အခန်း ( ၁၂ )
“ အလှူ ခံရတာ အဆင် မပြေဘူး ”
လို့ ကျွန်တော်တို့ က ညည်း တော့ ဓမ္မာရုံ ဂေါပကလူကြီးတွေ က ခေါင်း ကုတ်တယ် ။ ဘဏ္ဍာထိန်း ဦးတင်ညွန့် က တော့ ကျွန်တော်တို့ ကို ကြည့် ပြီး ပြုံးစေ့စေ့ နဲ့ ။
သူ့ကို ကျွန်တော် တို့ ပြန်အပ် ထားတဲ့ အလှူခံ စာရင်းစာအုပ်ကလေး က လည်း စားပွဲ ပေါ် မှာ လေ တိုက်တိုင်း တဖျပ်ဖျပ် လန် လို့ ။
အန်တီလှ လှူ လိုက်တဲ့ ပိုက်ဆံ ၃ဝဝ ရယ် ၊ ရပ်ကွက် ထဲ က ဟိုလူ ဒီလူ ဝင် လှူသွားတဲ့ တစ်ရာ့ဆယ့်နှစ်ကျပ် ရယ် ကို တော့ လေ တိုက်ရင် လွင့် ကုန် မှာ စိုးလို့ တံဆိပ်ရိုက် တဲ့ ရော်ဘာတုံး နဲ့ ဖိ ထားတယ် ။
ဓမ္မာရုံ ရဲ့ ဝေယျာဝစ္စ လုပ်တဲ့ အဘ ဦးရာကျော် က ...
“ အင်း ... ဟို ကိစ္စ ဒီ ကိစ္စ ပေါ် တိုင်း ခဏခဏ ပိုက်ဆံ ကောက်လွန်း တော့ လည်း လူတွေ က ဘယ် လှူချင်ပါတော့မလဲ လေ ”
လို့ ညည်းတယ် ။
ကိုမောင်မောင်ချို က အိပ်ငိုက် နေတဲ့ သူ့ ရဲ့ မျက်တောင်လေး ကို ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း ...
“ လူတွေ က လှူချင်ပါတယ် အဘ ရဲ့ ၊ လှူဖို့ ပိုက်ဆံ မရှိတာပါ ”
အင်း ... သူ က စကား မပြောဘဲ နေမယ့် သာ နေနေတာ ၊ ပြောချ လိုက် တော့ လည်း ဂွပ်ခနဲ ခရီး ရောက်သား ။
ဓမ္မာရုံ ဂေါပကတွေ ရော ရပ်ကွက်ကောင်စီလူကြီး တွေ ရော အကုန် လုံး ချောင်းဟန့် သလိုလို ၊ သလိပ် ဟပ် သလိုလို ၊ တံထွေး ထ ထွေး သလိုလို နဲ့ မကြားချင် ယောင် ဆောင်နေကြတယ် ။
အန္တရာယ် နဲ့ နီးတဲ့ စကားလုံးတွေ မဟုတ်လား ။ သတင်းစာ ထဲ မှာ ကျတော့ ဆိုရှယ်လစ်စီးပွားရေး စနစ် က အောင်မြင်နေတယ် ဆိုပြီး လူတွေ ကျ တော့ ဘာကြောင့် ပိုက်ဆံ မရှိရတာလဲ ၊ ဘာလဲ ၊ ညာလဲ ဆက် ပြောရင် လုံးတီးဆန် စားရကိန်း မြင် တာကိုး ။
ကိုဆင့်သူ က တော့ ကျောင်းဆရာ ဖြစ်မယ့် လူ မို့လို့လား မသိဘူး ။ ကျောင်းဆရာ တွေး တွေးပြီး လေအေးကလေး နဲ့ ပြောတယ် ဗျ ။
“ လူတွေ ဆီ က ပိုက်ဆံ ကောက်မယ် ဆိုရင် လူတွေ ကို ပိုက်ဆံ ရှိ အောင် အရင် လုပ်ပေး မှဖြစ်မှာ ၊ ဒါမှ သူတို့ က ကြည်ဖြူမှာပေါ့ ”
ရိုးရိုးကလေး ( လူ လို ) စဉ်းစား လိုက်တာပဲ ။ နိုင်ငံရေးဝါဒ တွေ ၊ ဘောဂဗေဒစနစ် တွေ အညမည သဘောတရား တွေ ဘာ တစ်ခု ပေါ်မှ အခြေခံ ထား တာ မဟုတ်ဘူး ။
ဒါပေမဲ့ အဲဒီလို ရိုးရိုးရှင်းရှင်း မစဉ်းစား တတ်တဲ့ လူတွေ ရှိသေး တယ်ဗျာ ။ စိတ် ကုန်စရာကောင်းလိုက်ပုံများ က တော့ ... ။
“ အဟမ်း ... အဟမ်း ... ဒါကတော့ ဒီလို ရှိတယ် မောင်ဆင့်သူ ရဲ့ ။ ကုန်ထုတ်လုပ်ရေး အင်အားစု တွေ ထဲ မှာ လူသား ဟာ သူ့ ရဲ့ ပတ်ဝန်းကျင်နဲ့ ”
ဟော ... လုပ်ပြီ ... လုပ်ပြီ ။ ဘယ်သူ ရှိရဦးမလဲ ။ အဲဒါ ရပ်ကွက် ကောင်စီလူကြီး ဦးသိန်းဒန် ပေါ့ ။
ကျွန်တော်တို့ ရပ်ကွက် ထဲ မှာ ‘ သိန်းဒန် ’ ဆိုတဲ့ နာမည် နဲ့ လူ သုံးယောက် ရှိတယ်ဗျ ။ ပန်းတနော် သင်းဖြူးဖျာ တွေ ရောင်းတဲ့ သိန်းဒန် ကို “ ( ဖျာ ) သိန်းဒန် ” လို့ ခေါ်တယ် ။ မယားငယ် ယူ ထားတဲ့ သိန်းဒန် ကို တော့ “ (နှာ) သိန်းဒန် ” တဲ့ ။
ရပ်ကွက်လူကြီး ဦးသိန်းဒန် ကတော့ လူရှေ့သူရှေ့ ရောက်ပြီ ဆိုရင် အလိုက်ကန်းဆိုး မသိတတ်စွာနဲ့ “ အညမည သဘောတရား ” တို့ ၊ “ ကုန်ထုတ် လုပ်မှု ဆက်ဆံရေးသမိုင်း ” တို့ ၊ ‘ ခေတ်ပြောင်းတော်လှန်ရေး ’ တို့ ၊ ဥက္ကဋ္ဌကြီး ရဲ့ ‘ လမ်းညွှန်မှုအရ ’ တို့ ဆို တဲ့ ဘုတ်အုပ် ထဲ က စကားလုံး ထွားထွားကြီး တွေ ‘ မှုတ် ’ တတ်လွန်းလို့ “ ( အာ ) သိန်းဒန် ” လို့ နာမည် ပေးထားတယ် ။
အခုလည်း လုပ် ပြန်ပြီ ။
“ တို့ .. ဒီ .. အဲ.. ဘာခေါ်မလဲ ။ ဖွံ့ဖြိုးမှု ပေါ်လစီ အရ ကြည့်မယ် ဆိုရင် အလုပ်သမား နဲ့ အလုပ် သဟဇာတ ဖြစ်မှ သာလျှင် အဲ ... ဟိုဒင်း .. ”
ကျွန်တော် ဆက် နားထောင် မနေတော့ဘူး ။ နားကြားပြင်း ကတ်လို့ ။ အဲဒါကြောင့် ဆေးလိပ် သွား ဝယ်မလိုလို ဘာလိုလို လုပ်ပြီး ခပ်တည်တည် နဲ့ ဓမ္မာရုံ အောက် ဆင်း လာတယ် ။ ပြီးတာနဲ့ အိမ် ကို တန်း ပြန်တော့တာပဲ ။
အိမ်ပြန် ရောက်တော့ ပက်လက်ကု,လားထိုင် ပေါ် မှာ စောင်ခြုံ ကွေး ရင်း ဘာသာပြန် ဝတ္ထု စာအုပ် တစ်အုပ် ကို ထိုင်ဖတ် နေလိုက်တာ ဟိုကောင် တွေ ဆူဆူညံညံ နဲ့ ပြန် လာလို့ နာရီ ကို လှမ်း ကြည့်တော့ ည ၁ဝ နာရီခွဲ ကျော် နေပြီ ။
ကျွန်တော် က ...
“ အလှူငွေ ရှာမယ့် ကိစ္စက နောက်ဆုံး ဘယ်လို အဆုံးသတ် သွားသလဲဗျ ”
ဝတ္ထုစာအုပ် နဲ့ မျက်နှာ မခွာဘဲ လှမ်း မေးလိုက်တယ် ။ ကိုဆင့်သူ က ပြောချင်ဇော အားကြီးရင် ဖြစ်တတ်တဲ့ သူ့ ထုံးစံ အတိုင်း ပါးစပ်ကလေး ဟစိ ဟစိ နဲ့ ထစ်ငေါ့ နေရာက အရှိန် ယူပြီး ..
“ ရုပ်ရှင်ပြစက် ငှားပြီး ဘောလုံးကွင်း ထဲ မှာ သုံးကားပေါင်း မိုးအလင်း ရုပ်ရှင် ပြမယ်တဲ့ ကွာ ”
အဲဒီခေတ် တုန်း က လမ်း ထဲ မှာ ကွင်းပြင် မှာ ပိတ်ကား ထောင်ပြီး မြန်မာဇာတ်ကား အဟောင်းတွေ ပြတာမျိုး သိပ် လုပ်ကြတယ်ဗျ ။ ဖရီးရှိုး အခမဲ့ ဗလာပွဲ ပေါ့ ဗျာ ။
ရပ်ကွက် ထဲ က လူကြီးလူငယ် မရွေး သပ္ပုရိသ အပေါင်းတို့ က လည်း ဖျာစုတ်တွေ ၊ ခုံစုတ်တွေ ၊ အုတ်နီခဲကျိုးတွေ ကိုယ်စီ ယူ လာပြီး ပိတ်ကား ရှေ့ မှာ နေရာ ဦးကြတယ် ။ ညလုံးပေါက် အိပ်ရေးပျက် ခံပြီး အားပေးကြတယ် ။
လူဆိုးတွေ ရဲ့ အဖမ်း ခံထားရတဲ့ မင်းသမီး ကို ကယ် ဖို့ မင်းသား က မြင်းကြီး စီး လာရင် အားရပါးရ လက်ခုပ် တီးကြတယ် ။
မင်းသား က လက်သီး နဲ့ ထိုးလိုက်လို့ လူကြမ်း တစ်ယောက် လဲသွား တိုင်း “ ရွှီး ” ခနဲ လက်ခေါက် မှုတ်ကြတယ် ။
နည်းနည်းပါးပါး သေသေသပ်သပ် ရှိတဲ့ ကင်မရာလှည့်စားမှုလေးများ မြင် လိုက်ရလို့ က တော့ ...
“ ဟာ .. ရှင်းတယ်ကွာ .. ရှင်းတယ်ကွာ ”
နဲ့ ကို အံ့သြဘနန်း အားပေးကြတာဗျ ။
( အဲဒီခေတ် က လူတွေ ရုပ်ရှင် ကို သရဲမရဲ စီးအောင် ကြည့်တ တ်ကြ ၊ ကြိုက်တတ်ကြ ပုံတွေကို သတ်သတ် စာ တစ်အုပ် ရေးချင်ပါသေးတယ် ။ ရုပ်ရှင်ရုံ ရှေ့ ကွင်းပြင်ကြီး ထဲ နေပူကျဲကျဲ အောက်မှာ လူတန်း အရှည်ကြီး က တစ်နာရီ လောက် ကြာအောင် ရပ်ပြီး တန်းစီရတယ် ။ လက်မှတ် ရောင်းပြီဟေ့ ဆိုတာ နဲ့ ချွေးသံ တရွှဲရွှဲ တိုးရ ဝှေ့ ရတယ် ၊ ရန်ဖြစ်ရတယ် ။ လက်မှတ် ဝယ်ဖို့ ဒုက္ခတကြီး တိုး နေရတဲ့ ရုပ်ရှင်ကြည့် ပရိသတ် ကို “ တရကြမ်း တိုးရကောင်း လား ၊ ကြားဖြတ် ဝင်ရကောင်းလား ” ဆိုပြီး ပုလိပ် က ခါးပတ် နဲ့ ရိုက်သေးတာ ဗျ ။ အဲဒီလို ပုလိပ် ရဲ့ အသားလွတ် အရိုက် အနှက်ခံ ၊ လူတိုးခံ ၊ ခြေထောက်ပေါ် တက်အနင်းခံပြီး မှ ရုပ်ရှင် တစ်ကား ကြည့်ရတဲ့ ဒုက္ခ ကို ဒီဘက်ခေတ် လူငယ် တွေ သိကြတော့ မှာ မဟုတ်ဘူး )
ရုပ်ရှင်ရုံ မှာ သွား တန်းစီ ရင် အဲဒီလို ဒုက္ခတွေ များ လို့ လားတော့ မပြောတတ်ဘူး ။ ရပ်ကွက် ထဲ မှာ ပိတ်ကား ထောင်ပြီး အလကား ပြရင် မိုး အလင်း အားပေးကြတာဗျ ။ ဇာတ်ကား အသစ် တွေ တော့ ဘယ် ပြနိုင်ပါ့မလဲ ။
ရှင်ဥပဂုတ္တ တို့ ဘာတို့လို ရှေးခေတ် ကားတွေ ၊ ဖလင်အဟောင်း အပြတ်အတောက် နဲ့ ကားတွေ ပဲ များတာပါ ။ ဒါကိုလည်း ကြိုက်ကြတာပဲ ။
ကျွန်တော် က ...
“ ရုပ်ရှင် က အလကား ပြရမယ့် ဥစ္စာ ၊ အလှူငွေ က ဘယ်လို လုပ်ပြီး ရ မှာလဲ ကိုဆင့် ရဲ့ ”
“ ဈေးရောင်း မယ် တဲ့ ကွာ ၊ တခြား ရပ်ကွက်က လူတွေ လည်း လာ ကြည့်ကြမှာပဲလေ ။ အဲဒီတော့ ကိုယ့် ရပ်ကွက်သူ ရပ်ကွက်သားတွေ ကို ဆိုင် နေရာ နှစ်ဆယ် အစိတ် လောက် မဲဖောက်ပြီး အစားအသောက်လေး မုန့်လေး အရောင်း ခိုင်း လိုက်မယ်ပေါ့ ။ ရောင်းလို့ မြတ်တဲ့ အထဲ က စား တန် တာ စား ၊ သုံး တန် တာ သုံးပြီး တချို့ တစ်ဝက် ကို ဓမ္မာရုံ အတွက် လှူပေါ့ ”
ဒီ စိတ်ကူး ကို တော့ ကျွန်တော် ချီးကျူးမိသွားတယ် ။ ရပ်ကွက် ထဲ က လှူချင်တန်းချင် ပါ လျက် နှင့် စီးပွားရေး မပြေလည်တဲ့ လူတွေ အတွက် ကုသိုလ် လည်း ရ ဝမ်းလည်း ဝ မယ့် အစီအစဉ်ဗျ ။ ဒါနဲ့ ကျွန်တော် က ..
“ တယ် ဟုတ်တဲ့ အစီအစဉ်ပါလား ၊ ဘယ်သူ့ စိတ်ကူးလဲ ဗျ ”
ကျွန်တော့် အမေး ကြောင့် ကိုဆင့်သူ မျက်နှာ က ပြုံးဖြဲဖြဲကြီး ဖြစ်သွား တယ် ။ ပြီးတော့မှ စောစောကလေး တင် သူ့ ရှေ့ ကနေ အိမ်ခန်း ထဲဝ င်သွား နှင့် ပြီ ဖြစ်တဲ့ ဖိုးစော ရှိရာ ဆီ ကို မေးငေါ့ ပြပြီး ...
“ ပြောရင် ယုံမှာ တောင် မဟုတ်ဘူး ထင်တယ် ၊ ဖိုးစော ရဲ့ ဦးနှောက် ထဲ က ထွက်တဲ့ စိတ်ကူး ဗျ ”
ကျွန်တော် အသံထွက် မရယ်မိ ပေမယ့် သွား ပေါ် ရုံ လောက်တော့ ပြုံးမိတယ် ။ သဘောကျ လို့ပါ ။ ကြည့်လေ ... ။
ဖိုးစော ရဲ့ ဦးနှောက် က လည်း ( တစ်ခါတစ်ရံ လောက် ပဲ ဖြစ်ဖြစ် ) အသုံးမတည့်ဘူး လို့ ဘယ်သူ ပြောနိုင်သလဲ ။
“ ဒါမှ တို့ကောင်ကြီးကွ ”
လို့ တောင် လက်သီးလက်မောင်း တန်းပြီး ကြွေးကြော် လိုက်ချင်တာ ။ ဟင်း ... တစ်ရပ်ကွက်လုံး အိပ်နေကြတဲ့ လူခြေတိတ်ချိန် မို့ လို့ ... ။
••••• ••••• •••••
ကိုဆင့်သူ တို့ ပန်းချီဆရာ တို့ အိပ်ရာ ဝင်သွားကြတဲ့ အထိ ကျွန်တော် ကတော့ လက်ထဲ က ဝတ္ထုစာအုပ် ကို ဆက် ဖတ်နေဖြစ်တယ် ။
အဲဒီတုန်း မှာ ဗြုန်းဆို အတွေး တစ်ခု ပေါ်လာတာ နဲ့ ကိုဆင့်သူ ကို အတင်း လှုပ်နှိုးပြီး ...
“ ကိုဆင့် ... ကိုဆင့် ... ဘောလုံးကွင်း ထဲ မှာ ပိတ်ကား ထောင်ပြီး ရုပ်ရှင် ပြ မှာ က စက်တင်ဘာလဆန်းကြီး နော် ၊ မိုးတွေ လေတွေ ကုန် သေးတာ မဟုတ်ဘူး ။ တော်ကြာ ရုပ်ရှင်ပြနေတုန်း တန်းလန်းကြီး မိုးရွာ ချ လိုက်ရင် ဘယ်လို လုပ်မလဲ ”
ကျွန်တော် မေးလိုက်တော့ ကိုဆင့်သူ က မျက်လုံးတွေ ကို ပွတ်သပ်ပြီး ထ ထိုင်တယ် ။ ဝေတေတေ ဝါးတားတား နဲ့ ကျွန်တော့် ကို မမြင်သလို အကြာကြီး ကြည့် နေသေးတယ် ။ ပြီးတော့ မှ အိပ်ချင်မူးတူး အသံ နဲ့ .. ။
“ ဖိုးစော ရဲ့ စိတ်ကူး နဲ့ လုပ်တဲ့ အစီအစဉ် ပဲ ဟာ ၊ ပြည်တွင်းဖြစ် ကြွေ ပန်းကန်လုံး လိုပဲ သဘောထား လိုက်ပါတော့ဗျာ ”
အဲဒီခေတ် တုန်း က ကျွန်တော်တို့ နိုင်ငံ မှာ ပြည်တွင်းဖြစ် စက်ရုံ က ထုတ်တဲ့ ကြွေပန်းကန်လုံးတွေ ဟာ နှုတ်ခမ်းသား ဝိုင်းဝိုင်းစက်စက် ရယ် လို့ မရှိလှဘူး ။
တစ်နေရာ မဟုတ် တစ်နေရာ မှာ ရွဲ့နေ စောင်းနေ တတ်တယ် ။ ဒါမှ မဟုတ် ကားတိုက်ခံ ထားရတဲ့ ဆိုက်ကားဘီး လို ပန်းကန် အနားသတ်တွေ ဟာ လိမ်ဖည်ဖည် ခွေယိုင် နေတတ်တယ် ။
ကြမ်းပြင်ပေါ် ချထား ပြန်ရင်လည်း အောက်ခံ က မညီညာတော့ ပန်းကန် စောင်းပြီး မှောက်သွား မလား ထင်ရအောင် ကို လှုပ်တုတ် လှုပ်တုတ်နဲ့ ။
မြန်မာပြည်သူပြည်သား စားသုံးသူ လူထုကြီး က အရမ်း ကို အကောင်းမြင် စိတ် မွေးကြတယ် ။ ရွဲ့စောင်း နေတဲ့ ဟာ တွေ ကြားထဲက သိပ် မရွဲ့တရွဲ့ ခပ်ထော်ထော်လေးတွေကို ရှာတယ် ရွေးတယ် ။
ဘယ်လိုမှ မဝန်းမဝိုင်း တဲ့ ပန်းကန်နှုတ်ခမ်းသားတွေ ကြား ထဲ မှာ ဘဲဥပုံ မကျတကျလေး တွေ့ ရင် ကိုပဲ “ မဆိုးလှပါဘူး ” လို့ စိတ် ဖြေပြီး ဝယ် ရတယ် ။
ဖိုးစော လည်း ဒီခေတ် ထဲက လူသားပဲ ဟာ ။ သူ ပေးတဲ့ အကြံဉာဏ် ၊ သူ ဆွဲတဲ့ စီမံကိန်း ကို ပြည်တွင်းဖြစ် ပန်းကန်လုံး လို သဘောထား ရမှာပဲ ။
“ မဝိုင်းစက်တာ တွေ ကြားထဲမှာ ဘဲဥပုံလေး က လည်း မဆိုးလှပါဘူး ”
ဟုတ်တယ် မဟုတ်လား ။
ဒါ အဲဒီ ခေတ် တစ်ခေတ် မှာ ထွန်းကား တဲ့ အမြင် ရှုထောင့်ပဲ ။
••••• ••••• •••••
ရပ်ကွက်လူကြီး တွေ မိုးတားဂါထာ ခဏခဏ ရွတ် ရတာရယ် ၊ အုန်းပွဲငှက်ပျောပွဲ ပေါ်မှာ ထွန်း ထားတဲ့ ဖယောင်းတိုင် မီး သေသွားလို့ ပြန်ပြန် မီးညှိ ပေးရတာရယ် က လွဲရင် ရုပ်ရှင်ပြတဲ့ အစီအစဉ် ဟာ အတော် အောင်မြင် တယ်ဗျ ။
မိုးရာသီ တစ်တွင်းလုံး ပွဲငတ် နေကြတဲ့ လက်လုပ်လက်စား အခြေခံ လူတန်းစား ပြည်သူလူထုကြီး ဟာ ကျွန်တော်တို့ ရပ်ကွက် ထဲ က ရုပ်ရှင် ပြမယ့် ဘောလုံးကွင်း ဆီ ကို တစ်ခဲနက် ချီတက် လာကြတာပေါ့ဗျာ ။
တချို့က ပိတ်ကား ရှေ့မှာ သပေါ့ဖျာကြမ်းကြမ်းကြီးတွေ ၊ ဝါးကပ် တွေ ချပြီး နေရာ ဦးထားကြတယ် ။ အနီးပတ်ဝန်းကျင် က ကလေး တစ်သိုက် ကတော့ အဲဒီ ဖျာတွေပေါ် ကျွမ်းထိုး ဆော့ ကစား နေကြတယ် ။
ဘောလုံးကွင်း ဘေး တစ်လျှောက်မှာ ထွန်းညှိ ထားတဲ့ ရပ်ကွက် ဓမ္မာရုံ က လေးပေမီးချောင်းတွေ ရဲ့ အလင်းရောင် က လည်း ထိန်ထိန်ကျဲလို့ ။ လမ်းသူလမ်းသားတွေ ဆိုင်ခင်း ရောင်း နေကြတဲ့ မုန့်ဈေးတန်းကလေး ဆီ က ဘက်ထရီမီးရောင်တွေ က လည်း အစီအရီ တလက်လက်ဖြာလို့ ။
“ လာပါ ... ဝယ်ပါ ... စားပါ ” နဲ့ တစာစာ ဈေးခေါ်သံ တွေကိုလည်း ကြား ရတယ် ။ ကလေးတွေ ကစား မြူးတူး နေတဲ့ အသံ ကို လည်း ကြားရတယ် ။ ရုပ်ရှင်ပြစက် ရဲ့ မော်တာသံ က လည်း တဂျီးဂျီး မြည်လို့ ။
ပရိသတ်တွေ က လည်း တရွှီရွှီ နဲ့ လက်ခေါက်တွေ မှုတ်တဲ့ အခါ မှုတ် ၊ သဘော ခွေ့ပြီ ဆိုရင် လက်ခုပ် တဖြောင်းဖြောင်း တီးတဲ့ အခါ တီး နဲ့ ပေါ့ ။ ဖြုန်းခနဲ ဖလင် ပြတ် သွားလို့ ပိတ်ကား ပေါ် က အရုပ်တွေ ရုတ်တရက် ပျောက် သွားတဲ့ အခါ ကျရင် လည်း ..
“ ဟာ ” ဆိုတဲ့ ပြိုင်တူ စိတ်မောသံ အကျယ်ကြီး ရေရွတ်တာ ကို ကြားရ ပြန်ရော ။
အရုပ်တွေ ပြန် ပေါ်လာပြီ ဆိုတာနဲ့ “ ဟေး ” ခနဲ ဝမ်းသာ အားရ ဝိုင်း အော် လိုက်ကြတဲ့ အပျော် ကူး သံက ကလေးတွေ ဆီ ကရော လူကြီးတွေ ဆီ က ပါ ပွင့်အန် ထွက် လာတော့တာပဲ ။
ရုပ်ရှင် က ပြတ်တောင်း ပြတ်တောင်း ဖြစ်သွားလိုက် ၊ လူတွေ က ရေရွတ် ညည်းတွား လိုက်ကြ ၊ ခဏတစ်ဖြုတ် နားပြီး မုန့်စားဆေးလိပ် သောက် လိုက်ကြ ။ ပြန် ကောင်း သွားတော့ ဆက် ကြည့် လိုက်ကြနဲ့ ။
( ဆောင်းရာသီ မဝင်သေး လို့ လားတော့ မပြောတတ်ဘူး ။ မီးချောင်း အလင်းရောင် မှာ လာပြီး စုအုံ တိုးတတ်တဲ့ ပိုးဖလံတွေ ကို မတွေ့ ရ တာ ကိုတော့ ကျွန်တော် ကောင်းကောင်း မှတ်မိ နေသေးတယ် )
ဘောလုံးကွင်း အလယ်ကောင် မှာ တလွင့်လွင့် စိုက်ထူထားတဲ့ ပိတ်ကားဖြူဖြူကြီး က တော့ လေ တိုက် လိုက်တိုင်း တစ်ဖက် ဖက် ကို ဖောင်း သလို စူသလို နဲ့ ။
ဟော ... ပိတ်ကား ပေါ် မှာ ရှင်ဥပဂုတ္တ က တန်ခိုးတွေ ပြနေပြီ ။ မာန်နတ်မင်း ရဲ့ လည်ပင်း မှာ ခွေးသေကောင်ပုပ်ကြီး ချိတ် လို့ ပါလား ။
••••• ••••• •••••
ကျွန်တော် က ဈေးဆိုင်တန်းတွေ ဘက် ဆီ ကို ဖြည်းဖြည်းချင်း လျှောက် လာ ခဲ့မိတယ် ။
ဦးမောင်ဝမ်း နဲ့ ဒေါ်သန်းတင် တို့ လင်မယား ရောင်းတဲ့ ရေမုန့်ဆိုင် ၊ ပြီးတော့ ဒေါ်ဟာစီးနား တို့ အကြော်စုံဆိုင် ။ ပြီးတော့ ဘိန်းမုန့်ဆိုင် ၊ အသုပ် ဆိုင် ၊ ကောက်ညှင်းပေါင်းဆိုင် ၊ ဟိုဘက် မှာ မြောင်းမြမုန့်ဟင်းခါး ၊ အဲဒီ ဆိုင် နဲ့ ကပ်လျက် က မုန့်သိုင်းခြုံ နဲ့ မုန့်လင်မယား ။ ဆိုင်တွေ ... ဆိုင်တွေ ။
ဆီကြော် ထားတဲ့ အညှော်နံ့ တွေ က ဝေ့ဝဲ လို့ ၊ ဖြူ သလိုလို ပြာ သလိုလို မီးခိုးမှိုင်းတွေ က တလိပ်လိပ် လွင့် ပျံ့လို့ ။
အကြော်ဆို င်က မီးခိုးတွေ ကြောင့် မျက်လုံးတွေ တောင် စပ် လာ သလိုပဲ ။
ချုပ်ရိုးကြောင်းကြီး ကန့်လန့်ဖြတ် နေတဲ့ ရုပ်ရှင်ပိတ်ကား ဝါ ညစ်ညစ် ဟာ ရုပ်ရှင်ပြစက် ကာဗွန်မီးရောင်ရဲ့ ဖွေးဖွေးဆွတ်အောင် ထိန်ထိန် လက် နေတဲ့ အလင်းအား ကြောင့် ဖြူသလိုလို သန့်သလိုလို တောင် ထင်ရ တယ် ဗျ ။
ရုပ်ရှင်ပြစက် ရဲ့ ကာဗွန်မီး အလင်းရောင်တန်း ရှေ့ က လူတစ် ယောက် ဖြတ် သွားတဲ့ အခါမျိုး ကျရင် ပိတ်ကား ပေါ် မှာ အဲဒီ လူ ရဲ့ဦးခေါင်းပုံ အရိပ်မည်းမည်းကြီး က ရိပ်ခနဲ ဖြတ်သွား ထင်သွား တတ်သေးတာ ။
အဲသည်လို မျိုး ပိတ်ကားပေါ် လူရိပ် ကွယ်ပြီလား ဆိုလို့ကတော့ ရပ်ကွက်သူရပ်ကွက်သား ပရိသတ်အပေါင်း က ...
“ ဟေး ” ခနဲ ...
“ ဟင်း ” ခနဲ မကျေမနပ် အော်သံဟစ်သံပေးကြသပေါ့ ။ ကလေး ပရိသတ်က အဆိုးဆုံးပေါ့ဗျာ ။
ဘယ် အဘိဓာန်စာအုပ် ထဲ မှာမှ ရှာလို့ မတွေ့ နိုင်တဲ့ သူတို့ ကလေး လောက သုံး ဝေါဟာရ ဆန်းဆန်းပြားပြား တွေ နဲ့ ကျွက်ကျွက် ညံ အောင် ခုနစ်သံချီ ဟစ်ကြတာ ။
အဲဒီ အထဲ မှာ ...
ဒေါ်ဟာစီးနား တို့ ဒေါ်သန်းတင် တို့ မွေးထုတ် ထားတဲ့ ရင်သွေး ရတနာလေးများ ရဲ့ အသံတွေ က တော့ အပြဲလန်ဆုံး အကျယ်လောင်ဆုံး တွေ ပေါ့ ။
ကြောင်တွေ အုပ်ဖွဲ့ပြီး မိတ်လိုက်တဲ့ အသံတွေ လိုလို ၊ အင်္ဂုလိမာလကို ဖမ်းဖို့ ပသေနဒီ ကောသလမင်းကြီး ရဲ့ စစ်သည်ဗိုလ်ပါတွေ တောခြောက် ကြွေးကြော် ကြတဲ့ အသံတွေ လိုလို ။
တော်ရုံတန်ရုံ စိတ် မခိုင်တဲ့ လူ အဖို့ သွက်သွက် ခါ အောင် ရူးသွား နိုင်လောက် တဲ့ အသံစုံ အသံကြောင် တွေ ဗျ ။
ဒေါ်သန်းတင် က တော့ ကလေးတွေ ကို ငေါက်ဖို့ ဟန့်ဖို့ သတိ မရဘူး ။ ဈေးရောင်း ထား ရတဲ့ ပိုက်ဆံတွေ ကို ဆီတွေ ပေကျံ နေတဲ့ လက်နဲ့ တစ်ရွက်ချင်း စီ ရေတွက်ရင်း ပြုံးပြုံးကြီး လုပ်နေတယ် ။
သူ့ ယောက်ျား ကိုမောင်ဝမ်း ကို တော့ မတွေ့ဘူးဗျ ။ ညဦးပိုင်း လောက် တုန်း ကတော့ ဒေါ်သန်းတင် ကို ဈေးကူ ရောင်း ပေးနေတာ မြင်မိ သလိုလို ရှိသား ။
အင်းလေ ... ဘယ်တွေ့ ပါတော့ မလဲ ။
ဒီလို ဈေးရောင်း ကောင်းပုံမျိုး ၊ လက်ထဲ ငွေရွှင်ပုံမျိုး နဲ့ ကတော့ ဗုံတို မောင်ဝမ်း တစ်ယောက် အနီးဆုံး အရက်ပုန်းဆိုင် ကို ရောက် နေ လောက်ရောပေါ့ ။
ဒါနဲ့ ကျွန်တော် ရှေ့နား ကို နည်းနည်း ဆက် လျှောက် လာတော့ ဒေါ်ဟာစီးနား ရဲ့ အကြော်ဆိုင် ကို ရောက်ကရော ။
ဒေါ်ဟာစီးနား က တော့ အကြော် လာဝယ်တဲ့ အခါ ထည့်ပေးဖို့ ငရုတ်သီးရောင် အနီရဲရဲ အချဉ်ရည် တွေ ကို ပလတ်စတစ်အိတ်သေးသေးလေး တွေ ထဲ လောင်း ထည့်ပြီး သားရေကွင်း နဲ့ ကျစ်ကျစ်ပါအောင် စည်း နေလေရဲ့ ။
လက် က ငရုတ်ဆီ အချဉ်ရည်ထုပ်ကလေး တွေ ကို ဖောင်းတင်း အောင် အဆက် မပြတ် စည်းရင်း မျက်စိ က လည်း ရုပ်ရှင်ပိတ်ကား ပေါ် က ရှင်ဥပဂုတ္တကိုယ်တော်မြတ်ကြီး ကို ငေးလို့ ဗျ ။ သူလ ည်း ရုပ်ရှင် ကြိုက်တဲ့ ဝါသနာအိုး ထင်ပါရဲ့ ။
ကျွန်တော် က ..
“ ဘယ်လိုလဲ ... ဒေါ်လေး ရောင်းကောင်းလား ”
လို့ မေး လိုက်တော့ ...
“ အေး .. အတော် ဟန်ကျ သဟဲ့ ။ ဒီလိုသာ သုံးလေးရက် ရောင်း ကောင်း ရင် ဓမ္မာရုံ အတွက် တစ်ရာ ၊ တစ်ရာ့ငါးဆယ် လှူဖို့ မခဲယဉ်းဖူး ပဲ ။ ဒီ တစ်ညတည်း နဲ့တောင် ရှစ်ဆယ် ဖိုး လောက် မြတ်တယ် သိလား ”
ကျွန်တော် က လက်မ ထောင် ပြ လိုက်တော့ ဒေါ်ဟာစီးနား က အားတက်ပြီး လေပန်း ပါ လေရော ။
“ ဒါတောင် ဒီ ကနေ့ ကြက်သွန်ကြော် က အစောကြီး ကုန် သွား တယ် ။ မနက်ဖြန် ကျ မှ များများ လုပ် လာရဦးမယ် ။ မနက်ဖြန် လည်း လာကြည့် တဲ့ သူ များရင် ကောင်း မှာပဲ ။ ဪ ... ဟဲ့ ... ဒါနဲ့ မနက်ဖြန် ပြမယ့်ကားတွေ က ဘာတွေတဲ့ တုံး ”
“ ကြံကြံဖန်ဖန် ဗျာ .. ကျွန်တော် စီစဉ်တဲ့ ကိစ္စ မှ မဟုတ်တာ ။ မနက်ဖြန် ဘာ ကား ပြမယ် ဆိုတာ ဘယ်လို လုပ်ပြီး သိမှာတုံး ”
ခေါင်းကုတ်ပြီး စဉ်းစားနေတုန်း ကျွန်တော့်ကို ကယ်မယ့်သူ ပေါ်လာတယ် ။
“ စိတ်ချ ... စိတ်ချ ... လူ မစည်မှာ မပူနဲ့ ။ မနက်ဖြန် ပြမယ့် အထဲ မှာ ကျော်ဟိန်း ကား ပါတယ် ဆိုပဲ ”
ဝင် ပြောတဲ့ သူ ကို လှည့် ကြည့် လိုက်တော့ ဓမ္မာရုံငွေထိန်း ဦးတင်ညွန့် ဗျ ၊ အခုမှ ကသုတ်ကရက် နဲ့ အိမ် က ထွက်လာပုံ ရတယ် ။ ပုဆိုးကြီး က ရင် ခေါင်းနား အထိ စည်း လို့ ... ။
သူ က ပြုံးဖြီးဖြီး နဲ့ ဒေါ်ဟာစီးနား တို့ ဈေးဆိုင်တန်း တစ်လျှောက် ကို မနက်ဖြန် မှာ ပြဦးမယ့် ဇာတ်ကားတွေ အကြောင်း ဆိုင်တကာ လှည့်ပြီး သတင်းပေး နေသေးတယ် ။ ပြီးတော့မှ ကျွန်တော့် ပခုံး ကို ဖက်ပြီး ...
“ လာကွာ .... တစ်ပတ်လောက် လျှောက်ကြည့်ကြရအောင် ”
ဆိုပြီး ရုပ်ရှင် ကြည့် နေတဲ့ ပရိသတ်တွေ ရဲ့ နောက်ကျော ဘက် ဆီ ကွေ့ပတ် လျှောက်ခဲ့ကြတယ် ။
ကျွန်တော် က ...
“ ဦးလေး .. ခုမှ ထွက်လာတာလား ၊ ညနေ တုန်း က မတွေ့ မိသလိုဘဲ ”
ဦးတင်ညွန့် က ..
“ အေးကွာ ... အ . လ . က ( ၃ ) မှာ မိဘဆရာအသင်း အစည်းအဝေး ရှိ နေလို့ကွ ။ ထုံးစံအတိုင်း ပေါ့ ။ ကျောင်းစိမ်းပိတ်စတွေ ရောင်းဖို့ ချပေးတဲ့ ခွဲတမ်း က ကျောင်းသား ဦးရေ နဲ့ မှ မလောက်တာ ။ အဲဒီတော့ ကလေးတွေ ကို မဲနှိုက် ခိုင်းပြီး မဲပေါက်တဲ့ သူ ကို ပဲ ရောင်းပေးရတာပေါ့ ။ ဒီ တစ်ရက် နှစ်ရက် အတွင်း ပိုက်ဆံ အပြီး ကောက်ရတော့မှာ ။ ပိတ်စဖိုးတွေ က သွင်း ရတော့မယ် ”
သူ့ ကို ကြည့် ရတာ အဲဒီ ကိစ္စ အတွက် စိတ်မော နေပုံ ရတယ် ။ သက်ပြင်း တချချ နဲ့ ။
ကျွန်တော့် မှာ လည်း သူ့ ကို နှစ်သိမ့် ပေးစရာ ဘာ စကားလုံး မှ ရှိ မနေ တော့ ဘာမှ မပြော ဖြစ်တော့ဘူး ။
••••• ••••• •••••
ရုပ်ရှင်ပြစက် နဲ့ မလှမ်းမကမ်း ကို ရောက် လာတော့ မြေကြီး ပေါ် မှာ ရော်ဘာဖိနပ်စုတ် အမြီးတို ကို ကျကျနနကြီး ဖင်ခု ထိုင်ပြီး ရုပ်ရှင် ကို တမေ့ တမော ငေးနေတဲ့ အဘွားအို တစ်ယောက် ကို တွေ့ လိုက်ရတယ်ဗျ ။
ဘယ်သူ ရှိရဦးမှာလဲဗျာ ။
ညနေ ညနေတိုင်း ရပ်ကွက် ထဲ ပတ်ပတ်ပြီး အယုတ္တ အနတ္တ မျိုးစုံ အောင် အော်ဟစ် ဆဲနေတတ်တဲ့ စိတ်ဝေဒနာရှင် အဘွားအို ပေါ့ ။
••••• ••••• •••••
ခုလိုကျ တော့ သူ့ ခမျာ လည်း ငြိမ်ငြိမ်ဆိမ်ဆိမ် အေးအေးကုပ်ကုပ် ရယ် ။ ပူလောင်မှုတွေ ၊ အလို မကျတဲ့ ဆဲရေးသံတွေ ၊ ဒေါသတွေ သူ့ မျက်နှာ ပေါ်မှာ မရှိတော့ဘူး ။
အိုမင်း ရင့်ရော်တဲ့ မျက်နှာပြင် ပေါ် က အရေးအကြောင်းတွေ ၊ ဆွတ်ဆွတ်ဖြူနေတဲ့ ဆံပင်တွေ ၊ ခွက်ဝင်နေတဲ့ ပါးရိုးအောက်က အရေပြား တွန့်တွန့်တွေ ၊ ပြာမွဲဝေသီ နေတဲ့ မျက်လုံးအိုအိုတွေ ဟာ ညောင်ပင် ရဲ့ အမြစ် ပါးပျဉ်းတွေ နဲ့ တူ နေတယ် ။ တွန့်လိမ်ခေါက်ခွေ နေတယ် ။ ရာသီဥတု ဒဏ် ခံထားရတယ် ။ ဒါပေမဲ့ ငြိမ်သက် နေတယ် ။
ကျွန်တော်လည်း တွေး နေတယ် ။
ကမ္ဘာ ပေါ် မှာ အရာရာ အားလုံး ငြိမ်သက်ခြင်း ရှိရင် ကောင်း မှာ ပဲ ။
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment