေဘိုတင်ဖေ က ကျွန်တော် နဲ့ မတူချင်ဘူး ဆိုတော့ ဒါဖြင့် ရွှေမန်းတင်သိန်း ၊ မြို့တော်တင်သိန်း ၊ ပန်တျာတင်သိန်း ၊ နေပြည်တော်တင်သိန်း ၊ ရတနာပုံတင်သိန်း အမည် အမျိုးစုံ ပြောင်း ပေးတာပေါ့ ။ ဘယ်ဟာ မှ မကြိုက် ပြန်တော့ ဗေဒင်ဆရာ က စိတ်ဆိုးပြီး ကြိုက်တာသာ ပေးတော့ လို့ ပစ်ထားတယ် ။ ရွှေဘိုမြို့ က ငါးမည်ရ တဲ့ မြို့ ။ ရွှေဘိုတင်ဖေ ရဲ့ သား ငါးမည်ရတင်သိန်း ဆိုပြီး သူများ နဲ့ မတူ အောင် အဖေ က နာမည် ပေး လိုက်တယ် ။
ကျွန်တော် ဇာတ် ထဲ ဝင်တော့ ရွှေမန်းဦးတင်မောင် က ဆုံးပြီးခါစ ။ ရွှေမန်းဦးတင်မောင် ရဲ့ အသံ နဲ့ သူ ကခဲ့တဲ့ ရွဲကုန်သည် တို့ ၊ မောင်မှူး တို့ ၊ လှည်းသားငါးရာ တို့ ၊ နောက်ပိုင်း ဇာတ်ထုတ်ကြီး တွေ ဆိုရင် သန္တတ္ထိ တို့ ၊ ဝိမာန တို့ က တယ် ။ ကျွန်တော့် မေမေ က ရွှေမန်းဦးတင်မောင် ရဲ့ မင်းသမီး ၊ ရွှေမန်းဦးတင်မောင် ရဲ့ ဇနီး ဒေါ်သိန်းညွန့် နဲ့ လည်း ခင်မင်တယ် ။ သည်တော့ ရွှေမန်းဦးတင်မောင် ရဲ့ ဇာတ်ထုတ်တွေ ကို ကျွန်တော် က တာ သူတို့ မိသားစု က ခွင့်ပြုတယ် ။
မင်းသား တစ်လက် က တာ ကို ပရိသတ် မကြည့်ရသေး ခင် မှာ ကောင်းတယ် ၊ မကောင်းဘူး မဆုံးဖြတ် နိုင်သေးဘူး ။ အဲသည် အချိန် က သိပ် အောင်မြင်တဲ့ မင်းသား မြို့တော်ဝင်းမြိုင် ရှိတယ် ။ ခုတော့ ကွယ်လွန် သွားရှာပါပြီ ။ သူ့ ကျေးဇူး ကို ဘယ်တော့မှ ကျွန်တော် မမေ့ဘူး ။ မြို့တော်ဝင်းမြိုင် ခေတ် ကောင်းတဲ့ အချိန် ၊ သူ့ ဆီ ပွဲငှား လာလို့ သူ မအားတဲ့ ရက် ဆိုရင် ပွဲငှား ကို ကျွန်တော့် ဆီ လာ လာ ပို့ ပေးတယ် ။ သူ့ ကျေးဇူး နဲ့ ကျွန်တော်တို့ ကခွင့် ရပြီး ပရိသတ် လက်ခံလာတယ် ။
ပရိသတ် က ကျွန်တော့် ကို ရွှေမန်းတင်မောင် အတိုင်း ပဲ ဆိုပြီး အားပေးကြတယ် ။ ဒါပေမယ့် ကျွန်တော် တို့ က ဘကြီး လို့ ခေါ်တဲ့ တက္ကသိုလ်တင်ရွှေ က ရွှေမန်းဦးတင်မောင် ရဲ့ ဇာတ်တွေ ကို ရွှေမန်းဦးတင်မောင် ရဲ့ သားတွေက က ရမှာ ။ မင်း က ရွှေဘိုဦးတင်ဖေ ရဲ့ သား ဆိုတော့ ရွှေဘိုတင်ဖေ နဲ့ တူ ရမှာ တဲ့ ။ သူ က တွေ့တိုင်း ပြောတာ ။ ကျွန်တော် အရွယ် ရောက် လာတော့ ရွှေဘိုတင်ဖေ နဲ့ တူ တဲ့ လိုင်း တစ်လိုင်း ၊ ကျွန်တော့် ကိုယ်ပိုင် လိုင်း လုပ်ရမယ် ဆိုတာ သဘော ပေါက် လာတယ် ။ ဒါနဲ့ လိုင်း ပြောင်း လာခဲ့တယ် ။ ဒါနဲ့ လိုင်းပြောင်း လာခဲ့တယ် ပေါ့ ။
ကျွန်တော် ကံကောင်းတာ က ဆရာကောင်း ၊ သမားကောင်း တွေ နဲ့ တွေ့ရတာပဲ ။ ကျွန်တော့် အိမ်နီးချင်း ဘကြီးထွေး က စာပေ ဝါသနာရှင် ၊ စာ တော်တော် တတ်တယ် ။ ကျွန်တော့် ကို စာတွေ ဖတ် ခိုင်းတယ် ၊ အဓိပ္ပာယ်တွေ ရှင်းပြတော့ မင်းသား မှာ အပြော ကောင်း ၊ အဆို ကောင်း ဖြစ် လာတယ် ။ ဘိသိက်ဆရာ ဖြစ် ပြန်တော့ ဆရာရွှေမန်းကြူ တို့ ဆရာခေတ်သစ်တင် တို့ လို ဆရာကောင်း တွေ ကို မှီပြီး အောင်မြင်တာပေါ့ ။ ဇာတ် က ခဲ့တာ ၁၂ နှစ်သား က နေ ၃၁ နှစ်သား အထိ ပဲ ။ ကျွန်တော် ဘယ်လောက် က ခဲ့ရ သလဲ ဆိုရင် တစ်နှစ် ကို ပွဲချီ ( ရက် ) သုံးရာ ကျော် က ခဲ့ရတာ ။ လေးနှစ် လောက် တစ်နှစ် ကို တစ်နှစ် ကူး သွားတာ သတိ မထားမိ လိုက်ဘူး ။ တစ်လ တန် သည် နှစ်လ တန်သည် နားရတယ် လို့ မရှိဘူး ။ ကျွန်တော့် အဖွဲ့သားတွေ က လည်း နှစ် ကျွတ် တဲ့ အချိန် ဟိုဇာတ် ၊ သည်ဇာတ် ကူးကြတယ် ၊ ပြောင်းကြတယ် မရှိဘူး ။ လေးငါးနှစ် အတူ လက်တွဲ ခဲ့ကြတာပဲ ။ အဲသည်လို ကို က ခဲ့ရတာ ။
အဖေ ဆုံးသွားတဲ့ နောက်ပိုင်း ဇာတ်ဆရာ ဖြစ် လာတော့ ပင်ပန်းတယ် ။ အုပ်ချုပ် ရတာ အလုပ် များတယ် ။ စီစဉ်ဆောင်ရွက် ပေးမယ့် မန်နေဂျာ ကောင်း လည်း မရှိဘူးလေ ။ သူငယ်ချင်း ဖြစ်တဲ့ ဆရာဝန် တစ်ယောက် က သတိ ပေးတယ် ။ ည ပွဲကကြ ၊ နေ့ မှာ လည်း မအိပ်နိုင်ဘဲ အိပ်ရေး ပျက် ၊ အိပ်ရေး ပျက်တော့ အစားအသောက် ပျက် ၊ ကြာရင် ကျန်းမာရေး ထိခိုက်လိမ့်မယ် တဲ့ ။ ဒါနဲ့ ည အိပ်ရေး မပျက်တဲ့ အလုပ် ၊ အဖွဲ့အစည်း နဲ့ မဟုတ်တဲ့ ဘိသိက်ဆရာ အလုပ် ကို အသက် ၃၁ နှစ် မှာ ပြောင်း လိုက်တယ် ။
လူငယ်တွေ လိမ္မာ ယဉ်ကျေးအောင် ဟောပြော ဆုံးမ နိုင်တဲ့ အခွင့် ရ လို့ ဘိသိက်ဆရာ အလုပ် ကို ကျွန်တော်သဘော ကျတယ် ။ သူတို့ ကို ထိုင် နားထောင်ကြစမ်း ဆိုပြီး ပြောဖို့ မလွယ်ဘူး ။ ဘိသိက်မြှောက် နေချိန် မှာ လ သာတုန်း ဗိုင်းငင် ၊ နားဝင်အောင် ပါဠိပါဌ်သားတွေ မပါဘဲ သူတို့ နားဝင်မယ့် စကားလုံးကလေးတွေ ရှာဖွေပြီး ပြောပြတော့ လူငယ်တွေ လက်ခံကြတယ် ။
ဘိသိက်ပွဲ နားတဲ့ ဝါတွင်း မှာ ဂန္ထဝင်မောင်ဝိုင်း က ရိုက် ချင်တယ် ဆိုလို့ လက်ဝဲသုန္ဒရ နဲ့ ရွဲကုန်သည်ဇာတ် တွေ ဗီဒီယို ရိုက်တယ် ။ အောင်မြင်တာ နဲ့ နန်းမတော်မယ်နု ၊ တစ်ခါက ပုဂံ ဟာ နန်းတော်ကြီး တစ်ခုပါ ဆိုတဲ့ ဇာတ်တွေ ဆက် ရိုက် ဖို့ ကမ်းလှမ်း ပေမယ့် မရိုက်တော့ဘူး ။ မိတ်ကပ်တွေ လိမ်းပြီး ဆိုရ ၊ ကရ တာတွေ မလုပ်ချင် တော့ဘူး ။
ဆိုကရေးတီးပြိုင်ပွဲ က တော့ ဆရာသမားများ က တာဝန်ပေးလို့ ၊ ကျွန်တော့် ဆရာ ဖြစ်တဲ့ ဆရာလေး ဦးသန်းအောင် စိတ်ချမ်းသာမှု ဖြစ်အောင် ဝင် ပါခဲ့တာပါ ။
ပါတဲ့ အခါမှာ တော့ ကိုယ် တတ်စွမ်းသမျှ အပြည့်အဝ ကြိုးစားခဲ့ပါတယ် ။ ယခု နှစ် ပြိုင်ပွဲ က ဝိဓူရ ဇာတ်တော်ကြီး ပြိုင် ရတယ် ။ ဝိဓူရ လုပ်ရတယ် ။ အခန်း မှာ ပရိသတ် ကို ကျော ပေးပြီး နောက်ကျော နဲ့ ငို ပြတာ လုပ်ခဲ့တယ် ။ ဒါရိုက်တာ မောင်မျိုးမင်း ( ရင်တွင်းဖြစ် ) ရေးတဲ့ ဆောင်းပါး တစ်ပုဒ် မှာ နောက်ကျော နဲ့ ငိုတဲ့ အနုပညာ အကြောင်း ဖတ်မိ လို့ လုပ်တာပါ ။ စာ ဖတ်တဲ့ ကျေးဇူးပေါ့ ။ ကျွန်တော် က စာတွေ ဖတ်ပြီး လုပ်ငန်း ထဲ မှာ ထည့် သုံးတယ် ။
ဝိဓူရ ပြိုင် တာ အကောင်းဆုံး ထူးချွန်ဆု ရွှေတံဆိပ် ရလို့ မန္တလေး ပြန် လာကြပြီး နောက် နေ့ မနက် ကျ တော့ အရာတော်မြို့နယ် မန်ကျီးစောက်ရွာ မှာ ဘိသိက် လောင်း ရတယ် ။ ဆိုင်း က အရာတော် က မြဒေါင်းကြည် တဲ့ သူ့ သား က မန္တလေးထွန်းလင်းဦး တဲ့ ။
ရန်ကုန် မှာ ဆု ယူတာတွေ ည က တီဗီ ထဲ မှာ သူတို့ မြင်ခဲ့ကြရတယ် ။ ဘိသိက် ပြီးတော့ ဆိုင်းဆရာ က ဘာ ပြောသလဲ ဆိုတော့ အစ်ကို တစ်နေ့ က မှ ရန်ကုန် မှာ ရွှေတံဆိပ် ထပ် ရလာတာ ၊ ဘိသိက်ခန်း ထဲ ဘာကြောင့် ထည့် မပြောတာလဲ တဲ့ ။ အဲဒါ ကျွန်တော့် အလုပ် နဲ့ မဆိုင်ဘူး ။ ဇာတ်တော် ပြိုင် လို့ ပေးတဲ့ ရွှေတံဆိပ် ၊ ဒါကို ရုပ်မြင်သံကြား လွှင့် လို့ ကြည့် တဲ့ လူတွေ လည်း သိပြီးသားပဲ ။ ဘိသိက်ခန်း မှာ ဘိသိက် နဲ့ဆိုင်တာ ပဲ ပြော ရမယ် ။ ၁၉၉၇ ခု သုဝဏ္ဏသာမ ဇာတ်တော်ကြီး က ကတည်း က ရွှေတံဆိပ် ရခဲ့တာ ၊ ဒါကို ဘိသိက်ခန်း မှာ တစ်ခါမျှ မပြောခဲ့ဘူး ဆိုပြီး ပြောပြ လိုက်တယ် ။
သမတစာချကျောင်း ဆရာတော် က ဆုံးမ ဖူးတယ် ။ သံဃာ ဆိုတာ သီလ ရှိ မှ ချမ်းသာတာ ၊ ပစ္စည်း ရှိ လို့ ချမ်းသာတာ မဟုတ်ဘူး တဲ့ ။ ကျွန်တော် ထည်ဝါမှု တွေ မလိုချင် ပါဘူး ။ အကောင်းဆုံး ဖြစ်အောင် ကျွန်တော် အမြဲ ကြိုးစားတယ် ။ ကိုယ် ကောင်းကြောင်း ကိုယ် မပြောကောင်းဘူး လို့ ခံယူပါတယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment