Saturday, September 2, 2023

အရိပ် ၏ အရိပ်


 

❝ အရိပ် ၏ အရိပ် ❞

     ပေဖူးလွှာ စာချစ်သူများ အတွက် ဒီ လ တွေ့ဆုံ ပေးချင်တဲ့ သူ က တော့ ' မစန္ဒာ ' ပဲ ဖြစ်ပါတယ် ။ ၁၉၇၈ ခုနှစ် အထိ လုံးချင်းဝတ္ထု ဆယ်အုပ် ရေးခဲ့တဲ့ အထဲ က စာဖတ် ပရိသတ်တွေ အသည်းစွဲ ခဲ့ကြတဲ့  ဝတ္ထုတွေ က တော့ ...

    ကွက်လပ်ကလေး ဖြည့်ပေးပါ

    ငယ်သူမို့ မသိပါ

    နက်ဖြန်ခါ

    ပန်းစကား

    အရိပ်

... စတဲ့ ဝတ္ထုတွေ ပါပဲ ။

၁၉၇၈ ခုနှစ်ဆန်းပိုင်း အရိပ် ဒုတိယပိုင်း ထွက် ပြီးတဲ့ နောက်ပိုင်း မှာ သူ့ ဝတ္ထုတွေ ကို လုံးချင်း အဖြစ် မတွေ့ကြရဘဲ ကြိုးကြားကြိုးကြား သော မဂ္ဂဇင်းတွေ ထဲ မှာ ဝတ္ထုတိုကလေး တွေ ပဲ တွေ့ နေကြ ရတာမို့ မစန္ဒာ ပရိသတ် တော်တော် များများ မချင့်မရဲ ဖြစ်ကြ ရပါတယ် ။

စာပေမျိုးဆက် ပါ လာတဲ့ မစန္ဒာ ရဲ့ ဖခင် ဟာ စာရေးဆရာကြီး ( ဦး ) မန်းတင် ( ဦးထွန်းတင် ) မြန်မာနိုင်ငံ စာပေလုပ်သား အဖွဲ့ ဥက္ကဌ ဖြစ်ပါတယ် ။ ငယ်ငယ် ကတည်း က စာအုပ်စာပေ ကြား မှာ ပျော်မွေ့ ခဲ့ရတာ မို့ ဆယ်နှစ်သမီး အရွယ် မရှိ တရှိ ကတည်း က စာ ရေးချင် တဲ့ စိတ် တဖွားဖွား ပေါ်ပေါက်ခဲ့ပြီး စာ စရေးခဲ့ ပါတယ်လို့ ဆိုပါတယ် ။ ဒါပေမဲ့ ဆယ်နှစ် အရွယ် သမီးငယ် ရေး တဲ့ စာ မို့ အဖေ ကို မပြရဲဘဲ သိမ်းသိမ်း ထားခဲ့ရာ က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်တဲ့ နှစ် မှာ တော့ စာပေလောက ထဲ ဝင်နိုင် လောက် အောင် ၊ စာဖွဲ့ နိုင်လောင် အောင် အတွေ့အကြုံ တစ်ခု ရ လိုက်ပါတယ် ။

အဲဒါကတော့ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ တခြား ကျောင်းသူ ၊ ကျောင်းသားတွေ လို မစန္ဒာ လည်း လုပ်အားပေး တာ မို့ မြေနီကုန်း မှာ ရှိတဲ့ ' ရှင်စောပု ' ကျောင်း မှာ လုပ်အားပေး ဆရာမ အဖြစ် လုပ်အားပေး ခွင့် ရ လိုက် ခြင်းပါပဲ ။ လုပ်အားပေး အပြီး မှာ ' ကျွန်မ ဆရာမ ' ဆိုတဲ့ စာ တစ်ပုဒ် မစန္ဒာ ရေးဖြစ် သွားပါတယ် ။ သူ့ ဖေဖေ ကို ပြတော့ နည်းနည်းပါးပါး ပြင်ပြီး ငွေတာရီ မဂ္ဂဇင်း ကို ပို့ ပေး လိုက်ရာ က အစ မစန္ဒာ ဆိုတဲ့ ကလောင်သစ် တစ်ချောင်း စာပေလောက မှာ မွေးဖွား လာခဲ့ပါတယ် ။ ' ကျွန်မ ဆရာမ ' ငွေတာရီ မှာ ဖော်ပြခြင်း ခံရပြီးတဲ့ နောက် နှစ်လ ၊ သုံးလ လောက် အကြာ မှာ ငွေတာရီမဂ္ဂဇင်း က တက္ကသိုလ် ကဏ္ဍ ရယ် လို့ သီးခြား တစ်ကဏ္ဍ ဖွင့် လာတာမို့ ရန်ကုန် စက်မှုတက္ကသိုလ် ဆက် တက် နေတဲ့ မစန္ဒာ အတွက် ရေးဖို့ အခွင့်အလမ်း ပို ရခဲ့ပါတယ် ။

“ ဒါဆို ငွေတာရီ က တက္ကသိုလ် ကဏ္ဍ မှာ မစန္ဒာ တော်တော် ရေး ဖြစ်ခဲ့တာပေါ့ ”

“ ဟုတ်ပါတယ် ”

“ လုံးချင်းဝတ္ထု စ,ရေး ဖြစ်တာ က ကော ”

“ ငွေတာရီ က တစ်ဆင့် စာပေလောက စာအုပ်တိုက် က လုံးချင်းဝတ္ထု တွေ ထုတ်ချင်ပါတယ် လို့ ဆက်သွယ် လာရာ က အစ လုံးချင်း စ, ရေး ဖြစ် သွားတာပါပဲ ”

“ ဘယ် နှစ်ခုနှစ် လောက် က လဲ ”

“ ၁၉၇၂ ခုနှစ် ၊ ကျွန်မ B.Arch ( ဗိသုကာ ) ဘွဲ့ ရပြီး နောက် မှ လုံးချင်း စ, ရေးဖြစ်ပါတယ် ”

“ ပထမဆုံး လုံးချင်း က ငယ်သူမို့ မသိပါ ထင်တယ် ”

“ ဟုတ်ပါတယ် ”

“ မစန္ဒာ ' အရိပ် ' နောင်ပိုင်း မှာ ဘာဖြစ်လို့ လုံးချင်း မရေးဖြစ်တာလဲ ”

“ မရေးဖြစ်တာ က တော့ ... ကျွန်မ ၁၉၇၉ ခုနှစ် မှာ ကိုစန်းမောင် နဲ့ အိမ်ထောင် ကျပြီး အိမ်ထောင်သည် ဘဝ နဲ့ အလုပ် များတာ က တစ်ကြောင်း ၊ တစ်ခါ သမီး မွေး လာတော့ လည်း သမီး တာဝန်တွေက ပိုလာတာ က တစ်ကြောင်း ၊ နောက်ပြီး ဖေဖေ က ပါကစ္စတန်နိုင်ငံ မှာ သံအမတ် အဖြစ် သွားပြီ တာဝန် ထမ်းဆောင် နေရာ က ပြန် လာတော့ နေရာ ထိုင်ခင်း နေသား တကျ မဖြစ်တာ က တစ်ကြောင်း ကြောင့်ပါပဲ ။ နောင် ကျွန်မတို့ နှစ်ယောက် စလုံး ဆောက်လုပ်ရေးကော်ပိုရေးရှင်း ဗိသုကာ အဖွဲ့ ( ၂ ) မှာ ဝန်ထမ်းတွေ ဖြစ် နေရတာ ကြောင့် ရယ် လို့ ဆိုရမှာပေါ့ ”

“ အခု ကော လုံးချင်း ထွက်ဖို့ အစီစဉ် မရှိသေးဘူးလား ”

“ ရှိပါတယ် ”

“ ဒါဆို မစန္ဒာ ပရိသတ်တွေ ဝမ်းသာစရာ ပဲ ပေါ့ ။ ကျွန်တော်တို့ မစန္ဒာ နောက်ဆုံး ထုတ်ခဲ့တဲ့ ' အရိပ် ' က စပြိး ဆွေးနွေး လိုက်ကြရအောင် ။ အရိပ် ရဲ့ အဖွင့် စာမျက်နှာ မှာ မစန္ဒာ က ဒီလို ရေးထားပါတယ် ။

    ကလေး ဆိုတာ အမိ ဝမ်း က ကျွတ် လာတုန်းက အဖြူခံလေးပါ ကွယ် ။
    သူ့ နှလုံးသား ဟာ အဖြူသက်သက်
    ဖွေး လို့ နု လို့ပေါ့ ။
    သူ့ ရဲ့ပတ်ဝန်းကျင်
    သူ့ ရဲ့အသိုင်းအဝိုင်း
    သူ့ ရဲ့မိဘတွေက
    သူ့ နှလုံးသား ကို အရောင် ဆိုး ပေးကြတယ် ။
    ချစ်တတ် တဲ့ အနီရောင်တွေ ၊
    မုန်းတတ် တဲ့ အနက်ရောင်တွေ ၊
    ကြင်နာတတ် တဲ့ အပြာရောင်တွေ ၊
    ဝန်တိုတတ် တဲ့ အဝါရောင်တွေ နဲ့
    မနာလို ငြူစူစိမ်းကားတတ် တဲ့
    အစိမ်းရောင်တွေ ကိုပေါ့ ။
    အဖြူရောင် နှလုံးသားလေး ဟာ
    အရောင်အမျိုးမျိုး စွန်းထင်းလာခဲ့ရတယ် ။
    လှ တဲ့ နှလုံးသား က လှတယ်
    အရုပ်ဆိုး တဲ့ နှလုံးသား က အရုပ် ဆိုးတယ် ။
    သူ့ နှလုံးသား ရဲ့ အရိပ် ဟာ
    သူ့ ဘဝ မှာ လာပြီး ထင်ဟပ်တယ် လေ ။
    တချို့ အရိပ်တွေ က သိပ် လှတယ်
    တချို့ အရိပ်တွေ ကျတော့ အရုပ်ဆိုးတယ် ကွယ်  ...

    လို့ ရေးထားတယ် ”

    “ ဟုတ်ပါတယ် ”

    “ ဒါဆိုရင် မစန္ဒာ အယူအဆ က လူ တစ်ယောက် ရဲ့ အကောင်း အဆိုး ဟာ ပတ်ဝန်းကျင် ကြောင့် သာ မဟုတ်ဘဲ သူ့ ရဲ့ ဗီဇ ၊ ညဉ် နဲ့ ကော သက်ဆိုင်တယ်လို့ မယူဆနိုင်ဘူးလား ”

    “ ဖြစ်နိုင်ပါတယ် ။ ကျွန်မ ဒါကို ရေးတာ ဗီဇ ကို လက်လွတ်စပယ် ပစ်ပယ် ပြီးတော့ ရေးခဲ့တာ မဟုတ်ပါဘူး ။ ကျွန်မ အတွေ့အကြုံ အရ ပြောရရင် အခု သုဝဏ္ဏ အိမ် ကို ရောက်တော့ ပန်းပင် ကလေးတွေ စိုက်တယ် ။ စိုက်တဲ့ အခါ မှာ မျိုးစေ့ချင်း ကတော့ အတူတူ ပါ ပဲ ။ ဒါပေမဲ့ မြေဩဇာ ကျွေး တဲ့ အပင် နဲ့ မြေဩဇာ မကျွေးတဲ့ အပင် ။ ရေ မှန်မှန် လောင်းတဲ့ အပင် နဲ့ ရေမှန်မှန် မလောင်းတဲ့ အပင် ဟာ အင်မတန် ကွာ ပါတယ် ။ ရေ မလောင်းတဲ့ အပင် ၊ မြေဩဇာ မကျွေးတဲ့ အပင် က ညှိုး လှီပြီးတော့ ဘာ အပွင့် မှ ပွင့် မလာ ဘူး ။ ဂရုစိုက်တဲ့ အပင် ကျတော့ အပွင့်ကလေးတွေ ပွင့် လာတယ် ။

    နှစ်ခု ယှဉ် ကြည့်ရင် ဗီဇ ချင်း အတူတူ ပါပဲ ။ ဗီဇ က မျိုးစေ့ ကို ကျွန်မ ယူဆပါတယ် ။

ပတ်ဝန်းကျင် ကတော့ ခုနက ပြော တဲ့ မြေ ၊ ရေ ၊ လေ ပေါ့ ။ ဒီ အပင် နှစ်ခု ယှဉ် ကြည့် ရင် ဗီဇချင်း တူပေ မယ့် ပတ်ဝန်းကျင် ချင်း မတူတာ ကြောင့် ရှင်သန်တာချင်း မတူပါဘူး ။

    ဗီဇ ကို အရေးမကြီးဘူး ဆိုတဲ့ သဘောမျိုး ရေး တာတော့ မဟုတ်ပါဘူး ။ တကယ်လို့ မျိုးစေ့ချင်း မတူဘူး ဆိုရင်တော့ အပင် က တစ်ပင် စီ ပေါက် လာမှာပါပဲ ။ လုံးဝ မတူနိုင်ပါဘူး ”

    “ အရိပ် မှာ ပဲ မစန္ဒာ ကဗျာ နဲ့ ပတ်သက်ပြီး ပြောသွားတာ တစ်ခု တွေ့ လိုက်ရတယ် ။ ဇာတ်ကောင် တစ်ယောက် ဖြစ်တဲ့ တင်ထွန်းမောင် က သူ့ သူငယ်ချင်း ကဗျာဆရာ နွေသူရိန် ကို ဝေဖန်တယ် ။ “ စပ် ပါလားကွာ ၊ စက်ရုံ ထဲ က အလုပ်သမားကြီး အကြောင်း ၊ လယ်သမားကြီး ပိုး ထိတဲ့ အကြောင်း ၊ ပဲပြုတ်သည် ဒေါ်ပု သားလေး ကျောက်သင်ပုန်း ကျ ကွဲလို့ ငိုတဲ့ အကြောင်း ၊ ပြည်သူ ကြား က ကဗျာတွေ ရေးစမ်း ပါကွာ ။ ဘတ်စ်ကား စီးတာ ကျပ်တာ ၊ တိုးတာ ၊ အိုကွာ ... အများကြီး ၊ ခုတော့ကွာ တစ်ခါလာ ကောင်မလေး လှတာ ၊ နောက်တစ်ခါလာ ကောင်မလေး ချောတာ ၊ ဟော နောက်တစ်ခါ သစ်ရွက်ကြွေ ၊ လေတိုက်တာ ၊ လသာ ၊ ကြယ်ရောင်ဖြာ ... မင်း စပ်နေတာ ဒါ အကုန်ပဲလား ကွ ”

လို့ပြောတယ် ။

ဒီနေ့ မြန်မာစာပေလောက မှာ ကဗျာ ဟာ တသီးတသန့် နေရာယူ ထားပါတယ် ။ မဂ္ဂဇင်းတွေ မှာ ဆို ရင် ကဗျာကဏ္ဍ တွေ သီးခြား ဖော်ပြ ပေးနေကြပါတယ် ။ ဒီတော့ မစန္ဒာ အနေ နဲ့ ဒီနေ့ မြန်မာကဗျာ တွေ နဲ့ ပတ်သက်ပြီး ဘယ်လိုများ မြင်ပါသလဲ ”

    “ ကျွန်မ ကဗျာ ကို ဖတ် ပေမယ့် လုံးဝ မစပ်တတ်ပါဘူး ၊ ကာရန်မဲ့ တာ တွေ မမဲ့တာ တွေ လည်း နား မလည် ပါဘူး ။ အရိပ် ထဲ မှာ ကဗျာဆရာ နွေသူရိန် တစ်ယောက် တည်း အကြောင်း ကို ပြော တာပါ ။ ကဗျာ လောကကြီး တစ်ခုလုံး ကို ပြောတာ မဟုတ်ပါဘူး ။

    ကိုဝင်းငြိမ်း မေးတဲ့ အခု ခေတ် ကဗျာတွေ ကို ဘယ်လို မြင်သလဲ ဆိုတာ ကိုတော့ ကျွန်မ မကျွမ်းကျင် တဲ့ ဘာသာရပ် မို့ မပြောပါရစေ နဲ့ လို့ ပဲ ပြော ချင်ပါတယ် ။ ကိုယ် မတတ်ဘဲ နဲ့ မဝေဖန် ချင်လို့ပါ ”

    “ အရိပ် ရဲ့ ဇာတ်ကောင် သုံးယောက် ဖြစ်တဲ့ ညီလင်းညို ၊ နွေသူရိန် နဲ့ တင်ထွန်းမောင် တို့ အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးကြ ရာ မှာ ချစ်တာ နဲ့ ကြိုက်တာ ကို ခွဲခြားပြီး အရောင် သဘောလေး တွေ နဲ့ စိတ်ဝင်စားစရာ ကောင်း လောက် အောင် ရေး ထားတာ ဖတ် လိုက်ရ ပါတယ် ။

    ဒီ ဇာတ်ကောင်တွေ ကို ဖန်တီးခဲ့တဲ့ မစန္ဒာ အနေ နဲ့ လည်း အခု အိမ်ထောင်သည် ဘဝ ရောက် နေပြီ ဆိုတော့ အိမ်ထောင် တစ်ခု သာယာဖို့ ဆိုတဲ့ နေရာ မှာ ချစ်တာ နဲ့ ကြိုက်တာ ဘယ်ဟာ က ပိုပြီး အရေးကြီးတယ် လို့ ယူဆပါသလဲ ”

    “ အရိပ် မှာတော့ ကျွန်မ က ကျွန်မ သိသမျှ အရာင်လေးတွေ အကြောင်း အနည်း ငယ် ထည့် ပြော ထားမိပါတယ် ။ ဥပမာ - အဝါ ကို အဝါ နဲ့ ပေါင်းတော့ အဝါရောင် ထွက် လာတယ် ။ အပြာ ကို အပြာရောင် နဲ့ ပေါင်း တော့လည်း အပြာရောင် ပဲ ပြန် ထွက်လာတယ် ။ အပြာ နဲ့ အဝါ ရော လိုက်တော့ လည်း ထွက် လာတော့ အရောင် က မဆိုးပါဘူး ။ အစိမ်းရောင်လေး ရတယ် ။ အဲဒီ သဘောပါပဲ ။ အခြေခံချင်း ၊ သဘာဝချင်း တူ တဲ့ အရောင်တွေ နီးစပ်တဲ့ အရောင်တွေ ကို ပေါင်းလို့ စပ်လို့ ရတယ် ။

    ဒါပေမဲ့ အနီ နဲ့ အစိမ်း လို ဘယ်လို မှ မလိုဖက်တဲ့ အရောင် နှစ်ခု ကို ပေါင်းစပ် ကြည့်တဲ့ အခါ မှာ တော့ နှစ်ခုစလုံး က အလှ ပျက် သွားပါတယ် ။ ညစ်ညစ်ပုပ်ပုပ် အရာင်ကြီး ထွက် သွားတယ် ။ အဲဒီ သဘောပါပဲ ။ အခြေခံ သဘာဝချင်း မတူတဲ့ ဘဝ နှစ်ခု ကို ပေါင်းစပ် လိုက်ရင် ဘဝ နှစ်ခု အလှ ပျက်ပြီး မသာယာ မလှပတဲ့ ဘဝ တစ်ခု ဖြစ်ပေါ် လာ တတ်ပါတယ် ။

စာရေးဆရာမကြီး ပါလ်ဘတ်ခ် ရဲ့ ဝတ္ထု ကို အောင်ကျော်ကျော် က ဘာသာ ပြန်တာ ဖတ် ဖူးတယ် ။

အဲဒီ အထဲ မှာ အခြေခံ သဘာဝ ချင်း မတူတဲ့ ဂျပန်မလေး နဲ့ အမေရိကန် စစ်သားလေး ဟာ တစ်ယောက် နဲ့ တစ်ယောက် အသည်း နင့် အောင် ချစ်ပြီး မိဘတွေ သဘော မတူတဲ့ ကြား ထဲက လက်ထပ် ခဲ့ကြပါတယ် ။ ဒါပေမဲ့ ဒီ ဂျပန်မလေး ကို အမေရိကန် အသိုင်းအဝိုင်း က လက်မခံဘူး ။ လူနေမှု မတူ ၊ စဉ်းစားတွေခေါ်မှု မတူ ၊ ဘာသာ အယူအဆ မတူ ပေါ့ လေ ။ အစစ မတူလေတော့ သူတို့ ရဲ့ အချစ် စိတ် ဟာ တဖြည်းဖြည်း ပျက်ပြယ် လာပါတယ် ။ နောက်ဆုံးတော့ ဒီ ဂျပန်မလေး ဟာ ဂျပန်ပြည် ကို ပြန် ထွက်ပြေး သွားရတဲ့ ဝတ္ထုလေး ပါ ။

အဲဒီတော့ ခုနတုန်း က ပြော သလိုပဲပေါ့လေ ။ ချစ်ခြင်း ဆိုတာ နှလုံးသား ရဲ့ စေစားမှု ၊ ကြိုက်ခြင်း ဆိုတာ က တော့ ဦးနှောက် ရဲ့ ဆင်ခြင်မှု ။ ဦးနှောက် ကို ဦးစား ပေး ရမယ် ဆိုပြီး ချမ်းသာတဲ့ လူ ၊ ဂုဏ်ရှိ တဲ့ သူ တွေ ကို သာ ရွေးချယ်ရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ကြိုက်တယ် ဆိုတာ သူ့ ရဲ့ အသိုင်းအဝိုင်း ၊ အဆင့်အတန်း ၊ ပညာရေး ၊ ဘာသာအယူအဆ အတွေးအခေါ် ၊ ခံယူချက် ဆိုတာလေးတွေ ပါ လာပါတယ် ။ အဲဒါတွေ တစ်ဦး နဲ့ တစ်ဦး တူ မလား ၊ နီးစပ် မလား ၊ ညှိနှိုင်းလို့ ရမလား ဆိုတာတွေ ကို စဉ်းစား ဖို့ပါ ။

    ဘဝ ကို နှလုံသား တစ်ခု တည်း နဲ့ တည်ဆောက် လိုက်ရင် ယိုင် သွားမှာပါပဲ ။ နှလုံးသား လုံးဝ မပါဘဲ ဦးနှောက် ချည်း ပဲ တည်ဆောက် လိုက် ပြန်ရင် လည်း ဆား မပါတဲ့ ဟင်း လို ပေါ့ပြက်ပြက် အေးစက်စက် ဖြစ် သွားမှာပါ ။ ဒီလို အိမ်ထောင်ရေး မျိုး ကို ဆရာ ငြိမ်းကျော် သာ ဆိုရင်တော့ မြောက်ဝင်ရိုးစွန်း ဆောင်းရက်များ ၏ ဆား မပါသော ဆန်ပြုတ် သုတေသနစာတမ်း လို့ ပြောလိမ့် မယ် ထင်ပါတယ်  ”

    “ မစန္ဒာ အိမ်ထောင် ပြု တော့မယ် လို့ စဉ်းစားတော့ ကော နှလုံးသား နဲ့ ဦးနှောက် ဘယ်ဟာ ကို ဦးစား ပေးခဲ့သလဲ ”

    “ ကိုဝင်းငြိမ်း မေးတာ နဲ့ ပတ်သက်ပြီး ကျွန်မ အိမ်ထောင်ရေး ဆုံးဖြတ်ခဲ့တာ ကို ဖြေ ရရင်တော့ ကျွန်မ ရဲ့ နှလုံးသား က ဦးနှောက် ကို သတင်း ပို့ ပါတယ် ။ ဦးနှောက် က လက်ခံတယ် လေ ။ နောက်ပြီး နှလုံးသား ကို ပြန်ပြီး အကြောင်း ကြား လိုက်တယ် ။ “ ဖိတ်စာ ရိုက်လိုက် တော့ တဲ့ ”

    “ ဒီ အချက် ကတော့ အိမ်ထောင် ပြုဖို့ ရည်ရွယ်နေ တဲ့ သူ တိုင်း သတိပြုစရာ ကောင်းတဲ့ အချက် ပါပဲ ။ နောက် တစ်ခု ကျွန်တော် ဆွေးနွေးချင်တာ က တော့ စိတ် နဲ့ ပတ်သက်တဲ့ ခံစားချက် တစ်ခု ပေါ့လေ ။ အရိပ် မှာ ဇာတ်ကောင် နှစ်ယောက် ဖြစ်တဲ့ ကျော်ထွန်းညို နဲ့ သက်သက် တို့ လျှောက်လည် ကြတော့ သက်သက် က “ ကိုကို ပျော်ရဲ့လား ” လို့မေးတယ် ။ ဒီတော့ ကျော်ထွန်းညို က “ ပျော်တယ် ၊ မပျော်ဘူးဆို ကလေးစိတ် ပါ မိသက် ရယ် မတည်ငြိမ်တဲ့ စိတ် ၊ လှုပ်ရှားတက်ကြွတဲ့ စိတ်မျိုးပါ ။ သက်သက် နဲ့ နေရရင် ကိုကို့ ရင်ထဲ မှာ အေးပြီး ချမ်းမြေ့နေတာပဲ ဆိုရင် မပြည့်စုံဘူးလား ”

လို့ပြောတယ် ။

    အဲဒီတော့ ပျော်တယ် ဆိုတာ လူကြီးတွေ မှာ ကော မရှိဘူးလား ။ ပျော်တယ် လို့ ပြောတဲ့ သူ ဟာ စိတ် မတည်ငြိမ်တဲ့ လူ လို့ ယူဆ မလား လို့ သိချင်ပါတယ် ”

    “ အဲဒီလိုတော့ မဟုတ်ပါဘူး ။ ပျော်တယ် ဆိုတာ လူကြီးတွေ မှာ လည်း ရှိနိုင်ပါတယ် ။ ဒါပေမဲ့ လူကြီးပိုင်း ရောက်လာတဲ့ အခါမှာ ပျော်တယ် ဆိုတာ သိပ် မရှိတော့ပါဘူး ။ အခုဆိုရင် ကျွန်မ အသက် ၃၅ နှစ် ရှိ ပါပြီ ။ အရင်တုန်းက လို ဟေးလေးဝါးလား ပျော်တဲ့ စိတ် သိပ် မရှိတော့ဘူး ။ ရင် ထဲ မှာ ကြည်နူးတာ ချမ်းမြေ့ တာလောက်ပဲ ရှိ တော့တယ် ။

    အရင်တုန်း က စက်မှုတက္ကသိုလ် ကျောင်းသူ ဘဝတုန်း က ဆိုရင် သိပ် ဆိုးတာပေါ့ ။ သူများ ကို စ ကြ ၊ နောက်ကြ ပြောင်ကြတဲ့ နေရာမှာ တစ်ဖက်သား ခြေလှမ်း မှား လောက်အောင် ကို စ ကြတယ် ။ သူများ ကို အနေ ခက် အောင် တဝါးဝါး စ တတ်တယ် ။ ပျော်တတ်တယ် ပေါ့လေ ။ ဒါပေမဲ့ အခု အသက်ရွယ် ရောက် လာတော့ အဲဒီလို မဟုတ်တော့ဘူး ။ တည်ငြိမ် သွားတယ် ။

    ပျော်တယ် ဆိုတာ လှုပ်ရှား တက်ကြွ တဲ့ သဘောမျိုး ပါ ။ မတည်ငြိမ်တာရယ် လို့တော့ မဟုတ်ပါဘူး ။ ဒီ  အသက်အရွယ် ရောက် လာတော့ ခုနက ပြောသလို လှုပ်ရှားတက်ကြွတာ ထက် တည်ငြိမ်တာ ၊ ကြည်နုးတာ ၊ ချမ်းမြေ့တာ ကို ပိုပြီး လိုလားလာတယ် ။

    အဲဒီတော့ ပျော်တယ် ဆိုတာ မတည်ငြိမ်တဲ့ သဘော လို့ တော့ ကျွန်မ မဆိုလိုပါဘူး ။ ကျွန်မ ခံစားချက် နဲ့ ရေးလိုက် တဲ့ သဘော ပဲ ဖြစ်ပါတယ် ”

    “ မစန္ဒာ ရင် ထဲ မှာ မှောင်ခို အဝတ်အစား နဲ့ ပတ်သက်ပြီး တော်တော် ခံစားချက် ရှိတယ် ထင်ပါတယ် ။ အရိပ် မှာ တင်ထွန်းမောင် နဲ့ ညီလင်းညို တို့ မှောင်ခို အဝတ်အထည် ကိစ္စ တော်တော် ဆွေးနွေးကြသလို ပုစ္ဆာ မှာ လည်း ခင်မလတ် တစ်ယောက် မှောင်ခို အဝတ်အထည် မက်မောမိလို့ ပျက်စီးရပုံ ရေးထားတာ တွေ့ရတယ် ”

    “ အဲဒါကိုတော့ ကျွန်မ တော်တော် ပြောချင်ပါတယ် ။ ဒီခေတ် မှာ အဝတ်အစားပိုင်း နဲ့ ပတ်သက်ပြီး တော်တော် လော်လည် လာကြတယ်လို့ ကျွန်မ ထင်တယ် ။ ကျွန်မတို့ ငယ်ငယ်တုန်း က ဆိုရင် လုံချည် ဝတ်တယ် ဆိုရင် မာစရိုက်ကလေးတွေ ဝတ်ကြတယ် ။ အဲဒါလေးတွေ ဝတ်ပြီးတော့လည်း တုစရာ ပြိုင်စရာ မရှိကြတော့ သူဟာ နဲ့ သူ လှ နေကြတာပါပဲ ။

    ဒါပေမဲ့ အခု နောက်ပိုင်း မှာ အိမ်နီးချင်း နိုင်ငံ က မှောင်ခို အဝတ်အစားတွေ လှိမ့် ဝင် လာတော့ တက်ထရွန် မဝတ် ရင် ၊ လေယာဉ်မောင် မဝတ် ရင် မလှတော့ဘူး ဖြစ်နေကြတယ် ။ လူတိုင်း အမြင် ကို က ဒီလို မြင် နေကြတယ် ။ တက်ထရွန်တွေ ၊ လေယာဉ်မောင်တွေ ၊ ဖော့တွေ ဝတ်နေကြတဲ့ ကြားမှာ စောစောက ပြောတဲ့ မာစရိုက် ကို ဝတ် ပြန်တော့ လူ ကို က မသားနား တော့ဘူး ။ စုတ်စုတ်နုပ်နုပ် ဖြစ်သွားတယ် လို့ ထင်ကြတယ် ။

    ဘာဖြစ်လို့ ဒီလို ဖြစ်သွားသလဲ ဆိုတော့ မှောင်ခိုအဝတ်အထည်တွေ လှိမ့် ဝင်လာလို့ပါပဲ ။ ဒါတွေသာ တုစရာ ပြိုင်စရာ မရှိဘူး ဆိုရင် ရှိသမျှနဲ့ လှနေကြမှာပါပဲ ။ ကျွန်မ ကိုယ်တိုင် လည်း ဒီ မှောင်ခို အဝတ်အထည် နဲ့ မကင်းပါဘူး ။ ဝတ် နေရတာပါပဲ ။ ဒီလို ဝတ် နေရပေမယ့် စိတ် ထဲမှာ အားမရဘူး ။ ကိုယ့် နိုင်ငံ က အထည်တွေ က မကောင်းလို့ အရည်အသွေး မမီလို့ သာ ဝတ် နေရတယ် လို့ တောင် ကျွန်မ အရိပ် ထဲ မှာ မရေးသင့်တာ ရေးမိပါတယ် ။ အဲဒါကတော့ စေတနာ စော ပြီး ရေး လိုက်တာပါ ။

    အမှန်မတော့ ကျွန်မ က ပို ကောင်းစေချင်တဲ့ သဘော ၊ ကိုယ် ကိုယ် တိုင် အမြဲ ဝတ်ချင်တဲ့ ဆန္ဒတွေ နဲ့ ရေးခဲ့တာပါ ။

    အခု နောက်ပိုင်း မှာ အဝတ်အထည် နဲ့ ပတ်သက်ပြီး တော်တော်ကလေး လော်လည်လာကြ တာ ကျွန်မတို့ မျက်စိ အောက် တင် မြင်နေ ၊ တွေ့နေရတယ် ။ အဝတ်အစား အသစ်အဆန်း တပ်မက် ကြလို့ ဘဝ ပျက်ကြတဲ့ သူတွေ အများကြီးပါပဲ ။ ဒါကြောင့် အဝတ်အထည် နဲ့ ပတ်သက်ပြီး မှောင်ခိုထည်တွေ ဘာကြောင့် ဒါလောက် ဝင် နေရတာလဲ ဆိုပြီး အားမလို အားမရ ဖြစ်မိတာ အမှန်ပါပဲ ။

    အခု နောက်ပိုင်း ကျတော့ ပြည်သူ့ကုန်တိုက် တွေ ပေါ် လာတယ် ။ မြန်မာဖြစ် အဝတ်အထည်တွေ ပေါ်လာတယ် ၊ တော်တော်လေး အဆင့်အတန်း မြင့်ပါတယ် ။ ဒါတွေကို ဝတ်မယ် ဆိုရင် ဝတ်နိုင်ပါတယ် ။ မှောင်ခိုထည် ကတော့ ဆက်လက် ရှင်သန် ကြီးထွားဆဲပဲပေါ့လေ ။

မိုးခါးရေ လည်း ကျွန်မ အပါအဝင် သောက် နေကြဆဲပါပဲ ။ ဒါတော့ စိတ် မကောင်းစရာ ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ ”

    “ အရိပ် ကို ကျွန်တော်တို့ ပြန် သွားလိုက်ကြရအောင် ။ အဓိက ဇာတ်ကောင် ဖြစ်တဲ့ စုလှိုင် အကြောင်း ပြောကြရရင် စုလှိုင် က သာမန် မိန်ကလေး တစ်ယောက် မဟုတ်ဘူး ။ အိမ်ထောင်ရေး အဆင် မပြေကြတဲ့ မိဘ နှစ်ပါး က ပေါက်ဖွား  လာပြီး လူတွေ ကို အမြဲတမ်း သံသယ ရှိတယ် ။ မေတ္တာတရား ကို နား မလည်ဘူး ။ ယောက်ျားတွေ ကို ကစားစရာ အရုပ် လို သဘော ထားတယ် ။ မေတ္တာတရား မပါဘဲ သွေးသား ဖြေဖျောက်မှု ကို လည်း ပြုတတ်တယ် ။ စုလှိုင် ကို အဲဒီလိုမျိုး မိန်းကလေး အဖြစ် မစန္ဒာ ဖန်တီးထားတယ် ။

    စားရေးဆရာ တစ်ယောက် အတွက် ဇာတ်ကောင် တစ်ကောင် ကို ဖန်တီး ရတာ ရင် ထဲ က သားသမီး တစ်ယောက် ကို မွေးထုတ်လိုက်ရ သလိုပဲ လို့ မှတ်သားဖူး ပါတယ် ။ စုလှိုင် လို ဇာတ်ကောင် မျိုး ကို ဖန်တီး ရတဲ့ နေရာ မှာ အမျိုးသမီး စာရေးဆရာမ တစ်ယောက် ဖြစ်တဲ့ မစန္ဒာ ရင်ထဲ ဘယ်လို ခံစားရပါသလဲ ”

    “ ကျွန်မ ကိုယ်တိုင် ပဲ ရေးရင်း ရေးရင်း နဲ့ စုလှိုင် ကို သနား လာပါတယ် ။ စုလှိုင် မှာ အဘက် ဘက် က ပြည့်စုံနေပေမယ့် သူ့ မှာ လိုအပ် နေတာက မေတ္တာတရား ပဲ ။ ကျွန်မ မျက်စိ ရှေ့မှောက် မှာ မြင်နေ တွေ့နေ ရတဲ့ လူ နှစ်ယောက် ၊ သုံးယောက် ကို ပေါင်းပြီး စုလှိုင် ကို ဖန်တီး ခဲ့တာပါ ။ စုလှိုင် ကို ဒီလိုပုံစံ ဖန်တီးပြီးတော့ အရိပ် ရဲ့ ပထမပိုင်း ပြီးတဲ့ အထိ စုလှိုင် ကို ဘယ်လို ဇာတ်သိမ်း ပေး ရမယ်လို့ အစီအစဉ် မရှိသေး ပါဘူး ။ ပထမ တော့ စိတ်ရောဂါ ဖြစ်ပြီး ဆေးရုံ ပို့ ပစ် ဇာတ်သိမ်း လိုက်မယ်လို့ ရည်ရွယ် ထားပါတယ် ။

    ဒါပေမဲ့ ရေးရင်း ရေးရင်း နဲ့ သူ့ ကို ကျွန်မ စိတ်ရောဂါ အထူးကုဆေးရုံ မပို့ရက် တော့ဘူး ၊ သနား လာတယ် ။ သူ့ ဇာတ်သိမ်းကလေး ကို Happy Ending ကလေး ဖြစ်စေချင်တယ် ။ ကိုယ့် ဇာတ်ကောင် ကို သ,တ်လည်း မသ,တ်ရက်တော့ဘူး ။ မဟုတ်တာ လည်း လုပ် မပစ်ရက်တော့ ဘူး ။ ဒါကြောင့်မို့ နိုင်ငံခြား ကို တောင် မပိုတော့ဘဲ နောက်ဆုံး မှာ ညီလင်းညီ နဲ့ ပေါင်း ပေးလိုက်တာပါ ။ ဝန်ခံ ရ ရင် တော့ ရေးရင်း ရေးရင်း နဲ့ ကျွန်မ ကိုယ်တိုင် စုလှိုင် နောက် ကို လိုက်သွားမိတယ် လို့ ပြော ရမှာပဲ ။ ကျွန်မ စဉ်းစား ထားတာ က တစ်မျိုး ၊ တကယ် ရေး လိုက်တာက တစ်မျိုး ဖြစ်သွားတာကိုး ”

    “ အရိပ် နဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ ဆွေးနွေး လိုက်တာ တော်တော်ကလေး ပြည့် စုံသွားပြီး ထင်ပါတယ် ။ နောက် တစ်အုပ် ကျွန်တော် ဆွေးနွေးချင်တာ ကတော့ ရုပ်ရှင် ရိုက်ဖြစ်သွား တဲ့ ကွက်လပ် ကလေး ဖြည့်ပေးပါ ဒီ ဝတ္ထုကလေး ရေးတဲ့ အဓိက ရည်ရွယ်ချက် ကို အရင် သိချင်ပါ တယ် ”

    “ သားသမီး နဲ့ မိဘ ကြား နားလည်မှု လွဲမှား တတ်ကြတာလေးတွေ ကို ဖော်ထုတ်ချင်တာ အဓိက ရည်ရွယ်ချက်ပါပဲ ။ မိဘ ဆိုတာ သားသမီး ကို ချစ်ကြတာချည်းပါဘဲလေ ။ ဒါပေမဲ့ တချို့ မိဘတွေ က သားသမီး ဆို လုံးဝ အရော မဝင်ဘူး ။ တည်တည်ကြီး နေတယ် ။ အရေး မပေးဘူး ။ ဒီတော့ သားသမီး နဲ့ မိဘ ကြား မှာ နားလည်မှု မရှိဘူး ။ တချို့ မိဘ ကျတော့ သားသမီး နဲ့ ရင်းရင်းနှီးနှီး နေပါတယ်  ။ အဲဒီတော့ တစ်ယောက် နဲ့ တစ်ယောက် နားလည် လွယ်တာပေါ့ ။

    မိဘ နဲ့ သားသမီး ကြား မှာ နားလည်မှု မလွဲမှားစေချင်ဘူး ကျွန်မ ကိုင်တိုင်လ ည်း အလတ် ဆိုတော့ ငယ်ငယ်တုန်း က ဆိုရင် မေမေ က ငါ့ ကို မချစ်ဘူးလား လို့ ခဏခဏ တွေး မိပါတယ် ။ ဒါမျိုးတွေ မဖြစ်စေချင်တာက ကွက်လပ် ရဲ့ အဓိက ရည်ရွယ်ချက်ပါပဲ  ”

    “ ဒါဆိုရင် ကွက်လပ် ထဲ က လို ပြဿနာမျိုးတွေ မပေါ်ပေါက်ရ အောင် လို့ သားသမီး နဲ့ မိဘ ရဲ့ ဆက်ဆံရေး ဟာ ဘယ်လို ဖြစ်သင့်တယ် လို့ မစန္ဒာ ထင်ပါသလဲ ”

    “ မိဘ နဲ့ သားသမီး ကြား မှာ အထင်အမြင် လွဲမှားမှု မဖြစ်စေဖို့ ကတော့ နှစ်ဦး စလုံး မှာ နားလည်မှု ရှိဖို့ လိုပါတယ် ။ ဒါပေမဲ့ ကျွန်မ ဝတ္ထု ထဲ က လို ကလေးတွေ ဟာ ဆယ်နှစ် ဝန်းကျင် ငယ်ငယ်ရွယ်ရွယ်တွေ ပဲ ဆိုရင်တော့ မိဘ မှာ ပဲ အပြည့်အဝ တာဝန် ရှိပါတယ် ။

    ဒီ အရွယ်လေးတွေ က ငါ့ မိဘ က ငါ ကို ချစ်မှာပဲ ။ ဂရုမစိုက်ဘဲ နေပေမယ့် မေတ္တာတရား က တော့ မြင့်မိုရ်တောင် လောက် ရှိမှာပဲ ။ ငါ့ ကို အော်တာ ချစ်လို့ ပဲ ဆိုတာမျိုးပေါ့လေ ။ ဒါမျိုးတွေ တွေးတော နားလည်ပြီး ခွင့်လွတ်နိုင်တဲ့ အထိ မရင့်ကျက်သေးပါဘူး ။

    အဲဒီလို မရင်ကျက်သေး တဲ့ ကလေးတွေ နဲ့ ရင်ကျက် ပြည့်ဝပြီး ဖြစ်တဲ့ မိဘ တို့ အကြား မှာ အစ်ကိုကြီး ၊ အစ်မကြီးတွေ က တစ်ဖက် နဲ့ တစ်ဖက် နားလည်မှု ရှိအောင် ဆောင်ရွက် သွားနိုင်ရင် တော့ ဒီလို အသေးအဖွဲ ပြဿနာလေးတွေ က ပျောက်သွားမှာပါ ”

    “ ကွက်လပ် မှာ လူကောင်းလူတော် ကိစ္စ ရေးထားတာ တွေ့ရပါတယ် ။ မစန္ဒာ အမြင်မှာ သားသမီး တစ်ယောက် ကို လူကောင်းလူတော် ဖြစ် လာ အောင် မိဘ က လေ့ကျင့်ပုံသွင်း ပေးလို့ ရနိုင်ပါသလား ”

    “ ဒါကို ပြောရရင် ခုနတုန်း က ဗီဇ နဲ့ ပတ်ဝန်းကျင် ပြဿနာ ကို ပြန် စ ရလိမ့်မယ် ထင်တယ် ။ ခုနတုန်း က ကျွန်မ ပြောခဲ့သလိုပါပဲ ။ ဗီဇ ရော ပတ်ဝန်းကျင် ပါ နှစ်ခုစလုံး ကို ပစ်ပယ်လို့ မရပါဘူး ။ နှစ်ခု စလုံး အရေး ကြီးပါတယ် ။ မျိုးစေ့ချင်း တူရင် ပတ်ဝန်းကျင် ကောင်းတဲ့ မျိုးစေ့ က ပိုပြီး ကြီးထွား မယ် ။ ချိုမြိန် မယ်ပေါ့ ။

    ဒါပေမဲ့ လူကောင်း လူတော် ပြဿနာ မှာ ကျတော့ မျိုးစေ့ချင်း မတူတဲ့ အပင် နှစ်ပင် သဘော ဖြစ်နေပါပြီ ။ ကောင်းတာ က ဗီဇ စိတ်ပါ ။ တော်တာ က ကြိုးစား မွမ်းမံချက်ပါ ။ ကျီးအာပင်လေး ကို ကျွန်မတို့ ရေ တွေ လောင်း ၊ မြေဩဇာ တွေ ကျွေးပြီး သရက်သီး သီးခိုင်း လို့ ရမှာ မဟုတ်ပါဘူး ။ ကျီးအာသီး သီးလာ မှာပါ ။ မူလ ကို က သရက်မျိုးစေ့ ဖြစ် မှ သာ သရက်သီး ဖြစ်လာ နိုင်ပါတယ် ။

    ဒါကြောင့် လူတော် ကို လူကောင်း ဖြစ်အောင် လုပ်ဖို့ဆိုတာ က ကျီးအာပင် ကို သရက်သီး သီးခိုင်း သလို အတော်လေး ခက်ခဲမယ် ထင်ပါတယ် ။ နဂို စိတ်ရင်း က မကောင်းတဲ့ ဒေဝဒတ် ကို မြတ်စွာဘုရား တောင် စိတ်ကောင်း ဝင် လာအောင် မချွတ်နိုင်ခဲ့ပါဘူး ။

    လူကောင်း တစ်ယောက် ကို လူတော် ဖြစ်အောင် လုပ်ဖို့ ဆိုတာ က တော့ လူကောင်း ဖြစ်တဲ့ အပင်လေး ကို မြေဆွ ၊ ရေလောင်း ၊ မြေဩဇာ ကျွေးတာ နဲ့ တူတယ် လို့ ထင်ပါတယ် ။ ကြိုးစားရင် ကြိုးစား သလို အသီးအပွင့်လေးတွေ ဝေဆာ လာ မှာပါပဲ ။ ဒါက ကျွန်မ မြင် သလောက် ပြောတာပါ ။ ဗီဇ နဲ့ ပတ်ဝန်းကျင် ပြဿနာ ဟာ အင်မတန် ကျယ်ဝန်းပါတယ် ။ ပညာရှင်ကြီး တွေ တောင် ငြင်းကြ ခုံကြတုန်း ရှိပါသေးတယ် ”

    “ ကွက်လပ် က မစန္ဒာ ရဲ့ ကိုယ်ပိုင် ဇာတ်လမ်း လား ”

    “ ကိုယ်ပိုင် ဇာတ်လမ်း လို့ ပဲ ပြောရပါလိမ့်မယ် ။ တစ်လောက ကွက်လပ် ရုပ်ရှင်ကား နဲ့ ပတ် သက်ပြီး ဆရာစိန်ခင်မောင်ရီ က ဝေဖန် ရာ မှာ Misunderstood ဆိုတဲ့ ဇာတ်ကား နဲ့ ခပ်ဆင်ဆင် ဖြစ် နေတယ် လို့ ရေးသွား ပါတယ် ။ အမှန်က ကျွန်မ အဲဒီ ကား ကို မှီး တာ မဟုတ်ပါဘူး ။ အဲဒီ ကား ကို ကြည့်ပြီး Inspiration ရ တာ ပဲ ရှိပါတယ် ။ အာရုံ ရတယ်လို့ ခေါ် မလားပဲ ။

    Misunderstood မှာ က အမေ သေ သွားတော့ သားကလေး နှစ်ယောက် ကျန်ရစ်ခဲ့ရာ မှာ အငယ် ကို သာ ဂရု စိုက်ကြတော့ အကြီးလေး က မေတ္တာ ငတ်ပြီးတော့ ခံစားရတာ ကို ပြထားတယ် ။ အဲဒါကို ကြည့်ပြီး ( ကျွန်မ ကိုယ်တိုင် က လည်း အလတ် ဆိုတော့ ) ငါတို့ ဆီညမှာ လည်း အလတ်တွေ က လပ် နေတယ် ။ အလတ် တွေ အကြောင်း ရေးရင် ကောင်းမယ် လို့ အတွေး ဝင်ခဲ့ပါတယ် ။

    နောက်တစ်ခါ ခီလိုနား ဆိုတဲ့ ရုပ်ရှင် သွား ကြည့်တော့ အဲဒီ မှာ စိတ် မနှံ့တဲ့ လူ တစ်ယောက် အကြောင်း ပါတယ် ။ အဲဒီမှာ တော့ သူ့ မိန်းမ ဆုံးသွားတာ ကို စွဲလမ်းပြီး စိတ်မနှံ့ ဖြစ်သွားတာပါ ။ ဒါကို ကျွန်မ က သား သေ လို့ စိတ် မနှံ့တဲ့ ဦးဘသွင် အဖြစ် ဖန်တီးပြီးတော့ ကွက်လပ် ကို ရေးခဲ့တာပါ ။

    ဒီနေရာမှာ Inspiration ရတယ် ဆိုတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး နည်းနည်း ပြောချင်တယ် ။ အခု ကျွန်မ ဝတ္ထု နောက် တစ်ပုဒ် ရုပ်ရှင် ရိုက် နေတာ ရှိတယ် ။ နက်ဖြန်ခါ လေ ။ အဲဒါကို ကျွန်မ ဘယ်မှာ အာရုံ ရသလဲ ဆိုတော့  To kill a mocking bird  က နေ ရတာပါ ။ ဒါက ရုပ်ရှင် လည်း ရှိတယ် ။ စာအုပ် လည်း ရှိပါတယ် ။ ကျွန်မ ကတော့ စာအုပ် ဖတ်ရင်း က နေ အာရုံ ရခဲ့တာပဲ ။ နှင်းဆီ ဆိုရင်လည်း The Visit ရုပ်ရှင် ကနေ အာရုံ ရခဲ့တာပါ ။

    Inspiration  ရလို့ ရေးတယ် ဆိုတာက သတ်သတ် မွေးတဲ့ ကလေးတွေ လိုပါပဲ ။ ဟိုကလေး နဲ့ မတူပါဘူး ။ ဟိုကလေး ကို မြင်ပြီး ငါ ကလေး လိုချင်လိုက်တာ ဆိုပြီး မွေးလိုက်တဲ့ သဘောပဲ ရှိပါ တယ် ကိုယ် မွေး တဲ့ ကလေး က ဟိုကလေး မဟုတ်ပါဘူး ။ အဲဒီ သဘောမျိုး ပါပဲ ။

    ကွက်လပ် က စောစောက ပြောတဲ့ Misunderstood  ကို ကြည့် ပြီး Inspiration ရလို့ ရေးတာ ဆိုတော့ မှီးလိုက်တဲ့ သဘော  ၊ ကူးချလိုက်တဲ့ သဘော ဖြစ်သွားတယ် ထင်ပါရဲ့ ။ ဒါပေမဲ့ မေတ္တာ ငတ် တာချင်း တူတာ က လွဲရင် ကွဲပြားပါတယ် ။

    Inspiration ဆိုတာ တစ်စုံတစ်ခု ကို မြင်လိုက်ရတာ နဲ့ နောက် တစ်ခု ကို ဖျတ်ခနဲ သတိ ရ လိုက်တဲ့ သဘောပါ ။ ကျွန်မ အရိပ် ကို စ ရေးမယ် လို့ ကြံတုန်းမလည်း ပြောရရင် ရယ်စရာတောင် ကောင်းမယ် ။ အဲဒီတုန်း က ကျွန်မ စမ်းချောင်း မှာ နေတော့ ရုံး က အပြန် မှာ နံပါတ် ၁၂ ကား စီး လာတယ် ။ အနော်ရထာလမ်း ပေါ် မှာ ၃၃ လမ်း နား ရောက်တော့ Shadow  အပ်ချုပ် ဆိုင် ရှိတယ် ။ ကျွန်မ အဲဒါကို လှမ်း ကြည့် လိုက် မိတယ် ။ ကြည့် နေရင်း က ရှဲဒိုး ဆို မြန်မာလို ပြန်ရင် ဘာပါလိမ့် ။ မြန်မာလို ပြန်ရင် အရိပ် ပေါ့ ၊ အရိပ် ဆိုရင် အင်း ... ငါ ဖြတ်သန်းခဲ့ရတဲ့ ခေတ်တွေ က အရိပ်တွေ ကို ပြန် ရေးရင် ကောင်းမှာ ပဲ ဆိုပြီးတော့ စပြီး တော့ စိတ်ကူး ရတာ ။ အဲဒီတော့ ကျွန်မ အရိပ် ကို ဘယ်က စပြီး Inspiration ရတာလဲ ဆိုရင် ရှဲဒိုး အပ်ချုပ်ဆိုင် လို့ ပြောရလိမ့်မယ် ။

    အဲဒီ သဘောမျိုးပါ ။ ဒါကြောင့် ကွက်လပ် ဟာ ကျွန်မ ကိုယ်ပိုင် ဇာတ်လမ်း ပါ လို့ပဲ ပြောချင် ပါတယ် ”

    “ ပုစ္ဆာ ထဲ က ဇာတ်ကောင် တစ်ယောက် ဖြစ်တဲ့ ဇော်လှိုင်မြင့် လို ပဲ ကျွန်တော်တို့ နိုင်ငံ က ခေတ်ပညာ တတ် အချို့ဟာ နိုင်ငံခြား ကို အလုပ် လုပ်ဖို့ ထွက်ခွာ သွားကြတာ တွေ့ရပါတယ် ။ ကျွန်တော်တို့ နိုင်ငံ လို ပဲ ဖွံ့ဖြိုးဆဲ တခြား နိုင်ငံတွေ မှာ လည်း ဒီ ပြဿနာ ရှိ နေပါတယ် ။ မစန္ဒာ အနေနဲ့ ဒီလို ခေတ်ပညာတတ် တွေ ၊ အတတ်ပညာရှင် တွေ က ကိုယ့် နိုင်ငံ ကနေ တခြား နိုင်ငံ ကို ထွက်ခွာ သွားကြတာ နဲ့ ပတ်သက်ပြီး ဘယ်လို မြင် မိပါသလဲ ”

    “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ အမြင် ပြောရရင် နှစ်မျိုး မြင်ပါတယ် ။ ပထမ တစ်မျိုး က ငွေကြေး များများ ရလို တဲ့ စိတ် နဲ့ နိုင်ငံခြား ထွက်ပြီး အလုပ် လုပ်တာ ၊ ဒုတိယ တစ်မျိုး က မြန်မာ့မြေ ကို နင်းပြီး သက်သက် အမြတ် ထုတ် သွားတာ ။

    ကျွန်မ ရဲ့ အသိတွေ မိတ်ဆွေတွေ ထဲ မှာ တစ်ချို့ ရိုးရိုးကုပ်ကုပ် နဲ့ ပညာ ရှာတယ် ။ နိုင်ငံတော် က ခန့် ထားတဲ့ အလုပ် ကို လည်း စိတ်ပါလက်ပါ ဝင် လုပ်တယ် ။ တာဝန် ကျေအောင် ထမ်းဆောင် တယ် ။ ဒါပေမဲ့ လောဘသား တို့ ထုံးစံ အရ ကိုယ်ပိုင် အိမ်လေး ဆောက် ချင်တယ် ။ ကား စီးချင်တယ် ။ ရေခဲသေတ္တာ ၊ တီဗွီ လိုချင်တယ် ။ ဒီတော့ ပိုက်ဆံ မြိုးမြိုးမြက်မြက် ရတဲ့ နိုင်ငံခြား မှာ သွား အလုပ် လုပ်တယ် ။ စုမိ ၊ ဆောင်းမိ ရင် ပြန် လာတယ် ။ ဒီမှာ အခြေ ချတယ် ။

    နောက် တစ်မျိုး က တော့ ပညာသင် နေ ကတည်း ကို က ဒီဂရီ ရ ရင် နိုင်ငံခြား ထွက်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ သင်တာပါ ။ နိုင်ငံခြား မှာ ဒီလို ဒီဂရီတစ်ခု ကို ဒီမှာလောက် ငွေကြေး သက်သက် သာသာ နဲ့  လွယ်လွယ်ကူကူ မရနိုင်ပါဘူး ။ ဒီဂရီလေး ကို လည်း ပိုက် မိ ရော ၊ မြန်မာပြည်ကြီး ဟာ အလကား ပဲ ။ မတိုးတက်ဘူး ၊ ဘာဘူး ညာဘူး နဲ့ ခြေစုံကန် ပြီး ပြေး ကုန်တာပါပဲ ။ လျော်ရတဲ့ ငွေ တစ်သောင်းခွဲ နှစ်သောင်း ဆိုတာ လည်း သူတို့ အတွက် မှုစရာ မဟုတ်ပါဘူး ။ အဲဒီ လူတွေ ထဲ မှာ ပြန် လာတဲ့ သူ အင်မတန် ရှားပါတယ် ။

    အဆိုးဆုံး ကတော့ နိုင်ငံတော် ငွေ ၊ နိုင်ငံတော် မျက်နှာ နဲ့ ပေါ့လေ ၊ ပညာတော်သင် သွားပြီး ဟိုမှာ ပညာ လည်း ရ ၊ နှစ် လည်း စေ့ ရော ခြေရာ ဖျောက် လစ်တဲ့ သူတွေ ပါပဲ ။ အဲဒီ လူတွေ အတွက် တော့ နိုင်ငံတော် က သတ်မှတ် ထားတဲ့ လျော်ကြေးငွေ ငါးသောင်း ဆိုတာ နည်းတောင် နည်းပါ သေးတယ် ။

    လောလောဆယ် တော့ နိုင်ငံခြား က ပြန် မလာတဲ့ သူတွေ အကြောင်း တွေး မိရင်း လ ကုန်ခါနီး ပြတ်ကြ လပ်ကြ တဲ့ ဘဝတူတွေ အကြောင်း တွေးမိရင် ၊ နောက်ပြီး ကျွန်မတို့ နဲ့ အတူတူ ကျောင်းဆင်းပြီး ခုထက် ထိ အလုပ် မရသေးဘဲ ကျပန်း လုပ်စား နေသူတွေ အကြောင်း တွေးမိရင် ရင် ထဲ မှာ  မသက်မသာ ဖြစ်မိတာ တော့ အမှန်ပါပဲ ”

    “ အနုပညာ မြောက်တဲ့ ဝတ္ထု နဲ့ အပျော်ဖတ် ဝတ္ထုတွေ ရဲ့ ခြားနားချက် ဘယ်လို ရှိပါသလဲ မစန္ဒာ ”

   “ ဒီ အချက် ကို ကိုဝင်းငြိမ်း အရိပ် ဒုတိယတွဲ ကျောဖုံး မှာ တွေ့ လိုက်တယ် ထင်ပါတယ် ။ အဲဒီတုန်းက ရေး လိုက်တာက စာပေလောက စာတည်းအဖွဲ့ ရဲ့ အာဘော်ပါ ။ ကျွန်မ အနေနဲ့ ပြောရ ရင်တော့ အနုပညာမြောက် ဝတ္ထု ဆိုတာ က ဖတ်တဲ့ သူ ကို ရသ တစ်ခု ခု ပေးပါတယ် ။ ကြည်နူးတာ ၊ ပျော်တာ ၊ အံ့ဩတာ ၊ နှစ်သိမ့်တာ ၊ မကျေနပ်တာ ၊ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ ဖတ်ပြီး လို့ ရှိရင် ရင် ထဲ မှာ တစ်ခု ခု တော့ စွဲငြိပြီး ကျန်ရစ်ခဲ့ပါတယ် ။

    အပျော်ဖတ်ဝတ္ထု ဆိုတာကတော့ ဘယ်လို ပြော ရမလဲ မသိဘူး ၊ ပျင်း လို့ ကောက် ဖတ်တယ် ၊ ဖတ်တုန်း တော့ အချိန် ကုန်ပြီး အပျင်း ပြေ သွားတယ် ။ ဖတ်ပြီးလို့ စာအုပ် လည်း ချ လိုက်ရော အထဲ က ဇာတ်ကောင် တွေ ရော ဇာတ်လမ်း တွေ ပါ ရင် ထဲ မှာ ဘာမှ စွဲစွဲငြိငြိ မကျန်ရစ်ခဲ့တာ ကို ပြောတာပဲ ထင်ပါတယ် ။

    ကျွန်မ အတွေ့အကြုံ အနေ နဲ့ ကျွန်မတို့ ငယ်ငယ်တုန်း က ဖတ်ခဲ့ရတဲ့ ဝတ္ထုလေးတွေ မှာ အနုပညာစံ အား ဖြင့် တော်တော်လေး မြင့် တယ်လို့ ထင် ပါတယ် ။ အခုခေတ် ဝတ္ထုတွေ ဟာ အဲဒီတုန်း က လောက် လူတွေ ကို လွှမ်းမိုး မှ လွှမ်းမိုး နိုင်ရဲ့လား လို့ တစ်ခါတစ်လေ သံသယ ဖြစ်မိပါ တယ် ။

    အောင်လင်း ရဲ့“ အရိုင်းစံပယ် ” ၊ သိန်းသန်းထွန်း ရဲ့ “ မပန်ပါနဲ့ ကြွေချင်တယ် ” ၊ ဝင်းဦး ရဲ့ “ ချစ်မိသူ တစ်ယောက် အကြောင်း ” ၊ ဂျာနယ်ကျော် မမလေး ရဲ့“ သွေး ” ၊ ခင်နှင်းယု ရဲ့“ မွှေး ”
၊ မောင်ထင် ရဲ့ “ ငဘ ” ၊ ခင်ဆွေဦး ရဲ့ “ တို့တိုင်းဌာနီ ” ၊ နတ်နွယ် ရဲ့ “ မြန်မာပြည် မြောက်ပိုင်း ” ၊ နန္ဒ ရဲ့ “ သံ နဲ့ သွေး ” ၊ နောက်ပြီး ရန်ကုန်ဘဆွေ ရဲ့“ မြန်မာပြည်သား ” ၊ တက္ကသိုလ်ဘုန်းနိုင် ရဲ့ “ ညီမလေးရယ် စိုးရိမ်မိ တယ် ”  ... ဒါ့အပြင် အများကြီး ရှိပါသေးတယ် ။ ကျွန်မတို့ အသည်းစွဲ ကြိုက် ခဲ့ရတယ် ။ အခုအချိန် အသက်အရွယ် ကြီး လာပြီ မို့ ပြန် ဖတ် ကြည့်တော့ လည်း မကြိုက် မရှိပါဘူး ၊ ကြိုက်နေတာပါပဲ ။

    အသက်အရွယ် ပြောင်း လာ သလို အယူအဆ လည်း ပြောင်း လာလို့ စာရေးဆရာ နဲ့ သဘောချင်း မတိုက် ဆိုတာ ၊ အယအဆချင်း မတူတာတွေ ရှိလာပေမယ့် ၊ ဝတ္ထု ရေးသူ ရဲ့ ဝတ္ထု တည်ဆောက်ပုံ ၊ ဖွဲ့စည်းပုံ ၊ စာဖတ်သူ ကို သူ နဲ့ အတူ ဆွဲ ခေါ် သွားပုံ က တော့ ယနေ့ ထိတိုင် အနုပညာ မြောက် နေတယ်လို့ ထင်ပါတယ် ။

    တစ်နေ့ ကပဲ ရုံး မှာ စကား စပ်မိလို့ ကျွန်မတို့ ဆယ်ကျော်သက် အရွယ် တုန်း က ဖတ်ခဲ့ ရတဲ့ ဝတ္ထုတွေ အကြောင်း ပြော မိကြသေးတယ် ။ တက္ကသိုလ်ဘုန်းနိုင် ရဲ့ “ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် ” ဝတ္ထု အကြောင်း ရောက် သွားတော့ ကျွန်မ နဲ့ ရွယ်တူ ကျွန်မ သူငယ်ချင်းတွေ ဟာ အဲဒီ ထဲ က စာသား တချို့ ကို ခုထိ အလွတ် ရပြီး ရွတ်ပြ နိုင်ကြပါသေးတယ် ။ နှစ်လွှာပေါင်း မှ တစ်ရွက်တည်း ဖြစ်တဲ့ စွယ်တော်ရွက် ကို မခူးဖူးတဲ့ သူ ၊ စာအုပ် ကြား မညှပ်ဖူးတဲ့ သူ အတော် ရှား ပါတယ် ။ အဲဒီ ခေတ် က လူငယ် အများစု ကို အဲဒီ ဝတ္ထု ရဲ့ အနုပညာ အင်အား က ဘယ်လောက် လွှမ်းမိုး ခဲ့ သလဲ ဆိုရင် ကလေး အဖေ တွေ ၊ ကလေး အမေ တွေ ဖြစ် နေပြီ ဖြစ်တာ တောင် တချို့တစ်ဝက် အလွတ် ရ နေသေးတာ ကြည့်ရင် သိ နိုင် ပါတယ် ။

    တစ်ခုတော့ ရှိပါတယ် ။ အနုပညာမြောက် ဝတ္ထု ဆိုတာ နဲ့ အကျိုးပြု ဝတ္ထု ဆိုတာ နဲ့ တော့ မတူပါဘူး ။ အနုပညာ မြောက် တိုင်း လည်း အကျိုး မပြုပါဘူး ။ အကျိုးပြု စာပေ တိုင်း ဟာ လည်း အနုပညာ မြောက် တယ် လို့ သတ်မှတ် လို့ မရပါဘူး ”

    “ မစန္ဒာ အနေနဲ့ ဇာတ်ကောင် စရိုက် အသားပေးတဲ့ ဇာတ်လမ်းမျိုး နဲ့ ဇာတ်လမ်း ကို ဦးစားပေး တဲ့ ဝတ္ထု ၊ ဘယ်ဟာ ရေး ရတာ ပိုပြီး အရးကြီးတယ် လို့ ထင် ပါသလဲ ”

    “ ဒီနေရာ မှာ နှစ်ခု စလုံး က အရေး ကြီးပါတယ် ။ ဇာတ်ကောင် စရိုက် အသားပေး တဲ့ ဝတ္ထု က အဆင့်အတန်း ရှိတယ် ၊ ဇာတ်လမ်း အသား ပေး ရင် အဆင့် မရှိဘူး လို့ ပြော လို့ မရပါဘူး ။ စာဖတ်သူ ကို အစ က အဆုံး အထိ ဆွဲဆောင် သွားတာ က ဇာတ်လမ်း ပါ ။ ဝတ္ထု ဖတ် ရင် ရှေ့ ဘာဖြစ်မလဲ ၊ နောက်ဆုံး ဘာဖြစ် သွားမလဲ ဆိုတာ ကို စိတ် စောပြီး ဖတ် ကြတာပါ ။

    ဝတ္ထုကောင်း တစ်အုပ် ဆိုတာ ခိုင်မာတဲ့ ဇာတ်လမ်း ကျောရိုး ပေါ် မှာ စရိုက် ပီပြင်တဲ့ ဇာတ်ကောင်တွေ လှုပ်ရှား လျှောက်သွား ကြတာ ဖြစ်ပါတယ် ။ War and Peace  လို ၊ gone with the wind လို ၊ Carpet Bagger လို ဝတ္ထုကြီးမျိုး တွေ မှာ ဝတ္ထုကျောရိုး ဇာတ်လမ်း ရော ဇာတ်ကောင် စရိုက် ပါ အင်အား ကောင်း နေကြတာပါ ”

    “ စာပေဟောပြောပွဲ နဲ့ ပတ်သက်လို့ ဘယ်လို သဘော ထား ပါသလဲ ”

    “ ရှင်းရှင်း ပြောရရင် ကျွန်မ က စကားပြော ပညာ မှာ တော်တော်လေး ချို့တဲ့ ပါတယ် ။ စကား ပြော လည်း မြန်တယ် ။ စင်ပေါ် ရောက် ရင် ပရိတ်သတ် ကို လန့်ပြီး အမှားမှား အယွင်းယွင်း ၊ အိုးနင်းခွက်နင်း ဖြစ်မှာ ကို လည်း ကြောက်တယ် ။ ဒီတော့ မနိုင်ရင်ကန် လာပြီး ဆွဲခေါ်ရင်သာ ကန့် လန့်ကန့်လန့် ပါသွားရတာပါ ။ တော်ရုံတန်ရုံ ရှောင် နိုင် ရင် တော့ စင်ပေါ်  မတက်ချင်ပါဘူး ။

    နောက်ပြီး ကိုယ့် ကိုယ် ကိုယ် လည်း ရှက်သလိုပဲ ။ ဘဝ အတွေ့အကြုံ အရ ရော စာပေအတွေ့ အကြုံအရ ပါ ကျွန်မ က ဘာမှ မရင့်ကျက်သေးဘူး ၊ မပြည့်ဝသေးဘူး လို့ဘဲ မြင်တယ် ။ အဲဒီလို မပြည့်ဝ မရင့်ကျက် သေးဘဲ နဲ့ စင်ပေါ် တက်ပြီး လူတတ် လုပ် ရမှာ ကို ရှင်းရှင်း ပြောရရင် ရှက်ပါတယ် ။ ပရိသတ် အတွက် လည်း “ မစန္ဒာ ဆိုတာ သူ ကိုး ” လို့ မြင်ဖူးရုံ က လွဲပြီး ဘာမှ အကျိုး ရှိ မှာ မဟုတ်ပါဘူး ။ ကိုယ် က စင်ပေါ် တက်ပြီး ဟော နေတဲ့ အချိန် မှာ ပရိသတ် ထဲ မှာ ကိုယ့် ထက် အဆပေါင်း များစွာ သိတဲ့ သူတွေ ၊ တတ်တဲ့သူတွေ ရှိနေလိမ့်မယ် ဆိုတာ ကို စဉ်းစားမိတော့ အတော်လေး မျက်နှာ ပူပါတယ် ”

    “ ဒါဖြင့် စာပေဆွေးနွေးပွဲ ကော ”

    “ ဆွေးနွေးပွဲ ပုံစံ ကို တော့ ပို ကြိုက်တယ် ။ အဲဒါ ကျွန်မ က နားထောင်သူ အနေနဲ့ ပြောတာပါ ။ ဆွေးနွေးပွဲ ဆိုတာ ကိုယ် သိချင်တာ မေးချင်တာတွေ မေးလို့ ရပါတယ် ။ ဟိုအရင် က ဝိုင် - အမ် - စီ - အေ မှာ လုပ် သွားတဲ့ ဆွေးနွေးပွဲ တွေ မှာ မေးတဲ့ သူ က လည်း အသေအချာ မေး ၊ ဖြေတဲ့ သူလည်း အသေအချာ ဖြေ နဲ့ နားထောင်ရ ၊ လေ့လာရ ၊ မှတ်သားရ တာ သိပ် ကောင်းပါတယ် ။ အဲဒီတုန်း က ဆရာမောင်ထင် တို့ ၊ ဒေါ်ခင်ဆွေဦး တို့ ၊ ဒေါ်ခင်နှင်းယု တို့ ဆွေးနွေး သွားကြပါတယ် ။

    ဒါပေမဲ့ နောက်ပိုင်း အချို့ ဆွေးနွေးပွဲတွေ ဟာ ဆွေးနွေးပွဲ ပုံသဏ္ဍာန်မျိုး မဟုတ်တော့ဘဲ စာရေးဆရာ ကို ဆော်ကြ ၊ နှက်ကြ တဲ့ ပွဲမျိုး သဘော သက်ရောက် သွားတယ် ။

    ဒီလို သဘောလေးတွေ ပါ လာတော့ ဆွေးနွေးပွဲ တက် နားထောင် ရတာ မှတ်စရာ ၊ သားစရာ  သိပ် ရမလာဘဲ စာရေးဆရာ ကို အလယ်ကောင် မှာ ချ ပြီး တစ်ယောက် တစ်ဖက် ဝိုင်း ဆိတ်နေ ၊ ဆွနေ ကြတာ ကို ကြည့် နေရတာနဲ့ တူပါတယ် ။

    ဒါကြောင့် ကျွန်မ တစ်ယောက် တည်း အနေနဲ့ ပြောရရင် ဟောပြောပွဲ ကို လန့်ပါတယ် ။ ဆွေးနွေးပွဲ ကို ကြောက်ပါတယ် လို့ ပဲ သတ္တိ နည်းစွာ နဲ့ ဝန်ခံ ရ မှာပဲ ။ ရေးသူ ၊ ဖတ်သူ ဆွေးနွေးပွဲမျိုး မှာ ကျွန်မ ကို ခုနက ပြောသလို ဝိုင်းပြီး မေးကြ ၊ စမ်းကြရင်လည်း ကျွန်မ ရဲ့ ခံယူချက် ကို ကျွန်မ ကြောက်ဒူး တုန် ပြီး အိုးနင်းခွက်နင်း ဖြစ်မှာ အမှန်ပါပဲ ။

    ကျွန်မ ရဲ့ ပရိသတ် ကို ကျွန်မ လေးစားပါတယ် ။ ဒါပေမဲ့ ကျွန်မ ရဲ့ စာဖတ်ပရိသတ် ကို ကျွန်မ စာ ထဲ ကနေ တစ်ဆင့် ပဲ တွေ့ ချင်ပါတယ် ။ စားရေးသူ တစ်ယောက် ရဲ့ တာဝန် ဟာ စာ ရေး ဖို့ပါ စကား ပြောဖို့ မဟုတ်ပါဘူး လို့ပဲ ခံယူမိပါတယ် ။ ကျွန်မ ရဲ့အတွေး ၊ ကျွန်မ ရဲ့ ခံယူချက် ကို ကျွန်မ စာ ထဲကပဲ တစ်ဆင့် ပြောချင်ပါတယ် ”

    “ ကျေးဇူးတင်ပါတယ် မစန္ဒာ ၊ ကျွန်တော်တို့ ဆွေးနွေးခဲ့တာ တွေ လည်း တော်တော်လေး ပြည့်စုံ သွားပါပြီ ။ ကျွန်တော် တို့ ပေဖူးလွှာမဂ္ဂဇင်း ရဲ့ တစ်နှစ် ပြည့်မြောက် တဲ့ မွေးနေ့ မှာ အထူးအစီ အစဉ်အဖြစ် နဲ့ ပရိသတ် နဲ့ ကင်းကွာ နေ တဲ့ မစန္ဒာ နဲ့ ခုလို အားပါးတရ ဆွေးနွေးခွင့် ရတဲ့ အတွက် စာချစ်သူများ ကိုယ်စား ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ် ။ မစန္ဒာ ပရိသတ် အတွက် ပြောချင်တာ ကလေးများ ရှိရင် ... ”

    “ အရိပ် ဒုတိယပိုင်း ထွက်ပြီး ကတည်း က ကျွန်မ လုံးချင်းဝတ္ထု ဆက် မရေးဖြစ်ဘဲ အကြောင်း အမျိုးမျိုး ကြောင့် ရပ်သွား ခဲ့ရပါတယ် ။ ဒီ အတွက် ကျွန်မ ရဲ့ စာဖတ်ပရိတ်သတ် ကို ပေဖူးလွှာ က တစ်ဆင့် ပဲ တောင်းပန် လိုက်ပါတယ် ။

    နောက်ဆုံး အနေနဲ့ ပြော ချင်တာ က တော့ ကျွန်မ ဟာ ကျွန်မ မြင်တာ ၊ ကျွန်မ တွေ့တာ ၊ ကျွန်မ ခံစားရတာ တွေ ကို ရေး တဲ့ သာမန် စာရေးသူ တစ်ယောက် ပါ ။ ပညာရှင်ကြီး မဟုတ်ပါဘူး ။ ကျွန်မ ရေးခဲ့တာ တွေ ထဲ မှာ အမှားတွေ ပါ မှာ ပါပဲ ။ သူများ ကို ထိခိုက်ပါစေ လို့ မရည်ရွယ်ပေမယ့် ထိခိုက် သွား တာ လည်း ရှိကောင်း ရှိမှာပါပဲ ။ အဲဒီလို ရှိခဲ့ရင် လည်း တောင်းပန်ဖို့ ဝန် မလေးပါဘူး ။ ကျွန်မ တစ်စုံတစ်ခု မှားတယ် ဆိုရင် အဲဒီ အမှား ကို သိတဲ့ အချိန် ၊ သိတဲ့ အရွယ် မှာ ပြင်မှာပါပဲ ဆိုတဲ့ အကြောင်း ကို ပဲ ပြောချင်ပါတယ် ”

    “ ကျေးဇူးပါပဲ ၊ နောက်ထပ် လုံးချင်းတွေ လည်း အဆက်မပြတ် ရေးနိုင်ဖို့ ဆန္ဒ ပြုပါတယ် ဗျာ ... ”
                                 
◾ဝင်းငြိမ်း

📖 ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ် - ၁၃
      ဇွန်လ ၊ ၁၉၈၂ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment